← Chapters

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇-၁၄၇၉)

Vol. 99 Ch. 1477-1479

အခန်း (၁၄၇၇)

ထျန်းဟုန် ဧကရီ ရောက်ရှိလာခြင်း

ရှနိုင်ငံတော်၏ ကြယ်ဖျက်ယဉ်များသည် ထျန်းယွဲ့ ကြယ်နယ်မြေ နယ်စပ်တွင် နှစ်လကျော်ကြာ တပ်စွဲထားခဲ့ပြီး ဖြစ်သည်။ ထိုအတွင်း လက်နက်ချရန် တစ်ဖက်သို့ သံတမန် အများအပြား စေလွှတ်ခဲ့သော်လည်း အချည်းနှီးပင်။

အကြောင်းမူကား ထိုနိုင်ငံများက သူတို့၏ နတ်လှေ နည်းဗျူဟာပုံစံများကို အပြည့်အဝ အသက်သွင်းထားကာ မလှုပ်မယှက် ရှိနေကြခြင်းကြောင့် ဖြစ်၏။

သူတို့သည် ရှနိုင်ငံတော် စစ်တပ်ကို အသက်ပေး၍ တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။

သို့သော်လည်း လုချန်းက မင်းဆက်ကံစွမ်းအားကို အထူး တန်ဖိုးထားကြောင်း မိုးကြိုး ဧကရာဇ်တို့ သိထားကြ၏။ ထို့ကြောင့်လည်း သူတို့ ပေါ့ပေါ့တန်တန် အရေးယူခြင်း မပြုခဲ့ကြခြင်း ဖြစ်သည်။

တိုက်ခိုက်မှု စတင်ပြီး ထိုနိုင်ငံများကို ချေမှုန်းလိုက်ပါက များပြားလှသော မင်းဆက်ကံစွမ်းအားများ ဆုံးရှုံးသွားလိမ့်မည်။

သူတို့အားလုံး ရှဧကရာဇ်၏ အမိန့်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သို့သော် ရှဧကရာဇ်သည်လည်း ပြီးခဲ့သည့် နှစ်လအတွင်း ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့၏။ ထို့ကြောင့် သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့က ထင်မြင်ကြသည်။

ထို့နောက် မိုးကြိုး ဧကရာဇ်က

“လက်နက်ချ‌ရေး ဖျောင်းဖျဖို့ သံတမန် နောက်တစ်ယောက် ထပ်လွှတ်လိုက်ဦး။ ဒီတစ်ကြိမ်လည်း သူတို့ ငြင်းဆန်ရင် စတိုက် တော့မလားဆိုတာ သိရအောင် မင်းကြီးဆီ တင်ပြကြတာပေါ့။”

မိုးကြိုး ဧကရာဇ် ထိုစကား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လုချန်း၏ ကိုယ်ပွား အစည်းအဝေးခန်းမအတွင်း၌ ပေါ်လာသည်။ လုချန်း၏ ကိုယ်ပွားကို မြင်လျှင် ရောက်ရှိနေသော ဧကရာဇ်အားလုံး မတ်တတ်ရပ်ကာ တပြိုင်နက်တည်း ဂါရဝပြုလိုက်ကြသည်။

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

လုချန်းက ခေါင်းညိတ်ပြကာ သူတို့အား ထိုင်ရန် လက်ဟန်ပြလိုက်၏။

ထို့နောက် လုချန်းက အမိန့်ပေးလိုက်သည်။

“ထျန်းဟုန် ဧကရီက ဧကရာဇ် အဆင့်ခြောက်ကို တက်လှမ်းနိုင်ခဲ့ပြီ။ အရင်ဆုံး လက်နက်ချရေး ဖျောင်းဖျဖို့ လူတစ်ယောက် စေလွှတ်လိုက်ပါ။ အကယ်၍ လက်နက်မချရင် တစ်ဖက်သတ် သတ်ဖြတ်မှုတွေ စောင့်ကြိုနေလိမ့်မယ်လို့ သူတို့ကို အသိပေးလိုက်ပါ။”

ထိုအမိန့်ကို ကြားလိုက်ရသောအခါ ရှိနေသူ အားလုံး ခဏခန့် တိတ်ဆိတ်သွားကြသည်။ ဤ နေရာတွင် ရှိနေသော ဧကရာဇ် အများစုသည် ယခင်က ရှန်ယွဲ့နိုင်ငံမှ လက်နက်ချလာသူများ ဖြစ်ကြ၏။

ထို့ပြင် အများစုမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှန်ဝူဧကရာဇ်၏ လက်အောက်တွင် တိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ကြသည်။

သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် အဆင့်ခြောက် နယ်ပယ်သို့ ရောက်ရှိသွားသော ဧကရာဇ် တစ်ဦး မည်မျှ အင်အားကြီးကြောင်းကို လူတိုင်း ကောင်းစွာ သိထားကြသည်။

လုချန်း၏ အမိန့်ကို ကြားပြီးနောက် မိုးကြိုး ဧကရာဇ်က မဆိုင်းမတွပဲ အခြား ဧကရာဇ် တစ်ဦးကို ရန်သူ့နတ်လှေ ရှေ့သို့သွားကာ နောက်တစ်ကြိမ် ထပ်မံ ဖျောင်းဖျရန် တိုက်ရိုက် ညွှန်ကြားလိုက်သည်။

မကြာမီတွင် လက်နက်ချရေး ဖျောင်းဖျရန် မိုးကြိုး ဧကရာဇ် စေလွှတ်လိုက်သော ဟိုင်ချွမ် ဧကရာဇ်သည် နိုင်ငံ တစ်ဒါဇင်ခန့်၏ နတ်လှေများ ရှေ့သို့ ရောက်ရှိလာ၏။ ရောက်လျှင်ရောက်ချင်း သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရှနိုင်ငံတော်ဆီ ချက်ချင်း လက်နက်ချဖို့ ကောင်းကင်ဧကရာဇ်က အမိန့်ပေးလိုက်တယ်။ မဟုတ်ရင် ဘယ်သူ့ကိုမှ ချန်ထားမှာ မဟုတ်ဘူး။”

ဟိုင်ချွမ် ဧကရာဇ်၏ အော်သံကို ကြားလျှင် သိုင်းဝိညာဉ်ဧကရာဇ်က တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် မထေမဲ့မြင်ဟန်ပြုလျက်

“ကျုပ်တို့ လက်နက်ချလိမ့်မယ်လို့ ထင်နေတာက စိတ်ကူးယဉ်နေတာပဲ။ ရှနိုင်ငံက တကယ်ပဲ အင်အားကြီးတယ်ဆိုရင် ဘာလို့ ကျုပ်တို့ကို တိုက်ရိုက် မတိုက်ခိုက်တာလဲ။”

“ကျုပ်တို့ရဲ့ ပိတ်ဆို့မှုကို ခင်ဗျားတို့ ဖောက်ထွက်နိုင်မလားဆိုတာ ကြည့်ချင်သေးတယ်။”

ထိုစကားများကို ကြားရသော် ဟိုင်ချွမ် ဧကရာဇ်က သက်ပြင်းချလိုက်မိ၏။ သူ့တာဝန်က သတင်းစကား ပေးပို့ရန်သာ ဖြစ်သည်။

“ကျုပ်တာဝန်အရ သတင်းစကား ပါးပြီးပြီ။ ခင်ဗျားတို့ သေချာ စဉ်းစားသင့်တယ်။ နောက်မှ နောင်တမရဖို့လည်း မျှော်လင့်ပါတယ်။”

