အခန်း (၁၄၈၀-၁၄၈၂)
Vol. 99 Ch. 1480-1482
အခန်း (၁၄၈၀)
လျှော့တွက်နေခဲ့ကြခြင်း
သိုင်းဝိညာဉ် ဧကရာဇ်က သူ၏ နတ်ဝိညာဉ်ကို ဖောက်ခွဲပစ်တော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် ဧကရာဇ်အဆင့်များလည်း တွေးတောနိုင်စွမ်း မရှိတော့လောက်အောင်ပင် ထိတ်လန့်သွားကြ၏။
အဆင့်ခြောက် ဧကရာဇ် တစ်ပါး၏ မိမိကိုယ်ကိုယ် ဖောက်ခွဲမှု၏ အဖျက်စွမ်းအားက ကြီးမားလှသည်။ အထူးသဖြင့် ယခု သူတို့သည် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ ဖြစ်နေသဖြင့် ထွက်ပြေးရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
သိုင်းဝိညာဉ် ဧကရာဇ်သည် သူနှင့်အတူ အားလုံးကိုပါ တစ်ပါတည်း ဆွဲခေါ်သွားရန် ရည်ရွယ်ထား၏။ ထို့နောက် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း ကျိန်ဆဲသံများ ဆူညံသွားခဲ့သည်။
သို့သော်လည်း သိုင်းဝိညာဉ် ဧကရာဇ်သည် ထိုကျိန်ဆဲမှုများကြောင့် သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲမည့် အစီအစဉ်ကို စွန့်လွှတ်ခြင်း မရှိပေ။ သူသည် သူတို့အားလုံးကို တမလွန်သို့ အတူတူခေါ်သွားချင်နေသည်။
သိုင်းဝိညာဉ် ဧကရာဇ်က သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှံထွက်လာ၏။ ထိုစွမ်းအားသည် သတ်ဖြတ်ခြင်း နယ်ပယ်တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား ဖြစ်ပေါ်လာသည်။
သို့သော်လည်း မမျှော်လင့်ပဲ ထိုစွမ်းအား ပေါက်ကွဲပြီးနောက်တွင် ၎င်းသည် လျင်မြန်စွာပင် ပြန်လည် တန်ပြန်ခံလိုက်ရ၏။ ထိုစွမ်းအင်သည် သိုင်းဝိညာဉ် ဧကရာဇ် ဖောက်ခွဲခဲ့သည့် နေရာဆီသို့သာ အတင်းအကျပ် ပြန်တွန်းပို့ခြင်း ခံလိုက်ရလေသည်။
သိုင်းဝိညာဉ် ဧကရာဇ်သည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သော်လည်း သူသည် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းရှိ ဧကရာဇ်အဆင့်များ အပါအဝင် မည်သူ့ကိုမှ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ပေ။ သတ်ဖြတ်ခြင်း နယ်ပယ်သည် အခြားသော စွမ်းအားများအပေါ်တွင် အကြွင်းမဲ့ နှိမ်နင်းနိုင်သော စွမ်းအား ရှိသည်။
ထိုနယ်ပယ်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် မိမိကိုယ်တိုင်သာ သေဆုံးစေမည်ဖြစ်ပြီး အခြားသူများကိုမူ ပါဝင်ပတ်သက်စေရန် မဖြစ်နိုင်သလောက်ပင်။
သိုင်းဝိညာဉ် ဧကရာဇ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် သက်သက်မဲ့ အသက်သေဆုံးခြင်းသာ ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏ စိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်လိုက်ပြီ ဖြစ်သောကြောင့် ထိုအကြောင်းကို မသိနိုင်တော့ပေ။ မဟုတ်ပါက သူသည် သေလျှင်ပင် မျက်စိမှိတ်နိုင်မည် မဟုတ်ချေ။
သိုင်းဝိညာဉ် ဧကရာဇ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးနောက် ထျန်းဟုန်ဧကရီ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ ပေါ်လွင် နေခြင်း မရှိပေ။ သူမ၏ အကြည့်သည် သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးရန် ကြိုးစားနေဆဲဖြစ်သော ဧကရာဇ်အဆင့်များထံသို့ အေးစက်စွာ ရောက်ရှိသွားခဲ့သည်။
ထျန်းဟုန်ဧကရီ၏ အကြည့်များ သူတို့ထံသို့ ထပ်မံ ကျရောက်လာသည်ကို မြင်လိုက်ရသောအခါ ထိုဧကရာဇ်အဆင့်များလည်း သူတို့၏ လမ်းစဉ်စွမ်းအားများကို အပြင်းအထန် အသက်သွင်းလိုက်ကြ၏။ အချို့သည် သူတို့၏ စိတ်ဝိညာဉ်များကိုပင် တိုက်ရိုက် လောင်မြိုက်စေလိုက်ကြသည်။
အဆင့်ခြောက်ဧကရာဇ်ဖြစ်သော သိုင်းဝိညာဉ် ဧကရာဇ်ပင်လျှင် ဤမိန်မရူး၏ ရှေ့မှောက်တွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော်လည်း မည်သည့်အရာကိုမှ မရရှိခဲ့ပေ။ သူတို့ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် ကြောက်လန့်မှုအစား အဆုံးစွန်သော တွန်းလှန်မှုကိုသာ ပြုလုပ်ချင်စိတ် ဖြစ်ပေါ်လာကြသည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန်ဧကရီက သူမ၏ လက်ကို မြှောက်လိုက်ရာ သူမ၏ ဘေးတွင် ဝဲပျံနေသော ဧကရီဓားများသည် ရေတွက်၍မရနိုင်သော ဓားပွားများအဖြစ် ထပ်မံ ကွဲထွက်သွားပြန်သည်။ ထို့နောက်တွင် ချက်ချင်းပင် ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်း စွမ်းအားများသည် ထိုဧကရီဓား၏ ဓားပွားများပေါ်သို့ စုစည်းသွားခဲ့သည်။
