အခန်း (၁၉၈၇-၁၉၉၀)
Vol. 105 Ch. 1987-1990
အခန်း (၁၉၈၇) - စကားလုံး နည်းနည်း ပိုသုံးမိသွားတာပါ
~"ဘာ..."
ဖုန်းတစ်ဖက်ခြမ်းမှ၊ ဗီလာတွင် အတွင်းရေးမှူးမလေး၏ ဝန်ဆောင်မှုကို ရယူနေသော ဒီဗွန်ရှိုင်းယား အိုင်ဗင်သည် ကြိုးစားပမ်းစား လုပ်ဆောင်ပေးနေသော မိန်းကလေးကို အမြန် တွန်းထုတ်လိုက်သည်။
"ဝုဖ်ဂန်း... မင်း ပြောတာက ကျန်းလီလီ အနိုင်ကျင့်ခံရတဲ့ သူက မင်းရယ်၊ မစ္စမီလီရယ်၊ သခင်လေး အာဂျိုင်းရယ်ရဲ့ မိတ်ဆွေကောင်း ဆိုတာလား"
"မင်း လူစကား နားမလည်ဘူးလား"
ဝုဖ်ဂန်း သူ့ကို ပြန်ဆဲလိုက်သည်။
"ငါ့ယောက်ဖက ကျန်းလီလီကို အနိုင်ကျင့်တာ မဟုတ်ဘူး... ကျန်းလီလီက အရင် စတာ... သူက ငါ့ယောက်ဖကို ဓာတ်ပုံ ခိုးရိုက်ပါတယ် ဆိုပြီး အတင်း စွပ်စွဲတယ်... ပြဿနာ ရှာတယ်... ငါ့ယောက်ဖက သူ့ကို ဂရုမစိုက်ဘဲ နေတာတောင်၊ သူက လူခေါ်ပြီး နောက်က လိုက်တိုက်ခိုင်းတယ်... မင်း အခြေအနေကို နားလည်ပြီလား"
"မီလီ၊ အာဂျိုင်း နဲ့ ငါ အခု ဒီမှာ အကုန် ရှိနေတယ်... မင်း ကိုယ့်ကိုယ်ကို ဘယ်လို ရှင်းပြမလဲ ဆိုတာ စဉ်းစားဖို့ (၁) မိနစ် အချိန်ပေးမယ်"
...
ဒီဗွန်ရှိုင်းယား အိုင်ဗင်၏ နဖူးမှ ချွေးစီးများ ကျလာသည်။
ဝုဖ်ဂန်းရဲ့ ယောက်ဖ။
မီလီရဲ့ မိတ်ဆွေ။
အာဂျိုင်းဟန်ဆန်ရဲ့ သူငယ်ချင်း။
ဒါ လွန်ခဲ့တဲ့ ရက်ပိုင်းက ဖော့ခ်စီးတီး အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ဂယက်ထစေခဲ့တဲ့ မစ္စတာ ယဲ့ဖန် မဟုတ်ဘူးလား။
ဒီလောက်များသည့် အချက်အလက်တွေနှင့် ကိုက်ညီတာ ဒီလူ တစ်ယောက်သာ ရှိသည်။
ကြားရသလောက် ဆိုလျှင် လွန်ခဲ့သည့် ရက်ပိုင်းက ဘာရွန်အင်ဒရူး၏ မွေးနေ့ပွဲမှာ၊ မင်းသားလေးနှင့် အထူး ဆက်ဆံရေး ရှိသည့် ဘာရွန်အင်ဒရူးကိုတောင် သူက ဖိနှိပ်ပြီး ခေါင်းငုံ့စေခဲ့သည် ဆိုပဲ။
အန်းကျူ မြို့စားကြီး မိသားစု ၏ မျက်နှာသာ ပေးမှုကို ရထားရုံတင် မက၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း၊ မီလီ၊ အစ္စဘယ်လ်လာ တို့နှင့်လည်း ထူးခြားသော ဆက်ဆံရေး ရှိထားသူလေ။
ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု၏ တကယ့် မျိုးဆက်သစ် တစ်ယောက် ဆိုလျှင်တောင်၊ ကိုယ့်ဘက်က မှားနေလျှင် သူ့ကို အလွယ်တကူ သွားထိ၍ မရပေ။
"အာ... ဝုဖ်ဂန်း... စိတ်မဆိုးပါနဲ့ကွာ... မစ္စမီလီ၊ သခင်လေး အာဂျိုင်း တို့လည်း စိတ်မဆိုးကြပါနဲ့"
"ကျွန်တော် ခုနက အခြေအနေကို နားမလည်လို့ပါ... အချိန် နည်းနည်းလောက် ပေးပါ... ကျွန်တော် နားလည်ပြီ ဆိုတာနဲ့ ခင်ဗျားတို့ကိုရော၊ အထူးသဖြင့် မစ္စတာ ယဲ့ ကိုရော ကျေနပ်လောက်တဲ့ ရှင်းလင်းချက် ပေးပါ့မယ်လို့ ကတိပေးပါတယ်"
ဒီဗွန်ရှိုင်းယား အိုင်ဗင် အမြန် ပြောလိုက်ပြီး၊ ကျန်းလီလီ ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။
"ကျန်းလီလီ... ငါ့ကို အမှန်အတိုင်း ပြောစမ်း"
"ခုနက ဘာဖြစ်ခဲ့တာလဲ"
"သခင်လေး ဝုဖ်ဂန်း တို့ ပြောတဲ့ အခြေအနေနဲ့ မင်း ပြောတာနဲ့က ဘာလို့ လုံးဝ ကွဲပြားခြားနား နေရတာလဲ"
ဒီအချိန်မှာ ကျန်းလီလီ ဝက်လောက် မိုက်မဲလျှင်တောင် ဘာဖြစ်နေလဲ ဆိုတာ ရိပ်မိလိုက်ပြီ ဖြစ်၏။
သူမ အားကိုးနေသော မစ္စတာ ဒီဗွန်ရှိုင်းယားက ဝုဖ်ဂန်းကို မယှဉ်နိုင်ပေ။
မစ္စတာ ဒီဗွန်ရှိုင်းယားက ဝုဖ်ဂန်းကို ကြောက်နေရသည်။
သူမ တစ်ကိုယ်လုံး တုန်ရီနေပြီး ရိုးရိုးသားသား ဖြေလိုက်ရသည်။
"ခုနက ရှင် ဒီကိစ္စကို ပိုအလေးထားလာအောင်... ကျွန်မ စကားလုံး နည်းနည်း ပိုသုံးပြီး ပုံကြီးချဲ့ ပြောမိသွားတာ ဝန်ခံပါတယ်..."