ထိုအခိုက်အတန့်တွင် ဟိုင်ချွမ် ဧကရာဇ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။ ရှဧကရာဇ်၏ ရည်မှန်းချက်သည် မင်းဆက်ကံစွမ်းအားအတွက် ဖြစ်၏။ ထို့ကြောင့် သူ့ကို နောက်တစ်ကြိမ် ထပ်မံ ဖျောင်းဖျခိုင်းခြင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ရှဧကရာဇ် အမှန်တကယ် ရှောင်ရှားလိုကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

ထို့ကြောင့် ဟိုင်ချွမ် ဧကရာဇ်က နောက်ထပ် သတင်းစကားတစ်ခုကို ဆက်လက် ပေးပို့လိုက်သေး၏။

“ဩော်... ဒါနဲ့ ခင်ဗျားတို့အတွက် သတင်းဆိုး တစ်ခုရှိတယ်။ ရှနိုင်ငံတော်က သတ်ဖြတ်ခြင်း အဆင့်ခြောက် ဧကရာဇ် တစ်ဦး မကြာခင် ရောက်လာလိမ့်မယ်။ ခင်ဗျားတို့က ခေါင်းမာမာနဲ့ ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင် ဖြစ်လာမယ့် သတ်ဖြတ်မှုတွေအတွက် ရှနိုင်ငံတော်ကို အပြစ်မတင်နဲ့တော့။”

ထိုစကားများက သိုင်းဝိညာဉ်ဧကရာဇ် ဘက်တော်သား ဧကရာဇ်များကြားတွင် ပြင်းထန်သော ဆွေးနွေးမှုများကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။ ထိုဆွေးနွေးသံများသည် တစ်စတစ်စ ကျယ်လောင်လာခဲ့သည်။

စိုးရိမ်ပူပန်နေသော ဧကရာဇ် တစ်ဦးက

“အဆင့်ခြောက် ဟုတ်လား။ အဲ့ဒါ တကယ်လား။ ကျုပ်တို့က သတ်ဖြတ်ခြင်း အဆင့် ခြောက် ဧကရာဇ် တစ်ယောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား။”

အခြား ဧကရာဇ် တစ်ဦးကလည်း သူကြားဖူးသည့် အကြောင်းကို ထည့်ပြောလိုက်သည်။

“ရှန်ဝူဧကရာဇ် အဆင့်ခြောက်မှာ ရှိတုန်းက ဘယ်ဧကရာဇ်မှ သူ့ကို မနှောက်ယှက်ရဲဘူးလို့ ကြားဖူးတယ်။ အဆင့်ကိုး ဧကရာဇ်တချို့တောင် သူ့ကို ရှောင်ခဲ့ရတယ်။”

ခဏအတွင်း လူအုပ်ကြီးအတွင်း ဆူညံသွားသည်။

“သွားပြီ... ရှနိုင်ငံတော်မှာ တကယ်ပဲ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါး ရှိနေတာပဲ။”

“ရှနိုင်ငံတော်မှာ သတ်ဖြတ်ခြင်း လမ်းစဉ်ကို လိုက်စားတဲ့ ဧကရာဇ်တွေ ဘယ်လိုလုပ် ဒီလောက်တောင် များနေရတာလဲ။ ကျုပ်တို့ လက်နက်ချလိုက်တာပဲ ကောင်းမယ်”

“ဒါကတော့ တကယ့် ဒုက္ခပဲ။ ဒီမှာ အမြင့်ဆုံး အဆင့်က အဆင့်ခြောက်ပဲ ရှိတာ။ ပြီးတော့ ကျွန်တော်တို့ထဲမှာ ဘယ်သူမှ သတ်ဖြတ်ခြင်း လမ်းစဉ်ကို မလိုက်စားကြဘူး။ ကျုပ်တို့အားလုံး ပေါင်းလိုက်ရင်တောင် အဲဒီ ခြောက်အဆင့် သတ်ဖြတ်ခြင်း ဧကရာဇ်တစ်‌ယောက်တည်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

မိမိ၏ နောက်မှ မဆုံးနိုင်သော ဆွေးနွေးမှုများကို ကြားလျှင် သိုင်းဝိညာဉ်ဧကရာဇ် မျက်နှာ ပျက်သွားသည်။ သူ့စစ်တပ်အတွင်း စည်းလုံးမှု ပြိုကွဲတော့မည့် အရိပ်အယောင်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အချိန်မည်မျှကြာသွားသည်မသိ သိုင်းဝိညာဉ်ဧကရာဇ် နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။

“တော်တော့”

ထိုအော်သံသည် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသဖြင့် ဆွေးနွေးနေသော ဧကရာဇ်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ လူအုပ်ကြီး လုံးဝ ငြိမ်သက်သွားပြီးနောက် သိုင်းဝိညာဉ်ဧကရာဇ်က သူ၏ အယူအဆကို ရှင်းပြလိုက်၏။

“ခင်ဗျားတို့က ရန်သူ ပြောသမျှကို ယုံနေတာလား။ သူတို့မှာ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါး ရှိတယ်လို့ ပြောရုံနဲ့ တကယ်ပဲ ရှိနေမှာလား။”

“ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ”

“သူက ကျုပ်တို့ကို သွေးခွဲဖို့ ကြိုးစားနေတာကို ခင်ဗျားတို့ မမြင်ကြဘူးလား။”

“အကယ်၍ တကယ်ပဲ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ရှိနေရင် သူတို့ ဘာလို့ အခုထိ မတိုက်ခိုက်သေးတာလဲ။”

“ကျုပ် အမြင်အရတော့ သူတို့က ဟန်ရေးပြနေရုံ သက်သက်ပဲ။”

ထိုစကားများကို ကြားသော် ရောက်ရှိနေသော ဧကရာဇ်များ ချက်ချင်းဉာဏ်ပင့် သွားကြသည်။ သိုင်းဝိညာဉ်ဧကရာဇ်၏ စကား ယုတ္တိတန်သည်ဟု ထင်မြင်မိကြ၏။

ဧကရာဇ် တစ်ဦးက ထိုအယူအဆကို ထပ်လောင်း အားဖြည့်လိုက်သည်။

“ဟုတ်တယ်... အကယ်၍ သူတို့မှာ တကယ်ပဲ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ရှိရင် သူတို့ လှုပ်ရှားပြီးနေလောက်ပြီ။ ကျုပ်တို့ကို အကြိမ်ကြိမ် လက်နက်ချဖို့ ဖျောင်းဖျနေပေမဲ့ အဲ့ဒီ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ပေါ်လာတာကို မတွေ့ရသေးဘူး။”

ဧကရာဇ်များ၏ တုံ့ပြန်မှုကို မြင်လျှင် ဟိုင်ချွမ် ဧကရာဇ်လည်း မတတ်သာပဲ ခေါင်းခါလိုက်ရ၏။ ဤအရာက သူနှင့် မသက်ဆိုင်တော့ပြီ။ သူသည် သတင်းစကားကို ပါးခဲ့ပြီး သတင်းအချက်လက်အသစ်ကိုပင် ပြောပြခဲ့သော်လည်း အချို့သောသူတို့က လက်နက်ချရန် ဆန္ဒမရှိကြတာ ထင်ရှားသည်။

ဟိုင်ချွမ် ဧကရာဇ် ထွက်ခွာရန် ပြင်ဆင်နေစဉ် သိုင်းဝိညာဉ်ဧကရာဇ်၏ နိယာမ ပုံရိပ်က ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါ်လာကာ

