အခန်း (၇၇-၇၈)
Vol. 4 Ch. 77-78
အခန်း (၇၇) - သူတို့အားလုံး ဒီကို ရောက်နေကြပြီ
တန်ရွှင်းက သူ၏ကျေးဇူးရှင်ကို စောင့်မည်ဟု ပြောလိုက်သောကြောင့် ဝမ်ကျိနှင့် နန်ကုန်းရှန်တို့မှာလည်း ငြင်းဆန်ရန် ခက်ခဲသွားရသည် ။ ထို့ပြင် သူတို့ချည်းပဲ ထွက်သွားရန်မှာလည်း မသင့်တော်ဟု ထင်ရသဖြင့် လင်းကျင်းကို အတူတူ စောင့်ရန် ဆုံးဖြတ်လိုက်ကြသည် ။
ဝမ်ကျိမှာတော့ စိတ်ထဲတွင် အကြီးအကျယ် ဒေါသထွက်နေပေသည် ။
ဒါက လင်းကျင်းအတွက် အဆုံးသတ် ဖြစ်သင့်သော်လည်း ခဏချင်းမှာပင် ထိုလူသည် အခြေအနေအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့သည် ။
သို့သော် ဖြစ်ပြီးသမျှ ဖြစ်ခဲ့ပြီပင် ။ သူသည် အကဲဖြတ်မှတ်တမ်း အမှတ်များအတွက် ကျန်းဟယ်ကို ဓားစာခံအဖြစ် အပြစ်လွှဲချလိုက်ပြီး ဌာနချုပ်သို့ ကိုယ်တိုင် ရှင်းလင်းချက် ရေးသားပေးပို့မည်ဟု ဆုံးဖြတ်လိုက်သည် ။ ဤသို့ဆိုလျှင် သူ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည် ။
လင်းကျင်းနှင့် ပတ်သက်၍မူ ဝမ်ကျိသည် လောလောဆယ်တွင် ဘာမှ မလုပ်ရန် ဆုံးဖြတ်လိုက်သည် ။ သူသည် အချိန်အနည်းငယ် ထပ်စောင့်ကြည့်ဦးမည် ဖြစ်သည် ။
ဝမ်ကျိအကြံထုတ်နေစဉ်မှာပင် သူ၏နောက်ကွယ်မှ ဆူညံသံများကို ကြားလိုက်ရသည် ။ လှည့်ကြည့်လိုက်သောအခါ ကြီးမားသော နီလာလိပ်ကြီး တစ်ကောင်ကို မြင်လိုက်ရသည် ။ ဝမ်ကျီသည် ထိုလိပ်ကြီးမှာ ဇူမိသားစု၏ သခင်လေး ဇူချန်း၏ သားရဲဖြစ်ကြောင်း ချက်ချင်း သိလိုက်သည် ။ သူကိုယ်တိုင် ထိုလိပ်ကြီးကို ကုသရန် ကြိုးစားခဲ့ဖူးသော်လည်း ကု၍မရနိုင်ဟု ထင်ခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် ထိုလိပ်ကြီးမှာ ယခုအချိန်ဆိုလျှင် သေလောက်ပြီဟု သူ ယူဆထားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ဤနီလာလိပ်မှာ သေလုမျောပါး ဖြစ်နေပုံ မရဘဲ အလွန်ပင် အားအင် ပြည့်ဝနေသည်ဟု ဆိုလျှင်ပင် မမှားပေ ။
ဝမ်ကျိသည် မကြာသေးမီက အတော်လေး အလုပ်ရှုပ်နေခဲ့သဖြင့် လင်းကျင်းက ဤနီလာလိပ်ကို ကုသပေးခဲ့သည့် သတင်းကို မကြားခဲ့ရပေ ။
နီလာလိပ်၏ အနောက်တွင် လျှောက်လာသူများမှာ ဇူချန်းနှင့် သူ၏ဖခင် ၊ ဇူမိသားစု၏ အိမ်ထောင်ဦးစီး ဇူထျန်းဟုန်တို့ ဖြစ်ကြသည် ။
ဤလူသည် မေပယ်မြို့တွင် အလွန် ထင်ရှားသော အဆင့်အတန်းရှိသူ ဖြစ်ရာ သူသည် ဘာကြောင့် ရုတ်တရက် ရောက်လာရသနည်း ။
ဇူမိသားစု၏ အစေခံများမှာ ‘ထူးချွန်ထက်မြက်သော အကဲဖြတ်မှူး'’ ဟု ရေးသားထားသော ဂုဏ်ပြုဆိုင်းဘုတ်တစ်ခုကို ထမ်းလာကြသည် ။
ဂုဏ်ပြုဆိုင်းဘုတ်တစ်ခုပင် ။
သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင် ဂုဏ်ပြုဆိုင်းဘုတ်များ ပေးအပ်ခြင်းမှာ သာမန် မြင်ကွင်းတစ်ခုပင် ဖြစ်သည် ။ ဝမ်ကျိကိုယ်တိုင်၏ အကြံပေးခန်းမ နံရံတွင်လည်း ဤကဲ့သို့သော ဆိုင်းဘုတ် ဆယ်ခုထက်မက ချိတ်ဆွဲထားသည် ။
ဇူထျန်းဟုန်မှာ အဆင့်အတန်း မြင့်မားသူ ဖြစ်သဖြင့် ဝမ်ကျိမှာ သွားရောက် နှုတ်ဆက်ရတော့သည် ။
သို့သော် ထိုသူ့ထံမှ ပထမဆုံး ကြားလိုက်ရသော စကားက ဝမ်ကျိကို ယင်ကောင်တစ်ကောင် မျိုချလိုက်ရသကဲ့သို့ စိတ်မသက်မသာ ဖြစ်သွားစေသည် ။
ဇူထျန်းဟုန်က ပြောလိုက်သည် ။
“ဥက္ကဋ္ဌဝမ်... အကဲဖြတ်မှူးလင်း ဘယ်မှာ ရှိသလဲဆိုတာ သိပါရစေ ။ ကျွန်တော့်သားရဲ့ သားရဲရောဂါကို ကုသပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုဆိုင်းဘုတ် လာပေးတာပါ”
