အခန်း (၁၄၇၄-၁၄၇၆)
Vol. 99 Ch. 1474-1476
အခန်း (၁၄၇၄)
ထျန်းလုနိုင်ငံမှ စစ်တပ်စေလွှတ်ခြင်း
ရှန်ယွဲ့နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံပင်လျှင် တစ်ကြိမ်တည်း၌ ဧကရာဇ်အဆင့် ဆယ်ဂဏန်းခန့်သာ စေလွှတ်နိုင်သည်။ သို့သော်လည်း ရှနိုင်ငံတော်ကတော့ တစ်ပြိုင်နက်တည်း ဧကရာဇ်အဆင့် နှစ်ဆယ်ကို စုစည်းနိုင်တာလား။
ရှနိုင်ငံတော်၏ အင်အားသည် ရှန်ယွဲ့နိုင်ငံထက်ပင် သာလွန်နေပြီလား။
ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသဖြင့် ထျန်းလုဧကရာဇ်၏ မျက်နှာမှာ ပိုခက်ထန်လာလေသည်။ ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များလည်း ဆက်လက် တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ရင်ဆိုင်ရမည့်သူ အရေအတွက်က ဧကရာဇ်အဆင့် နှစ်ဆယ် ဖြစ်၏။ ထို့ကြောင့် ပြင်းထန်သော စိုးရိမ်စိတ်များ ဖြစ်ပေါ်နေခြင်းက သဘာဝပင်။
ထိုဧကရာဇ်အဆင့်များသည် အဆင့်တစ်များသာ ဖြစ်ကြသော်လည်း ရှနိုင်ငံတော်၏ အင်အားကိုမူ ပြသနေဆဲ ဖြစ်၏။ ဧကရာဇ်အဆင့် နှစ်ဆယ်ကို မွေးထုတ်ပေးနိုင်သော နိုင်ငံ၏ နောက်ကွယ်တွင် ပို၍အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ရှိနေနိုင်စရာ ရှိသည်။
ဤအချက်သည် ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်သည့် ကောလာဟလများကို ပို၍ခိုင်မာစေ၏။ ထို့ကြောင့် မကြာသေးမီကပင် ထျန်းလုဧကရာဇ် စိတ်မသက်မသာ ဖြစ်နေခဲ့ရခြင်း ဖြစ်လေသည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များကို ထျန်းလုဧကရာဇ် ဝေ့ကြည့်လိုက်၏။ ထို့နောက်
“ပြောကြစမ်းပါဦး။ ခင်ဗျားတို့အားလုံး ဘယ်လိုထင်သလဲ”
ဧကရာဇ်အဆင့် တစ်ဦးက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ရှန်ယွဲ့နိုင်ငံတောင် တစ်ခါတည်းနဲ့ ဧကရာဇ်အဆင့် ဆယ်ဂဏန်းလောက်ပဲ စေလွှတ်နိုင်တာ။ ရှနိုင်ငံတော်လို အသစ်တည်ထောင်ထားတဲ့ နိုင်ငံမှာ ဘယ်လိုလုပ် ဧကရာဇ်အဆင့်တွေ အများကြီး ရှိနိုင်မှာလဲ။ ဒါက ရှနိုင်ငံတော်ရဲ့ လှည့်ကွက်တစ်ခုခု ဖြစ်ဖို့ များပါတယ်။”
ထိုဧကရာဇ်အဆင့်၏ စကားကို ကြားရလျှင် ခန်းမအတွင်းရှိ အခြားသော ဧကရာဇ်အဆင့်များလည်း ထိုစကားတွင် အမှန်တရား တစ်ခု ရှိနိုင်သည်ဟု ခံစားမိလိုက်ကြ၏။
အကယ်၍ ရှနိုင်ငံတော်သည် တကယ်ပင် အင်အားကြီးမားလှပါက ရှန်ယွဲ့နိုင်ငံ တိုက်ခိုက်စဉ်က အဘယ်ကြောင့် ပြန်လည် မတိုက်ခိုက်ခဲ့သနည်း။
ရှနိုင်ငံတော်တွင် အမြင်မှားစေမည့် နည်းဗျူဟာပုံစံ တစ်ခုခု ရှိနေခြင်းလည်း ဖြစ်နိုင်၏။ သူတို့သည် အဆင့်ကိုး ဧကရာဇ်များ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သော နည်းဗျူဟာပုံစံကို ဖန်တီးနိုင်ခဲ့ကြ၏။ ထို့ကြောင့် ဧကရာဇ်အဆင့်များပင် မခွဲခြားနိုင်သည့် အမြင်မှားစေသော နည်းဗျူဟာပုံစံ ဖန်တီးနိုင်သည်မှာလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ထျန်းလုဧကရာဇ်ကတော့ အတွေးထဲ နစ်မြောကာ တိတ်ဆိတ်နေ၏။ အစပိုင်းတွင် သူလည်း ထိုအရာကို လှည့်ကွက်တစ်ခုခု ဖြစ်နိုင်သည်ဟု ထင်ခဲ့၏။
သို့သော်လည်း မကြာသေးမီက ဖြစ်ပျက်နေသည့် အရာများ အဘယ်ကြောင့် ဤမျှ စိတ်ရှုပ်ထွေးဖွယ် ကောင်းနေသည်ကို သူ မရှင်းပြနိုင်ပေ။ ထို့ပြင် သူ၏ အလိုလို သိစိတ်ထဲ စိုးရိမ်စိတ်များ အဘယ်ကြောင့် ဖြစ်ပေါ်နေရသည်ကိုလည်း သူ မဝေခွဲနိုင်ပဲ ရှိနေလေ၏။
၎င်းသည် လှည့်ကွက်သက်သက်သာ ဆိုလျှင် ကိစ္စမရှိသော်လည်း တကယ် ဖြစ်နေလျှင် ဘာလုပ်ကြမည်နည်း။
နိုင်ငံအမြောက်အမြားသည် ရှနိုင်ငံတော်၏ စစ်တပ်ကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။ ဧကရာဇ်အဆင့် နှစ်ဆယ်ထက်မနည်းကိုလည်း တကယ်ပင် မြင်တွေ့ခဲ့ကြဖူးသည်။
အစောပိုင်းက ထွက်ပေါ်ခဲ့သော ကောလာဟလများ တကယ်ပင် ဖြစ်နေနိုင်မလားဟု ထျန်းလုဧကရာဇ် မတွေးပဲ မနေနိုင်ပေ။
ရှနိုင်ငံတော်မှာ ကောင်းကင်ဧကရာဇ် တကယ် ရှိနေတာလား။
ထိုရှနိုင်ငံ၏ အုပ်စိုးသူသည် ကျင့်ကြံသူများ၏ အဆင့်နယ်ပယ်နှင့် အင်အားကို လျင်မြန်စွာ မြှင့်တင်နိုင်သည့် နည်းလမ်းကို တတ်မြောက်ထားပုံရ၏။ ထို့ကြောင့်သာ ဤမျှများပြားသော ဧကရာဇ်အဆင့်များကို ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ပြန်လည်ရရှိသော သတင်းများအရ ထိုဧကရာဇ်အဆင့် အများစုမှာ အဆင့်တစ် ဧကရာဇ်များသာ ဖြစ်ကြပြီး သူတို့၏ အငွေ့အသက်များက တည်ငြိမ်မှု မရှိကြပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် ထိုဧကရာဇ်အဆင့်များသည် မကြာသေးမီကမှ အဆင့်တက်လှမ်းခဲ့ခြင်း ဖြစ်နိုင်၏။
ထိုအရာသာ အမှန် ဖြစ်ခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။
သူတို့သည် ကောင်းကင်ဧကရာဇ်ကို မမြင်ဖူးသလို ကောင်းကင်ဧကရာဇ်၏ စွမ်းရည်များကိုလည်း မသိကြပေ။ အကယ်၍ ကောင်းကင်ဧကရာဇ်သည် ဧကရာဇ်အဆင့်များကို တကယ်ပင် အမြောက်အမြား ထုတ်လုပ်နိုင်ကာ သူ့၌ အခြားသော နည်းလမ်းများလည်း ရှိနေလျှင် အနှေးနှင့် အမြန်ဆိုသလို ရှနိုင်ငံတော်က လင်ကျောက် မဟာကြယ်နယ်မြေစုကို အပြီးသတ်သိမ်းပိုက်လိမ့်မည်။
ယခု အချိန်တွင် တွန့်ဆုတ်နေရန် မသင့်တော့ဟု ထင်ရသည်။