"မိန်းမယုတ်..."
သူမ၏ ဆင်ခြေကို ကြားလိုက်ရသောအခါ ဒီဗွန်ရှိုင်းယား အိုင်ဗင် ချက်ချင်း ဆဲလိုက်သည်။
"မင်းကို ဒီနေ့ မသတ်ရင်၊ ငါ့နာမည် ဒီဗွန်ရှိုင်းယား မဟုတ်တော့ဘူး"
"ဆန်ပေါင်... အဲ့ဒီ ဝက်မကို သေချာ စောင့်ကြည့်ထား... ငါ အခုချက်ချင်း လာခဲ့မယ်"
ပြောပြီးသည်နှင့် တပြိုင်နက် သူ ဝုဖ်ဂန်း၊ မီလီ၊ အာဂျိုင်းဟန်ဆန် နှင့် ယဲ့ဖန် တို့ကို အလျင်အမြန် ပြောလိုက်သည်။
"သခင်လေး ဝုဖ်ဂန်း၊ မစ္စမီလီ၊ သခင်လေး အာဂျိုင်း၊ မစ္စတာ ယဲ့... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ... ကျွန်တော် အမြန်ဆုံး လာခဲ့ပါ့မယ်"
"ဘားမှာ စိတ်ကြိုက် သုံးဆောင်ကြပါ... ဒီည ကုန်ကျစရိတ် အားလုံး ကျွန်တော် ရှင်းပါ့မယ်... ပြီးတော့ ကျွန်တော် ရောက်တာနဲ့ ကျေနပ်လောက်တဲ့ အဖြေ တစ်ခု ပေးပါ့မယ်"
ဝုဖ်ဂန်း၊ မီလီ နှင့် အာဂျိုင်းဟန်ဆန် တို့ ပြန်မဖြေကြပေ။ ယဲ့ဖန်ကို ကြည့်ပြီး သူ့သဘောထားကို မေးလိုက်ကြသည်။
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။ ထိုအခါမှ ဝုဖ်ဂန်းက ဖုန်းတစ်ဖက်ခြမ်းကို ပြောလိုက်သည်။
"ငါ့ယောက်ဖရဲ့ အချိန်က တန်ဖိုးရှိတယ်... မင်း သဘောပေါက်ရင် ပြီးတာပဲ"
ပြောပြီးသည်နှင့် သူ ဖုန်းချလိုက်ပြီး ဘိုဂိုခရိကို မျက်စိ မှိတ်ပြလိုက်သည်။
"ငါတို့ မျက်စိကို ညစ်ညမ်းစေတဲ့ ဒီလူတွေကို ဘေးကို အရင် ခေါ်သွားလိုက်... ဒီဗွန်ရှိုင်းယား အိုင်ဗင် လာမှ ပြန်ခေါ်ခဲ့"
ဘိုဂိုခရိ အမြန် ခေါင်းညိတ်လိုက်ပြီး သဘောပေါက်ကြောင်း ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော်တို့ သူတို့ကို အခုပဲ ခေါ်သွားပြီး ခင်ဗျားတို့အတွက် ကောင်းကောင်း ပြုစုပေးထားလိုက်ပါ့မယ်"
"မင်းက သဘောပေါက်လွယ်သားပဲ"
ဝုဖ်ဂန်းက ဘိုဂိုခရိလက်ထဲသို့ ဒေါ်လာတစ်ထပ် ထိုးထည့်ပေးလိုက်သည်။
"အားမနာနဲ့..."
"ရိုက်သာ ရိုက်..."
"စိတ်ချပါ..."
ဘိုဂိုခရိ ထပ်ပြုံးလိုက်ပြီး သူ့လူများကို ကျန်းလီလီအား ဆွဲခေါ်သွားခိုင်းလိုက်သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့..."
ကျန်းလီလီ အာခေါင်ခြစ်၍ အော်ဟစ်လိုက်တော့သည်။
အခန်း (၁၉၈၈) - ယောက်ဖ... ချွေးတွေတောင် ပြန်နေပြီပဲ
~"အွန်း... အွန်း..."