ဒါက လင်းကျင်းအတွက် ဖြစ်နေသည် ။
‘သူတို့ ဘာအတွက် လာသလဲဆိုတာသာ ကြိုသိရင် ငါ လုံးဝ ထွက်လာမှာ မဟုတ်ဘူး’ ဟု ဝမ်ကျိက စိတ်ထဲတွင် ရေရွတ်လိုက်မိသည် ။
သို့သော် ရောက်လာမှတော့ ဝမ်ကျိမှာ အောင့်သက်သက် အပြုံးဖြင့်သာ ပြောလိုက်ရသည် ။
“လင်းကျင်းက စာမေးပွဲ ဖြေနေတုန်းပါ ။ သူ ထွက်လာတဲ့အခါ ဇူသခင်ကြီး ကိုယ်တိုင်ပဲ ပေးအပ်နိုင်ပါတယ်”
ဇူထျန်းဟုန်က ခေါင်းငြိမ့်လိုက်၏ ။
သူ့အနောက်မှာ ပါလာသော ဇူချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည် ။ ကျောက်ရင်းတို့ လူစုကို မြင်သောအခါ သူသည် ထိုဘက်သို့ လျှောက်သွားလိုက်သည် ။
“ဘယ်လိုလဲ... ငါ့အဖေကို ကိုယ်တိုင်လာပြီး ဂုဏ်ပြုဆိုင်းဘုတ် ပေးခိုင်းလိုက်တာ ။ အကဲဖြတ်မှူးလင်းဟာ နာမည်နဲ့ လိုက်ဖက်တဲ့သူ မဟုတ်ဘူးလို့ ဘယ်သူ ပြောရဲသေးလဲ ကြည့်ရသေးတာပေါ့”
ဇူချန်းသည် ဤအကြံကို လွန်ခဲ့သော အချိန်ကတည်းက စဉ်းစားထားခြင်း ဖြစ်သည် ။ သူသည် လင်းကျင်းအပေါ် ကျေးဇူးရှိနေသဖြင့် လင်းကျင်း၏ အကဲဖြတ်မှူးရာထူး ပယ်ဖျက်ခံလိုက်ရသည်ဟု ကြားသောအခါ လင်းကျင်းကို အားပေးရန်အတွက် ဤဆိုင်းဘုတ်ကို သုံးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည် ။
ဇူချန်း၏ အကြံမှာ အမှန်တကယ်ပင် ထိရောက်လှပေသည် ။ သူတို့ လမ်းတစ်လျှောက် လာခဲ့စဉ်ကပင် ဤဂုဏ်ပြုဆိုင်းဘုတ်မှာ လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိခဲ့သည် ။ ဇူမိသားစု၏ အိမ်ထောင်ဦးစီး ကိုယ်တိုင် ဆိုင်းဘုတ်လာပေးသည်ကို မသတိထားမိဘဲ နေစရာ အကြောင်းမရှိပေ ။
ယခုအခါ လင်းကျင်းသည် သူ၏ ရာထူးနှင့် မထိုက်တန်ဟု မည်သူက ပြောရဲတော့မည်နည်း ။
လင်းကျင်း၏ အရည်အချင်းကို သက်သေပြရန် အချက်အလက်များစွာ ရှိနေပြီ ဖြစ်ပြီး ဤဇူမိသားစု၏ ဆိုင်းဘုတ်မှာ လင်းကျင်း၏ ပညာရပ်ကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည် ။
“ဒီနေ့က ထူးခြားတဲ့နေ့လား ။ ဘာလို့ ဒီလောက်တောင် စည်ကားနေရတာလဲ”
လူအုပ်ထဲမှ တိုးထွက်လာသော လူနှစ်ဦးက မှတ်ချက်ပေးလိုက်သည် ။
ဝမ်ကျိသည် ထိုသူနှစ်ဦးထဲမှ တစ်ဦးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အပြေးအလွှား သွားလိုက်သည် ။
ဇူမိသားစု၏ အရှင်သခင် ဇူထျန်းဟုန်ကိုတောင် ဝမ်ကျိက ဤကဲ့သို့ တုံ့ပြန်ခြင်း မရှိခဲ့ပေ ။ ထို့ကြောင့် ရောက်လာသူမှာ မည်မျှ အရှိန်အဝါ ကြီးမားသူ ဖြစ်မည်ကို ခန့်မှန်းနိုင်ပေသည် ။
“ဆရာကြီးဂူ... ဘာလို့ ဒီကို ရောက်နေတာလဲ”
ဝမ်ကျီမှာ အတော်လေး အံ့ဩသွားရသည် ။
ရောက်လာသော ထိုထူးခြားသည့် ပုဂ္ဂိုလ်မှာ အခြားသူ မဟုတ်ဘဲ ပန်းချီဆရာကြီး ဂူမုန်းကျုံးပင် ဖြစ်သည် ။ ဂူမုန်းကျုံး၏ အနောက်တွင် ပါလာသော သက်ကြီးရွယ်အိုမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း လူအတော်များများက သူ့ကို သိကြသည် ။
“ဒါ လျောင်ကု ပဲ ။ စားဖိုမှူးကြီးလျောင်လေ”
“ကြားတာတော့ လေသံလှိုင်း စားသောက်ဆိုင်က ကိစ္စပြီးကတည်းက စားဖိုမှူးကြီးလျောင်က စိတ်ဆိုးပြီး ထွက်သွားတာတဲ့ ။ အဲဒီနောက်ပိုင်း သူတို့ ဆိုင်ကလည်း အခြေအနေ တော်တော် ဆိုးသွားတာ”
“ငါ သိတယ် ။ အဲဒါက အကဲဖြတ်မှူးလင်းနဲ့လည်း ပတ်သက်နေတယ်လို့ ကြားတယ်...”
