အခန်း (၃၁၄)
Vol. 31 Ch. 314
ရှန်းယွီ၊ လီယောင်းနှင့် ဧကရီ တို့သည် ဝိုင်းစက်သော စားပွဲတစ်ခုတွင် ဝိုင်းထိုင်နေကြသည်။
ကမ္ဘာ့အနှစ်သာရလေးသည် လူသားဧကရီ၏ ဦးခေါင်းထက်တွင် အေးအေးလူလူ နေရာယူထားပြီး သူမ၏ ဆံပင်များကို ကစားစရာအလား ပျော်ပျော်ပါးပါး လိမ်ကျစ်နေသည်။ ၎င်းသည် ရှန်းယွီ ထံသို့ ခိုးခိုးကြည့်နေပြီး သူ လှည့်ကြည့်လိုက်တိုင်း မျက်နှာကို အမြန်လွှဲလိုက်သည်။ ထို့နောက် ၎င်းသည် ဘာမှမသိသလိုမျိုး၊ စိုက်ကြည့်မနေခဲ့သလိုမျိုး အပြစ်ကင်းစင်စွာဖြင့် လေချွန်နေပြန်သည်။
ရှန်းယွီမှာတော့ ထိုအပြုအမူကို ကြည့်ပြီး ခေါင်းရမ်းရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
ဤကမ္ဘာကြီးသည် သူမ၏ တည်ရှိမှုကို သိရှိနေပုံရသည်ဟု ဧကရီက တွေးနေမိသည်။ ဤအချက်က သူမကို သိပ်ပြီး အံ့အားမသင့်စေပေ။ ကမ္ဘာကြီးဆိုသည်မှာ မည်သူက မည်မျှပင် ဖုံးကွယ်ထားပါစေ ၎င်းအတွင်း၌ ရှိနေသူတိုင်းကို အမြဲတမ်း သိရှိနေတတ်သည်။
၎င်းမှာ ကမ္ဘာကြီး၏ ထူးခြားသော စွမ်းအားတစ်ခုကြောင့် မဟုတ်ဘဲ ကမ္ဘာအားလုံး၏ မြစ်ဖျားခံရာဖြစ်သော ကောင်းကင်ဘုံလမ်းစဉ်ထံမှ ဆင်းသက်လာသည့် အမွေတစ်ခုသာ ဖြစ်သည်။ အနည်းဆုံးတော့ သဘာဝအတိုင်း ဖြစ်တည်လာသော ကမ္ဘာများအတွက် ထိုသို့ပင်။
သူမသည် ရှန်းယွီ ရှိရာသို့ အကြည့်ကို လွှဲလိုက်သည်။ ကမ္ဘာကြီးသည် ရှန်းယွီ တည်ရှိနေခြင်းကို လုံးဝ သတိမပြုမိပုံပင်။ အစောပိုင်းက တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် ဤကလေးသည် ရှန်းယွီနှင့် ယခင်က တစ်ခါမျှ မဆုံဖူးကြောင်း သူမ အတည်ပြုနိုင်သည်။ ဤအချက်မှာ သူမအတွက် တကယ်ကို ထူးဆန်းလှသည်။
ယခင်က သူမသည် ရှန်းယွီ တစ်စုံတစ်ရာသော အမွေအနှစ်ကို ရရှိပြီးမှ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ယူဆခဲ့သည်။ သို့သော် သူ၏ တိုးတက်လာမှုကို စောင့်ကြည့်ရင်း ၎င်းမှာ မည်ကဲ့သို့သော အမွေအနှစ်မျိုး ဖြစ်နိုင်မလဲဟု သူမ သံသယဝင်လာခဲ့သည်။ သူ၏ စွမ်းအားမှာ လီယောင်း၏ ကောင်းကင်ဘုံလမ်းစဉ် ခန္ဓာကိုယ်နှင့်ပင် တန်းတူယှဉ်နိုင်နေသည်။ အစပိုင်းတွင် ၎င်းမှာ အလွန်မြင့်မားသော အဆင့်ရှိသည့် အမွေအနှစ်တစ်ခု ဖြစ်နိုင်သည်ဟု သူမ ထင်ခဲ့သော်လည်း ယခုမူ သူမ ထိုမျှလောက် မသေချာတော့ပေ။
