အခန်း (၃၁၃)
Vol. 31 Ch. 313
“ပြီးတော့... အမှောင်ထု ရောက်ရှိလာပြီ”
ကမ္ဘာကြီး၏ အနှစ်သာရအထက်တွင် ပေါ်နေသော ဟိုလိုဂရမ်မျက်နှာပြင်ပေါ်၌ ကျောက်ထျန်းလင်က မသေမျိုးရတနာကို အသုံးပြု၍ တစ်ကမ္ဘာလုံးကို အမှောင်ထုဖြင့် လွှမ်းခြုံလိုက်သည့် မြင်ကွင်းကို ပြသနေသည်။
ရှန်းယွီသည် သူ၏ နတ်ဘုရားအာရုံကို အပြင်ဘက်သို့ ဖြန့်ကြက်ကြည့်လိုက်သည်။ အမှန်
တကယ်ပင် မှောင်လာကာ စက္ကန့်အနည်းငယ်အတွင်းမှာပင် အလင်းရောင်မှာ သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။
သူ သက်ပြင်းချလိုက်မိသည်။ ပြဿနာများမှာ သူ ဘယ်လိုပင်နေနေ သူ့ထံသို့ လမ်းကြောင်းရှာပြီး ရောက်လာစမြဲပင်။ ယခုလည်း ကမ္ဘာကြီးက ရုတ်တရက် ပျက်စီးခြင်းသို့ ဦးတည်နေပြန်ကာ
သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ အလင်းလုံးလေးတစ်ခုက သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာသည်။ ထို့နောက် လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ ထိုအလင်းလုံးလေးမှာ လွင့်ပျံသွားပြီး ဂူ၏ အကာအကွယ်အတားအဆီးကို ဖြတ်ကျော်ကာ မိုးပြာရောင်တိမ်တိုက်
ဂိုဏ်း၏ အထက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ထိုနေရာ၌ပင် ရပ်တန့်နေပြီး ဂိုဏ်းဝင်းတစ်ခုလုံးကို နေမင်းအသေးစားလေးတစ်ခုအလား အလင်းရောင် မှိန်ပျပျ ပေးစွမ်းနေတော့သည်။
သူသည် ကျေနပ်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ ဖြစ်ပျက်နေသည်များကို တစ်စုံတစ်ယောက်က ရှင်းပြမပေးနိုင်ခင်အထိ ဂိုဏ်းသားများ ထိတ်လန့်တုန်လှုပ်မနေစေရန် ဤအရာက ကူညီပေးနိုင်လိမ့်မည်။
သူ၏ အာရုံကို ကမ္ဘာ့အနှစ်သာရထံသို့ ပြန်လှည့်လိုက်သောအခါ လီယောင်းသည် သူမ၏ ဓားကို ဆွဲထုတ်ရန် အသင့်အနေအထားဖြင့် လက်တင်ထားသည်ကို ရှန်းယွီ တွေ့လိုက်ရသည်။
“တောက်... အဲဒီမိန်းမ တစ်ခုခု ကြံစည်နေမယ်ဆိုတာ ငါ သိသားပဲ”
လီယောင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
“အခွင့်အရေး ရတုန်းက သူ့ကို သတ်ပစ်လိုက်သင့်တာ”
သူမက ခေါင်းကို ခါယမ်းရင်း အားမရသလိုဖြင့် သူမ၏ နဖူးကို လက်ဖြင့် ဖိလိုက်သည်။
“ငါ ဘာတွေ တွေးနေခဲ့တာလဲ”
သူမသည် ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်လိုက်သည်။
“အခုတော့ အခြေအနေကို ငါ နားလည်သွားပြီ”
သူမက ပြောလိုက်သည်။
ရှန်းယွီက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ဇာတ်လိုက်တစ်ယောက်ပီပီ သူမသည် ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ခိုင်မာသွားပုံရသည်။
“မိန်းမတွေအကုန်လုံးကို ငါသတ်ပစ်ရမယ်။ သူတို့က သိပ်ကို အန္တရာယ်များလွန်းတယ်”
လီယောင်းက ကြေညာလိုက်သည်။
“နေဦး... ဘာကြီးလဲ အဲဒီလိုအတွေးမျိုး ဘယ်ကနေ ရောက်လာတာလဲ”
ရှန်းယွီက ဝင်ပြောလိုက်ပြီး သူမ ဒေါသတကြီး ထွက်မသွားခင် သူမ၏ခါးကို လျင်မြန်စွာ လှမ်းဖမ်းထားလိုက်သည်။
သူ သူမကို ဖမ်းလိုက်သည်နှင့် ကမ္ဘာ့အနှစ်သာရသည် နောက်ဆုံးတွင် သူ့ထံသို့ အာရုံရောက်လာပြီး ရုတ်တရက် နောက်သို့ခုန်ဆုတ်ကာ တုန်တုန်ယင်ယင် ဖြစ်သွားသည်။
