အခန်း (၇၁-၇၂)
Vol. 4 Ch. 71-72
အခန်း (၇၁) - မင်းမှာ စာမေးပွဲဖြေဆိုခွင့် မရှိဘူး
ရက်အနည်းငယ်မှာ ခဏချင်းပင် ကုန်ဆုံးသွားတော့သည်။
ယနေ့သည် စာမေးပွဲဖြေဆိုရမည့် နေ့ပင် ဖြစ်သည်။
ယနေ့တွင် မြို့တိုင်းရှိ သားရဲအကဲဖြတ်မှူး အသင်းချုပ်များ၌ တရားဝင် အကဲဖြတ်မှူး အရည်အချင်းစစ် စာမေးပွဲများကို တစ်ပြိုင်နက် ကျင်းပမည် ဖြစ်သည်။ ထို့ပြင် တရားဝင် အကဲဖြတ်မှူးများအတွက် အဆင့်တိုး စာမေးပွဲများကိုလည်း ထိုနေ့မှာပင် ကျင်းပမည် ဖြစ်လေသည်။
သားရဲအကဲဖြတ်မှူး လောကအတွက်တော့ ယနေ့သည် အလွန်အရေးကြီးသော နေ့တစ်နေ့ ဖြစ်ပေသည်။
လင်းကျင်း၏ ခြံထဲတွင် ရှိနေသော နီလာလိပ်ကြီးမှာ မရှိတော့ပေ။ ကျောက်စိမ်းနဂါးနိုင်ငံမှ ဇူချန်းသည် မနေ့ကပင် ၎င်းကို လာရောက် ခေါ်ဆောင်သွားခဲ့သည်။ လိပ်ကြီး၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များမှာလည်း အကုန်နီးပါး စင်ကြယ်သွားပြီ ဖြစ်သလို ဇူချန်းသည်လည်း သူ့အိမ်မှ ကိစ္စများကို အတော်ပင် ရှင်းလင်းပြီး ဖြစ်သည်။
လင်းကျင်း ကြုံတွေ့နေရသော အခြေအနေများကို ကြားသိရသောအခါ ဇူချန်းမှာ အလွန်ပင် ဒေါသထွက်သွားရသည်။ သူက လင်းကျင်းကို အားပေးရန်အတွက် သူ၏ နီလာလိပ်ကြီးကို အသင်းချုပ်သို့ ခေါ်ဆောင်လာခဲ့မည်ဟုပင် ပြောခဲ့သေးသည်။
လင်းကျင်းသည် အဝတ်အစားများ ပြင်ဆင်ပြီးနောက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
မိစ္ဆာ မြွေဟောက်နက်ကြီး ကလဲ့စားလာချေမည်ကို စိုးရိမ်သဖြင့် လင်းကျင်းသည် ပြီးခဲ့သော နှစ်ညလုံး ရှောင်ဟော့၏ ဘေးမှာပင် အိပ်ခဲ့သည်။ ရွှေဝါလေးကိုလည်း သူ၏ ခုတင်ခေါင်းရင်းသို့ အသိုက်ပြောင်းခိုင်းထားခဲ့သည်။
သူ အပြင်ထွက်သည့် အခါတိုင်းလည်း ရွှေဝါလေးကို အမြဲ ခေါ်သွားလေ့ရှိသည်။
ထို့ကြောင့် လမ်းမပေါ်တွင် မီးဝံပုလွေတစ်ကောင်နှင့် ကြက်ဖကြီး တစ်ကောင်ကို နောက်က ခေါ်လာသော လင်းကျင်းမှာ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရတော့သည်။
သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင် လူများဖြင့် ပြည့်နှက်နေပေသည်။ နှစ်စဉ် စာမေးပွဲဖြေဆိုသူ အလွန်များသော်လည်း အောင်မြင်သူမှာ လက်တစ်ဆုပ်စာသာ ရှိသည်။ စာမေးပွဲ ကျရှုံးသူများကိုမူ အလုပ်သင်အဖြစ် ခန့်အပ်ပြီး အသင်းချုပ်တွင် ပညာသင်ကြားကာ နောက်စာမေးပွဲအတွက် ပြင်ဆင်ခွင့် ပေးထားလေ့ရှိသည်။
ထို့ကြောင့် စာမေးပွဲဖြေဆိုသူ အများစုမှာ အလုပ်သင်များပင် ဖြစ်ကြသည်။
လင်းကျင်း ရောက်လာသောအခါ လူအချို့က သူ့ကို ချက်ချင်း မှတ်မိသွားကြသည်။
“လင်းကျင်း တကယ် ရောက်လာတာပဲ”
“သူ့မျက်နှာက မြို့ရိုးထက်တောင် ထူနေသေးတယ်”
လင်းကျင်းက ထိုလှောင်ပြောင်သံများကို ဂရုမစိုက်ပေ။ သူသည် စာမေးပွဲ ဝင်ခွင့်လက်မှတ်ကို ယူပြီးနောက် ခန်းမထဲသို့ ဝင်ရန် စောင့်နေလိုက်သည်။
ထိုအချိန်တွင် ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့ ရောက်လာကြသည်။
“ဆရာလင်း”
အလုပ်သင် သုံးယောက်စလုံးက ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
“ဆရာလင်းက အကဲဖြတ်မှူး စာမေးပွဲကို သေချာပေါက် ပြန်အောင်မှာပါ”
ကျောက်ရင်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။ လုရှောင်ယုနှင့် ဟန်ဒုန်းတို့ကလည်း ပြတ်သားသော အမူအရာများဖြင့် ရှိနေကြသည်။
“မင်းတို့ရော ဘာလို့ စာမေးပွဲ မဖြေကြတာလဲ”
လင်းကျင်းက မေးလိုက်၏။
သူတို့ သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှင်းပြကြသည်။
“ဆရာနဲ့ အတူတူ စာမေးပွဲဖြေရမှာက ရိုသေမှု မရှိသလို ဖြစ်နေလို့ပါ။ နောက်ပြီး သားရဲအကဲဖြတ်ခြင်း ပညာက အလွန် နက်နဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီး တော်အောင် အရင် ကြိုးစားချင်ပါသေးတယ်။ ကျွန်တော်တို့ စာမေးပွဲဖြေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ အချိန်မှပဲ ဖြေပါ့မယ်။ မဟုတ်ရင် ကံကို ကိုးစားပြီး ဖြေတာက ဆရာ့ရဲ့ နာမည်ကို အရှက်ရစေမှာ စိုးလို့ပါ”
လင်းကျင်းက ခေါင်းငြိမ့်လိုက်၏။
“စာမေးပွဲက မကြာခင် စတော့မှာပါ။ ဆရာလင်း... အထဲဝင်ပါတော့။ ကျွန်တော်တို့ အပြင်ကနေ စောင့်နေပါ့မယ်”
ဟန်ဒုန်းက ပြောလိုက်၏။
“ကောင်းပြီလေ... ငါ သွား..."