အကယ်၍ ကမ္ဘာကြီးက ရှန်းယွီကို တစ်ခါမျှ မမြင်ဖူးခဲ့ဘူးဆိုလျှင် သူ အမွေအနှစ်မရခင်ကပင် သူ့ကို မမြင်ခဲ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ အမွေအနှစ်ကိစ္စကို ဖယ်ထားလျှင်ပင် ရှန်းယွီ ကိုယ်တိုင်က ပုံမှန်မဟုတ်သော ဖြစ်တည်မူတစ်ခု ဖြစ်နေခြင်းပင်။
ကောင်းကင်ဘုံလမ်းစဉ်၏ အမြင်မှ လွတ်မြောက်နိုင်သော အရာဟူသည် တကယ်ရှိနိုင်ပါ့မလား။ ကောင်းကင်ဘုံလမ်းစဉ်ဆိုသည်မှာ အရာခပ်သိမ်း၏ မြစ်ဖျားခံရာဖြစ်၍ တည်ရှိသမျှအားလုံးကို သိရှိသည်။
ဒါက ဘာကို ဆိုလိုတာလဲ။ ရှန်းယွီက ဒီလောကမှာ မတည်ရှိတာလား။
ဧကရီသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းလိုက်သည်။
သူမ အတွေးလွန်နေခဲ့တာပဲ။
ဤအချက်မှာ ရှန်းယွီတွင် လီယောင်းနှင့် တန်းတူသော၊ သို့မဟုတ် ထို့ထက် ပိုကောင်းသော ထူးခြားသည့် ကံတရားရှိနေခြင်းကြောင့်ဟုသာ မှတ်ယူရန် သူမ ဆုံးဖြတ်လိုက်သည်။
ဧကရီ၏ ခေါင်းပေါ်တွင် ထိုင်နေသော ကမ္ဘာ့အနှစ်သာရလေးမှာ သူမ၏ ဆံပင်များနှင့် ကစားရင်း ပြုံးနေမိသည်။
အနည်းဆုံးတော့ ဒီမှာ လူအေးတစ်ယောက် ပါသေးတာပဲ။ ကျန်တဲ့ နှစ်ယောက်ကတော့ တကယ့် ရူးကြောင်ကြောင်တွေ။
၎င်းက တွေးနေမိသည်။
ကမ္ဘာကြီး ပျက်စီးတော့မည်ဟု ၎င်းက အသိပေးလိုက်သောအခါ မိန်းကလေးက ဤကမ္ဘာသည် မိန်းမများနှင့် ပြည့်နှက်နေသဖြင့် ကမ္ဘာကြီးကို မကယ်တင်နိုင်ဘူးဟု အော်ဟစ်ကြေညာနေပြီး ယောက်ျားလေးကမူ သူ၏ စီးပွားရေးလုပ်ငန်း ပြန်လည်ဦးမော့လာမည့်အကြောင်းကို သီချင်းတအေးအေးနှင့် ဆိုနေတော့သည်။
တကယ်ပါပဲ... ဒီလို အရူးတွေ ဘယ်ကနေ ရောက်လာကြတာလဲ
သူတို့နှစ်ယောက်က အတူတူ ရှိနေကြသည်မှာ တော်သေးသည်။ ဤကဲ့သို့သော လူမျိုးများကို ၎င်း၏ အခြားသော စင်ကြယ်သည့် လူသားမျိုးနွယ်များနှင့် မျိုးမနှောစေချင်ပေ။
ဧကရီ ပေါ်လာပြီး သေသေချာချာ ဆူပူလိုက်မှသာ လီယောင်းနှင့် ရှန်းယွီတို့မှာ ယဉ်ကျေးသော လူများကဲ့သို့ ငြိမ်သက်သွားကြသည်။ ကမ္ဘာ့အနှစ်သာရလေးမှာမူ ဧကရီ၏ ဦးခေါင်းထက်တွင် ထိုင်နေရင်း အလွန်ပင် ဘဝင်မြင့်နေပုံရသော်လည်း လီယောင်းနှင့် ရှန်းယွီတို့၏ စူးစိုက်ကြည့်နေသော အကြည့်များကြောင့် ကြောက်လန့်တကြား ဖြစ်သွားရသည်။
မေမေရေဟု တိုးညင်းစွာအော်ဟစ်ရင်း ဧကရီ၏ နောက်တွင် ပုန်းရန် ကြိုးစားလိုက်သော်လည်း ခြေချော်ကာ ပြုတ်ကျသွားခဲ့သည်။ ဧကရီက ၎င်းကို ဖမ်းယူ၍ ပေါင်ပေါ်တွင် တင်
