အခန်း (၂၀၇)
Vol. 21 Ch. 207
အခြားတစ်ဖက်တွင်မူ ထိုင်မြို့၏ မြို့ရိုးအောက် ဝံပုလွေမိစ္ဆာ ခုနစ်ကောင် အနားယူလေ့ရှိသော ရေကန်အနီးတွင် ဖြစ်သည်။
စစ်သူကြီးယွဲ့၊ နည်းပြဟန်၊ အဘိုးကြီးရှီ၊ ရှီချိုင်ဖုန်း၊ ဝေယိုသောက်နှင့် ရွှီမိသားစု၊ ဖန်းမိသားစုဝင်များသည် အလောင်းများကို ဂရုတစိုက် ရှာဖွေနေကြသည်။ မြေပြင်တစ်ခုလုံးတွင် သားရဲများနှင့် ထူးဆန်းသော သက်ရှိများ၏ အလောင်းများ၊ သွေးများ၊ ကလီစာများနှင့် အမွေးအမှင်များ ပြန့်ကျဲနေတော့သည်။ လေလွင့်ခွေးများနှင့် ကျီးကန်းအုပ်ကြီးမှာလည်း အလောင်းများကို အားပါးတရ စားသောက်ရင်း ထိုနေရာတွင် ဝဲပျံနေကြသည်။
ခေတ္တအကြာတွင် ဖန်းမိသားစုမှ စွမ်းအင်စက်ဝန်းပြည့် သိုင်းသမားတစ်ဦးထံမှ ဒေါသတကြီးနှင့် အံ့အားသင့်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“မိသားစုခေါင်းဆောင်”
လူအုပ်ကြီးမှာ ထိတ်လန့်သွားပြီး ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ မြေပြင်ပေါ်တွင် ရင်းနှီးနေသော အလောင်းတစ်ခု လဲလျောင်းနေသည်။ လည်ပင်းမှာ အရေပြားမျှင်လေး တစ်ခုတည်းဖြင့်သာ ခေါင်းနှင့် တွဲနေပြီး လက်ထဲတွင် ငွေရောင်ဓားပါးတစ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။ မူလက လမင်းရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံမှာ သွေးများဖြင့် နီရဲနေပြီး ဆံပင်ထုံးတွင်လည်း တန်ဖိုးကြီးဖြူစင်သော ကျောက်စိမ်းဆံထိုးကို ထိုးထားဆဲဖြစ်သည်။ ဤသူသည် ဖန်းမိသားစုခေါင်းဆောင်မှလွဲ၍ အခြားသူ မဖြစ်နိုင်ချေ။
“ခေါင်းဆောင်ဖန်း အသတ်ခံလိုက်ရပြီ။ ဘယ်သူလုပ်တာလဲ”
ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ မိစ္ဆာသားရဲများ၏ လက်ချက်မဟုတ်သည်မှာ ထင်ရှားလှသည်။ စစ်သူကြီးယွဲ့သည် မျက်နှာထား တည်တင်းသွားပြီး နည်းပြဟန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် ကြောက်မက်ဖွယ် သံသယတစ်ခု စတင် အမြစ်တွယ်လာပြီ ဖြစ်သည်။
“ဒါ သေချာပေါက် အစွန်းရောက်လက်သီးဂိုဏ်းက လုံယီရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”
ဖန်းမိသားစုဝင် သိုင်းသမားမှာ သတ်ဖြတ်လိုစိတ်များဖြင့် ဟိန်းဟောက်လိုက်သည်။
“ဟေ့ကောင်... အစားကိုတော့ ကြုံသလို စားလို့ရပေမဲ့ စကားကိုတော့ ကြုံသလို ပြောလို့မရဘူးနော်”
ဝေယိုသောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူသည် မည်သည့်အချိန်ကတည်းက စွပ်ထားမှန်းမသိသော ငွေရောင်လက်ဝှေ့စွပ်များကို ဝတ်ဆင်ထားပြီး ဖြစ်သည်။ ရှီချိုင်ဖုန်းသည်လည်း ဝေယိုသောက်၏ ဘေးတွင် ရပ်လိုက်ပြီး သူမ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသလိုက်သည်။ ထို့ပြင် မုတ်ဆိတ်ဗရပွနှင့် သိုင်းပညာရှင်ကြီး အဘိုးကြီးရှီကလည်း ရှိနေသေးသည်။ ဖန်းမိသားစုဝင် သိုင်းသမားမှာ မျက်နှာပျက်သွားပြီး ဆက်ပြောရန် မဝံ့ရဲတော့ချေ။
“တပ်မှူးကြီး... တပ်မှူးကြီး”
ထိုစဉ်မှာပင် မလှမ်းမကမ်းမှ ဝမ်းနည်းပူဆွေးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ အစောင့်တပ်မှူးချိုင်သည် မျက်လုံးအပြူးသားဖြင့် သေဆုံးနေသော ခေါင်းတစ်ခုကို ပွေ့ပိုက်ထားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
“တပ်မှူးကြီး... ခင်ဗျားရဲ့ အသက် ခုနစ်ဆယ်ပြည့်ဖို့ ရက်ပေါင်း နှစ်ဆယ်ပဲ လိုတော့တာပါ။ ကျွန်တော် ခင်ဗျားအတွက် ခမ်းနားတဲ့ ဂုဏ်ပြုပွဲကြီး ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ မထင်ခဲ့ဘူး... ဒီလိုဖြစ်မယ်လို့ မထင်ခဲ့ဘူး...”
ရုတ်တရက် သူသည် ခေါင်းကို မော့လိုက်ရာ မျက်ဝန်းများတွင် နာကျည်းမှုများ ပြည့်နှကနေသည်။
“သူ့ကို သတ်နိုင်တဲ့ အစွမ်းရှိတာဆိုလို့...”
“ဆရာကြီးရွှီပဲ ရှိတယ်”
ဝေယိုသောက်က တည်ငြိမ်စွာ ဖြည့်စွက်လိုက်သည်။
“မင်း ပါးစပ်ပိတ်...”
တပ်မှူးချိုင်သည် ဆဲဆိုရန် ပြင်လိုက်သော်လည်း စကားပင် မဆုံးလိုက်ချေ။ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အဝေးသို့ လှည့်ကြည့်လိုက်မိသည်။
ဘုန်း... ဘုန်း... ဘုန်း
စစ်သူကြီးယွဲ့၊ နည်းပြဟန်၊ အဘိုးကြီးရှီနှင့် အခြားသူများသည် သူတို့၏ ကိုယ်ဟန်သိုင်းများကို အသုံးချကာ ရှူး... ရှူး... ဟူသော အသံများနှင့်အတူ အခြေအနေကို ကြည့်ရှုရန် လေထဲသို့ ပျံတက်သွားကြသည်။
“ဒုက္ခပဲ... သားရဲလှိုင်းတွေ ပြန်လာနေပြီ”
“မြန်မြန်... မြို့ထဲကို ဆုတ်ကြ မြို့စားမင်းကိုလည်း သတင်းသွားပို့ကြ”
လူအုပ်ကြီး မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာပြီး ကျန်ရှိနေသူများကို အလျင်အမြန် တိုက်တွန်းကြတော့သည်။
“မဖြစ်ဘူး ကျွန်တော်တို့ ဆရာကြီးကို မတွေ့ရသေးဘူး”
ရွှီမိသားစုဝင်များသည် သိုင်းဆရာသခင် နှစ်ဦး၏ အလောင်းများကို မြင်တွေ့ထားရသဖြင့် အလွန်အမင်း ထိတ်လန့်တကြား ဖြစ်နေကြသည်။
“လုံယီနဲ့ လျိုရှုကိုလည်း မတွေ့သေးဘူး”
ရှီချိုင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူတို့ ဒီမှာ မရှိကြဘူး”
