← Chapters

မင်းရဲ့ မူလ သလင်းကျောက်ကို ပြင်ဆင်ထားပြီးပြီလား

Vol. 18 Ch. 262

မင်းရဲ့ မူလ သလင်းကျောက်ကို ပြင်ဆင်ထားပြီးပြီလား

Vol. 18 Ch. 262

ထိုသို့ နင်းခြေပြီးနောက် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တိတ်ကျသွားသည်။

ကိုရီးယား လူမျိုးများနှင့် ကျိုကလန်ရှိ သိုင်းပညာရှင်များအားလုံး ကြောက်လန့်ကာ တုန်လှုပ်နေကြသည်။

စည်းဝိုင်းထဲ၌ ပြန့်ကျဲနေသော သွေးကွက်များကို ကြည့်ပြီး ပွဲကြည့်နေသည့် သူများသည် အေးစိမ့်သည့် ချီဓာတ်က သူတို့ဦးခေါင်းမှတစ်ဆင့် သူတို့ စိတ်ဝိညာဉ်ထဲသို့ ရှောက်ရှိသွားသလို ခံစားလိုက်ရသည်။

*သူ သေသွားပြီလား*

ဒဏ္ဍာရီနောက်ဆုံးအဆင့်သို့ ရောက်ရှိထားပြီး ပြိုင်ဘက်ကင်း ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် ထိပ်တန်း သိုင်းပညာရှင် လူအိုကြီးက ပုရွက်ဆိတ်တစ်ကောင်လို သေသည်အထိ ဦးခေါင်းကို နင်းခြေခံလိုက်ရသည်တဲ့လား။

လူအုပ်ကြီးသည် ကြောက်လန့်ကာ တုန်ယင်လို့လာသည်။ တစ်ခဏမျှ ကြာသော် ပွဲကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ယဲ့ဖန်က ငုံ့ကိုင်းကာ သွေးကွက်ထဲမှ သလင်းကျောက်တစ်ခုကို ကောက်ယူလိုက်သည်။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ဦး၏ မူလ သလင်းကျောက် ဖြစ်ပေသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ဦး၏ အောင်မြင်မှုက ယဲ့ဖန်လက်ထဲတွင်တော့ ကစားစရာလေး တစ်ခုလိုပင်။

ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ယဲ့ဖန်သည် ကိုရီးယားလူမျိုးများ နားနေရာနေရာနှင့် အမှောင်ဂိုဏ်းအဖွဲ့ ရှိရာနေရာမှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များအား ဝေ့ကြည့်ကာ သွေးဆာနေသော အပြုံးဖြင့် မေးလိုက်သည်။

"မင်းတို့ သလင်းကျောက်တွေကို ငါ့အတွက် ပြင်ဆင်ထားပြီးပြီလား"

*ဘာ*

သူ့စကားကို ကြားပြီးနောက် နေရာနှစ်ခုမှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ခေါင်းစခြေဆုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။

ဆရာသခင် ဖြစ်ခါနီးအဆင့် သိုင်းပညာရှင်တစ်ဦးက ဤမျှ ကြမ်းကြတ်၍ မောက်မာမည်ဟု သူတို့ မထင်ထားမိပါ။

ထို့နောက် ယဲ့ဖန်က သွေးများ ပေနေသော မူလ သလင်းကျောက်အား ပါးစပ်ထဲ ထည့်၍ ဝါးစားလေတော့သည်။

ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများကို ကြားပြီးနောက် ဘေးပတ်လည်မှ လူတိုင်း ငြိမ်ကုပ်သွားကြသည်။ အထူးသဖြင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် လူအိုကြီးများသည် ယဲ့ဖန်က သူတို့၏ သလင်းကျောက်အား ဝါးစားနေသကဲ့သို့ ခံစားရကာ သူတို့ နဖူးအလယ်တည့်တည့်မှ စပ်ဖျင်းဖျင်းဖြစ်သလို ခံစားသွားရသည်။

"သောက်ခွေးမသားလေး … ငါ့စီနီယာအစ်ကိုရဲ့ မူလ သလင်းကျောက်ကို ပြန်ပေးစမ်း"

ကျန်ရှိနေသော ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်လုံး အလွန်အမင်း ဒေါသူပုန်ထသွားကြသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဆိုးကဲ့သို့ သန်မာသော ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်က စည်းဝိုင်းထဲသို့ လွှားခနဲ ဝင်ရောက်လာကြသည်။

ကျန်ရှိနေသော ကိုရီးယားလူမျိုး များသည် ကျင်းရှင်းယွီနှင့် တိုက်ပွဲဝင် ခွန်အားချင်း အတူတူပင် ဖြစ်သည်။ စည်းဝိုင်းထဲသို့ ဝင်လာပြီးသည်နှင့် ချက်ချင်းဆိုသလို ယဲ့ဖန်အား ဝိုင်းထားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် သန်မာ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။ ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်က ယဲ့ဖန်အား ဝိုင်း၍ ဖိနှိပ်တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချထားကြသည်။

