← Chapters

နတ်ဆိုးရောက်ရှိလာခြင်း

Vol. 18 Ch. 259

နတ်ဆိုးရောက်ရှိလာခြင်း

Vol. 18 Ch. 259

"သူ…သူတို့ သေမှာ မကြောက်ဘူးလား"

ကိုရီးယားလူမျိုးများ နားနေရာနေရာ၌ ဇာပုဝါအုပ်ထားသော အမျိုးသမီးတစ်ယောက်သည် စည်းဝိုင်းထဲမှ ယဲ့ကလန်သားများကို ကြည့်ပြီး သူမမျက်နှာ၌ အလွန် ထိတ်လန့်နေဟန်များ ပေါ်လာသည်။

"ဘာလို့လဲ … ဘာလို့ သူက ဒီလောက် ဩဇာညောင်းနေရတာလဲ … ဘာလို့ လူတွေ အများကြီးက သူ့အတွက် သေရဲကြတာလဲ"

တောက်! တောက်!

မျက်ရည်များက သူမ၏ ချောမောလှပသော မျက်နှာလေးမှ စီးကျလာသည်။ သူမ အသိစိတ်ထဲတွင် ထိုလူ၏ ပုံရိပ်များသာ စိုးမိုးလို့ထားသည်။

သူမ သူ့ကို မုန်းပါသည်။ သို့ပင်မဲ့ သူမ … သူ့ကို ပို၍ ချစ်မိသည်။

ထိုအချိန်တွင် ယဲ့ရီယွင်သည် ရုတ်တရက် ထပြောလာသည်။

"ဟဟ … ယဲ့ဖန် … ငါ့ဘဝမှာ မင်းကို ငါ့ကလန်သားအဖြစ် ရခဲ့တာကို ဘယ်တော့မှ နောင်တမရဘူးကွ"

"မင်းက မောက်မာတယ်၊ ဖိနှိပ်နိုင်တယ်၊ သွေးဆာပြီး ရက်စက်တက်တယ်"

"မင်းတစ်ယောက်ကသာ ငါ့ရဲ့ လေးစားမှုကို ရနိုင်တယ်"

သူသည် ပင်မကလန်၏ ပထမ သခင်လေးဖြစ်သော်လည်း ယဲ့ရီယွင်သည် ယဲ့ဖန်၏ အကြောင်းများကို သိရပြီးနောက် ယဲ့ဖန်အား သူ၏ သူရဲကောင်းအဖြစ်ကော စံပြပုဂ္ဂိုလ်အဖြစ်ပါ ယူဆပြီးသွားပြီဖြစ်သည်။

ယခုအချိန်တွင် သူ သေဖို့ မကြောက်လန့်သလို ဓားသည်လည်း သူ၏ ဦးခေါင်းနှင့် နီးကပ်လာပြီ ဖြစ်သည်။

ထိုစဉ်တွင် ယဲ့ကလန်၏ ကလန်သားများက နာမည်တစ်ခုက သူတို့အား တွန်းအားနှင့် မျှော်လင့်ချက်တို့ ပေးသကဲ့သို့ ထိုနာမည်ကိုသာ တွင်တွင် ဟစ်အော်နေသည်။

"ယဲ့ဖန်! ယဲ့ဖန်! ယဲ့ဖန်!"

ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန်သားများ သာမက အခြားသော အဓိက ကလန်များမှ သိုင်းပညာရှင်များကပါ စတင်၍ ဟစ်အော်လေတော့သည်။

သူတို့အားလုံး၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။ သူတို့ ယဲ့ကလန်သားများကို မကယ်တင်နိုင်မှန်း သူတို့ သိပါသည်။ သို့သော် ထိုရဲရင့်သော ယဲ့ကလန်သားများအား သူတို့နည်း သူတို့ဟန်ဖြင့် လေးစားသမှု ပြချင်နေခဲ့ကြသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

အဓိက ကလန်များ၏ တပည့် နောက်လိုက်များက သူတို့၏ ထိုင်ခုံများကို ရူးသွပ်စွာ ရိုက်ပုတ်နေကြသည်။ ဆူညံသံက နားကွဲလောက်ပေသည်။

"ယဲ့ဖန်"

"ယဲ့ဖန်"

"ယဲ့ဖန်"

ထိုအခိုက်တွင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး၌ ယဲ့ဖန်၏ အသံများနှင့် ပြည့်နှက်လို့နေသည်။