ရှနိုင်ငံတော်တွင် စွမ်းအားများ အပြည့်အဝ ပြန်မရသေးသော ကောင်းကင်ဧကရာဇ် ရှိနေလျှင်တောင်မှ ယခုလောလောဆယ်အထိတော့ သူ့ကို အနိုင်ယူရန် အခွင့်အရေး ရှိနေနိုင်သေး၏။
ထိုသို့ တွေးမိသဖြင့် ထျန်းလုဧကရာဇ်က
“အမိန့်ထုတ်လိုက်...စစ်တပ်ကို ချက်ချင်း ချီတက်ခိုင်းလိုက်တော့”
ဟု တိုက်ရိုက်ပင် မိန့်ကြားလိုက်သည်။
ထျန်းလုနိုင်ငံ၏ စစ်တပ်သည် အစောကတည်းက အဆင်သင့် ဖြစ်နေခဲ့၏။ လုချန်း နဂါးတပ်မတော်နှင့်အတူ ရှိနေကြောင်းကို သူတို့ အတည်ပြုထားကြပြီးဖြစ်သည်။
သတ်ဖြတ်ခြင်း ဧကရာဇ်ကြောင့် ဖြစ်စေ၊ ရှနိုင်ငံတော်၏ နောက်ကွယ်ရှိ ကောင်းကင်ဧကရာဇ်ကြောင့် ဖြစ်စေ ဤတိုက်ပွဲကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ထို့ကြောင့် သူတို့ အနေနှင့် အခြား နိုင်ငံများနှင့် စောစောစီးစီး ပူးပေါင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
အကယ်၍ သူတို့ဘက်က စစ်တပ်စေလွှတ်ရန် နှောင့်နှေးနေပြီး ရှနိုင်ငံတော်က အခြားသော နိုင်ငံများကို သိမ်းပိုက်ကာ မင်းဆက်ကံစွမ်းအား အမြောက်အမြား စုဆောင်းမိသွားလျှင် နောက်ပိုင်း၌ ရှနိုင်ငံတော်ကို ကိုင်တွယ်ရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
သတ်ဖြတ်ခြင်း ဧကရာဇ်ကို ရင်ဆိုင်ရပါက သတိထားခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။
ထျန်းလုဧကရာဇ်၏ အမိန့်ကို ကြားလျှင် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များက
“ဟုတ်ကဲ့ပါ”
ဟု တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။
မကြာမီတွင် ထျန်းလုနိုင်ငံ စစ်တပ်စေလွှတ်သည့် သတင်းသည် အခြား နိုင်ငံများထံသို့ ရောက်ရှိသွားတော့သည်။
ထျန်းလုနိုင်ငံ ငြိမ်မနေနိုင်တော့ကြောင်း ကြားလျှင် လင်ယွမ်နိုင်ငံ၊ တုန်းယန်နိုင်ငံနှင့် ကျန်းယန်နိုင်ငံတို့လည်း ပူးပေါင်းရန် ဖြစ်နိုင်ခြေကို ဆွေးနွေးရန် ထျန်းလုနိုင်ငံထံသို့ သံတမန်များ အသီးသီး စေလွှတ်လိုက်ကြ၏။
အစကတည်းကပင် ဤနိုင်ငံ သုံးနိုင်ငံသည် ရှနိုင်ငံတော်ကို အလွန်စိုးရိမ်နေခဲ့ကြသည်။ အထူးသဖြင့် ရှနိုင်ငံတော်က အချိန်တိုအတွင်း နိုင်ငံအမြောက်အမြားကို သိမ်းပိုက်လိုက်သည်ကို မြင်တွေ့ပြီးနောက် နိုင်ငံသုံးနိုင်ငံလည်း ပို၍ပင် ရတက်မအေးနိုင် ဖြစ်လာကြသည်။
ယခု ရှနိုင်ငံတော် တစ်ခုတည်းကပင် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အခြားသော နိုင်ငံများ၏ စုစုပေါင်း ဧရိယာထက် ပိုကျယ်ဝန်းသည့် နယ်မြေကို အုပ်ချုပ်ထားနိုင်ပြီဖြစ်၏။ ယခု ရှနိုင်ငံတော်ကို လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ ထိပ်တန်းနိုင်ငံဟု ခေါ်ဆိုရခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်တော့ပေ။
ထို့ပြင် ရှနိုင်ငံတော်၏ လျင်မြန်သော အင်အားတိုးတက်မှုက လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ နိုင်ငံအားလုံးကို ထိတ်လန့်စေခဲ့ပြီး မည်သူမှ တစ်ဦးတည်း ရင်ဆိုင်ရန် သတ္တိမရှိကြတော့ပေ။
……
ထိုအခိုက်အတန့်တွင်။
အဆုံးမဲ့ ဟာလာဟင်းလင်းပြင်အတွင်း၌ နတ်လှေ အစင်းတစ်ရာကျော် ပျံသန်းနေ၏။ ထိုလှေများ၏ ရှေ့တွင် ဧကရာဇ်အဆင့် သုံးဦး စုဝေးနေကြပြီး အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးနေကြပုံရသည်။
ထိုသူသုံးဦးသည် ကျန်းယန်နိုင်ငံ၊ လင်ယွမ်နိုင်ငံနှင့် တုန်းယန်နိုင်ငံတို့၏ လက်ရှိ ဧကရာဇ်များ ဖြစ်ကြ၏။ သူတို့သည် မဟာမိတ် ဖွဲ့ထားကြပြီး ဖြစ်ကာ ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။
ထိုအချိန်တွင် တုန်းယန်ဧကရာဇ်က
“ထျန်းလုဧကရာဇ်က နောက်ဆုံးတော့ စစ်တပ်စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ။ သူလည်း ငြိမ်မနေနိုင်တော့ဘူး။ ရှနိုင်ငံတော်က သူ့နိုင်ငံကို လာတိုက်တဲ့အထိ စောင့်နေဦးမလားလို့တောင် ကျုပ် ထင်နေတာ။”
ရှနိုင်ငံတော်က ဒုတိယမြောက် နိုင်ငံကို သိမ်းပိုက်စဉ်က ထျန်းလုဧကရာဇ်ထံသို့ တုန်းယန်ဧကရာဇ် သံတမန်များ စေလွှတ်ခဲ့၏။ သို့သော်လည်း ထျန်းလုဧကရာဇ်က ရှနိုင်ငံတော်ကို စောင့်ကြည့်နေရန် ပြောဆိုခဲ့လေသည်။
သို့သော် မထင်မှတ်ပဲ ရှနိုင်ငံသည် အချိန်တိုအတွင်း လျင်မြန်စွာ လှုပ်ရှားလာခဲ့၏။
ရှနိုင်ငံတော်က နိုင်ငံများ ဆက်တိုက် သိမ်းပိုက်လာသောကြောင့် တုန်းယန်၊ လင်ယွမ်နှင့် ကျန်းယန်တို့သည် မဟာမိတ်အဖြစ် လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။
ထိုနိုင်ငံသုံးနိုင်ငံသည် စကြဝဠာအတွင်း တစ်နိုင်ငံချင်းစီ အနေနှင့် အင်အားအသင့်အတင့် ရှိကြသော်လည်း ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်သည့် အစောပိုင်း ကောလာဟလများကို သူတို့ အားလုံး အလွန် စိုးရိမ်နေခဲ့ကြ၏။
အထူးသဖြင့် ရှနိုင်ငံတော်၏ ထိတ်လန့်ဖွယ် ကောင်းလှသော သိမ်းပိုက်နှုန်းကို မြင်တွေ့ရပြီးနောက် လုချန်း၏ နောက်ကွယ်တွင် ကောင်းကင်ဧကရာဇ် တကယ် ရှိနေသည်ဟု သူတို့ ပို၍ သံသယဝင်လာကြသည်။
ထို့ကြောင့် နိုင်ငံသုံးနိုင်ငံသည် သူတို့၏ စစ်တပ်များကို လျင်မြန်စွာ စုစည်းလိုက်၏။ ထို့နောက် ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုသူ အင်အား အပြည့်အဝ မရရှိမီ အမြစ်ပြတ် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