ကျန်းလီလီ မည်မျှပင် ရုန်းကန်နေပါစေ၊ အရာအားလုံးက အလကား ဖြစ်နေ၏။
မကြာမီမှာပင် သူမ အသံပင် မထွက်နိုင်တော့ချေ။
အခြား ဧည့်သည်များကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ဘိုဂိုခရိ၏ လူများသည် သူမ၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး၊ သူမ၏ ခေါင်းနှင့် ခြေလက်များကို ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်ကြသည်။
သူတို့ အနည်းငယ် ပူးပေါင်း လုပ်ဆောင်လိုက်ရုံဖြင့်၊ ခဏအကြာတွင် သူမကို ဝက်တစ်ကောင်ကဲ့သို့ ချည်နှောင်ပြီး ဆွဲခေါ်သွားကြတော့သည်။
ဒီဗွန်ရှိုင်းယား အိုင်ဗင် ဘားဆိုင်သို့ အပြေးအလွှား ရောက်လာချိန်တွင်၊ သူမသည် လျှပ်စစ်ရှော့ကြောင့် မီးကျွမ်းနေပြီ ဖြစ်ကာ၊ စကားပြောလိုက်တိုင်း ပါးစပ်မှ မီးခိုးများ ထွက်နေသည်အထိ ဖြစ်နေလေသည်။
...
သို့သော် ဒီဗွန်ရှိုင်းယား အိုင်ဗင် သူမကို ဂရုမစိုက်ပေ။ သူ ယဲ့ဖန်နှင့် အခြားသူများကို ချက်ချင်း တောင်းပန်လိုက်သည်။
"မစ္စတာ ယဲ့... သခင်လေး အာဂျိုင်း... သခင်လေး ဝုဖ်ဂန်း... မစ္စမီလီ... ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်"
"ကျွန်တော် ခုနက အခြေအနေကို နားမလည်ခဲ့မိပါဘူး... ခင်ဗျားတို့ကို စော်ကားမိတာ ယုံတောင် မယုံနိုင်ဘူး"
"ကျွန်တော် ဒီကိုလာတာ ခင်ဗျားတို့ကို တောင်းပန်ဖို့ပါ"
"ပြီးတော့... အဲ့ဒီ ဝက်မိုက်မကို သင်ခန်းစာ ပေးပါ့မယ်လို့လည်း ကတိပေးပါတယ်... နောက်နောင် ခင်ဗျားတို့ရဲ့ မျက်စိကို ညစ်ညမ်းစေမှာ မဟုတ်ဘူးလို့ အာမခံပါတယ်"
ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန် နှင့် မီလီ တို့ ဘာမှ မပြောကြဘဲ ယဲ့ဖန်ကိုသာ ကြည့်နေကြသည်။
ယဲ့ဖန် ပြုံးလိုက်သည်။
ဒီဗွန်ရှိုင်းယား အိုင်ဗင်၏ ကြောက်ရွံ့နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန်က အလျင်စလို မဟုတ်ဘဲ အေးဆေးစွာ ပြောလိုက်သည်။
"မင်း တော်တော် ဉာဏ်ကောင်းသားပဲ"
"မဟုတ်ရင်... မင်းလည်း အဲ့ဒီ ဝက်မိုက်မရဲ့ ခြေရာကို နင်းရုံတင် မကဘူး၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ ခြေရာကိုပါ နင်းမိသွားမယ်လို့ ငါ ထင်တယ်"
"မစ္စတာ ယဲ့... ခင်ဗျား ဘာကို ဆိုလိုတာလဲ"
ဒီဗွန်ရှိုင်းယား အိုင်ဗင်သည် အဆင့်အတန်း သိပ်မမြင့်လှပေ။ ဒီဗွန်ရှိုင်းယား မိသားစု ပျက်စီးလုနီးပါး ဖြစ်နေသည်ကို သူ မသိသေးချေ။ ဒါကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုနှင့် တင်းမာမှုများ ပေါ်လာသည်။
ယဲ့ဖန် ပြုံးလိုက်ပြီး ဘာမှ ရှင်းမပြတော့ပေ။
ဒီဗွန်ရှိုင်းယား အိုင်ဗင် ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန် နှင့် မီလီ တို့ကို အမြန် ကြည့်လိုက်သည်။
ဝုဖ်ဂန်းက ငေါက်ငမ်းလိုက်သည်။
"မင်းက ဒီဗွန်ရှိုင်းယား မိသားစုနဲ့ ဆွေမျိုးတော်တယ် မလား... ဒီဗွန်ရှိုင်းယား မိသားစုရဲ့ မျိုးဆက်သစ် အမာခံတွေကို ဖုန်းဆက်မမေးတတ်ဘူးလား"
"ခ... ခဏလေးပါ"
ဒီဗွန်ရှိုင်းယား အိုင်ဗင် နောက်ဆုံးတော့ သဘောပေါက်သွားပြီး၊ ဒီဗွန်ရှိုင်းယား မိသားစု၏ မျိုးဆက်သစ် အမာခံများကို ဖုန်းခေါ်ရန် ဖုန်းကို အမြန် ထုတ်လိုက်သည်။
