အခန်း (၂၀၃)
Vol. 21 Ch. 203
သူသည် ကိုယ်ဟန်သိုင်းကို အစွမ်းကုန်မြှင့်တင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်ဝံပုလွေနှင့် သုံးလေးလှမ်းအကွာသို့ ရောက်ရှိသွားတော့သည်။
ထိုစဉ် သူ၏ နောက်ကျောဘက်မှ ပူလောင်ကာ ညှော်နံသော လေပူတစ်သုတ် တိုးဝင်လာသည်။ သူ ခုနက ရှောင်ကွင်းခဲ့သော ပထမဆုံးဝံပုလွေမိစ္ဆာသည် သူ့ထံသို့ အသေအလဲ ခုန်အုပ်လာခြင်းဖြစ်သည်။ အကယ်၍ သူသာ နောက်လှည့်ပြီး ထိုဝံပုလွေကို သတ်မည်ဆိုပါက အနီရောင်ဝံပုလွေဘုရင် လွတ်မြောက်သွားဖို့ အခွင့်အလမ်း အလွန်များနေသည်။ ထိုသို့သာဖြစ်ခဲ့လျှင် သောင်းချီသော သားရဲတပ်မတော်ကြီး၏ ဝါးမြိုမှုအောက်တွင် သူတို့သုံးဦးစလုံး အသက်ရှင်ဖို့ လမ်းစမရှိသလောက် ဖြစ်သွားပေလိမ့်မည်။
ဆရာကြီးရွှီ၏ မျက်ဝန်းထဲတွင် ရက်စက်ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် နောက်သို့ လှည့်မကြည့်တော့ဘဲ အရေးကြီးသော အချက်အချာကျသည့်နေရာကို လွတ်စေရန် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်ထဲရှိ ဝိညာဉ်ချေမှုန်းခြင်းဓားကို အားကုန်သုံး၍ အောက်သို့ ပိုင်းချလိုက်တော့သည်။
ဓားရှိန်မှာ အနီရောင်ဝံပုလွေ၏ ခေါင်းနှစ်လုံးစလုံးကို မြေပြင်ပေါ်သို့ ပြတ်ကျသွားစေကာ အောင်မြင်စွာ ခေါင်းဖြတ်နိုင်ခဲ့သည်။ ထိုအချိန်မှာပင် သူ၏ ပုခုံးကို ဝံပုလွေက ကိုက်ခဲလိုက်သဖြင့် အရိုးကျိုးသွားသော အသံမှာလည်း ထွက်ပေါ်လာတော့သည်။
ဆရာကြီးရွှီသည် နာကျင်မှုကြောင့် အံကြိတ်ကာ ညည်းတွားလိုက်ရပြီး တစ်ကိုယ်လုံးရှိ စစ်မှန်သောခွန်အားများကို စုစည်းကာ နောက်ပြန်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ချောင်းမြောင်းတိုက်ခိုက်သော ဝံပုလွေမှာ လွင့်စင်သွားတော့သည်။ သူ၏ ညာဘက်လက်တစ်ပြင်လုံးမှာမူ တွဲလောင်းကျနေပြီး လောလောဆယ်တွင် အသုံးပြု၍မရတော့သည်မှာ ထင်ရှားလှပေသည်။
စစ်မြေပြင်တွင် ဝါရင့်သိုင်းပညာရှင် သုံးဦးစလုံးမှာ သွေးအလိမ်းလိမ်းဖြင့် အတော်ပင် သနားစဖွယ် ဖြစ်နေကြသော်လည်း သူတို့၏ မျက်နှာထက်တွင်မူ တစ်ပြိုင်နက်တည်း အောင်နိုင်သူ၏ အပြုံးများ ပေါ်လွင်နေတော့သည်။ အကြောင်းမှာ အနီရောင်ဝံပုလွေ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် အသေအလဲ ပြေးဝင်လာကြသော သားရဲများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ၎င်းတို့၏ မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်နေသော အမူအရာများ ပေါ်လာသောကြောင့်ပင်။
ထို့နောက်တွင်မူ တစ်စုံတစ်ခုကို သိရှိသွားသည့်အလား ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် သားရဲတောင်တန်းကြီးရှိရာ အရပ်သို့ ဦးတည်ကာ ထွက်ပြေးကြတော့သည်။ အထက်စီးမှ ကြည့်မည်ဆိုပါကအနီရောင်ဝံပုလွေ သေဆုံးသွားသော ကန်ဘေးနေရာမှစ၍ ဧရာမ အမည်းရောင် လှိုင်းလုံးကြီးများကဲ့သို့ သားရဲအုပ်ကြီးမှာ တစ်ဖက်သတ် ယပ်တောင်ပုံစံဖြင့် အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားကြသည်ကို မြင်တွေ့ရသည်။
