ရူးနေပြီ! သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ!
Vol. 18 Ch. 264
*သေကုန်ပြီ*
*ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ခြောက်ယောက်လုံး သေကုန်ပြီ*
ထိုအချိန်တွင် တိုက်ခိုက်ရေးကလပ် တစ်ခုလုံးရှိ လေထုသည် ထိုင်းမှိုင်းလို့လာ၏။
ကိုရီးယားလူမျိုးများ နားနေသော နေရာ၌ လူတိုင်းသည် အသက်ကို အောင့်ထားပြီး သူတို့၏ နှလုံးသားအား ကျောက်တုံးကြီးဖြင့် အဖိခံလိုက်ရသလို ခံစားလိုက် ရသည်။ ဤဖြစ်စဉ်ကြီး တစ်ခုလုံးက ဆယ်မိနစ် လောက်တောင် မကြာလိုက်ချေ။
*ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ခြောက်ယောက်လုံး အသတ်ခံလိုက်ရပြီ။ ဒါ …. မဖြစ်နိုင်ဘူးလေ*
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဟွာရှနိုင်ငံ၏ အဓိကကလန်များ ရှိရာနေရာမှ အားပေးသံများနှင့် ကျွတ်ကျွတ်ညံလာ၏။
ဟွာရှနိုင်ငံ၏ အဓိက ကလန်များမှ ကလန်သားများ၏ မျက်လုံးထဲတွင်တော့ ယဲ့ဖန်သည် နတ်ဘုရားလိုပင် ဖြစ်သည်။
“မယုံနိုင်စရာပဲ … ဆရာသခင်အဆင့် တစ်ယောက်က ဒဏ္ဍာရီအဆင့် ခြောက်ယောက်ကို သတ်လိုက်တယ် … ဒါ ဟွာရှနိုင်ငံရဲ့ သိုင်းလောကမှာ ဒဏ္ဍာရီလာ မှတ်တမ်းတစ်ခု သေချာပေါက် ဖြစ်လာတော့မှာပဲ”
“သူက အရမ်း သန်မာလွန်းတယ် … သာမန် ဒဏ္ဍာရီအဆင့်တွေက ယဲ့ဖန်ရှေ့မှာတော့ ခွေးလို၊ ဝက်လိုကို အားနည်းလွန်းတယ်”
“ဒါ တစ်ဖတ်သတ်တိုက်ပွဲပဲ …. ဒါ တကယ့်ကို ရူးချင်စရာကောင်းတဲ့ တစ်ဖတ်သတ် နိုင်ပွဲပဲ”
ထိုအချိန်တွင် ဟွာရှနိုင်ငံ၏ အဓိက ကလန်များမှ ကလန်သားများ၏ ရင်ထဲတွင် ယဲ့ဖန်သည် ဟွာရှနိုင်ငံ၏ စစ်နတ်ဘုရားပင် ဖြစ်သည်။
သူ၏ ရက်စက်မှုသည် လက်ဖျားခါလောက်ပေသည်။
တစ်ဘက်တွင်တော့ ယဲ့မုန့်ထန်သည် မျက်ခုံးတဆတ်ဆတ်လှုပ်ကာ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများနှင့် ရေရွတ်နေမိသည်။
“ဒီတရားမဝင်သားက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ … မဟုတ်ဘူး … မဖြစ်နိုင်ဘူး … ဒါ လုံးဝမဖြစ်နိုင်ဘူး”
ယခုအချိန်တွင် ယဲ့မုန့်ထန်သည် အလွန် နောင်တရလို့နေ၏။ အကယ်၍ သူသာ ယဲ့ဖန်၏ ရက်စက်မှုကို အစောကြီးကတည်းက သိရှိခဲ့ပါလျင် သူ ဘယ်တော့မှ ယဲ့ကလန်ကို သစ္စာဖောက်မည် မဟုတ်သလို သည်တကယ့် လူထူးလူဆန်းအားလည်း ရန်စမိမည် မဟုတ်ပါ။
သို့ပေမဲ့ ယခုအခါတွင်တော့ အချိန်နှောင်းသွားပြီ ဖြစ်သည်။