ဖုန်းခေါ်ပြီးနောက် စတန့်စ်လေဆိပ်မှ ကိစ္စရပ်များ လုံးဝ ပေါက်ကြားသွားကြောင်း၊ ဒီဗွန်ရှိုင်းယား မြို့စားကြီးကို အန်းကျူ မြို့စားကြီး၊ အာဂျိုင်း မြို့စားကြီးနှင့် ဘတ်ကင်ဟမ် မြို့စားကြီးတို့က စွဲချက်တင်ထားကြောင်း၊ တော်ဝင် မိသားစုက သူတို့ကို စစ်ဆေးမေးမြန်းနေကြောင်း သိလိုက်ရသောအခါ... ဒီဗွန်ရှိုင်းယား အိုင်ဗင်၏ ကိုယ်ပေါ်မှ အေးစက်သော ချွေးများသည် မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။
အထူးသဖြင့် စတန့်စ်လေဆိပ် ကိစ္စ ပေါက်ကြားရခြင်းမှာ ယဲ့ဖန်ကြောင့် ဖြစ်ကြောင်းနှင့် နောင်တွင် ဤလူကို ရှောင်ရှားရန် ထပ်ခါတလဲလဲ သတိပေးနေသော သူနှင့် ရင်းနှီးသည့် မျိုးဆက်သစ် အမာခံ၏ စကားကို ကြားလိုက်ရသောအခါ၊ သူ၏ ခြေထောက်များနှင့် ဝမ်းဗိုက်များ ပျော့ခွေသွားပြီး ကျောရိုးတလျှောက် အေးစက်သွားရသည်။
ဖုန်းချပြီးသည်နှင့် တပြိုင်နက် သူသည် အရက်ပြင်းပြင်း ဝီစကီ ပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ယဲ့ဖန်ကို အမြန် ဂုဏ်ပြုလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် မစ္စတာ ယဲ့"
"ကျွန်တော် အရင်က အခြေအနေကို နားမလည်ဘဲ တခြားသူတွေကို မျက်စိမှိတ် ထောက်ခံမိပါတယ်... ခင်ဗျားကို တောင်းပန်ပါတယ်"
"ကျွန်တော် ဒီဝိုင်ပုလင်းကို အရင်သောက်ပြီး တောင်းပန်ပါ့မယ်... စိတ်မပူပါနဲ့... ခဏနေရင် မြေကြီးပေါ်က ဝက်မကြီးကို ကျွန်တော် ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်... နောက်နောင် အလားတူ ကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်... ပြီးတော့ ခင်ဗျားတို့ နဂါးနိုင်ငံက အွန်လိုင်း အမြင်ခေါင်းဆောင် တချို့ကိုလည်း ကျွန်တော် ကိုင်တွယ်ပါ့မယ်... သူတို့ကို ဘယ်တော့မှ ထပ်မထိတော့ပါဘူးလို့ ကတိပေးပါတယ်"
ပုလင်းကို နှိမ့်လိုက်ပြီး စားပွဲပေါ်ရှိ ယဲ့ဖန်၏ ဝိုင်ခွက်အောက်ခြေကို ထိလိုက်ကာ၊ သူ ခေါင်းမော့ပြီး အရက်ပြင်းပြင်း ဝီစကီ တစ်ပုလင်းလုံးကို မော့သောက်လိုက်လေ၏။
သောက်ပြီးနောက် အိုင်ဗင်၏ မျက်နှာ နီရဲလာပြီး၊ မျက်လုံးများလည်း နီရဲလာကာ၊ နှာရည်များနှင့် မျက်ရည်များ စီးကျလာသည်။ တချိန်တည်းမှာပင် သူသည် ဝိုင်ပုလင်းကို ကိုင်လျက် ယိုင်နဲ့နဲ့ဖြင့် ကျန်းလီလီ ဘေးသို့ သွားလိုက်သည်။ ဝိုင်ပုလင်းဖြင့် သူမ၏ ခေါင်းကို ရိုက်ချလိုက်လေ၏။
"ခွပ်..."
ကျန်းလီလီ ခေါင်းကွဲပြီး သွေးထွက်လာသည်အထိ ရိုက်တာတောင် သူ အားမရသေးသဖြင့်၊ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်ကာ ထပ်မံ နှိပ်စက်လိုက်ပြန်သည်။
ကျန်းလီလီ လုံးဝ အသက်ရှူမဝတော့ဘဲ မတ်တပ် မရပ်နိုင်တော့သည့် အချိန်ကျမှသာ၊ သူသည် ဒဏ်ရာ ဗလပွ ရနေသော လူကောင်ကြီးနှင့် အခြားသူများကို ကြည့်ပြီး၊ သူနှင့် ကျန်းလီလီကို တွဲခေါ်သွားရန် မျက်ရိပ်ပြလိုက်၏။
ပြက်လုံး တစ်ခု နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့၏။
"တခြား ကိစ္စ မရှိရင် ကျွန်တော်တို့ သွားခွင့်ပြုပါဦး"
သူတို့ ထွက်သွားပြီးနောက်၊ ဘိုဂိုခရိက သူ့လူများကို အခင်းဖြစ်ပွားရာ နေရာကို အမြန် ရှင်းလင်းခိုင်းလိုက်ပြီး တိတ်တဆိတ် ဆုတ်ခွာသွားတော့သည်။
ဂီတသံများ ဆက်လက် ထွက်ပေါ်လာပြီး၊ ဆက်လက် ဆူညံသွားတော့၏။ လူတိုင်း ဆက်လက် ပျော်ပါး ကခုန်နေကြသည်။
သို့သော် ဘားဆိုင်ထဲရှိ လူတိုင်းနီးပါး ယဲ့ဖန်ကို လှမ်းကြည့်လိုက်သောအခါ လေးစားသမှု အပြည့်ဖြင့် ကြည့်နေကြသည်။
ဒီကိစ္စ ပြီးသွားသည့် အခါ လူတိုင်း အချက်တစ်ချက်ကို နားလည်သွားကြသည်။
‘ဒီ နဂါးနိုင်ငံ လူငယ်လေးမှာ သာမန် မဟုတ်တဲ့ နောက်ခံ ရှိနေသည်’ ဆိုသည့် အချက်ကိုပေါ့။
—