“ခင်ဗျား ရောက်လာမှတော့ ပြန်မသွားနဲ့တော့။”

သိုင်းဝိညာဉ်ဧကရာဇ်သည် လူအုပ်ထဲရှိ ဧကရာဇ် အချို့ စိတ်ယိုင်လာသည်ကို ခံစားမိသဖြင့် ဆက်လက် စောင့်ဆိုင်းရန် ရည်ရွယ်ချက် မရှိတော့ပေ။ ရှနိုင်ငံတော်တွင် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ရှိမရှိ မသေချာသော်လည်း သူတို့ဘက်မှ ဧကရာဇ် အချို့သည် ဖိအားကို မခံနိုင်ပဲ ရှနိုင်ငံတော်ဘက်သို့ ကူးပြောင်းလိုနေကြသည်ကတော့ အမှန်ပင် ဖြစ်သည်။

ထို့ကြောင့် ဖိအားအောက်တွင် သူတို့ဘက်မှ မည်သူမှ ဘက်မပြောင်းနိုင်စေရန် စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး စတင်ရန် သူ ကြိုးပမ်းရခြင်း ဖြစ်သည်။

သိုင်းဝိညာဉ်ဧကရာဇ်၏ နိယာမ ပုံရိပ်နှင့်အတူ ကြီးမားသော ရွှေရောင် ခေါင်းလောင်းကြီးတစ်လုံး ဟင်းလင်းပြင်တွင် ပေါ်ထွက်လာ၏။ ထိုခေါင်းလောင်းကြီးသည် ပတ်ဝန်းကျင် အာကာသကို တုန်ခါသွားစေသည်။

“ဝိညာဉ်ခွဲ ခေါင်းလောင်း”

ထိုဝိညာဉ်ခွဲ ခေါင်းလောင်းကို မြင်လျှင် ဟိုင်ချွမ် ဧကရာဇ်၏ မျက်ခုံးများ တွန့်သွားသည်။ သို့သော် သူ အထူးတလည် စိုးရိမ်ခြင်း မရှိပေ။

ရှဧကရာဇ်ကိုယ်တိုင် အနီးအနားတွင် ရှိနေသဖြင့် ဒဏ်ရာရနိုင်ခြင်း သို့မဟုတ် တစ်စုံတစ်ခု မှားယွင်းသွားခြင်းကို သူ စိုးရိမ်နေရန် မလိုအပ်ပေ။ အကယ်၍ တကယ်လိုအပ်လာပါက ကောင်းကင်ဧကရာဇ်က သေချာပေါက် ကြားဝင် ဆောင်ရွက်ပေးလိမ့်မည် ဖြစ်သည်။

အကယ်၍ ကောင်းကင်ဧကရာဇ်က ကြားဝင် မဆောင်ရွက်ခဲ့လျှင်ပင် မိုးကြိုး ဧကရာဇ်နှင့် ကျိကျိ ဧကရာဇ်တို့က ဝင်ပါပေးကြလိမ့်မည်။

သို့သော်လည်း ဝိညာဉ်ခွဲ ခေါင်းလောင်းက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်းကိုတော့ ဟိုင်ချွမ် ဧကရာဇ် ကောင်းစွာ ခံစားမိသည်။

သိုင်းဝိညာဉ်ဧကရာဇ်ကို ခုခံရန် သူ၏ နိယာမ ကိုယ်ထည်ကို ဖော်ထုတ်ဖို့ ပြင်လိုက်စဉ် အဝေးမှ သွေးရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

ထိုသွေးရောင် အလင်းတန်းသည် ပစ်မှတ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။ မြန်ဆန်လွန်းလှသဖြင့် မည်သူမှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် အလင်းတန်းသည် သိုင်းဝိညာဉ်ဧကရာဇ်၏ ဝိညာဉ်ခွဲ ခေါင်းလောင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား တော့သည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။

နောက်တစ်ခဏတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ လွှမ်းခြုံထားသည့် ဓားတစ်စင်း ဟင်းလင်းပြင်ထက် ပေါ်ထွက်လာသည်။ ထိုဓားသည် သိုင်းဝိညာဉ်ဧကရာဇ်၏ နောက်ကျောတည့်တည့်သို့ ရောက်ရှိလာခဲ့၏။ သိုင်းဝိညာဉ်ဧကရာဇ် တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ သူ၏ ခန္ဓာကိုယ်လည်း ထိုဓားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရတော့သည်။

ကံကောင်းထောက်မစွာဖြင့် သိုင်းဝိညာဉ်ဧကရာဇ်သည် အဆင့်ခြောက် နယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်၏။ ထို့ကြောင့် ချက်ချင်း လဲကျမသွားခဲ့ပေ။

ဖြစ်ပျက်နေသည့်အရာကို သိရှိလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ နိယာမ ပုံရိပ်ကို အမြန် ပြန်လည် ရုပ်သိမ်းလိုက်ကာ အဝေးရှိ ဟင်းလင်းပြင် တစ်နေရာသို့ ချက်ချင်းပင် နေရာရွှေ့ပြောင်း ရှောင်တိမ်းလိုက်သည်။

“ဘယ်သူလဲ”

သိုင်းဝိညာဉ်ဧကရာဇ်၏ ဒဏ်ရာများကို မြင်လျှင် ရောက်ရှိနေသော ဧကရာဇ် အားလုံး ချက်ချင်း သတိရှိလာကြသည်။

အခန်း (၁၄၇၈)

ဆော့ကစားခွင့်

သိုင်းဝိညာဉ်ဧကရာဇ်သည် သူ၏ ကိုယ်ခန္ဓာပေါ်ရှိ ဒဏ်ရာများကို တည်ငြိမ်အောင် အားတင်းထားရင်း အဝေးမှ နဂါးတပ်၏ နတ်လှေကို စူးစိုက်ကြည့်နေမိ၏။ သူ၏ ဒဏ်ရာများပေါ်တွင် ကျန်ရစ်ခဲ့သော စွမ်းအားသည် ဆဲလ်များအတွင်းရှိ သက်စောင့်အားကိုပင် ဖြတ်တောက်ပစ်နိုင်သည့် သတ်ဖြတ်ခြင်းစွမ်းအားမျိုး ဖြစ်ကြောင်း သူ အထင်အရှား ခံစားလိုက်ရသည်။

အကယ်၍ စောစောက ဓားချက်သာ သူ၏ အရေးကြီးသော နေရာများကို လွဲချော်မသွားခဲ့ပါက ယခုအချိန်တွင် သူ ကျဆုံးသွားပြီ ဖြစ်ကောင်း ဖြစ်နိုင်သည်။

တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေစွ။

ယခုအချိန်အထိ သိုင်းဝိညာဉ်ဧကရာဇ်၏ ရင်ထဲ ကြောက်စိတ်များ စွဲကျန်နေဆဲ ဖြစ်၏။ သို့သော်လည်း ပြန်လည် စဉ်းစားမိသည့်အခါ ထိုကြောက်စိတ်သည် တဖြည်းဖြည်း ဒေါသအဖြစ်သို့ ပြောင်းလဲလာခဲ့တော့သည်။

သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦးအနေနှင့် ချောင်းမြောင်း တိုက်ခိုက်ခြင်းမျိုး ပြုလုပ်ခြင်းသည် အလွန် အောက်တန်းကျလှပေ၏။ ဤသို့ဖြင့် သူ၏စိတ်ထဲတွင် လက်စားချေလိုစိတ်များ ထက်သန်လာခဲ့သည်။