ဝမ်ကျီသည် လျောင်ကုကို ဂရုမစိုက်သော်လည်း ဂူမုန်းကျုံးကိုတော့ မရိုမသေ မလုပ်ရဲပေ ။ ဤပန်းချီဆရာကြီးမှာ သြဇာရှိသော ပုဂ္ဂိုလ်များစွာနှင့် ရင်းနှီးသူ ဖြစ်ပြီး သူ၏ စကားတစ်လုံးက ဝမ်ကျီ၏ အလုပ်အကိုင်အပေါ် သက်ရောက်မှု ရှိနိုင်ပေသည် ။
ဝမ်ကျီကို မြင်သောအခါ ဂူမုန်းကျုံးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်၏ ။
“ကျွန်တော့် သူငယ်ချင်းအတွက် အားပေးဖို့ လာတာပါ ။ သူ မတရား ခံနေရတယ်လို့ ကြားလို့ ၊ သူ့အတွက် တရားမျှတမှု ပြန်တောင်းပေးဖို့ လာခဲ့တာ”
ဤသည်ကို ကြားသောအခါ ဝမ်ကျီမှာ ပို၍ ပျာယာခတ်သွားရသည် ။
‘ဆရာကြီးဂူကလည်း လင်းကျင်းအတွက် ရောက်လာတာတော့ မဟုတ်ပါဘူးနော်’ ဟု သူ စိတ်ထဲတွင် စိုးရိမ်တကြီး မေးလိုက်မိသည် ။
၎င်းက ဖြစ်နိုင်ခြေ ရှိပေသည် ။
လေသံလှိုင်း စားသောက်ဆိုင်က ကိစ္စကို ကြားဖူးထားသဖြင့် ဝမ်ကျိ၏ မျက်နှာမှာ ပို၍ ပျက်သွားရသည် ။
“ဆရာကြီးဂူ... တိုက်ဆိုင်လိုက်တာ”
တန်ရွှင်းက ပြုံးပြီး နှုတ်ဆက်လိုက်ကာ ထိုဘက်သို့ လျှောက်သွားသည် ။
တန်ရွှင်း ဖြစ်နေကြောင်း မြင်သောအခါ ဂူမုန်းကျုံးက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ပြုံးလိုက်၏ ။
“အာ... အကဲဖြတ်မှူးတန် ။ ခင်ဗျား မေပယ်မြို့ကို ရောက်နေတယ်လို့ ကြားပါတယ် ။ ကျွန်တော် လာတွေ့ချင်ပေမဲ့ အခွင့်အရေး မရသေးလို့ပါ”
“ဆရာကြီးဂူကလည်း အားနာစရာတွေ ပြောနေပြန်ပြီ ။ ကျွန်တော်ကသာ ဆရာကြီးဆီ လာရမှာပါ ။ ကျောက်စိမ်းနဂါးမြို့မှာတုန်းက ဆရာကြီးကို တွေ့ဖို့ တော်တော် ခက်ခဲ့တာ ။ ပန်းချီတစ်ချပ်လောက် တောင်းရင်လည်း ဆရာကြီးက အမြဲပဲ ရှောင်နေခဲ့တာပဲ ။ နောက်ဆုံးတော့ တခြားနည်းလမ်းတွေ သုံးပြီးမှ ဆရာကြီးရဲ့ လက်ရာတစ်ခုကို ရခဲ့တာ ။ တကယ့်ကို ခက်ခဲခဲ့တာပါပဲ”
တန်ရွှင်းက အမှန်တကယ်ပင် စိတ်ပျက်နေပုံရသည် ။ သို့သော် အဆင့် ၃ အကဲဖြတ်မှူး တစ်ဦးအနေဖြင့် သူ၏ သိက္ခာကို ထိန်းသိမ်းရမည် ဖြစ်သဖြင့် တတ်နိုင်သမျှ သွယ်ဝိုက်၍ ပြောလိုက်ခြင်း ဖြစ်သည် ။ သို့သော် ဂူမုန်းကျုံး၏ ရှေ့တွင်မူ သူသည် အရှုံးပေးရသည်မှာ သေချာသည် ။ အဘယ်ကြောင့်ဆိုသော် ထိုပန်းချီဆရာကြီးမှာ သိက္ခာပိုင်းကို ထိန်းသိမ်းရာတွင် တကယ့် ဆရာကြီး ဖြစ်သောကြောင့် ဖြစ်သည် ။
သူတို့နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းဟောင်းများ ဖြစ်ကြသဖြင့် အချိန်အတော်ကြာမှ ပြန်ဆုံသောအခါ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြခြင်းမှာ သဘာဝပင် ဖြစ်သည် ။
ဂူမုန်းကျုံးကလည်း ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်သည် ။
“အကဲဖြတ်မှူးတန်... အဲဒီအတွက် ကျွန်တော့်ကို အပြစ်တင်လို့ မရပါဘူး ။ ခင်ဗျားက ကျွန်တော့်ကို မင်မိစ္ဆာနဲ့ သွေးကတိကဝတ် ချုပ်နိုင်အောင် ကူညီပေးမယ်ဆိုရင် ပန်းချီတစ်ချပ် မဟုတ်ဘူး ၊ ဆယ်ချပ်တောင် ပေးမယ်လို့ ကျွန်တော်တို့ သဘောတူခဲ့တာပဲ ။ ခင်ဗျားက ဆယ်ရက်ပဲ ကြာမယ်လို့ ပြောခဲ့ပြီးတော့ နောက်တော့ ဘာဖြစ်သွားလဲ ။ ဆယ်ရက် ပြီးတော့ တစ်လ ၊ တစ်လ ပြီးတော့ သုံးလ ထပ်စောင့်ပါဦး ဆိုပြီး ဖြစ်ခဲ့တာလေ ။ ကျွန်တော် အဲဒီလောက်အထိ မစောင့်နိုင်ဘူး”
တန်ရွှင်းမှာ မျက်နှာ နီမြန်းသွားပြီး ပြောလိုက်၏ ။
“ဒါ ကျွန်တော့် အမှားပါ ။ ရှေးခေတ်ကတည်းက မင်မိစ္ဆာနဲ့ သွေးကတိကဝတ် ချုပ်ဖို့ဆိုတာ အလွန် ခက်ခဲတဲ့ အလုပ်တစ်ခုအဖြစ် သိထားကြတာပဲ ။ ဒါပေမဲ့ ကျွန်တော် နည်းလမ်း မရှာပေးခဲ့တာလည်း မဟုတ်ပါဘူး...”