“အကြီးအကဲကျို … မြန်မြန် … အဲ့ခွေးမသားလေးကို သတ်လိုက်ပါ … သူသာ အသက်ရှင်နေသေးရင် ကျုပ်တို့ဆီ မဆုံးနိုင်တဲ့ ဒုက္ခတွေကို သယ်လာမှာ”
ယဲ့မုန့်ထန်သည် ကြောက်ရွံ့တုန်လှုပ်စွာ ပြောဆိုလိုက်သည်။ ယဲ့မုန့်ထန်၏ စကားကြောင့် ကျိုဟမ့်ရှန်၏ မျက်နှာက တင်းမာသွားကာ ပြန်ပြောလာသည်။
“သူက တကယ့်ကို ရက်စက်တဲ့ သူပုန်ပဲ … ဒီလို ကြမ်းကြုတ်တဲ့ သိုင်းကွက်မျိုး ကျုပ် တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ထိုသို့ပြောပြီး ကျိုဟမ့်ရှန်က ကိုရီးယားလူမျိုးများ နားနေရာ နေရာသို့ တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“ဒါပေမယ့် သူ ပျက်သုဉ်းရမယ့်နေ့က ရောက်လာပြီလေ”
*ဘာ*
သူ့စကားကြောင့် ယဲ့မုန့်ထန်က ချက်ချင်း တစ်ဘက်လှည့်ကာ ကိုရီးယားလူမျိုးများ နားနေရာနေရာသို့ လှမ်းကြည့်လိုက်သည်။
ရုတ်တရက် ကိုရီးယားလူမျိုးများ နားနေရာ နေရာမှ အဘိုးအိုတစ်ယောက် လျှောက်လာနေသည်ကို သူ တွေ့လိုက်ရသည်။
သူသည် ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ဖျောင်ထိုက်ရှင်း ဖြစ်ပြီး သေဆုံးသွားသော ဒဏ္ဍာရီအဆင့် ခြောက်ယောက်၏ ဆရာလည်း ဖြစ်ပေသည်။
ဖျောင်ထိုက်ရှင်း၏ မျက်နှာသည် ဝမ်းနည်းကာ တင်းမာလို့နေသည်။ သူက ယဲ့ဖန်အား ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲံသို့ ကြမ်းကြုတ်၊ ရက်စက်စွာ ကြည့်၍ ပြောလိုက်သည်။
“ယဲ့ဖန် … ယဲ့ဖန်”
“မင်း ငါ့သား၊ ငါ့မြေးနဲ့ ငါ့တပည့်ခြောက်ယောက်ကို သတ်ခဲ့တယ်”
“ဒီနေ့ ငါ ဖျောင်ထိုက်ရှင်းက မင်းကို ဒီမှာ သတ်မယ်လို့ ကျိန်ဆိုတယ် …. ဒီလိုမှမဟုတ်ရင် ငါ လူမဟုတ်တော့ဘူး”
ဖျောင်ထိုက်ရှင်း အလွန် ဒေါသထွက်လို့နေသည်။ သူ့သား၊ မြေးနှင့် တပည့်များအားလုံး ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် သူသည် သူ့မျိုးဆက်များကို ဆုံးရှုံးလိုက်ရလေသည်။
ဖျောင်ထိုက်ရှင်း၏ စကားကို ကြားပြီး ယဲ့ဖန်က မသိမသာ သရော်နေသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်လား … တိုက်ဆိုင်လိုက်တာ … ကျုပ်ရဲ့ ဆရာသခင်အဆင့် ခွန်အားကို ခင်ဗျားအသက်ကိုစမ်းသပ်ဖို့ အသုံးချရတာပေါ့”
“ကျုပ်ကို မုန်းမနေပါနဲ့ … ဘာလို့လဲဆိုတော့ ခင်ဗျား သူတို့နဲ့ မကြာခင် ပြန်ဆုံနိုင်အောင် ကျုပ် လုပ်ပေးမလို့လေ”
….
