အခန်း (၁၉၇၁-၁၉၇၄)
Vol. 105 Ch. 1971-1974
အခန်း (၁၉၇၁) - ကောင်လေး... စိတ်မြန်လက်မြန် ဖြစ်တာလေး တစ်ခုကြောင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုး မချလိုက်ပါနဲ့
~"မြို့စားကြီး..."
"ဒီဗွန်ရှိုင်းယား မြို့စားကြီး..."
"မင်္ဂလာ နေ့လယ်ခင်းပါ မြို့စားကြီး..."
လူလတ်ပိုင်း၏ အသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် လေးစားသမှု ပြည့်ဝသော နှုတ်ခွန်းဆက်သံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။
စတန့်စ်လေဆိပ်၏ လုံခြုံရေး အဖွဲ့ကြီး (၃) ဖွဲ့သည် လျင်မြန်စွာ လမ်းဖယ်ပေးလိုက်ကြပြီး ကျယ်ဝန်းသော လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်ကြသည်။
...
ဒီဗွန်ရှိုင်းယား မြို့စားကြီး၊ အိမ်တော်ထိန်း ဂျန့်မန်း၊ ဒီဗွန်ရှိုင်းယား မိသားစု၏ အမာခံ အဖွဲ့ဝင်များနှင့် လက်ရွေးစင် မျိုးရိုးဗီဇ ပြုပြင်ထားသူများ ခန့်ညားထည်ဝါစွာ လျှောက်လှမ်းလာကြသည်။
စကားပြောလိုက်သူမှာ ဒီဗွန်ရှိုင်းယား ဂျန့်မန်း ဖြစ်သည်။ သူက ယဲ့ဖန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း တိုက်ရည်ခိုက်ရည် ကောင်းတယ် ဆိုတာ ငါ ဝန်ခံပါတယ်... ပြီးတော့ မင်းက မျှော်လင့်မထားတာတွေ လုပ်ပြတတ်တယ် ဆိုတာလည်း လက်ခံပါတယ်... ဒါပေမယ့် မင်း ဆက်ပြီး မိုက်မဲတဲ့ အလုပ်တွေ မလုပ်ခင်၊ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ မင်းရှေ့မှာ လဲကျနေတဲ့သူရဲ့ အဆင့်အတန်းကို ထည့်သွင်း စဉ်းစားဖို့ ငါ အကြံပြုချင်တယ်"
ယဲ့ဖန်က ဂျန့်မန်း၏ စကားကို ကြားလိုက်သောအခါ၊ နောက်ဆက်တွဲ ဘာပြောလာမည်ကို ရိပ်မိလိုက်သည်။ သူ စိတ်ဝင်စားသွားသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဗျာ... ဟုတ်လား"
"မင်းက နဂါးနိုင်ငံက လာတာလေ... ပထမအချက်၊ မင်းက တိုင်းတစ်ပါးက လာပြီး ဒီမှာ အားနည်းတယ်... ဒုတိယအချက်၊ မင်းမှာ မိသားစုနဲ့ မိတ်ဆွေတွေ ရှိမှာပဲ မဟုတ်လား"
"ပြီးတော့ မင်းရှေ့မှာ လဲကျနေတဲ့သူက နေမဝင်အင်ပါယာ မြို့စားကြီး မိသားစုရဲ့ တန်ဖိုးအထားရဆုံး မျိုးဆက်သစ်၊ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ အနာဂတ် ဆက်ခံသူပဲ"
"ဒီနေ့ မင်း သူ့ကို ထိခိုက်အောင် လုပ်လိုက်တာက အင်ပါယာ တစ်ခုလုံးက မြို့စားတွေနဲ့ မှူးမတ်မျိုးနွယ်တွေ အားလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ"
"တိုင်းတစ်ပါးက လာတဲ့ နိုင်ငံခြားသား တစ်ယောက်အနေနဲ့ မင်း ဒီလို ဖိအားမျိုးကို ခံနိုင်ရည် ရှိပါ့မလား... ပြီးတော့ အင်ပါယာ တစ်ခုလုံးက မှူးမတ်မျိုးနွယ်တွေရဲ့ လက်စားချေမှုကို မင်းရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ခံနိုင်ရည် ရှိပါ့မလား"
ဂျန့်မန်း၏ မျက်နှာထား မည်းမှောင်နေပြီး မျက်လုံးများထဲတွင် မောက်မာမှု အရိပ်အယောင်များ ယှက်သန်းနေလေ၏။