သိုင်းဝိညာဉ်ဧကရာဇ်က ချက်ချင်း ကြေညာလိုက်သည်။

“ရှနိုင်ငံတော်က သူ့ရဲ့ အစွယ်တွေကို ထုတ်ပြလိုက်ပြီ။ ရောင်းရင်းမိတ်ဆွေတို့... နောက်လာမယ့် တိုက်ပွဲကတော့ အသေအလဲ တိုက်ရမယ့် တိုက်ပွဲပဲ။ တစ်လှမ်းမှ နောက်မဆုတ်ကြနဲ့။”

စကားဆိုနေရင်းနှင့်ပင် သိုင်းဝိညာဉ်ဧကရာဇ်သည် သူ၏ နိယာမ ပုံရိပ်ကို ထပ်မံ ထုတ်ဖော်လိုက်ပြီး မယိမ်းယိုင်သော ဆုံးဖြတ်ချက်ကို ပြသလိုက်၏။ ထို့နောက် အခြားသော ဧကရာဇ် အဆင့်များကပါ သူတို့၏ ကျင့်စဉ်များကို စတင် အသုံးပြုလာကြသည်။

ထိုအခိုက်တွင် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဟင်းလင်းပြင်အလွှာကို ရုတ်တရက် ဆွဲဖြဲကာ အာကာသအတွင်းမှ ထွက်ပေါ်လာ၏။ အနီရောင်ဝတ် အမျိုးသမီးသည် သိုင်းဝိညာဉ်ဧကရာဇ်တို့လူစု ရှေ့တွင် လွင့်မျောနေပြီး ရောက်ရှိနေကြသော ဧကရာဇ်များနှင့် သူတို့၏ နောက်မှ နတ်လှေများကို အေးစက်စွာ ကြည့်နေခဲ့သည်။

ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော ထူထပ်လှသည့် မိစ္ဆာအငွေ့အသက်များကို မြင်တွေ့ရသောအခါ ရောက်ရှိနေကြသော ဧကရာဇ်တိုင်း ကျောချမ်းသွားကြရသည်။

ဤမျှ ထူထပ်သော မိစ္ဆာအငွေ့အသက်များ ရှိရန်က ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးမှသာ ဖြစ်နိုင်သည်။

ဟိုင်ချွမ် ဧကရာဇ်သည် ထျန်းဟုန် ဧကရီကို မသိသော်လည်း သူမထံမှ သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိသည့်အခါ ရှနိုင်ငံက ပြောခဲ့ဖူးသော အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ရောက်ရှိလာပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

ဟိုင်ချွမ် ဧကရာဇ်က လျင်မြန်စွာ ပြောလိုက်သည်။

“ဂျူနီယာ ဖြစ်တဲ့ ကျွန်တော် နှုတ်ဆက်ပါတယ်။ ဒါကို စီနီယာကိုပဲ လွှဲခဲ့ပါရစေ။”

စကားဆုံးသည်နှင့် ဟိုင်ချွမ် ဧကရာဇ်သည် ခဏမျှပင် မတုံ့ဆိုင်းပဲ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။ သူမသည် ရန်သူ မဟုတ်လင့်ကစား ဟိုင်ချွမ် ဧကရာဇ်သည် ထျန်းဟုန် ဧကရီ၏ အငွေ့အသက်ကြောင့် အလွန် ကြောက်လန့်နေခဲ့၏။ ထိုအခိုက်အတန့်တွင် သူ အမြန်ဆုံး ပြန်၍ အစီရင်ခံလိုက်ရန်သာ ဆန္ဒရှိတော့သည်။

ဟိုင်ချွမ် ဧကရာဇ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ထျန်းဟုန် ဧကရီ၏ ပတ်ပတ်လည်တွင် ရေတွက်မရနိုင်သော ဧကရီဓားများ ပေါ်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားများ အပြည့်အဝ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကြယ်နယ်မြေတစ်ခုလုံးလည်း သွေးရောင်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။

ထျန်းဟုန် ဧကရီသည် မည်သည့်စကားမှ မဆိုပဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ လုချန်းနှင့် သူမသည် ဆန့်ကျင်ဘက် အခြမ်းတွင် ရှိနေကြသည်ကို သူမ ကောင်းစွာ သိနား လည်ထား၏။

လုချန်းသည် မင်းဆက်ကံစွမ်းအားကို အလိုရှိပြီး သူမကတော့ သတ်ဖြတ်ခြင်းကိုသာ တောင့်တသည်။ အကယ်၍ သူမက ယခင်ကလို တွန့်ဆုတ်နေပါက ဤဧကရာဇ်များက လက်နက်ချရန် ရွေးချယ်သွားနိုင်၏။

ထိုအခါ ယခင် အကြိမ်များကကဲ့သို့ပင် လုချန်းက သူမအား ထိုသူများကို တိုက်ခိုက်ခြင်းမှ တားဆီးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူတို့ အညံ့မခံနိုင်မီတွင် သူတို့အားလုံးကို သူမ ရှင်းပစ်ရမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

ထျန်းဟုန် ဧကရီထံမှ သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားလိုက်ရသောအခါ သိုင်းဝိညာဉ်ဧကရာဇ်၏ ဘက်တော်သား ဧကရာဇ်များ ကြောက်လန့်တုန်လှုပ်သွားကြသည်။

ဤအရာက သတ်ဖြတ်ခြင်းစွမ်းအား အစစ်အမှန်ပင် ဖြစ်၏။

ထို့ပြင် ဤသတ်ဖြတ်ခြင်း ဧကရာဇ်၏ အဆင့်သည် သိုင်းဝိညာဉ်ဧကရာဇ်ထက် မနိမ့်ကျကြောင်း သူတို့ သိမြင်လိုက်ရသည်။ ထိုအချက်က ရောက်ရှိနေသူ မည်သူမှ ဤသတ်ဖြတ်ခြင်း ဧကရာဇ်ကို မယှဉ်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။

သူတို့သာ ဆက်လက် ခုခံနေပါက သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေပေမည်။ ထိုအခိုက်အတန့်တွင် ဧကရာဇ် အချို့ ဆုတ်ခွာရန် စတင် စဉ်းစားလာကြသည်။

သို့သော်လည်း သူတို့ လက်နက်မချမီမှာပင် သိုင်းဝိညာဉ်ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

“ဘယ်သူမှ မကြောက်နဲ့...ချက်ချင်း နည်းဗျူဟာ ပုံစံ ဖွဲ့ကြ။”

မဟာမိတ် ဖွဲ့စည်းစဉ်ကတည်းက အထူးအင်အားကြီးမားသော ရန်သူကို မည်သို့ တုံ့ပြန်ရမည်ကို သူတို့ ကြိုတင် စဉ်းစားထားခဲ့ကြပြီး ဖြစ်၏။ သိုင်းဝိညာဉ်ဧကရာဇ်၏ စကားကို ကြားရသောအခါ ဧကရာဇ်များ တည်ငြိမ်မှု ပြန်လည် ရရှိလာကြသည်။

ဟုတ်ပါသည်။ သူတို့သည် အစောပိုင်းက သတ်မှတ်ထားခဲ့သော နည်းဗျူဟာ ပုံစံများကို မေ့လျော့နေခဲ့ကြ၏။