အဘိုးကြီးရှီက မြေပြင်ပေါ်ရှိ အနက် ငါးလက်မ၊ ခြောက်လက်မခန့်ရှိသော နက်ရှိုင်းသည့် ခြေရာတစ်ခုကို ညွှန်ပြလိုက်သည်။
မီတာ ရာဂဏန်းအကွာတွင်လည်း ထိုကဲ့သို့သော ခြေရာမျိုး နောက်တစ်ခု ရှိနေသေးသည်။ ခုနက လေပေါ်သို့ ပျံတက်စဉ်က သူတို့ ဤအရာကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
“လုံယီနဲ့ ဆရာကြီးရွှီတို့က ဟိုဘက်ကို သွားကြတာ ဖြစ်ရမယ်”
အဘိုးကြီးရှီက အရှေ့တောင်ဘက်သို့ ညွှန်ပြလိုက်သည်။
ထိုဘက်မှာ မြို့ရိုးနှင့် ဝေးရာအရပ် ဖြစ်သည်။ သူတို့ ဘာကြောင့် ထိုဘက်သို့ သွားကြတာလဲဟူသည်မှာ လူတိုင်း၏ ရင်ထဲတွင် သံသယအရိပ်အယောင်များအဖြစ် တိတ်တဆိတ် ရှိနေကြသည်။ အစွန်းရောက်လက်သီးဂိုဏ်းနှင့် ရွှီမိသားစုဝင်များသည် တစ်ဦးကိုတစ်ဦး သတိထားသည့် အကြည့်များဖြင့် ကြည့်ကြကာ အကွာအဝေးတစ်ခုမှ ခွာ၍ လိုက်ပါလာကြသည်။
လုံယီနှင့် ဆရာကြီးရွှီတို့အကြား မည်သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဤမိသားစုနှစ်ခုမှာမူ သေရာပါ ရန်သူများ ဖြစ်သွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“အဖေ... လုံယီ အဆင်ပြေပါ့မလား”
မြို့ရိုးပေါ်သို့ ပြန်အလာ လမ်းခုလတ်တွင် ရှီချိုင်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
“ရွှီဖန်းလင်ရဲ့ အစွမ်းက အသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်နေပြီ။ ငါကိုယ်တိုင်တောင် သူ့ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် မရှိဘူး”
အဘိုးကြီးရှီက ခေါင်းခါရင်း ဆိုသည်။
သူ၏ ဆိုလိုရင်းကို ရှီချိုင်ဖုန်း ကောင်းကောင်းနားလည်သည်။ သူမ၏ မျက်ဝန်းများ နီရဲလာပြီး နာကျည်းစွာဖြင့် ပြောလိုက်သည်။
“တကယ်လို့ အစ်ကိုရှုသာ သူ့လက်ချက်နဲ့ သေသွားခဲ့ရင် ကျွန်မ သေချာပေါက် လက်စားချေမယ်”
“ငါတော့ မင်းကို ကူမှာမဟုတ်ဘူးနော်”
အဘိုးကြီးရှီက ပြတ်သားစွာ ပြောလိုက်သည်။
“အဖေ့အကူအညီ မလိုပါဘူး။ ကျွန်မသာ သိုင်းဆရာသခင်အဆင့်ကို အောင်မြင်သွားရင် သူ့ကိုသတ်ဖို့က ကြက်တစ်ကောင် သတ်ရသလောက်ပဲ လွယ်သွားမှာ”
ရှီချိုင်ဖုန်း၏ ရင်ထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေတော့သည်။
သူမသာ သိုင်းဆရာသခင် ဖြစ်သွားပါက ထိုင်မြို့၏ ထိပ်တန်းပညာရှင် ဆရာကြီးရွှီကို အလွယ်တကူ သတ်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အကယ်၍ အခြားသူများသာ သိပါက သူမကို မောက်မာရိုင်းစိုင်းသူဟု ကဲ့ရဲ့ကြပေလိမ့်မည်။ သို့သော် အဘိုးကြီးရှီကမူ သူမကို မငြင်းဆန်ဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်း အဲဒီအဆင့်ကို ရောက်တဲ့အခါမှပဲ ဆက်ပြောကြတာပေါ့”
