← Chapters

အခန်း (၇၅-၇၆)

Vol. 4 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 4 Ch. 75-76

အခန်း (၇၅) - အရှက်ရသွားသော တန်လင်း

တန်ရွှင်းက အမှန်တကယ်ပင် ဝမ်းသာနေသော်လည်း တန်လင်းမှာမူ ဇဝေဇဝါ ဖြစ်နေသည် ။

“ဖေဖေ... ဘာတွေ ပြောနေတာလဲ ။ သားရဲဝိညာဉ်ကျိန်စာ ဆိုတာက ဘာလဲ”

တန်လင်းက မေးလိုက်၏ ။

တန်ရွှင်းက သူ၏နဖူးကို လက်ဖြင့် တစ်ချက်ပုတ်လိုက်ပြီးနောက် ရယ်မောရင်း ရှင်းပြလိုက်သည် ။

“အဖေနဲ့ အမေက ဒီအကြောင်းကို သမီးကို မပြောရသေးဘူးဆိုတာ မေ့သွားလို့ပါ ။ သမီး ငယ်ငယ်တုန်းက အဖေက အတော်လေး အစွမ်းထက်တဲ့ ရန်သူတစ်ယောက်ကို ပြစ်မှားခဲ့မိဖူးတယ် ။ အဲဒီ အရှက်မရှိတဲ့လူက အဖေ့ကို မနိုင်တော့ သမီးအပေါ်ကို ရည်ရွယ်ချက်ဆိုးတွေ ထားခဲ့တာပဲ ။ အဲဒီလူက အောက်လမ်းပညာအချို့ကို တတ်တော့ သမီးအပေါ်မှာ သားရဲဝိညာဉ်ကျိန်စာ တစ်ခု တိုက်ခဲ့တယ် ။ သမီး ငယ်ငယ်တုန်းက အကြောင်းပြချက် မရှိဘဲ ချွေးစေးတွေထွက်တာ ၊ အိမ်မက်ဆိုးတွေ မက်တာ ဒါမှမဟုတ် သတိလစ်တာမျိုးတွေ ခဏခဏ ဖြစ်ခဲ့တာ မှတ်မိလား”

တန်လင်းက ထိုအကြောင်းများကို မှတ်မိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည် ။

“ဒါက ကျွန်မ နေမကောင်းဖြစ်တာ မဟုတ်ဘူးလား”

တန်ရွှင်းက ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်၏ ။

“သမီး ကြောက်သွားမှာ စိုးလို့ အဖေနဲ့ အမေက လိမ်ပြောခဲ့တာပါ ။ အဲဒီတုန်းက အဖေ နည်းလမ်းအမျိုးမျိုး သုံးခဲ့ပေမဲ့ အဲဒီကျိန်စာကို သမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ငြိမ်သွားအောင်ပဲ လုပ်နိုင်ခဲ့တယ် ။ အဲဒီနောက်မှာတော့ ကျိန်စာက ပြန်မပေါ်လာတော့ပေမဲ့ သမီးရဲ့ ကိုယ်ထဲမှာ ရှိနေတုန်းပဲ ။ အမှန်အတိုင်း ပြောရရင် ဒါက အဖေ့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှု တစ်ခုပဲ”

တန်လင်း၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ဝိုင်းစက်သွားရသည် ။

“ဒီလိုတွေ ဖြစ်နေမှန်း ကျွန်မ မသိခဲ့ပါဘူး ။ ဖေဖေ... ဒါကို ကျွန်မကို ဘာလို့ မပြောခဲ့တာလဲ”

တန်ရွှင်းက ပြောလိုက်၏ ။

“အဖေသာ ပြောပြလိုက်ရင် သမီးအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်သွားမှာ စိုးလို့ပါ ။ ဒါကြောင့် အမေနဲ့ တိုင်ပင်ပြီး သမီးကို အမှောင်ချထားဖို့ ဆုံးဖြတ်ခဲ့တာ ။ ဒီနှစ်တွေတစ်လျှောက်လုံး အဖေဟာ အဲဒီကျိန်စာကို အပြီးတိုင် ဖြတ်တောက်နိုင်ဖို့ စာအုပ်ပေါင်း ထောင်ချီပြီး ဖတ်ခဲ့ရတယ် ။ နောက်ဆုံးမှာ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပေမဲ့ ပြင်ဆင်စရာတွေ ရှိနေသေးတာ ။ ဒါပေမဲ့ အခုတော့ အဲဒီကျိန်စာက ပြယ်သွားပြီဆိုတာ ဘယ်သူ သိမှာလဲ ။ လင်းအာ... သမီးကိုယ်တိုင် သတိထားမိလို့ ကျွမ်းကျင်တဲ့သူတစ်ယောက်ကို အကူအညီတောင်းပြီး ကျိန်စာ ဖြေခိုင်းလိုက်တာလား”

တန်လင်းက ခေါင်းခါလိုက်သည် ။

သူမ ဘယ်လိုလုပ် သိနိုင်မှာလဲ ။ ဤအကြောင်းကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည် ။

တန်ရွှင်းက ဆက်ပြောသည် ။

“ဒီသားရဲဝိညာဉ်ကျိန်စာက သာမန်ကျိန်စာ မဟုတ်ဘူး ။ သမီးက အဆင့် ၂ အကဲဖြတ်မှူး ဖြစ်ပေမဲ့ သားရဲတွေကိုပဲ အကဲဖြတ်နိုင်တာမို့ သမီးဘာသာကျိန်စာကို ဖြေနိုင်စရာ အကြောင်းမရှိဘူး ။ ပြောစမ်းပါဦး... ဘယ်သူက သမီးကို ကူညီခဲ့တာလဲ ။ အဖေ သူ့ကို ကိုယ်တိုင် သွားပြီး ကျေးဇူးတင်ချင်လို့ပါ”

“ကျွန်မ မသိဘူး ။ ကျွန်မ ဘယ်သူ့ကိုမှလည်း ကျိန်စာဖြေခိုင်းတာ မရှိပါဘူး ။ ဒီအကြောင်းကိုတောင် ခုမှ သိတာပါ”

