ယဲ့ဖန်!
Vol. 18 Ch. 258
ယန်ကျင့်တိုက်ခိုက်ရေးကလပ်၌ ကလပ်၏ တံခါးကို ပိတ်လို့ထားသည်။ တံခါးအတွင်းဘက်၌ ညှီစို့စို့ အနံ့များ လှိုင်လှိုင်ထနေပြီး သိုင်းပညာရှင်များအား ပျို့အန်မတတ် ဖြစ်သွားစေသည်။
တိုက်ခိုက်ရေးကလပ်တစ်ခုလုံးတွင်း၌ ယန်ကျင့်မြို့၏ အဓိက ကလန်များမှ သိုင်းပညာရှင်များနှင့် ပြည့်နှက်လို့နေသည်။ ပွဲသို့ လာရောက်ကြသူများအား နေရာ သုံးပိုင်း ပိုင်း၍ နေရာချထားသည်။
ပထမနေရာ၌ ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်း၊ သူ၏ လက်အောက်ခံ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ခြောက်ယောက်နှင့် ဇာပုဝါ တပ်ထားသော မိန်းမပျိုလေးတစ်ယောက်တို့ ရှိနေသည်။
ဒုတိယနေရာ၌ ကျိုကလန်နှင့် အမှောင်ဂိုဏ်းအဖွဲ့ဝင်တို့ ရှိသည်။ ကျိုကလန်၏ အကြီးအကဲ ဖြစ်သူ ကျိုဟမ့်ရှန်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်၏ ရှေ့၌ ထိုင်နေသည်။
သူ့ရှေ့မှ ကြမ်းပြင်တွင်တော့ ယဲ့မုန့်ထန်နှင့် ယဲ့ကလန်မှ အခြားအင်အားစုများ ထိုင်နေကြသည်။
တတိယနေရာ၌ ယန်ကျင့်မြို့မှ ကျန် အဓိက ကလန်များ ထိုင်နေကြသည်။ သို့သော် ထိုအချိန်တွင် အဓိက ကလန်များ၏ ခေါင်းဆောင်များအားလုံး သုန်မှုန်နေကြသည်။
ရွှစ်!
ထိုအသံနှင့်အတူ ဒဏ္ဍာရီအဆင့်တစ်ယောက်၏ ဦးခေါင်းသည် လက်ဖဝါးတစ်ချက်ကြောင့် ပြတ်ထွက်သွားကာ လေထဲသို့ သွေးများ လွင့်စဉ်လာသည်။ သူ့အလောင်းက ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
…
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် တတိယနေရာမှ အဓိကကလန်များ၏ အဓိက သိုင်းပညာရှင်များကြား၌ ပွက်လောရိုက်လာသည်။
"လေးယောက်မြောက် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သေသွားပြီ … ခွေးမသား"
"ရက်စက်တယ် … အဲ့ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်က တကယ့်ကို မကောင်းဆိုးဝါးပဲ ... သူတစ်ယောက်တည်းနဲ့ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် လေးယောက်ကို သတ်လိုက်ပြီ … မယုံနိုင်စရာပဲ"
"နောက် ဘယ်သူလာဦးမလဲ … ဟွာရှနိုင်ငံက ကိုရီးယားနိုင်ငံကို မယှဉ်နိုင်ဘူးလား"
အဓိကကလန်များ၏ တပည့်များသည် အလွန် ထိတ်လန့်နေသော မျက်လုံးများနှင့်အတူ ဖြူဖပ်ဖြူရော် ဖြစ်လာကြသည်။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်၏ တိုက်ပွဲဝင်ခွန်အားက သည်လောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့မိပါ။
*သူက ပင်ကို တိုက်ခိုက်ရေး နတ်ဘုရားတစ်ပါးပဲ*
"နောက်တစ်ယောက် … ဒီကို လာပြီး အသေခံလိုက်"
ထိုစဉ် စည်းဝိုင်းထဲမှ ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။ တွန့်လိမ်နေသော နှုတ်ခမ်းမွှေးများ၊ ဖုဖောင်းထနေသော ကြွက်သားများနှင့် ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရက်စက်လှပေသည်။