“မဖြစ်နိုင်တဲ့ နည်းလမ်းဆိုတာ လေထဲမှာ တိုက်အိမ် ဆောက်နေတာနဲ့ အတူတူပါပဲ ။ ခင်ဗျား ကျွန်တော့်ကို ဘာတွေ ရှာခိုင်းခဲ့လဲ မှတ်မိလား ။ ကြယ်တာရာမြက်တွေနဲ့ မြတ်စွာမင်သားရဲသစ်သားတွေလိုမျိုး ခင်ဗျားကိုယ်တိုင်တောင် မမြင်ဖူးတဲ့ အရာတွေကို ရှာခိုင်းခဲ့တာလေ ။ ကျွန်တော်က အဲဒါတွေကို ဘယ်မှာ သွားရှာရမှာလဲ ။ ဒါက လိမ်ညာတာ မဟုတ်ဘူးလား ။ ဒါပေမဲ့ အကဲဖြတ်မှူးတန်... ခင်ဗျား အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် သိပါတယ် ။ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော် ကျောက်စိမ်းနဂါးမြို့ကို ပြန်ရောက်ရင် အားတဲ့အချိန်မှာ ခင်ဗျားအတွက် ပန်းချီတစ်ချပ် ဆွဲပေးပါ့မယ်”
မင်မိစ္ဆာ အကြောင်းကို ပြောလိုက်သောအခါ ဂူမုန်းကျုံးမှာ စိတ်လှုပ်ရှားသွားသည် ။ လွန်ခဲ့သော ရက်အနည်းငယ်က မင်မိစ္ဆာနှင့်အတူ ဓားသိုင်းကို လေ့ကျင့်ခဲ့သဖြင့် သူ သင်ယူခဲ့သော အတတ်ပညာအချို့ကို ယခု ပြသချင်နေသည် ။ သူ ဘယ်သွားသွား ဓားတစ်ချောင်းကို အမြဲ ဆောင်ထားလေ့ရှိသဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေပေသည် ။
သူ အားလုံးကို စဉ်းစားပြီးပြီ ဖြစ်သည် ။ မင်မိစ္ဆာ ဓားကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီဆိုလျှင် သူသည် ကမ္ဘာအနှံ့ လှည့်လည်ရင်း ရန်သူမှန်သမျှကို ဓားတစ်ချက်တည်းဖြင့် နှိမ်နင်းတော့မည် ဖြစ်သည် ။ ထိုအခါ သူသည် ရှေးခေတ်က ဝိညာဉ်ဓားသမားများကဲ့သို့ ဒဏ္ဍာရီ ဖြစ်လာလိမ့်မည် ဖြစ်သည် ။ ဤအကြောင်းကို တွေးမိရုံဖြင့်ပင် သူသည် စိတ်လှုပ်ရှားနေရသည် ။
သူ ကြွားချင်နေသည်မှာ သေချာသဖြင့် ဂူမုန်းကျုံးသည် သူ၏ ဝတ်ရုံစကို အသာအယာ ခါလိုက်သောအခါ မင်စက်တစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးပေါ်တွင် ဝဲပျံနေသည် ။ ၎င်းမှာ တကယ့်ကို ထူးခြားသော မြင်ကွင်းတစ်ခုပင် ဖြစ်သည် ။
တန်ရွှင်းမှာ ဤသည်ကို မြင်ပြီး မှင်တက်သွားရသည် ။
“ဒါက မင်မိစ္ဆာလား ။ ဆရာကြီးဂူ... ခင်ဗျား... ဘယ်တုန်းက သူ့နဲ့ သွေးကတိကဝတ် အောင်မြင်အောင် ချုပ်လိုက်တာလဲ”
တန်ရွှင်းမှာ အံ့ဩလွန်းသဖြင့် အော်ဟစ်လိုက်မိသည် ။
အဘယ်ကြောင့်ဆိုသော် ဂူမုန်းကျုံးသည် မင်မိစ္ဆာကို စတင် ရရှိခဲ့စဉ်ကပင် သွေးကတိကဝတ် ချုပ်နိုင်မည့် နည်းလမ်းကို ရှာပေးရန် တန်ရွှင်းထံ ချက်ချင်း လာရောက် အကူအညီ တောင်းခဲ့သောကြောင့် ဖြစ်သည် ။ သို့သော် ရှေးခေတ်ကတည်းက မင်မိစ္ဆာနှင့် သွေးကတိကဝတ် ချုပ်ရန်မှာ အလွန် ခက်ခဲသော အလုပ် ဖြစ်ခဲ့သည် ။ အဆင့် ၃ အကဲဖြတ်မှူး တစ်ဦးဖြစ်သည့်တိုင်အောင် သူ ရှာတွေ့ခဲ့သော နည်းလမ်းမှာ လက်ရှိ အခြေအနေတွင် အသုံးမပြုနိုင်သော နည်းလမ်း ဖြစ်နေသည် ။
ဥပမာအားဖြင့် ၊ သူသည် ဆေးလုံးဖော်စပ်ရန်အတွက် ကြယ်တာရာမြက်နှင့် မြတ်စွာမင်သားရဲသစ်သားတို့ကို လိုအပ်ခဲ့သော်လည်း ထိုဆေးဖက်ဝင် အပင်နှစ်မျိုးလုံးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်သည် ။ အကယ်၍ ရှိနေဦးမည်ဆိုလျှင်ပင် ၎င်းတို့ကို ရရှိရန်မှာ မလွယ်ကူပေ ။
သူသည် အခြားသော နည်းလမ်းများကို စဉ်းစားခဲ့သော်လည်း တစ်ခုမှ မသင့်တော်ခဲ့ပေ ။ ထို့ကြောင့် သူသည် ဂူမုန်းကျုံး၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည် ။
ဤအကြောင်းကြောင့်ပင် တန်ရွှင်းသည် ပိုကောင်းသော ဖြေရှင်းချက် မရှာနိုင်သဖြင့် ဂူမုန်းကျုံးကို ရှောင်နေခဲ့ခြင်း ဖြစ်သည် ။ သို့သော် လအနည်းငယ်ကြာအောင် မတွေ့ဖြစ်ကြဘဲ အခု ပြန်တွေ့သောအခါ ဂူမုန်းကျုံးမှာ သွေးကတိကဝတ်ကို အောင်မြင်အောင် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည် ။