လူအုပ်ကြီး မြို့ရိုးပေါ်သို့ ပြန်ရောက်လာသောအခါ မြို့ရိုးတစ်ခုလုံးကို တင်းကြပ်စွာ စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။ မြို့စားမင်းလီသည် သားရဲလှိုင်းများ၏ လှုပ်ရှားမှုကို ကြိုတင်သိရှိထားပြီးဖြစ်ရာ လေးသည်တော်များနှင့် အင်အားကြီးဂိုဏ်းများမှ သိုင်းပညာရှင်များကို အရေးပေါ် ကာကွယ်ရေး အမိန့်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း
ရေတွက်၍မရနိုင်သော သားရဲရဲများနှင့် အသားစားငှက်ကြီးများသည် ထိုင်မြို့ရိုးအောက်တွင် တစ်ဖန်ပြန်လည် စုဝေးလာကြပြန်သည်။ သို့သော် ထူးဆန်းသည်မှာ ၎င်းတို့သည် ချက်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြခြင်းပင်။
ဘုန်း... ဘုန်း... ဘုန်း
အဝေးတစ်နေရာမှ မြေကမ္ဘာတုန်ဟိန်းပြီး တောင်တန်းများပင် ပြိုလဲမတတ် အသံကြီးကို ထပ်မံကြားလိုက်ရပြန်သည်။ မြို့ရိုးပေါ်ရှိ လူတိုင်း ထိုအသံလာရာသို့ ကြည့်လိုက်ကြရာ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။
ထိုနေရာမှ ပြေးဝင်လာသော သားရဲများထဲတွင် ထိုင်မြို့တွင် တွေ့ရခဲသည့် မျိုးစိတ်များဖြစ်သော ဆိတ်နက်များ၊ ပုတ်သင်ညိုစိမ်းများ နှင့် သွေးရောင်နွားသိုးကြီးများ ပါဝင်နေသည်။
“သွေးနွားသိုးတွေလား ဒါတွေက ကျန်းမြို့က သားရဲအုပ်ထဲက မဟုတ်လား”
မြို့ရိုးပေါ်မှ တစ်စုံတစ်ဦးက မှန်းဆပြောဆိုလိုက်သည်။
“မဖြစ်နိုင်တာ။ ကျန်းမြို့က သားရဲတွေက ဘာလို့ ငါတို့ဆီ လာမှာလဲ”
အများစုကတော့ သံသယဖြစ်နေကြဆဲပင်။
“မကောင်းတော့ဘူး... ကောင်းကင်ကို ကြည့်ကြဦး”
တစ်စုံတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အားလုံး ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာများ ဖြူလျော်သွားကြတော့သည်။ ပူပြင်းလှသော နေရောင်အောက်တွင် ထင်ရှားလှသော တောက်ပသည့် အဖြူရောင်အစက်အပြောက်တစ်ခုသည် ထိုင်မြို့ရိုးဆီသို့ တဟုန်ထိုး ပျံသန်းလာနေသည်။ ခဏချင်းအတွင်းမှာပင် ပဲစေ့ခန့်သာရှိသော ထိုအဖြူစက်လေးမှာ ဧရာမ သက်ရှိကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ တောင်ပံပါသော ဧရာမ ကျားဖြူကြီးပင်။
၎င်း၏ ကိုယ်ထည်အလျားမှာ ၇ မီတာ သို့မဟုတ် ၈ မီတာခန့် ကျော်လွန်ပြီး ကျောပေါ်ရှိ သွေးရောင်တောင်ပံကြီးများမှာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားတော့သည်။ ၎င်း၏ မျက်လုံးများမှာ နေမင်းငယ်နှစ်စူးအလား တောက်ပနေပြီး စူးရှအေးစက်လှသော အလင်းတန်းများ ထွက်ပေါ်နေရာ လူတို့၏ ရင်ကို တုန်လှုပ်စေသည်။ ရှေးဟောင်းဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသော သတ္တဝါတစ်ကောင်အလားပင်။