လင်းကျင်း စကားမဆုံးခင်မှာပင် ကျန်းဟယ်သည် လူအချို့ကို ခေါ်ပြီး ရောက်လာသည်။
“နေဦး လင်းကျင်း။ မင်း အထဲဝင်လို့ မရဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ မင်းမှာ စာမေးပွဲဖြေဆိုခွင့် မရှိလို့ပဲ”
ကျန်းဟယ်က လှောင်ပြောင်သလို ပြောလိုက်၏။
သူ့ဘေးတွင် တုန်းဟယ်လည်း ပါလာသည်။ ထိုလူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ရိုက်နှက်ခဲ့ကြဖူးသော်လည်း ဝမ်ကျိနှင့် နန်ကုန်းရှန်တို့၏ ကြားဝင်စေ့စပ်မှုကြောင့် ယခုအခါ လင်းကျင်းကို နှိပ်ကွပ်ရန် ပူးပေါင်းနေကြခြင်း ဖြစ်သည်။
လင်းကျင်းက စာမေးပွဲ ပြန်ဖြေပြီး နာမည်ကောင်း ပြန်ယူမယ် ဟုတ်လား။ အိပ်မက်ပဲ မက်နေလိုက်။
သူတို့နှစ်ယောက်စလုံးက လင်းကျင်းကို အသည်းထဲကနေ မုန်းတီးနေကြသူများ ဖြစ်သည်။ ထို့ကြောင့် လင်းကျင်းအတွက် မျှော်လင့်ချက် အလင်းတန်းလေး ရှိနေလျှင်ပင် ၎င်းကို ရိုက်ချိုးပစ်ချင်နေကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့သည် အကြောင်းပြချက် တစ်ခုကို ရှာတွေ့သွားခဲ့သည်။
ဝမ်ကျိလွှတ်လိုက်သော လူသည် အဲဗာလက်စတင်းမြို့လေးတွင် ဝေချန်းယုံကို ရှာတွေ့ခဲ့သည်။
ဝေချန်းယုံမှာ အဲဗာလက်စတင်းမြို့မှ ကိုယ်တိုင် ပညာသင်ယူထားသော သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်သည်။ သူသည် လင်းကျင်းကို အသုံးချပြီး နာမည်ကြီးရန် ကြိုးစားခဲ့ဖူးသော်လည်း အခြေအနေက ပြောင်းပြန်ဖြစ်သွားကာ သူ၏ ရွှေဝါလေးကိုပါ ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ထိုစဉ်က ဝေချန်းယုံမှာ ဘာမှ မတတ်နိုင်သဖြင့် သူ၏ ကံဆိုးမှုကိုသာ အပြစ်တင်ခဲ့ရသည်။
ဝမ်ကျီ၏ လက်အောက်ငယ်သားက လင်းကျင်းကို အပြစ်ရှာရန် ထာဝရမြို့သို့ ရောက်သွားသောအခါ ဝေချန်းယုံကို တွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုလူနှစ်စုမှာ အကြောင်းစုံကို သိသွားကြပြီးနောက် လင်းကျင်းကို နှိမ်နင်းရန် ပူးပေါင်းလိုက်ကြတော့သည်။
လင်းကျင်းတွင် တကယ်ပင် ကြက်ဖကြီး တစ်ကောင် ရှိနေကြောင်း ဝမ်ကျိက အတည်ပြုပြီးသောအခါ သူသည် ဝေချန်းယုံကို မေပယ်မြို့သို့ လျှို့ဝှက် ခေါ်ဆောင်လာခဲ့သည်။ အရေးကြီးဆုံး အချိန်တွင် လင်းကျင်းကို အပြတ်အသတ် နှိပ်ကွပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သူသည် လင်းကျင်းကို စာမေးပွဲပင် ဖြေခွင့်မရအောင် လုပ်ချင်နေသည်။
အစပိုင်းတွင် ဝမ်ကျိမှာ ဤမျှအထိ လုပ်ရန် အစီအစဉ် မရှိပေ။ လင်းကျင်းအပေါ် ထားရှိသော သူ၏ ရန်ငြိုးမှာလည်း ထိုမျှ မကြီးမားလှပေ။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လင်းကျင်း ပြသခဲ့သော ‘အရည်အချင်း’ များကြောင့် သူသည် အနည်းငယ် ‘ကြောက်ရွံ့’ လာမိသည်။ လူများက လင်းကျင်း၏ အကဲဖြတ်လက်မှတ်များကို လုယူနေကြသလို သင်္ဘောကျင်းမှ လူများ ပေးအပ်သော ဂုဏ်ပြုဆိုင်းဘုတ်မှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ ၎င်းက လင်းကျင်း လူငှားပြီး ဟန်ပြလုပ်ထားခြင်း မဟုတ်ကြောင်း သူ သိလိုက်သည်။
ဝမ်ကျီကို အနှောင့်အယှက် အပေးဆုံးအရာမှာ လင်းကျင်း ရေးသားထားသော သားရဲဥ အစီရင်ခံစာများပင် ဖြစ်သည်။ ဌာနချုပ်မှ အဆင့် ၃ အကဲဖြတ်မှူး တန်ရွှင်းက မြို့စားမင်း၏ ထောက်ပွဲတွင် ဝမ်ကျိကို ချီးကျူးခဲ့ခြင်းမှာ ထိုအစီရင်ခံစာများကြောင့် ဖြစ်သည်။