ဂူမုန်းကျုံးသည် သူ၏ ဘာသာ နည်းလမ်းရှာတွေ့ခဲ့ခြင်းမှာ မဖြစ်နိုင်ကြောင်း တန်ရွှင်း သိသည် ။ ထိုလူသည် ကျွမ်းကျင်သော ပညာရှင်တစ်ဦးထံမှ လမ်းညွှန်မှု ရရှိခဲ့ခြင်းသာ ဖြစ်ရမည် ။
ယခုအခါ သူသည် ထိုပန်းချီဆရာကြီးကို အဆင့် ၃ မင်မိစ္ဆာနှင့် သွေးကတိကဝတ် ချုပ်နိုင်အောင် ကူညီပေးခဲ့သော နည်းလမ်းကို အလွန်ပင် သိချင်နေတော့သည် ။
“အခုတလောမှ လုပ်လိုက်တာပါ”
ဂူမုန်းကျုံးသည် ဘာမှ မလုပ်ဘဲနှင့်ပင် အထင်ကြီးခံရသည့် ဤစွမ်းရည်အပေါ် အလွန်ပင် ကျေနပ်နေသည် ။ ရှိနေသော သားရဲအကဲဖြတ်မှူး တိုင်းမှာ သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသဖြင့် မင်မိစ္ဆာ၏ မြင်ကွင်းက သူတို့ကို ဖမ်းစားထားသည်မှာ သေချာသည် ။
“ဘယ်လို အဆင့်မြင့် အကဲဖြတ်မှူးက ခင်ဗျားကို လမ်းညွှန်ပေးခဲ့တာလဲ”
တန်ရွှင်းက မေးလိုက်၏ ။
“အဆင့်မြင့် အကဲဖြတ်မှူး ဟုတ်လား ။ ခင်ဗျား မှားနေပြီ ။ သူက မေပယ်မြို့က သာမန် အဆင့် ၁ အကဲဖြတ်မှူး တစ်ယောက်ပါပဲ”
ဂူမုန်းကျုံး ပြန်ဖြေလိုက်သောအခါ လူအုပ်ကြီးမှာ မှင်တက်သွားကြသည် ။
အဆင့် ၁ အကဲဖြတ်မှူး တစ်ယောက် ဟုတ်လား ။
မေပယ်မြို့တွင် အဆင့် ၁ အကဲဖြတ်မှူး နှစ်ယောက်သာ ရှိပုံရသည် ။ တစ်ယောက်မှာ ကောင်းကျန့် ဖြစ်ပြီး အခြားတစ်ယောက်မှာ လင်းကျင်း ဖြစ်သည် ။
ထိုအကြောင်းကို ပြောနေစဉ်မှာပင် ဂေါင်ကျန်းမှာ ထိုနေရာသို့ ရောက်လာသည် ။ သူသည် ရာထူးတိုးစာမေးပွဲအတွက် စာရင်းပေးထားခြင်း ဖြစ်သော်လည်း လူအုပ်ကြီးကို မြင်သောအခါ တန်ရွှင်းနှင့် အခြားသူများကို နှုတ်ဆက်ရန် အပြေးအလွှား ရောက်လာခြင်း ဖြစ်သည် ။
ဆရာကြီးဂူကတော့ ဂေါင်ကျန်းကို တစ်ချက်တောင် လှည့်မကြည့်ပေ ။
ဤသို့ဆိုလျှင် ဉာဏ်ကောင်းသူတိုင်းအတွက် အဖြေက ရှင်းနေပြီ ဖြစ်သည် ။
“ဒါဆိုရင်...”
“အကဲဖြတ်မှူးလင်း နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီပေါ့”
အခန်း (၇၈) - ခွေးအချင်းချင်း ကိုက်ကြခြင်း
တန်လင်းသည် ရှေ့သို့လှမ်းလာပြီး ဂူမုန်းကျုံးကို နှုတ်ဆက်လိုက်သည် ။
“ဆရာကြီးဂူ... စောစောက ပြောသွားတဲ့ အဆင့် ၁ အကဲဖြတ်မှူးဆိုတာ လင်းကျင်းကို ပြောတာလား”
လူတိုင်း သိချင်နေကြသည့် မေးခွန်းကို သူမက မေးလိုက်ခြင်း ဖြစ်သည် ။
တန်ရွှင်း၏ မျက်လုံးများမှာလည်း တောက်ပသွားပြီး ဂူမုန်းကျုံးကို ကြည့်လိုက်သည် ။
ဂူမုန်းကျုံးကလည်း ဖုံးကွယ်ထားရန် မကြိုးစားပေ ။ သူသည် လင်းကျင်းကို အားပေးရန်အတွက် သီးသန့် လာခဲ့ခြင်း ဖြစ်သည် ။ လင်းကျင်း၏ အကြံပေးခန်းမ ပိတ်ခံလိုက်ရကြောင်း စားဖိုမှူးကြီးလျောင်ထံမှ ကြားသိခဲ့ရသဖြင့် သူသည် အလွန်ပင် ဒေါသထွက်နေခဲ့သည် ။ ၎င်းမှာ သူ ယနေ့ ရောက်လာရသည့် အဓိက အကြောင်းရင်းပင် ဖြစ်သည် ။
“ဟုတ်ပါတယ် ။ ကျွန်တော် လင်းကျင်းအကြောင်း ပြောနေတာပါ ။ လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့နဲ့ ရင်းနှီးခဲ့တုန်းက မေပယ်မြို့မှာ ဒီလို ထူးချွန်တဲ့ လူငယ်တစ်ယောက် ရှိနေတာကို သိလိုက်ရလို့ ကျွန်တော် တော်တော်လေး အံ့ဩသွားရတယ် ။ သူက ငယ်သေးပေမဲ့ သားရဲအကဲဖြတ်မှု ပညာရပ်မှာတော့ တကယ့်ကို အံ့ဩစရာကောင်းအောင် ကျွမ်းကျင်တဲ့သူပါပဲ”
ဤစကားကို ကြားသောအခါ လူအုပ်ကြီး၏ သံသယများမှာ အတည်ဖြစ်သွားတော့သည် ။
“တကယ်ပဲ အကဲဖြတ်မှူးလင်း ဖြစ်နေတာကိုး”
“ဒါက အံ့ဩစရာပဲ ။ အကဲဖြတ်မှူးတန်တောင် မင်မိစ္ဆာနဲ့ သွေးကတိကဝတ် ချုပ်ဖို့ နည်းလမ်း မရှာနိုင်ခဲ့တာကို လင်းကျင်းက လုပ်နိုင်ခဲ့တယ်ပေါ့ ။ သူက တကယ်ပဲ အဆင့် ၁ အကဲဖြတ်မှူး ဟုတ်ရဲ့လား”
