← Chapters

ယဲ့ဖန် သေကိုသေရမယ်

Vol. 18 Ch. 257

ယဲ့ဖန် သေကိုသေရမယ်

Vol. 18 Ch. 257

*ဘာ*

ယဲ့မုန့်ထန်၏ အမိန့်ကိုကြားပြီး ယဲ့ရီယွင်နှင့် ယဲ့မျိုးဆက် လူငယ်များ အလွန် အံ့အားသင့်သွားကြသည်။ သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့မုန့်ထန်က အရင်တိုက်ခိုက်လာသည်။ သူက ယဲ့ကလန်၏ ခေါင်းဆောင် ယဲ့ရှုံးအား အသံထက်မြန်သော နှုန်းဖြင့် အရင်တိုက်ခိုက်လိုက်သည်။

ဝုန်း!

မည်သို့မျှ မမျှော်လင့်ထားသဖြင့် ယဲ့ရှုံးသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ အဝေးသို့ လွင့်ထွက်သွားပြီးမှ ပြန်ပြုတ်ကျသွားပြီး သွေးများ အန်ထွက်လာသည်။

"ယဲ့မုန့်ထန်"

ယဲ့ရှုံး၏ နံရိုး ခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ကျိုးသွားသည်။ သူ အယုံကြည်ရဆုံး အကြီးအကဲက သူ၏ ကလန်သားများကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

"ဟီးဟီး … ယဲ့ရှုံး … မင်း တော်တော် အိုနေပြီပဲ … မင်းက စိတ်တွေတောင် ရှုပ်ထွေးနေပြီ … မင်းက ဘာလို့ ယဲ့ကလန်တစ်ခုလုံးကို ဖျက်ဆီးခံပြီး ဝမ်းကွဲမျိုးဆက်က တရားမဝင်သားကို ကယ်ချင်နေရတာလဲ"

ယဲ့မုန့်ထန်က ဆိုးရွားသော လှောင်ပြုံးတစ်ခုနှင့်အတူ ဆက်ပြောလာသည်။ ထို့နောက် သူက ယဲ့ရှုံးရှိရာသို့ ဖျတ်ခနဲ ရောက်လာသည်။

"အဲ့လိုဆိုရင်လည်း အဲ့ခွေးမသားလေးနဲ့အတူ သေလိုက်ပေါ့ကွာ"

"သစ္စာဖောက်"

ယဲ့ရှုံး အလွန်ဒေါသထွက်သွားသည်။ ယဲ့မုန့်ထန်က သေရမည်ကို အင်မတန် ကြောက်ကာ ကိုယ့်ကလန်ကို သစ္စာဖောက်ပြီး သူ၏ကိုယ်ကျိုးအတွက် ကိုယ့်ကလန်သားတွေကို သတ်လိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထားခဲ့မိပါ။

ယဲ့ရှုံးက ခပ်သွက်သွက် ပြန်ထ၍ ယဲ့မုန့်ထန်နှင့်အတူ ပြင်းထန်သော တိုက်ပွဲအား ဆင်နွှဲလေတော့သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူတို့နှစ်ယောက်လုံးသည် ဒဏ္ဍာရီ အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။ သူတို့၏ တိုက်ပွဲသည် အလွန် ပြင်းထန်လှပြီး ထိုတိုက်ပွဲနေရာတစ်ဝိုက်တွင် သွေးညှီနံ့များနှင့် သွေးစွန်းနေသော အသားစများက ပြန့်ကျဲနေသည်။

ယဲ့ရှုံးသည် အလွန်သန်မာသော်လည်း သူက ဒဏ်ရာအကြီးအကျယ် ရထားပြီးသား ဖြစ်နေသည်။ ထို့ကြောင့် သူသည် ယဲ့မုန့်ထန်၏ ဖိနှိပ်ခြင်းကို ခံရမတတ် ဖြစ်နေသည်။

အဆုံးတွင် ဝှစ်ခနဲ အသံနှင့်အတူ ယဲ့မုန့်ထန်သည် ယဲ့ရှုံး၏ ရင်ဘတ်အား သူ့လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ ရုတ်တရက် ကလန်ခေါင်းဆောင် လုံးဝ အေးခဲ တောင့်တင်းသွားသည်။

တောက်! တောက်!