ထိုင်မြို့၏ မြို့ရိုးထက်တွင် သားရဲလှိုင်းတပ်မတော်ကြီးအား အဝေးမှ စောင့်ကြည့်နေကြသော သိုင်းပညာရှင်များသည် သားရဲအုပ်အတွင်းမှ ထူးခြားသော လှုပ်ရှားမှုများကို ရှင်းလင်းစွာ သတိပြုမိသွားကြပြီး တစ်ဦးချင်းစီ၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လွင်လာကြသည်။
“ဒါက... သားရဲအုပ်ကြီး လူစုကွဲသွားတာပဲ”
“ဒါဆို ဆရာကြီးရွှီတို့အဖွဲ့ အောင်မြင်သွားတာလား”
“သားရဲလှိုင်းတွေ ဆုတ်ခွာကုန်ပြီဟေ့... တကယ်ပဲ ဆုတ်ခွာကုန်ပြီ ဟားဟားဟား”
တစ်ချိန်လုံး မျက်မှောင်ကြုတ်နေခဲ့သော မြို့စားမင်းလီသည်လည်း ရုတ်တရက်ပင် စိတ်သက်သာရာရကာ မျက်နှာပွင့်လန်းသွားတော့သည်။
“ဒီတစ်ကြိမ် သားရဲလှိုင်းကို တွန်းလှန်ရာမှာ အဲဒီလေးယောက်ဟာ အကြီးမားဆုံးသော သူရဲကောင်းတွေပဲ။ သူတို့ ပြန်ရောက်လာတာနဲ့ ထိုက်တန်တဲ့ ဆုလာဘ်တွေကို ပေးအပ်ရမယ်”
“စစ်သူကြီးယွဲ့၊ နည်းပြဟန်... မင်းတို့နှစ်ယောက် သွားကြိုဆိုလိုက်ကြ။ ငါတို့ရဲ့ သူရဲကောင်းတွေကို ဘာအန္တရာယ်မှ မကျရောက်စေနဲ့”
“အမိန့်အတိုင်းပါခင်ဗျာ”
စစ်သူကြီးယွဲ့နှင့် နည်းပြဟန်တို့က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်မလည်း သွားမယ်”
လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲများကြောင့် မျက်ဝန်းများ နီရဲနေခဲ့သော ရှီချိုင်ဖုန်းက ဆိုသည်။ သူမသည် ဤစမ်းသပ်မှုများအတွင်း ဆဠမချီစွမ်းအားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စွမ်းအင်စက်ဝန်းပြည့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။ အမှန်တကယ်တွင် သူမသာ သူမ၏ သွေးစွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ပါက စွမ်းအင်စက်ဝန်းပြည့် သိုင်းပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။
မြို့စားမင်း၏ ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ သူမသည် မြို့ရိုးပေါ်မှ ခုန်ချလိုက်ရာ မြေပြင်ပေါ်တွင် ဘုန်းခနဲ အသံနှင့်အတူ ကျင်းအနက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ ထို့နောက် တောရိုင်းကျားသစ်မတစ်ကောင်အလား လျင်မြန်ဖျတ်လတ်စွာဖြင့် ရှေ့သို့ တိုးထွက်သွားခဲ့သည်။
“ငါလည်း သွားကြည့်မှဖြစ်မယ်”
အဘိုးကြီးရှီသည်လည်း သမီးဖြစ်သူ၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် မြို့ရိုးပေါ်မှ ဖြတ်ခနဲ ခုန်ဆင်းသွားခဲ့ပြန်သည်။
စစ်မြေပြင်တွင်မူ ဆရာကြီးရွှီက အနီရောင်ဝံပုလွေမိစ္ဆာကို သတ်ဖြတ်လိုက်ပြီးနောက် မိုင်ပေါင်းများစွာအထိ ရှိနေသော သားရဲလှိုင်းကြီးမှာ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ အစောင့်တပ်မှူးလင်းကို ဝိုင်းရံထားခဲ့သော မီးခိုးရောင်ဝံပုလွေမိစ္ဆာ သုံးကောင်သည်လည်း ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ အဝေးသို့ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