ထိုစဉ်က ဝမ်ကျိ မည်မျှ ရင်တုန်နေခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
ဘာလို့လဲဆိုတော့ ထိုအစီရင်ခံစာမှာ လင်းကျင်းထံမှ ခိုးယူထားခြင်း ဖြစ်ကြောင်း သူကိုယ်တိုင်သာ သိသောကြောင့် ဖြစ်သည်။
သူသည် အပြစ်မတင်ခံရလျှင်ပင် ကျေနပ်နေသူ ဖြစ်သော်လည်း အခုတော့ ချီးကျူးခံလိုက်ရသည်။ ၎င်းက သူ့ကို ပျော်ရွှင်စေသော်လည်း တစ်ဖက်တွင်မူ စိုးရိမ်စိတ်များ ဝင်လာစေသည်။
လင်းကျင်းမှာ သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်လျှင် ထူးခြားသော အရည်အချင်း ရှိနေသည်ကို သူ သိလိုက်သည်။
အကယ်၍ အရင်ကဆိုလျှင် ဝမ်ကျိက ဂရုစိုက်မှာ မဟုတ်ပေ။ သို့သော် သူသည် လင်းကျင်းကို အမြဲတမ်း နှိပ်ကွပ်ခဲ့ပြီး စာမေးပွဲ အမှတ်များကိုလည်း တမင်တကာ လျှော့ချခဲ့ဖူးသည်။
ဒါကြောင့် လင်းကျင်းသာ ရုတ်တရက် နာမည်ကြီးလာလျှင် ဝမ်ကျိသည် ဥက္ကဋ္ဌ ရာထူးကို မည်သို့ ဆက်ထိန်းထားနိုင်မည်နည်း။
ထို့ကြောင့် သူ၏ ရာထူးအတွက်ပင် လင်းကျင်းကို အပြတ်အသတ် နှိမ်နင်းထားရန် လိုအပ်သည်ဟု သူ တွေးလိုက်သည်။ ဒါမှသာ သူ၏ အနာဂတ်မှာ ထိခိုက်မှု မရှိမှာ ဖြစ်သည်။
ကျန်းဟယ်က ဝေချန်းယုံကို ညွှန်ပြရင်း လင်းကျင်းကို လှောင်ပြုံး ပြုံးလိုက်၏။
“လင်းကျင်း... သူ့ကို မင်း မှတ်မိလား”
ဝေချန်းယုံက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ယုတ်မာသော အပြုံးဖြင့် ကြည့်နေသည်။
လင်းကျင်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။
“ငါ သူ့ကို မသိဘူး”
လင်းကျင်းက မှတ်ဉာဏ် မကောင်း၍ မဟုတ်ပေ။ အဲဗာလက်စတင်းမြို့တွင် ရှိစဉ်က သူသည် ထိုလူကို တစ်ချက်သာ ကြည့်ခဲ့ရခြင်း ဖြစ်ပြီး အချိန်အများစုတွင် အစီရင်ခံစာ ရေးသားရန် ခေါင်းငုံ့နေခဲ့ရသည်။ ဘေးပတ်ဝန်းကျင်မှ လူများကို သတိထားရန် သူ့မှာ အချိန်မရှိခဲ့ပေ။
ထိုတစ်ချက် ကြည့်လိုက်ခြင်းမှာလည်း ခေတ္တမျှသာ ဖြစ်သဖြင့် ထိုမျက်နှာကို သူ ဘယ်လိုမှ မမှတ်မိနိုင်ပေ။
ဝေချန်းယုံက ဒေါသထွက်သွားသည်။
“မင်းက ငါ့ကို မမှတ်မိဘူး ဟုတ်လား။ ဟင်း... ငါကတော့ မင်းကို သေချာ မှတ်မိနေတယ်။ အဲဗာလက်စတင်းမြို့မှာ ငါ့ရဲ့ ရှားပါးသားရဲကို ခိုးသွားတာ မင်းပဲ။ အဲဒီမှာလေ... မင်းဘေးက ကြက်ဖကြီးပဲ”
ဝေချန်းယုံ ညွှန်ပြရာသို့ လူအားလုံး ကြည့်လိုက်ကြသောအခါ လင်းကျင်း၏ ဘေးတွင် ခန့်ညားသော ကြက်ဖကြီး တစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသည်။
“မင်း ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ငါ့မှာ သက်သေတွေ ရှိတယ်။ ငါ့ဘေးက လူတွေအားလုံးက အဲဗာလက်စတင်းမြို့က လူတွေပဲ။ သူတို့က အမှန်တရားကို သက်သေခံပေးလိမ့်မယ်”
ဝေချန်းယုံက အားလုံး ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
သူ့ဘေးက လူများကလည်း ခေါင်းငြိမ့်ကြပြီး ဝေချန်းယုံ ပြောသည်မှာ အမှန်ဖြစ်ကြောင်း ထောက်ခံကြသည်။
ဤတွင် လင်းကျင်းမှာ လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