တုန်းယန်ဧကရာဇ် စကားပြောပြီးနောက် လင်ယွမ်ဧကရာဇ်ကလည်း
“သူက အစကတည်းက စစ်တပ်လွှတ်ဖို့ ကြံစည်ထားပြီးသားလို့ ကျုပ် ထင်တယ်။ ရှနိုင်ငံတော်ရဲ့ အင်အားကို သူ အကဲခတ်နေတုန်း ကျုပ်တို့ နိုင်ငံသုံးနိုင်ငံကို ရှေ့တန်းမှာ အင်အားကုန်အောင် လုပ်ခိုင်းချင်လို့ သူဝင်မပါသေးတာ။”
ကျန်းယန်ဧကရာဇ်က နှာခေါင်းရှုံ့ကာ
“အခုလို အခြေအနေမှာတောင် သူက တခြားလူတွေ တိုက်ခိုက်နေတုန်း အသာလေး အမြတ်ထုတ်ဖို့ ကြံနေတုန်းပဲလား။”
“ကျုပ်တို့ နိုင်ငံသုံးနိုင်ငံ ပျက်စီးသွားပြီးရင် သူ့နိုင်ငံ တစ်နိုင်ငံတည်းနဲ့ ရှနိုင်ငံတော်ကို ရင်ဆိုင်နိုင်မယ်လို့ သူ တကယ် ယုံကြည်နေတာလား။”
“ရှနိုင်ငံတော်က အခုဆို လင်ကျောက် မဟာကြယ်နယ်မြေစုထဲက နိုင်ငံအမြောက်အမြားကို သိမ်းပိုက်ထားပြီး မင်းဆက်ကံစွမ်းအားတွေ အများကြီး စုဆောင်းထားပြီးပြီ။ သူတို့ရဲ့ စုစုပေါင်း အင်အားက ထျန်းလုနိုင်ငံကိုတောင် ကျော်လွန်နေပြီ။ နောက်ပြီး ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာ အကာအကွယ်က သူတို့ရဲ့ အင်အား ကြီးထွားလာတာနဲ့အမျှ ပိုပြီး ကျယ်ပြန့်လာတယ်။”
အစွမ်းများ အပြည့်အဝ ပြန်မရသေးသော ကောင်းကင်ဧကရာဇ်သည် တကယ်တန်း ခေါင်းကိုက်စရာ မဟုတ်သေးပေ။
နိုင်ငံသုံးနိုင်ငံအတွက် တကယ် ဒုက္ခပေးနေသည့်အရာက နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အကာအကွယ်ပင် ဖြစ်သည်။
ရှနိုင်ငံတော် နယ်မြေချဲ့ထွင်သည့် မည်သည့်နေရာတွင်မဆို နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကလည်း လိုက်ပါကျယ်ပြန့်လာ၏။ ထို့ကြောင့် ရှနိုင်ငံတော်၏ စစ်တပ်များသည် တိုက်ပွဲတွင် ရှုံးနိမ့်လျှင်ပင် ထိုအတားအဆီးအတွင်းသို့ ဆုတ်ခွာနိုင်ကြသည်။ ထိုအချက်ကြောင့် တစ်ဖက်မှ သူတို့ကို ထိရောက်စွာ ကိုင်တွယ်ရန် မဖြစ်နိုင်တော့ပေ။
……….
အခန်း (၁၄၇၅)
ခြိမ်းခြောက်မှုအားလုံးကို တစ်ခါတည်း ဖြေရှင်းနည်း
ရှနိုင်ငံတော်၏ အကာအကွယ်သည် အလွန် ခိုင်ခံ့လှ၏။ ယင်းကို ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်အဆင့်ကိုး နှစ်ပါးတို့က သက်သေပြခဲ့ကြပြီး ဖြစ်သည်။ နိုင်ငံကြီး သုံးနိုင်ငံ ပူးပေါင်းလျှင်ပင် ဤအတားအဆီးကို ဖျက်ဆီးရန် မဖြစ်နိုင်သလောက်ပင်။
ထို့ပြင် ရှနိုင်ငံတော်ဘက်မှ အရေးမလှသော အခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်လာခဲ့သော် ထိုအကာအကွယ် အတွင်းသို့ ချက်ချင်း ခိုဝင်ကာ အကာအကွယ် ယူနိုင်စရာ အကြောင်းရှိ၏။ အထူးသဖြင့် သူတို့၏ ဧကရာဇ်သည် ရှနိုင်ငံတော်၏ အတားအဆီးအတွင်းသို့ ပြန်လည် ထွက်ပြေးသွားနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့အနေနှင့် ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
ရှနိုင်ငံတော်၏ အကာအကွယ်အကြောင်း ပြောမိကြသောအခါ ဧကရာဇ် သုံးပါးတိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။ လောလောဆယ်တွင် ရှနိုင်ငံတော်ကို သူတို့၏ အကာအကွယ်အတွင်းသို့ ပြန်လည် မောင်းထုတ်ရန်မှအပ အခြားသော ပိုမိုကောင်းမွန်သည့် ဖြေရှင်းနည်း သူတို့တွင် မရှိသေးသည်မှာ ထင်ရှား၏။
တစ်ခါတည်း အပြီးသတ် ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ထိုအတွေးသည် သူတို့၏ စိတ်ထဲတွင် လေးလံသော ဝန်ထုပ်တစ်ခုအလား ဖိစီးနေခဲ့၏။
ထိုအခိုက်အတန့်၌ လင်ယွမ်ဧကရာဇ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်
“ရှနိုင်ငံတော်ရဲ့ ဧကရာဇ်နာမည်က လုချန်းပဲ မဟုတ်လား။ ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာပုံစံကို သူပဲ ထိန်းချုပ်နေတာ ဖြစ်ရမယ်။”
ထို့နောက် သူက ဆက်လက်၍
“သူလည်း ရှနိုင်ငံတော် စစ်တပ်ထဲမှာ ရှိနေဖို့ များတယ်။ သူ့ရဲ့ တည်နေရာကို ရှာဖွေပြီး သတ်နိုင်မယ်ဆိုရင် နည်းဗျူဟာပုံစံကို ထိန်းသိမ်းမယ့်သူ မရှိတော့ပဲ ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာပုံစံက အလိုအလျောက် ပျက်စီးသွားနိုင်တယ်။”
တုန်းယန်ဧကရာဇ်က စဉ်းစဉ်းစားစားဟန်ဖြင့်
“ဒါကတော့ အာမမခံနိုင်ဘူး။ ဒီနည်းဗျူဟာပုံစံက အမြဲတမ်း ထိန်းသိမ်းသူ ရှိနေဖို့ မလိုတာလည်း ဖြစ်နိုင်တယ်။ လုချန်းကို ဖယ်ရှားလိုက်ရင်တောင် ဒီနည်းဗျူဟာပုံစံက ရှိနေနိုင်သေးတာပဲ။”
လင်ယွမ်ဧကရာဇ်က ဆက်လက်၍
“ဒီနည်းဗျူဟာပုံစံ ဆက်ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုချန်းဟာ ရှနိုင်ငံတော်က ပြောနေတဲ့ ကောင်းကင်ဧကရာဇ်လောင်း ဖြစ်နိုင်တယ်။ သူ သေသွားတာနဲ့ သူ့ဘေးက ဧကရာဇ်အဆင့်တွေလည်း စည်းလုံးကြမှာ မဟုတ်တော့ဘူး။ ဒါဆို ရှနိုင်ငံတော်လည်း အလိုအလျောက် ပြိုကွဲသွားမှာပဲ။”
လင်ယွမ်ဧကရာဇ်၏ စကားကို နားထောင်မိသောအခါ တုန်းယန်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ နှစ်ပါးစလုံးလည်း အကျိုးအကြောင်း ဆီလျော်မှု ရှိသည်ဟု ထင်မှတ်မိကြ၏။ အကယ်၍ လုချန်းသည် ကောင်းကင်ဧကရာဇ် အစစ် ဖြစ်နေပါက လုချန်း သေဆုံးပြီးနောက် ရှနိုင်ငံတော်၏ နည်းဗျူဟာပုံစံ ကျန်ရှိနေလျှင်တောင် နောင်တွင် သူတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။