အဓိကကလန်များမှ သိုင်းပညာရှင်များအား စိုက်ကြည့်ပြီး သူက မသတီစရာ အပြုံးမျိုးပြုံး၍ ထပ်ပြောလာသည်။
"ဟားဟား … တီကောင်လိုကောင်တွေ … ငါ မင်းတို့အားလုံးကို သတ်ပစ်ပြီးတော့ ဟွာရှ အင်အားစုတိုင်းကို ရှင်းလင်းပစ်မယ်"
*သေစမ်း*
သူ၏ မောက်မာသော စကားကြောင့် အဓိကကလန်များမှ တပည့်များအားလုံး မျက်နှာ တင်းမာသွားကြသည်။
ဟွာရှနိုင်ငံ၏ အဓိက မြို့တော်က ဤကဲ့သို့ ကိုရီးယားလူမျိုးတစ်ယောက်၏ မသတီစရာ အပြုအမူကို ဘယ်လိုလုပ် သည်းခံနိုင်ပါမည်နည်း။
အဓိကကလန်တစ်ခု၏ ခေါင်းဆောင်တစ်ယောက်က ကျိုဟမ့်ရှန့်အား စိုက်ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲကျို … ကျိုကလန်က ယန်ကျင့်မြို့ရဲ့ နံပါတ်တစ် ကလန်တစ်ခုလေ … ခင်ဗျားက ဘယ်လိုလုပ် ဒီနေရာမှာ ဒီလို ရိုင်းပျတဲ့ အပြုအမူကို သည်းခံနိုင်ရတာလဲ"
အခြား အဓိကကလန်ခေါင်းဆောင်များက ကျိုဟမ့်ရှန်အား ဒေါသတကြီး ဝိုင်းကြည့်လာကြသည်။ အခြား ဟွာရှနိုင်ငံသားများက နိုင်ငံအတွက် ရန်သူအား အသက်ပင် စွန့်၍ တိုက်ခိုက်နေစဉ်တွင် ဟွာရှနိုင်ငံ၏ နံပါတ်တစ် ကလန်ဖြစ်သည့် ကျိုကလန်သည် ဘေးတွင်ထိုင်ကာ ပျော်စရာကဲ့သို့ ထိုင်ကြည့်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူတို့၏ ဒေါသတကြီး ပြစ်တင် ရှုံ့ချသံကို ကြားသောအခါ ကျိုဟမ့်ရှန်က မျက်လုံးကို အသာဖွင့်၍ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ဒီစိန်ခေါ်ပွဲက ကျိုကလန်နဲ့ ဘာမှ မသက်ဆိုင်ဘူး"
*ဘာ*
သူ့စကားကြောင့် ဟွာရှနိုင်ငံ၏အဓိက ကလန်များမှ သိုင်းပညာရှင်များက ဒေါသမီးများ ဟုန်းဟုန်း တောက်လာသည်။
ကျိုဟမ့်ရှန်က သည်လောက် တစ်ကိုယ်ကောင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူတို့အားလုံးသည် ဒေါသစိတ်ကြောင့် နီမြန်းလာကြသည်။
"ဟားဟား … ဟွာရှသားတစ်ယောက်ကတော့ နဂါးတစ်ကောင် ပါလားဟေ့ … ကျန်တဲ့သူတွေ အားလုံးက တီကောင်တွေပဲ … ဒါ လုံးဝ မှန်တယ်"
ထိုအချိန်တွင် မောက်မာသော ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်က နောက်တစ်ကြိမ် ဟားတိုက်ရယ်မောလာသည်။
ထို့နောက် သူက ဟွာရှနိုင်ငံ၏ အဓိက ကလန်များကို ကြည့်ပြီး အလွန် အထင်သေးသော အကြည့်များဖြင့် မေးခွန်းထုတ်လာသည်။
"ဘာလဲ … မင်းတို့ ငါ့ကို ကြောက်နေတာလား … ဟွာရှသား ငကြောက်တွေ … မင်းတို့ ငါ့ကို အတူ လာတိုက်ရင်ကော ဘယ်လိုလဲ … ငါ မင်းတို့အားလုံးကို သတ်လို့ရတာပေါ့ကွာ … ဟားဟား"
ထင်တိုင်းကြဲလှပါဘိ။ မောက်မာလွန်းလှ၏။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်၏ စကားကြောင့် ကျိုဟမ်ရှန့်နှင့် သူ့နောက်လိုက်များမှ လွဲ၍ ဟွာရှနိုင်ငံသားများ ချက်ချင်းဆိုသလို အလွန် ဒေါသထွက်သွားကြသည်။
ရှက်စရာကောင်းလှသည်။
ကိုရီးယားလူမျိုးတစ်ယောက်က ဟွာရှနိုင်ငံ၏ အဓိက မြို့တော်၌ မောက်မာစွာ ပြုမူနေသည်။ ဟွာရှနိုင်ငံအတွက် မည်မျှ ရှက်စရာ ကောင်းလိုက်သနည်း။
ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ်တွင် ရုတ်တရက် သူတို့ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။
ဖျောင်ထိုက်ရှင်းက ကိုရီးယားလူမျိုး နားနေရာနေရာမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
"ဆရာ"
မောက်မာသော ကိုရီးယားလူမျိုးက ဖျောင်ထိုက်ရှင်းအား တလေးတစားနှင့် ဂါရဝပြုလာသည်။
"ဟမ့် … ငါတို့ နားနေရာနေရာကို အရင် ပြန်သွားတော့"
ဖျောင်ထိုက်ရှင်းက ထိုလူအား လက်ဝေ့ယမ်း၍ ပြောလိုက်သည်။ ထိုအခါ ထိုရိုင်းစိုင်းသောသူက ချက်ချင်း စည်းဝိုင်းထဲမှ ထွက်သွားသည်။ ထိုအခါတွင်မှ ဖျောင်ထိုက်ရှင်းက ဟွာရှနိုင်ငံ၏ အဓိက ကလန်များ ရှိရာကို ကြည့်၍ ပြောလိုက်သည်။
"ဟွာရှနိုင်ငံက ရောင်းရင်းတို့ … ကျုပ်က ဖျောင်ထိုက်ရှင်းပဲ"
ဖျောင်ထိုက်ရှင်းသည် အရပ်ရှည်သည်။ အိုမင်းနေသော မျက်နှာမျိုး ရှိသော်လည်း သူသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်နိုင်သည့် ချီဓာတ်ကို ထုတ်လွှတ်နေသည်။
သူ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ အခန်းထဲမှ မည်သူမျှ သူ့အား စေ့စေ့မကြည့်ရဲကြပါ။
စင်ပေါ်သို့ တက်လာပြီးနောက် ဖျောင်ထိုက်ရှင်းက အခြားသူများအားလုံးကို ဦးညွှတ်၍ ဂါရဝပြုလိုက်ပြီး ဆက်ပြောလိုက်သည်။
"မိတ်ဆွေတို့ … ကိုရီးယားသိုင်းပညာရှင်နဲ့ ဟွာရှသိုင်းပညာရှင်တို့ ကြားမှာ ဘာရန်ညှိုးမှ မရှိပါဘူး … ဒါပေမယ့် ယဲ့ဖန်က ကျုပ်သားနဲ့ မြေးကို သတ်ခဲ့တယ် … သူတို့ သေဆုံးမှုအတွက် ကျုပ် လက်စားချေမှ ဖြစ်မယ် … ဒီလိုမှမဟုတ်ရင်က ကျုပ်က လူဖြစ်ဖို့ မထိုက်တန်တော့ဘူး"
ဖျောင်ထိုက်ရှင်းရဲ့ မျက်လုံးများမှ သန်မာကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှင့်နေရင်း သူက ဆက်ပြောလာသည်။
"ဒါကြောင့် မင်းတို့ရဲ့ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တွေရဲ့ သေဆုံးမှုနဲ့ ဟွာရှနိုင်ငံရဲ့ သိုင်းပညာလောက ကျဆုံးသွားတာအတွက် မင်းတို့ ယဲ့ဖန်ကိုသာ အပြစ်တင်သင့်တယ်"
…
ဖျောင်ထိုက်ရှင်း၏ စကားအဆုံးတွင် ဟွာရှနိုင်ငံ၏ အဓိကကလန်များ၏ သိုင်းပညာရှင်များကြား၌ ပွက်လောရိုက်သွားသည်။ ဟွာရှသားများအားလုံး အလွန်အမင်း ဒေါသထွက်သွားကြသည်။
"အရူးကောင် … အဲ့ဒါ မင်းရဲ့သား ဖျောင်ကျင်းတျောင်က အရမ်း ရက်စက်လွန်းလို့ကွ … သူက ရှန့်ကျန်းမြို့က သိုင်းပညာရှင်အားလုံးကို သတ်ချင်ခဲ့တာ … အဲ့ဒါကြောင့် ယဲ့ဖန်က သူ့ကို သတ်ခဲ့တာ"
"အမှန်ပဲ … မင်းက ဟွာရှနိုင်ငံသားတွေကို အရင်သတ်ခဲ့တာ … မင်းက ငါတို့ကို ယဲ့ဖန်ကို အပြစ်တင်ဖို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ … မင်းက တော်တော် အရှက်မရှိတာပဲ"
"ယဲ့ဖန်က ဟွာရှနိုင်ငံရဲ့ သူရဲကောင်းပဲ … ဖျောင်ကျင်းတျောင် သေသင့်တယ် … ဖျောင်ကျိုးယိုလည်း သေသင့်တယ်"