ထို့နောက် တောင်ပံပါကျားကြီးသည် ၎င်း၏ သွေးအိုင်ကဲ့သို့ နီရဲနေသော ပါးစပ်ကြီးကို ဟလိုက်သည်ကို လူတိုင်း မြင်လိုက်ရသည်။ လခြမ်းပုံသဏ္ဌာန် အပြာနုရောင် အလင်းတန်းတစ်ခုသည် ၎င်း၏ပါးစပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီ ထိုစက္ကန့်ပိုင်းအတွင်းမှာပင် အနည်းဆုံး တစ်မီတာခန့် အမြင့်ရှိသော ထိုအပြာရောင်အလင်းတန်းသည် မြို့ရိုးပေါ်သို့ ပျံသန်းလာပြီး ဘေးချင်းယှဉ်ရပ်နေသော လူပေါင်း တစ်ဒါဇင်ကျော်ကို တစ်ခဏချင်းအတွင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။ သူတို့သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်များ နှစ်ပိုင်းစီ ပြတ်တောက်သွားကြရရှာသည်။
ထိုအပြာရောင်အလင်းတန်းမှာ ရပ်တန့်မသွားဘဲ အနောက်ဘက်ရှိ မြို့ရိုးနံရံကို ဆက်လက်ထိမှန်သွားရာ နံရံပေါ်တွင် အနက် ၅ လက်မ၊ ၆ လက်မခန့်ရှိသော လခြမ်းပုံသဏ္ဌာန် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ ၎င်း၏ ပြင်းထန်လှသော စွမ်းအားမှာ မှင်သက်စရာပင်။
“ဒါ... ဒါက ဘာကြီးလဲ”
“တောက်... ဒါ သားရဲဘုရင် ဖြစ်ရမယ်”
“မြားတွေနဲ့ ပစ်ကြစမ်း အသေပစ်ကြ”
“မြန်မြန်... ကျောက်ခဲပစ်စက်တွေကို သုံးကြ”
ရှူး... ရှူး... ရှူး
ဝူး... ဝူး... ဝူး
မရေမတွက်နိုင်သော မြားများနှင့် ကျောက်တုံးကြီးများသည် သားရဲလှိုင်းတစ်ခုအလား တောင်ပံပါကျားကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သို့သော် ထိုကျားကြီး၏ မျက်နှာတွင်မူ လူသားတစ်ဦးကဲ့သို့ပင် အထင်သေးရီဝေသော အမူအရာ ပေါ်လွင်နေသည်။ ၎င်းသည် သွေးအိုင်အလား နီရဲနေသော ပါးစပ်ကြီးကို ဟလိုက်ပြီး
“ဝေါင်း...”
သူ့ကိုယ်သူ ဗဟိုပြု၍ မြင်တွေ့နိုင်သော အဖြူရောင် အသံလှိုင်းများသည် သုံးဖက်မြင်လှိုင်းများအဖြစ် ရှေ့သို့ ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။ မြားများနှင့် ကျောက်တုံးများမှာ အရပ်မျက်နှာအနှံ့ လွင့်စင်ကုန်ကြပြီး အချို့မှာ မြို့ရိုးပေါ်သို့ပင် ပြန်လည်ကျရောက်ကာ လူများကို ထိမှန်ကုန်သဖြင့် အော်ဟစ်သံများ၊ သွေးများနှင့် အသားစများ လွင့်စင်ကုန်တော့သည်။ မြားတစ်စင်း၊ ကျောက်တစ်လုံးမျှပင် ကျားကြီး၏ ကိုယ်ပေါ်သို့ မကျရောက်နိုင်ခဲ့ချေ။
“ဒါဆိုရင်တော့...”