ရဲရင့်သော ဟွာရှသားများက သူ၏ နာမည်အား အားအင်အပြည့်နှင့် ခေါ်ဆိုနေကြသည်။ ဟွာရှသားများသာမက ဇာပုဝါအုပ်ထားသော မိန်းမပျိုလေးပင် မျက်ရည်များ စီးကျနေရင်း သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးအား လှုပ်တယ်ဆိုရုံလေး လှုပ်၍ ခေါ်ဆိုနေသည်။

"ယဲ့ဖန် …. ယဲ့ဖန်"

သူမ ယဲ့ဖန်ကို မလာစေချင်ပါ၊ သူမ ယဲ့ဖန်ကို မသေစေချင်။

"ခွေးမသား"

နားကွဲမတတ် အော်သံများကြောင့် ကျိုဟမ့်ရှန် အကြီးအကျယ် မျက်မှောင်ကုတ်သွားရသည်။

"အဲ့ခွေးမသားလေးက ဒီကို ရောက်မလာတာတောင်မှ ဘယ်လိုလုပ် ဒီလောက်လူ အများကြီးကို ပြုစားလိုက်နိုင်တာလဲ"

ထို့နောက် ကျိုဟမ့်ရှန်က စည်းဝိုင်းထဲမှ ပါးကွက်သားများအား စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

"သူတို့ အားလုံးကို သတ်ပစ်လိုက်"

သူ့စကားအဆုံးတွင် ပါးကွက်သားများ အားလုံးက ချက်ချင်း သူတို့၏ ဓားများကို လေထဲသို့ ဝင့်လိုက်ကြသည်။

သို့သော် ရူးသွပ်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်နေရသော်လည်း အော်ဟစ်သံများက ပို၍ ကျယ်လောင်လာသည်။

ပါးကွက်သားများ၏ မျက်လုံးများက နီရဲတောက်လာပြီး သူတို့အားလုံးက ဓားများကို့ ဝေ့ယမ်းလိုက်ကြသည်။

ထိုအချိန်တွင် ယန်ကျင့်မြို့ရှိ အဓိက ကလန်များ၏ တပည့်နောက်လိုက်များက အလွန် နောင်တရဟန်ဖြင့် မျက်နှာကို ကာ၍ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

သူတို့သည် ရဲရင့်သော ယဲ့ကလန်သားများ ခေါင်းဖြတ်ခံရသည်ကို မမြင်လိုပါ။ သူတို့အားလုံး အလွန် သနားမိကြသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။ အဓိက ကလန်များ၏ တပည့်နောက်လိုက်များ မျက်လုံး ပြန်ဖွင့်လိုက်စဉ်တွင် ပါးကွက်သားများက အေးခဲ တောင့်တင်းနေသလို နေရာမှာ ရပ်မြဲတိုင်း ရပ်နေကြသည်။ သူတို့၏ ဓားများသည်လည်း လေထဲ၌ တန့်နေသည်။

….

သူတို့အားလုံး မှင်တက်သွားကြသည်၊ အထူးသဖြင့် ကျိုဟမ့်ရှန်၏ မျက်နှာဆိုလျင် သုန်မှုန်ကာ ဖြူရော်နေ၏။ သူ၏ နောက်လိုက်များက သူ့အမိန့်ကို မနာခံဘဲ နေလိမ့်မည်ဟု ထင်မထားခဲ့မိပါ။ ထို့ကြောင့် သူ ဟစ်အော်လိုက်သည်။

"ခွေးမသားတွေ … သူတို့ကို သတ်စမ်း … သူတို့အားလုံးကို သတ်ပစ်"

သို့သော် သူ့စကားအဆုံးတွင် အံ့အားသင့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ချွင်!

ရုတ်တရက် ပါးကွက်သားများ၏ ဓားများက ကြမ်းပြင်ပေါ် လွတ်ကျသွားသည်။ ထို့အပြင် ပါးကွက်သားများ၏ ခန္ဓာကိုယ်ပေါ်၌ အပ်ကြောင်းများစွာ ထပ်လာသည်။

ထို့နောက်တွင်မူ သူတို့အားလုံး တစ်စစီဖြစ်ကာ လဲကျသွားကြသည်။ ပါးကွက်သားများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။

…

တိုက်ခိုက်ရေးကလပ်ထဲမှ လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ဘယ်သူမှ ဘာဖြစ်သွားသလဲဆိုတာကို နားမလည်နိုင်ကြချေ။