တန်လင်းက အမှန်အတိုင်း ပြောလိုက်သည် ။

သူမသည် ဘာတွေ ဖြစ်နေသလဲဆိုတာကို လုံးဝ မသိခဲ့ပေ ။ အကယ်၍ တန်ရွှင်းသာ မပြောခဲ့လျှင် သူမသည် ယခုအချိန်အထိ ဘာမှ သိမှာ မဟုတ်ပေ ။

ယခုတစ်ကြိမ်တွင်မူ တန်ရွှင်းမှာ ဇဝေဇဝါ ဖြစ်သွားသူ ဖြစ်သည် ။

“သမီး မသိဘူး ဟုတ်လား ။ ဒါဆိုရင်... သားရဲဝိညာဉ်ကျိန်စာက ဘယ်လိုလုပ်ပြီး ပြယ်သွားတာလဲ”

တန်ရွှင်းသည် သမီးဖြစ်သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာ မည်မျှ ပြင်းထန်သည်ကို ကောင်းကောင်း သိသည် ။

သာမန် အခြေအနေမျိုးတွင် အခြားတစ်ယောက်၏ အကူအညီ မပါဘဲ ထိုကျိန်စာက သူ့အလိုလို ပျောက်ကွယ်သွားစရာ အကြောင်းမရှိပေ ။

မဟုတ်လျှင် သူသည် ဤကိစ္စအတွက် နှစ်ပေါင်းများစွာ အချိန်ကုန်ခံပြီး အဖြေရှာနေစရာ မလိုတော့ပေ ။

ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း သူတို့၏ စကားဝိုင်းကို ကြားနေကြရသည် ။

ထိုနေရာတွင် ရှိနေသူများထဲ၌ အကြီးအကဲမို၏ အဆင့်အတန်းမှာ တန်ရွှင်းပြီးလျှင် အမြင့်ဆုံး ဖြစ်သဖြင့် သူက ဝင်ပြောလိုက်သည် ။

“သားရဲဝိညာဉ်ကျိန်စာက သူ့အလိုလို ပြယ်သွားဖို့ဆိုတာ မဖြစ်နိုင်တာ အမှန်ပဲ ။ အဲဒီလောက် လွယ်ရင် အောက်လမ်းပညာလို့ ခေါ်မှာ မဟုတ်ဘူး ။ လင်းအာ မသိဘူးဆိုမှတော့ တစ်ယောက်ယောက်က သတိမထားမိအောင် လျှို့ဝှက်ပြီး ဖြေပေးလိုက်တာများလား”

ဤသည်ကို ကြားသောအခါ တန်ရွှင်းမှာလည်း ထိုဖြစ်နိုင်ခြေကို သတိပြုမိသွားသည် ။

“ဟုတ်တယ် ။ အဲဒါ တစ်ခုပဲ ဖြစ်နိုင်တယ် ။ လင်းအာ... သမီး အခုတလော ထူးခြားတဲ့ ပညာရှင်တွေနဲ့ တွေ့ခဲ့သေးလား”

တန်လင်းမှာ ဇဝေဇဝါဖြင့် ခေါင်းခါလိုက်သည် ။

“ကျွန်မ အလုပ်တွေနဲ့ပဲ လုံးပန်းနေရတာပါ ။ ဘယ်ပညာရှင်နဲ့မှ မတွေ့ခဲ့ပါဘူး”

“ဒါဆို ဆရာဝန်တွေနဲ့ရော တွေ့ခဲ့သေးလား ။ ဆေးဝါးတွေရော တောင်းခဲ့သေးလား”

တန်ရွှင်းက ဆက်မေးသည် ။

“မတွေ့ပါဘူး”

တန်လင်းက အသေအချာ ဖြေလိုက်သည် ။

“ဒါက ထူးဆန်းလိုက်တာ”

တန်ရွှင်းက သူ၏ မုတ်ဆိတ်ကို ပွတ်ရင်း စဉ်းစားနေတော့သည် ။

အကြီးအကဲမိုက ပြောလိုက်၏ ။

“ဖြစ်နိုင်တာက လင်းအာ ကိုယ်တိုင် သတိမထားမိတာ ဖြစ်လိမ့်မယ် ။ ဒါပေမဲ့ ကျိန်စာဖြေတဲ့ နေရာမှာ ခန္ဓာကိုယ်ချင်း ထိတွေ့ဖို့တော့ လိုအပ်တယ် ။ အဲဒီဘက်ကို တစ်ချက်လောက် စဉ်းစားကြည့်ပါဦး ။ တစ်ခုခု မှတ်မိလာနိုင်တယ်”

တန်ရွှင်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏ ။

“အဖေ စောစောက စမ်းသပ်ကြည့်လိုက်တော့ လင်းအာရဲ့ ကျိန်စာက ပြယ်သွားတာ ရက်ပိုင်းလေးပဲ ရှိသေးတယ် ။ တစ်နည်းအားဖြင့် ပြောရရင် ဒါက မေပယ်မြို့မှာ ဖြစ်ခဲ့တာပဲ ဖြစ်ရမယ်”

ထိုအခါ လူအုပ်ကြီးမှာ တုန်လှုပ်သွားကြသည် ။

ဝမ်ကျီနှင့် နန်ကုန်းရှန်တို့မှာလည်း မေပယ်မြို့တွင် သူတို့ မသိသော လျှို့ဝှက်ပညာရှင်တစ်ဦး ရှိနေသလားဟု တွေးတောရင်း ဇဝေဇဝါ ဖြစ်နေကြသည် ။

မရှိနိုင်ပါဘူး ။

အကယ်၍ ထိုကဲ့သို့သော လူမျိုး တကယ် ရှိနေလျှင် သူတို့ မသိဘဲ နေစရာ အကြောင်းမရှိပေ ။

ဖခင်ဖြစ်သူ၏ စကားကြောင့် တန်လင်းက မျက်မှောင်ကြုတ်လိုက်မိသည် ။

“ကျိန်စာပြယ်သွားတာ ဒီရက်ပိုင်းအတွင်းမှာ ဟုတ်လား ။ ဒါပေမဲ့ ကျွန်မ ဒီမြို့မှာ ဖေဖေလာမှာကိုပဲ စောင့်နေတာပါ ။ ဘယ်သူမှလည်း ကျွန်မကို မထိခဲ့ပါဘူး... တစ်ယောက်ကလွဲလို့...”