အခြားသူ၏ ရှားပါးသားရဲကို လိမ်လည် ရယူခြင်းမှာ သားရဲအကဲဖြတ်မှူး တစ်ဦးအတွက် အလွန် သိက္ခာမဲ့သော ကိစ္စ ဖြစ်သည်။ ဒါက ကိုယ်ကျင့်တရား မကောင်းရုံသာမက ဥပဒေကိုလည်း ချိုးဖောက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးမှာ စာမေးပွဲဖြေဆိုခွင့် မရှိသင့်ပေ။
ကျောက်ရင်း၏ မျက်နှာမှာ ပျက်သွားရသည်။ ထိုစဉ်က သူမ ထိုနေရာမှာ ရှိနေခဲ့သဖြင့် ထိုကြက်ဖကြီးမှာ ဝေချန်းယုံ ပိုင်ဆိုင်ခဲ့သည်မှာ အမှန်ဖြစ်ကြောင်း သူမ သိသည်။
သို့သော် လင်းကျင်းက လိမ်လည်ယူခဲ့ခြင်း မဟုတ်ပေ။ ထိုသတ္တဝါက လင်းကျင်းနောက်သို့ သူ့အလိုလို လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူမက ကြားဝင် ပြောရန် ပြင်လိုက်သော်လည်း လင်းကျင်းက သူမကို ခေါင်းခါပြလိုက်သဖြင့် သူမ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
လင်းကျင်းက ပြုံးလိုက်ပြီး ပြောလိုက်၏။
“အဲဒီနေ့က လူတွေ အများကြီး ရှိနေတော့ ငါ မင်းကို မမှတ်မိတာ အမှန်ပဲ။ ဒါပေမဲ့ မင်းပြောတဲ့ စကားတွေအရ ငါ မှတ်မိသွားပြီ။ အဲဒီတုန်းက လူတစ်ယောက်က ရိုးရိုးကြက်ဖတစ်ကောင်ကို ငါ့ဆီ ယူလာပြီး အဲဒီကြက်က အလွန် အန္တရာယ်ရှိတယ်၊ သွေးဆာနေတဲ့ သားရဲကြီး ဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီလူက မင်းလား”
“ဟုတ်တယ်... ငါပဲ”
ဝေချန်းယုံက ခေါင်းငြိမ့်လိုက်၏။
“အခုတော့ မင်း ဝန်ခံပြီပေါ့”
လင်းကျင်းက ခေါင်းခါလိုက်သည်။
“ဘာကို ဝန်ခံရမှာလဲ”
“မင်း ငါ့ကြက်ကို လိမ်ယူသွားတာကိုပေါ့”
ဝေချန်းယုံက အော်ပြောလိုက်၏။
လင်းကျင်းက ထပ်ပြုံးလိုက်ပြန်သည်။
“ငါက လူအများရှေ့မှာ သားရဲအကဲဖြတ်ပေးနေတာပါ။ ပြောပါဦး... ငါက မင်းကြက်ကို ဘယ်လိုနည်းနဲ့ လိမ်ယူခဲ့တာလဲ”
“မင်းက သူ့ကို လျှို့ဝှက်ပြီး ယဉ်ပါးအောင် လုပ်လိုက်တာပေါ့။ ပြီးတော့ ဘယ်သူမှ မမြင်ခင်မှာ ခေါ်သွားတာလေ”
ဝေချန်းယုံက သူနှင့် ဝမ်ကျီတို့ ပြင်ဆင်လာသော အဖြေကို ပြောလိုက်သည်။
လင်းကျင်းက ခေါင်းငြိမ့်လိုက်၏။
“သားရဲအကဲဖြတ်မှူးတစ်ယောက်က သားရဲကို ယဉ်ပါးအောင် လုပ်တဲ့ နေရာမှာ နည်းလမ်း သုံးမျိုး ရှိတယ်။ အဆောင်စာရွက် သုံးတာ၊ ဝိညာဉ်တံဆိပ် ခတ်နှိပ်တာနဲ့ သားရဲယဉ်ပါးဆေး ကျွေးတာတို့ပဲ... ဒီနည်းလမ်း သုံးမျိုးစလုံးက အမှတ်အသား ကျန်ခဲ့တယ်။ ဒီမှာ ရှိနေတဲ့ လူတွေအားလုံးက ကျွမ်းကျင်သူတွေ ဖြစ်နေတော့ မင်း အခုပဲ စစ်ဆေးကြည့်လို့ရတယ်... ငါက မင်းကြက်ကို ယဉ်ပါးအောင် မလုပ်ထားဘူးလို့ ပြောရင် မင်းက ငါ့ကို လိမ်နေတယ်လို့ ထင်ဦးမှာ စိုးလို့ပါ”
ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် ရွှေဝါလေးဘက် လှည့်ကာ ပြောလိုက်၏။
“သွား... သူတို့ကို အစစ်ခံလိုက်စမ်း”
အဆင့် ၃ ဖြစ်နေသော ရွှေဝါလေးသည် လင်းကျင်း ပြောသည်ကို နားလည်နိုင်စွမ်း ရှိသည်။ ၎င်းသည် မလိုလားသော အမူအရာ ပြသသော်လည်း လင်းကျင်း အမိန့်အတိုင်း ရှေ့သို့ ထွက်လာခဲ့သည်။
ဝေချန်းယုံမှာ ထိုကြက်ကို ကြောက်နေသဖြင့် ရွှေဝါလေး အနားရောက်လာသောအခါ အနောက်သို့ အမြန် ဆုတ်သွားတော့သည်။
‘အသုံးမကျတဲ့ကောင်’
ကျန်းဟယ်က စိတ်ထဲက ကျိန်ဆဲလိုက်ပြီး စစ်ဆေးရန်အတွက် ရှေ့သို့ တိုးလာသည်။ လုရှောင်ယုကလည်း ရုတ်တရက် လှမ်းအော်လိုက်၏။
“သူတို့ တစ်ခုခု ကောက်ကျစ်မှာ စိုးလို့ ကျွန်မလည်း အတူတူ စစ်ဆေးမယ်”