ရဲရဲနီနေသော သွေးများက ယဲ့ရှုံး၏ ပါးစပ်မှ စီးကျလာပြီး သူ့ပုံစံသည် ဒေါသထွက်၍ မလိုလားဟန်များ ပေါက်နေသည်။

"ဘိုးဘိုး"

ဤအဖြစ်အပျက်ကြောင့် ယဲ့ရီယွင်နှင့် အခြား ယဲ့မျိုးဆက်လူငယ်များ သေလုနီးပါး ထိတ်လန့်သွားကြသည်။

သူ၏ ကြောက်စိတ်မွှန်နေသော အကြည့်များအောက်မှာပင် ယဲ့ရှုံး၏ အိုမင်းနေသော ခန္ဓာကိုယ်က အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

ယဲ့မုန့်ထန်က မကောင်းဆိုးဝါးသဖွယ် ပြုံးရယ်လိုက်သည်။ ထို့နောက် သူက တစ်ဘက်လှည့်လာပြီး ယဲ့ကလန်၏ အင်အားစုများကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့ ဘာလို့ မလှုပ်ရှားကြသေးတာလဲ … မင်းတို့က အဲ့တရားမဝင်သားနဲ့အတူ သေချင်တာလား"

….

သူ့စကားကြောင့် ယဲ့ကလန်၏ အခြားအင်အားစုများ တုန်ယင်သွားကြသည်။ ထို့နောက် သူတို့က ချက်ချင်း ယဲ့ရီယွင်နှင့် အခြားယဲ့မျိုးဆက် လူငယ်များကို ကြည့်ကာ ပြောလိုက်သည်။

"သခင်လေး … ကျုပ်တို့ တကယ် စိတ်မကောင်းပါဘူး"

ထိုသို့ပြောပြီး ယဲ့ကလန်၏ အင်အားစုများက ယဲ့ရီယွင်နှင့် အခြား ယဲ့မျိုးဆက် လူငယ်များထံသို့ ဆာလောင်နေသော ဝံပုလွေများသဖွယ် ခုန်ဝင်လာကြသည်။

"သစ္စာဖောက်တွေ … ယဲ့ဖန် ပြန်ရောက်လာရင် သူက မင်းတို့ဖင်ကို မီးမြှိုက်ပစ်မှာ"

"ကျေးဇူးကန်းပြီး ရက်စက်တဲ့သူတွေ … ယဲ့ဖန်က ငါတို့ ဒဏ်ရာတွေအတွက် သေချာပေါက် လက်စားချေမှာ …. မင်းတို့ အားလုံး သေလိမ့်မယ်"

ယဲ့ရီယွင်၊ ယဲ့လန်၊ ယဲ့ရီဖေးနှင့် အခြား ယဲ့မျိုးဆက် လူငယ်များ အလွန်အမင်း ဒေါသထွက်သွားကြသည်။ သူတို့ ခုခံချင်သော်လည်း သူတို့သည် ယဲ့ကလန် အကြီးအကဲများ၏ သာလွန်သော အင်အားနှင့် ယှဉ်လျင် အလွန် အားနည်းနေသေးသည်။

ထို့ကြောင့် သူတို့အားလုံး ဒဏ်ရာ အကြီးအကျယ်ရကာ ဒယိမ်းဒယိုင်နှင့် လဲကျသွားကြသည်။ တစ်မိနစ်တောင် မပြည့်လိုက် သူတို့အားလုံး အသက်ရှင်တယ်ဆိုရုံမျှလေးသာ ဖြစ်ကုန်၏။

"မင်းတို့က ယဲ့ဖန် မင်းတို့ဒဏ်ရာတွေအတွက် လက်စားချေမှာကို စောင့်မယ် ဟုတ်လား"

သူတို့စကားကြောင့် ယဲ့မုန့်ထန်က ဟားတိုက်ရယ်မောလေသည်။

"ဟားဟား … ဖျောင်ထိုက်ရှင်းက အဲ့ခွေးမသားလေးကို သတ်ချင်နေတာ … အမှောင်ဂိုဏ်းကတောင်မှ သူ့ကို သတ်ချင်နေတာ … သူက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တာ … မင်းတို့က မင်းတို့ဒဏ်ရာတွေအတွက် သူ လက်စားချေပေးမယ်လို့ ဘယ်လိုတောင် မျှော်လင့်နေရတာလဲ … ဒါကငါ ကြားဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲ"

ထို့နောက် ယဲ့မုန့်ထန်က ယဲ့ရီယွင်၏ မျက်နှာကို ပုတ်ကာ လှောင်ရယ်၍ ပြောလိုက်သည်။

"ဟီးဟီး … အမှန်အတိုင်းပြောရရင် ယဲ့ရှုံးရဲ့ ကြီးကြပ်ကွပ်ကဲမှုက အဆုံးသတ်သွားသင့်တာ ကြာလှပြီ … အခုကစပြီး ငါ ယဲ့မုန့်ထန်က ယဲ့ကလန်ရဲ့ ခေါင်းဆောင်ပဲ"