သူမ တစ်ခုခုကို မှတ်မိသွားပုံရသဖြင့် တန်လင်း၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည် ။

‘သမီးအကြောင်း အဖေသိဆုံး’ ဆိုသည့်အတိုင်း တန်လင်း၏ အမူအရာကို မြင်လိုက်ရသောအခါ တန်ရွှင်းသည် သူမ အရေးကြီးသော အချက်တစ်ခုကို မှတ်မိသွားပြီဖြစ်ကြောင်း သိလိုက်သည် ။

“လင်းအာ... တစ်ခုခု မှတ်မိပြီလား ။ ပြောပြပါဦး ။ သမီးကို ကယ်ခဲ့တဲ့ လျှို့ဝှက်ပညာရှင်က ဘယ်သူလဲ ။ သူက အဖေ့ရဲ့ ကျေးဇူးရှင်ပဲ ။ အဖေတို့ သူ့ရဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ရမယ်”

တန်လင်း၏ စိတ်ထဲတွင် ယခုအခါ ရှုပ်ထွေးနေတော့သည် ။ အဘယ်ကြောင့်ဆိုသော် သူမ သေချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ လွန်ခဲ့သော ရက်အနည်းငယ်က သူမကို ထိတွေ့ခဲ့ဖူးသူမှာ ထိုနှာဘူး လင်းကျင်း တစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည် ။

သူမသည် ထိုညက အရေးပေါ်ခန်းမတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်စဉ်းစားလိုက်သည် ။

ဝမ်ကျီ အစီရင်ခံထားသကဲ့သို့ လင်းကျင်းသည် တကယ်ပင် အရည်အချင်း မရှိသူလားဆိုတာကို စစ်ဆေးရန် သူမသည် ‘လူမသိအောင်’ သွားရောက်ခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် လင်းကျင်း ဘယ်မှာ ရှိသလဲဆိုတာ စုံစမ်းပြီး အရေးပေါ်ခန်းမသို့ သွားခဲ့ခြင်း ဖြစ်သည် ။

သူမ ရောက်သွားသောအခါ ထိုလူမှာ သူမ၏ သွေးခုန်နှုန်းကို မတော်တဆ စမ်းကြည့်လိုက်ပြီးနောက် သူမ၏ ဝမ်းဗိုက်ကို လက်ချောင်းဖြင့် ရုတ်တရက် ထိုးခဲ့သည် ။

တန်လင်းသည် အထိုးခံခဲ့ရသော နေရာကို စမ်းကြည့်လိုက်ရာ သူမ၏ နှလုံးသားမှာ ဒိန်းခနဲ ဖြစ်သွားရသည် ။

“ထျန်းရှူး အပ်စိုက်မှတ်ပဲ”

“ဒါက ဖြစ်နိုင်မလား...”

တန်လင်းသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာ ဖြူဖျော့သွားတော့သည် ။ သူမ၏ လက်များမှာလည်း မသိမသာ တုန်ယင်လာသည် ။

လူအုပ်ကြီးမှာ တန်လင်း၏ တုံ့ပြန်မှုကြောင့် ဇဝေဇဝါ ဖြစ်နေကြသော်လည်း သူမကို အသိဆုံး ဖြစ်သော တန်ရွှင်းကမူ သူမ တစ်ခုခုကို သိသွားပြီဖြစ်ကြောင်း သိလိုက်သည် ။

“လင်းအာ... ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောစမ်းပါဦး”

တန်ရွှင်းက မေးလိုက်၏ ။

“ကျွန်မ... ကျွန်မ...”

ထိုညက အဖြစ်အပျက်များကို သူမ ပြန်စဉ်းစားလိုက်သည် ။ လင်းကျင်း၏ တပည့်တစ်ယောက်သည် ကုသမှုခံယူမည့် အမျိုးသမီးငယ်တစ်ယောက်ကို ခေါ်လာခဲ့ပုံရသည် ။

လင်းကျင်းသည် သူမကို ထိုအမျိုးသမီးငယ်ဟု မှားယွင်းသွားခဲ့ခြင်းများလား ။ ထို့ကြောင့်ပင် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ထျန်းရှူး အပ်စိုက်မှတ်ကို ထိုးခဲ့ခြင်း ဖြစ်မှာလား ။

‘ဒါ မဖြစ်နိုင်ပါဘူး ။ ငါ အများကြီး တွေးနေမိတာပဲ ။ ဒါက ဖေဖေတောင် မဖြေနိုင်တဲ့ သားရဲဝိညာဉ်ကျိန်စာလေ ။ လက်ချောင်းတစ်ချောင်းနဲ့ ထိုးလိုက်ရုံနဲ့ ပြယ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ’

ဤမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ရင်း တန်လင်းက တန်ရွှင်းကို ကြည့်ကာ မေးလိုက်သည် ။

“ဖေဖေ... ကျွန်မရဲ့ ကိုယ်ထဲက သားရဲဝိညာဉ်ကျိန်စာကို မထင်မှတ်ထားတဲ့ အချိန်မှာ ထျန်းရှူး အပ်စိုက်မှတ်ကို ထိုးလိုက်ရုံနဲ့ ဖြေဖျောက်လို့ ရနိုင်မလား”

တန်ရွှင်းမှာ မှင်တက်သွားပြီး ထိုဖြစ်နိုင်ခြေကို ခေတ္တမျှ စဉ်းစားလိုက်သည် ။ ထို့နောက် သူ၏ မျက်နှာတွင် အလင်းတစ်ခု ပေါ်လာတော့သည် ။