အခန်း (၁၉၈၉) - ဦးက ထာဝရ ဘုရားသခင်ပဲ
~"ယောက်ဖ... ခင်ဗျားက ဒါပဲ"
ဝုဖ်ဂန်း ယဲ့ဖန်ကို လက်မထောင်ပြလိုက်ပြီး ယဲ့ဖန်၏ ဝိုင်ခွက်နှင့် တိုက်လိုက်သည်။
"ဦး.. ရှင်က ထာဝရ ဘုရားသခင်ပဲ"
မီလီလည်း ပြုံးလျက် ဖန်ခွက်ကို မြှောက်ပြီး ယဲ့ဖန်ကို ဂုဏ်ပြုရန် ပြင်လိုက်သော်လည်း၊ ယဲ့ဖန်က ချက်ချင်း ပုတ်ချလိုက်ပြီး အချိုရည်နှင့် လဲလှယ်ပေးလိုက်သည်။
"ငါ.. အာဂျိုင်းဟန်ဆန် တစ်ယောက် တစ်စုံတစ်ယောက်ကို ဒီလောက်ထိ ယုံကြည်လက်ခံသွားတာ ဒါ ပထမဆုံး အကြိမ်ပဲ"
အာဂျိုင်းဟန်ဆန်လည်း အလွန် သဘောကျ နှစ်ခြိုက်သော မျက်နှာထားဖြင့် ဝိုင်ခွက်ကို မြှောက်ကာ ယဲ့ဖန်ကို ဂုဏ်ပြုလိုက်သည်။
သူတို့ သုံးယောက်က ဘာကြောင့်လဲ ဆိုတာကိုတော့ ရှင်းမပြကြပေ။
သို့သော် သူတို့ လေးယောက်လုံး စတန့်စ်လေဆိပ် အဖြစ်အပျက်နှင့် တော်ဝင် မိသားစုတွင် ဖြစ်ပျက်နေသည်များကို ဆွေးနွေးနေကြကြောင်း ကောင်းကောင်း သိကြလေသည်။
...
အင်ပါယာ တော်ဝင် မိသားစုဆီက တိကျသည့် သတင်းတွေ မထွက်လာသေးသော်ငြား၊ ပြီးတော့ လျှို့ဝှက် ထိန်းသိမ်းထားရသော အလေ့အထအရ သူတို့ ထုတ်မပြောကြသော်လည်း၊ ဒီဗွန်ရှိုင်းယား မိသားစု ပျက်စီးသွားပြီ ဆိုတာကို သူတို့ အတပ်သိနေကြသည်။
အင်ပါယာ တစ်ခုလုံးက မှူးမတ် လူတန်းစားတွေ အနေနှင့် မှူးမတ်တွေ အားလုံး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး အရှက်ရစေခဲ့သော ဒီမိသားစုကို ဆက်လက် တည်ရှိခွင့် ပေးထားမည် မဟုတ်ပေ။
အန်းကျူ မြို့စားကြီး၊ အာဂျိုင်း မြို့စားကြီးနှင့် ဘတ်ကင်ဟမ် မြို့စားကြီးတို့၏ ပူးပေါင်း စွဲချက်တင်မှု၊ အသေးစိတ် သက်သေ အထောက်အထားတွေ ရှိနေမှုတို့ကို အင်ပါယာ တော်ဝင် မိသားစုက လျစ်လျူရှုပြီး၊ ယခုလို ဘေးဆိုးကြီးကို ဆက်လက် သောင်းကျန်းခွင့် ပြုထားမှာ မဟုတ်ချေ။
ဒီဗွန်ရှိုင်းယား မိသားစုက တော်ဝင် မိသားစု၏ အစွမ်းထက်ဆုံး လှံတံ ဖြစ်သည့် အင်ပါယာ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းနှင့် ပူးပေါင်း ကြံစည်ခဲ့ခြင်းကို ထည့်ပြောစရာပင် ်လိုတော့ချေ။
သည်တစ်ခါ ယဲ့ဖန်က နေမဝင်အင်ပါယာ ၏ အထက်တန်းလွှာ တစ်ခုလုံးကို တစ်ယောက်တည်းနှင့် ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်လိုက်သည်ဟု ပြော၍ ရသည်။
နေမဝင်အင်ပါယာမှာ ရာစုနှစ်များစွာ ကြီးပွား တိုးတက်လာခဲ့သော မြို့စားကြီး မိသားစု တစ်ခုလုံးကို သူ တစ်ယောက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သည်လေ။
ဒီအောင်မြင်မှုက နေမဝင်အင်ပါယာ သမိုင်းမှာ မကြုံစဖူး ဖြစ်ရုံတင် မက၊ နောင်အနာဂတ်မှာလည်း တခြားသူက ထိုသို့ လုပ်ပြနိုင်ဖို့ ခက်ခဲလိမ့်မည်။
နောင်တစ်ချိန်ကျလျှင် ရုပ်ရှင်ရိုက်ပြီး အင်ပါယာ၏ ဒဏ္ဍာရီတွေထဲမှာ ထည့်သွင်း မှတ်တမ်းတင်လျှင်တောင် တင်ထားရလိမ့်မည်။
သူတို့ သုံးယောက်လုံး ယဲ့ဖန်ကို တကယ် လေးစား အားကျသွားကြရ၏။
ယဲ့ဖန်ကတော့ ဒါကို ကြားတော့ အသာအယာ ပြုံးလိုက်သည်။
"အရာအားလုံး ပြီးသွားပါပြီ... ဘီလူးကြီး တစ်ကောင် လဲကျသွားတဲ့ အခါ၊ ကိတ်မုန့်တွေ အများကြီး ထွက်ကျလာလိမ့်မယ်... ခဏနေရင် အဲ့ဒီ ကိတ်မုန့် ဝေစုတွေကို ရအောင်ယူဖို့ အခွင့်အရေးကို လက်လွတ်မခံကြနဲ့"
"မတော်တဆမှု မရှိဘူး ဆိုရင်၊ အန်းကျူ အခုလောက်ဆို ဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေလောက်ပြီပဲ…"
သူ့စကားကြောင့်၊ ဝုဖ်ဂန်း၊ မီလီ နှင့် အာဂျိုင်းဟန်ဆန် တို့ တပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။