"ဒီတစ်ကြိမ်မှာတော့ ငါက အဲ့ခွေးမသားလေးကို သတ်ရုံတင်မကသေးဘူး … ကျန်းရှီမြို့က ယဲ့ကလန်ကိုလည်း သတ်ပစ်မယ်"

ထို့နောက်တွင် ယဲ့မုန့်ထန်က လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"သူတို့အားလုံးကို ခေါ်သွားလိုက် … သူတို့အားလုံးကို ကျိုကလန်လက်ထဲ လွှဲပေးလိုက် … အဲ့ခွေးမသားလေး သေတာကို သူတို့ကို ကြည့်ခိုင်းလိုက်"

ချက်ချင်းဆိုသလိုပင် ယဲ့ကလန်၏ အင်အားစုများက ယဲ့ရှုံးနှင့် ယဲ့ရီယွင်တို့အားလုံးကို ကြိုးတုပ်၍ ခြံတံခါးဝသို့ ခေါ်ထုတ်သွားသည်။

…..

နေ့ခင်းပိုင်းအချိန်၌ ရှန့်ကျန်းမြို့မှ ယန်ကျင့်မြို့သို့ ဦးတည်လာသော လေယာဉ်တစ်စီးသည် ယန်ကျင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ကပ်လာသည်။

လေဆိပ်ထဲမှ ယဲ့ဖန်သည် မျက်တွင်းကျနေသော မျက်နှာနှင့် ထွက်လာသည်။ သူ နှစ်ရက်လုံး မအိပ်ရသေးပါ။

*ဖျောင်ထိုက်ရှင်းရဲ့ စိန်ခေါ်ပွဲက စတော့မယ် … ငါ နောက်မကျဘူးလို့ ထင်ရတာပဲ*

ယဲ့ဖန်သည် ယန်ကျင့်တိုက်ခိုက်ရေး ကလပ်သို့ ခပ်မြန်မြန် သွားရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သာမန်လူတစ်ယောက်၏ စကားတစ်ချို့က သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။

"ဟေး … မင်းတို့ ကြားပြီးပြီလား … ကိုရီးယား နံပါတ်တစ် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်းက ဟွာရှနိုင်ငံရဲ့ သိုင်းပညာရှင်တွေကို စိန်ခေါ်တဲ့ပွဲက စနေပြီကွ"

"အခြေအနေ ဘယ်လိုလဲ … အဓိက ကလန်အားလုံးက ထိပ်တန်း သိုင်းပညာရှင်တွေကို တိုက်ခိုက်ဖို့ တာဝန်ပေးထားတယ်လို့ ပြောတယ်ကွ …. ငါတို့ အဲ့ကိုရီးယားတွေကို ရှုံးမယ်လို့ ငါ မထင်ဘူးကွာ"

"မင်း သူတို့ကို အထင်သေးနေတာပဲကွ … ငါ ရထားတဲ့ နောက်ဆုံးသတင်းအရဆို သူတို့က တိုက်ခိုက်တာ သုံးကြိမ်တောင် ပြီးသွားပြီတဲ့ကွ … လီကလန်က ဒဏ္ဍာရီအဆင့် လီဖုန်း တိုက်ခိုက်ရင်း သေသွားတယ်တဲ့ကွ … ဝေ့ကလန်ရဲ့ သခင်ကြီး ဝေ့ဝူ အသက်ဆုံးတဲ့အထိ တိုက်ခိုက်သွားတယ်တဲ့ … ရှန်ကလန်ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ရှန်ကွမ်းမင်လည်း တိုက်ခိုက်ရင်း သေသွားတယ်တဲ့ကွ … ငါတို့ ပြိုင်ဘက်တစ်ယောက်ကြောင့် ဒဏ္ဍာရီအဆင့် သုံးယောက်တောင် ဆုံးရှုံးလိုက်ရပြီကွ"

*ဘာ*

ထိုသတင်းကို ကြားပြီး ဘေးမှ ကျန်သူများ မှင်တက်သွားကြသည်။

"မင်းပြောချင်တာက သူ့ဒဏ္ဍာရီအဆင့် ခြောက်ယောက်ထဲက တစ်ယောက်ထဲကို သုံးပြီး ငါတို့ ယန်ကျင့်က ဒဏ္ဍာရီအဆင့် သုံးယောက်ကို သတ်လိုက်တယ်လို့ ပြောချင်တာလား … အံ့ … အံ့ဩစရာကြီး"

"တိုက်ခိုက်ရေးကလပ်က အဖွဲ့ဝင်တစ်ယောက်ဆို သေမတတ် ကြောက်နေတာကွ … သူ့အပြောအရဆို အမှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေလည်း အဲ့ကို ရောက်နေတယ်တဲ့ … ဒါပေမဲ့ သူတို့က တိုက်ပွဲမှာတော့ ဝင်မပါဘူး …. သူတို့က ယဲ့ဖန်လို့ခေါ်တဲ့ လူတစ်ယောက်ကို စောင့်နေတာတဲ့"