သူမသည် ဤကဲ့သို့ သတ်ဖြတ်ခြင်းမှ ရရှိသော ကျေနပ်မှုကို မခံစားရသည်မှာ ကြာလှပြီဖြစ်သည်။ ယခုနောက်ဆုံး ဧကရာဇ်အဆင့် ဆယ်ပါးသာ ကျန်ရှိတော့သဖြင့် သူမသည် သူတို့ကို လက်နက်ချခွင့် မပြုလိုပဲ တစ်ပြိုင်နက်တည်း အားလုံးကို အပြတ်ရှင်းပစ်ချင်နေသည်။
နောက်တစ်ခဏတွင် ထျန်းဟုန်ဧကရီသည် သူမ၏ လက်ကို မြှောက်လိုက်ပြီး ထိုဧကရာဇ်အဆင့်များထံသို့ ချိန်ရွယ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော သတ်ဖြတ်ခြင်း စွမ်းအားများနှင့်အတူ ဧကရီဓားပွားများသည် ဧကရာဇ်အဆင့်များထံသို့ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ နာကျင်စွာ အော်ဟစ်သံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများ ဟိန်းထွက်သွားခဲ့သော်လည်း ထျန်းဟုန်ဧကရီ၏ မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မှ ပေါ်မလာခဲ့ပေ။
…
စစ်နဂါး စစ်တပ်၏ ပင်မ ကြယ်ဖျက်ယာဉ်။
အစည်းအဝေးခန်းမအတွင်း၌။
လုချန်းနှင့် စုဝေးနေသော ဧကရာဇ်အဆင့်များသည် လောလောဆယ် ပိတ်ထားသည့် သတ်ဖြတ်ခြင်း နယ်ပယ်ကိုသာ အာရုံစိုက်နေကြဆဲ ဖြစ်သည်။ ထိုနယ်ပယ်အတွင်း၌ ဘာတွေ ဖြစ်ပျက်နေသည်ကို သူတို့ မသိနိုင်ကြပေ။ သတ်ဖြတ်ခြင်း နယ်ပယ် ပြန်ပွင့်လာသည့် အချိန်ကျမှသာ အတွင်းရှိ အခြေအနေကို သိနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် သတ်ဖြတ်ခြင်း နယ်ပယ် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သွေးနီရောင် မိစ္ဆာ စွမ်းအင်များလည်း တရိပ်ရိပ် ပြန်လည် ဆုတ်ခွာသွားခဲ့ရာ မကြာမီမှာပင် ကြယ်နယ်မြေ၏ မြင်ကွင်း ပြန်လည် ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း သတ်ဖြတ်ခြင်း နယ်ပယ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အာကာသ ဟင်းလင်းပြင်ထဲတွင် ဝတ်ရုံနီ ဝတ်ဆင်ထားသော ထျန်းဟုန်ဧကရီ တစ်ဦးတည်းသာ ဖြတ်တောက်ခံထားရသော ကိုယ်လက်အင်္ဂါများနှင့် အလောင်းများကြားတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
ဧကရာဇ်အဆင့်များ၏ ခန္ဓာကိုယ်များ ဖြစ်သဖြင့် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီး၍ မရနိုင်ပေ။ ထိုဧကရာဇ်အဆင့်များ ကျဆုံးသွားပြီ ဖြစ်သော်လည်း သူတို့၏ အလောင်းများက ရှိနေဆဲ ဖြစ်သည်။ ထိုအလောင်းများမှ ထွက်ပေါ်နေသော ဖိနှိပ်မှုက မျက်မြင်သက်သေများကိုပင် ထိတ်လန့်စေရန် လုံလောက်လှပေသည်။
ဧကရာဇ်အဆင့်များ၏ အလောင်းများဖြင့် ပြည့်နှက်နေသော ကြယ်နယ်မြေကို မြင်လိုက်ရသောအခါ မိုးကြိုး ဧကရာဇ်နှင့် အခြားသူများ အသက်ရှူမှားမတတ် မှင်တက်သွားကြသည်။
သူတို့ထဲမှ အချို့သည် ယခင်က ရှန်ဝူ ဧကရာဇ်နှင့်အတူ ပြင်ပနယ်မြေသို့ လိုက်ပါခဲ့ဖူးပြီး ရှန်ဝူဧကရာဇ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ဖူးသော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထျန်းဟုန်ဧကရီသည် ရှန်ဝူဧကရာဇ်ထက်ပင် ပို၍ကြောက်မက်ဖွယ် ကောင်းနေသည်ဟု ခံစားမိကြသည်။
ရှန်ဝူဧကရာဇ်သည် အဆင့်ခြောက် နယ်ပယ်၌ ရှိစဉ်က ဧကရာဇ်အဆင့် နှစ်ဆယ်နှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်သော်လည်း ယခုကဲ့သို့ အချိန်တိုအတွင်း ပြီးဆုံးမည်ဟု မုချမပြောနိုင်ပေ။
အဆင့်ခြောက် ရှန်ဝူ ဧကရာဇ် သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖွင့်လှစ်ခဲ့သည့် မြင်ကွင်းကို မိုးကြိုး ဧကရာဇ် မြင်တွေ့ခဲ့ဖူးသည်။ ထိုစဉ်က ရှန်ဝူဧကရာဇ်သည် ဧကရာဇ်အဆင့် နှစ်ဆယ်နှင့် နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့ရပြီးမှသာ အားလုံးကို အပြတ်ရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့ရှေ့မှ အမျိုးသမီးကတော့ ဧကရာဇ်အဆင့် နှစ်ဆယ်လုံးကို သတ်ရန် တစ်ရက်ပင် မပြည့်သော အချိန်ကိုသာ အသုံးပြုခဲ့သည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန်ဧကရီ၏ ဘေးတွင် ဝဲပျံနေသော ဧကရီဓားကို မိုးကြိုး ဧကရာဇ် ရုတ်တရက် သတိပြုမိသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။
“မင်းကြီး... ဒီဓားက...”
မိုးကြိုး ဧကရာဇ်သည် သူတော်စင် အဆင့်လက်နက်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ဧကရီဓား၏ ဖိနှိပ်မှု စွမ်းအားမှတစ်ဆင့် ဤဓားသည် ကောင်းကင်အဆင့်ထက် ကျော်လွန်နိုင်ကြောင်း သူ ခံစားမိသည်။
လုချန်းက
“ဧကရီဓား... သူတော်စင် အဆင့် လက်နက်ပဲ။”
ထိုအရာကို ကြားလျှင် အစည်းအဝေးခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များ၏ ရင်ထဲ ထိတ်လန့်သွားကြသည်။
သူတော်စင် အဆင့် လက်နက် တဲ့လား....