“ဒါက တကယ့်ကို အံ့ဩစရာပဲ ။ ငါ ဘာလို့ ဒီနည်းလမ်းကို မတွေးမိခဲ့တာလဲ ။ ဟုတ်တယ်... ဟုတ်တယ် ။ အဲဒီကျိန်စာက အမှောင်ဒြပ်စင် ဖြစ်ပြီးတော့ အရမ်းကို ကောက်ကျစ်တာ ။ အကယ်၍ တစ်ယောက်ယောက်က အဲဒီကျိန်စာဟာ ထျန်းရှူး အပ်စိုက်မှတ်မှာ ခိုအောင်းနေတယ်ဆိုတာ သိရင် ၊ သတိမထားမိတဲ့ အချိန်မှာ မီးဝိညာဉ်စွမ်းအင် ပါတဲ့ လက်ချောင်းနဲ့ ထိုးလိုက်မယ်ဆိုရင် အဲဒီနေရာမှာတင် ကျိန်စာက ပြယ်သွားနိုင်တာပဲ ။ ဒါပေမဲ့ ဒါက အလွန် နက်နဲတဲ့ ပညာနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် လိုအပ်တယ် ။ လင်းအာ... သမီး ဒါကို ဘယ်လို သိတာလဲ”

ထိုအချိန်တွင် တန်လင်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားရသည် ။

သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားပြီး နောက်ဆုံး ကျန်ရစ်ခဲ့သည်မှာ အရှက်ရခြင်းသာ ဖြစ်သည် ။

သူပဲ ။

သူမ၏ ကျိန်စာကို ဖြေပေးခဲ့သူမှာ လင်းကျင်းပင် ဖြစ်သည် ။

ထိုလူသည် သူမကို နှောင့်ယှက်ခဲ့ခြင်း မဟုတ်ဘဲ ကုသပေးခဲ့ခြင်း ဖြစ်သည် ။ သို့သော် သူမကရော ဘာပြန်လုပ်ခဲ့သလဲ ။ သူမသည် ကျေးဇူးကို ကလဲ့စားဖြင့် တုံ့ပြန်ခဲ့ပြီး ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားကာ သူ၏ အကဲဖြတ်မှူး အရည်အချင်းကို ပယ်ဖျက်ခိုင်းခဲ့သည် ။

ယနေ့တွင်လည်း သူမ၏ မဆင်ခြင်မှုကြောင့် လင်းကျင်းကို စာမေးပွဲဖြေဆိုခွင့်ပင် ပိတ်ပင်လုနီးပါး ဖြစ်ခဲ့သည် ။ အကယ်၍ သူသာ သူ့ဘာသာ သက်သေမပြနိုင်လျှင် ယခုအချိန်၌ စာမေးပွဲပင် ဖြေခွင့်ရမှာ မဟုတ်ပေ ။

သူမ အားလုံးကို နားလည်သွားပြီ ဖြစ်သည် ။

သူမက သူ့ကို မတရား စွပ်စွဲနေတာပါလို့ သူ ပြောခဲ့တာ မဆန်းတော့ပေ ။

‘ငါက စေတနာနဲ့ ကူညီပေးခဲ့တာကို မင်းက ကျေးဇူးတင်ရမယ့်အစား ငါ့ကို ပြန်ပြီး စွပ်စွဲနေတာလား ။ ဘာသဘောလဲ ။ မင်း ဒီလို တုံ့ပြန်မယ်ဆိုတာသာ ငါ သိရင် ငါ မင်းကို ကူညီမှာ မဟုတ်ဘူး’

ဤစကားလုံးများမှာ တန်လင်း၏ ရင်ဘတ်ကို တူနှင့် အထုခံလိုက်ရသကဲ့သို့ နာကျင်စေသည် ။

အရှက်ရခြင်း ၊ အပြစ်ရှိခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း ခံစားချက်များက သူမကို လွှမ်းမိုးသွားသည် ။ သူမ၏ မျက်နှာမှာ နီရဲလာပြီးနောက် ချက်ချင်းပင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည် ။

ဤသည်က လူအုပ်ကြီးကို ထိတ်လန့်သွားစေသည် ။ တန်ရွှင်းက အရင်ဆုံး တုံ့ပြန်လိုက်ပြီး တန်လင်း၏ အပ်စိုက်မှတ်များကို အမြန် ပိတ်လိုက်ကာ သူမ၏ ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ထည့်ပေးလိုက်သည် ။

တန်လင်းမှာ အလွန်အမင်း အရှက်ရနေသဖြင့် အသက်ရှူပင် ကျပ်နေခဲ့ခြင်း ဖြစ်သည် ။ သွေးအန်ထုတ်လိုက်ခြင်းက ပို၍ ကောင်းသွားခြင်း ဖြစ်ပြီး မဟုတ်လျှင် ရင်ဘတ်ထဲတွင် စုနေသော စိတ်ဒဏ်ရာကြောင့် ပိုမို ဆိုးရွားသွားနိုင်ပေသည် ။

အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် တန်လင်းက တန်ရွှင်းကို ကြည့်ကာ ပြောလိုက်၏ ။

“ဖေဖေ... ကျွန်မ တကယ့်ကို ကြီးမားတဲ့ အပြစ်တစ်ခု လုပ်မိခဲ့ပြီ”

အခန်း (၇၆) - ကျေးဇူးရှင်ကို စောင့်ဆိုင်းခြင်း

တန်လင်းသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို သူမ၏ဖခင်အား ပြောပြလိုက်သည် ။

သူမ အသေးစိတ် ရှင်းပြနေစဉ်တွင် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ အမျိုးမျိုးသော မျက်နှာအမူအရာများ ဖြစ်ပေါ်နေကြသည် ။ အချို့မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး အထူးသဖြင့် ဝမ်ကျိမှာမူ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေရသည် ။

တန်ရွှင်းက မေးလိုက်၏ ။

“ဒီလင်းကျင်းဆိုတာ ဘယ်သူလဲ”

မည်သူမှ ပြန်မဖြေကြဘဲ အထူးသဖြင့် ဝမ်ကျိမှာ ဘာပြောရမှန်း မသိအောင် ဖြစ်နေသည် ။

သူ့သမီးကို ကယ်တင်ခဲ့သူမှာ သူကိုယ်တိုင် သားရဲအကဲဖြတ်မှူး မဖြစ်ထိုက်ဟု စွပ်စွဲခဲ့သူဖြစ်ကြောင်း တန်ရွှင်းကို သူ ဘယ်လိုမှ ပြောပြ၍ မရနိုင်ပေ ။