ယဲ့ဖန်၏ စကားကို ကြားပြီး ဖျောင်ထိုက်ရှင်း အလွန် ဒေါကန်သွားသည်။
“ခွေးမသားလေး … မင်း သေချင်နေတာပဲ”
ထိုသို့ပြောပြီး ဖျောင်ထိုက်ရှင်းက ယဲ့ဖန်ထံသို့ ဒေါသထွကနေသော နွားသိုးကဲ့သို့ ပြေးဝင်သွားသည်။
သူ၏ အံ့ဩဖွယ်ကောင်းလောက်သော အရှိန်ကြောင့် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး လေတိုးသံများနှင့် ပဲ့တင်ထပ်သွားသည်။ ထိုစဉ် သူက တစ်ချက် ကြုံးဝါးလိုက်သည်။
“ချီဓာတ်ကို ဓားမော့အဖြစ်သို့ ပြောင်းလဲခြင်း”
ထို့နောက်တွင် သန်မာသော ချီမျှင်တန်းတစ်ခုက ဖျောင်ထိုက်ရှင်း၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာသည်။ မည်သူမျှ သတိမထားလိုက်မိခင်တွင် သူ့ဦးခေါင်းထက်၌ အေးခဲချီ ဓားမော့တစ်လက် ပေါ်ပေါက်လာသည်။
…..
ထိုစဉ် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး၏ အပူချိန်က သုညသို့ ရုတ်တရက် ထိုးကျသွားသည်။ ကျန်ရှိနေသော ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ခိုက်ခိုက်တုန်လာသည်။
ဖျောင်ထိုက်ရှင်း၏ ချီဓားမော့က ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်အား တစ်ချက်တည်းနှင့် အသာလေး သတ်ပစ်နိုင်မှန်း သူတို့ သိထားကြသည်။
“အဲ့ဒါ … အဲ့ဒါ ဒဏ္ဍာရီလာ အဆင့် သိုင်းပညာရှင်တွေရဲ့ တစ်မူထူးတဲ့ သိုင်းကွက်မလား … ချီဓာတ်ကို လက်နက်အဖြစ် ပြောင်းလဲခြင်းလေ … လူတွေကို မမြင်ကွယ်ရာကနေ သတ်နိုင်တယ်လေ”
ပွဲကြည့်သူများ ထိတ်လန့်သွားကြသည်။ သူတို့သည် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များကို သတိထားမိသော်လည်း ယခုမှသာ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များသည် သူတို့ကိုယ်တွင်း၌ တစ်ဟုန်ထိုး တိုးပွားနေသော ချီဓာတ်များ ရှိသည်။ သူတို့၏ ချီဓာတ်များသည် သမုဒ္ဒရာကဲ့သို့ ကြီးမား များပြား၍ ဆက်တိုက် ထုတ်သုံးနိုင်သည်။
သူတို့၏ ချီဓာတ်များသည် သူတို့ကိုယ်တွင်းမှ ထွက်လာပြီးနောက် အလွန် ထက်မြက်သော လက်နက်များအဖြစ် ပြောင်းလဲသွားနိုင်ပြီး စိတ်ဝိညာဉ် ပစ္စည်းများကိုပင် ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်။
ဖျောင်ထိုက်ရှင်း သိုင်းကွက်ထုတ်လိုက်သည်နှင့် သူသည် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးကို နှစ်ခြမ်းခွဲမိမလို ဖြစ်သွားသည်။
“သေစမ်းကွာ”
သူ ကြုံးဝါးလိုက်ရင်း သူ၏ အေးခဲချီ ဓားမော့နှင့် ခုတ်ပိုင်းလိုက်သည်။ ပင့်ကူမျှင်ကဲ့သို့ များပြားလှသော အက်ရာများက ပျက်ဆီးနေသော စည်းဝိုင်းပတ်လည်၌ ပေါ်လာသည်။
အေးခဲချီ ဓားမော့သည် အလွန် ထက်ရှလှသဖြင့် ပြိုင်ကွင်းကိုတောင် အသာလေး ခွဲဖြတ်သွားနိုင်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ချီဓားမော့က ယဲ့ဖန်အား ခုတ်ပိုင်းသွားသည်။
ရွှစ်!