“ကျွန်တော်လည်း ပါမယ်”
အခြား အလုပ်သင် တစ်ယောက်ကလည်း ရှေ့သို့ ထွက်လာခဲ့သည်။
ဤသို့ဖြင့် တစ်ဖက်သတ် စွပ်စွဲရန် သို့မဟုတ် ကောက်ကျစ်ရန် နည်းလမ်း မရှိတော့ပေ။
အခန်း (၇၂) - ဝမ်ကျီ၏ အောက်တန်းကျသော တိုက်ခိုက်မှုများ
သားရဲယဉ်ပါးခြင်း ပညာရပ်မှာ အလွန်နက်နဲလှသဖြင့် လူတိုင်း မတတ်မြောက်နိုင်ကြပေ ။
သို့သော် တစ်ဖက်တွင်မူ ယဉ်ပါးပြီးသား သားရဲတစ်ကောင်၏ အငွေ့အသက်နှင့် အမှတ်အသားများကို ရှာဖွေခြင်းမှာမူ အတော်ပင် လွယ်ကူလှပြီး အခြေခံကျသော ပညာရပ်တစ်ခု ဖြစ်သည် ။
ဝေချန်းယုံပင်လျှင် ထိုအကြောင်းကို အနည်းငယ် သိရှိပေသည် ။
ထိုကြက်ဖကြီးတွင် ယဉ်ပါးပြီးသား အမှတ်အသားများ ရှိနေမည်ကို သူ အသေအချာ ယုံကြည်နေသည် ။
အခြားတစ်ယောက်က ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုထားမှာ သေချာသည် ။ မဟုတ်လျှင် ထိုကဲ့သို့ ကြမ်းတမ်းသော ကြက်ဖကြီးမှာ အလွယ်တကူ ပါသွားစရာ အကြောင်းမရှိပေ ။
အဆောင်စာရွက်ဖြစ်စေ၊ ဝိညာဉ်တံဆိပ်ဖြစ်စေ၊ ယဉ်ပါးဆေးဖြစ်စေ ဤနည်းလမ်းများအားလုံးမှာ အမှတ်အသား ကျန်ရစ်ခဲ့စမြဲ ဖြစ်သည် ။
ထို့ကြောင့် စစ်ဆေးလိုက်သည်နှင့် လင်းကျင်းသည် လူလိမ်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်သည် ။
သူသည် ထိုအချက်ကို အခိုင်အမာ ယုံကြည်ထား၏ ။
သို့သော် စစ်ဆေးမှုရလဒ် ထွက်လာသောအခါ ကျန်းဟယ်၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည် ။
သူသည် အဆောင်စာရွက်၊ ဝိညာဉ်တံဆိပ် သို့မဟုတ် ယဉ်ပါးဆေး အသုံးပြုထားသည့် အမှတ်အသား တစ်ခုမှ ရှာမတွေ့ခဲ့ပေ ။
“ဒါက...”
ကျန်းဟယ်မှာ ချက်ချင်းပင် ထိတ်လန့်သွားရသည် ။
အကယ်၍ သူတစ်ယောက်တည်းသာ စစ်ဆေးခဲ့ခြင်း ဖြစ်လျှင် သူ လိမ်ညာပြီး စွပ်စွဲနိုင်သော်လည်း ယခုမှာမူ လူအများက အတူတူ စစ်ဆေးနေကြခြင်း ဖြစ်သဖြင့် သူ ဘာမှ လျှောက်မပြောရဲပေ ။
“ယဉ်ပါးထားတဲ့ အမှတ်အသားတွေ တွေ့လား”
လင်းကျင်းက မေးလိုက်၏ ။
ကျန်းဟယ်မှာ မျက်နှာပျက်ပျက်ဖြင့်ပင် အမှန်အတိုင်း ဖြေလိုက်ရသည် ။
“မတွေ့ပါဘူး”
“ဒါက မဖြစ်နိုင်တာ”
ဝေချန်းယုံမှာ ပျာပျာသလဲ ဖြစ်သွားသည် ။
သူ့ရဲ့ အပြစ်ပြောစရာမရှိအောင် စီစဉ်ထားတဲ့ အစီအစဉ်ကြီးက ဒီလို ကျဆုံးသွားဖို့ မဖြစ်နိုင်ပေ ။
လင်းကျင်းကတော့ ထိုငတုံးလေးတွေနှင့် အချိန်ကုန်ခံပြီး ငြင်းခုံမနေတော့ပေ ။
လင်းကျင်းသည် သားရဲခြောက်လှန်နိုင်စွမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ကို ဝေချန်းယုံတို့အဖွဲ့ မည်သို့ သိနိုင်မှာလဲ ။
ဤစွမ်းရည်မှာ အခြားသော ယဉ်ပါးခြင်း နည်းလမ်းသုံးမျိုးနှင့် အဆင့်အတန်းချင်း လုံးဝ မတူဘဲ ပိုမိုမြင့်မားလှပေသည် ။
ဤသို့ဖြင့် ဝေချန်းယုံ၏ အစီအစဉ်မှာ အချည်းနှီး ဖြစ်သွားရတော့သည် ။
အနည်းငယ် အသိဉာဏ်ရှိသူများမှာလည်း သူ၏ စွပ်စွဲချက်များကို မယုံကြတော့ပေ ။
အမှန်စင်စစ် ကြက်ဖများမှာ တစ်ကောင်နှင့်တစ်ကောင် ဆင်တူနေတတ်ကြသည် မဟုတ်ပါလား ။
ထိုအချိန်တွင် ဝေချန်းယုံ ခေါ်လာသော ရွာသားတစ်ယောက်က ပြောလိုက်၏ ။