“ဖေဖေ... သမီး သူ့အကြောင်း ပြောပြပါ့မယ်”

တန်လင်းက လင်းကျင်း၏ အခြေအနေများကို ဆက်လက် ရှင်းပြသည် ။ တန်ရွှင်းသည် နားထောင်လေလေ မျက်နှာက ပို၍ တင်းမာလာလေလေ ဖြစ်ပြီး မျက်မှောင်ကိုလည်း အပြင်းအထန် ကြုတ်ထားတော့သည် ။

တန်လင်းသည် အကဲဖြတ်မှုအမှား ကိစ္စတင်မကဘဲ လွန်ခဲ့သော ရက်ပိုင်းအတွင်း လင်းကျင်း ခံခဲ့ရသော ‘ပြစ်ဒဏ်’ များအကြောင်းကိုလည်း ဘာမှ မဖုံးကွယ်ဘဲ အကုန်ပြောပြလိုက်သည် ။

“တကယ့်ကို မိုက်မဲပြီး စိတ်အလိုလိုက်လွန်းကြတာပဲ”

တန်ရွှင်းမှာ ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည် ။

တန်လင်းမှာ ခေါင်းငုံ့ထားမိသည် ။

“လင်းအာ... သမီး စောစောက အရှက်ရလို့ သွေးအန်တာ မဆန်းပါဘူး ။ အဖေသာဆိုရင်လည်း ဒီလိုပဲ ဖြစ်မှာ ။ သမီး တကယ့်ကို အပြစ်ရှိတယ်လို့ ခံစားနေရတယ် မဟုတ်လား ။ အနည်းဆုံးတော့ သမီး ကိုယ့်အမှားကိုယ် သိတာပဲ”

ထိုသို့ ပြောပြီးနောက် တန်ရွှင်းသည် အရိပ်ဝံပုလွေရှိရာသို့ လျှောက်သွားလိုက်သည် ။

လင်းကျင်း စာမေးပွဲခန်းမထဲ ဝင်သွားကတည်းက အရိပ်ဝံပုလွေမှာ ထိုနေရာတွင်ပင် ကျောက်ချရပ်နေခဲ့သည် ။ ၎င်း၏ အနားသို့ ချဉ်းကပ်လာသူတိုင်းကိုလည်း အန္တရာယ်ရှိသော ဟိန်းသံများ ပေးနေခဲ့သည် ။ သို့သော် တန်ရွှင်း အနားသို့ ရောက်သွားသောအခါတွင်မူ ၎င်းသည် ပြန်မတိုက်ခိုက်ဘဲ ခေါင်းကိုသာ ရိုရိုသေသေ ငုံ့ထားလိုက်သည် ။

အဆင့် ၃ အကဲဖြတ်မှူး တစ်ဦးအနေဖြင့် တန်ရွှင်းအတွက် အရိပ်ဝံပုလွေကို ယဉ်ပါးအောင် လုပ်ရန်မှာ အလွန်လွယ်ကူလှပေသည် ။ သူသည် တစ်ချက် ကြည့်ရုံဖြင့် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို နားလည်သွားသည် ။

“ဒါက အကဲဖြတ်မှုအမှား မဟုတ်တာ အမှန်ပဲ ။ ဒီအရိပ်ဝံပုလွေရဲ့ ဖုံးကွယ်နေတဲ့ သွေးမျိုးဆက်က အရမ်း နက်နဲလွန်းတော့ သားရဲအကဲဖြတ်မှုမှာ အလွန်ကျွမ်းကျင်တဲ့သူတွေပဲ သတိထားမိနိုင်မှာ ။ နောက်ပြီး အဖေ ထင်တာ မမှားဘူးဆိုရင် ဒီဝံပုလွေရဲ့ သွေးမျိုးဆက်ကို နှိုးဆွပေးလိုက်တာက ‘သွေးတံဆိပ်’ ပဲ ။ ဒါက ဌာနချုပ်က လက်ရွေးစင် အကဲဖြတ်မှူး အနည်းငယ်ပဲ တတ်မြောက်တဲ့ အလွန်နက်နဲတဲ့ တံဆိပ်ခတ်နည်း ပညာရပ်ပဲ”

သူသည် လင်းကျင်း၏ အရည်အချင်းကို သွယ်ဝိုက်၍ ချီးကျူးလိုက်ခြင်း ဖြစ်သည် ။

ဝမ်ကျိသည်လည်း သွေးတံဆိပ် အကြောင်းကို ကြားဖူးသည် ။ သို့သော် သူသည် ထိုပညာရပ်တွင် အဆင့်မမီသဖြင့် သားရဲ၏ သွေးမျိုးဆက်ကို တစ်ကြိမ်တည်းဖြင့် အောင်မြင်အောင် နှိုးဆွနိုင်စွမ်း မရှိပေ ။

“လင်းအာ... သမီးက ဌာနချုပ်က လွှတ်လိုက်တဲ့ စစ်ဆေးရေးမှူး ဖြစ်တဲ့အတွက် ဒီလင်းကျင်းက သားရဲအကဲဖြတ်မှူးအဖြစ် ဆက်လက် လုပ်ကိုင်ဖို့ သင့်တော်သလား ဆိုတာကို သမီးပဲ ဆုံးဖြတ်ရမှာ ။ အဖေကတော့ ဒီကိစ္စမှာ ဝင်မပါတော့ဘူး”

တန်ရွှင်းက ပြောလိုက်၏ ။

သူသည် ဝင်မပါဟု ပြောသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ထင်ရှားလှပေသည် ။

တန်လင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည် ။

“ဥက္ကဋ္ဌဝမ်... ကျေးဇူးပြုပြီး လင်းကျင်းရဲ့ အရင်က အကဲဖြတ်မှု မှတ်တမ်းအားလုံးကို ကျွန်မဆီ ပေးပါ ။ ကျွန်မ စစ်ဆေးချင်လို့ပါ ။ နောက်ပြီး သူ ရေးထားတဲ့ အစီရင်ခံစာ အချို့ကိုလည်း ယူလာပေးပါ”