“ဘယ်ကို ပြေးမလို့လဲ”
တပ်မှူးလင်းသည် ဒေါသတကြီးဖြင့် သူတို့ကို အသေအလဲ ပိတ်ဆို့ထားတော့သည်။
ခေါင်းဆောင်ဖန်းနှင့် ဆရာကြီးရွှီတို့လည်း အမြန်ပြေးဝင်လာကြပြီး အတူတကွ တိုက်ခိုက်ကာ ဝံပုလွေမိစ္ဆာ နှစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး တစ်ကောင်သာ လွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် သာမန်သိုင်းပညာရှင်များနှင့် ခွန်အားချင်းတူညီသော ဝံပုလွေမိစ္ဆာ ခုနစ်ကောင်အနက် လေးကောင်မှာ သေဆုံးခဲ့ပြီး သုံးကောင်မှာ ထွက်ပြေးသွားခဲ့ကြသည်။ ဆရာကြီးရွှီတို့အဖွဲ့မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြသော်လည်း တစ်ဦးမျှ အသက်ဆုံးရှုံးခြင်းမရှိဘဲ ဤကဲ့သို့သော ထူးခြားပြောင်မြောက်သည့် အောင်မြင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
“ခုနက ဆရာကြီးရဲ့ တိုက်ကွက်က တကယ့်ကို မိုက်တာပဲ။ သားရဲဘုရင်ကို သတ်လိုက်တာ ဝက်တစ်ကောင်ကို သတ်လိုက်သလိုပဲဗျာ”
“ကျုပ် လင်းက ထိုင်မြို့ရဲ့ ဒုတိယအဆင့်လို့ အမြဲသတ်မှတ်ခံရတော့ စိတ်ထဲမှာ နည်းနည်းတော့ မကျေမနပ်ဖြစ်ခဲ့မိတာ။ ဒါပေမဲ့ ဒီနေ့ ဆရာကြီးရဲ့ နတ်ဘုရားသဖွယ် အစွမ်းကို မြင်လိုက်ရတော့ ကျုပ် အရှုံးပေးရပါပြီ”
“အားနာစရာကြီးဗျာ မင်းတို့ရဲ့ ကူညီမှုသာမပါရင် ကျုပ်လည်း ဒီလိုအောင်မြင်မှုမျိုး ရမှာမဟုတ်ပါဘူး”
ဆရာကြီးရွှီက ပြုံးလျက် ပြန်ပြောရင်း အကျင့်ပါနေသည့်အတိုင်း သူ၏မုတ်ဆိတ်ကို သပ်ရန်ပြင်လိုက်သော်လည်း မရှိတော့မှန်း သတိရသွားကာ လက်ကို လမ်းခုလတ်မှာပင် ပြန်ရုပ်သိမ်းလိုက်ရသည်။
သေတွင်းမှ သီသီလေးလွတ်မြောက်လာခဲ့ကြသော သိုင်းပညာရှင် သုံးဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ချီးမွမ်းနေကြတော့သည်။ ထိုစဉ် ရုတ်တရက် အေးစက်သော လေတစ်သုတ် ဝှေ့ယမ်းတိုက်ခတ်သွားပြီး သိုင်းပညာရှင်များ၏ ထူးခြားလှသော အာရုံခံစားမှုကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြည်းဖြည်း ထလာခဲ့ကြသည်။
“တစ်ခုခုတော့ မှားနေပြီ”
ပညာအနက်ရှိုင်းဆုံးဖြစ်သော ဆရာကြီးရွှီက ပထမဆုံး သတိပြုမိကာ နောက်သို့ အမြန်ဆုတ်ခွာလိုက်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင်မူ လုံးဝ ထိတ်လန့်သွားတော့သည်။
မရေမတွက်နိုင်သော သားရဲရဲများနှင့် တိုက်ခိုက်ရင်း အစွမ်းကုန် အားအင်ကုန်ခမ်းနေခဲ့သော ခေါင်းဆောင်ဖန်းမှာ ယခုအခါ အလွန်အမင်း မောပန်းနွမ်းနယ်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်။ သူ၏လည်ပင်းမှာ အနက်ရောင် အလင်းတန်းမျှင်လေးတစ်ခု၏ ပိုင်းဖြတ်မှုကို အလွယ်တကူ ခံလိုက်ရပြီး ခေါင်းမှာ ဘေးသို့ စောင်းကျသွားကာ အရေပြားမျှင်လေး တစ်ခုတည်းဖြင့်သာ တွဲလောင်းဖြစ်နေတော့သည်။
“မင်း... ဘယ်လိုလုပ် ပေါ်လာတာလဲ...”