"ခွေးမသားတွေ … အရှက်မရှိတဲ့ ကိုရီးယားကောင်တွေ … သူ့ကို တစ်ဖွဲ့လုံးနဲ့ တိုက်ခိုင်းမှ‌တော့ ဘယ်လိုလုပ် မျှတမလဲကွ"

"ကိုရီးယား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်က ဟွာရှလူမျိုး ဆရာသခင် ဖြစ်ခါနီးအဆင့်က လူကို ဝိုင်းတိုက်ဖို့ ကြံစည်နေကြတယ် … မင်းတို့ အရှက်မရှိကြဘူးလား"

"သောက်မြေနိုးကောင်တွေ … မင်းတို့ တကယ် သေသင့်တယ်ကွ"

ဟွာရှ သိုင်းပညာရှင်များ လုံးဝ ဒေါသထွက်နေကြသည်။ ကိုရီးယား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များက ဒီလောက် အရှက်မရှိကြလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြပါ။

ယဲ့ဖန်ကို သတ်ရန် သူတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်လိုကြသည်။

ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ဖွဲ့က ချက်ချင်း စည်းဝိုင်းထဲ ဝင်၍ ယဲ့ဖန်ကို ကူညီရန် ပြင်နေကြသည်။ သို့သော် သူတို့သည် ယဲ့ရှုံး၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

"ခဏနေကြဦး"

ထို့နောက် ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များက ယဲ့ရှုံးအား ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ သူတို့ ယဲ့ဖန် အသတ်ခံရသည်ကို မမြင်ချင်ပါ။ ယဲ့ရှုံးသည်လည်း ထိုသို့ မလိုလားပါ။

သို့သော်… ယဲ့ဖန်သည် အခြားသူများ၏ သံသယများကို မြင်နေသည့်အလား ပြောင်စပ်စပ်ဖြင့် ပြုံးနေသည်။

ထိုစဉ် ယဲ့ရှုံးက ယဲ့ဖန်အား လှမ်းကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"အေးဆေးနေကြပါဦး … ယဲ့ဖန်က အခုထိ တည်ငြိမ်နေတုန်းပဲ … သူ ဒီတိုက်ပွဲကို နှစ်သက်နေတယ်လို့ ငါ ခံစားနေရတယ်"

*ဘာ*

ယဲ့ရှုံး၏ စကားကြောင့် ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ မှင်တက်သွားကြသည်။

ထိုအခါမှသာ ယဲ့ဖန်သည် ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်နှင့် ရင်ဆိုင်နေရသော်လည်း လုံးဝ ကြောက်လန့်ဟန် မပြသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ ကြောက်လန့်နေမည့်အစား သူသည် ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်က သူ အပူတပြင်း လိုချင်နေသည့် တစ်စုံတစ်ရာကို သယ်ဆောင်လာသည့်အလား လောဘတကြီး စိုက်ကြည့်နေသည်။

"မဟုတ်မှလွဲရော သူ လိုချင်နေတာက …"

ယဲ့ဖန်က ကျင်းရှင်းယွီ၏ မူလ သလင်းကျောက်ကို စားခဲ့သည်ကို သူတို့ ပြန်အမှတ်ရသွားပြီးနောက် ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ထိတ်လန့်ကြောက်ရွံ့စိတ်ကြောင့် အလွန် တုန်လှုပ်သွားသည်။

"အဲ့ကိုရီးယားလူမျိုး ငါးယောက်ရဲ့ မူလ သလင်းကျောက်တွေကို သူ စားချင်နေတာများလား"

ဟွာရှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များသည် ယဲ့ဖန်၏ ရည်ရွယ်ချက်ကို ရိပ်စားမိသွားပြီးနောက် သူတို့အားလုံး မှင်တက်သွားကြသည်။

*စိတ္တဇအရူးကောင်ပါလား*

သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် အကြောက်အလန့်ကင်းသည့် အရူးတစ်ယောက်ဟု မြင်နေကြသည်။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်၏ ဝိုင်းထားခြင်းနှင့် ရင်ဆိုင်နေရသော်လည်း သူသည် ကြောက်စိတ်မွှန်နေရမည့်အစား တည်ငြိမ်လို့နေသည်။ ထို့ပြင် သူက သူတို့၏ မူလ သလင်းကျောက်များကို စားရန် စဉ်းစားနေလိုက်သေးသည်။ အရူးမှသာ ထိုသို့ တွေးနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ကိုရီးယားလူမျိုးများ နားနေရာမှ ဇာပုဝါအုပ်ထားသည့် မိန်းကလေးသည် အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဖျောင်ထိုက်ရှင်းအား စိုးရိမ်တကြီး ပြောလိုက်သည်။