ထိုအချိန်တွင် ရဲရင့်၍ ဖြောင့်မတ်သော ဟွာရှလူမျိုး အားလုံးနီးပါးက ယဲ့ဖန်ဘက်၌ ရပ်တည်ကာ လက်သီးလက်မောင်းတန်း၍ ကျယ်လောင်စွာ ပြောဆိုကြသည်။
"ယဲ့ဖန်"
"ယဲ့ဖန်"
"ယဲ့ဖန်"
"ယဲ့ဖန်"
ယခုအချိန်တွင် ယဲ့ဖန်သည် ကိုရီးယား သိုင်းပညာရှင်များကို သတ်၍ ဟွာရှနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် တိုးတက်အောင် လုပ်ပေးခဲ့သော သူရဲကောင်း ဖြစ်ပေသည်။
သူတို့၏ ပြောဆိုသံများက တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ချက်ချင်းပင် ဖျောင်ထိုက်ရှင်းနှင့် ကျိုဟမ့်ရှန်တို့၏ မျက်နှာများက မည်းမှောင်လာသည်။
"သူရဲကောင်းတဲ့လား"
ကျိုဟမ့်ရှန်၏ မျက်လုံးများက တလက်လက်တောက်လာသည်။
"ကောင်းပြီလေ … ငါက သေသွားတဲ့ သခင်လေးအတွက် အဲ့သူရဲကောင်းရဲ့ ကလန်သားတွေကို သတ်ပေးရတာပေါ့"
ထိုသို့ပြောပြီး ကျိုဟမ်ရှန့်က လက်ဝေ့ယမ်း၍ အချက်ပြလိုက်သည်။ ထို့နောက် ယဲ့ကလန်၏ အင်အားစုများက ယဲ့ဖန့်ချန်၊ ယဲ့ရှုံး၊ ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များကို စည်းဝိုင်းထဲသို့ တွန်းထုတ်လာသည်။
သူတို့အားလုံးသည် ကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး သွေးအလိမ်းလိမ်း ဖြစ်နေသည်။ ယဲ့ကလန်၏ အပြုအမူများက ဟွာရှနိုင်ငံ၏ အဓိကကလန်များအား အလွန် ဒေါသထွက်စေကာ သူတို့အားလုံး ကျိုဟမ့်ရှန်ကို ကျယ်လောင်စွာ ဆဲဆိုကြလေသည်။
သို့သော် ကျိုဟမ့်ရှန်က လှောင်ရယ်၍ ပြောလိုက်သည်။
"တကယ်လို့ ယဲ့ဖန် ဒီနေ့ ဒီကို လာရင် သူ သေကိုသေရမယ် … သူ မလာဘူးဆိုရင် ငါတို့က ကျန်းရှီမြို့က ယဲ့ကလန်ကို သုတ်သင်ပစ်ပြီးတော့ သူ့ကိုလည်း သတ်ပစ်မယ်"
"အဲ့လိုမလုပ်ခင် ငါတို့က ဒီသူ့ကလန်သားတွေရဲ့ သွေးတွေနဲ့ ငါတို့ရဲ့ သေဆုံးသွားတဲ့ သခင်လေးကို ယစ်ပူဇော်မယ်"
ထို့နောက် ကျိုဟမ်ရှန့်က အချက်ပြ၍ အမိန့်ပေးလိုက်သည်။
"သူတို့ကို သတ်လိုက်"
သူ၏ ခက်ထန်သော စကားအဆုံးတွင် ယဲ့ဖန့်ချန်နှင့် အခြား ယဲ့ကလန်သားများ၏ နောက်ရှိ ပါးကွက်သားများက ဓားများကို ဝင့်လိုက်သည်။
ကလပ်ထဲရှိ လေထုသည် အလွန် ထိုင်းမှိုင်းသွားသည်။ သို့သော် ယဲ့ဖန့်ချန်နှင့် အခြား ယဲ့ကလန်သားများက လုံးဝ ကြောက်လန့်နေပုံ မပေါ်ပေ။
"ယဲ့ဖန် … ကောင်းကောင်း အသက်ရှင်ပါ … မင်းက ယဲ့ကလန်က ယောက်ျားတစ်ယောက်ပဲ … မင်းက အဘိုးရဲ့ သေဆုံးမှုအတွက် အဲ့လူညစ်ကောင်တွေ အားလုံးကို သတ်ပစ်ပြီး လက်စားချေပေးမှာပါ"
ယဲ့ဖန့်ချန်က အားမာန်အပြည့်နှင့် ထိုသို့ပြောလိုက်သည်။ ယဲ့လန်ကလည်း မျက်ရည်လည်ရွှဲနှင့် အော်ပြောလာသည်။
"ဖန် … ငါ မှားသွားခဲ့ပါတယ် … ငါ နင့်အပေါ် မောက်မာပြီး ရိုင်းစိုင်းမိခဲ့တယ် ... ဒါပေမယ့် နင်က ငါ့အစ်ကိုကြီးဖြစ်သလို ငါ့ရဲ့ သူရဲကောင်းပါ … နင် အသက် ဆက်ဆက်ရှင်ပေးပြီး ငါတို့ သေဆုံးမှုအတွက် လက်စားချေပေးပါ"
ထိုသို့ပြောပြီး ယဲ့လန်က သူမ မျက်လုံးကို မှိတ်လိုက်သည်။