ဝါး... ဟင်းလင်းပြင်မိစ္ဆာကြီး…
အနှစ်သာရလေးမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း နောက်သို့ ဆုတ်သွားတော့သည်။
“ဘာကြီးလဲ”
ရှန်းယွီက မျက်တောင်တခတ်ခတ်ဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူသည် လီယောင်းအပေါ်ထားသော အုပ်ကိုင်မှုကို လျှော့လိုက်ရာ စိတ်အေးသွားပြီဖြစ်သော လီယောင်းက ထိုအခွင့်အရေးကို အသုံးချကာ သူ့ထံသို့ ပို၍ တိုးကပ်လိုက်သည်။
ကမ္ဘာ့အနှစ်သာရလေးမှာ အနီးနားရှိ ခရစ်စတယ်တုံးများနောက်သို့ အလန့်တကြား ပြေးဝင်ပုန်းအောင်းလိုက်ပြီး ထောင့်ချိုးလေးမှ ကြောက်လန့်နေသော မျက်လုံးများဖြင့် ချောင်းကြည့်နေသည်။
ကျေးဇူးပြုပြီး... ငါ့ကို မစားပါနဲ့...
၎င်းက အသည်းအသန် တောင်းပန်တိုးလျှိုးပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ဝါး... ငါ့ကံက ဘာလို့ ဒီလောက်ဆိုးရတာလဲ ပထမတော့ အမှောင်ထုမိန်းမကြီး အခုတော့ ဟင်းလင်းပြင်မိစ္ဆာကြီးက ငါ့ကို ဝါးမြိုဖို့ လုပ်နေပြန်ပြီ။
“စိတ်အေးအေးထားပါ ငါက ဟင်းလင်းပြင်မိစ္ဆာမဟုတ်ပါဘူး”
ရှန်းယွီက နှစ်သိမ့်သလို ပြောလိုက်သော်လည်း ကမ္ဘာ့အနှစ်သာရလေးမှာ သူ့စကားကို လုံးဝနားမထောင်ဘဲ တစ်ရှုံ့ရှုံ့နှင့် ဆက်လက်ငိုနေသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ၎င်းပြောနေသော ဟင်းလင်းပြင်မိစ္ဆာဆိုသည်မှာ ဘာကိုဆိုလိုတာလဲဟု တွေးတောနေမိသည်။ ၎င်းသည် သူ၏ ဟင်းလင်းပြင်မီးလျှံဝိညာဉ်ကို အာရုံခံမိနေတာလား။
ယခု ပြန်စဉ်းစားကြည့်လျှင် ကမ္ဘာ့အနှစ်သာရကို တိုက်ရိုက်ကြည့်လိုက်ခြင်းက သူ၏အတွင်းစိတ်နက်နဲရာ တစ်နေရာကို လှုပ်ခတ်စေသည်။ သူ၏မျိုးနွယ်စုသည်လည်း ကမ္ဘာများကို စားသုံးပြီး ရှင်သန်ရခြင်းလားဟု သူ တွေးတောမိသွားသည်။ ထိုအတွေးများကို သူ ချက်ချင်းပင် မောင်းထုတ်လိုက်ပြီး အနှစ်သာရလေး ငြိမ်သက်သွားစေရန် ထပ်မံကြိုးစားလိုက်သည်။
“ခဏလောက် ငါ့စကားကို နားထောင်ပါဦး”
သူက ပြောသော်လည်း အနှစ်သာရလေးမှာ အာရုံမစိုက်သေးပေ။ ၎င်းသည် သူ၏ကံတရားက ဘယ်လောက်တောင် စုတ်ပြတ်သတ်နေသလဲဆိုသည်ကိုသာ အော်ဟစ်၍ ငိုယိုနေတော့သည်။
ရှန်းယွီ၏ မျက်တောင်မှာ စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် လှုပ်ရှားသွားသည်။
ဒီအရာက ဘာဖြစ်နေတာလဲ။
စက္ကန့်တိုင်း ငိုနေသည့် ဤအပြုအမူက သူ့ကို တကယ်ပင် စိတ်တိုလာစေသည်။
“စိတ်အေးအေးထားပြီး ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းပြစမ်း”
သူက အသံကိုမြှင့်ပြီး ပြောလိုက်သော်လည်း ကမ္ဘာ့အနှစ်သာရလေးမှာတော့ ထိတ်လန့်တကြား အော်ဟစ်ငိုယိုနေဆဲပင်။
ရှန်းယွီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အသွင်ပြောင်းလဲသွားပြီး သူ၏ သားရဲပုံစံသို့ ရောက်ရှိသွားသည်။