“ဒါက အရင်ကြက်နဲ့ မတူသလိုပဲ... ဒီတစ်ကောင်က အမွေးတွေ ပိုပြောင်ပြီး ကိုယ်လုံးလည်း ပိုကြီးတယ်... နောက်ပြီး အရင်ကြက်ရဲ့ အမောက်မှာ အခုလို ရွှေရောင် အစင်းကြောင်းတွေ မပါဘူး.... ရက်ပိုင်းလေးအတွင်းမှာ ဒီလိုကြီး ဖြစ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
စကားပြောလိုက်သူမှာ ရိုးသားဖြောင့်မတ်ပုံရသော ရွာသားတစ်ဦး ဖြစ်သည် ။
အမှန်တကယ်တော့ ရွာသားအများစုမှာ ထိုကဲ့သို့သော စိတ်နေသဘောထား ရှိကြသည် ။
ဝေချန်းယုံသည် လင်းကျင်းလက်ထဲရှိ ကြက်ဖကြီးမှာ သူ့ကြက် ဖြစ်သည်ဟု အသေအချာ ယုံကြည်နေသဖြင့် သူတို့ကို သက်သေအဖြစ် ခေါ်လာခြင်း ဖြစ်သည် ။ သူတို့က သူ့ကို ကူညီပြီး လိမ်ပေးရန် ခေါ်လာခြင်း မဟုတ်ပေ ။
အရေးကြီးဆုံး အချိန်တွင် သူကိုယ်တိုင် ခေါ်လာသူကပင် အနောက်ကနေ ဓားနဲ့ အထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည် ။
ဝေချန်းယုံမှာ သူ၏ အပြစ်ပြောစရာမရှိသော အစီအစဉ်ကြီး ပျက်စီးသွားသဖြင့် ဒေါသကြောင့် သတိပင် လစ်ချင်သွားရသည် ။
အခြေအနေက ရှင်းပြနေစရာပင် မလိုတော့ပေ ။ ဘာတွေ ဖြစ်နေသလဲဆိုတာ လူတိုင်း မြင်နိုင်ကြသည် ။
“ဒီလူက အခြေအနေကို သေချာမသိဘဲ လျှောက်ပြီး စွပ်စွဲနေတာပဲ... တကယ့် လူပြက်ပဲ”
“ဟုတ်တယ်... လင်းကျင်းက ဘယ်လောက်ပဲ အရည်အချင်း မရှိပါစေ ၊ သူများရဲ့ သားရဲကိုတော့ လိမ်ယူမှာ မဟုတ်ဘူး... ပြီးတော့ ဒါမျိုးက လိမ်လို့ရတဲ့ အရာမှ မဟုတ်တာ”
လင်းကျင်းက ဝတ်ရုံစကို ခါလိုက်ပြီး ပြောလိုက်၏ ။
“စာမေးပွဲက စတော့မှာမို့လို့ မင်းတို့လို လူတွေနဲ့ အချိန်ဖြုန်းမနေနိုင်တော့ဘူး”
“မင်းကပဲ အချိန်ဖြုန်းနေတာလို့ ငါ ထင်တယ်”
အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည် ။
လူအုပ်ကြီး လှည့်ကြည့်လိုက်သောအခါ ဝမ်ကျိကို တွေ့လိုက်ရသည် ။
သူတစ်ယောက်တည်း မဟုတ်ဘဲ သူ့ဘေးတွင် အခြားလူအချို့လည်း ပါလာကြသည် ။ ထိုအုပ်စုမှာ ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ချဉ်းကပ်လာကြသည် ။
“ဒါ ဥက္ကဋ္ဌ ဝမ်ကျီပဲ”
“အကြီးအကဲ နန်လည်း ပါတာပဲ”
“သူတို့တွေက အသင်းချုပ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေပဲ ။ သူတို့တွေ အတူတူ ထွက်လာတာကို မြင်ရဖို့ဆိုတာ မလွယ်ဘူး”
“ဥက္ကဋ္ဌဝမ် ဘေးက အမျိုးသမီးက အရမ်းလှတာပဲ ။ သူက ဘယ်သူလဲ”
လူအုပ်ကြီးထဲတွင် ဆွေးနွေးသံများ ထွက်ပေါ်လာပြီး လူများက ထိုအုပ်စုအတွက် လမ်းဖယ်ပေးလိုက်ကြသည် ။
ဝမ်ကျိသည် လင်းကျင်း၏ ရှေ့သို့ တည့်တည့် လျှောက်လာသည် ။
သူသည် စောစောက ဖြစ်ပျက်သွားသည်များကို မြင်တွေ့ခဲ့သည် ။ ဝေချန်းယုံ၏ အစီအစဉ် ကျရှုံးသွားသည်ကို သိလိုက်ရသဖြင့် သူကိုယ်တိုင် ထွက်လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ သူသည် လင်းကျင်းကို ယနေ့ စာမေးပွဲ ပေးဖြေရန် အစီအစဉ် မရှိပေ ။
မရိုးသားသော နည်းလမ်းများကို သုံးရလျှင်ပင် သူ ဖြစ်အောင် လုပ်မှာ ဖြစ်သည် ။
အမှန်တော့ လင်းကျင်း၏ နောက်ကွယ်တွင် မည်သူမှ မရှိပေ ။ တစ်ဖက်တွင်မူ သူ၏ ဘေးတွင် ထိုလူကို နင်းခြေဖျက်ဆီးပစ်နိုင်သော အပေါင်းအပါများစွာ ရှိနေသည် ။
လင်းကျင်းသည်လည်း ဝမ်ကျိကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားရသည် ။
ထိုအုပ်စုထဲတွင် နန်ကုန်းရှန်နှင့် အလွန် ရင်းနှီးနေသော အမျိုးသမီး တစ်ယောက်လည်း ပါဝင်နေသည် ။
“မင်းလား...”
