ဒဏ္ဍာရီအဆင့်များ ကမ္ဘာပျက်သောနေ့
Vol. 18 Ch. 263
ရွှစ်!
ထိုအသံတစ်ချက်နှင့်အတူ ကျင်းတကျုံး၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။
တောက်! တောက်!
ရဲရဲနီနေသော သွေးများက သူ၏ နဖူးအလယ်တည့်တည့်မှ တစ်စက်ချင်း စီးကျလာသည်။ နတ်ဆိုးလက်သည်းသည် သူ၏ မျက်ကွယ်နေရာမှ သူ့ဦးခေါင်းသို့ ထိုးဖောက်လာခြင်း ဖြစ်သည်။
"ဒါ မဖြစ်နိုင်ဘူး"
ကျင်းတကျုံးက အံ့ဩထိတ်လန့်နေသော မျက်နှာဖြင့် ရေရွတ်မိသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ငါးယောက်၏ ဝိုင်းထားခြင်း ခံထားရသော ယဲ့ဖန်၏ လက်ထဲ သူ အသတ်ခံလိုက်ရသည်ကို သူ လက်မခံနိုင် ဖြစ်နေသည်။
ဘုန်း!
ကျင်းတကျုံး၏ အလောင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ တစ်ချိန်တည်းမှာပင် စည်းဝိုင်းတစ်ခုလုံး စိတ်မချမ်းမသာ ဖြစ်သွားကြသည်။
လူတိုင်းသည် ကျင်းတကျုံး၏ အလောင်းဘေး၌ ရပ်နေသော နတ်ဆိုးပုံရိပ်တစ်ခုကို ကြည့်နေမိကြသည်။ ထိုလူ၏ လက်ဖဝါးမှ သွေးများ စီးကျလို့နေသည်။ ကျင်းတကျုံး၏ မူလ သလင်းကျောက်က သူ့လက်ထဲ ရောက်လို့နေ၏။
"တကျုံး … မင်း တကျုံးကို သတ်လိုက်တယ်"
လီကျုံးကော အလွန် ဒေါကန်သွားသည်။ ဤမျှ အချိန်တိုလေးအတွင်း၌ ယဲ့ဖန်က သူ့ညီအစ်ကို နှစ်ယောက်ကို သတ်လိုက်နိုင်မည်ဟု သူ ထင်မထားခဲ့မိပါ။
"သောက်ခွေးမသားလေး … သေပေတော့"
လီကျုံးကောက ချက်ချင်း သူ၏ ချွန်ထက်သော လက်သည်းများအား ယဲ့ဖန်ထံသို့ အားနှင့် ထိုးစိုက်သည်။ အခြားသူ သုံးယောက်သည်လည်း တစ်ဟုန်ထိုး တိုးတက်လာသော ကြမ်းကြုတ်သည့် ချီဓာတ်များနှင့်အတူ သူတို့၏ သေစေနိုင်သော သိုင်းကွက်များကို အသုံးပြုလာကြသည်။
ထို့နောက်သည် သူတို့သည် ရူးသွပ်နေသော သားရဲရိုင်း လေးကောင်ကဲ့သို့ ယဲ့ဖန်အား အားနှင့် ဝိုင်း၍ တိုက်ခိုက်လေသည်။ သူတို့သည် သူတို့၏ လက်သီး၊ တံတောင်ဆစ်၊ ဒူးနှင့် လက်ဖဝါးတို့၌ ခွန်အားအကုန် ထည့်၍ တိုက်ခိုက်နေကြသည်။
တိုက်ကွက် တစ်ကွက်ချင်းစီက စည်းဝိုင်း၏ ထောင့်နေရာတိုင်းအား ဖျက်စီးပစ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် စည်းဝိုင်းသည် တစ်စစီ ကျိုးပျက်သွားလေတော့သည်။
ယဲ့ဖန်က ကျင်းတကျုံး၏ မူလ သလင်းကျောက်ကို ချက်ချင်း ကောက်ဝါးလိုက်သည်။ ထို့နောက် သူသည် သူတို့၏ သာမန်တိုက်ကွက်များက ရှောင်ရှားရင်း အရှိန်မြှင့်၍ နောက်သို့ ပြန်ဆုတ်နေသည်။
ကိုရီးယားလူမျိုး လေးယောက်လုံးသည် ဒဏ္ဍာရီ နောက်ဆုံးအဆင့်များ ဖြစ်ကြသည်။ သူတို့ အတူပူးပေါင်း၍ တိုက်ခိုက်ကြသောအခါ သူတို့၏ တိုက်ပွဲဝင်ခွန်အားများက တစ်ဟုန်ထိုး တိုးပွားလာတော့သည်။
ယဲ့ဖန် အရင်က ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များကို သတ်ခဲ့ဖူးတာတောင်မှ သူက ဆရာသခင် ဖြစ်ခါနီးအဆင့် ဖြစ်နေသောကြောင့် သူ မုချသေရပေမည်။