“အခုချက်ချင်း တိတ်စမ်း မတိတ်ရင် နင့်ကို ငါတကယ်ပဲ ညစာအဖြစ် စားပစ်မယ်”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် သေးငယ်လှသော အနှစ်သာရလေးမှာ ချက်ချင်းပင် ငိုသံတိတ်သွားတော့သည်။ ၎င်းသည် သေးငယ်သော လက်ကလေးနှစ်ဖက်ဖြင့် ပါးစပ်ကို ပိတ်ထားပြီး သူ့ကို ထိတ်လန့်တကြား မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေသည်။
ရှန်းယွီသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်ပြီး သူ့ကိုယ်သူစိတ်အေးအောင် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ၏ မူလလူသားပုံစံသို့ ပြန်ပြောင်းလိုက်သော်လည်း သူ၏ စိတ်မရှည်မှုများမှာ မျက်နှာပေါ်တွင် ထင်ဟပ်နေဆဲပင်။
“နင်က ဘာလို့ အမြဲတမ်း ငိုနေတာလဲ”
သူက မေးလိုက်သည်။
“နင့်အသက် ဘယ်လောက်ရှိပြီလဲ”
တစ်နှစ်မှာ တစ်ကြိမ် ပွင့်တဲ့ ပန်းတွေ အကြိမ်ပေါင်း တစ်သန်းလောက် ပွင့်ပြီးပြီ..
အနှစ်သာရလေးက တိုးညှင်းသော အသံဖြင့် ပြန်ဖြေသည်။
“ဒါဆိုရင် ဘာလို့ နှစ်နှစ်သား ကလေးလေးလို ပြုမူနေရတာလဲ”
ရှန်းယွီက မေးခွန်းထုတ်လိုက်သည်။
[တကယ်တော့ ကမ္ဘာတွေရဲ့ ဖွံ့ဖြိုးမှု သံသရာက အရမ်းကို နှေးကွေးတယ်။ ဒါကြောင့် နည်းပညာအရ ပြောရရင်တော့ သူဟာ လူသားသက်တမ်းနဲ့ဆို နှစ်နှစ်သားအရွယ်လောက်ပဲ ရှိပါသေးတယ်]
ဧကရီက ရှင်းပြလိုက်သည်။
သူသည် ကမ္ဘာ့အနှစ်သာရလေးရှိရာသို့ လှမ်းကြည့်လိုက်သော်လည်း ၎င်းမှာ သူနှင့် အကြည့်ချင်းဆုံသည်နှင့် ပုန်းနေသောနေရာနောက်သို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။
လီယောင်းက ခေါင်းခါယမ်းလိုက်သည်။
“စီနီယာအစ်ကိုကလည်း... အရမ်းတည်ကြည်လွန်းနေတာပဲ။ ဒီကလေးလေး ကြောက်သွားတာပေါ့”
သူမက ညင်သာစွာ ပြောဆိုရင်း ပုန်းနေသော အနှစ်သာရလေးရှိရာသို့ လျှောက်သွားသည်။
လီယောင်းက ဒူးထောက်ထိုင်ချလိုက်ပြီး အနှစ်သာရလေးကို သူမ၏ လက်မောင်းထဲသို့ ဂရုတစိုက် မယူလိုက်သောအခါ ၎င်းသည် သူမကို တောက်ပသော မျှော်လင့်ချက်မျက်ဝန်းများဖြင့် မော့ကြည့်သည်။ ၎င်း၏ မျက်နှာမှာ သိသိသာသာ ဝင်းပလာသည်။ သူမ ရွေးချယ်ခဲ့သောသူပီပီ အားကိုးထိုက်သည်။
“ငါ နင့်ကို ကယ်ပေးမယ်”
လီယောင်းက ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည့် အသံဖြင့် ပြောလိုက်သည်။
ကမ္ဘာ့အနှစ်သာရလေး၏ မျက်နှာမှာ ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုများဖြင့် ဝင်းပသွားသည်။ နောက်ဆုံးတော့ သူမကို နားလည်ပေးမည့်သူ တစ်ယောက် တွေ့သွားသည်။
“ငါ့ကို ဒီကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတွေအားလုံးရဲ့ တည်နေရာတွေသာ ပေးလိုက်တော့”
လီယောင်းက တောက်ပသော အပြုံးတစ်ခုနှင့်အတူ ဆက်လက်ပြောပြောလိုက်သည်။
“ဒါနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ငါတို့ ဘာလုပ်ရမလဲ”
ရှန်းယွီ က မေးလိုက်သည်။
ကမ္ဘာ့အနှစ်သာရလေးမှာ လီယောင်း၏ ပုခုံးပေါ်တွင် ခိုကပ်နေပြီး ရှန်းယွီ သတိမထားမိလောက်ဟု ထင်သည့်အချိန်တိုင်း သူ့ကို ကြောက်ကြောက်လန့်လန့်နှင့် ခိုးကြည့်နေဆဲပင်။
ဟိုလေ... နတ်ဆိုးစွမ်းအင်တွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီ...