လင်းကျင်း မှတ်မိလိုက်သည် ။
ဤအမျိုးသမီးမှာ လွန်ခဲ့သော ရက်အနည်းငယ်က အရေးပေါ်ခန်းမတွင် သူ တွေ့ခဲ့သူ ဖြစ်သည် ။
ထိုစဉ်က သူမကို ကျောက်ရင်း၏ သူငယ်ချင်းဟု ထင်ခဲ့သဖြင့် သူသည် ဘာမှ အပိုမတွေးဘဲ ကုသပေးခဲ့ခြင်း ဖြစ်သည် ။ တစ်ခုလုံးမှာ ကြီးမားသော နားလည်မှုလွဲခြင်းတစ်ခု ဖြစ်ခဲ့သည် ။
သို့သော်လည်း ထိုနားလည်မှုလွဲခြင်းအပေါ် ထိုအမျိုးသမီး၏ တုံ့ပြန်မှုမှာ အလွန် မာနကြီးလွန်းလှသည် ။
အခု ပြန်ကြည့်လိုက်သောအခါ ဤအမျိုးသမီးမှာ အလွန် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာ သေချာသည် ။
မဟုတ်လျှင် ဝမ်ကျိနှင့် နန်ကုန်းရှန်ကဲ့သို့ ထိပ်တန်းလူများက သူမကို ဤမျှ ရိုရိုသေသေ လိုက်ပါ ပို့ဆောင်ပေးနေမှာ မဟုတ်ပေ ။
သူမက ဌာနချုပ်က လွှတ်လိုက်တဲ့ စစ်ဆေးရေးမှူးများလား ။
ဌာနချုပ်မှ စစ်ဆေးရေးမှူး တစ်ယောက်တွင်သာ သူ၏ အရည်အချင်းကို ပယ်ဖျက်ပိုင်ခွင့် ရှိပေသည် ။
“လင်းကျင်း... ဒါက ဌာနချုပ်က လွှတ်လိုက်တဲ့ စစ်ဆေးရေးမှူး အကဲဖြတ်မှူး တန်လင်းပဲ ။ မင်းကြောင့် ဖြစ်ခဲ့ရတဲ့ အမှားအယွင်းကို သူမက စစ်ဆေးပြီးပြီ ဖြစ်သလို အဲဒီအချိန်က တရားဝင် အကဲဖြတ်မှူး ဖြစ်ခဲ့တဲ့ မင်းက အပြည့်အဝ တာဝန်ယူရမယ်လို့ ဆုံးဖြတ်လိုက်ပြီ ။ အကြီးအကဲနန် ၊ အကဲဖြတ်မှူးတန်နဲ့ ငါတို့ ဆွေးနွေးပြီးတဲ့နောက်မှာ မင်းလိုလူမျိုးက သားရဲအကဲဖြတ်မှူး ဖြစ်ဖို့ မသင့်တော်တော့ဘူးလို့ ယူဆရတယ် ။ ဒါကြောင့် မင်းကို သားရဲအကဲဖြတ်မှူး စာမေးပွဲ ဖြေဆိုခွင့် တစ်သက်လုံး ပိတ်ပင်ဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ်”
ဝမ်ကျိက တည်ငြိမ်သော မျက်နှာဖြင့် ကြေညာလိုက်သည် ။
သူသည် တန်လင်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းပြရင်း လူတိုင်းကို တုန်လှုပ်သွားစေမည့် ကြေညာချက်ကိုပါ ထည့်ပြောလိုက်ခြင်း ဖြစ်သည် ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် လင်းကျင်းမှာ နာမည်ပျက်စာရင်း သွင်းခံလိုက်ရပြီး စာမေးပွဲ ပြန်ဖြေခွင့် လုံးဝ မရှိတော့ခြင်း ဖြစ်သည် ။
“ဒါကတော့ ရက်စက်လွန်းတယ် ။ လင်းကျင်းရဲ့ ဘဝတော့ တကယ် ပြီးပြီပဲ"
“ဥက္ကဋ္ဌဝမ်တို့က ဒီလို ဆုံးဖြတ်လိုက်တာ ဖြစ်မှာပေါ့ ။ ဟိုးမှာ ကြည့်စမ်း ၊ အကဲဖြတ်မှု အမှားကြောင့် နစ်နာခဲ့ရသူလည်း ဒီမှာ ရောက်နေတယ်”
သေချာသည်မှာ လူအုပ်ထဲတွင် လင်းကျင်းကို ဒေါသတကြီး စိုက်ကြည့်နေသော လူငယ်တစ်ယောက် ရှိနေသည် ။
ထိုလူငယ်၏ အနောက်တွင် နားရွက်များ ကပ်နေပြီး စိတ်ဓာတ်ကျနေသည့်အပြင် ဒဏ်ရာများဖြင့် ပိန်ချောင်နေသော ဝံပုလွေတစ်ကောင် ပါလာသည် ။
“ဒါ လင်းကျင်းက အဆင့်မီ သားရဲလို့ ပြောခဲ့တဲ့ ဝံပုလွေ မဟုတ်လား ။ ကြည့်ရတာတော့ အဲဒီလို မဟုတ်ဘူး ။ သားရဲကို မှားယွင်း အကဲဖြတ်ပြီး ပိုင်ရှင်ကို သွေးကတိကဝတ် ချက်ချင်း လုပ်ခိုင်းလိုက်တာက တကယ့်ကို အမှားကြီးပဲ”
“ဒါပေမဲ့ ဒီပြစ်ဒဏ်ကတော့ များလွန်းသလိုပဲ... သူ့ကို တစ်သက်လုံး ပိတ်ပင်လိုက်တာက သူ့ဘဝကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ”
လူအုပ်ကြီးက ထပ်မံ ဆွေးနွေးနေကြစဉ် ဝမ်ကျိက ထိုလူငယ်ကို ရှေ့သို့ ထွက်လာခိုင်းပြီး ပြောလိုက်၏ ။