"ဟားဟားဟား၊ ငါတို့လည်း နားလည်ပါတယ်"
"ဒါပေမယ့် ငါတို့က အရမ်းကြီး ရည်မှန်းချက်ကြီးတဲ့ လူစားမျိုးတွေ မဟုတ်ဘူးလေ"
"ဘာပဲဖြစ်ဖြစ် မိသားစု စီးပွားရေးက ငါတို့ လက်ထဲ အပြည့်အဝ ရောက်မလာသေးဘူး... ဒီကိစ္စတွေကို မိသားစုကပဲ ကိုင်တွယ်ပါစေ"
ပြောရင်းနှင့် သူတို့က ယဲ့ဖန်အား ထပ်မံ ဂုဏ်ပြုလိုက်ကြသည်။
ယဲ့ဖန်က သူတို့ကို ယုံကြည်လက်ခံစေမည့် ဒဏ္ဍာရီ တစ်ခုကို ဖန်တီးပေးခဲ့ရုံသာမက၊ ဒီဗွန်ရှိုင်းယား မြို့စားကြီး ပြိုလဲသွားပြီးနောက် သူတို့လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိကြဦးမည်လေ။
သူတို့ သုံးယောက်၏ နောက်ကွယ်က မိသားစုတွေ အနေနှင့် အနည်းဆုံး ဒေါ်လာ တစ်ဘီလီယံဖိုးလောက် အကျိုးအမြတ် ရရှိလိမ့်မည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပါချေ။
ဒီကျေးဇူးကို သူတို့ မှတ်ထားရမည်။
အဖွဲ့သားများ စိတ်ဓာတ် တက်ကြွစွာဖြင့် မသောက်နိုင်တော့သည့် အချိန်အထိ သောက်စားကြသည်။
ထိုအချိန်တွင် ည (၁၀) နာရီ ကျော်နေပြီ ဖြစ်၏။
အချိန်ကျပြီဟု ယဲ့ဖန် ခန့်မှန်းလိုက်သောအခါ၊ သူသည် အတွင်းအားကို အသုံးပြုပြီး ခန္ဓာကိုယ်တွင်းမှ အရက်များကို ချေဖျက်လိုက်ကာ၊ မီလီနှင့် အတူ နှုတ်ဆက်..ထွက်ခွာလာခဲ့၏။
မီလီ ယဲ့ဖန်နှင့် အတူ ဘားမှ ထွက်လာသောအခါ၊ သူမ ယဲ့ဖန်ကို ခဏလောက် ကပ်တွယ်ပြီး အခွင့်ကောင်း ယူချင်ပုံ ရသည်။
သို့သော် ယဲ့ဖန်က ဤအမွှေစိန်မလေးကို အခွင့်အရေး မပေးပေ။
သူမကို အင်ပီးရီးယဲလ်ပဲလေ့စ် (Imperial Palace) ဟိုတယ်သို့ ပြန်လိုက်ပို့ပြီး၊ သူမ၏ ကားတံခါးကို ပိတ်ကာ ပြန်ခိုင်းလိုက်လေ၏။
"ဟွန့်... ဦး... လူဆိုး"
မီလီခမျာ သဘာဝကျစွာပင် ဒေါသထွက်သွား၏။
သို့သော် ယဲ့ဖန် ဂရုမစိုက်ပေ။
သူမ၏ ကားတံခါးကို ပိတ်ပြီး အတင်း ပြန်ခိုင်းလိုက်ပြီးနောက်၊ ယဲ့ဖန် သူ၏ ဟိုတယ်အခန်းသို့ ပြန်လာခဲ့သည်။
ဟိုတယ်အခန်း အပြင်ဘက်သို့ ရောက်သောအခါ၊ သူ အသက် အောင့်ထားပြီး သေချာစွာ အကဲခတ်လိုက်သည်။ ပုံမှန် မဟုတ်တာ ဘာမှ မရှိကြောင်းနှင့် ချန်းဖေးအယ် ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ၊ သူက အခန်းကတ်ကို ထုတ်ပြီး တံခါးဖွင့်လိုက်သည်။
ဟိုတယ်အခန်းထဲတွင် လေထုက သိသိသာသာ လေးလံနေ၏။
ချန်းဖေးအယ်လည်း အထူး သတိထားနေပုံ ရသည်။ သူမ တံခါးအတွင်းဘက် နံရံနောက်တွင် အမြန် ဝင်ပုန်းလိုက်ပြီး၊ ယဲ့ဖန်က "ကိုယ်ပါ" ဟု ပြောလိုက်မှသာ သတိအား လျှော့ချလိုက်ပြီး နံရံနောက်မှ ထွက်လာလေ၏။
"ဘုရားရေ... အရက်နံ့က ပြင်းလိုက်တာ... လမ်းမှာ အရက်ပုလင်းထဲ ပြုတ်ကျခဲ့တာလား"
—
အခန်း (၁၉၉၀) - ငါတော့ တကယ် လက်မြှောက်ပါတယ် အရူးကောင်ရယ်
~ချန်းဖေးအယ် လေထဲမှ အရက်နံ့များကို ဖယ်ရှားရန် ကြိုးစားသကဲ့သို့ သူမကိုယ်သူမ ယပ်ခတ်လိုက်သည်။
"အာ... နံလိုက်တာ... အရင် သွားဆေးကြောလိုက်ပါဦး"
ယဲ့ဖန်သည် ခန္ဓာကိုယ်တွင်းမှ အရက်များကို ဖယ်ရှားရန် အတွင်းအားကို အသုံးပြုခဲ့သော်လည်း၊ အရက်နှင့် ၎င်း၏ အနံ့များက အဝတ်အစားများတွင် စွဲကျန်နေဆဲ ဖြစ်သည်။
ထို့ပြင် သူ ဘားဆိုင်မှ ထွက်လာကာစ ဖြစ်သဖြင့် တကိုယ်လုံး အနံ့အသက်များ စွဲနေ၏။
သူ ပြုံးလိုက်သည်။
"ကောင်းပြီလေ... မင်း စိတ်မရှိရင် ကိုယ် ရေသွားချိုးလိုက်ဦးမယ်"
ယဲ့ဖန် ရေချိုးခန်းထဲ ဝင်သွားပြီး တံခါးပိတ်လိုက်ကာ၊ အဝတ်အစားများ ချွတ်ပြီး ရေချိုးလိုက်သည်။
...