သူမသည် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် အရည်အချင်းရှိသော စစ်ဆေးရေးမှူးတစ်ဦး၏ ပုံစံကို ပြသလိုက်သည် ။

ဤရလဒ်ကို လက်မခံလိုသော ဝမ်ကျိက ပြောလိုက်၏ ။

“အကဲဖြတ်မှူး တန်လင်းရဲ့ ကျိန်စာကို ဖြေပေးခဲ့သူက လင်းကျင်း ဖြစ်မယ်လို့ ကျွန်တော် မထင်ဘူး ။ ကျွန်တော် သိသလောက်တော့ သူ့မှာ အဲဒီလို လုပ်နိုင်စွမ်း မရှိပါဘူး ။ နောက်ပြီး အကယ်၍ သူသာ တကယ် လုပ်ခဲ့တာဆိုရင် သူ ဘာလို့ မပြောခဲ့တာလဲ ။ ဒီကိစ္စကို ထပ်ပြီး စုံစမ်းဖို့ လိုဦးမယ်လို့ ကျွန်တော် ထင်ပါတယ်”

တန်လင်းက မျက်မှောင်ကြုတ်လိုက်မိသည် ။

အရင်က သူမသည် လင်းကျင်းအပေါ် အငြိုးထားခဲ့သော်လည်း ယခုအခါ သူသည် သူမ၏ အသက်ကို ကယ်ခဲ့သော ကျေးဇူးရှင် ဖြစ်ကြောင်း သိသွားသဖြင့် တန်လင်း၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည် ။ အစက ဝမ်ကျိ၏ သံသယဖြစ်ဖွယ် အပြုအမူများကို သူမ သတိမထားမိခဲ့ပေ ။ သို့သော် အခု ပြန်စဉ်းစားကြည့်လျှင် ဝမ်ကျိသည် လင်းကျင်းအပေါ် ဘက်လိုက်နေပြီး သူ့ကို ဖျက်ဆီးရန် နည်းလမ်းအမျိုးမျိုး ရှာနေခဲ့သည်မှာ ထင်ရှားလှပေသည် ။

“ဥက္ကဋ္ဌဝမ်... ကျွန်မပဲ ဆုံးဖြတ်ပါ့မယ် ။ ကျွန်မ ခိုင်းတဲ့အတိုင်းပဲ လုပ်ပါ”

တန်လင်းက အေးစက်စွာ ပြန်ပြောလိုက်သည် ။

မည်သည့် ဆင်ခြေမှ ပေး၍ မရတော့သဖြင့် ဝမ်ကျိမှာ လူလွှတ်၍ လင်းကျင်း၏ အကဲဖြတ်မှု မှတ်တမ်းများကို သွားယူခိုင်းလိုက်ရတော့သည် ။

အစီရင်ခံစာများနှင့် ပတ်သက်၍မူ သူသည် တစ်ခုမှ သိမ်းမထားခဲ့ပေ ။ သို့သော် ကျောက်ရင်း ရှိနေသဖြင့် သူမသည် ဟန်ဒုန်းကို လွှတ်၍ သူတို့ဆီမှာ ရှိသည့် မိတ္တူများကို ချက်ချင်း သွားယူခိုင်းလိုက်သည် ။

မကြာမီ လိုအပ်သော စာရွက်စာတမ်းများ ရောက်လာပြီး တန်လင်းက ထိုနေရာတွင်ပင် စစ်ဆေးတော့သည် ။ သူမသည် တရားမျှတသော စိတ်ဖြင့် ပြန်လည် ကြည့်ရှုလိုက်သောအခါ ဘယ်နေရာမှာ ပြဿနာ ရှိနေသလဲဆိုတာကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည် ။ ပထမဆုံး အနေဖြင့် လင်းကျင်း၏ အကဲဖြတ်ချက်များကို ကြည့်လိုက်သည် ။

ပါဝင်သည့် အကြောင်းအရာများမှာ တစ်ဖက်သတ် ဆန်လွန်းပြီး ရှာမတွေ့နိုင်သော အချက်များဖြင့်သာ အများဆုံး ပြည့်နှက်နေသည် ။ ထို့ပြင် အခြားသူများ၏ အကဲဖြတ်ချက်တွင် ပါဝင်သော သေးငယ်သော အမှားများကို လင်းကျင်း၏ ကိစ္စတွင်မူ လက်ခံနိုင်စရာ မရှိသော ကြီးမားသည့် အမှားများအဖြစ် ချဲ့ကားထားသည် ။

“လင်းကျင်းရဲ့ အကဲဖြတ်မှု အမှတ်တွေက ဘာလို့ ဒီလောက် နိမ့်နေရတာလဲဆိုတာ မဆန်းတော့ဘူး”

တန်လင်းက ဝမ်ကျိကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် ။

အကယ်၍ ဘာတွေ ဖြစ်နေသလဲဆိုတာကို သူမသာ နားမလည်ခဲ့လျှင် သူမသည် တကယ့်ကို လူမိုက်တစ်ယောက် ဖြစ်သွားပေလိမ့်မည် ။

ဝမ်ကျိသည် လင်းကျင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းမှာ ထင်ရှားလှပေသည် ။

၎င်းကို သူသည် အရှက်မရှိ ပြောင်ပြောင်တင်းတင်းပင် လုပ်ဆောင်ခဲ့သည် ။

ထို့နောက် သူမသည် ကျောက်ရင်းဆီက ရလာသော အစီရင်ခံစာများကို ကြည့်လိုက်သည် ။ သူမ ပထမဆုံးအကြိမ် စစ်ဆေးစဉ်က လင်းကျင်း၏ အစီရင်ခံစာများကို သေချာ မကြည့်ခဲ့မိသည့်အတွက် သူမကိုယ်တိုင်၏ မဆင်ခြင်မှုကိုလည်း နောင်တရမိသည် ။ သူမသည် စစ်ဆေးရေးမှူးတစ်ဦး၏ တာဝန်ကို ပေါ့လျော့ခဲ့မိသည် ။