သို့သော် ထိုထူးဆန်းသော အဖြစ်အပျက်များက စတင်ခါစသာ ရှိသေးသည်။

"ကြည့်စမ်း … အဲ့ဒါ ဘာကြီးလဲ"

အခန်းထဲမှ လူတိုင်း တိုက်ခိုက်ရေးကလပ်၏ ဝင်ပေါက်သို့ ခေါင်းလှည့်၍ ကြည့်လိုက်ကြသည်။ ထိုအခါ နတ်ဆိုးဆန်၍ မနှစ်မြို့ဖွယ်ကောင်းသော အနက်ရောင် ချီမျှင်စုများသည် လျှပ်စီးထပ် မြန်သော နှုန်းဖြင့် ရှေ့သို့ တိုးဝင်လာသည်။

ထိုအမျှင်စုများသည် အေးစိမ့်စိမ့်နိုင်ပြီး ငရဲမှ တက်လာဟန်နှင့် ဆင်တူလှသည်။ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး နတ်ဆိုးထံမှ လာသော အနက်ရောင်ချီများက ပျံ့နှံ့လာပြီး နီးကပ်လို့လာ၏။

ကျိုဟမ့်ရှန်တို့ နားနေရာ နေရာနှင့် ကိုရီးယားလူမျိုးများ နားနေရာ နေရာမှ သူများအားလုံး ထိတ်လန့်ကာ မျက်လုံးပြူးသွားကြသည်။

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုအနက်ရောင် ချီမျှင်စုများက ကြီးမားသော ကပ်ဘေး အခြေအနေကို သယ်ဆောင်လာပုံရသည်ဟု ထင်နေမိသည်။

ဝုန်း!

သူတို့ ထိတ်လန့်ပြီး အံ့အားသင့်နေစဉ်တွင် တိုက်ခိုက်ရေးကလပ်၏ တံခါးက အပြင်ဘက်မှ နေ၍ အကြမ်းပတမ်း ဆောင့်ကန်ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

တစ်ခဏမျှကြာသော် အနက်ရောင် ချီဓာတ်များ ဖုံးအုပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဝင်လာသည်။

ခြေသံများနှင့်အတူ သူ အလွန် ဖြည်းညှင်းစွာ လျှောက်လာနေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စည်းဝိုင်းရှေ့သို့ ရောက်လာသည်။

"ယဲ့ဖန်"

သူတို့ သူ့ကို မြင်လိုက်သည်နှင့် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။ ကြမ်းတမ်းသော ချီဓာတ်များစွာက ကျိုဟမ့်ရှန့်နေရာနှင့် ကိုရီးယားလူမျိုးတို့၏ နေရာများမှ ချက်ချင်း ထွက်ပေါ်လာသည်။

သူတို့၏ ဆန့်ကျင်ဘက် တစ်ဘက်တွင်မူ ဟွာရှနိုင်ငံ၏ အဓိက ကလန်များ ရှိရာနေရာ၌ သူတို့၏ စံပြပုဂ္ဂိုလ်အား မြင်တွေ့လိုက်ရသဖြင့် ပျော်ရွှင်လာကြသည်။

ကိုရီးယားလူမျိုးများ နားနေရာ‌နေရာမှ သန်မာ ကြမ်းကြုတ်သည့် ချီဓာတ်များက ယဲ့ဖန်အား ဖုံးလွှမ်းသွားသည်။ မိန်းမပျိုလေး၏ သေးသွယ်သော ကိုယ်လုံးလေးသည် တုန်ယင်လို့လာ၏။

"ရှင်ကိုး … ရှင် … နောက်ဆုံးတော့ ရောက်လာပြီပဲ"

ထိုအချိန်တွင် မိန်းမပျိုလေး၏ မျက်နှာသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းနှင့်အတူ ပြာနှမ်း လို့လာသည်။

"အရူး … ရှင် ဘာလို့ ဒီကို လာတာလဲ … ဘာလို့လဲ"

သူမ နှလုံးသားလေး တစ်စစီ ဆွဲဖြဲခံလိုက်ရသလို သူမ ခံစားလိုက်ရသည်။ သူမ ကြောက်ရွံ့လို့နေသည် … သူမ ယဲ့ဖန် သေသွားမှာကို ကြောက်နေသည်။

"ဟမ့် … ခွေးကောင်လေး … နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ"