ယဲ့ဖန်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။
"ကျွန်တော့် ဘေးနားက တော်ဝင် အေးဂျင့် အစ္စဘယ်လ်လာက သက်သေခံပေးလိမ့်မယ်... ဒီဗွန်ရှိုင်းယားဟွတ်ခ်နဲ့ သူ့လူတွေက ကျွန်တော့်ကို အရင် သတ်ချင်ခဲ့တာ... ကျွန်တော်က ကိုယ့်ကိုယ်ကို ကာကွယ်ရုံ သက်သက်ပဲ"
"အစ္စဘယ်လ်လာက သက်သေခံပေးမယ် ဟုတ်လား"
ဂျန့်မန်းက ဟာသ တစ်ခု ကြားလိုက်ရသလို ဖြစ်သွား၏။
"သူက မင်းကို ဝိုင်းဖမ်းရင်းနဲ့ ခဏနေရင် ကျဆုံးတော့မယ့် သူလေ... သူက ဘယ်လိုလုပ် မင်းအတွက် သက်သေခံပေးနိုင်မှာလဲ"
"ဒါဆို ခင်ဗျားတို့ ဆိုလိုတာက အစ္စဘယ်လ်လာကို ဒီနေရာမှာ အသေခံခိုင်းပြီး ကျွန်တော့်ကို အပြစ်ပုံချမယ်ပေါ့လေ"
ယဲ့ဖန် သဘောပေါက်လိုက်သည်။
"စကားကို ဆင်ခြင်ပါ ..ကောင်လေး... ငါတို့က မင်းကို အပြစ်ပုံချချင်တာ မဟုတ်ဘူး... ဒီမှာ ရှိတဲ့ လူတိုင်းက မင်း အစ္စဘယ်လ်လာကို သတ်လိုက်တာကို သက်သေပြနိုင်တယ်"
ဂျန့်မန်း တွန့်ဆုတ်ခြင်း မရှိပေ။
"စတန့်စ်လေဆိပ်က လုံခြုံရေး ဝန်ထမ်းတွေက သက်သေခံပေးလိမ့်မယ်... ဒီဗွန်ရှိုင်းယား မိသားစု အခင်းဖြစ်ပွားရာ နေရာကို ရောက်လာတဲ့ အချိန်မှာ အစ္စဘယ်လ်လာက သေဆုံးနေပြီ... ပြီးတော့ ခက်ထန်ကြမ်းတမ်းတဲ့ ရာဇဝတ်ကောင် ဖြစ်တဲ့ မင်းက ဆက်လက် ခုခံနေတုန်းပဲ ဆိုတာကိုပေါ့"
"မင်းက စတန့်စ်လေဆိပ်ကို အသရေဖျက်တယ်... ဒီဗွန်ရှိုင်းယား မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်... အင်ပါယာရဲ့ တော်ဝင် အထူးအေးဂျင့် တစ်ယောက်ကိုတောင် သတ်ရဲတယ်... ငါတို့က ပေးဆပ်မှု ကြီးကြီးမားမား ပေးပြီးမှ နောက်ဆုံးတော့ မင်းကို ဒီနေရာမှာတင် အသေရှင်းပစ်လိုက်နိုင်တာပေါ့"
"ကောင်းတယ်"
ယဲ့ဖန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"ကြည့်ရတာ ခင်ဗျားတို့က ဒီနေ့ ကျွန်တော့်ကို အပြစ်ပုံချဖို့ ဆုံးဖြတ်ထားရုံတင် မကဘူး... ကျွန်တော့်ကိုပါ အသေရှင်းပစ်မယ်ပေါ့"
"ဒါက နေမဝင်အင်ပါယာပါ... ပြီးတော့ ဒါက ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ ပိုင်နက်ပဲ.."
ဂျန့်မန်း ယုံကြည်မှု လွန်ကဲနေပုံ ပေါ်သည်။
"မင်းမှာ ဦးနှောက် ရှိရင် ခုခံတာကို ရပ်လိုက်ဖို့ ငါ အကြံပြုချင်တယ်"
"ဘာကြောင့်လဲ ဆိုတော့ အများဆုံး (၃) ရက် အတွင်းမှာပဲ... ငါတို့က နဂါးနိုင်ငံမှာ ရှိတဲ့ မင်းရဲ့ အဆက်အသွယ်တွေ အားလုံးကို စုံစမ်းပြီး မင်းနဲ့ ရင်းနှီးတဲ့သူတွေ၊ မင်း ဂရုစိုက်တဲ့သူတွေ အားလုံးကို ရှာဖွေနိုင်မှာမို့လို့ပဲ"
"အဲ့ဒီလူတွေကို မင်းကြောင့် သေတာထက် ဆိုးတဲ့ ကံကြမ္မာမျိုး မကြုံစေချင်ဘူး ဆိုရင်... နောက်ဆက်တွဲ ဘာလုပ်ရမလဲ ဆိုတာ မင်း သိမှာပါ"
"ကျွန်တော်..."
ယဲ့ဖန် စကားပြောနေရင်း ရုတ်တရက် လှည့်လိုက်ပြီး ဂျန့်မန်း ရှေ့သို့ ရောက်သွားကာ ပါးကို ဖြတ်ရိုက်လိုက်လေ၏။
"ဖြောင်း..."