"ယဲ့ဖန်လား … ငါ သူ့ကို သိတယ် … ဖျောင်ထိုက်ရှင်းက သူ့ကို သတ်ဖို့ သီးသန့် ဒီကိုရောက်လာတာလို့ ပြောကြတယ်"

"အဲ့ကောင်တော့ တော်တော် ကံမကောင်းတာပဲ … ယဲ့ကလန်ကလည်း သစ္စာဖောက်တာ ခံလိုက်ရပြီ … ယဲ့ဖန့်ချန်၊ ယဲ့ရှုံးနဲ့ ယဲ့ရီယွင် ဦးဆောင်တဲ့ ယဲ့ကလန် မျိုးဆက် လူငယ်တွေအားလုံး အရှင်ဖမ်းတာ ခံလိုက်ရတယ် … ယဲ့ဖန် ရောက်လာလို့ ရှိရင် အမှောင်ဂိုဏ်းက သူတို့ရဲ့ သေသွားတဲ့ သခင်လေးအတွက် သူတို့အားလုံးကို သတ်ပစ်မှာတဲ့"

….

သူတို့၏ စကားအဆုံးတွင် ယဲ့ဖန်သည် ဟင်းလင်းပြင်ထဲသို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

ယခင်တုန်းက ယဲ့ဖန်သည် ယဲ့ကလန်၏ ကာကွယ်မှုကြောင့် ယဲ့ဖန့်ချန်အား ကျိုကလန်က ထိခိုက်အောင် မလုပ်ရဲလောက်ဟု ထင်ခဲ့မိသည်။ ထို့အပြင် သူက ယန်ကျင့်မြို့ကို နှစ်ရက်အတွင်း ပြန်လာမှာပင်။ မမျှော်လင့်ဘဲ ယဲ့ကလန်ခေါင်းဆောင်ကြီး ယဲ့ရှုံးပါ အရှင်ဖမ်းခံလိုက်ရသည်။

"ငါ့ကလန်သားတွေကို သူတို့ရဲ့ သေသွားတဲ့ သခင်လေးအတွက် သတ်ပစ်မယ် … ကောင်းကွာ … အမှောင်ဂိုဏ်းနဲ့ ဖျောင်ထိုက်ရှင်းတို့ တော်သင့်ပြီ"

"မင်းတို့အားလုံး သေရမယ်"

သူ့စကားအဆုံးတွင် ယဲ့ဖန်သည် လေပြင်းနှင့်အတူ မုန်ယိုနေသော သားရဲကောင်ကဲ့သို့ လှစ်ခနဲ ပျောက်ကွယ်သွားသည်။

သူ၏ လှုပ်ရှားမှုက လျင်မြန်လှသဖြင့် စကားပြောနေကြသည့် သာမန်လူများတောင် ဟန်ချက်ပျက်ကာ ယိမ်းယိုင်သွားကြသည်။

"သေစမ်းကွာ … အဲ့ဒါ လူလား … သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လှုပ်ရှားနိုင်ရတာလဲ"

"ယဲ့ဖန် … သူက ယဲ့ဖန်နဲ့ တူတယ်ကွ … ငါ သူ့ကို ကျုံးဝမ်ရဲ့ ဂီတပွဲမှာ တွေ့လိုက်တယ်"

"သေစမ်းကွာ … သူက ကျိုရို့ထျန်းကို သတ်ပြီး ထွက်ပြေးသွားတာ မဟုတ်ဘူးလား … သူ ဘာလို့ ပြန်လာတာလဲ"

"သူတော့ သေမှာပဲ ... အမှောင်ဂိုဏ်းကလည်း သူ့ကို သတ်ချင်နေတယ် … ဖျောင်ထိုက်ရှင်းကလည်း သူ့ကို သတ်ချင်နေတယ် … ယဲ့ဖန့်ချန်နဲ့ အခြား ယဲ့ကလန်သားတွေကလည်း သူ့ရန်သူ လက်ထဲမှာပဲ … သူတော့ သေမယ်လို့ ငါထင်နေတယ်ကွာ"

သာမန်လူများက ခေါင်းတခါခါနှင့် ဖြစ်နေကြသည်။ ယန်ကျင့်တိုက်ခိုက်ရေး ကလပ်၌ သွေးမိုးများ ရွာသွန်းနေလောက်ပြီကို သူတို့ မပြောလည်း သိနေကြသည်။

ယဲ့ဖန်က သေကို သေရမည် ဖြစ်သည်။

All Chapters