သူတို့၏ ရက်စက်သော တိုက်ကွက်များနှင့် ရင်ဆိုင်ရသောကြောင့် ယဲ့ဖန်သည် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူ့မျက်လုံးများက အလွန် တောက်ပလာကာ သူ့ပုံစံက ပိုပိုပြီး စိတ်လှုပ်ရှားနေပုံရသည်။
"မဖြစ်ဘူး …. ယဲ့ဖန် ဒဏ်ရာရသွားပြီ"
ဟွာရှ သိုင်းသမားများ နားနေရာ နေရာမှ လူတိုင်း အလွန် ပူပင်လာကြသည်။ သူတို့သည် ချွေးတဒီးဒီးကျရင်း ဂနာမငြိမ်နိုင်သော မျက်လုံးများနှင့် စည်းဝိုင်းထဲအား ကြည့်နေမိကြသည်။ ယဲ့ဖန်၏ ပါးစပ်မှ ရဲရဲနီနေသော သွေးကို ကြည့်ပြီး သူတို့ အလွန် စိုးရိမ်လာကြသည်။
"ဟီးဟီး … အဲ့ခွေးမသားလေး သေတော့မှာပဲ"
ကျိုဟမ့်ရှန်သည် ရက်စက်သော လှောင်ပြုံးပြုံးရင်း ယဲ့ဖန် သေမည်ကို မစောင့်နိုင်တော့သည့်ဟန်ဖြင့် ပြောဆိုနေသည်။
ယဲ့ဖန်၏ သေဆုံးခြင်းနှင့်အတူ အမှောင်ဂိုဏ်းသည် သူတို့၏ သေဆုံးသွားသော သခင်လေးအတွက် ဘာထိခိုက်ဒဏ်ရာမှ မရဘဲ လက်စားချေနိုင်တော့မှာပင်။
ယဲ့မုန့်ထန်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ ယဲ့ဖန်က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်နှစ်ယောက်ကို သတ်လိုက်သည့်အချက်က သူ့အား အလွန် ထိတ်လန့်သွားစေခဲ့သည်။
"ခွေးမသားလေး … မြန်မြန် သေစမ်းပါကွာ … မင်း သေသွားရင် ယဲ့ကလန်ကို ငါ၊ယန့်မုန့်ထန်လက်ထဲ ရောက်လာတော့မှာ"
ယဲ့မုန့်ထန်က မနှစ်မြို့ဖွယ်ကောင်းသော သရော်ပြုံးမျိုး ပြုံးလိုက်သည်။ သို့သော် ထိုစဉ် သူ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သူ့အပြုံးသည် အေးခဲသွားလေတော့သည်။
"မဟုတ်ဘူး … ကျုံးကော သတိထား"
ဖျောင်ထိုက်ရှင်းသည် စည်းဝိုင်းထဲမှ လီကျုံးကောကို စိုးရိမ်တကြီး အော်၍ ပြောလိုက်သည်။ သို့ပေမဲ့ သူ့စကားအဆုံးတွင် ယဲ့ဖန်က သန်မာသော ချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။
ဆရာသခင်အဆင့်ပါလား။ ယဲ့ဖန် အဆင့်တက်သွားလေပြီ။
တစ်ချိန်တည်းမှာပင် သူသည် အားပါသော လက်သီးတစ်ချက် ထုတ်သုံးလိုက်သဖြင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်သည် အင်အားပြင်းထန်သော ချီဓာတ်၏ ဖိနှိပ်ခြင်း ခံရသဖြင့် အဝေးသို့ လွင့်ထွက်သွားသည်။
ထို့နောက် ယဲ့ဖန်က လီကျုံးကောအား သူ၏ သံမဏိလက်ဖဝါးဖြင့် ကြမ်းကြုတ်စွာ ရိုက်နှက်လိုက်သည်။
"သေစမ်း"
လီကျုံးကော သေမတတ် ကြောက်လန့်သွားသည်။ သူ့ကိုယ်သူ သေမင်းနတ်ဘုရား၏ စိုက်ကြည့်ခြင်းကို ခံရရသည်ဟု ခံစားမိပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားရသည်။ ထို့နောက် သူသည် လက်ကို မြှောက်၍ ယဲ့ဖန်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်လိုက်သည်။
ရွှစ်!