"ကျွန်တော်.. အမုန်းဆုံးက သူများ ခြိမ်းခြောက်တာကို ခံရတာပဲ... အထူးသဖြင့် ကျွန်တော့်မိသားစုကို ထိပါးပြီး ခြိမ်းခြောက်တာမျိုးပေါ့"
"မင်း... မင်း သေချင်နေတာလား"
ဂျန့်မန်း ပါးရိုက်ခံရပြီး မြေကြီးပေါ် လဲကျသွား၏။ သူက ပါးကို အုပ်ရင်း မယုံကြည်နိုင်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
"မြို့စားကြီး... ဒီကောင်စုတ်... သူက ဒီဗွန်ရှိုင်းယား မိသားစုကိုတောင် မျက်လုံးထဲ မထည့်ပါဘူး"
"ကျွန်တော်တို့ စကားတွေက အပြင်ပန်းပဲ ကြမ်းပြီး အတွင်းက ပျော့နေတယ်လို့ သူ ထင်နေတုန်းပဲ"
ထိုအခါ၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးက မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကောင်လေး... စိတ်မြန်လက်မြန် ဖြစ်တာလေး တစ်ခုကြောင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုး မချလိုက်ပါနဲ့”
"မြို့စားကြီး... မြို့စားကြီး... ပြဿနာကြီး တက်ပါပြီ"
အပြင်ဘက်မှ အလျင်စလို အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
အခန်း (၁၉၇၂) - ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ သတ်ဖြတ်လိုစိတ်
~တချိန်တည်းမှာပင် ဒီဗွန်ရှိုင်းယား မိသားစုကို ဝိုင်းရံထားသော လုံခြုံရေးများ ကြမ်းတမ်းစွာ တွန်းဖယ်ခံလိုက်ရသည်။
မျိုးရိုးဗီဇ ပြုပြင်ထားသူ တစ်ယောက်သည် ဂြိုလ်တုဖုန်း တစ်လုံးကို ကိုင်လျက် ချွေးသီးချွေးပေါက်များ ကျနေသော မျက်နှာဖြင့် အပြေး ဝင်ရောက်လာလေ၏။
"ဘာဖြစ်တာလဲ"
မြို့စားကြီးက နှုတ်ဆိတ်နေသော်လည်း၊ မြေကြီးပေါ်တွင် လဲကျနေဆဲ ဖြစ်သော ဂျန့်မန်းက အေးစက်စွာ မေးလိုက်သည်။
"အန်းကျူ မြို့စားကြီး ဆက်သွယ်လာပါတယ်... သူက မြို့စားကြီးကို ရှာနေတယ်... လေသံက သိပ်မကောင်းပါဘူး"
မျိုးရိုးဗီဇ ပြုပြင်ထားသူက အခြေအနေကို အကျဉ်းချုပ် တင်ပြလိုက်သည်။
"အန်းကျူ မြို့စားကြီးက အသေးစိတ်တော့ မပြောပါဘူး... ဖုန်းကို မြို့စားကြီးဆီ ပေးလိုက်ဖို့ပဲ မှာပါတယ်"
...
စတန့်စ်လေဆိပ်သည် ဆက်သွယ်ရေး လိုင်းများ အားလုံးကို ဖြတ်တောက်ထားပြီး ဖြစ်သည်။ ဒီဗွန်ရှိုင်းယား မိသားစု၏ ဖုန်းများကိုပါ မချန် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
သူတို့ အပြင်သို့ ဖုန်းခေါ်၍ မရသလို၊ အပြင်လူများလည်း ဝင်ခေါ်၍ မရနိုင်ပေ။
ယခု မျိုးရိုးဗီဇ ပြုပြင်ထားသူ ကိုင်ထားသော ဖုန်းမှာ ဒီဗွန်ရှိုင်းယား မိသားစုက ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရန် အသုံးပြုသော ဂြိုလ်တုဖုန်းများထဲမှ တစ်လုံး ဖြစ်ချေသည်။
အန်းကျူ မြို့စားကြီး ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ အားလုံး အသံတိတ်သွားကြပြီး ဒီဗွန်ရှိုင်းယား မြို့စားကြီးကို လှည့်ကြည့်လိုက်ကြသည်။
အမှန်တကယ် အဆင့်အတန်းနှင့် ဩဇာအာဏာအရ အန်းကျူ မြို့စားကြီးသည် ဒီဗွန်ရှိုင်းယား မြို့စားကြီးနှင့် တန်းတူ ဖြစ်သည်။
ယခု မြို့စားကြီး ကိုယ်တိုင် ဖုန်းဆက်လာပြီး၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးကို တကူးတက မေးမြန်းနေသည့်အပြင်၊ လေသံကလည်း ရန်လိုနေသည် ဆိုတော့... အခြေအနေ မကောင်းတော့သည်မှာ သေချာသလောက်ပင်။
လေထု တစ်ခုလုံး တိတ်ဆိတ်သွား၏။
ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ မျက်နှာထားလည်း အနည်းငယ် ပြောင်းလဲသွား၏။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တည်ငြိမ်သော မျက်နှာထားကို ဟန်ဆောင်ကာ ဂြိုလ်တုဖုန်းကို ယူလိုက်သည်။