ချန်းဖေးအယ် အစပိုင်းတွင် ဂရုမစိုက်ပေ။ အနံ့ပျောက်စေရန် အခန်းထဲရှိ လေအေးပေးစက်ကို ဖွင့်လိုက်သည်။
သို့သော် အခန်း တိတ်ဆိတ်သွားပြီး ရေကျသံနှင့် ရေချိုးသံများသာ ကြားနေရသောအခါ၊ ယဲ့ဖန် ရေချိုးနေစဉ် ဖြစ်ပျက်နိုင်မည့် မြင်ကွင်းအချို့ကို သူမ မနေနိုင်ဘဲ တွေးမိသွား၏။
‘ငါ ရူးနေပြီလား’
သူမ၏ မျက်နှာ ပူထူလာပြီး ရိုင်းစိုင်းသော အတွေးများကို အမြန် မောင်းထုတ်လိုက်သည်။
သို့သော် သူမက သိုင်းပညာရှင် တစ်ယောက် ဖြစ်သည် မဟုတ်ပါလော။ သူမ၏ အာရုံငါးပါးက အလွန် ထက်မြက်နေ၏။ စိတ်ကူးမယဉ်လျှင်တောင်၊ ရေစီးသံနှင့် ခန္ဓာကိုယ်ကို ရေပက်သံများအရ ယဲ့ဖန် ဘယ်နေရာကို ဆေးကြောနေသလဲ ဆိုတာ အကြမ်းဖျင်း သိနေ၏။
"ဘုရားရေ..."
ချန်းဖေးအယ် မျက်နှာကို အမြန် အုပ်လိုက်ပြီး အခန်း၏ လေသာဆောင်သို့ ထွက်သွားလိုက်သည်။ အပြင်ဘက်မှ လေအေးများကို ရှူရှိုက်ပြီး စိတ်ငြိမ်အောင် ညရှုခင်းကို ကြည့်လိုက်သည်။
သို့သော် သူမ စိတ်ငြိမ်သွားပြီဟု ထင်လိုက်ချိန်၊ ရေချိုးခန်းတံခါး ပွင့်သွားပြီး ယဲ့ဖန်၏ အသံ ထွက်ပေါ်လာသောအခါ၊ သူမ ဧည့်ခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။
"ဟင့်အင်း... ယောကျာ်းနဲ့ မိန်းကလေး အခန်းထဲမှာ နှစ်ယောက်တည်း မနေသင့်ဘူး ဆိုတာ ရှင် မသိဘူးလား... အဝတ်အစား မြန်မြန် ဝတ်စမ်းပါ"
ချန်းဖေးအယ် အနည်းငယ် ရှက်ရွံ့သွားပြီး ယဲ့ဖန်ကို ဆဲဆိုကာ အမြန် လှည့်ထွက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ယဲ့ဖန်သည် ခါးတွင် မျက်နှာသုတ်ပုဝါ တစ်ထည်သာ ပတ်ထားပြီး၊ ခါးအထက်ပိုင်း ဗလာကျင်းလျက် ထွက်လာသောကြောင့် ဖြစ်သည်။
ထိုပုံစံဖြင့် ဆိုလျှင် သူ မျက်နှာသုတ်ပုဝါကို အနည်းငယ် ဆွဲလိုက်ရုံဖြင့်၊ ချန်းဖေးအယ်ကို သူ့ခန္ဓာကိုယ် အကုန်လုံး ပြသနိုင်မည် ဖြစ်သည်။
ချန်းဖေးအယ် အခြေအနေ အမျိုးမျိုးကို ကြုံဖူးသော်လည်း၊ ဒီလို အခြေအနေမျိုးတော့ တစ်ခါမှ မကြုံဖူးသေးပေ။
"ဖေးအယ်... မင်းက သိပ်ပြီး ရှေးရိုးစွဲ မဆန်လွန်းဘူးလား"
ယဲ့ဖန် သိပ်မတွေးပေ။ သူမ၏ တုံ့ပြန်မှု ကြီးမားနေသည်ကို မြင်လိုက်ရသောအခါ၊ သူ ပြုံးလိုက်ပြီး အဝတ်ဘီဒိုဆီ သွားကာ ဝတ်ရုံတစ်ထည် ယူဝတ်လိုက်သည်။
"ငါတို့က ဒီလောက် ရင်းနှီးနေပြီပဲ... ငါ့ကို အခွင့်ကောင်း ယူချင်လည်း ယူလိုက်ပါ... ငါ စိတ်မရှိပါဘူး"
"ဖယ်စမ်းပါ... မျက်စိဆံပင်မွှေး ဝင်မှာ ကြောက်လို့ပါ"
တကယ်တမ်းတော့ ယဲ့ဖန်၏ ခန္ဓာကိုယ် အချိုးအစား တော်တော် မိုက်သည်ဟု ချန်းဖေးအယ် ခံစားမိသော်လည်း၊ နှုတ်ကတော့ အလျော့မပေးပေ။
သူမ ယဲ့ဖန်ကို ကျောပေးထားလေ၏။
"ဝတ်ပြီးရင် ပြော"
"ကဲ... လိုရင်းကို သွားကြစို့"