သို့သော်လည်း သူတို့ ချက်ချင်းပင် သတိဝင်လာကြသည်။ ရှဧကရာဇ်သည် ဧကရာဇ်အဆင့်ကိုးများကို တန်ပြန်နိုင်သော အစီအမံများကိုပင် ထုတ်ပေးနိုင်သည်ဖြစ်ရာ သူတော်စင် အဆင့် လက်နက်တစ်ခု ရှိနေခြင်းက အထူးအဆန်း မဟုတ်တော့ပေ။
ထိုစဉ် လုချန်းက ဆက်လက်၍
“ကဲ... အခုတော့ ပြီးသွားပြီ။ ကျုပ်တို့ သိမ်းဆည်းစရာရှိတာတွေ သိမ်းဆည်းလို့ ရပြီ။”
လုချန်းသည် ထျန်းဟုန်ဧကရီကို ကြားဝင်ခွင့် ပြုခဲ့သော်လည်း နိုင်ငံအသီးသီးမှ သာမန်ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခွင့်တော့ မပေးလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုပြည်သူများ ရှနိုင်ငံတော်သို့ ဝင်ရောက်လာခြင်းဖြင့် နိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို မြှင့်တင်ပေးနိုင်မည် ဖြစ်သောကြောင့်ပင်။
ထိုနိုင်ငံများ၏ ဧကရာဇ်အဆင့်များ မရှိတော့လျှင် သူတို့ လက်နက်ချသင့်ပေပြီ။
ထိုစဉ် ထျန်းဟုန်ဧကရီသည် အဝေးရှိ နိုင်ငံအသီးသီး၏ နတ်လှေများကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများ ပို၍နီရဲတောက်ပလာသည်။
ရုတ်တရက် သူမသည် ထိုနတ်လှေများဆီသို့ ချဉ်းကပ်ရန် ရှေ့သို့ လှမ်းလိုက်စဉ်မှာပင် လူရိပ်တစ်ရိပ် သူမ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလူရိပ်ကို မြင်လိုက်ရသောအခါ ထျန်းဟုန်ဧကရီ မျက်မှောင်ကြုတ်သွားသည်။
လုချန်း အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာသည်ကို သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။ ထျန်းဟုန်ဧကရီ စိတ်မကျေမနပ် ဖြစ်သွားသော်လည်း သူမကိုယ်သူမ ထိန်းချုပ်လိုက်ကာ
“ဒီလူတွေကို ဆက်ထားတာက ဘာအကျိုးမှ မရှိဘူး။”
လုချန်းက
“ဘယ်လိုလုပ် အကျိုးမရှိမှာလဲ။ သူတို့ ရှနိုင်ငံတော်ထဲကို ဝင်လာလျှင် နိုင်ငံရဲ့ ကံစွမ်းအားကို တိုးတက်စေမှာ။”
ထျန်းဟုန်ဧကရီသည် လုချန်းကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် တိုက်ရိုက်ပင် လှည့်ထွက်သွားခဲ့သည်။ လုချန်းက သူမအား စိတ်တိုင်းကျ သတ်ဖြတ်ခွင့် ပေးမည်မဟုတ်ကြောင်း သူမ သိနေသည်။
ထားလိုက်ပါတော့...
သူမသည် ဧကရာဇ်အဆင့် နှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။
သူမ၏ သတ်ဖြတ်လိုစိတ်ကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ ပြေလျော့စေခဲ့ပြီ ဖြစ်သည်။
ထျန်းဟုန်ဧကရီ ထွက်ခွာသွားသည်နှင့် နိုင်ငံအသီးသီးမှ စစ်တပ်များသည် ချက်ချင်းပင် လက်နက်ချရန် ရွေးချယ်လိုက်ကြသည်။
သူတို့၏ နိုင်ငံခေါင်းဆောင်များ အားလုံးမှာ သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် အောင်မြင်ခဲ့သည့် ဧကရီ တစ်ပါး၏ လက်ချက်ဖြင့် ကျဆုံးကုန်ကြပြီ မဟုတ်ပါလား။
ယခုအချိန်အထိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပါက သူတို့ကို စောင့်ကြိုနေမည့်အရာမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားမည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသာ ဖြစ်ပေလိမ့်မည်။
…….
ထျန်းလင် ကြယ်နယ်မြေ။
လင်ယွမ် ဧကရာဇ်တို့သည် ထျန်းလု နိုင်ငံ စစ်တပ် ရောက်ရှိလာမည်ကို ဟင်းလင်းပြင်ထဲ၌ စောင့်ဆိုင်းနေကြစဉ် နိုင်ငံသုံးနိုင်ငံမှ စေလွှတ်ထားသော သူလျှိုများ သူတို့၏ ဘေးတွင် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။
“မင်းကြီးတို့... ရှေ့မှာ အခြေအနေ အသစ်တစ်ခု ရှိနေပါတယ်။”
လင်ယွမ် ဧကရာဇ်၊ တုန်းယန် ဧကရာဇ်နှင့် ကျန်းယန် ဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့ဘက်မှ စေလွှတ်ထားသော သူလျှိုများ တစ်ချိန်တည်း ပြန်ရောက်လာခြင်းက သူတို့ ရရှိလာသော သတင်းများ ဆက်စပ်မှု ရှိနိုင်ကြောင်း ညွှန်ပြနေသည်။
လင်ယွမ် ဧကရာဇ်သည် မျက်ခုံးတွန့်မနေ တော့ပဲ လက်ကို မြှောက်လိုက်ကာ သူလျှိုများ ကိုင်ဆောင်ထားသည့် ကျောက်စိမ်းပြားပေါ်မှ တံဆိပ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွင့်လိုက်၏။ နောက်တစ်ခဏတွင် ဟင်းလင်းပြင်ထဲ၌ ပုံရိပ်ယောင်များ ပေါ်လာခဲ့သည်။
ပေါ်ထွက်လာသော မြင်ကွင်းများသည် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်အဆင့် တစ်ပါးက ဧကရာဇ်အဆင့် နှစ်ဆယ်ကို တစ်ရက်မပြည့်ခင် အချိန်အတွင်း အပြတ်ရှင်းပစ်လိုက်သည့် မြင်ကွင်းများ ဖြစ်သည်။
ပုံရိပ်ယောင်အတွင်းရှိ အဖြစ်အပျက်များကို ကြည့်ပြီးနောက် ဧကရာဇ် သုံးပါးစလုံး တိတ်ဆိတ်သွားကြကုန်၏။
အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် လင်ယွမ် ဧကရာဇ် သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကျုပ်တို့ ရှနိုင်ငံကို အတော်လေး လျှော့တွက်မိနေသေးပုံပဲ။”
………….