“လင်းကျင်း... ငါတို့ မင်းကို အနိုင်ကျင့်နေတယ်လို့ မပြောနဲ့ ။ ဒီလူငယ်လေးက အစက အလားအလာရှိတဲ့ အနာဂတ် ရှိခဲ့တာ ။ ဒါပေမဲ့ မင်းက သူ့ကို ချို့ယွင်းချက်ရှိတဲ့ သားရဲနဲ့ သွေးကတိကဝတ် လုပ်ခိုင်းခဲ့တယ် ။ အကယ်၍ သူက ဒီစာချုပ်ကို ဖျက်သိမ်းမယ်ဆိုရင်တောင် တခြားသားရဲတစ်ကောင်နဲ့ ပြန်ချုပ်ဖို့ အချိန်အတော်ကြာဦးမှာ ။ သူက ဒီနှစ်မှာ ကျင့်ကြံသူများ အသင်းချုပ်ရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေရမှာလေ ။ သားရဲမရှိဘဲ သူ ဘယ်လို စာမေးပွဲဖြေမှာလဲ ။ ဒီနှစ်ကို လွတ်သွားရင် သူ နောက်တစ်နှစ် ထပ်စောင့်ရဦးမှာ ။ ဒီအကြောင်းပြချက် တစ်ခုတည်းနဲ့တင် ငါတို့ရဲ့ ပိတ်ပင်မှုကို မင်း လက်ခံနိုင်မှာလား”
လင်းကျင်းသည် ထိုလူငယ်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ သားရဲကိုလည်း ကြည့်လိုက်သည် ။
ထို့နောက် ထိုလူငယ်ကို ဂရုမစိုက်ဘဲ ဝံပုလွေ၏ အနားသို့ သွားကာ ခေါင်းကို ပွတ်ပေးလိုက်သည် ။
ထိုဝံပုလွေမှာ ချို့ယွင်းချက်ရှိသော သားရဲဟု သတ်မှတ်ခံထားရသဖြင့် ပိုင်ရှင်ကလည်း သေချာ ဂရုမစိုက်ပေ ။ ၎င်းကို အစားအစာ ကောင်းကောင်း ကျွေးပုံမရသဖြင့် အလွန် ပိန်လှီနေပေသည် ။ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း ပိုင်ရှင်၏ နှိပ်စက်မှုကြောင့် ဖြစ်မှာ သေချာသည် ။
လင်းကျင်း ထိလိုက်သည်နှင့် သားရဲပြတိုက်ထဲတွင် မှတ်တမ်းတစ်ခု ချက်ချင်း ပေါ်လာတော့သည် ။
သားရဲပုံစံနှင့် ကျောက်စာတိုင်လည်း ပေါ်လာပေသည် ။
လင်းကျင်းသည် ကျောက်စာတိုင်ပေါ်မှ ဖော်ပြချက်ကို ဖတ်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ လင်းလက်သွားရသည် ။
အမှန်အတိုင်း ပြောရလျှင် သူ့အရင် လူအကဲဖြတ်မှူး လုပ်ခဲ့သော အမှားအတွက် လင်းကျင်းတွင် ပြောစရာ စကား မရှိပေ ။ အမှားက အမှားပင် ဖြစ်သဖြင့် ဆင်ခြေပေးနေ၍ မရပေ ။
သို့သော် သားရဲပြတိုက် ရှိနေသဖြင့် ဤသတ္တဝါ၏ ချို့ယွင်းချက်များကို ပြုပြင်ပေးနိုင်မည့် နည်းလမ်း ရှိကောင်း ရှိနိုင်သည် ။
သူ ဖတ်ကြည့်လိုက်သောအခါ ထိုသို့သော နည်းလမ်းများ ရှိနေရုံသာမက ဤဝံပုလွေမှာ လူအများ ပြောနေသကဲ့သို့ အသုံးမကျသော သတ္တဝါ မဟုတ်ကြောင်း သိလိုက်ရသည် ။
“အဆင့် ၁ ဝံပုလွေသားရဲ ။ သွေးကတိကဝတ် ပြုလုပ်ထားသည်”
“အရိပ်ဝံပုလွေ ။ လေနှင့် သစ်သား ဒြပ်စင် နှစ်မျိုးစလုံး ပါဝင်သည် ။ ငရဲပြည်မှ ဖုံးကွယ်ထားသော သွေးမျိုးဆက် ပါဝင်သည်”
“အရိုးနှင့် သွေးကြောများတွင် ချို့ယွင်းချက်များ ရှိနေသည် ။ ပြုပြင်ကုသနိုင်သော နည်းလမ်း ၁၁ မျိုးမှာ...”
“ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်း ၇ မျိုးမှာ...”
“ဖုံးကွယ်ထားသော သွေးမျိုးဆက်ကို နှိုးဆွနိုင်သော နည်းလမ်း ၃ မျိုးမှာ...”
သူ ဆက်လက် ဖတ်ကြည့်သောအခါ ဤဝံပုလွေမှာ အမှန်တကယ်ပင် ထူးခြားသော သတ္တဝါဖြစ်ကြောင်း လင်းကျင်း ဝန်ခံလိုက်ရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်က သူ တွေ့ခဲ့ဖူးသော ရှားပါးမျိုးစိတ်များထဲတွင် ဤဝံပုလွေမှာ ထိပ်တန်း အဆင့်တွင် ရှိနေပေသည် ။
ထိုအချိန်မှာပင် လင်းကျင်း ဘာလုပ်ရမည်ကို သိသွားတော့သည် ။