ထို့ပြင် ဤနည်းဗျူဟာပုံစံဆိုသည်က အလွန်ပင် ထူးဆန်းလှ၏။ မည်သည့်စွမ်းအားက ၎င်းကို ထိန်းသိမ်းထားသည်ကိုလည်း မည်သူမှ မသိကြပေ။
အကယ်၍ ရှနိုင်ငံတော်၏ ကောင်းကင်ဧကရာဇ် ကျဆုံးသွားခဲ့ပါက ရှနိုင်ငံတော်၏ ကံစွမ်းအား မလွဲမသွေ ဆုတ်ယုတ်သွားပေလိမ့်မည်။ ထိုအခါ ဤနည်းဗျူဟာပုံစံသည်လည်း အလိုလို ကွယ်ပျောက်သွားနိုင်သည်။
ထို့နောက် ကျန်းယန်ဧကရာဇ်က မေးခွန်းထုတ်လိုက်သည်။
“ဒါပေမဲ့ လုချန်းက ကောင်းကင်ဧကရာဇ်ဖြစ်နိုင်တာ် ဆိုတာကို ကျုပ်တို့ ဘယ်လို အတည်ပြုမလဲ။ သူတို့ပြောနေတဲ့ ကောင်းကင်ဧကရာဇ်က တခြားတစ်ယောက် ဖြစ်နေရင်ကော။”
ထိုအချက်ကား တကယ်ပင် ပြဿနာတစ်ရပ်ပင်။ ထို့နောက် သူတို့ သုံးဦးစလုံး ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားကြပြန်၏။ အကယ်၍ သူတို့သည် အရင်းအမြစ်ကို မဖယ်ရှားပဲ လက်အောက်ခံ ဧကရာဇ်ကိုသာ သတ်ဖြတ်လိုက်ပါက အနာဂတ်တွင် ရှနိုင်ငံတော်၏ နောက်ထပ် ကျူးကျော်မှုကို ထပ်မံ ရင်ဆိုင်ရနိုင်စရာ အကြောင်းရှိ၏။
ခဏခန့် စဉ်းစားပြီးနောက် လင်ယွမ်ဧကရာဇ်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
“ထားလိုက်ပါတော့... အများကြီး မတွေးပါနဲ့။ သူ ကောင်းကင်ဧကရာဇ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် လုချန်းကတော့ သေရမှာပဲ။ သူက သတ်ဖြတ်ခြင်းနဲ့ သူ့ရဲ့ လမ်းစဉ်ကို သက်သေပြဖို့ ကြိုးစားနေတာ။ အဲဒီ အကြောင်းပြချက် တစ်ခုတည်းနဲ့တင် သူ့ကို ကြီးထွားခွင့် ပေးလို့ မရဘူး။”
လုချန်း ကောင်းကင်ဧကရာဇ် ဟုတ်၊ မဟုတ်ကို သူတို့ အတိအကျ မဆုံးဖြတ်နိုင်ကြပေ။ သို့ဖြစ်၍ ထိုကိစ္စကို ဆက်လက် မတွေးတောတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ လုချန်းကို ဖယ်ရှားပြီးမှသာ သူ ကောင်းကင်ဧကရာဇ် ဟုတ်၊ မဟုတ် သူတို့ သိရပေလိမ့်မည်။
တုန်းယန်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့လည်း ခဏခန့် စဉ်းစားပြီးနောက် အကျိုးအကြောင်း ဆိီလျော်သည်ဟု ခံစားလိုက်ကြရ၏။
အဘယ်ကြောင့် ထိုအချက်များကို သူတို့ အလွန် အလေးအနက် စဉ်းစားနေကြသနည်း။
မည်သို့ပင်ဆိုစေကာမူ စစ်ပွဲသည် ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ထို့ကြောင့် လုချန်းကို အရင်ဆုံး ဖယ်ရှားပြီးမှ သူ ကောင်းကင်ဧကရာဇ် ဟုတ် မဟုတ် ဆက်လက် စောင့်ကြည့်ခြင်းက ပို၍ ပညာရှိရာ ရောက်ပေလိမ့်မည်။
သူတို့ သုံးဦး ထိုအကြောင်းအရာကို ရပ်နားတော့မည့် အချိန်တွင် ဧကရာဇ်လောင်း တစ်ပါး လင်ယွမ်ဧကရာဇ်ထံသို့ ချဉ်းကပ်လာကာ
“မင်းကြီး။ ကျွန်တော်တို့ဆီမှာ သတင်းသစ် ရောက်လာပါတယ်။”
လင်ယွမ်ဧကရာဇ်လည်း ခဏပင် တွန့်ဆုတ်ခြင်း မရှိပဲ သူ၏ လက်ကို မြှောက်လိုက်သည်။ ထိုအခါ ဧကရာဇ်လောင်း၏ လက်ထဲရှိ ကျောက်စိမ်းစာလိပ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်တွင် ပုံရိပ်တစ်ခုကို ထင်ဟပ်ပြသလိုက်လေသည်။
ထိုပုံရိပ်တွင် ရှနိုင်ငံတော်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသော နိုင်ငံများအတွင်းသို့ လင်ယွမ်နိုင်ငံ၏ သူလျှိုများ ခိုးဝင်ကာ ပေးပို့လိုက်သော အရေးကြီးသည့် ထောက်လှမ်းရေး သတင်းအချို့ကို ဖော်ပြထားသည်။ မည်သည့်နိုင်ငံမဆို ရှနိုင်ငံတော်ထံ လက်နက်ချပြီးနောက် သူတို့အားလုံးသည် လုချန်းကို ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုကြကြောင်း ထိုသတင်းတွင် ပါရှိ၏။
ယင်းကို မြင်တွေ့ရသောအခါ ဧကရာဇ် သုံးပါးစလုံး အံ့အားသင့်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်နှာများတွင် အံ့ဩမှုနှင့်အတူ တစ်စုံတစ်ရာကို ရှင်းလင်းသွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
လုချန်းက တကယ်ပဲ အဆင့်မတက်သေးတဲ့ ကောင်းကင်ဧကရာဇ် ဖြစ်နေလား။
သို့သော် သူက အစက ရှန်ဝူဧကရာဇ်၏ သားတော် မဟုတ်လား။
ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီး လင်ယွမ်ဧကရာဇ်က သူ၏ ယူဆချက်ကို ထုတ်ဖော်လိုက်သည်။
“သူက ရှန်ယွဲ့နိုင်ငံမှာ လူပြန်ဝင်စားလာတာ ဖြစ်နိုင်တယ်။ အခု ကောင်းကင်ဧကရာဇ် ဖြစ်ခဲ့တဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရနေတာ ဖြစ်မယ်။”
တုန်းယန်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ မျက်ခုံးအနည်းငယ် တွန့်သွားကြသော်လည်း မကြာမီတွင် ပြေလျော့သွားကာ သူတို့၏ မျက်နှာထက်တွင် အပြုံးရိပ်များ ပေါ်လာတော့သည်။ ရှနိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်ဟု ကောလာဟလ ထွက်နေသူသည် ရှနိုင်ငံတော်၏ အတားအဆီးအတွင်းတွင် အချိန်အကန့်အသတ်မရှိ ပုန်းအောင်းနေမည်ကို သူတို့ စိုးရိမ်နေခဲ့ကြခြင်း ဖြစ်၏။
ကောင်းကင်ဧကရာဇ်သာ ကိုယ်ယောင်ဖျောက်နေပါက သူ့ကို ကိုင်တွယ်ရန် သူတို့၌ နည်းလမ်း ရှိမည် မဟုတ်ပေ။
သို့သော် လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်နေသောကြောင့် အခြေအနေက ပိုမို လွယ်ကူသွားသည်။ ယခုဆိုလျှင် လုချန်း ထွက်ပြေးမသွားနိုင်အောင် မည်သို့ ဝိုင်းရံရမည်ကိုသာ ဗျူဟာ ချမှတ်ရန် လိုအပ်တော့သည်။
ထိုစဉ် လင်ယွမ်ဧကရာဇ်က တစ်ခုခုကို သတိရသွားဟန်ဖြင့်