အခန်း (၁၄၈၁)
ထျန်းလုဧကရာဇ်ကို တားဆီးနိုင်မည့်သူ
လင်ယွမ် ဧကရာဇ်နှင့် အခြားသူများသည် ရှနိုင်ငံတော်တွင် လုချန်းတစ်ဦးတည်းသာ သတ်ဖြတ်ခြင်း ဧကရာဇ်အဖြစ် ရှိသည်ဟု အမြဲတစေ ယုံကြည်ခဲ့ကြခြင်း ဖြစ်၏။ ယခုတော့ သတ်ဖြတ်ခြင်းစွမ်းအား ပိုင်ဆိုင်ထားသည့် အခြားသော ဧကရာဇ်တစ်ပါး ရှိနေပြီ ဖြစ်သည်။
အဓိကအချက်က ထိုဧကရာဇ်သည် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါး ဖြစ်နေခြင်းပင်။
အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါးသည် အဆင့်ကိုး ဧကရာဇ် တစ်ပါးနှင့်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည်။ အစက သူတို့ဘက်တွင် ထျန်းလုဧကရာဇ် ပါဝင်လာသဖြင့် လုချန်းကို အပြတ်ရှင်းနိုင်ရန် သေချာနေပြီဟု ထင်ခဲ့သော်လည်း ယခုတော့ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ပါး အပိုပါလာခဲ့သည်။
သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါးတည်းကို ကိုင်တွယ်ရခြင်းကပင် အတော်လေး ခေါင်းခဲစရာ ကောင်းနေပြီ ဖြစ်၏။ ယခုကဲ့သို့ ပို၍ မြင့်မားသော အဆင့်ရှိသည့်သူ တစ်ဦး ပါဝင်လာခြင်းက အခက်အခဲကို သိသိသာသာ ပိုမိုကြီးထွားစေခဲ့သည်။
သူတို့သုံးဦးစလုံး ခဏခန့် ဆွံ့အသွားကြ၏။ ဤအခြေအနေတွင် ဘာလုပ်ရမှန်း သူတို့ တကယ် မသိတော့ပေ။ ထိုအချိန်တွင် သူတို့၏ စိတ်ထဲ၌ ရှနိုင်ငံတော်၏ အစွမ်းကို ပြန်လည် တွက်ဆနေမိကြသည်။
သူတို့သည် အဆင်အခြင် မဲ့သူများ မဟုတ်ကြပေ။ ပြိုင်ဘက်သည် အဆင့်တစ် လောက်သာ ဖြစ်ပါက သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ် ဖြစ်နေလျှင်ပင် သူတို့၌ ယုံကြည်ချက် အချို့ ရှိသည်။ သို့သော် အဆင့်ခြောက်ဆိုလျှင်တော့ သူတို့ လုံးဝ မသေချာတော့ပေ။
သူတို့ သုံးဦးစလုံးသည် အဆင့်ခုနှစ်တွင်သာ ရှိကြပြီး အဆင့်ရှစ်သို့ နီးကပ်နေပြီ ဖြစ်သော်လည်း သူတို့၏ အင်အားသည် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါးနှင့် မနှိုင်းယှဉ်နိုင်ပေ။
ယခု အနေအထားအရ ထိုအဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်ကို ကိုင်တွယ်နိုင်မည့်သူမှာ ထျန်းလုဧကရာဇ် တစ်ဦးတည်းသာ ရှိနိုင်တော့မည် ဖြစ်သော်လည်း ထျန်းလုဧကရာဇ်ပင် ထိုသတ်ဖြတ်ခြင်း ဧကရာဇ်ကို အဆုံးသတ်တွင် အနိုင်ယူနိုင်မလား ဆိုတာကတော့ မသိနိုင်သေးပေ။
သူတို့ သုံးဦး စကားမဲ့နေစဉ်မှာပင် အဝေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဘာလို့လဲ... ဒီလောက် စိတ်ညစ်စရာ ကောင်းတဲ့ ရုပ်တွေနဲ့။ ကျုပ်တောင်မှ ရှနိုင်ငံတော်ကို မကိုင်တွယ်နိုင်ဘူးလို့ ခင်ဗျားတို့ ထင်နေတာလား။”
ထိုအသံကို ကြားလျှင် သုံးဦးစလုံး အသံလာရာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ ထိုသူက သံတမန် ဧကရာဇ် အချို့နှင့်အတူ ရောက်ရှိလာသော ထျန်းလုဧကရာဇ်ပင် ဖြစ်သည်။
ထျန်းလုဧကရာဇ် ရောက်လာသည်ကို မြင်လျှင် လင်ယွမ် ဧကရာဇ်က မဆိုင်းမတွပင်
“ခင်ဗျား ရောက်လာတာ ကောင်းတာပေါ့။ ကျုပ်တို့ အခုလေးတင် သတင်းအသစ်တစ်ခု ရထားတယ်။ တစ်ချက် ကြည့်လိုက်ဦး။”
ပြောပြောဆိုဆိုနှင့်ပင် လင်ယွမ် ဧကရာဇ်သည် အစောပိုင်းက ကျောက်စိမ်းစာလိပ်ကို ထပ်မံ အသက်သွင်းလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ထျန်းဟုန် ဧကရီက ဧကရာဇ် အပါးနှစ်ဆယ်ကျော်ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို ပြသလိုက်သည်။
ဟင်းလင်းပြင်ထဲမှ ပုံရိပ်ယောင်ကို မြင်လိုက်ရသောအခါ ထျန်းလုဧကရာဇ်၏ မျက်ခုံးများ ချက်ချင်းပင် တွန့်သွား၏။ တစ်စုံတစ်ရာကြောင့် ဤအမျိုးသမီးကို ရင်းနှီးနေသလို သူ ခံစားနေရသည်။