ယဲ့ဖန်၏ လက်ဖဝါးက လီကျုံးကော၏ လက်မောင်းထံသို့ ချွန်ထက်သော လက်နက်ကဲ့သို့ တိုက်ရိုက် ထိုးဖောက်သွားသည်။ တစ်ခဏမျှ ကြာသော် သူ၏ လက်ဖဝါးက လီကျုံးကော၏ နှလုံးသားသို့ ထိုးဖောက်သွားသည်။
ထိုအချိန်တွင် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားရသည်။ ယဲ့ဖန်သည် တိုက်ပွဲအတွင်း အဆင့်တက်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပါ။
ထို့အပြင် ဘာမဟုတ်သည့် ဆရာသခင်အဆင့်လေးက ဤမျှ ကြောက်ဖို့ ကောင်းလိမ့်မည်ဟုလည်း ထင်မထားခဲ့မိကြပါ။
လီကျုံးကောသည် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်မိပြီးနောက် သူ၏ မျက်နှာသည် အလွန် ထိတ်လန့်ဟန်ပေါ်နေပြီး ပြာနှမ်းလို့နေ၏။
သူ ခေါင်းငုံ့၍ သူ့ရင်ဘတ်အတွင်း ထိုးဖောက်သွားသော လက်ဖဝါးအား တုန်လှုပ်၍ မလိုလားဟန်ဖြင့် ကြည့်နေမိသည်။ ထို့နောက် သူ ရေရွတ်လိုက်မိသည်။
"အရမ်း … အရမ်း ခွန်အားကြီးတာပဲ"
ထိုသို့ပြောပြီးနောက် လီကျုံးကောသည် ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။ သူ သေသွားချေပြီ။
ထို့နောက် သူ့ရင်ဘတ်မှ ရဲရဲနီနေသော သွေးများ ပန်းထွက်လာသည်။ ဆိုးရွား နံစော်သော အနံ့အသက်က တိုက်ခိုက်ရေး ကလပ်အတွင်းရှိ လူတိုင်းအား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်လုံး အချိန်တိုလေးအတွင်း၌ ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဤသည်ကား အံ့ဩဖွယ်ကောင်းလှသည်။
ယဲ့ဖန်က လီကျုံးကော၏ မူလ သလင်းကျောက်အား သူ၏ နဖူးအလယ်တည့်တည့်မှ ထုတ်ယူပြီးနောက် ပါးစပ်ထဲ ကောက်ထည့်လိုက်သဖြင့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များအားလုံး ငြိမ်ကုပ်သွားကြသည်။
ထူးဆန်းလိုက်တဲ့ကောင်။
သည်လောက် ရက်စက်သည့် လူထူးလူဆန်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ သူ လူမဟုတ်လောက်။
"ကျုံးကော"
ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်သည် ထိတ်လန့် ဒေါသထွက်နေပြီး သူတို့ မြင်နေရသည်များကို မယုံချင်သလို ဖြစ်နေသည်။
ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်အဖွဲ့က တိုက်ပွဲအား ရှုံးနိမ့်လို့သွားလေပြီ။
*အဲ့ကောင် လူမှ ဟုတ်ရဲ့လား*
"အခု သူ သေသွားပြီဆိုတော့ မင်းတို့ သူ့ကို သွားအဖော်လုပ်ပေးသင့်တယ်"