“ထျန်းလုနိုင်ငံကိုပါ ထည့်သွင်းတာက ပိုပြီး ပညာရှိရာ ကျမယ်လို့ ထင်တယ်။”
ဤဧကရာဇ် သုံးပါးစလုံးသည် အဆင့်ခုနှစ်တွင် ရှိကြ၏။ စကြဝဠာအတွင်း ဤအဆင့်မျိုး အမြောက်အမြား ရှိနေသည် မဟုတ်သော်လည်း လုချန်းတွင် မည်သည့် ထူးခြားသော ရတနာများ သို့မဟုတ် နည်းစနစ်များ ရှိနေသည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
တစ်ခါတစ်ရံ ကျင့်စဉ်အဆင့်နိမ့်သူတစ်ဦးပင် လက်နက်ကောင်း တစ်ခုခုကြောင့် အင်အားကြီးသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိတတ်သည် မဟုတ်ပါလား။
အဆင့်ကိုး ဧကရာဇ်တစ်ပါး ထပ်မံ ပါဝင်လာခြင်းက ပို၍ သူတို့၏ စီမံကိန်းကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ထျန်းလုဧကရာဇ်သည် စကြဝဠာအတွင်းရှိ အခြားသော အဆင့်ကိုး ဧကရာဇ်များနှင့် ယှဉ်လျှင် အင်အား မကြီးလှသော်လည်း အဆင့်ကိုးအောက်ရှိ သူများကိုတော့ အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ၏။
နိုင်ငံကြီး လေးနိုင်ငံ ပူးပေါင်းလိုက်ပါက လုချန်းအတွက် ထွက်ပြေးစရာ လမ်းမရှိတော့ပေ။ လင်ယွမ်ဧကရာဇ်၏ အဆိုပြုချက် ပြီးဆုံးသည်နှင့် တုန်းယန်ဧကရာဇ်သည် သူ၏ ကိုယ်ပွားရှိရာ နေရာရှိ အခြေအနေကို သိရှိနိုင်ရန် စိတ်အာရုံကို ချက်ချင်း အသုံးပြုလိုက်သည်။
ထျန်းလုနိုင်ငံသို့ စေလွှတ်လိုက်သော သူ၏ သံတမန်အဖွဲ့တွင် သူ၏ ကိုယ်ပွားလည်း ပါဝင်သည်။ ယခုအခါ သူ၏ ကိုယ်ပွားသည် ထျန်းလုနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကာ ထျန်းလုဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ရန် ညှိနှိုင်းနေပြီ ဖြစ်သည်။ သို့သော် ထျန်းလုဧကရာဇ်၏ တုံ့ပြန်မှုကတော့ ခန့်မှန်းရခက်နေဆဲပင်။
ထျန်းလုဧကရာဇ်၏ စိတ်နေသဘောထားကို လင်ယွမ်ဧကရာဇ် ခန့်မှန်းကြည့်မိသည်။ ထိုဧကရာဇ်သည် အခွင့်အရေးကို မြင်တတ်သူ ဖြစ်၏။ ယခု ရှနိုင်ငံတော်၏ သိသာသော ခြိမ်းခြောက်မှုကို သူလည်း ခံစားမိနေပြီ ဖြစ်သဖြင့် ဤမဟာမိတ်ဖွဲ့မှုကို ငြင်းပယ်လိမ့်မည် မဟုတ်ဟု သူယူဆထားသည်။
…….
ထိုအခိုက်အတန့်၌ပင်။
ထျန်းလုနိုင်ငံ။
နန်းတွင်း ညီလာခံခန်းမ။
ခန်းမအတွင်း၌ နိုင်ငံကြီး သုံးနိုင်ငံမှ သံတမန်များ ရှိနေကြသည်။ ထိုစဉ် ထျန်းလုဧကရာဇ်၏ အကြည့်က တုန်းယန်နိုင်ငံ၏ သံတမန်အဖွဲ့ထံသို့ ရုတ်တရက် ကျရောက်သွားသည်။
ထျန်းလုဧကရာဇ်က ရယ်မောလျက်
“တုန်းယန်။ ခင်ဗျားက ဘယ်တုန်းက ပုန်းရတာ ဝါသနာပါသွားတာလဲ။ သံတမန်အဖွဲ့ထဲမှာ ဘာလို့ ကိုယ်ပွားကို ထည့်ထားတာလဲ”
ဟု လှမ်းမေးလိုက်၏။
ထျန်းလုဧကရာဇ် သူ့ကို မှတ်မိသွားကြောင်း မြင်တွေ့ရသောအခါ တုန်းယန်ဧကရာဇ်၏ ကိုယ်ပွားလည်း ရှေ့သို့ ခြေလှမ်းထွက်လာကာ
“မျှော်လင့်ထားတဲ့အတိုင်းပဲ ခင်ဗျားကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ။”
တုန်းယန်ဧကရာဇ်၏ ကိုယ်ပွားသည် စိတ်ဝိညာဉ် အာရုံခံမှုကို တားဆီးရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သော်လည်း ၎င်းသည် အပြည့်အဝ စိတ်ချရသည့် နည်းလမ်းမျိုးတော့ မဟုတ်ပေ။ ပင်မခန္ဓာက ကိုယ်ပွားနှင့် ချိတ်ဆက်ရန် စိတ်အာရုံကို အသုံးပြုလိုက်သည်နှင့် လျှို့ဝှက်နည်းစနစ်သည် ခဏခန့် ပျက်ပြယ်သွားပြီး လူသိသွားခဲ့ခြင်း ဖြစ်သည်။
တုန်းယန်ဧကရာဇ်သည် ခုနက သူ၏ ကိုယ်ပွား ခန်းမအတွင်း ရှိနေသည်ကို မသိပဲ စိတ်အာရုံကို အသုံးပြုကာ စမ်းသပ်မိသဖြင့် ကိုယ်ပွား၏ တည်ရှိမှု ပေါ်ပေါက်သွားခဲ့ရခြင်း ဖြစ်သည်။
လူသိသွားသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယင်းသည် ထျန်းလုဧကရာဇ်နှင့် မဟာမိတ်ဖွဲ့မည့် အရေးကို တိုက်ရိုက် ဆွေးနွေးရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာသည်။
ထျန်းလုဧကရာဇ်က
“နိုင်ငံကြီး သုံးနိုင်ငံ မဟာမိတ်ဖွဲ့ထားတာတောင် စကြဝဠာ အစွန်းမှာရှိတဲ့ နိုင်ငံတစ်ခုကို ခင်ဗျားတို့ကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလား။ ဘာလို့ ကျုပ်ကို မဟာမိတ်ဖွဲ့ချင်ရ သေးတာလဲ။”
တုန်းယန်ဧကရာဇ်က
“ထျန်းလု... ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျားလည်း ရှနိုင်ငံတော်ရဲ့ ခြိမ်းခြောက်မှုကို ခံစားမိလို့ စစ်တပ် စေလွှတ်ထားပြီးပြီ မဟုတ်လား။”
ထို့နောက် သူက ဆက်လက်၍
“နောက်ပြီး ဒါက ခင်ဗျားကို သတင်းအချို့ ဝေမျှပေးဖို့ အခွင့်အရေးကောင်းပဲ။”
ထျန်းလုဧကရာဇ်က စိတ်ဝင်တစားဖြင့်
“ဘာသတင်းလဲ”
တုန်းယန်ဧကရာဇ်က
“ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရ လုချန်းဟာ ရှနိုင်ငံတော်က ပြောနေတဲ့ ကောင်းကင်ဧကရာဇ် ဖြစ်ဖို့ အရမ်းများနေတယ်။”
ထို့နောက် သူက အလေးအနက် ထပ်မံ ရှင်းပြလိုက်သည်။
“ဒါကြောင့် လုချန်းကို ကိုင်တွယ်နိုင်ရင် ခြိမ်းခြောက်မှု အားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်”
ဤအချက်အလက်သည် သူ မျှော်လင့်ထားသည်ထက် ပိုတန်ဖိုးရှိသော သတင်းကောင်း တစ်ရပ် ဖြစ်၏။ ရှနိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်ကို ဖယ်ရှားနိုင်မည်ဆိုပါက ဤစစ်ပွဲ၏ အဆုံးသတ်ကို အလျင်အမြန် မြင်တွေ့ရမှာ သေချာလှ၏။
...............