ထိုအမျိုးသမီးကို ရင်းနှီးနေရုံသာမက သူမ၏ နောက်တွင် လွင့်မျောနေသော ဓားကိုလည်း အထူးသဖြင့် ရင်းနှီးနေသည်။ ရုတ်တရက် ထျန်းလုဧကရာဇ် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ၏ မျက်နှာအမူအရာ ဆိုးရွားသွားခဲ့သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူပဲကိုး”
ထျန်းလုဧကရာဇ်၏ တုံ့ပြန်မှုကို မြင်လျှင် လင်ယွမ် ဧကရာဇ် အပါအဝင် အခြားသူများခဏခန့် မှင်တက်သွားပြီးနောက် လင်ယွမ် ဧကရာဇ်က စမေးလိုက်သည်။
“ခင်ဗျား သူ့ကို သိနေတာလား”
ထျန်းလုဧကရာဇ်က မျက်နှာပျက်ပျက်နှင့်ပင် တုံ့ပြန်လိုက်သည်။
“ပြင်ပနယ်မြေမှာတုန်းက ကျုပ် သူလိုက်သတ်တာကို ခံခဲ့ရဖူးတယ်။ သူ ဒီမှာ ပေါ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။”
ထိုအရာကို ကြားလျှင် လူတိုင်း အံ့အားသင့်သွားကြသည်။
ထျန်းလုဧကရာဇ်က ဤအမျိုးသမီး၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးတာလား။
ထိုအရာက သူတို့ နှစ်ဦးကြားတွင် ရန်ငြိုး ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတို့သည် ရန်ငြိုးအဟောင်းနှင့် အသစ်ကို အတူတကွ ရှင်းလင်းနိုင်ပေတော့မည်။
ထျန်းလုဧကရာဇ်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး
“သူရဲ့ အဆင့်က အဆင့်ခြောက်အထိ ကျဆင်းသွားလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။ လောကကြီးက ကျုပ်ကို လက်စားချေခွင့် ပေးလိုက်တာပဲ ဖြစ်ရမယ်။”
ဘေးမှ တုန်းယန် ဧကရာဇ်က သတိပေးလိုက်သည်။
“သူရဲ့ အဆင့်က ကျဆင်းသွားပြီ ဆိုရင်တောင် သူက သတ်ဖြတ်ခြင်းကနေတစ်ဆင့် အသိဉာဏ် ပွင့်လင်းလာတဲ့ ဧကရာဇ် တစ်ပါးပဲ။ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားတဲ့ ဧကရာဇ်တွေက အဆင့်ပေါင်းများစွာကို ကျော်ဖြတ် တိုက်ခိုက်နိုင်တယ်လေ။”
ထျန်းလုဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး
“သတ်ဖြတ်ခြင်းကနေ အသိဉာဏ် ပွင့်လင်းလာတော့ ဘာဖြစ်လဲ။ ဒီတစ်ခါတော့ ကျုပ် ကိုယ်တိုင် လက်စားချေရမှ ဖြစ်မယ်။”
ထျန်းလုဧကရာဇ် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လျှင် လင်ယွမ် ဧကရာဇ် အပါအဝင် အခြားသူများ စိတ်သက်သာရာ ရသွားကြသည်။
သူတို့ အကြောက်ဆုံးမှာ ထျန်းလုဧကရာဇ် လက်လျှော့သွားမည်ကို ဖြစ်သည်။ အဆင့်ကိုး ဧကရာဇ် ဖြစ်သည့် ထျန်းလုဧကရာဇ်ကပင် ရှနိုင်ငံကို ခုခံရန် လက်လျှော့လိုက်ပါက သူတို့အားလုံး ပူးပေါင်းလျှင်ပင် ထူးခြားမည် မဟုတ်တော့ပေ။ သူတို့ သုံးဦးတည်းနှင့် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်ကို ကိုင်တွယ်နိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။
ထျန်းလုဧကရာဇ်နှင့် ထိုသတ်ဖြတ်ခြင်း ဧကရာဇ်တို့သည် ရန်သူများ ဖြစ်နေသဖြင့် အခြေအနေက ကိုင်တွယ်ရ ပို၍လွယ်ကူသွားခဲ့သည်။ လင်ယွမ် ဧကရာဇ်က ဆက်လက်၍
“အခု အားလုံး စုံပြီဆိုတော့ ချီတက်ကြတာပေါ့။ ရှနိုင်ငံတော်က ကျုပ်တို့ရဲ့ လှုပ်ရှားမှုကို သိသွားလောက်ပြီ။ အခု မြန်မြန် မသွားရင် လုချန်းက ရှနိုင်ငံတော်ရဲ့ အကာအကွယ် နည်းဗျူဟာ ပုံစံထဲကို ပြန်ပြေးသွားနိုင်တယ်။”
လင်ယွမ် ဧကရာဇ် စကားဆုံးသည်နှင့် ထျန်းလုဧကရာဇ် တွေဝေမနေတော့ပေ။ သူသည် ဘာမှ ထပ်မပြောတော့ပဲ အခြား ဧကရာဇ်များနှင့် သူ၏ အင်ပါယာ စစ်တပ်ကို ဦးဆောင်ကာ ရှနိုင်ငံတော်၏ နဂါးတပ် ရှိရာသို့ ချက်ချင်းပင် ဦးတည် ထွက်ခွာလာခဲ့သည်။
လုချန်းသည် လင်ကျောက် မဟာကြယ်နယ်မြေစုရှိ အမျိုးမျိုးသော နိုင်ငံများ၏ သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် သူလျှိုများကို အစောကတည်းက စီစဉ်ထားခဲ့သည်။ ထျန်းလုနိုင်ငံ အပါအဝင် နိုင်ငံကြီး လေးနိုင်ငံသည် လင်ကျောက် မဟာကြယ်နယ်မြေစုတွင် အင်အားအကြီးဆုံး ဖြစ်သည်။ သူတို့၏ မည်သည့် လှုပ်ရှားမှုကိုမဆို ရှနိုင်ငံတော်၏ သူလျှိုများက နဂါးတပ်၏ ကွပ်ကဲမှု ကြယ်ဖျက်ယာဉ်ထံသို့ အလျင်အမြန်ပင် သတင်းပို့ခဲ့ကြသည်။
…….