ပေးလိုက်သော်လည်း ငါက နင့်မေမေ မဟုတ်ဘူးဟု အေးစက်စွာ ပြောလိုက်သည်။ သို့သော် အနှစ်သာရလေးမှာမူ ၎င်းကို ကြင်နာမှုဟုသာ ထင်သွားသည်။
လီယောင်းက အနှစ်သာရလေးကို ရုတ်တရက် ဆွဲယူလိုက်ပြီး “ကဲ... အကြွေးဆပ်ရမယ့် အချိန်ရောက်ပြီ ညီလေးရေ” ဟု ပြောကာ အကြွေးတောင်းတော့သည်။
“ငါက နတ်ဆိုးတွေအကုန်လုံးကို သတ်ပေးခဲ့တယ်။ နတ်ဆိုးပန်းကြီးကိုလည်း ဖျက်ဆီးပေးခဲ့တယ်။ ငါရသင့်တဲ့ ကောင်းကင်ဘုံကုသိုလ်တွေ ဘယ်မှာလဲ”
လီယောင်းက မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ်လိုက်သည်။
အနှစ်သာရလေးမှာ လီယောင်း၏ ပြင်းထန်သော အကြည့်အောက်တွင် တွန့်ဆုတ်နေရပြီး “ဘာလဲ နင်က မပေးချင်ဘူးပေါ့လေ” ဟု ပြောကာ လီယောင်းက ၎င်းကို ကျစ်ကျစ်ပါအောင် ညှစ်ထားလိုက်သည်။ သေးငယ်သော အနှစ်သာရလေးမှာ သူမ၏ လက်ထဲတွင် အလင်းတန်းများ မှိန်ဖျော့သွားသည်အထိ ရုန်းကန်နေရရှာသည်။
တကယ်တော့... နည်းပညာအရ ပြောရရင် နင်က အခြေအနေကို ပိုဆိုးအောင် လုပ်ခဲ့တာဆိုတော့...
အနှစ်သာရလေးက အမှန်တရားကို ရှင်းပြရန် ကြိုးစားလိုက်သော်လည်း လီယောင်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ စကားစကို ချက်ချင်း ဖြတ်လိုက်ရပါတော့သည်။
ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်တရက် ဒီဂရီအတော်များများ ကျဆင်းသွားသလို ခံစားလိုက်ရသည်။
“အဲဒါ ဘာဖြစ်လဲ ဆက်စပ်နေရုံနဲ့ အကြောင်းရင်းဖြစ်တယ်လို့ ပြောလို့မရဘူးလေ”
အဲဒါက အဲဒီလိုမဟုတ်..
ကမ္ဘာ့အနှစ်သာရလေးက အကျိုးအကြောင်းပြရန် ကြိုးစားသော်လည်း လီယောင်းက နောက်တစ်ကြိမ် ကြားဖြတ်ပြောလိုက်ပြန်သည်။
“ဂရုမစိုက်ဘူး။ အခုချက်ချင်း အကြွေးဆပ်စမ်း”
သူမက ပြောရင်း လက်ကို ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
အနှစ်သာရလေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလာပြီးနောက် မတတ်သာသည့်အဆုံး ရွှေရောင်စွမ်းအင်လုံးလေးတစ်ခုကို ထုတ်ပေးလိုက်ရသည်။ လီယောင်းသည် ထိုတောက်ပနေသော စွမ်းအင်လုံးကို ကျေနပ်အားရသော အပြုံးဖြင့် လက်ခံလိုက်သည်။
“ငါ့အတွက်ကော”
ရှန်းယွီက ကြားဝင်မေးလိုက်ရာ အနှစ်သာရလေးမှာ သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။
“ဘာလဲ ငါ့ရဲ့ အဆောင်တွေကြောင့် ဒါတွေ ဖြစ်လာတာ မဟုတ်ဘူးလား။ ငါကော တစ်ခုခု မရသင့်ဘူးလား”
သူက မေးလိုက်သော်လည်း သူ၏ လေသံမှာ လီယောင်းကဲ့သို့ မဟုတ်ဘဲ ပိုမိုတည်ငြိမ်ပြီး ထိန်းချုပ်ထားဟန် ရှိသည်။