အခန်း( ၁၄၇၆)
ဧကရာဇ်အဆင့်များ အစုအဝေး
တုန်းယန်ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ ထျန်းလုဧကရာဇ် မျက်ခုံးအနည်းငယ် တွန့်လိုက်မိသည်။
လုချန်းက ကောလာဟလ ထွက်နေသည့် ကောင်းကင်ဧကရာဇ် အစစ်လား။
ဤကိစ္စနှင့် ပတ်သက်၍ သတင်းအချို့ကို သူ ကြားဖူးတာတော့ အမှန်ပင်။ သို့သော်
၎င်း၏ မှန်ကန်မှုကို ထျန်းလုဧကရာဇ် မည်သည့်အခါမှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ရှနိုင်ငံတော်တွင် တကယ်ပင် ကောင်းကင်ဧကရာဇ် တစ်ပါး ရှိနေလျှင်ပင် ထိုဧကရာဇ် အင်အား မကြီးထွားမီ ရှနိုင်ငံတော်၏ အတားအဆီး ပြင်ပသို့ ထွက်ပေါ်လာရန်က မဖြစ်နိုင်သလောက်ဟု သူခန့်ခန့်မှန်းမိ၏။
ယခု တုန်းယန်ဧကရာဇ်၏ နောက်ဆက်တွဲ သတင်းအရ ထျန်းလုဧကရာဇ်၏ ထိုခန့်မှန်းချက် မှားယွင်းကြောင်း အထင်းသား ပြသနေသည်။
စိတ်ကို ခဏခန့် ငြိမ်သက်စေပြီးနောန် ထျန်းလုဧကရာဇ်က အေးဆေးစွာပင်
“သူက ကောင်းကင်ဧကရာဇ်ဆိုတာကို ခင်ဗျားတို့ ဘယ်လို အတည်ပြုတာလဲ။”
တုန်းယန်ဧကရာဇ်က ပြန်လည် ရှင်းပြလိုက်၏။
“ကောင်းကင်ဧကရာဇ်ဆိုတဲ့ နာမည်ဟာ ကြီးမားတဲ့ ကံတရားရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သယ်ဆောင်ထားတာပါ။ လူတိုင်းက အဲဒီဒဏ်ကို မခံနိုင်ဘူး။ ရှနိုင်ငံတော်ထံ လက်နက်ချခဲ့တဲ့ အဲဒီ ဧကရာဇ်အဆင့်တွေ အားလုံးက လုချန်းကို ကောင်းကင်ဧကရာဇ် လို့ ခေါ်ကြတယ်။ ဒါကြောင့် သူ ကောင်းကင်ဧကရာဇ် မဟုတ်ရင် ဘယ်သူ ဖြစ်ဦးမှာလဲ။”
တုန်းယန်ဧကရာဇ်၏ ရှင်းလင်းချက်ကို နားထောင်မိသောအခါ ထျန်းလုဧကရာဇ် အချက်တစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။
ဤမျှ အရေးကြီးသော အချက်ကို သူ မည်သို့ မေ့လျော့နေရသနည်း။
အကယ်၍ မည်သူမဆို မိမိကိုယ်ကို ကောင်းကင်ဧကရာဇ်ဟု အလွယ်တကူ ခေါ်ဆိုလိုက်ပါက စကြဝဠာ ကောင်းကင်ဘုံနိယာမလမ်းစဉ်၏ အပြစ်ပေးခြင်းကို ချက်ချင်းပင် ခံရနိုင်စရာ ရှိသည်။
လုချန်းကို အခြားသူများက ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုနေကြပြီး စကြဝဠာ၏ အပြစ်ပေးခြင်းကိုလည်း မခံရသဖြင့် လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်ရန် အလွန် ဖြစ်နိုင်ခြေ များပြားကြောင်း သက်သေပြနေသည်။
အကယ်၍ လုချန်းသာ တကယ် ကောင်းကင်ဧကရာဇ် ဖြစ်နေပါက အတားအဆီး ပြင်ပတွင် ရှိနေစဉ် သူ့ကို ဖယ်ရှားနိုင်မည်ဆိုပါက လင်ကျောက် မဟာကြယ်နယ်မြေစု လတ်တလော ရင်ဆိုင်နေရသော အကြပ်အတည်းများကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုအတွေးက ထျန်းလုဧကရာဇ်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့၏။
ထိုအကြောင်းကို တွေးတောရင်း ထျန်းလုဧကရာဇ် တစ်စုံတစ်ခု ပြောရန်ပြင်ဆင်လိုက်စဉ် တုန်းယန်ဧကရာဇ်က ကြားဖြတ်လျက်
“နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ခင်ဗျား သိလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ် ထျန်းလု။”
ထို့နောက် သူက
“ကျုပ်တို့ နိုင်ငံကြီး လေးနိုင်ငံ မဟာမိတ်အဖွဲ့သာ လုချန်းကို ဖယ်ရှားနိုင်ရင် သူ ဖန်တီးခဲ့တာတွေ အားလုံး ပျောက်ကွယ်သွားမှာ ဖြစ်သလို သူ သေဆုံးသွားတာကြောင့် ရှနိုင်ငံတော်ရဲ့ နည်းဗျူဟာပုံစံတောင် ပျောက်ကွယ်သွားနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ကျုပ်တို့ ရှနိုင်ငံတော်ထဲကို ဝင်ပြီး ကောင်းကင်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာတွေကို ရှာဖွေနိုင်လိမ့်မယ်။”
ကောင်းကင်ဧကရာဇ် ချန်ထားခဲ့သော ရတနာများ ဆိုသည့် စကားကို ကြားလိုက်ရသည့် အခိုက်တွင် ထျန်းလုဧကရာဇ်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာ၏။ ရှနိုင်ငံတော်၏ နည်းဗျူဟာပုံစံတစ်ခုတည်းကပင် လုံလောက်စွာ ဆွဲဆောင်မှု ရှိနေပြီဖြစ်၏။ အကယ်၍ ယင်းနည်ဗျူဟာပုံစံသည် ကောင်းကင်ဧကရာဇ်၏ ရတနာ တစ်ခုဖြစ်နေပါ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမည်ဖြစ်၏။ ထိုအချက်က တွေးကြည့်ရုံမျှဖြင့် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