ယခု သူတို့ဘက်၌ ဧကရာဇ် အဆင့် အယောက် နှစ်ဆယ်ကျော် ရှိနေသည်။ အကယ်၍ ရှနိုင်ငံတော်မှ အခြား ဧကရာဇ်များ ကြားဝင်ခြင်း မရှိပါက နည်းဗျူဟာ ပုံစံ ဖွဲ့စည်းခြင်းဖြင့် ထိုသတ်ဖြတ်ခြင်း ဧကရာဇ်ကို ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။

ထို့နောက် ဧကရာဇ်များသည် အလျင်အမြန်ပင် လူစုခွဲလိုက်ကြပြီး နောက်တစ်ခဏအကြာတွင် ကြီးမားသော အနက်ရောင် နည်းဗျူဟာ ပုံစံတစ်ခု ဟင်းလင်းပြင်ထက် ပေါ်ထွက်လာ၏။ ထျန်းဟုန် ဧကရီသည် ထိုနည်းဗျူဟာပုံစံ၏ ဗဟိုတွင် ရောက်ရှိနေသည်။

အနက်ရောင် နည်းဗျူဟာပုံစံမှ အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်နေသော ရေတွက်မရနိုင်သည့် ဝိညာဉ်များ ထွက်ပေါ်လာပြီး တစ်ခုချင်းစီသည် နည်းဗျူဟာပုံစံကို အားဖြည့်နေကြသူများနှင့် အင်အားချင်း တူညီနေကြ၏။

သိုင်းဝိညာဉ်ဧကရာဇ်က ကြွေးကြော်လိုက်သည်။

“မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာ... အသက်ဝင်စမ်း။”

နည်းဗျူဟာ ပုံစံ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်များစွာ ပွက်ပွက်ထလာပြီး ခဏအတွင်းမှာပင် ထျန်းဟုန် ဧကရီ ရပ်တည်နေရာ နေရာကို လုံးဝ ဖုံးလွှမ်းသွား တော့သည်။

ထျန်းဟုန် ဧကရီ ရပ်နေသည့် နေရာကို ကြည့်ရင်း သိုင်းဝိညာဉ်ဧကရာဇ်က ပြုံးကာ

“ဒါက အဆင့်ခြောက် ဧကရာဇ်တွေတောင် ဖောက်ထွက်ဖို့ ခက်ခဲတဲ့ နည်းဗျူဟာပဲ။ ဒီနေ့တော့ ခင်ဗျား ဒီမှာပဲ သေရမှာပဲ။”

ထျန်းဟုန် ဧကရီသည် ချဉ်းကပ်လာသော ဝိညာဉ်များကို မည်သည့် ခံစားချက်မှ မရှိပဲ အေးစက်စွာ ကြည့်လိုက်၏။ နောက်တစ်ခဏအကြာတွင် သူမ၏ မိစ္ဆာအငွေ့အသက်များ ရုတ်တရက် အရှိန်မြင့်တက်လာပြီး တစ်မိနစ်ပင် မပြည့်မီမှာပင် သွေးရောင် မိစ္ဆာအငွေ့အသက်များက သူမအနီးသို့ ချဉ်းကပ်ရန် ကြိုးစားနေသည့် ဝိညာဉ်အားလုံးကို လူစုခွဲပစ်လိုက်သည်။

ဝိညာဉ်များကို လူစုခွဲပြီးနောက် ထျန်းဟုန် ဧကရီ၏ မိစ္ဆာအငွေ့အသက်များ ဆက်လက် ထွက်ပေါ်လာပြီး အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် အနီးနားရှိ ကြယ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထို့နောက် ကြယ်နယ်မြေတစ်ခုလုံးသည် ငရဲပြည်အလား ပြောင်းလဲသွားပုံရပြီး နေရာအနှံ့တွင် အလောင်းတောင်များနှင့် သွေးပင်လယ်များ ရှိနေကာ အရိုးစုများ ပြန့်ကျဲနေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြင်ပနယ်မြေသို့ ရောက်ဖူးသည့် ဧကရာဇ် အချို့ ချက်ချင်းပင် မျက်နှာ ပျက်သွားကြ၏။ ဤအရာက သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦး၏ သတ်ဖြတ်ခြင်း နယ်ပယ်ပင် ဖြစ်ကြောင်း သူတို့ အထင်အရှား သိလိုက်ကြသည်။

အတိတ်ကာလက ရှန်ဝူဧကရာဇ်သည် ပြင်ပနယ်မြေတွင် သတ်ဖြတ်မှုများ ပြုလုပ်သည့်အခါ သတ်ဖြတ်ခြင်း နယ်ပယ်ကို မကြာခဏ ဖြန့်ကျက်လေ့ရှိ၏။ ထိုနေရာသို့ ရောက်ဖူးသည့် ဧကရာဇ် မည်သူမဆို ဤအကြောင်းကို ဧကန်မုချ ကြားဖူးကြပေလိမ့်မည်။

သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသူ မည်သူမဆို အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ ရှားပါးသည်ဟုလည်း ကောလာဟလများ ရှိသည်။ ထိုနယ်ပယ်အတွင်း၌ သေမင်း၏ ရယ်သံများ ညံစီလာသကဲ့သို့ ထင်မှတ်ရသည်။

သိုင်းဝိညာဉ်ဧကရာဇ်၏ မျက်နှာ ဖြူဖျော့သွားသော်လည်း သူက လက်မလျှော့ပဲ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

“သူက တစ်ယောက်တည်းပဲ။ မကြောက်ကြနဲ့။”

သိုင်းဝိညာဉ်ဧကရာဇ်၏ အသံကို ကြားရသောအခါ ရောက်ရှိနေသော ဧကရာဇ်များ ထိတ်လန့်မှုထဲမှ ပြန်လည် နိုးထလာကြသည်။ အမှန်တကယ်ပင် ဤသတ်ဖြတ်ခြင်း ဧကရာဇ်သည် တစ်ဦးတည်းသာ တိုက်ခိုက်နေခြင်း ဖြစ်၏။ သူတို့ဘက်တွင်မူ နည်းဗျူဟာ ပုံစံကို အသုံးပြုနေသော ဧကရာဇ် အယောက် နှစ်ဆယ်ကျော် ရှိနေသည်။

ဤမျှ များပြားလှသော ဧကရာဇ်များသည် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦးတည်းကို မယှဉ်နိုင်ဟူသည်ကို သူတို့ လက်မခံနိုင်ကြပေ။ ယုံကြည်မှုများ ပြန်လည် ရရှိလာကာ ဧကရာဇ်များသည် ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို အားပျော့သွားစေရန် မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာကို ဆက်လက် အသုံးပြုနေကြ၏။

......