ယဲ့ဖန် ပြောရင်းနှင့် လျန်ပြည်နယ် ဖိုကြီး (ကိုးပြည်ထောင်ဖို) ကို ဝှက်ထားသော နေရာသို့ သွားပြီး ထုတ်ယူလိုက်သည်။
ထိုအခါမှ ချန်းဖေးအယ် လှည့်ကြည့်လိုက်၏။ သူမ ယဲ့ဖန်ကို အလိုအလျောက် တစ်ချက် ကြည့်လိုက်ပြီးမှ သူ့မျက်လုံးများကို ရင်ဆိုင်လိုက်သည်။
"ပြောပါဦး... ရှင် ဘာလို့ ညသန်းခေါင်ကြီး ကျွန်မကို ခေါ်လိုက်တာလဲ"
"ရော့... မင်းအတွက် လက်ဆောင်"
ယဲ့ဖန် တင်းကျပ်စွာ ထုပ်ပိုးထားသော လျန်ပြည်နယ် ဖိုကြီးကို ချန်းဖေးအယ်ထံ ကမ်းပေးလိုက်သည်။
"ရှင်... ရှင် ဘာလို့ ရုတ်တရက်ကြီး ကျွန်မကို လက်ဆောင် ပေးရတာလဲ"
ချန်းဖေးအယ် သူ့ဆိုလိုရင်းကို အထင်လွဲသွားပြီး ချက်ချင်း အနည်းငယ် ပျာယာခတ်သွား၏။
"ရှင် သိထားဖို့က... ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ အလုပ်သဘော ဆက်ဆံရေးပဲ ရှိလို့ရမယ်... မဖြစ်နိုင်ဘူး"
"ရှင် တခြား အတွေးတွေ မရှိတာ ပိုကောင်းမယ်"
"ဟေ..."
ယဲ့ဖန် ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွား၏။ သူ့အကြည့်များက ချန်းဖေးအယ် အပေါ်တွင် စူးစိုက်နေ၏။
"အရင် ဖွင့်ကြည့်လိုက်ပါလား"
"ဖွင့်ကြည့်လည်း အလကားပါပဲ... ဘယ်လက်ဆောင်ကမှ ကျွန်မ စိတ်ကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူး"
ချန်းဖေးအယ် အလွန် ပြတ်သားနေ၏။
"လုံခြုံရေး အဖွဲ့ရဲ့ စည်းမျဉ်းတွေအရ တာဝန်ထမ်းဆောင်နေချိန်မှာ တာဝန်ပြီးမြောက်ဖို့က ထိပ်တန်း ဦးစားပေးပဲ... လုံးဝ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး... ကျွန်မတို့ စိတ်ခံစားမှုနောက် ပါလို့ မရဘူး... ကျွန်မတို့ အတွက်က မဖြစ်နိုင်..."
"ငါတော့ မင်းကို တကယ် လက်မြှောက်ပါတယ်ကွာ"
ယဲ့ဖန် ပြောစရာ စကားမဲ့သွားရသည်။
ဒီအလှပဂေးလေး ဘာတွေ တွေးနေတာလဲ။
သူက သူတို့ရဲ့ အဓိက တာဝန် ပစ်မှတ်ကို ရပြီးပြီ၊ ဒါက လက်ဆောင်ပါ လို့ပဲ ပြောချင်တာလေ။
သို့သော် ချန်းဖေးအယ်က သူ သူမကို လက်ဆောင်ပေးပြီး လိုက်ပိုးနေသည်ဟု တွေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိခဲ့ပေ။
ယဲ့ဖန် ထုပ်ပိုးထားသည်များကို ကိုယ်တိုင် ဖြေလိုက်ပြီး၊ လျန်ပြည်နယ် ဖိုကြီး၏ မျက်နှာအစစ်ကို ထုတ်ပြလိုက်သည်။
"ငါ ပြောတဲ့ လက်ဆောင်က ဒါပါ"
"လျန်ပြည်နယ် ဖိုကြီး... ငါတို့ တာဝန်ရဲ့ အဓိက ပစ်မှတ်လေ"
"ဟင်..."
ယဲ့ဖန်ကို ငြင်းပယ်ရန် အလျင်စလို ဖြစ်နေသော ချန်းဖေးအယ် ရုတ်တရက် ရပ်တန့်သွား၏။ သူမ၏ မျက်နှာထား တောင့်တင်းသွားပြီး အနေရခက်သွားတော့သည်။
မတော်တဆမှု မရှိဘူး ဆိုလျှင်၊ သူမ အခုချိန်မှာ မြေကြီးထဲ ဝင်ပုန်းချင်နေလောက်ပြီ၊ သို့မဟုတ် တခြား ဂြိုလ်တစ်ခုကို ပြောင်းရွှေ့ သွားချင်နေလောက်ပြီ ဖြစ်သတည်း။