“အခုတော့ ပွဲကောင်းပြီပေါ့ ။ သားရဲအကဲဖြတ်မှူး အသင်းချုပ်က အကဲဖြတ်မှူးလင်းကို အသုံးမကျတဲ့သူလို့ တစိုက်မတ်မတ် ပြောနေခဲ့တာလေ ။ အခု သူတို့ ဘယ်လို ရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ရောက်နေသည့် လူစုထဲတွင် အကြောက်ဆုံးသူမှာ ကျန်းဟယ် ဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က လင်းကျင်းအကြောင်းကို အဆိုးဆုံး ပြောဆိုခဲ့သူ ဖြစ်သောကြောင့် ဖြစ်သည် ။ ယခုအခါ လင်းကျင်း၏ ဂုဏ်သတင်းမှာ ပိုမို ကောင်းမွန်လာသဖြင့် သူသည် ကြောက်ရွံ့နေမိသည် ။
ဝမ်ကျိမှာလည်း ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသကဲ့သို့ စိတ်မသက်မသာ ဖြစ်နေရသည် ။ သူသည် လင်းကျင်းကို ဂုဏ်သရေဖျက်ရန်နှင့် ဖိနှိပ်ရန် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ ဖြစ်သော်လည်း သူ၏ အရှက်မရှိမှုမှာ အကန့်အသတ် မရှိပေ ။
“ကျွန်တော်တို့ အသင်းချုပ်က လင်းကျင်းဟာ ဒီလို ပါရမီရှင်တစ်ယောက် ဖြစ်နေမှန်း ဘယ်သူ သိမှာလဲ ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ သူ့ကို ကျွန်တော် သေချာ ဂရုမစိုက်ခဲ့မိဘူး ။ အခုကစပြီး သူ့အတွက် အချိန်ပိုပေးပြီး ဂရုစိုက်ရမယ် ။ ကျွန်တော်တို့ အသင်းချုပ်ထဲမှာ အရည်အချင်း မရှိဘဲ စိတ်ဓာတ်ညံ့ဖျင်းပြီး သူတစ်ပါး အောင်မြင်တာကို မနာလိုလို့ သတင်းမှားတွေ လွှင့်နေတဲ့သူတွေကိုတော့ ကျွန်တော် ဝမ်ကျိက သေချာ စုံစမ်းပြီး ပြင်းပြင်းထန်ထန် ဆုံးမပေးမယ်လို့ ကတိပေးပါတယ်”
သူက ကြေညာလိုက်၏ ။
ထိုသို့ ပြောပြီးနောက် သူသည် ကျန်းဟယ်ကို ဘေးတိုက် တစ်ချက် ကြည့်လိုက်သည် ။
‘တောက်... မင်းက ငါ့ကို ဘာလာကြည့်တာလဲ’
ကျန်းဟယ်သည် ဝမ်ကျိ၏ ဘိုးဘေးဘီဘင်များကို စိတ်ထဲမှနေ၍ ဒေါသတကြီး ဆဲဆိုနေမိသည် ။
ဝမ်ကျိသည် အပြစ်အားလုံးကို သူ့အပေါ်သို့ ပုံချရန် ကြံစည်နေခြင်းမှာ ထင်ရှားလှပေသည် ။ သူ၏ အခြေအနေမှာ မည်မျှ ဝမ်းနည်းစရာ ကောင်းလိမ့်မည်ကို ခန့်မှန်း၍ ရနိုင်သည် ။ ဝမ်ကျိသည် သူ၏ အပြစ်ကို ဖုံးကွယ်ရန်အတွက် သူ့ကို အသင်းချုပ်မှပင် နှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပေသည် ။
ထို့ပြင် ကျန်းဟယ်မှာ ဇဝေဇဝါလည်း ဖြစ်နေသည် ။ သူ လင်းကျင်းနှင့် အတူရှိစဉ်တုန်းက လင်းကျင်းမှာ သာမန် အကဲဖြတ်မှူး တစ်ယောက်သာ ဖြစ်သည် ။
လင်းကျင်းသည် သူ၏ စွမ်းရည်များကို တမင် ဖုံးကွယ်ထားခဲ့ခြင်းများလား ။
၎င်းက ဖြစ်နိုင်ပေသည် ။
ကျန်းဟယ်မှာ နောင်တရမိသည် ။ လင်းကျင်းသည် ဤမျှ ထူးချွန်မှန်း သိခဲ့လျှင် သူသည် အခြားသော ဆရာတစ်ယောက်ထံသို့ လုံးဝ ပြောင်းသွားမှာ မဟုတ်ပေ ။
“အသင်းချုပ်ထဲက လူယုတ်မာတွေကို နှိမ်နင်းဖို့ အချိန်တန်ပါပြီ ။ နောက်ပြီး ဒီသတင်းတွေက ကျန်းဟယ်နဲ့ ပတ်သက်နေတယ်လို့လည်း ကျွန်တော် ကြားထားတယ် ။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေတဲ့အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ကျွန်တော် အကြံပြုပါတယ်”
နန်ကုန်းရှန်က ရုတ်တရက် ဝင်ပြောလိုက်သည် ။
သူသည် အခြေအနေကို ကောင်းကောင်း နားလည်သည် ။ ဆရာကြီးဂူ ရောက်နေသဖြင့် အသင်းချုပ်က တစ်စုံတစ်ရာ အရေးမယူလျှင် တန်ရွှင်းနှင့် တန်လင်းတို့က ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပေ ။
ထိုသို့ဖြစ်နေသဖြင့် သူတို့၏ ပြတ်သားမှုကို ပြသရန်အတွက် ဟန်ပြလုပ်ဆောင်ရတော့မည် ဖြစ်သည် ။
ဝမ်ကျိသည် စကားလမ်းကြောင်းကို နားလည်သဖြင့် ချက်ချင်းပင် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည် ။