"ဟေ့... အန်းကျူကြီး... ဘာကိစ္စ ရှိလို့ ဒီလောက်တောင် ပြာယာခတ်နေရတာလဲ"
"လောင်းကစားမှာ မင်းထက် နည်းနည်းလေး သာသွားပြီး မင်းကို စိတ်မပျော်မရွှင် ဖြစ်စေခဲ့တာကလွဲရင်... ငါ မင်းကို ရန်စမိတာ မမှတ်မိပါဘူးကွာ"
"ဒီဗွန်ရှိုင်းယား... ဒီအချိန်ရောက်မှ မင်းက ငါ့ကို ဟန်ဆောင် ငြင်းနေချင်သေးတာလား"
အန်းကျူ မြို့စားကြီး၏ လေသံက အလွန် မာထန်လှသည်။
"ပရင့်စ် က ငါ့ဘေးမှာ ရောက်နေပြီ... ငါ ပရင့်စ်ဆီကနေ ဇာတ်လမ်းစုံ သိပြီးပြီ"
"ငါ မမှားဘူးဆိုရင် မင်း အခု စတန့်စ်လေဆိပ်မှာ ရှိနေတယ် မလား... ပြီးတော့ လူအုပ်ကြီးနဲ့ ယဲ့ဖန် ရယ်၊ အစ္စဘယ်လ်လာ ဆိုတဲ့ အေးဂျင့်မလေး ရယ်ကို ဝိုင်းထားတယ် မဟုတ်လား"
ဒီဗွန်ရှိုင်းယား မြို့စားကြီးသည် စတန့်စ်လေဆိပ် လုံခြုံရေး အကြီးအကဲ ရောဘတ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ အလွန် စူးရှထက်မြက်နေ၏။
ရောဘတ် ခါးကို ချက်ချင်း ကိုင်းညွှတ်လိုက်ပြီး နဖူးမှ ချွေးစီးများ စီးကျလာရသည်။
မြို့စားကြီး စကားတစ်ခွန်းမှ မပြောသော်လည်း၊ ထူပြောသော သတ်ဖြတ်လိုစိတ်ကို သူ ရှင်းလင်းစွာ ခံစားနေရ၏။
ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူတော့ ပြဿနာကြီး တက်တော့မည်။
ဘေးနားရှိ ဂျန့်မန်းလည်း မူမမှန်မှုကို ရိပ်မိလိုက်သည်။ သူသည် မြေကြီးပေါ်မှ အမြန်ထပြီး စိုးရိမ်တကြီး ပြေးလာကာ သူတို့နှစ်ယောက်သာ ကြားနိုင်မည့် လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ မြို့စားကြီး"
ဒီဗွန်ရှိုင်းယား မြို့စားကြီးက ခေါင်းခါလိုက်ပြီး ဘာမှ ပြန်မပြောပေ။ သူသည် ရောဘတ်ကိုသာ ထပ်မံ စူးစူးရဲရဲ ကြည့်လိုက်သည်။
အန်းကျူ မြို့စားကြီး၏ စကားများကို ထောက်ရှုခြင်းအားဖြင့် ရောဘတ်နှင့် သူ့လူများ၏ တုံ့ပြန်မှု နှေးကွေးလွန်းသည်ကို သူ သေချာသွားပြီ ဖြစ်သည်။
စတန့်စ်လေဆိပ်မှ သတင်းများကို ပိတ်ဆို့ထားမည့် သူတို့၏ ရည်ရွယ်ချက် ပျက်ပြားသွားခဲ့၏။
အကယ်၍ သူ ယခု ယဲ့ဖန်ကို သတ်ချင်သည် ဆိုလျှင်၊ ပေးဆပ်ရမည့် တန်ဖိုးနှင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို ချိန်ဆရတော့မည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီး အသက်ပြင်းပြင်း ရှူလိုက်ပြီး သတ်ဖြတ်လိုသော အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဖုန်းတစ်ဖက်ခြမ်းကို တတ်နိုင်သမျှ တည်ငြိမ်စွာ ပြောလိုက်လေ၏။
"အန်းကျူကြီးက သတင်းရတာ မြန်သားပဲ"
"ငါ တကယ်ပဲ စတန့်စ်လေဆိပ်မှာ ရောက်နေတာပါ... ပြီးတော့ ယဲ့ဖန်နဲ့ အစ္စဘယ်လ်လာကို တွေ့ခဲ့တာလည်း မှန်ပါတယ်... ဒါပေမယ့် ငါ သူတို့ကို ဝိုင်းထားတာ မဟုတ်ပါဘူး... စတန့်စ်လေဆိပ်မှာ ပြဿနာကြီး တက်နေတယ် ကြားလို့ သူတို့နဲ့ ကောင်းကောင်း စကားပြောချင်ရုံပါ"
"စိတ်မပူပါနဲ့ အန်းကျူကြီးရာ... ယဲ့ဖန်က ပရင့်စ်ရဲ့ ချစ်သူ ဆိုတာ ငါတို့ အားလုံး သိပါတယ်... ပြီးတော့ သူက မင်းတို့ အန်းကျူ မိသားစု အသိအမှတ်ပြုထားတဲ့ လူငယ်လေးပဲ... ငါတို့ သူ့ကို မတော်မတရား လုံးဝ မလုပ်ပါဘူး"
"ဟုတ်လို့လား"
အန်းကျူ မြို့စားကြီး၏ အသံက အနည်းငယ် အေးစက်နေ၏။
"ဒါဆို ယဲ့ဖန်ကို ဖုန်းပေးလိုက်... ငါ သူ့ကို တစ်ယောက်တည်း စကားပြောချင်တယ်"
"အန်းကျူကြီး... ဘာပြောလိုက်တာလဲ... ဒီမှာ လိုင်းက သိပ်မကောင်းဘူး... မင်းလည်း သိတဲ့အတိုင်း လေဆိပ်လို နေရာမျိုးဆိုတော့ လေယာဉ် အတက်အဆင်း ချောမွေ့ဖို့အတွက် ဆက်သွယ်ရေး လိုင်းတွေကို အမြဲ နှောင့်ယှက်ထားရတာလေ..."