"ဘိုးဘိုး … ဒါ မျှတတဲ့ တိုက်ပွဲ မဟုတ်ဘူးလေ … သူတို့ကို မြန်မြန် တားလိုက်ပါ"

ဇာပုဝါနှင့် မိန်းမပျိုလေးသည်လည်း သူ့ဦးလေးများက အရှက်မရှိစွာဖြင့် ယဲ့ဖန်အား ဝိုင်းတိုက်လိမ့်မည်ဟု ထင်မထားသည်မှာ သိသာလှပေ၏။

ဒါ ကိုရီးယားလူမျိုးများအတွက် အင်မတန် ရှက်ဖို့ကောင်းလှသည်။ သူမ၏ ဒေါသထွက်နေသော လေသံကို ကြားပြီးနောက် ဖျောင်ထိုက်ရှင်းက မျက်လုံးကို အသာမှေးစင်း၍ ပြန်ပြောလိုက်သည်။

"ဝမ်အာ … ဒီကမ္ဘာမှာ တရားမျှတမှုဆိုတာ မရှိဘူး … ဘိုးဘိုးတို့ သန်မာရင် ဘိုးဘိုးတို့ရဲ့ လက်သီးချက်က တရားမျှတမှုကို ကိုယ်စားပြုတယ် … သူက အားနည်းတယ် … ဒါကြောင့် သူ သေဖို့ ထိုက်တန်တယ်"

*ဘယ်လို*

ဖျောင်ထိုက်ရှင်း၏ စကားကြောင့် ဖျောင်ကျိုးဝမ်၏ သေးသွယ်သော ကိုယ်ခန္ဓာလေးက ပြင်းစွာ တုန်လှုပ်သွားသည်။

"မဟုတ်ဘူး …. ဒီလို ဖြစ်သင့်တာ မဟုတ်ဘူးလေ …"

ယခုအချိန်တွင် ဖျောင်ကျိုးဝမ်သည် သူမ အဘိုး၊ အဖေနှင့် အစ်ကိုကြီးတို့အား ပထမဆုံးအကြိမ် သံသယဝင်လာမိသည်။

*ငါ့အဖေနဲ့ အစ်ကိုကြီးတို့လည်း အားနည်းတဲ့သူတွေကို အနိုင်ကျင့်လို့ ယဲ့ဖန် သတ်တာကို ခံလိုက်ရတာလား*

ဖျောင်ကျုံးဝမ်သည် သူမ စိတ်တွေ စတင်၍ ယိမ်းယိုင်လာရသည်။ စည်းဝိုင်းထဲမှ အနက်ရောင် ဝတ်စုံနှင့် ယောက်ျားလေးကို ကြည့်ပြီး သူမ မျက်ရည်ကျလာသည်။

"ရှင် သေလို့မရဘူး … ရှင် သေလို့မရဘူးနော် … ကျေးဇူးပြုပြီး …"

သူမသည် ထိုလူအတွက် မျှော်လင့်ချက်မဲ့နေသော ကလေးမလေးကဲ့သို့ တောင်းပန်တိုးလျှိုး၍ ဆုတောင်းနေမိသည်။

…

တစ်ချိန်တည်းမှာပင် စည်းဝိုင်းထဲမှ တိုက်ပွဲသည် ပြင်းထန်စွာ စတင်လာတော့သည်။

ဒုတိယ စီနီယာအစ်ကို လီကျုံးကောက ယဲ့ဖန်ကို စိုက်ကြည့်နေရင်း သူ၏ စတုတ္ထ ဂျူနီယာ ညီလေးကို ပြောလိုက်သည်.

"တကျုံး (တတိယ) ၊ ကျုံးရွှင်း (စတုတ္ထ) တို့ … မင်းတို့က အဲ့ခွေးမသားလေးရဲ့ ကိုယ်အောက်ပိုင်းကို တိုက် … တချမ်း (ပဉ္စမ) ၊ ကျုံးချမ်း (ဆဋ္ဌမ) တို့က သူ့ကိုယ် အပေါ်ပိုင်းကိုတိုက်"

"ရှင်းယွီရဲ့ သေဆုံးခြင်းအတွက် သူ့နှလုံးသားကို ငါ ဆွဲထုတ်မယ်"

"နားလည်ပြီ"

စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူတို့ ကိုယ်စီ တာဝန်များ ခွဲလို့ပြီးသွားကြသည်။ ထို့နောက် သူတို့အားလုံးက ယဲ့ဖန်ထံသို့ တစ်ပြိုင်တည်း ခုန်ဝင်သွားကြသည်။