ဟိုလေ... နင်က ဒီကမ္ဘာကလူ မဟုတ်ဘူး။ ဒါကြောင့် နင်က ကောင်းကင်ဘုံကုသိုလ်ကို လက်ခံရရှိလို့ မရဘူး။
အနှစ်သာရလေးက ပြောလိုက်သည်။
“ဒီကမ္ဘာက မဟုတ်ဘူး နင်က ငါ့စီနီယာအစ်ကိုကို စော်ကားနေတာလား နင်က လူမျိုးရေးခွဲခြားနေတာလား”
လီယောင်းက ဝင်ပြောလိုက်သည်။
တကယ်ပြောတာပါ ငါ့ရဲ့ မှတ်တမ်းတွေထဲမှာ သူ မရှိဘူး။
အနှစ်သာရလေးမှာ လီယောင်း၏ စွပ်စွဲချက်များမှ သူ့ကိုယ်သူ ကာကွယ်ရန် လက်များကို ပျာပျာသလဲ ဝေ့ယမ်းပြနေတော့သည်။
“စီနီယာအစ်ကိုက ငါ့ယောက်ျားလိုပဲ။ သူက အမြဲတမ်းနေထိုင်ခွင့်ရလို့ မရဘူးလား”
လီယောင်းက မေးလိုက်သည်။
ရှန်းယွီက ခေါင်းခါယမ်းလိုက်ပြီး “ရပါပြီ ထားလိုက်ပါတော့” ဟု ပြောလိုက်သည်။
စိတ်ထဲတွင်မူ သူသည် အဘယ်ကြောင့် ကမ္ဘာ့မှတ်တမ်းများထဲတွင် မရှိနေရတာလဲဟု တွေးတောနေမိသည်။ သူသည် တခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်တာကြောင့်လား သို့မဟုတ် သူ၏ ဝိညာဉ်မှာ ဟင်းလင်းပြင်မီးလျှံနှင့် ပေါင်းစပ်သွားတာကြောင့်လား။
အတန်ကြာ စဉ်းစားပြီးနောက်တွင်မူ သူသည် ဟင်းလင်းပြင်မီးလျှံကြောင့် မဟုတ်နိုင်ဘူးဟု ကောက်ချက်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မကြာသေးမီကမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ထိုမတိုင်မီက သူ့အကြောင်း မှတ်တမ်းများ ရှိနေသင့်သောကြောင့်ပင်။
သို့သော် ကမ္ဘာကူးပြောင်းလာခြင်းဆိုသည်မှာလည်း လွန်ခဲ့သော လအနည်းငယ်ကမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်မှာ တစ်ခုတည်းသော ကောက်ချက်ကိုသာ ညွှန်ပြနေသည်။ သူသည် တကယ်တမ်း ကမ္ဘာကူးလာသူ မဟုတ်ပေ။ သူသည် ဤကမ္ဘာတွင် ပြန်လည်ဝင်စားခဲ့သူဖြစ်ပြီး မကြာသေးမီကမှ သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် မူလကတည်းက ဤနေရာမှ မဟုတ်သောကြောင့် မှတ်တမ်းထဲတွင် မရှိခြင်းမှာ အဓိပ္ပာယ်ရှိသွားသည်။
သူသည် ဤကမ္ဘာတွင် ပြန်လည်ဝင်စားခဲ့ခြင်းဖြစ်သော်လည်း သူ၏ ယခင်ဘဝမှာ ဘာဖြစ်ခဲ့တာလဲ။ သူသည် တကယ်ပဲ သေဆုံးသွားပြီးမှ ဤနေရာတွင် ပြန်လည်ဝင်စားခဲ့ခြင်းလား။ သူသည် သူသေဆုံးခဲ့ရသည့်အကြောင်းကို ဘာတစ်ခုမျှ မမှတ်မိပေ။
"ဘာပဲဖြစ်ဖြစ်လေအခုလောလောဆယ် ဒါတွေက အရေးမကြီးပါဘူး"
ထိုသို့တွေးလိုက်ရင်း ထိုမေးခွန်းများကို ဘေးဖယ်ထားလိုက်သည်။