၎င်းက စတင်ပြောပြောလိုက်သည်။
“အနှစ်သာရလား အဲဒါ နင်မဟုတ်ဘူးလား”
လီယောင်းက မေးသည်။
“နင်ပဲ ပုန်းနေလိုက်ပါလား သူတို့ နင့်ဆီကို မရောက်နိုင်သရွေ့ အရာအားလုံး အဆင်ပြေမှာ မဟုတ်ဘူးလား”
ပုန်းရမယ် အနှစ်သာရက ရွှေ့လို့မရဘူးလေ။
အနှစ်သာရလေးက ၎င်း၏ မျက်လုံးအစုံကို ဝိုင်းစက်စွာဖြင့် ကြောင်အမ်းအမ်း ပြန်ပြောသည်။
လီယောင်းလည်း ဇဝေဇဝါဖြစ်သွားသည့် အမူအရာ ပေါ်လာသည်။
[ကမ္ဘာကြီးရဲ့ စစ်မှန်တဲ့ အနှစ်သာရက ဒီဂြိုဟ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတာ အဲဒီနေရာကနေ ရွှေ့လို့မရဘူး]
ဧကရီက ရှင်းပြလိုက်သည်။
[အခု ဒီရှေ့မှာရှိနေတဲ့ ကောင်လေးက ကိုယ်ပွားတစ်ခုလိုမျိုးပဲ]
ရှန်းယွီက ခေါင်းညိတ်လိုက်သည်။
“ဒါက ပိုပြီး အဓိပ္ပာယ်ရှိတာပေါ့”
သူဘာသာ တွေးမိသည်။ အကယ်၍ ဤကလေးသာ စစ်မှန်သော အနှစ်သာရဖြစ်နေပါက ဤကမ္ဘာကြီးက ဤမျှကြာအောင် ရှင်သန်နိုင်မည်မဟုတ်ပေ။
“ဒါဆို ဒါကို ရပ်တန့်ဖို့ နည်းလမ်းက အချက်အချာကျတဲ့ နေရာငါးခုကို ဖျက်ဆီးပစ်ဖို့ပေါ့ဟုတ်လား”
သူက မေးလိုက်သည်။
မှန်ပါတယ်။
ကမ္ဘာ့အနှစ်သာရလေးက အတည်ပြုပေးသည်။
“အဲဒီနေရာတွေက ဘယ်မှာလဲ”
လီယောင်းက မေးသည်။
အနှစ်သာရလေးသည် ၎င်း၏ သေးငယ်သော လက်ကလေးတစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သူတို့ရှေ့တွင် ဟိုလိုဂရမ် မြေပုံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ဒါဆို ရန်သူကကော”
ရှန်းယွီ က မေးလိုက်သည်။
သူမက အဲဒီ နေရာငါးခုကနေတစ်ဆင့် စွမ်းအင်တွေကို စုပ်ယူနေတာ။ အဲဒီနေရာတွေကို ဖျက်ဆီးလိုက်ရင် သူမရဲ့ စွမ်းအားတွေ သိသိသာသာ လျော့ကျသွားလိမ့်မယ်။
အနှစ်သာရလေးက ရှင်းပြသည်။