ထို့နောက် ယဲ့ဖန်သည် အနောက်သို့ ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး စည်းဝိုင်းအောက်ရှိ ကြမ်းပြင်သို့ ပြန်ပြုတ်ကျလာကာ သွေးများ အန်ထွက်လာ၏။
ယဲ့ဖန်၏ သွေးများက စည်းဝိုင်းအား ဖုံးလွှမ်းသွားသည်။ ထိုစဉ် တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး တိတ်ကျသွားသည်။
ပွဲကြည့်နေသူများ နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရသည်။ သူတို့အားလုံး စည်းဝိုင်းအောက်မှ ယဲ့ဖန်အား မျက်ခုံးတလှုပ်လှုပ်နှင့် ဝိုင်းကြည့်နေမိသည်။
ယဲ့ဖန်သည် သွေးများ ပေကျံနေပြီး ကြမ်းပြင်ပေါ်၌ ငြိမ်သက်စွာ လဲနေသည်။
*သေသွားပြီလား*
*ယဲ့ဖန် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား*
…..
လူတိုင်း အသက်ကို ပြင်းပြင်းရှူရင်း ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ခေါင်းမွှေးတွေတောင် ထောင်လာသလို ခံစားလိုက်ရသည်။
ဤမျှ အံ့ဩဖွယ်ကောင်းသည့် ခွန်အားက ဟွာရှနိုင်ငံသား သိုင်းပညာရှင်များအား အလွန် ထိတ်လန့်သွားစေသည်။
“ယဲ့ဖန်”
ယဲ့ရှုံး၊ ယဲ့ဖန့်ချန်နှင့် ယဲ့ဖန်ဘက်၌ ရှိသော အခြားယဲ့ကလန်သားများ သေမတတ် ကြောက်ရွံ့သွားကြသည်။
ဖျောင်ကျိုးဝမ် ချက်ချင်း လွှားခနဲ ထခုန်လိုက်မိသည်။ သူမပါးစပ်လေးအား လက်ဖြင့် အုပ်ရင်း မျက်ရည်များ အဆက်မပြတ် ကျဆင်းလာရင်း ပြောလိုက်မိသည်။
“မောင်...မောင်ငယ်လေး … မဟုတ်ဘူး … နင် သေလို့မရဘူးနော်”
ဖျောင်ကျိုးဝမ်၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်လို့နေပြီး သတိလစ်မတတ် ဖြစ်နေရှာသည်။ အမှောင်ဂိုဏ်းအဖွဲ့ နားနေရာ နေရာမှ အဖွဲ့သားများက ဟားတိုက်ရယ်မောလာကြသည်။
“သူ သေသွားပြီ … ဟဟ… အဲ့ခွေးမသားလေး နောက်ဆုံးတော့ သေသွားပြီ”
ယဲ့မုန့်ထန် အလွန် ပျော်ရွှင်နေသဖြင့် သူ့ပါးစပ်ကြီးတောင် ရွဲ့စောင်းလို့နေသည်။ ယဲ့ဖန်က သူ့ကို ပေးသော အကြောက်တရားက ချက်ချင်း ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် သူ အလွန် ဝမ်းသာနေသလို ခံစားနေရသည်။
ကျိုဟမ့်ရှန်သည်လည်း ကျေနပ်နေသော မျက်နှာထားဖြင့် သူ့မုတ်ဆိတ်မွှေးကို လက်ဖြင့် သပ်နေသည်။ သို့သော် ဖျောင်ထိုက်ရှင်း၏ မျက်နှာက ပျော်ရွှင်ဟန် မပေါက်သည်ကို သူတို့ သတိထားလိုက်မိသည်။ သူ့မျက်နှာက အလွန် သုန်မှုန်လို့နေ၏။
ထို့ပြင် ဖျောင်ထိုက်ရှင်းက တစ်ခုခုကို လန့်နေသည့်ဟန်ဖြင့် ချီဓာတ်ကို ပိုမိုထုတ်လွှတ်၍ နောက်ထပ် အေးခဲချီ ဓားမော့တစ်ချောင်းကို ဖန်တီးလိုက်သည်။ ထိုအချိန်တွင် သူသည် ကြမ်းပြင်ပေါ် လဲနေသော ယဲ့ဖန်ကို စိုက်ကြည့်လို့နေ၏။
“အဟမ်း...အဟမ်း...အဟမ်း….”