ရှစစ်တပ်။
ပင်မကွပ်ကဲမှု ကြယ်ဖျက်ယာဉ်။
လုချန်းသည် အစည်းအဝေးခန်းမ၏ ထိပ်ဆုံးရှိ ထိုင်ခုံတွင် ထိုင်နေပြီး လင်ကျောက် မဟာကြယ်နယ်မြေစုမှ အင်အားစုများ၏ လှုပ်ရှားမှုများကို ပြန်လည် စစ်ဆေးနေသည်။ ထိုအချိန်တွင် ဧကရာဇ်လောင်း တစ်ဦး အစည်းအဝေးခန်းမသို့ ရောက်ရှိလာသည်။
“မင်းကြီး... ထျန်းလုနိုင်ငံမှာ လှုပ်ရှားမှုတွေ ရှိနေပါတယ်”
လုချန်းက လက်ကို မြှောက်လိုက်ရာ ထိုဧကရာဇ်လောင်း သတင်းမှတ်တမ်းတင်ရန် အသုံးပြုသည့် ကျောက်စိမ်းစာလိပ် လုချန်း၏ လက်ထဲသို့ ပျံဝင်သွားသည်။ ထို့နောက် သူက ကျောက်စိမ်းစာလိပ်ကို အသက်သွင်းလိုက်ပြီး ၎င်း၏ အကြောင်းအရာများကို ဖွင့်ကြည့်လိုက်သည်။ ကျောက်စိမ်းစာလိပ်ပါ အကြောင်းအရာများကို ကြည့်ပြီးနောက် လုချန်းက အနည်းငယ် ပြုံးလိုက်၏။
ထိုအခိုက်အတန့်တွင် မိုးကြိုး ဧကရာဇ်နှင့် ကျိကျိ ဧကရာဇ်တို့ နှစ်ဦးလုံး လုချန်း၏ ဘေးတွင် ရှိနေကြပြီး ကျောက်စိမ်းစာလိပ်ပါ သတင်းကို မြင်တွေ့လိုက်ရသည်။ ကျိကျိ ဧကရာဇ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“မင်းကြီး... ဒီနိုင်ငံကြီး လေးနိုင်ငံ မဟာမိတ်အဖွဲ့က ကိုင်တွယ်ရ ခက်ခဲနိုင်ပါတယ်။”
ဤနိုင်ငံကြီး လေးနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို အစောကတည်းက စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးခန်းမအတွင်းရှိ ဧကရာဇ်တိုင်းသည် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ အင်အားဖွဲ့စည်းပုံနှင့် အင်အားစုတစ်စုချင်းစီ၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းစွာ သိကြသည်။
နိုင်ငံလေးနိုင်ငံ မဟာမိတ်ဖွဲ့ခြင်းအပြင် အခက်ခဲဆုံး အပိုင်းမှာ ထျန်းလုနိုင်ငံမှ ထျန်းလုဧကရာဇ် ဖြစ်၏။ သူသည် ဤနိုင်ငံများထဲတွင် တစ်ဦးတည်းသော အဆင့်ကိုး ဧကရာဇ် ဖြစ်၏။ ကောင်းကင်ဧကရာဇ် မရှိလျှင် အဆင့်ကိုး ဧကရာဇ် ဆိုသည်က ဤစကြဝဠာ၏ တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံး အထွတ်အထိပ်အဆင့် ဖြစ်သည်။ သို့သော် အဆင့်ကိုး ဧကရာဇ်များကြားတွင်ပင် သူတို့ လိုက်စားသည့် လမ်းစဉ်အမျိုးအစားအလိုက် စွမ်းအားကွာခြားကြသည်။
ထိုအချိန်တွင် လုချန်းက
“ထျန်းလုဧကရာဇ်ကိစ္စကို ထျန်းဟုန် ဧကရီ ကို ကိုင်တွယ်ခိုင်းလိုက်ပါ။ ခင်ဗျားတို့က ကျန်တဲ့ ဧကရာဇ်တွေကိုပဲ ကိုင်တွယ်ဖို့ လိုတယ်။”
ထိုအရာကို ကြားလျှင် မိုးကြိုး ဧကရာဇ် စဉ်းစားလိုက်သည်။ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ပါးသည် အဆင့်ကိုး ဧကရာဇ် တစ်ပါးကို တားဆီးထားနိုင်သည်မှာ သေချာသော်လည်း အဆင့် ကွာခြားချက်က ကြီးမားလှသဖြင့် အဆင့်ကိုး ဧကရာဇ်ကို အနိုင်ယူရန်ကတော့ ခက်ခဲနိုင်ပေသည်။
ရှန်ဝူ ဧကရာဇ်သည် အဆင့်ခြောက်တွင် ရှိစဉ်ကပင် အဆင့်ကိုး ဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး တစ်ခါတစ်ရံတွင် အသာစီးပင် ရခဲ့ဖူးသည်။
အဆင့်ကိုး ဧကရာဇ်အချို့ကို သတ်နိုင်ခါနီးအထိ ဖြစ်ခဲ့ဖူးသော်လည်း သူ သတ်ရန် ကြိုးစားခဲ့သည့် အဆင့်ကိုး ဧကရာဇ်များမှာ များသောအားဖြင့် သက်တမ်း ကုန်ဆုံးတော့မည့်သူများ သို့မဟုတ် ဒဏ်ရာ တစ်ခုခု ရှိနေသူများ ဖြစ်ကြ၏။ ၎င်းသည် အထွတ်အထိပ် အနေအထား ရောက်နေသည့် ဧကရာဇ် အဆင့်ကိုး တစ်ပါး၏ စွမ်းဆောင်ရည်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ပေ။
ထျန်းဟုန် ဧကရီ၏ တာဝန်က အဆင့်ကိုး ဧကရာဇ် တစ်ပါးကို တားဆီးထားရုံသာ ဆိုပါက လုံးဝ ပြဿနာ မရှိနိုင်ပေ။ အဓိက မေးခွန်းက ထိုအဆင့်ကိုး ဧကရာဇ်ကို နောက်ဆုံးတွင် မည်သို့ ကိုင်တွယ်မည်နည်း ဆိုသည်ပင်။
အကယ်၍ အဆင့်ကိုး ဧကရာဇ်ဖြစ်သည့် ထျန်းလုဧကရာဇ်သာ အစွမ်းကုန် တိုက်ခိုက်မည် ဆိုပါက ရှနိုင်ငံတော်က နောက်ဆုံးတွင် အနိုင်ရလျှင်ပင် ကြီးမားသော ဆုံးရှုံးမှုများနှင့် အကျအဆုံးများ ရှိလာနိုင်သည်။ ထို့ကြောင့် မိုးကြိုးဧကရာဇ်၏ စိုးရိမ်မှုက လုံးဝ အခြေအမြစ်မဲ့သည်တော့ မဟုတ်ပေ။
ဤအချက်ကို ထည့်သွင်းစဉ်းစားပြီး မိုးကြိုး ဧကရာဇ်က မေးလိုက်သည်။
“မင်းကြီး... ထျန်းဟုန် ဧကရီက ထျန်းလုဧကရာဇ်ကို တားဆီးထားနိုင်မယ်လို့ ခင်ဗျား ယုံကြည်ချက် ရှိရဲ့လား။”
လုချန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
“တားဆီးထားရမယ်။ ခင်ဗျားတို့ ဘာတွေ ပြောနေတာလဲ။”
လုချန်း၏ မျက်လုံးများတွင် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။
လုချန်း၏ လေသံကို ကြားလိုက်ရသောအခါ မိုးကြိုး ဧကရာဇ်နှင့် အစည်းအဝေးခန်းမအတွင်းရှိ ဧကရာဇ် အားလုံးမှာ ခဏခန့် မှင်တက်သွားကြတော့သည်။ သူတို့၏ မျက်နှာများတွင်လည်း အံ့အားသင့်ခြင်းနှင့် ရှုပ်ထွေးခြင်းတို့ ရောနှောနေသော အမူအရာများ ပေါ်လာသည်။
……………..