ထိုစဉ် ယဲ့ဖန်၏ တင်းမာသော အသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ထံသို့ အသံထက်မြန်သော နှုန်းဖြင့် ပြေးဝင်းသွားသည်။
"မင်းတော့ အသေပဲကွာ"
ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ထဲမှ တစ်ယောက်သည် အလွန် ဒေါကန်နေသဖြင့် ကြုံးဝါး ပြောဆိုလိုက်သည်။
တစ်ဟုန်ထိုး တောက်လောင်နေသော အခြေခံ စွမ်းအင်များ၊ သွေးများနှင့်အတူ သူသည် ယဲ့ဖန်ထံသို့ အရူးအမူး ပြေးဝင်သွားသည်။ သူ့နောက်မှ ကျန်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ လိုက်ပါလာသည်။
ဒုန်း! ဒုန်း! ဒုန်း!
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ ယဲ့ဖန်နှင့် ထိပ်တိုက် တိုက်ပွဲဝင်သွားကြသည်။ ထို့နောက် သူတို့၏ ရင်ဆိုင်တိုက်ပွဲကြောင့် စည်းဝိုင်းတစ်ခုလုံး ပြိုကျကာ ကျောက်တုံး အပိုင်းအစများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။
ဝဲပျံနေသော ကြောက်မက်ဖွယ်ကောင်းသည့် ချီမျှင်စုများက အခြားသိုင်းပညာရှင်များအား သေမတတ် ထိတ်လန့်လာစေသည်။
သူတို့ မြင်လိုက်ရသည့်အရာကြောင့် သူတို့ အသားကုန် တုန်လှုပ်နေကြသည်။ ယဲ့ဖန်သည် တိုက်ပွဲအတွင်းမှာပင် ပို၍ ပို၍ သန်မာလာသည်။
သူသည် တိုက်ကွက်တစ်ကွက် ထုတ်လိုက်တိုင်း လေထဲသို့ သွေးစများနှင့် အသားစများကို လွင့်ပျံသွားစေပြီး ငရဲမှ ထွက်ပေါ်လာသော စစ်နတ်ဘုရားနှင့် ဆင်တူလှသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။
ယဲ့ဖန် ရှေ့သို့ တက်လာတိုင်း ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် သုံးယောက်အား နောက်သို့ ဆုတ်သွားစေသည်။ ဤသည်ကား တစ်ဖတ်သတ် တိုက်ပွဲပင်။ ယဲ့ဖန်က ကိုရီးယားလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သုံးယောက်ကို ဖိနှိပ်လို့ထားသည်။
ကြည့်ရှုနေသည့် လူအုပ်ကြီးက အလွန်ထိတ်လန့်သွားစေသည်။ သို့သော်လည်း ဤမျှနှင့် အဆုံးမသတ်သေးချေ။
ဝုန်း!
ဖျောင်ကျုံးရွှင်မှ ယဲ့ဖန်ကို တိုက်ခိုက်လိုက်သည့် တိုက်ကွက်က လွဲသွားသည်၊ ထို့နောက် ယဲ့ဖန်က သူ့ကို အားနှင့် ပြန်၍ တိုက်ခိုက်လာသည်။
ဂျွတ်!
ဖျောင်ကျုံးရွှင်း၏ ကျောရိုး ဂျွတ်ခနဲ ကျိုးသွားကာ အရိုးကျိုးသံက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအကျိုးဆက်ကြောင့် ဖျောင်ကျုံးရွှမ်သည် မြေကြီးပေါ်သို့ ရွှံ့စေးကဲ့သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။
ရွှစ်!