ထိုအချိန်။

နဂါးတပ်မတော်၏ ပင်မ ကြယ်ဖျက်ယာဉ်ပေါ်ရှိ အစည်းအဝေးခန်းမအတွင်း၌ ဖြစ်၏။

ပြင်ပမှ ကြီးမားလှသော သွေးရောင် နယ်ပယ်ကြီးကို ငေးမောကြည့်ရှုရင်း ဧကရာဇ်များ စိတ်မအေး ဖြစ်နေကြသည်။

တကယ့်ကို သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါးပင်။

ရှန်ဝူဧကရာဇ် သက်ရှိထင်ရှား ရှိစဉ်ကလည်း သူသည် အထူးသဖြင့် ပြင်ပနယ်မြေတွင် သတ်ဖြတ်ခြင်း နယ်ပယ်ကို မကြာခဏ ဖြန့်ကျက်ကာ အထိန်းအကွပ်မဲ့ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

ကျိကျိ ဧကရာဇ်သည် အပေါ်ဘက်ရှိ အဓိက နေရာတွင် ထိုင်နေသော လုချန်းကို လှည့်ကြည့်ကာ မေးလိုက်၏။

“မင်းကြီး... ကျွန်တော်တို့ ကြားဝင် မဆောင်ရွက်ဘူးလား။”

သတ်ဖြတ်ခြင်း ဧကရာဇ်များ အင်အားကြီးမားကြောင်း သူတို့ သိထားကြသော်လည်း အဆုံးတွင် သူမသည် တစ်ဦးတည်းသာ ဖြစ်ပြီး တစ်ဖက်လူများသည် စိတ်ဓာတ်ကို လွယ်ကူစွာ လွှမ်းမိုးနိုင်သည့် ထူးခြားသော နည်းဗျူဟာ ပုံစံတစ်ခုကို အသုံးပြုနေကြခြင်း ဖြစ်၏။

သတ်ဖြတ်ခြင်း ဧကရာဇ်သည် ပင်ကိုယ်အားဖြင့် သွေးဆာတတ်သူ ဖြစ်ရာ ရူးသွပ်မှု အနည်းငယ် ရှိတတ်သည်။ အကယ်၍ စိတ်ဝိညာဉ်ကို ထိခိုက်စေသည့် နည်းဗျူဟာ ပုံစံ၏ လွှမ်းမိုးခြင်းကို ခံရပါက မမျှော်လင့်ထားသော နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိသည်။

လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးနောက်

“လောလောဆယ်တော့ မလိုသေးဘူး။ အကြာကြီး အောင့်အည်းထားခဲ့ရတာဆိုတော့ ဒီနေ့တော့ သူ့ကို ကျေနပ်အောင် ဆော့ကစားခွင့် ပေးလိုက်ပါ။”

ယင်းသည် မရေရာသော မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် မင်းဆက်များကို ခြိမ်းခြောက်ရန် အခွင့်ကောင်းလည်း ဖြစ်သဖြင့် ယနေ့တွင် ထျန်းဟုန် ဧကရီကို မတားဆီးရန် လုချန်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

…………

အခန်း (၁၄၇၉)

လူသတ်ပွဲ

ထိုဧကရာဇ်အဆင့်များက မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာကို ရူးသွပ်စွာ ဆက်လက် အသက်သွင်းနေကြသည်ကို ထျန်းဟုန် ဧကရီသည် မြင်လိုက်ရ၏။ ထိုအခါ သူမလည်း နောက်ထပ် အောင့်အည်းမထားတော့ပဲ ဧကရီဓားကို ချက်ချင်းပင် ထုတ်သုံးလိုက်သည်။

ခဏအတွင်းမှာပင် သတ်ဖြတ်ခြင်းစွမ်းအားများ လွှမ်းခြုံထားသော ဧကရီဓား၏ ရေတွက်မရနိုင်သော ဓားပွားများသည် ထိုဧကရာဇ်များထံသို့ တိုးဝင်သွားကြ၏။ ဧကရီဓားများ ပျံသန်းလာသည်ကို မြင်လျှင် သိုင်းဝိညာဉ်ဧကရာဇ်လည်း အံကို တင်းတင်းကြိတ်ကာ မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာကို အသက်သွင်းရန် သူ၏ စွမ်းအား အကုန်ထုတ်သုံးလိုက်သည်။

ခဏခန့်အတွင်းမှာပင် နည်းဗျူဟာ ပုံစံမှ ဝိညာဉ်များ ပွက်ပွက်ထလာ၏။ ရေတွက်မရနိုင်သော ထိုဝိညာဉ်များသည် ထျန်းဟုန် ဧကရီရှိရာသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ သူမကို ဝါးမြိုရန် ကြိုးစားသည့် ဝိညာဉ်ဒီရေလှိုင်းကြီး တစ်ခုသဖွယ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း သတ်ဖြတ်ခြင်းစွမ်းအားပါသော ဧကရီဓားပွားများက ထိုဝိညာဉ်များကို တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုဝိညာဉ်များ ချက်ချင်းပင် ပျောက်ကွယ်သွားကြ၏။ ဆယ့်ငါးမိနစ် မပြည့်မီမှာပင် မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာအတွင်းရှိ ဝိညာဉ်ဒီရေလှိုင်းများ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လျှင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ ဧကရာဇ်များ၏ မျက်နှာများ ပို၍ ဖြူဖျော့သွားကြကုန်၏။

ဤအရာက သတ်ဖြတ်ခြင်းစွမ်းအားလား။

သူတို့၏ အစွမ်းကုန်ကို ထုတ်သုံးထားသော်လည်း ဤသတ်ဖြတ်ခြင်း ဧကရာဇ်ကို လွှမ်းမိုးနိုင်ခြင်း မရှိသေးပေ။

သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခြင်းက တကယ်ပဲ ဤမျှ အင်အားကြီးရသလား။

ပြီးပြီ.....

အားလုံး ပြီးသွားပြီ.....

ဒီတစ်ခါတော့ တကယ်ကို အားလုံး ပြီးဆုံးသွားပြီ။

ထိုအခိုက်အတန့်တွင် ဧကရာဇ် တစ်ဦးသည် သူ၏ ရင်ထဲမှ ကြောက်ရွံ့မှုကို မတောင့်ခံနိုင်တော့ပဲ နည်းဗျူဟာမှ ရုန်းထွက်လိုက်ပြီး သတင်းစကား ပေးပို့လိုက်သည်။

“ကျွန်တော် ရှနိုင်ငံတော်ကို လက်နက်ချဖို့ အသင့်ရှိပါတယ်...”

“ဖွတ်...”

လက်နက်ချချင်သော ထိုဧကရာဇ်၏ စကားမ မဆုံးခင်မှာပင် သတ်ဖြတ်ခြင်းစွမ်းအား လွှမ်းခြုံထားသော ဧကရီဓား တစ်လက်က သူ၏ လည်ပင်းကို ဖြတ်သန်းသွားခဲ့သည်။

ဓားတစ်ချက်...

ဧကရာဇ် တစ်ပါး...

ဤမြင်ကွင်းကို မြင်လျှင် ကျန်ရှိနေသော ဧကရာဇ်များ လုံးဝကို ထိတ်လန့်သွားကြသည်။ သူတို့သည် သူမကို မယှဉ်နိုင်သလို ယခုတော့ လက်နက်ပင် ချခွင့် မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် ဧကရာဇ် တစ်ဦးက အော်ဟစ်လိုက်သည်။

“အားလုံး မကြောက်ကြနဲ့။ ကျုပ်တို့ အတူတိုက်ခိုက်ကြမယ်။ သူက တစ်ယောက်တည်းပဲ။ မကောင်းဆိုးဝါးဝိညာဉ် နှလုံးသားပေါက်ကွဲခြင်း နည်းဗျူဟာ မရှိရင်တောင် ကျုပ်တို့ အားလုံးရဲ့ တိုက်ခိုက်မှုကို သူ မတောင့်ခံနိုင်ဘူးလို့ ကျုပ်ယုံကြည်တယ်။”