“အကြီးအကဲနန် ပြောတာ မှန်ပါတယ် ။ ကျန်းဟယ်... မင်းက လူအချင်းချင်း ရန်တိုက်ပေးပြီး တခြားသူတွေကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးခဲ့တယ် ။ အသင်းချုပ် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မင်းရဲ့ အလုပ်သင် အရည်အချင်းကို အခုပဲ ပယ်ဖျက်လိုက်ပြီ ။ ဒီနေ့ကစပြီး မင်းဟာ ငါတို့ အသင်းချုပ်ရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူး”
ကျန်းဟယ်မှာ ခေတ္တမျှ ဟန်ချက်ပျက်သွားပြီး သတိလစ်လုနီးပါး ဖြစ်သွားရသည် ။
သူသည် သားရဲအကဲဖြတ်မှူး တစ်ယောက်ဖြစ်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး အောင်မြင်မှု ရခါနီးမှ ဝမ်ကျီ၏ ရက်စက်စွာ နှင်ထုတ်ခြင်းကို ခံလိုက်ရသည် ။
ဒါက သူ၏ အကဲဖြတ်မှူး အလုပ်အကိုင်ကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည် ။
သူ၏ နှလုံးသားထဲတွင် မုန်းတီးမှုများ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည် ။
ကျန်းဟယ်သည် သဘောထားကြီးသော လူစားမျိုး မဟုတ်ပေ ။ သူသာ လူရိုးတစ်ယောက် ဖြစ်ခဲ့လျှင် အစကတည်းက လင်းကျင်းကို သစ္စာဖောက်ပြီး သတင်းမှားများ လွှင့်ခဲ့မှာ မဟုတ်ပေ ။
ထိုစဉ်က လင်းကျင်းကို သစ္စာဖောက်ရဲလျှင် ယနေ့တွင်လည်း ဝမ်ကျိကို သစ္စာဖောက်ရဲပေသည် ။
အပြစ်အားလုံးက သူ့အပေါ် ပုံကျလာပြီး သူ၏ အကဲဖြတ်မှူး ဘဝပါ ဆုံးရှုံးရတော့မည်ဖြစ်ရာ ကျန်းဟယ်အတွက် ဆုံးရှုံးစရာ ဘာမှ မရှိတော့ပေ ။
“ဝမ်ကျိ... မင်းက ငါ့ကို အသုံးမကျတော့ဘူးဆိုပြီး အခုမှ ဖယ်ထုတ်ဖို့ ကြိုးစားနေတာလား ။ ငါ ကျန်းဟယ်က မင်းခိုင်းသမျှကို ခွေးတစ်ကောင်လို လုပ်ပေးခဲ့ပြီး မင်းရဲ့ ယုတ်မာတဲ့ အလုပ်တွေမှာလည်း အမြဲ ကူညီပေးခဲ့တာ ။ ဒါပေမဲ့ မင်းက အခုလို အချိန်မျိုးမှာတောင် ငါ့အပေါ်မှာ နည်းနည်းလေးမှ ကရုဏာ မထားဘူးပေါ့ ။ ကောင်းပြီလေ... မင်းက ငါ့ကို နှင်ထုတ်ပြီး ငါ့ရဲ့ အနာဂတ်ကို ဖျက်ဆီးချင်တယ်ဆိုရင် မင်းကိုလည်း အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး ။ လင်းကျင်းကို ဖိနှိပ်တဲ့ ကိစ္စမှာ မင်းကပဲ အဓိက ကြိုးကိုင်သူလေ ။ ကျားချန်ဆိုတဲ့ အမျိုးသမီးအတွက်နဲ့ မင်းက လင်းကျင်းကို နှင်ထုတ်ပြီး သူမကို ရာထူးတိုးပေးချင်ခဲ့တာ ။ နောက်ပြီး မင်းက နန်ကုန်းရှန်နဲ့ ပူးပေါင်းပြီးတော့...”
ကျန်းဟယ် စကားမဆုံးခင်မှာပင် ကြမ်းတမ်းသော သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သတိလစ်သွားတော့သည် ။
၎င်းမှာ ဝမ်ကျိ၏ သားရဲဖြစ်ကြောင်း ထင်ရှားလှပေသည် ။
ကျန်းဟယ်က လူအများရှေ့တွင် အဖြစ်မှန်များကို လွှတ်ခနဲ ပြောလိုက်ခြင်းမှာ ဝမ်ကျိကို မီးဖြင့် ရှို့လိုက်သကဲ့သို့ ဖြစ်သွားစေသည် ။ ဝမ်ကျိက ၎င်းကို ဘယ်လို သည်းခံနိုင်မှာလဲ ။
“ဒီကျန်းဟယ်ကတော့ တကယ့်ကို ယုတ်မာပြီး ကိုယ်ကျင့်တရား မရှိတဲ့သူပဲ ။ သူက အကဲဖြတ်မှူးလင်းကို ဂုဏ်ဖျက်ရုံတင်မကဘဲ ကျွန်တော်နဲ့ အကြီးအကဲနန်ကိုပါ ဂုဏ်ဖျက်ဖို့ ကြိုးစားနေတာ ။ မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လက်အောက်ငယ်သားတွေကို သေချာ မဆုံးမနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ့်ကို အရှက်ရမိပါတယ်”
ဝမ်ကျိက ဒေါသတကြီးနှင့် ဝမ်းနည်းပူဆွေးသည့် ဟန်ဆောင်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ပြနေသည် ။
သူသည် လူအများ၏ အမြင်ကို ပြောင်းလဲရန် ကြိုးစားနေသော်လည်း ပရိသတ်များမှာတော့ သူတို့၏ ကိုယ်ပိုင် အမြင်များ ရှိနေကြပြီ ဖြစ်သည် ။
ဤဝမ်ကျိသည် ကျန်းဟယ်ထက်စာလျှင် ပိုပြီး အပြစ်ကင်းစင်နေသူ မဟုတ်နိုင်ပေ ။
သို့သော် သူသည် အသင်းချုပ်၏ ဥက္ကဋ္ဌ ရာထူးကို ဆုပ်ကိုင်ထားသဖြင့် လက်အောက်ငယ်သား၏ စကားကြောင့် သူ၏ ရာထူးကို ထိခိုက်ရန်မှာ မလွယ်ကူလှပေ ။