ယဲ့ဖန်ကို မြင်သည်နှင့် ကျိုဟမ့်ရှန့်က လှောင်ရယ်၍ တစ်ဘက်လှည့်ကာ ယဲ့ကလန်၏ အင်အားစုများကို အော်ပြောလိုက်သည်။

"ယဲ့ချန့်ဖန်နဲ့ အခြားယဲ့ကလန်သားတွေကို သွားသတ်လိုက်တော့ … သွေးယဇ်ပူဇော်ပွဲကို စလိုက်ကြရအောင်"

*ဘာ*

ကျိုဟမ့်ရှန်၏ စကားကြောင့် ယဲ့ကလန်မှ အင်အားစုများ ချက်ချင်း မျက်နှာပျက်သွားကြသည်။ သို့သော် သူတို့ ကျိုဟမ့်ရှန်၏ အမိန့်ကို မနာခံဘဲ မနေရဲပါ။

ထို့ကြောင့် သူတို့သည်ကျိုဟမ့်ရှန်၏ အမျက်ဒေါသကို မခံယူရဲသဖြင့် ယဲ့ဖန့်ချန်၊ ယဲ့ရီယွင်နှင့် အခြားယဲ့ကလန်သားများထံသို့ ပြေးဝင်သွားသည်။

ယဲ့ကလန်၏ အင်အားစုများအားလုံးသည် ဆရာသခင်အဆင့်များ ဖြစ်ကြသည်။ သူတို့သည် ချက်ချင်း သူတို့၏ အေးစက်သော ဓားမော့များဖြင့် ယဲ့ဖန့်ချန်နှင့် အခြား ယဲ့ကလန်သားများ၏ လည်ပင်းကို ထိုးစိုက်ရင်း ရက်စက်စွာ ပြောဆိုလိုက်သည်။

"သေပေတော့"

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ မျက်လုံးမှ သန်မာ ကြမ်းကြုတ်သော ချီဓာတ်များ ထွက်ပေါ်လာပြီး ကြုံးဝါးပြောဆိုလိုက်သည်။

"မင်းတို့က သေချင်နေတာပဲ"

သူ့စကားအဆုံးတွင် နတ်ဆိုးဆန်သော အနက်ရောင်ချီဓာတ်များက တဝေါဝေါ ကျလာသည်။

ရွှစ်! ရွှစ်! ရွှစ်!

အနက်ရောင် ချီမျှင်စုများက လျင်မြန်စွာ ရွေ့လျားနေသဖြင့် ထိုချီမျှင်စုများသည် သစ္စာဖောက် ယဲ့ကလန်သားများ၏ ကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ နောက်ထပ် ဖြစ်ပေါ်လာသည့် အရာက ကြည့်နေသူများအား သေမတတ် ကြောက်လန့်သွားစေသည်။

"အား…အား…အား"

စူးရှသော ဟစ်အော်သံများက ပဲ့တင်ထပ်လာသည်။ ထို့ပြင် သစ္စာဖောက် ယဲ့ကလန်သားများသည် လက်နက်များ လွတ်ကျကုန်ကာ သူတို့ကိုယ်တွင်း၌ မြွေများ တွန့်လိမ်ကာ သွားနေသကဲ့သို့ ခံစားရသဖြင့် သူတို့၏ အရေပြားများအား အားနှင့် ကုတ်ခြစ်နေကြသည်။

သူတို့အားလုံး၏ ခန္ဓာကိုယ်များ ကြွက်တက်သလို ဖြစ်နေကာ နာကျင်မှုကြောင့် စူးစူးဝါးဝါး ဟစ်အော်နေကြသည်။

တစ်ခဏမျှ ကြာသော် ထိုစူးစူးဝါးဝါးအော်သံများ ပျောက်သွားကာ သစ္စာဖောက် ယဲ့ကလန်သားများသည်လည်း အေးခဲသွားကြသည်။

ဝှစ်! ဝှစ်! ဝှစ်!

တိုက်ခိုက်ရေးကလပ်ကို ဖြတ်သန်း၍ လတ်ဆတ်သော လေညင်းတိုက်ခတ်လာချိန်တွင် ယဲ့ကလန်၏ ဆရာသခင်အဆင့်များအားလုံး ပြာဖြစ်ကာ လေနှင့်အတူ မျောပါသွားသည်။

ထို့နောက်တွင်မူ တစ်ကမ္ဘာလုံးတွင် အသံပိတ်ခလုတ်အား ဖွင့်လိုက်သကဲ့သို့ တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တိတ်ကြသွားသည်။

All Chapters