အခန်း (၁၄၈၂)
ထိတ်လန့်တုန်လှုပ်နေသော လုယန်ဟွာ
လုချန်း၏ လေသံတွင် ဇဝေဇဝါဖြစ်မှု အနည်းငယ် ပါဝင်နေသည်။ သူသည် ထျန်းဟုန် ဧကရီကို ထျန်းလုဧကရာဇ်အား အချိန်ဆွဲခိုင်းထားရန် မည်သည့်အခါကမှ ရည်ရွယ်ခဲ့ခြင်း မရှိကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။
ရည်မှန်းချက်က ထျန်းလုဧကရာဇ်အား အချိန်ဆွဲထားရန် မဟုတ်ပါက ထျန်းဟုန် ဧကရီကို ထျန်းလုဧကရာဇ်အား တိုက်ရိုက် အဆုံးစီရင်စေလိုသည်ဟု ရှဧကရာဇ်က ဆိုလိုတာလား။ ဤအတွေးသည် မိုးကြိုးဧကရာဇ်၏ စိတ်ထဲ ရှင်းရှင်းလင်းလင်း ပေါ်လာ၏။
အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်တစ်ဦးက အဆင့်ကိုး အထွပ်အထိပ် အဆင့်တစ်ဦးကို သတ်ဖြတ်ခြင်းက လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ထို့ပြင် ထျန်းဟုန် ဧကရီ၌ သူတော်စင် အဆင့် လက်နက် တစ်ခု ရှိနေသေးသည်။ ယင်းကို ကောင်းမွန်စွာ အသုံးပြုနိုင်လျှင် ထျန်းလုဧကရာဇ်အား တကယ်ပင် အနိုင်ယူနိုင်ပေလိမ့်မည်။
သို့သော် စွန့်စားရမှု မရှိသည်တော့ မဟုတ်ပေ။ တစ်ဖက်လူကား ဧကရာဇ် အဆင့်ကိုးတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။
အကယ်၍ သူသေရေးရှင်ရေး အခြေအနေသို့ ရောက်သွားပြီး စိတ်ဝိညာဉ် ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့လျှင် လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ ကြယ်နယ်မြေ အမြောက်အမြား ပျက်စီးသွားနိုင်၏။ ယင်း၏အဖျက်စွမ်းအားကို ထျန်းဟုန် ဧကရီလည်း တောင့်ခံနိုင်မည် မဟုတ်ပေ။
ရှန်ဝူ ဧကရာဇ် ငယ်စဉ်အခါကပင် ပြင်းထန်စွာ ဒဏ်ရာရထားသော ဧကရာဇ် အဆင့်ကိုးတစ်ဦးကိုပင် ပေါ့ပေါ့တန်တန် လိုက်လံတိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။
ထိုအခိုက်အတန့်တွင် မိုးကြိုး ဧကရာဇ်က သတိပေးလိုက်သည်။
“မင်းကြီး... အကယ်၍ ထျန်းလုဧကရာဇ်ကို အကျပ်အတည်းထဲ တွန်းပို့လိုက်မိရင် သူက မင်းကြီးအပေါ် ရန်လိုလာပါလိမ့်မယ်။”
ဧကရာဇ် အဆင့်ကိုး တစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးခြင်းသည် အဆင့်ကိုးအောက်ရှိ ဧကရာဇ် အဆင့်များကို ချက်ချင်း သတ်ဖြတ်နိုင်သည့် အဖျက်စွမ်းအားကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထျန်းလုဧကရာဇ်သည် သေဆုံးရတော့မည့် အခြေအနေသို့ ရောက်သွားပါက လုချန်းကို တပါတည်း ခေါ်သွားရန် ဆုံးဖြတ်ခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။
လုချန်းက ခပ်အေးအေး တုံ့ပြန်လိုက်သည်။
“သူက ကျုပ်ဆီကို အသက်ရှင်လျက်နဲ့ ရောက်လာနိုင်သေးတယ်ဆိုရင်လည်း လာခိုင်းလိုက်ပါ။”
ထျန်းလုဧကရာဇ်က သူ့အား သေရွာသို့ဆွဲခေါ်သွားခဲ့လျှင်ပင် သူသည် ကိုယ်ပွား တစ်ခုကိုသာ ဆုံးရှုံးရမည်ဖြစ်၏။ သူ၏ ပင်မခန္ဓာကတော့ ထိခိုက်မှု မရှိပဲ ကျန်ရှိနေမည် ဖြစ်သည်။
ထို့ပြင် ထျန်းလုဧကရာဇ်အား လုချန်း၏ ရှေ့မှောက်သို့ ရောက်လာခွင့်ကို ထျန်းဟုန် ဧကရီက ပေးလိမ့်မည်ဟု လုချန်း မယုံကြည်ပေ။ လက်ရှိတွင် ထျန်းဟုန် ဧကရီသည် အလွန်ပင် “ကာကွယ်စောင့်ရှောက်လိုစိတ်” ပြင်းထန်နေ၏။
အကယ်၍ ထျန်းလုဧကရာဇ်သာ လုချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပါက သူသည် လက်နက်ချရန် ပြင်ဆင်ထားသည့် အခြေအနေမှသာ ရောက်လာနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ ထျန်းဟုန်ဧကရီ၏ လက်မှ သူလွတ်နိုင်လိမ့်မည်။
ထို့ကြောင့် ထျန်းဟုန် ဧကရီသည် ထျန်းလုဧကရာဇ်အား လုချန်းအနီးသို့ မချဉ်းကပ်နိုင်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မည်။ မဟုတ်ပါက လုချန်း အနီးသို့ မရောက်မီ ထျန်းလုဧကရာဇ်အား သတ်ဖြတ်ပစ်ပေလိမ့်မည်။