ယဲ့ဖန်သည် သူ၏ နတ်ဆိုးလက်သည်းဖြင့် ထိုလူ၏ နဖူးအလယ်တည့်တည့်ကို ဖောက်၍ မူလ သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
လေးယောက်မြောက် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် အသတ်ခံလိုက်ရလေပြီ။ တစ်ခဏမျှကြာသော် ယဲ့ဖန်က သူ၏ သလင်းကျောက်ကို မြိုချပြီး ကျင်းတချမ်းနှင့် ဖျောင်ကျုံးချမ်းတို့ ထံသို့ ပြေးဝင်သွားသည်။
"သေပေတော့"
ယဲ့ဖန်က တလက်လက်တောက်နေသော မျက်လုံးများဖြင့် ကျင်းတချမ်း၏ လက်ဖဝါးအား အားနှင့် ထိုးနှက်လိုက်သည်။
ထို့နောက် သူသည် ပြိုင်ဘက်၏ ဦးခေါင်းအား သူ၏ သံမဏိလက်သီးဖြင့် ကျိုးကြေအောင် ထိုးနှက်လိုက်သည်။
အုန်း!
ကျင်းတချမ်း၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားလေသည်။ သူ၏ ခေါင်းပြတ်နေသော ကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ အမှိုက်အိတ်သဖွယ် ပြုတ်ကျသွားသည်။
ထိုအချိန်တွင် အလောင်းငါးလောင်းက စည်းဝိုင်းထဲ၌ လဲကျလို့နေပြီး ဖျောင်ကျုံးချမ်းတစ်ယောက်သာ ကျန်နေခဲ့သည်။
"သရဲ …မင်း … မင်းက သရဲပဲ"
ဖျောင်ကျုံးချမ်း သေမတတ် ချောက်ချားလို့နေသည်။ သူ ထပ်၍ မတိုက်ချင်တော့ပါ။
*ထွက်ပြေးရမယ် … ထွက်ပြေးရမယ် … ထွက်ပြေးရမယ်*
သူသည် ယဲ့ဖန်နှင့် တိုက်ခိုက်ရန် လက်လျှော့၍ သူ အသက်ရှင်ရေးကိုသာ လိုချင်မိသည်။ ထို့ကြောင့် သူသည် ဖျောင်ထိုက်ရှင်းထံသို့ ကြောက်စိတ်မွှန်နေသော ယုန်ကဲ့သို့ ပြေးထွက်သွားသည်။
ဆယ်မီတာ၊ ငါးမီတာ၊ သုံးမီတာ။
ဖျောင်ကျုံးချမ်းသည် ဖျောင်ထိုက်ရှင်းနှင့် နီးကပ်လာသဖြင့် သူ့အသက်ရှင်ရန် အခွင့်အရေး ပိုရလာသလို ခံစားလိုက်ရသည်။
သို့သော် စည်းဝိုင်း၏ အစွန်းသို့ ရောက်ချိန်တွင် သူ အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် သူ့ရင်ဘတ်မှ သွေးများက ငေါက်ခနဲ ပန်းထွက်လာသည်။
ထို့နောက် သူ တောင့်ခနဲ ဖြစ်သွားလေသည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ လက်ဖဝါးတစ်ဘက်က သူ့ရင်ဘတ်အား ဖောက်ထွင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာပေါ်၌ အကြောက်တရားနှင့် မလိုလားဟန်များ ဖုံးလွှမ်းလာသည်။
"ငါ…. ထွက်ပြေးတာ … မအောင်မြင်ပါလား"
ဘုန်းခနဲ အသံနှင့်အတူ ဖျောင်ကျုံးချမ်း၏ အသက်မဲ့နေသော ခန္ဓာကိုယ်က လဲကျသွားသည်။ အသက်မဲ့နေသော အလောင်းခြောက်လောင်းက စည်းဝိုင်းတွင် လဲနေပြီး လတ်ဆတ်သော သွေးစီးကြောင်းများက ကြမ်းပြင်ကို ဖုံးလွှမ်းလို့ နေ၏။