ယခု သေချာ ကြည့်လိုက်သောအခါ ပါဝင်သည့် အကြောင်းအရာများကြောင့် သူမမှာ ချက်ချင်းပင် အံ့ဩသွားရသည် ။ ဤအစီရင်ခံစာများမှာ ဌာနချုပ်တွင်ပင် ကိုးကားစရာ အချက်အလက်များအဖြစ် အသုံးပြုနိုင်ပေသည် ။

ဤသည်မှာ ဝမ်ကျိက လင်းကျင်းအပေါ် ဝေဖန်ခဲ့သည်များနှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည် ။

ထိုအချိန်တွင် ဝမ်ကျိမှာ ဘာမှ မပြောဘဲ တိတ်ဆိတ်စွာပင် ရှိနေသည် ။

သူ ဘာမှ ပြော၍ မရနိုင်တော့ပေ ။

သို့သော် သူသည် မကြောက်ပေ ။ လက်အောက်ငယ်သားများကို အကဲဖြတ်ရာတွင် တစ်ဦးချင်းစီ၏ အမြင်များ ပါဝင်နေတတ်ခြင်းမှာ သဘာဝပင် ဖြစ်သည် ။ အရာအားလုံးကို သူကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် ဘက်လိုက်မှု ရှိခဲ့လျှင်ပင် ၎င်းကို မတော်တဆ အမှားတစ်ခုအဖြစ် ဝမ်ကျိက ဆင်ခြေပေးနိုင်သည် ။

သူသည် ဓားစာခံ တစ်ယောက်ယောက်ကို အပြစ်လွှဲချလိုက်ရုံဖြင့် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည် ။

ထိုအချိန်မှာပင် ဝမ်ကျိက စကားပြောလိုက်သည် ။

“ကျွန်တော်က လင်းကျင်းနဲ့ နေ့တိုင်း ထိတွေ့မှု မရှိပါဘူး ။ ဒီလို အသင်းချုပ် အကြီးကြီးမှာ အရာအားလုံးကို ဂရုစိုက်ဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ကူလှဘူး ။ ကျန်းဟယ်... မင်းက လင်းကျင်းရဲ့ နေ့စဉ်ကိစ္စတွေကို မှတ်တမ်းတင်ရတဲ့သူပဲ ။ ပြောစမ်း... သူ့ရဲ့ အမှတ်တွေက ဘာလို့ ဒီလောက် နိမ့်နေရတာလဲ ။ မင်း တင်ပြတဲ့ အစီရင်ခံစာတွေထဲမှာ မင်းရဲ့ ဘက်လိုက်တဲ့ အမြင်တွေ ဘယ်လောက်တောင် ပါနေလို့လဲ”

ဝမ်ကျိသည် ဓားစာခံကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည် ။

ကျန်းဟယ်မှာ ထိတ်လန့်လွန်းသဖြင့် တုန်ယင်သွားသည် ။ သို့သော် သူသည်လည်း ငတုံး မဟုတ်ပေ ။ သူသည် အပြစ်တင်ခံရတော့မည်ကို သိလိုက်သဖြင့် ချက်ချင်းပင် ပြောလိုက်သည် ။

“ဥက္ကဋ္ဌ... အကဲဖြတ်မှူးတန်... ဒါ ကျွန်တော့် အမှားပါ ။ ကျွန်တော်က သေချာ မစစ်ဆေးဘဲ သူများပြောတာတွေကိုပဲ နားထောင်ပြီး မှတ်တမ်းတင်ခဲ့မိလို့ အချို့နေရာတွေမှာ နည်းနည်း လွန်သွားတာတွေ ရှိနိုင်ပါတယ် ။ ဒါပေမဲ့ ပါဝင်တဲ့ အချက်အလက် အများစုကတော့ အမှန်တွေပါပဲ”

ထိုအချိန်တွင် နန်ကုန်းရှန်ကလည်း ဝင်ပြောလိုက်သည် ။

“ဒါက ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ လင်းကျင်းနဲ့ ပတ်သက်တဲ့ အဓိက ပြဿနာက အရင်က အကဲဖြတ်မှုအမှားပဲ ။ အခုတော့ အဲဒါက မဟုတ်ဘူးဆိုတာ သက်သေပြပြီးပြီဆိုတော့ အရင်က ပြစ်ဒဏ်တွေကို ပယ်ဖျက်ပေးလိုက်ရုံပါပဲ ။ အဆိုးဆုံး ဖြစ်ရင်တောင် လင်းကျင်းကို တရားဝင် အကဲဖြတ်မှူးအဖြစ် ပြန်ပြီး သတ်မှတ်ပေးလိုက်လို့ ရပါတယ်”

အကြီးအကဲတစ်ယောက် ဖြစ်သည့်အတိုင်းပင် သူ၏ ပထမဆုံး စကားမှာ ပြဿနာကို သေးသွားအောင် လုပ်လိုက်ခြင်း ဖြစ်ပြီး ထို့နောက်တွင်မူ ၎င်းကို မရှိတော့သကဲ့သို့ ဖြစ်အောင် လုပ်လိုက်ခြင်း ဖြစ်သည် ။ သူသည် အချို့လူများကို တာဝန်ယူခိုင်းစေချင်ပုံ မရပေ ။

ထို့ပြင် သူသည် ထိုအကဲဖြတ်မှုအမှားကို စစ်ဆေးရာတွင် တန်လင်းကိုယ်တိုင်လည်း ပါဝင်ခဲ့ကြောင်းကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်း ဖြစ်သည် ။ အကယ်၍ သူတို့က တာဝန်ယူရမည်ဆိုလျှင် သူမသည်လည်း လွတ်မှာ မဟုတ်ပေ ။

ဒါက တကယ့်ကို လိမ္မာပါးနပ်သော နည်းလမ်းတစ်ခု ဖြစ်သည် ။ ဝမ်ကျိနှင့် ကျန်းဟယ်တို့မှာ စိတ်ထဲတွင် ဝမ်းသာသွားကြပြီး ‘လူဆိုတာ အသက်ကြီးလေ ပိုပြီး ပညာရှိလေ’ ဟု တွေးနေကြသည် ။ အကြီးအကဲနန်က သူတို့ဘက်က ရပ်တည်ပေးနေသဖြင့် ယနေ့ကိစ္စမှာ ဒီအတိုင်းပင် ပြီးသွားလိမ့်မည်ဟု သူတို့ ထင်ထားကြသည် ။