ဒီဗွန်ရှိုင်းယား မြို့စားကြီးက လိုင်းမကောင်းချင်ယောင် ဆောင်လိုက်သည်။
"ဟယ်လို... ဟယ်လို... ဟယ်လို..."
"အန်းကျူကြီး... ကြားရလား"
ထို့နောက် သူ ဖုန်းကို အမြန် ချလိုက်ပြီး ရောဘတ်ကို ပြန်ကြည့်လိုက်တော့သည်။
---
အခန်း (၁၉၇၃) - ခင်ဗျား အကြံပြုတာကို လက်မခံဖို့ ကျွန်တော် အကြံပြုချင်တယ်
~"ဒီက သတင်းတွေ ပေါက်ကြားကုန်ပြီ... နောက်ပိုင်း အပြစ်ပေး မခံချင်ရင်၊ ဒီနောက်ဆုံး အခွင့်အရေးကို အရယူပြီး ကောင်းကောင်း လုပ်ပြစမ်း"
ဒီဗွန်ရှိုင်းယား မြို့စားကြီး ဂြိုလ်တုဖုန်းကို ပိတ်လိုက်ပြီး၊ မျက်နှာထား ပြန်လည် အေးစက်သွားကာ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထပ်မံ ထွက်ပေါ်လာသည်။
ရောဘတ်၏ ခြေထောက်များ တုန်ရီနေပြီး အသံများပါ တုန်လှုပ်နေ၏။
"အမိန့်ပေးပါ မြို့စားကြီး"
ဒီဗွန်ရှိုင်းယား မြို့စားကြီးက ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို ခေတ္တ ထိန်းချုပ်လိုက်သည်။ ထို့နောက် အစ္စဘယ်လ်လာကို ကြည့်လိုက်သောအခါ သတ်ဖြတ်လိုစိတ်များ ပြန်လည် ပေါက်ကွဲထွက်လာတော့သည်။
"ဒီမိန်းကလေးကို အမြန်ဆုံး သတ်ပစ်လိုက်"
"ပြီးရင် အရာအားလုံးကို သူ့ခေါင်းပေါ် ပုံချလိုက်"
"အဲ့ဒီနောက် စတန့်စ်လေဆိပ်မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးက တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းထဲက တချို့သော ပိုးမွှားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရတာပါ လို့ ပြောလိုက်... ငါ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းထဲက ရာထူး အတော်အတန် ရှိတဲ့ တစ်ယောက်နှစ်ယောက်ကို ဓားစာခံ လုပ်ပေးမယ်"
...
ရောဘတ်နှင့် အခြားသူများ မြို့စားကြီး၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်ကြသည်။
ဒီကိစ္စက ပေါက်ကြားသွားပြီ ဖြစ်၍ အပြစ်ခံမည့် သူ ရှာရတော့မည်။
ယဲ့ဖန်မှာ အကာအကွယ် ပေးမည့်သူ ရှိနေသဖြင့် ဓားစာခံ လုပ်၍ မရပေ။ သူ့ကို သတ်လိုက်လျှင် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလွန်းသည်။
အစ္စဘယ်လ်လာကမူ နေမဝင်အင်ပါယာ၏ တော်ဝင် အေးဂျင့် တစ်ဦးသာ ဖြစ်ပြီး အထူး နောက်ခံ မရှိချေ။
ယခုအချိန်တွင် သူမသည် ဓားစာခံ လုပ်ရန် အသင့်တော်ဆုံး ဖြစ်နေ၏။
နောက်ပိုင်းကျမှ ဒီဗွန်ရှိုင်းယား မြို့စားကြီးက တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းအတွင်းမှ အလယ်အလတ်တန်း စီမံခန့်ခွဲသူ တစ်ယောက်နှစ်ယောက်ကို မဟုတ်မမှန် စွပ်စွဲပြီး၊ သူတို့က စတန့်စ်လေဆိပ်တွင် ပူးပေါင်း ကြံစည်ခဲ့ကြကြောင်း ပြောဆိုလိမ့်မည်။ ဒီဗွန်ရှိုင်းယား မိသားစု၏ အာဏာဖြင့် ဆိုလျှင် ဒါကို သံသယ ဖြစ်စရာ မလိုလောက်အောင် ခိုင်လုံသော အမှုတစ်ခု ဖြစ်စေနိုင်သည်။
ထို့ပြင် သူတို့က သားကောင်များ ဖြစ်သွားကြပြီး၊ မကောင်းဆိုးဝါးများကို ရှင်းလင်းပေးသော ဇာတ်လိုက်များ ဖြစ်လာကြပေလိမ့်မည်။
နောက်ပိုင်း ရုပ်ရှင်ရိုက်လို့ ရသလို၊ စာအုပ်ထုတ်လို့လည်း ရပြီး၊ ဒီဗွန်ရှိုင်းယား မိသားစု၏ ဤအတွေ့အကြုံသည် လူကြိုက်များသော ဒဏ္ဍာရီ တစ်ခုပင် ဖြစ်လာနိုင်သေးသည်။
"တိုက်ခိုက်ကြ..."