ထျန်းလုဧကရာဇ်သည် အဆင့်ကိုး ဧကရာဇ် အဆင့်တွင် နှစ်ပေါင်း မရေတွက်နိုင်အောင် ရပ်တန့်နေခဲ့ရပြီး ရှေ့သို့ တက်လှမ်းရန် အခွင့်အရေးကို မည်သည့်အခါမှ မတွေ့ခဲ့ရပေ။ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သော်လည်း ထိုအဆင့်သို့ ရောက်ရှိရန် လိုအပ်သော ခံစားချက်ကို သူ ဘယ်သောအခါမှ မရရှိခဲ့ချေ။
၎င်းက ထျန်းလုဧကရာဇ်အား ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းရန် မျှော်လင့်ချက်ကို အစောကတည်းက စွန့်လွှတ်စေခဲ့သည်။
သို့သော် ယခုတော့ မျှော်လင့်ချက် အသစ်တစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်ဧကရာဇ် ချန်ထားခဲ့သော အရာတစ်ခုခုကို ရရှိနိုင်ပါက ထိုနယ်ပယ်သို့ တက်လှမ်းနိုင်မည့် လျှို့ဝှက်ချက်ကို သိရှိနိုင်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးတောမိရုံမျှဖြင့် ထျန်းလုဧကရာဇ်၏ အသက်ရှူသံများပင် မသိမသာ မြန်ဆန်လာခဲ့လေသည်။
တုန်းယန်ဧကရာဇ်လည်း ထျန်းလုဧကရာဇ်၏ မျက်လုံးများအတွင်း ထင်ဟပ်နေသော လောဘအရိပ်များကို သတိပြုမိသွားကာ ဆက်လက်တွန်းအားပေးလိုက်၏။
“ခင်ဗျာရဲ့ အတွေး ဘယ်လိုလဲဆိုတာ ကျုပ်သိချင်တယ်။”
ထျန်းလုဧကရာဇ်က နောင်တွင် ရှနိုင်ငံတော်ကို မည်သို့ ခွဲဝေမည်ကို ဆွေးနွေးခြင်း မပြုတော့ပဲ
“ကောင်းပြီ.....ကျုပ်လည်း ခင်ဗျားတို့နဲ့အတူ စစ်တပ်စေလွှတ်ဖို့ ပူးပေါင်းမယ်။”
သူ၏ စိတ်ထဲ၌မှု အတွေးတစ်မျိုး ရှိနေသည်။ သူသည် အဆင့်ကိုးတွင် ရှိနေပြီး လင်ကျောက် မဟာကြယ်နယ်မြေစုတွင် အများဆုံး အဆင့်ရှစ်ဧကရာဇ်အချို့သာ ရှိသည်ဟု တွေးတောနေခြင်းဖြစ်၏။
ရှနိုင်ငံတော်၏ အကာအကွယ် တကယ် ကွယ်ပျောက်သွားပြီး ကောင်းကင်ဧကရာဇ်၏ ရတနာများကို ရှာတွေ့သည်နှင့် အဆင့်အမြင့်ဆုံး ဖြစ်သော သူကသာ ဝေစုခွဲဝေမှုကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရတနာများ ခွဲဝေရေးကို ယခုအချိန်တွင် ဆွေးနွေးရန် သူ စိတ်မဝင်စား ပေ။ လုချန်းကို အမြန်ဆုံး ဖယ်ရှားပစ်ရန်သာ အဓိက လိုလားနေသည်။
ထျန်းလုဧကရာဇ် သဘောတူကြောင်း တွေ့ရသောအခါ တုန်းယန်ဧကရာဇ်၏ နှုတ်ခမ်းဖျားတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏ ပင်မခန္ဓာက လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ထံ ဤသတင်းကောင်းကို အမြန်ဆုံး ပေးပို့လိုက်တော့၏။
……
ဟင်းလင်းပြင်တွင်။
လင်ယွမ်ဧကရာဇ်က
“ကျုပ်ရဲ့သံတမန်က ထျန်းလုနိုင်ငံကို ရောက်နေလောက်ပြီ။ ထျန်းလုဧကရာဇ် အခု ဘာလုပ်ဖို့ စီစဉ်နေမလဲဆိုတာ သိချင်မိတယ်။”
သူ၏ စကား ဆုံးသည်နှင့် တစ်ပြိုင်နက် တုန်းယန်ဧကရာဇ်က
“ထျန်းလုဧကရာဇ်က မဟာမိတ်ဖွဲ့ဖို့ သဘောတူလိုက်ပြီ။”
တုန်းယန်ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့က
“တကယ်လား”
ဟု တစ်ပြိုင်နက်တည်း အတည်ပြုမေးခွန်းထုတ်လိုက်ကြသည်။
တုန်းယန်ဧကရာဇ်က
“အမှန်ပါပဲ။ သူ ကိုယ်တိုင် မကြာခင် ဒီကို ရောက်လာလိမ့်မယ်။”
ထိုအကြောင်းကြားပြီး လင်ယွမ်ဧကရာဇ်နှင့် ကျန်းယန်ဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်တစ်ခဏတွင် နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် အပြုံးများ ပေါ်လာတော့သည်။
ကျန်းယန်ဧကရာဇ်က
“ထျန်းလုတောင် ရောက်လာမှတော့ ပြဿနာ မရှိနိုင်တော့ဘူး”
ဟု အားရဝမ်းသာ ပြောလိုက်သည်။
ထိုသို့ ပြောဆိုပြီးနောက် ကျန်းယန်ဧကရာဇ်သည် အဝေးရှိ အဆင့်တစ် ဧကရာဇ်တစ်ပါးထံသို့ သတင်းပေးပို့ကာ ရှနိုင်ငံတော်၏ လက်ရှိအခြေအနေကို စုံစမ်းဖို့ ရှေ့တန်းသို့ အမြန်သွားရောက်ရန် ညွှန်ကြားလိုက်သည်။
ထျန်းလုဧကရာဇ် ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ဤအချိန်တွင် လုချန်း ထွက်ပြေးသွားခြင်း မရှိစေရန် သေချာစွာ စောင့်ကြည့်ထားဖို့ လိုအပ်သည်။ အားလုံးသော အစီအစဉ်များသည် ယခုအခါ လက်တွေ့အကောင်အထည် ပေါ်လာတော့မည် ဖြစ်၏။
…….