ထိုစဉ် ချောင်းဟန့်သံ ရုတ်ချက်း ထွက်ပေါ်လာကာ အမှောင်ဂိုဏ်းအဖွဲ့သားများ၏ အပြုံးကို အေးခဲသွားစေသည်။
ကြမ်းပြင်ပေါ်မှ ယဲ့ဖန် ဖြည်းဖြည်းချင်း ပြန်ထလာသည်ကို သူတို့ မြင်လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားကြသည်။
“မဟုတ်ဘူး …. မဖြစ်နိုင်ဘူးလေ”
ယဲ့မုန့်ထန်သည် မျက်လုံးပြူး မျက်ဆံပြူးနှင့် ထိတ်လန့်ကာ ကိုယ့်လျှာကိုယ်ပြန်ကိုက်မိမလို ဖြစ်သွားရသည်။
*ဆရာသခင်အဆင့် တစ်ယောက်က ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်ရဲ့ ချီလက်နက် တိုက်ကွက်ကနေ အသက်ရှင်ခဲ့တယ်*
*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*
အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က ပြန်ထလာပြီး ရင်ဘတ်မှ သွေးစွန်းနေသော ဓားချက်နှင့်အတူ စည်းဝိုင်းဆီသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်လာနေသည်။
ထို့ပြင် သူက တောက်ပနေသော မျက်လုံးများဖြင့် ပြောလာသည်က
“ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တတ်နိုင်တာက ဒါ အကုန်ပဲလား … အားနည်းတယ် …. အရမ်း အားနည်းလွန်းတယ်”
*ဘာ*
တိုက်ခိုက်ရေးကလပ်မှ လူတိုင်း အလွန် ထိတ်လန့်သွားကြသည်။ ဖျောင်ထိုက်ရှင်း၏ မျက်နှာက အလွန် ခက်ထန်လာပြီး ချက်ချင်း သူ့လက်ကို လှုပ်ရှားလိုက်သည်.
နောက်ထပ် လေတိုးသံနှင့်အတူ သူသည် အေးခဲချီ ဓားမော့တစ်ချောင်းကို ယဲ့ဖန်ထံသို့ အားနှင့် ပစ်သွင်းလိုက်သည်။
“ကျုပ် လိုချင်တာ ဒါပဲလေ”
ယဲ့ဖန်က ရှောင်ဖို့တောင် မကြိုးစားပါ၊ ထိုအစား သူက သူ ချစ်ရသော အမျိုးသမီးအား ထွေးပွေ့ရသကဲ့သို့ စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် ရင်ကို ဖွင့်၍ ထိုအေးခဲချီ ဓားမော့အား ပွေ့ဖက်၍ ခံယူလိုက်သည်။
…..
ကြည့်နေသူများအားလုံးကြားထဲ ချက်ချင်း ပွက်လောရိုက်သွားသည်။
*ရူးနေပြီ*
“သူ …. သူ ရူးနေပြီ … သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”