ခေါင်းဆောင်ဖန်းသည် သူ သေဆုံးတော့မည်ကို မယုံကြည်နိုင်သည့်အလား သူ၏ခေါင်းကို လက်ဖြင့် ပြန်ထိန်းထားရှာသည်။
မိစ္ဆာသားရဲတွေက သူ့ကို မသတ်နိုင်ခဲ့သလို သားရဲလှိုင်းတွေကလည်း သူ့ကို မသတ်နိုင်ခဲ့ချေ။
သို့သော် လုံယီ၏ ချောင်းမြောင်းတိုက်ခိုက်မှုက သူ့ကို အလွယ်တကူပင် အဆုံးသတ်
ပေးလိုက်ခြင်းပင်။ ခေါင်းဆောင်ဖန်း၏ မျက်ဝန်းများတွင် အဆုံးမဲ့သော မကျေနပ်မှု၊ နာကျည်းမှုနှင့် အဆိပ်အတောက်ဖြစ်ဖွယ် အငြိုးအတေးများ ထင်ဟပ်နေတော့သည်။
“မင်း... ငါ ငရဲကနေ စောင့်နေမယ်...”
“မလိုပါဘူး ကျေးဇူးပဲ”
ဤလောကတွင် ဤမျှလောက်အထိ ထူးခြားဆန်းပြားသော ရုပ်ဖျက်ခြင်းပါရမီ ရှိလိမ့်မည်ဟု ခေါင်းဆောင်ဖန်း တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။
အောင်ပွဲခံနေကြသော သိုင်းပညာရှင် သုံးဦးစလုံးသည် နိုးကြားမှုနှင့် သတိတရားမှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေခဲ့ကြသည်။ ထို့ကြောင့် လုံယီသည် အခွင့်ကောင်းကို အမိအရယူကာ ခေါင်းဆောင်ဖန်းကို ပုဆိန်ဖြင့် တစ်ချက်တည်းနှင့် အပြတ်ပိုင်းဖြတ်လိုက်ခြင်းပင်။
ဖန်းမိသားစုခေါင်းဆောင်သည် အလွန်ပင် နာကျည်းစွာဖြင့် အသက်ပျောက်ခဲ့ရသည်ဟု ပြောနိုင်ပြီး သူ၏သေဆုံးမှုက လုံယီအတွက် စွမ်းအင်အမှတ် ၁၂ မှတ် အပြည့်အဝ ရရှိစေခဲ့သည်။ ထို့ပြင် ထူးဆန်းသည်မှာ သူ၏ လည်ပင်းဒဏ်ရာမှ သွေးတစ်စက်မျှပင် ထွက်မလာခြင်းပင်။
လုံယီသည် ဒေါသနှင့် ထိတ်လန့်မှုများ ရောပြွမ်းနေသော အစောင့်တပ်မှူးလင်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ထိုင်မြို့ကို သားရဲဘေးကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ခင်ဗျားတို့ သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့အတွက် အကောင်းဆုံး ဂူဗိမာန်တွေ တည်ဆောက်ပေးပြီး ပညာရှိတွေကို ဖိတ်ကြားကာ အခန့်ညားဆုံး ကဗျည်းစာလွှာတွေ ရေးထိုးပေးပါ့မယ်။ ဒါမှ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ချက်တွေကို လောကကြီးက အမြဲအမှတ်ရနေမှာပေါ့”
“မင်း... မင်း လုပ်ရဲလှချည်လား”
တပ်မှူးလင်းသည် သူ၏လှံဖြင့် လုံယီထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ လှံဖျားမှ ထွက်ပေါ်နေသော အဖြူရောင်အလင်းတန်းမှာ မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်သော အရှိန်အဟုန်မျိုး ရှိနေသည်။
လုံယီသည် သူ၏အပြုံးကို ရုပ်သိမ်းလိုက်ပြီး အဝါရောင်အစွန်းရောက် အသက်ရှူနည်းစနစ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်သွေးကြော ငါးခုသည် လျင်မြန်စွာ စီးဆင်းသွားပြီး တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များမှာ ဦးခေါင်းထက်သို့ ပေါက်ထွက်မတတ် တဟုန်ထိုး မြင့်တက်လာတော့သည်။