သိုင်းဝိညာဉ်နိုင်ငံ။
ထျန်းယွဲ့ ကြယ်နယ်မြေ။
ဟင်းလင်းပြင်ထဲတွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသော နတ်လှေ အမြောက်အမြားကို မြင်တွေ့နိုင်၏။ နတ်လှေများပေါ်ရှိ ခုခံရေး နည်းဗျူဟာပုံစံများကို အပြည့်အဝ အသက်သွင်းထားပြီး လှေပေါ်ရှိ စစ်သည်များသည် အဝေးသို့ စိုက်ကြည့်ကာ လေးနက်သော မျက်နှာထားများ ရှိနေကြသည်။
ထိုနတ်လှေများ၏ တစ်ဖက်တွင်မူ နည်းဗျူဟာပုံစံများကို အပြည့်အဝ အသုံးပြုထားသည့် ကြီးမားလှသော ကြယ်ဖျက်ယဉ်များ ရှိနေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်ပုံ ပေါ်နေသည်။
နတ်လှေများ၏ ရှေ့ဘက်တွင်တော့ ဧကရာဇ်အဆင့် နှစ်ဆယ်ခန့် ရပ်နေကြသည်။ ၎င်းတို့သည် ရှနိုင်ငံတော်၏ ဧကရာဇ်များ မဟုတ်ကြပေ။ လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အမျိုးမျိုးသော နိုင်ငံများမှ စုဝေးလာကြသော ဧကရာဇ်များ ဖြစ်ကြသည်။
ယခုအခါ သူတို့သည် နိုင်ငံပေါင်း ဆယ်ဂဏန်းကျော်ကို စုစည်းထားနိုင်ပြီ ဖြစ်၏။ ဤမျှလောက် ကြီးမားသော မဟာမိတ်အဖွဲ့ကြီးက ရှနိုင်ငံတော်၏ တိုက်ခိုက်မှုကို မခံနိုင်ဟု သူတို့ မယုံကြည်ကြပေ။
အမျိုးမျိုးသော နိုင်ငံများကို စုစည်းသူ အနေနှင့် သိုင်းဝိညာဉ် ဧကရာဇ်က ရှေ့သို့ ခြေလှမ်းထွက်လာကာ ရှိနေကြသော ဧကရာဇ်များကို အားပေးစကား ပြောကြားလိုက်သည်။
“ရှနိုင်ငံတော်မှာ တကယ်ပဲ ကောင်းကင်ဧကရာဇ် တစ်ပါး ရှိနေရင်တောင် သူက ရင့်ကျက်တဲ့ အဆင့်ကို မရောက်သေးဘူး။ ကျုပ်တို့ ဘာမှကြောက်စရာ မလိုဘူး။”
ထို့နောက် သူက ဆက်လက်၍ ရှင်းပြပြန်၏။
“အကယ်၍ ကျုပ်တို့ တကယ် လက်နက်ချလိုက်ရင် နိုင်ငံရဲ့ ကံစွမ်းအား အထောက်အပံ့တွေ ဆုံးရှုံးသွားပြီး ကျုပ်တို့ရဲ့ အဆင့်နယ်ပယ်တွေလည်း သိသိသာသာ ကျဆင်းသွားလိမ့်မယ်။ အဲ့ဒီလို ဆိုရင်တော့ ကျုပ်တို့ဟာ ကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာမှ ကျုပ်တို့ နောက်မဆုတ်နိုင်ဘူး။”
ထိုအခိုက်အတန့်တွင် အခြား ဧကရာဇ်အဆင့် တစ်ပါးက သူ၏ သံသယကိုထုတ်ဖော်လိုက်၏။
“ထူးဆန်းတယ်။ ရှနိုင်ငံတော်ရဲ့ နတ်လှေတွေက ဘာလို့ အခုထိ မတိုက်ခိုက်သေးတာလဲ။”
အင်အားစု နှစ်စုသည် နှစ်လတိုင်တိုင် အသင့်အနေအထားနှင့် ရင်ဆိုင်နေခဲ့ကြပြီး ဖြစ်၏။ နတ်လှေများ၏ နည်းဗျူဟာပုံစံများကို နှစ်ဖက်စလုံးက အသက်သွင်းထားကြသော်လည်း မည်သည့်ဘက်ကမှ စတင် တိုက်ခိုက်ခြင်း မရှိသေးပေ။
တစ်ဖက်လူ၏ ပထမဆုံး ခြေလှမ်းကို စောင့်ကြည့်ချင်နေကြသလိုမျိုး ဖြစ်သည်။ ဤငြိမ်သက်မှုသည် မုန်တိုင်းမတိုက်မီ၏ တိတ်ဆိတ်ခြင်းပင် ဖြစ်နိုင်သည်ဟုလည်း အချို့က တွေးမိကြမည်။
သိုင်းဝိညာဉ်ဧကရာဇ်က ရယ်မောလျက်
“ဒါက ထင်ရှားနေတာပဲ မဟုတ်လား။ ဒါက ရှနိုင်ငံတော်ရဲ့ ပုံမှန် လှည့်ကွက်ပဲ။ ပထမဆုံး သူတို့က နတ်လှေ အမြောက်အမြားကို သုံးပြီး အခြားနိုင်ငံတွေကို ခြိမ်းခြောက်တယ်။ ပြီးမှ သူတို့ နိုင်ငံရဲ့ ဧကရာဇ်အဆင့်တွေကို စေလွှတ်တယ်။ ရှနိုင်ငံမှာ ဧကရာဇ်အဆင့်တွေ အများကြီးရှိနေတာကို မြင်လိုက်ရတဲ့ အခါမှာ အဲ့ဒီနိုင်ငံတွေက အလွယ်တကူပဲ လက်နက်ချသွားကြတာပေါ့။ ကျုပ်တို့ကတော့ ရှနိုင်ငံတော်ရဲ့ ခြိမ်းခြောက်မှုကို ခံလို့ မဖြစ်ဘူး။”
သိုင်းဝိညာဉ်ဧကရာဇ်၏ စကားကို နားထောင်မိသောအခါ အခြား ဧကရာဇ်အဆင့်များလည်း သူတို့ ရရှိထားသော သတင်းများကို ပြန်လည် တွေးတောကြည့်မိလိုက်ကြသည်။ ရှနိုင်ငံတော်သည် အမြဲတမ်း ထိုကဲ့သို့သော နည်းဗျူဟာကို ကျင့်သုံးနေတာကတော့ အမှန်ပင်ဖြစ်၏။
ထို့ပြင် ၎င်း၏ ရလဒ်ကလည်း အတော်လေး ကောင်းမွန်၏။ နိုင်ငံပေါင်း ဆယ်ဂဏန်းခန့်သည် ရှနိုင်ငံတော်ထံ လက်နက်ချရန် သူ့လိုလို ရွေးချယ်ခဲ့ကြသည်။
……
တစ်ချိန်တည်းမှာပင်။
ရှနိုင်ငံတော်ဘက်။
မိုးကြိုး ဧကရာဇ်၊ ကျိကျိ ဧကရာဇ်နှင့် အခြား ဧကရာဇ်အဆင့်များသည် ပင်မ ကြယ်ဖျက်ယဉ်၏ အစည်းအဝေးခန်းမတွင် စုဝေးထိုင်နေကြပြီး ကြယ်ဖျက်ယဉ်၏ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကို စူးစိုက်ကြည့်ရှုနေကြသည်။
ထိုပုံရိပ်တွင် မြောက်မြားလှသော နိုင်ငံများမှ စုဝေးလာကြသည့် ဧကရာဇ်အဆင့်များကို ဖော်ပြထားသည်။
ကျိကျိ ဧကရာဇ်က ရယ်မောလျက် “ဧကရာဇ်အဆင့်တွေ ဒီလောက် အများကြီး စုဝေးနေတာကို မမြင်ရတာ ကြာပြီပဲ။”
ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံသည် ဧကရာဇ်အဆင့် ဆယ်ဂဏန်းခန့်သာ စုစည်းနိုင်စွမ်း ရှိသည်။ ယခုတော့ တစ်ဖက်မှ ဧကရာဇ်အဆင့်များနှင့် ရှနိုင်ငံတော်မှ ဧကရာဇ်အဆင့်များ ပေါင်းကြည့်လိုက်လျှင် ဧကရာဇ်အဆင့် အရေအတွက်သည် ငါးဆယ်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ ဤမျှလောက် များပြားသော ဧကရာဇ်အဆင့်တို့၏ စုဝေးမှုသည် စကြဝဠာအတွင်း မကြုံဖူးလောက်အောင် ရှားပါးလှ၏။
မိုးကြိုး ဧကရာဇ်က ခေါင်းညိတ်လျက် “အမှန်ပဲ။ ဧကရာဇ်အဆင့် ငါးဆယ်လောက် စုဝေးတာကို ကျုပ်နောက်ဆုံး မြင်ခဲ့တာ အတော်ကြာပြီ။”
ကျိကျိ ဧကရာဇ်က ဖန်သားပြင်ကို စိုက်ကြည့်ရင်း
“သူတို့ရဲ့ မျက်နှာထားတွေကို ကြည့်ရတာ လက်နက်မချဖို့ စဉ်းစားနေကြပုံ ရတယ်။”
…………..