ထိုဧကရာဇ်၏ အားပေးစကားကို ကြားလျှင် ဧကရာဇ် အားလုံးလည်း သူတို့၏ အကောင်းဆုံး တိုက်ကွက်များကို စတင် အသုံးပြုကြ၏။ ခဏအတွင်းမှာပင် သတ်ဖြတ်ခြင်း နယ်ပယ်၏ ကောင်းကင်ယံတွင် အမျိုးမျိုးသော တိုက်ကွက်များ ပျံသန်းသွားကြသည်။

သို့သော်လည်း ထျန်းဟုန် ဧကရီ၏ မျက်နှာကတော့ တစ်လျှောက်လုံး တည်ငြိမ်နေ၏။ ထိုသူများကို သူမ လုံးဝ ဂရုမစိုက်ကြောင်း ပြသနေခြင်းပင်။

ထိုစဉ် ထျန်းဟုန် ဧကရီက လက်ကို မြှောက်လိုက်၏။ သူမ၏ လက်ချောင်းထိပ်များမှ ပို၍ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဧကရီဓားပွား အားလုံး စုစည်းသွားပြီး ပို၍ကြီးမားသော ဧကရီဓားကြီး တစ်လက် ဖြစ်ပေါ်လာသည်။

ထိုဧကရီဓားသည် ထျန်းဟုန် ဧကရီကို တိုက်ခိုက်နေသည့် ရှေ့မှ ဧကရာဇ်များထံသို့ တိုက်ရိုက် ထိုးစိုက်သွား၏။ ထိုဧကရီဓားကြီးကို မြင်လျှင် အချို့သော ဧကရာဇ်များသည် ပင်ကိုအသိစိတ်အရ ရှောင်ရှားရန် ကြိုးစားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များ ချုပ်နှောင်ခံထားရသဖြင့် မလှုပ်ရှားနိုင်ပေ။ ဓားကြီးက သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များကို ထိုးဖောက်သွားသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။

ဤတစ်ကြိမ်တွင်မူ ဓားသည် ဧကရာဇ် တစ်ပါးတည်းကိုသာ သတ်ခြင်း မဟုတ်တော့ပေ။ ထျန်းဟုန် ဧကရီသည် ဓားကြီးဖြင့် ရှေ့သို့ ထိုးစိုက်လိုက်တိုင်း ၎င်းနှင့် ထိတွေ့သမျှ ဧကရာဇ်တိုင်းသည် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ချက်ချင်း ချေမှုန်းခံရသည်။

ဧကရီဓား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်လျှင် ကျန်ရှိနေသော ဧကရာဇ်များလည်း ထျန်းဟုန် ဧကရီကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိများ ပျောက်ဆုံးသွားပြီး ကြောက်လန့်တကြား ထွက်ပြေးကြကုန်၏။

ထိုရူးသွပ်နေသည့် အမျိုးသမီးနှင့် အသေခံ တိုက်ခိုက်မည့်အစား သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးမည့် နည်းလမ်းကို ရှာဖွေရန်သာ သူတို့ ဆန္ဒရှိကြတော့သည်။ ယခု အခြေအနေတွင် ထိုရူးသွပ်နေသည့် အမျိုးသမီးနှင့် တိုက်ရိုက် ရင်ဆိုင်ခြင်းက သေခြင်းတရားကိုသာ ဦးတည်မည် ဖြစ်၏။

သူတို့သာ သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးနိုင်ပါက လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။

မကြာမီမှာပင် ကျန်ရှိနေသော ဧကရာဇ်များ ထပ်မံ အင်အားစုစည်းလိုက်ကြ၏။ ဤတစ်ကြိမ်တွင်မူ ထျန်းဟုန် ဧကရီကို ရင်ဆိုင်ရန် မဟုတ်တော့ပေ။ သတ်ဖြတ်ခြင်း နယ်ပယ်မှ လွတ်မြောက်ရန် ဖြစ်သည်။

သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းတွင် သူတို့၏ စွမ်းအားများ အပြင်းအထန် ဖိနှိပ်ခံထားရ၏။ ထိုရူးသွပ်နေသည့် အမျိုးသမီး၏ အကြည့်အောက်တွင် ပစ်မှတ်ထားခံရပြီးသည်နှင့် လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။

ထိုအခိုက်အတန့်တွင် ဧကရာဇ် တစ်ဦးက သိုင်းဝိညာဉ်ဧကရာဇ်ဘက်ကို လှည့်ကာ တောင်းဆိုလိုက်၏။

“သိုင်းဝိညာဉ်ဧကရာဇ်... ခင်ဗျားက ကျုပ်တို့ထဲမှာ တစ်ဦးတည်းသော အဆင့်ခြောက် ဧကရာဇ်ပါ။ ကျုပ်တို့ အချိန်နည်းနည်း ရအောင် ခင်ဗျား ကူညီပေးဖို့ တောင်းဆိုရပါလိမ့်မယ်။”

ထိုစကားကို ကြားလျှင် သိုင်းဝိညာဉ်ဧကရာဇ် ဒေါသထွက်သွားပြီး

“ခင်ဗျားတို့ တကယ်ကို အကြံကောင်းတာပဲ။ ခင်ဗျားတို့ လွတ်မြောက်ဖို့ ကျုပ်ကို သေတွင်းထဲ ပို့နေကြတာလား။”

ဧကရာဇ် တစ်ဦးက ရှေ့သို့ ခုန်ထွက်လာပြီး ချက်ချင်း စောဒကတက်လိုက်သည်။

“အစတုန်းက ခင်ဗျား ကြောင့်သာမဟုတ်ရင် ကျုပ်တို့ ရှနိုင်ငံတော်ကို ခုခံဖို့ ဒီလို စုစည်းမိမှာ မဟုတ်ဘူး။ အခု ခင်ဗျားက ကျုပ်တို့အတွက် အချိန်ဆွဲပေးရင် ဘာဖြစ်သွားမှာမို့လို့လဲ။”

ထိုဧကရာဇ်၏ စကားဆုံးသည်နှင့် အခြားသော ဧကရာဇ်များလည်း ရှေ့သို့ တိုးလာပြီး သိုင်းဝိညာဉ်ဧကရာဇ်ကို ဝိုင်းဝန်း အပြစ်တင်ကြတော့သည်။

“ဟုတ်တယ်... အမှန်ပဲ။ ကျုပ်က အစတုန်းက ရှနိုင်ငံတော်ကို လက်နက်ချဖို့ စဉ်းစားနေတာ။ ခင်ဗျားရဲ့ သွေးထိုးမှုကြောင့်သာ ကျုပ်တို့ သူတို့ကို အပြင်းအထန် ခုခံမိတာ။”

“ခင်ဗျားက ဒီမှာရှိတဲ့ တစ်ဦးတည်းသော အဆင့်ခြောက် ဧကရာဇ်ပဲ။ ခင်ဗျားက အချိန်ဆွဲမပေးရင် ဘယ်သူက လုပ်မှာလဲ။ အတ္တမကြီးပါနဲ့။”

…

ထိုဧကရာဇ်များ၏ စကားကို ကြားသောအခါ သိုင်းဝိညာဉ်ဧကရာဇ် ရယ်ချင်သွားမိ၏။ ဤကြောက်တတ်သည့် လူညံ့များသည် မဟာမိတ်ဖွဲ့စဉ်က အလွန် တက်ကြွနေခဲ့ကြသော်လည်း အခုတော့ အရာအားလုံးကို သူ့အပေါ်သို့သာ ပုံချချင်နေကြသည်။

ထိုဧကရာဇ်များ စိတ်ဝမ်းကွဲနေစဉ်မှာပင် အဝေးမှ ဓားကြီးက သူတို့ထံသို့ တိုက်ရိုက် ထိုးစိုက်လာပြန်၏။ ထိုမြင်ကွင်းကို မြင်လျှင် ဓားကြီးကို ရှောင်ရှားရန် အလျင်အမြန်ပင် လူစုခွဲလိုက်ကြရပြန်၏။

အချို့မှာ လွတ်မြောက်သွားသော်လည်း အချို့မှာမူ သတ်ဖြတ်ခြင်း နယ်ပယ်၏ ချုပ်နှောင်မှုကို ခံလိုက်ရ၏။ ဧကရာဇ် အချို့သည် လေထဲတွင် လွင့်မျောနေပြီး ရုန်းကန်နေရသော်လည်း မလှုပ်ရှားနိုင်ကြတော့ပေ။

ချုပ်နှောင်ခံထားရသော ဧကရာဇ်များက ကြောက်လန့်တကြား အသနားခံကြ၏။

“ကျွန်တော် လက်နက်ချဖို့ အသင့်ရှိပါတယ်...”