တန်ရွှင်းသည် ဤသည်ကို သိသကဲ့သို့ တန်လင်းကလည်း သိသည် ။
တန်ရွှင်းသည် ဝမ်ကျိအပေါ်တွင်တော့ အထင်ကြီးလေးစားစိတ် ရှိနေဆဲ ဖြစ်သည် ။ အနည်းဆုံးတော့ ထိုလူသည် သားရဲအကဲဖြတ်မှု နယ်ပယ်တွင် အောင်မြင်မှုအချို့ ရှိထားသူ ဖြစ်သည် ။ ဥပမာအားဖြင့် မြို့စားအိမ်တော်မှ သားရဲဥများအတွက် သူ ရေးသားခဲ့သော အစီရင်ခံစာများပင် ဖြစ်သည် ။
ထို့ကြောင့် တန်ရွှင်းက ဤကိစ္စကို ထပ်ပြီး မလိုက်ချင်တော့ပေ ။ သူ ဤနေရာတွင် ရှိနေစဉ်မှာ ဆူဆူပူပူ ဖြစ်နေသည်ကို မမြင်ချင်သဖြင့် ဤဖြစ်ရပ်ကို အမြန်ဆုံး အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည် ။
“ဥက္ကဋ္ဌဝမ်... အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ခင်ဗျား ပေါ့လျော့ခဲ့တာကတော့ အမှန်ပဲ ။ နောင်မှာ ကိုယ့်ရဲ့ ပညာရပ်ကိုပဲ အာရုံစိုက်နေတာမျိုး မဟုတ်ဘဲ လက်အောက်ငယ်သားတွေကိုလည်း သေချာ ဂရုစိုက်ရမယ် ။ နောက်ပြီး ဘယ်လို အခြေအနေမျိုးမှာမဆို ဘက်မလိုက်ဘဲ မျှမျှတတ ဆောင်ရွက်ရလိမ့်မယ်”
တန်ရွှင်းက ပြောလိုက်၏ ။
ဒါက ဆုံးမစကားလို ဖြစ်နေသော်လည်း တကယ်တော့ ဤကိစ္စကို ဤနေရာမှာတင် အဆုံးသတ်သင့်ပြီဟု လူတိုင်းကို ကြေညာလိုက်ခြင်း ဖြစ်သည် ။
ဝမ်ကျိသည်လည်း ထိုသဘောကို နားလည်သည် ။ အကဲဖြတ်မှူးတန်က သူ့အတွက် လမ်းဖွင့်ပေးလိုက်သဖြင့် သူသည် ချက်ချင်းပင် လက်ခံလိုက်သည် ။
“အကြီးအကဲတန်ရဲ့ ဆုံးမစကားကို နားလည်ပါပြီ ။ ကျွန်တော် သေချာ ပြန်လည် သုံးသပ်သွားမှာ ဖြစ်သလို ဒီလိုမျိုး နောက်ထပ် မဖြစ်စေရဘူးလို့ အာမခံပါတယ်”
သူ့စိတ်ထဲတွင်တော့ သက်ပြင်းအရှည်ကြီး ချလိုက်မိသည် ။ ဒီဘေးဒုက္ခကနေ နောက်ဆုံးတော့ လွတ်မြောက်သွားပြီဟု သူ တွေးနေမိသည် ။
တကယ့်ကို ကံကောင်းသွားခြင်း ဖြစ်သည် ။
တန်လင်းကတော့ မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည် ။ သို့သော် သူမ၏ ဖခင်က ပြောပြီးသား ဖြစ်သဖြင့် သူမက ထပ်ပြီး ကန့်ကွက်၍ မရပေ ။
ဝမ်ကျိက အမိန့်ပေးလိုက်သည် ။
“မြန်မြန်... အကဲဖြတ်မှူးလင်းကို သွားပြောလိုက်ပါ ။ အရင်က နားလည်မှုလွဲတာတွေ အားလုံး ပြေလည်သွားပြီလို့ ။ အကဲဖြတ်မှူး တန်လင်းက သူ့ရဲ့ အကဲဖြတ်မှူး အရည်အချင်းကို ပြန်ပြီး သတ်မှတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် စာမေးပွဲ ဝင်ဖြေနေစရာ မလိုတော့ဘူးလို့ သွားပြောလိုက် ။ ဟုတ်သားပဲ... အကဲဖြတ်မှူးလင်းရဲ့ အကြံပေးခန်းမကိုလည်း ပြန်ဖွင့်ပေးရမယ် ။ ထောက်ပံ့ရေးဌာန မန်နေဂျာကို ခေါ်ပြီး အကဲဖြတ်မှူးလင်းအတွက် ပိုပြီး ကြီးမားတဲ့ အခန်းတစ်ခု ရွေးပေးခိုင်းလိုက်”
ဝမ်ကျိသည် အမှားများကို အမြန်ဆုံး ပြုပြင်ရန် ကြိုးစားနေသည်မှာ ဝန်ခံရပေမည် ။ အနည်းဆုံးတော့ တန်ရွှင်းက သူ၏ စီစဉ်မှုများကို ကြားသောအခါ ခေါင်းငြိမ့်ပြခဲ့ပြီး တန်လင်းကလည်း ထပ်ပြီး မပြောတော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည် ။
တန်ရွှင်းသည် ဂူမုန်းကျုံး အနားသို့ လျှောက်သွားပြီး ပြုံးကာ ပြောလိုက်သည် ။
“ဆရာကြီးဂူ... ကျွန်တော်တို့ မတွေ့ဖြစ်တာ တော်တော် ကြာပြီပဲ ။ လင်းကျင်း ထွက်လာတဲ့အခါ ကျွန်တော်တို့ အတူတူ သောက်ကြတာပေါ့”
ဂူမုန်းကျုံးက ခေါင်းငြိမ့်လိုက်၏ ။ သူသည် လင်းကျင်း၏ အဆက်အသွယ်များကို ပိုမို ကျယ်ပြန့်လာစေရန်အတွက် လင်းကျင်းကို တန်ရွှင်းနှင့် မိတ်ဆက်ပေးရန် စီစဉ်ထားပြီးသား ဖြစ်သည် ။
“ဟုတ်သားပဲ... ဆရာကြီးဂူ ။ ဆရာကြီး သိဦးမှာ မဟုတ်ဘူး ။ ကျွန်တော် ဒီမေပယ်မြို့မှာ ဆရာကြီးရဲ့ တကယ့် ပန်းချီစစ်စစ် တစ်ချပ်ကို ရထားတယ်ဗျ”