တစ်ချိန်တည်းမှာပင် သိုင်းပညာရှင်တစ်ဦး၏ မယိုင်လဲသော ယုံကြည်ချက်သည် သူ၏ရင်ထဲ၌ ဖြစ်ပေါ်လာသည်။ သာမန်သိုင်းပညာရှင်များ၏ အကန့်အသတ်ထက် များစွာကျော်လွန်နေသော သူ၏ ထိတ်လန့်ဖွယ် သွေးစွမ်းအင်များနှင့် ပေါင်းစပ်လိုက်သောအခါ မမြင်နိုင်သော်လည်း လက်တွေ့ကျလှသော ဖိအားတစ်ခု ဖြစ်ပေါ်လာပြီး တပ်မှူးလင်းကို လွှမ်းခြုံသွားတော့သည်။
တပ်မှူးလင်းသည် တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူ၏ရင်ထဲ၌ မသိစိတ်မှ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
“မဖြစ်နိုင်ဘူး... မင်းက တကယ်ပဲ အရှိန်အဝါစွမ်းအင်ကို နားလည်သဘောပေါက်သွားတာလား”
ဆယ်စုနှစ်များစွာ လေ့လာလိုက်စားခဲ့သော သူကိုယ်တိုင်ပင်လျှင် ထိုအရှိန်အဝါစွမ်းအင်၏ အဆင့်အတန်းကို အနိုင်နိုင် ထိတွေ့နေရရုံသာ ရှိသေးသည်ကို သူ ကောင်းကောင်းသိသည်။ သို့သော် တပ်မှူးလင်းသည် ဝါရင့်သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ကြောက်ရွံ့မှုများကို လျင်မြန်စွာ မောင်းထုတ်လိုက်ပြီး သူ၏ ငွေလှံကို မြှောက်ကာ အစွမ်းကုန် ခုခံရန် ပြင်လိုက်သည်။
“တောင်ဖြိုခွဲခြင်း”
မမြင်နိုင်သော အရှိန်အဝါ၏ ဒုတိယလှိုင်းသည် တပ်မှူးလင်းထံသို့ ထပ်မံ ပျံ့နှံ့သွားသည်။ လုံယီသည် သူ၏ အင်အားအားလုံးကို တစ်မှတ်တည်းတွင် စုစည်းလိုက်ပြီး ညာဘက်လက်ရှိ ပုဆိန်ဖြင့် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်လိုက်ရာ လေထုကို ဆွဲဖြဲသွားသော စူးရှသည့်အသံမှာ ပဲ့တင်ထပ်သွားသည်။
ယခုအချိန်တွင် သူ၏ခွန်အားမှာ ပေါင် ၂၅,၀၀၀ ကျော်လွန်နေပြီဖြစ်ရာ သာမန် စွမ်းအင်စက်ဝန်းပြည့်သိုင်းသမားတစ်ဦးထက် နှစ်ဆကျော်ပိုကာ မည်သည့်သိုင်းဆရာထက်မဆို သာလွန်နေပြီဖြစ်သည်။ သို့သော် ထိုမျှနှင့် မလုံလောက်သေးချေ။
“နဂါးထိုးဖောက်ခြင်း”
လျှို့ဝှက်သွေးများသည် ရင်ဘတ်ရှိ အပ်စိုက်မှတ်များကို လှုံ့ဆော်လိုက်ရာ သူ၏သွေးစွမ်းအင်မှာ ဒုတိယအကြိမ် ပေါက်ကွဲထွက်လာပြီး သူ၏ ကြွက်သားများအားလုံးမှာ တောင်ကုန်းငယ်များအလား ဖောင်းတက်လာကာ ညာဘက်လက်မောင်းဆီသို့ စမ်းချောင်းတစ်ခုအလား စီးဝင်သွားသည်။ ဒုတိယမြောက် အားအသစ်သည် ပထမအားနှင့် ပေါင်းစပ်သွားရာ ပေါင် ၅၀,၀၀၀ ခန့်ရှိသော ခွန်အားသို့ ရောက်ရှိသွားတော့သည်။
“ဝိညာဉ်ဝါးမြိုခြင်း”
ခေါင်းဆောင်ဖန်းကို သတ်ဖြတ်ရာမှ ရရှိလာသော အပိုသွေးစွမ်းအင်များမှာ တတိယအကြိမ် ပေါက်ကွဲထွက်လာပြန်ရာ ခွန်အားကို ၃၀ ရာခိုင်နှုန်း ထပ်မံတိုးမြင့်စေခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းလှသော ပေါင် ၆၅,၀၀၀ အထိ ရောက်ရှိသွားတော့သည်။
ဘုန်း….