“ဖွတ်...”

“ကျွန်တော် ရှနိုင်ငံတော်ထဲ ဝင်ချင်ပါတယ်...”

“ဖွတ်...”

မည်သည့် ဧကရာဇ်က ရှနိုင်ငံတော်သို့ ဝင်လိုသည်ဟု ဆိုစေကာမူ သူတို့ စကားမဆုံးခင်မှာပင် ထျန်းဟုန် ဧကရီသည် သူတို့၏ လည်ပင်းများကို လှီးဖြတ်ပြီး ဖြစ်နေသည်။ ထျန်းဟုန် ဧကရီ အကြောက်ဆုံးက ဤလူများ လက်နက်ချပြီးနောက် လုချန်းက သူမကို တားဆီးလိုက်မည်ကို ဖြစ်၏။ ထို့ကြောင့် လက်နက်ချချင်သူတိုင်းသည် အရင်ဆုံး အသတ်ခံရမည်သာ ဖြစ်သည်။

ထျန်းဟုန် ဧကရီ၏ ရူးသွပ်မှုကို မြင်လျှင် ကျန်ရှိနေသော ဧကရာဇ်များ ထပ်မံ စုစည်းလိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။

“မြန်မြန်... သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးမယ့် နည်းလမ်းကို စဉ်းစားကြ။ အားလုံး အတူတူ လုပ်ကြမယ်။”

ထို့နောက် ကျန်ရှိနေသော ဧကရာဇ်များသည် အတူတကွ ပူးပေါင်းကာ အမျိုးမျိုးသော ကျင့်စဉ်များဖြင့် သတ်ဖြတ်ခြင်း နယ်ပယ်ကို တိုက်ခိုက်ကြပြီး ၎င်းကို ဖျက်ဆီးကာ ထွက်ပြေးရန် ကြိုးစားကြလေသည်။

သို့သော်လည်း သတ်ဖြတ်မှုများ စတင်လိုက်သည်နှင့် ထျန်းဟုန်ဧကရီ၏ စွမ်းအားသည် တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ အစောပိုင်းတွင် ဤလူများ ပူးပေါင်းခဲ့ပါက သတ်ဖြတ်ခြင်း နယ်ပယ်ကို သက်ရောက်မှု ရှိနိုင်ကောင်း ရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း ယခုတော့ အလွန် နောက်ကျသွားခဲ့ပြီ။

ထျန်းဟုန် ဧကရီသည် ဧကရာဇ် အချို့ကိုပင် သတ်ဖြတ်ပြီး ဖြစ်ရာ သူမ၏ မိစ္ဆာအငွေ့အသက်များသည် ပို၍ထူထပ်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားမှာလည်း ပို၍ ပြင်းထန်လာခဲ့သည်။ ယခုအခြေအနေ၌ အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဧကရာဇ်များ မဆိုထားနှင့် အဆင့်ကိုး ဧကရာဇ် တစ်ပါးပင်လျှင် သူမ၏ ရှေ့တွင် အသာစီး ရနိုင်တော့မည် မဟုတ်ပေ။

ထိုဧကရာဇ်များက သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးရန် ကြိုးစားနေသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ သတ်ဖြတ်ခြင်းစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်၏။ ခဏအတွင်းမှာပင် သတ်ဖြတ်ခြင်း နယ်ပယ် တစ်ခုလုံးရှိ အလင်းရောင်များ ပို၍ မှိန်ဖျော့သွားပြီး ထူထပ်သော သွေးရောင် မိစ္ဆာအငွေ့အသက်များက အလင်းရောင်အားလုံးကို ဖုံးအုပ်လိုက်သဖြင့် ပို၍ ပို၍ မှောင်မိုက်လာခဲ့သည်။

ထိုအချိန်တွင် ထျန်းဟုန် ဧကရီက ဧကရီဓားကို ထပ်မံ အသက်သွင်းလိုက်ရာ ရေတွက်မရနိုင်သော ဓားမိုးစက်များအဖြစ် ပြောင်းလဲသွားပြီး ထိုဧကရာဇ်များထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။ ဤမြင်ကွင်းကို ကြည့်ရင်း ဧကရာဇ်များသည် အမျိုးမျိုးသော ကာကွယ်ရေး နည်းလမ်းများကို အသုံးပြုရန် ကြိုးစားကြ၏။

ဤရိုးရှင်းသော လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် ဧကရာဇ် အချို့သည် ထိုနေရာမှာပင် ကျဆုံးသွားကြရသည်။ ကျန်ရှိနေသော ဧကရာဇ်များသည် မှော်ရတနာများကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြသည်။

ထိုအခိုက်အတန့်တွင် သိုင်းဝိညာဉ်ဧကရာဇ်လည်း နောင်တရလာမိသည်။ ရှနိုင်ငံတော်တွင် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါး ရှိနေမှန်း သိပါက သူသည် ဤဧကရာဇ်များနှင့် ပူးပေါင်း၍ ခုခံမိမည် မဟုတ်ပေ။

သို့သော်လည်း ယခုတော့ နောက်ကျသွားခဲ့ပြီ။

ထိုရူးသွပ်နေသည့် အမျိုးသမီးက သူတို့ အားလုံးကို သတ်ရန် ရည်ရွယ်ထားပုံရသည်။

သိုင်းဝိညာဉ်ဧကရာဇ်က လှောင်ပြုံး ပြုံးလိုက်ပြီး ဆိုလိုက်၏။

“ခင်ဗျားက ကျုပ်ကို အသက်ရှင်ခွင့် မပေးဘူးဆိုမှတော့ အတူတူ သေကြတာပေါ့။ ကျုပ်တို့ နှစ်ယောက်လုံးက အဆင့်ခြောက်တွေပဲ။ ကျုပ်ရဲ့ စိတ်ဝိညာဉ် ဖျက်ဆီးလိုက်တာကို ခင်ဗျား တောင့်ခံနိုင်မယ်လို့ မယုံဘူး။”

သူ၏ စကားအဆုံးတွင် သိုင်းဝိညာဉ်ဧကရာဇ်၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထျန်းဟုန် ဧကရီထံသို့ တိုက်ရိုက် ပြေးဝင်သွား၏။ သူမ၏ အနီးသို့ ရောက်ခါနီးတွင် သူသည် တွေဝေမနေတော့ပဲ သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဖောက်ခွဲဖျက်ဆီးရန် ရွေးချယ်လိုက်လေတော့သည်။

…………..

All Chapters