ရောဘတ်က ချက်ချင်း လက်ဟန်ပြလိုက်ပြီး စတန့်စ်လေဆိပ် လုံခြုံရေးများ အားလုံးကို အစ္စဘယ်လ်လာအား သတ်ပစ်ရန် အမိန့်ပေးလိုက်သည်။
သူသည် အစ္စဘယ်လ်လာကို အမြန်ဆုံး အသေရှင်းပစ်ပြီး အကွက်ဆင်မည့် အလုပ်ကို ဆက်လုပ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
အစ္စဘယ်လ်လာ၏ မျက်နှာထား ပြောင်းလဲသွား၏။
အလိုအလျောက် တုံ့ပြန်မှုဖြင့် သူမ သေနတ်နှစ်လက်ကို မြှောက်လိုက်ပြီး ဤလူများနှင့် အသေအကြေ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခု သူမ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။
သေနတ်ကို ဦးဆုံး မြှောက်လိုက်သော လုံခြုံရေးကို ထိုလူက ပစ်ချလိုက်လေ၏။
"ယဲ့ဖန်..."
ဘေးနားရှိ လူများ အံ့အားသင့်သွားကြသည်။
အစ္စဘယ်လ်လာ ကိုယ်တိုင်လည်း အံ့သြသွားရသည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ အရိပ်အမြွက် ပြောကြားချက်က အလွန် ရှင်းလင်းလှသည်။
သူတို့က လောလောဆယ် ယဲ့ဖန်ကို ထိပါးရန် အစီအစဉ် မရှိပေ။
အကယ်၍ ယဲ့ဖန်သာ ယခု ဘာမှ ဝင်မလုပ်လျှင်၊ ဒီဗွန်ရှိုင်းယား မိသားစုနှင့် ပူးပေါင်းပြီး ထွက်သွားသည့်အခါ ဘာမှ လျှောက်မပြောရုံဖြင့် သူ လုံခြုံသွားပြီ ဖြစ်သည်။
သူသည် ဤကပ်ဘေးမှ လုံးဝ လွတ်မြောက်သွားပြီ ဖြစ်သည်။
သို့သော် ယခု ယဲ့ဖန်သည် အသက်ရှင်ခွင့်ကို စွန့်လွှတ်ပြီး ဤကိစ္စထဲသို့ ကိုယ်တိုင် ဝင်ပါလာသည် မဟုတ်ပါလော။
သူက စတန့်စ်လေဆိပ် လုံခြုံရေးများကို စတင် ပစ်ခတ်လိုက်ပြီ ဖြစ်သည့်အတွက်၊ ဒီဗွန်ရှိုင်းယား မိသားစု အနေဖြင့် သူ့ကို အကြမ်းဖက်ရန် အကြောင်းပြချက် ရသွားပြီ ဖြစ်သည်။
သူ့ကို ဒီနေရာမှာတင် ပစ်သတ်လိုက်လျှင်တောင်၊ မတော်တဆ ပစ်မိသွားပါသည် ဟု လိမ်ညာပြီး အသေးအမွှား တစ်ယောက်နှစ်ယောက်ကို ဓားစာခံ လုပ်ခိုင်းလိုက်ရုံသာ ရှိ၏။
"ယဲ့ဖန်... လူငယ်တွေ စိတ်မြန်လက်မြန် မဖြစ်ဖို့ ငါ အကြံပြုချင်သေးတယ်"
ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ မျက်နှာထားလည်း သိပ်မကောင်းလှပေ။
"ဒီကိစ္စကို တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းထဲက အဆိုးရွားဆုံး အဖွဲ့ဝင်တချို့ အပေါ် ပုံချလိုက်မယ်... ဒါက ငါတို့ နှစ်ဖက်စလုံးအတွက် ကောင်းပါတယ်"
"မင်းလည်း နဂါးနိုင်ငံမှာ ရှိတဲ့ မိသားစုနဲ့ မိတ်ဆွေတွေ အန္တရာယ် ဖြစ်မှာကို စိတ်ပူစရာ မလိုတော့ဘူး... ငါတို့ မိသားစုလည်း ဘာ မတရားမှုမှ ခံရမှာ မဟုတ်ဘူး... အထူးအေးဂျင့် အစ္စဘယ်လ်လာ ဆိုတာကတော့ ဘာအာဏာမှ မရှိတဲ့ သာမန်လူ တစ်ယောက်ပါ... ငါတို့ မျက်လုံးထဲမှာတော့ သူက သုံးပြီးရင် ပစ်ရမယ့် ပစ္စည်းတစ်ခု၊ ကစားစရာ တစ်ခုပါပဲ... မင်း သူ့လို မိန်းကလေးမျိုးကို နှမြောနေတယ် ဆိုရင်တောင်... နောက်ပိုင်း အလားတူ အလှပဂေးတွေကို ရှာပေးမယ့် နည်းလမ်းတွေ ငါတို့မှာ ရှိပါတယ်"
"ဘယ်လို သဘောရလဲ"
ယဲ့ဖန် ပြုံးလိုက်သည်။ သူက စတန့်စ်လေဆိပ် လုံခြုံရေး အဖွဲ့၏ နောက်ကျောဘက်ကို လှမ်းကြည့်လိုက်သည်။
"ဒီဗွန်ရှိုင်းယား မြို့စားကြီး အနေနဲ့ တခြားဟာတွေ မစဉ်းစားခင်... ဝင်လာနေတဲ့ ဖုန်းကို အရင် ကိုင်လိုက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"
"ဘာကြောင့်လဲ ဆိုတော့ ခင်ဗျား အခု ကောင်းတယ်လို့ ထင်နေတဲ့ ဖြေရှင်းနည်းက တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ အလွယ်တလေး ပျက်စီးသွားနိုင်လို့ပါပဲ"