တောင်ပံပါကျားကြီး၏ မယှဉ်နိုင်သော စွမ်းအားကို မြင်လိုက်ရချိန်တွင် မြို့စားမင်းလီ၏ မျက်စိသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားပြီး တစ်စုံတစ်ခုကို သတိရသွားသည့်အလား မျက်နှာတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာတော့သည်။
“တိရစ္ဆာန်စုတ်... ငါ့တုတ်ကို မြည်းစမ်းကြည့်စမ်း”
နည်းပြဟန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် ငွေရောင်သံနက်ဝီစီတစ်ခုကို ကိုင်ဆောင်ထားပြီး ဝတ်ရုံများ တဖျတ်ဖျတ်လွင့်လျက် ကောင်းကင်ထက်သို့ ခုန်တက်ကာ ခဏချင်းအတွင်း တောင်ပံပါကျားကြီး၏ ဘေးနားသို့ ရောက်ရှိသွားသည်။ ထိုလက်နက်တွင် ထူထပ်လှသော အဖြူရောင် စစ်မှန်သောခွန်အားများ ရစ်ပတ်ထားပြီး ကျားကြီး၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ဤတိုက်ကွက်၏ အရှိန်အဟုန်အရ ဆရာကြီးရွှီကိုယ်တိုင်ပင်လျှင် တိုက်ရိုက်ခုခံရန် ဝံ့ရဲမည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
“ပြန်လာခဲ့”
မြို့စားမင်းလီက အနောက်မှ လှမ်းအော်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
တောင်ပံပါကျားကြီးသည် ကျောက်ကြိတ်ဆုံတစ်ခုအလား ကြီးမားလှပြီး အပြာနုရောင် မှိန်ပျပျ တောက်ပနေသော သူ၏လက်သည်းကြီးကို ရှူးခနဲ အရှိန်ဖြင့် နည်းပြဟန်ထံသို့ ဝှေ့ယမ်းလိုက်သည်။
ဘုန်း…
လူပုံရိပ်တစ်ခုမှာ လခြမ်းပုံသဏ္ဌာန် လွင့်ထွက်သွားပြီး နောက်ဆုံးတွင် မြို့ရိုးပေါ်သို့ ပြုတ်ကျကာ ကံဆိုးလှသော လေးသည်တော်အချို့ကို ပိမိပြီး အသားစအဖြစ် ကြိတ်ခြေလိုက်တော့သည်။ နည်းပြဟန်၏ လက်မောင်းနှစ်ဖက်လုံး ကျိုးသွားပြီး မျက်နှာမှာ ရှုံ့မဲ့လျက် မြေပြင်ပေါ်တွင် သွေးများအန်ကာ အသက်ရှင်ရန်ပင် မသေချာတော့သည့် အခြေအနေသို့ ရောက်သွားရရှာသည်။
သိုင်းပညာရှင်တစ်ဦးကို တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်သည်ဆိုသည်မှာ မည်မျှ ကြောက်
စရာကောင်းလိုက်မလဲ။ နည်းပြဟန်ကို ကူညီရန် ပြင်နေကြသော စစ်သူကြီးယွဲ့နှင့် အဘိုးကြီးရှီတို့မှာ ရင်ထဲတွင် အေးစက်လှသော ခံစားချက်ကြီး တိုးဝင်လာတော့သည်။
တောင်ပံပါကျားကြီးသည် သူ၏ပါးစပ်ကြီးကို ထပ်မံဟလိုက်သည်ကို မြင်သောအခါ မြို့စားမင်းလီသည် တွန့်ဆုတ်မနေတော့ချေ။ သူသည် ရင်ဘတ်အတွင်းမှ မီးလျှံရောင်နီရဲနေသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ မြို့ရိုးပေါ်ရှိ ပုံစံတူ အခိုင်အမာ ပြုလုပ်ထားသော အကွက်ထဲသို့ အတင်းရိုက်သွင်းလိုက်သည်။
ကလစ်ခနဲ အသံနှင့်အတူ ကွက်တိကျသွားတော့သည်။ မြို့စားမင်း လီသည် သူ၏ လက်ထိပ်မှ သွေးအနည်းငယ်ကို တံဆိပ်ပြားပေါ်သို့ ပက်ဖျန်းလိုက်ရင်း ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။
“ကောင်းကင်နှင့် မြေကြီး အဆုံးမဲ့ရာ၊ နက်နဲသော တံခါးဦးမှ စစ်မှန်သော အတတ်၊ နီရဲသော မီးလျှံ အမိန့်ကို နာခံလော့၊ မကောင်းဆိုးဝါးများကို လောင်မြိုက်စေပြီး မိစ္ဆာများကို နှိမ်နင်းလော့...”
မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့ရိုးပေါ်ရှိ အကွာအဝေးတစ်ခုစီ၌ ထွင်းထုထားသော အထူးပြုလုပ်ထားသည့် ရှေးဟောင်းအက္ခရာများမှာ တောက်ပလာတော့သည်။ ဧရာမ စက်လုံးဝက်
ပုံသဏ္ဌာန်ရှိသော ပန်းနုရောင် အလင်းဒိုင်းကြီးတစ်ခုသည် ထိုင်မြို့၏ အတွင်းပိုင်း မြို့ရိုးအပိုင်းကို ရုတ်တရက် ဖုံးလွှမ်းကာကွယ်လိုက်တော့သည်။