သို့သော် သူတို့ အံ့ဩသွားသည်မှာ တန်လင်းသည် ထိုသို့သော သဘောထားမျိုး မရှိခြင်းပင် ဖြစ်သည် ။

တစ်နည်းအားဖြင့် ပြောရလျှင် သူမ၏ မာနက ထိုသို့ လုပ်ရန် ခွင့်မပြုပေ ။

“ကျွန်မရဲ့ အမှားအတွက် ကျွန်မ တာဝန်ယူပါ့မယ် ။ ဒီနေ့ပြီးရင် ကျွန်မ စစ်ဆေးရေးမှူး ရာထူးကနေ နုတ်ထွက်မှာ ဖြစ်သလို မေပယ်မြို့ အသင်းချုပ်အနေနဲ့လည်း ဒီလိုမျိုး နောက်ထပ် မဖြစ်အောင် အရေးယူမှုတွေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရပါလိမ့်မယ်”

သူမသည် ဤကိစ္စကို တရားမျှတစွာ ပြီးဆုံးအောင် လုပ်ရန် အသေအချာ ဆုံးဖြတ်ထားပုံရသည် ။

နန်ကုန်းရှန်က ဘာမှ မပြောဘဲ မျက်မှောင်ကြုတ်လိုက်သည် ။ တန်လင်းက သူ မျှော်လင့်ထားသည့် ရိုသေမှုကို မပြသဖြင့် သူ ဘာမှ ဆက်မလုပ်နိုင်တော့ပေ ။ သူသည် ဝမ်ကျိကို ကြည့်ကာ ယခုတစ်ကြိမ်တွင် သူ မကူညီနိုင်တော့ကြောင်း အချက်ပြလိုက်သည် ။

ယခုအချိန်တွင် ပြတ်သားမှု ပြသရမည်ကို သိလိုက်သဖြင့် ဝမ်ကျိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည် ။

“အကဲဖြတ်မှူးတန် ပြောတာ မှန်ပါတယ် ။ ကျွန်တော့်မှာလည်း တာဝန်ရှိတဲ့အတွက် ကျွန်တော့်ရဲ့ လစာ သုံးလစာကို ဖြတ်တောက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးပါ့မယ် ။ ကျန်းဟယ်ရဲ့ အကြံပေးခန်းမ ဖွင့်ခွင့်ကိုလည်း ပယ်ဖျက်လိုက်ပြီး သူ့ကို သာမန် အလုပ်သင်အဆင့်ကို လျှော့ချလိုက်ပါ့မယ် ။ သူ့ကို အသင်းချုပ်မှာပဲ ထားပြီး စောင့်ကြည့်သွားမှာ ဖြစ်သလို အကယ်၍ သူက မပြုပြင်ဘူးဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာပါ”

အလုပ်သင်တစ်ဦး အကြံပေးခန်းမ ကိုယ်ပိုင်ဖွင့်နိုင်ရန်မှာ နှစ်ပေါင်းများစွာ ခက်ခဲစွာ ကြိုးစားခဲ့ရခြင်း ဖြစ်သည် ။ အခုတော့ သူ၏ အကြံပေးပိုင်ခွင့်ကို ပယ်ဖျက်လိုက်ခြင်းမှာ သူ၏ ခန်းမကို ပိတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားခြင်း ဖြစ်သည် ။ ကျန်းဟယ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသော်လည်း သူသည် လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ ။

အသင်းချုပ်ကနေ နှင်ထုတ်ခံရတာထက်စာရင် အကြံပေးခန်းမ ပိတ်လိုက်ရတာက ပိုကောင်းပါသေးသည် ။

နန်ကုန်းရှန်သည် ဤကိစ္စကို ဤနေရာတွင်ပင် အဆုံးသတ်စေချင်သဖြင့် အဆင့် ၃ အကဲဖြတ်မှူး တန်ရွှင်းကို သူတို့ ကြိုတင် ပြင်ဆင်ထားသော စားပွဲသို့ ဖိတ်ကြားလိုက်သည် ။ ဝမ်ကျီသည်လည်း ချက်ချင်းပင် သတိရသွားပြီး ပြောလိုက်၏ ။

“ဩော်... ကျွန်တော့် မှတ်ဉာဏ်ကလည်း ညံ့လိုက်တာ ။ အကြီးအကဲတန်က ကျွန်တော်တို့ မေပယ်မြို့ အသင်းချုပ်ကို အဝေးကြီးကနေ လာခဲ့တာဆိုတော့ ဧည့်ဝတ်ပြုဖို့ တာဝန်ရှိတာပေါ့ ။ လေသံလှိုင်း စားသောက်ဆိုင်မှာ အကောင်းဆုံး ဟင်းလျာတွေ ပြင်ဆင်ထားပြီး ဝိုင်းတစ်ခုလည်း ကြိုတင်မှာထားပါတယ် ။ အကြီးအကဲတန်လည်း ကြွရောက်ပေးဖို့ မျှော်လင့်ပါတယ် ။ ဒါမှ ကျွန်တော်တို့လည်း သားရဲအကဲဖြတ်မှု ပညာရပ်တွေကို လမ်းညွှန်မှု ခံယူနိုင်မှာပါ”

သို့သော် တန်ရွှင်းက ခေါင်းခါလိုက်ပြီး ပြောလိုက်၏ ။

“မေပယ်မြို့ အသင်းချုပ်ရဲ့ ပြည်တွင်းရေးမှာ ဝင်မပါဖို့ သမီးက ပြောထားတာမို့ အဖေလည်း ဝင်မပါတော့ပါဘူး ။ ဒါပေမဲ့ ငါ တန်ရွှင်းကတော့ သမီးရဲ့ ကျေးဇူးရှင် ထွက်လာတာကို ကိုယ်တိုင် စောင့်ပြီး ကျေးဇူးတင်စကား ပြောချင်ပါတယ်”

All Chapters