သူတို့ ယခုမှ ပထမဆုံးအကြိမ် တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူတို့၏ လှုပ်ရှားမှုတိုင်းက တစ်ယောက်နှင့်တစ်ယောက် တွဲဖက်ညီကြသည်။

တိုက်ကွက် စတင်သည်နှင့် သူတို့က ယဲ့ဖန်၏ နောက်ပြန်ဆုတ်လို့ရသည့် လမ်းကြောင်းတိုင်းအား ပိတ်ဆို့ထားလိုက်ကြသည်။ ထို့ကြောင့် သူ တိုက်ကွက်များအား ရှောင်ရှားလို့ မရတော့ချေ။

ချက်ချင်းဆိုသလိုပင် စည်းဝိုင်းအတွင်း၌ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

အလွန် ထက်ရှသော တိုက်စစ်က စည်းဝိုင်းအနောက်ဘက်မှ နံရံကိုတောင်မှ အက်ရာထင်သွားစေသည်။

ထို့ပြင် ပွဲကြည့်နေသောသူများသည် စည်းဝိုင်းအတွင်းမှ ထွက်ပေါ်လာသော အေးစက်စက် ချီဓာတ်ကြောင့် သူတို့အရေပြားများ တစစ်စစ် ကိုက်လာသလို ခံစားလာရသည်။ ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်၏ သာမန်တိုက်ကွက်နှင့် ရင်ဆိုင်ရလျင် သူတို့အားလုံးသည် ပုရွက်ဆိတ်လေးများလို ဖြစ်သွားကြပေလိမ့်မည်။

"ဘယ်…ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်စစ်လဲ"

သူသာ ထိုကဲ့သို့ ပြင်းထန်သည့် တိုက်ကွက်နှင့် ရင်ဆိုင်ရလျင် သူ သေချာပေါက် သေပွဲဝင်သွားရလိမ့်မည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က သူတို့အားလုံးအား ထိတ်လန့်သွားစေသည်။

ထိုကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်သည် ယဲ့ဖန်အနားသို့ စက္ကန့်ပိုင်း အတွင်းမှာပင် နီးကပ်လို့လာပြီး သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ခြေလက်များအား ဖမ်းချုပ်လိုက်ကြသည်။

"ငါတို့ လုပ်နိုင်ပြီ"

တကျုံးနှင့် ကျုံးရွှင်းတို့က ယဲ့ဖန်၏ ခြေထောက်အား ဖမ်းချုပ်ထားကြသည်။ တချမ်းနှင့် ကျုံးချမ်းတို့က ယဲ့ဖန်၏ လက်နှစ်ဘက်ကို ဖမ်းချုပ်လိုက်ကြသည်။ ထို့ကြောင့် ယဲ့ဖန် ရုန်းကန်ရန် ခဲယဉ်းသွားသည်။

ထိုအခွင့်အရေးအား အမိအရ အသုံးချပြီး လီကျုံးကောက သွေးဆာနေသည့်ဟန်ဖြင့် ပြုံးကာ သူ၏ ချွန်ထက်နေသော လက်သည်းအား ယဲ့ဖန်၏ နှလုံးသားသို့ အားနှင့် ထိုးစိုက်လိုက်သည်။

"မဟုတ်ဘူး"

ဖျောင်ကျုံးဝမ်၏ လှပသေးသွယ်‌သော မျက်နှာလေး၌ မျှော်လင့်ချက် ပျက်သုဉ်းပြီး နာကျင်နေဟန်များ ပြည့်နှက်လာကာ သူမ ချက်ချင်း ထခုန်လိုက်မိသည်။ သို့သော် ထိုအချိန်တွင် အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက် ဖြစ်ပေါ်လာလေသည်။

ရွှစ်!

လီကျုံးကော၏ လက်သည်းက ယဲ့ဖန်၏ရင်ဘတ်အား ထိုးဖောက်သွားသော်လည်း မည်သည့် ဒဏ်ရာမှ ဖြစ်ပေါ်မလာပါ။ သွေးများလည်း ပန်းထွက်မလာခဲ့ချေ။

ထို့ပြင် ယဲ့ဖန်သည် အနက်ရောင် ချီမျှင်တန်းများအဖြစ် ရုတ်ချည်း ပြောင်းလဲသွားကာ ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ငါးယောက်၏ လက်ထဲမှ ပျောက်ကွယ်သွားသည်။

"မဖြစ်ဘူး … နောက်ပြန်ဆုတ်ကြ … မြန်မြန်"

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့ ဗလုံးဗထွေးအသံတစ်ချက် ကြားလိုက်ကြသည်။ ထို့နောက်တွင်မူ ကျင်းတကျုံး၏ ဦးခေါင်းအား နတ်ဆိုးလက်သည်းများက ဖောက်ထွင်းသွားသည်ကို သူတို့ မြင်လိုက်ရသည်။

All Chapters