---
အခန်း (၁၉၇၄) - နောက်ထပ် ရန်သူတော်ကြီးလား... နောက်ထပ် မိတ်ဆွေကြီးလား
ဒီဗွန်ရှိုင်းယား မြို့စားကြီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ၏ အကြည့်များ အန္တရာယ် များလာပြန်သည်။
"ယဲ့ဖန်... ငါ မင်းကို စေတနာနဲ့ သတိပေးနေတာပါ"
"အန်းကျူ မြို့စားကြီး မိသားစုက စတန့်စ်လေဆိပ်မှာ မင်းရဲ့ အခြေအနေကို သိပြီး မင်းကို ကာကွယ်ပေးချင်တယ် ဆိုပေမဲ့... သူတို့က မင်းကို ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
"အစွမ်းထက်တဲ့ မိတ်ဆွေတစ်ယောက် ရှိတာက အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိတာထက် အများကြီး ပိုတန်ဖိုးရှိပါတယ်"
"ပြီးတော့ မင်း ကိုယ့်ကိုယ်ကို မငဲ့ရင်တောင်... နဂါးနိုင်ငံမှာ ရှိတဲ့ မင်းရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေကိုတော့ ထည့်စဉ်းစားသင့်တယ် မဟုတ်လား"
"လက်ရှိ ကမ္ဘာကြီးက အရင်နဲ့ မတူတော့ဘူး... စိတ်ဝေဒနာရှင်တွေ၊ ကားမတော်တဆမှုတွေ၊ လူ့အဖွဲ့အစည်းကို လက်စားချေတဲ့ လုပ်ရပ်တွေ... မတော်တဆမှု ဆိုတာ ဘယ်အချိန် ဘယ်သူ့ဆီ ရောက်လာမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"
...
"မင်းသာ ငါတို့ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ မိတ်ဆွေ ဖြစ်လာနိုင်မယ် ဆိုရင်၊ ဒီလို ကိစ္စတွေ ဖြစ်လာနိုင်ခြေ အများကြီး လျော့နည်းသွားမယ့်အပြင်၊ မင်း အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်မယ့် အခွင့်အရေးလည်း ရှိလာမှာပါ"
အပြင်လူများအတွက်တော့ သူ့စကားများက ငြင်းဆန်ရန် ခက်ခဲလှသည်။
စာကြောင်းတိုင်းက အလွန် ကျိုးကြောင်းဆီလျော်ပြီး၊ ကောင်းကျိုး ဆိုးကျိုးများကိုပါ ခွဲခြမ်းစိတ်ဖြာ ပြထားသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အစ္စဘယ်လ်လာက ယဲ့ဖန်၏ မိတ်ဆွေ တစ်ယောက်သာ ဖြစ်သည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုလို ဘီလူးကြီး တစ်ကောင်နှင့် ယှဉ်လိုက်လျှင်၊ သူမမှာ တန်ဖိုးရှိသည်ဟု ယူဆနိုင်တာက ငယ်ရွယ်ပြီး လှပတာ၊ ပြီးတော့ နိုင်ငံတကာ ကျော်ကြားသော မင်းသမီး တစ်ယောက်နှင့်
ရုပ်ချင်းဆင်တာလောက်ပဲ ရှိသည်။
သူမ တစ်ယောက်တည်းကို စွန့်လွှတ်လိုက်ရုံနှင့် ယဲ့ဖန်က ဒီဗွန်ရှိုင်းယား မိသားစုဆီမှ အလားတူ အလှပဂေးပေါင်း ဒါဇင်ချီ ရာချီ ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် ယဲ့ဖန်သည် ဤပြဿနာများသော နေရာမှ ယနေ့ အလွယ်တကူ ထွက်ခွာသွားနိုင်၏။
နဂါးနိုင်ငံရှိ မိသားစုနှင့် မိတ်ဆွေများ မတော်တဆမှု ဖြစ်မည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
အကယ်၍ ယဲ့ဖန်က အစ္စဘယ်လ်လာ ဘက်က ရပ်တည်ပြီး သူမကို ကာကွယ်ပေးဖို့ ရွေးချယ်လိုက်လျှင်၊ သူ့မိသားစုနဲ့ မိတ်ဆွေတွေ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်သလို၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးနှင့် ရန်သူ ဖြစ်သွားမည့် အကျိုးဆက်ကိုပါ ထည့်သွင်း စဉ်းစားရတော့မည်။
ရွေးချယ်စရာ နှစ်ခု၏ ကောင်းကျိုး ဆိုးကျိုးက အလွန် ရှင်းလင်းလွန်းနေ၏။
ကွာခြားချက်က သိသာလွန်းနေ၏။
ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ စကားကို ကြားလိုက်ရသောအခါ၊ မူလက အလွန် စိတ်လှုပ်ရှားနေသော အစ္စဘယ်လ်လာပင် မျက်နှာထား ရှုပ်ထွေးသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင် သူမ ကိုယ်တိုင်ပင် မိတ်ဆွေဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
လူကြီးတွေ၏ ကမ္ဘာမှာ အကျိုးစီးပွား ဆက်နွယ်မှုတွေက အမြဲတမ်း ရက်စက်ကြမ်းကြုတ်လွန်းသည်။
ဒီလောက်ကြီးမားတသော မက်လုံးကို ရင်ဆိုင်ရသည့်အခါ၊ သူမ သင်ယူခဲ့သည့် ပညာရေးက ခုခံနိုင်ပါ့မလား ဆိုတာ အစ္စဘယ်လ်လာ မသေချာတော့ပေ။
သို့သော် ယဲ့ဖန်၏ မျက်နှာထား မပြောင်းလဲသွားပါပေ။ သူသည် စတန့်စ်လေဆိပ် လုံခြုံရေးများ၏ ဝိုင်းရံထားမှု အပြင်ဘက်ကိုသာ ကြည့်နေဆဲ ဖြစ်သည်။
"မြို့စားကြီး... မြို့စားကြီး... ပြဿနာကြီး တက်ပြီ"
နောက်ထပ် မျိုးရိုးဗီဇ ပြုပြင်ထားသူ တစ်ယောက် နောက်ထပ် ဂြိုလ်တုဖုန်း တစ်လုံးကို ကိုင်လျက် အနောက်ဘက်မှ အလျင်စလို ပြေးဝင်လာပြန်သည်။
သည်တစ်ခါတော့ သူ လမ်းကို အတင်း ဖွင့်စရာ မလိုတော့ပေ။
ခေတ္တမျှ ကြောင်အသွားပြီးနောက်၊ စတန့်စ်လေဆိပ် လုံခြုံရေးများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
မျိုးရိုးဗီဇ ပြုပြင်ထားသူက ဂြိုလ်တုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဒီဗွန်ရှိုင်းယား မြို့စားကြီးထံ အပြေးသွားကာ ချွေးများဖြင့် ရွှဲနစ်လျက် ပြောလိုက်သည်။
"အန်းကျူ မြို့စားကြီးက ခုနလေးတင် ဖုန်းဆက်လာပါတယ်... သူက သူ့လူတွေကို ခေါ်ပြီး ဘုရင်မကြီးဆီ သွားနေပြီ လို့ ပြောခိုင်းလိုက်ပါတယ်"
"ပြီးတော့ ခုနက ခင်ဗျား ဖုန်းချချင်ယောင် ဆောင်လိုက်တာကို သူ အရမ်း ဒေါသထွက်တယ်လို့ ပြောခိုင်းလိုက်ပါတယ်... ယဲ့ဖန်သာ တစ်ခုခု ဖြစ်သွားရင်၊ ခင်ဗျား မသေမချင်း သူ အနားမယူဘူးတဲ့"
"ဘာ..."
စတန့်စ်လေဆိပ် လုံခြုံရေး အားလုံးနီးပါး ထိတ်လန့်သွားကြသည်။
မြို့စားကြီးက တစ်ယောက်ယောက် မသေမချင်း အနားမယူဘူးတဲ့လား။
မြို့စားကြီး တစ်ပါး၏ ပါးစပ်က ထွက်လာသော ဒီစကားတွေက အလေးချိန် အရမ်း စီးလွန်းသည်။
အန်းကျူ မြို့စားကြီး တကယ် ဒေါသထွက်နေပြီ။
မဟုတ်လျှင် သူ ဒီလို စကားမျိုး ဖုန်းထဲကနေ ဘယ်တော့မှ ပြောမှာ မဟုတ်ပေ။
ထို့ပြင်၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးနှင့် ဆက်မပြောချင်တော့ဘဲ ဘုရင်မကြီးဆီ တန်းသွားသည် ဆိုတာကို ကြည့်ခြင်းအားဖြင့် သိသာနေ၏။
ဒီဗွန်ရှိုင်းယား မြို့စားကြီးက အန်းကျူ မြို့စားကြီးကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်လိုက်မိပြီ ဖြစ်၏။
ဒီနေ့ ယဲ့ဖန်သာ တစ်ခုခု ဖြစ်သွားလျှင်၊ ဒီဗွန်ရှိုင်းယား မြို့စားကြီး မီးဟပ်ခံရတော့မည်။
ဂျန့်မန်းနှင့် ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ နောက်မှ မိသားစုဝင် အများအပြားလည်း ဤသတင်းကို ကြားလိုက်ရသောအခါ မျက်နှာထားများ ပျက်ယွင်းကုန်ကြတော့သည်။
သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။
သတင်းပို့ပြီးနောက် မျိုးရိုးဗီဇ ပြုပြင်ထားသူက ဆက်ပြောလိုက်၏။
"ပြီးတော့ နောက်ထပ် တစ်ခု ရှိပါသေးတယ်"
"အာဂျိုင်း မြို့စားကြီးလည်း ဖုန်းဆက်လာပါတယ်... သူက ဒီဗွန်ရှိုင်းယား မြို့စားကြီးနဲ့ တိုက်ရိုက် စကားပြောချင်နေပါတယ်”