လုချန်း၏ ဂရုမစိုက်သော အမူအရာကို မြင်လျှင် မိုးကြိုး ဧကရာဇ်တို့လည်း သူတို့ရှေ့ရှိ ရှဧကရာဇ်သည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်း သတိရသွားကြသည်။ ထျန်းလုဧကရာဇ်နှင့် အတူ ဖောက်ခွဲခံရလျှင်ပင် သူ၏ ပင်မခန္ဓာကို ထိခိုက်မည် မဟုတ်ပေ။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် သူတို့ စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် လုချန်းက အမိန့်ပေးလိုက်၏။
“ကောင်းပြီ။ အားလုံးပဲ သွားပြီး ပြင်ဆင်ကြပါတော့။ တကယ့် စစ်ပွဲက စတင်တော့မှာ ဖြစ်တယ်။ ဒါက နဂါးတပ်ရဲ့ အင်အားကို စမ်းသပ်ဖို့ အကောင်းဆုံး အချိန်ပဲ။”
ယခင်စစ်ပွဲများတွင် အင်အားကြီးမားသော တပ်ဖွဲ့များဖြင့် ခြိမ်းခြောက်ပြီးနောက် ထိုအင်ပါယာများကို အလွယ်တကူ လက်နက်ချခိုင်းခဲ့ခြင်းသာ ဖြစ်သည်။
ယခင်က အင်ပါယာအများစုကို သွေးထွက်သံယိုမရှိပဲ သိမ်းပိုက်နိုင်ခဲ့သော်လည်း ယခုတော့ မဟာအင်အားကြီးနိုင်ငံလေးနိုင်ငံ ပေါင်းစည်းသွားပြီဖြစ်၍ အခြား အင်ပါယာ အမြောက်အမြားလည်း သူတို့၏ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လာဖွယ် ရှိသည်။ ထိုအခါ စစ်မြေပြင်သည် ယခင်ကနှင့် မတူပဲ များစွာ ကျယ်ပြန့်လာလိမ့်မည်။
ထိုအခါ ပြိုင်ဘက်တွင် ဧကရာဇ် အဆင့် အရေအတွက် တစ်ရာကျော်သွားနိုင်၏။ လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ ကျန်ရှိနေသော ဧကရာဇ် အဆင့်များသည် မဟာအင်အားကြီးနိုင်ငံလေးနိုင်ငံ၏ မဟာမိတ်အဖွဲ့ထဲသို့ ပူးပေါင်းလာနိုင်သည်။
ရှနိုင်ငံတွင် ဧကရာဇ် အဆင့် သုံးဆယ်မှ လေးဆယ်ခန့် ရှိသည်။ ဧကရာဇ် အရေအတွက်အရ ကြည့်လျှင်တော့ ရှနိုင်ငံဘက်၌ အားသာချက် မရှိပေ။
သို့သော်လည်း နဂါးတပ်တွင် အသုံးမပြုရသေးသော မဟာဗျူဟာမြောက် လက်နက် တစ်မျိုးကို ပိုင်ဆိုင်ထား၏။
သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ် တစ်ထောင်ကျော်ကို ရှနိုင်ငံက တည်ဆောက်ထားပြီးဖြစ်၏။ ထိုယာဉ် တစ်စင်းချင်းစီသည် ဧကရာဇ်လောင်း တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ကာ အောက်အဆင့် ဧကရာဇ် တစ်ဦးကိုလည်း ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။
နဂါးတပ်မတော်နှင့် ရှနိုင်ငံမှ ဧကရာဇ် အဆင့်များ အထိရောက်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ပါက ဤစစ်ပွဲကို အနိုင်ရရှိနိုင်သည်။
စစ်ပွဲမစတင်မီ မည်သူမှ ရလဒ်ကို မသိနိုင်သည်ကတော့ အမှန်ပင်။
လုချန်းကတော့ လုံးဝ စိုးရိမ်ခြင်း မရှိပေ။
အကယ်၍ မဟာအင်အားကြီး လေးနိုင်ငံမဟာမိတ်အဖွဲ့ကို သူတို့ မယှဉ်နိုင်ပါက နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ချဲ့ထွင်လိုက်ရုံသာ ဖြစ်သည်။ ထိုထီးသည် ရှနိုင်ငံ၏ အကောင်းဆုံး လက်နက်တစ်ခုဖြစ်သည်။
နတ်ဝိညာဉ်ထီး ရှိနေသဖြင့် မဟာမိတ်အဖွဲ့ မည်မျှပင် ကြီးမားနေပါစေ သို့မဟုတ် ဧကရာဇ် အဆင့် အရေအတွက် မည်မျှပင် များပြားနေပါစေ သို့မဟုတ် ဧကရာဇ် အဆင့်ကိုးများ ထပ်မံ ပါဝင်လာခဲ့လျှင်ပင် ရှနိုင်ငံကို ထိပါးနိုင်မည် မဟုတ်ပေ။
……
တစ်ချိန်တည်းမှာပင်။
ရှန်ယွဲ့နိုင်ငံ။
နန်းတော်။
လုယန်ဟွာသည် ခမ်းနားထည်ဝါသော နဂါးပလ္လင်ပေါ်တွင် ခန့်ညားစွာ ထိုင်နေပြီး ခန်းမဆောင်အတွင်းရှိ ပုံရိပ်ယောင်ကို ကြည့်နေ၏။ သူ၏ မျက်နှာကတော့ အတော် ပျက်ယွင်းနေသည်။
သူတို့ ဆုတ်ခွာခဲ့သော်လည်း သူသည် လုံးဝ လက်လျှော့ခြင်း မရှိပဲ ရှနိုင်ငံ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် သူလျှို အမြောက်အမြား ကို စေလွှတ်ထားခဲ့သည်။
သူတို့ ထွက်ခွာသွားပြီး မကြာသေးမီမှာပင် ရှနိုင်ငံက နယ်မြေချဲ့ထွင်မှုများ စတင်နေပြီဖြစ်ကြောင်းနှင့် သူတို့၏ ဧကရာဇ် အဆင့် အရေအတွက်လည်း သုံးဆယ် သို့မဟုတ် ထိုထက်မက တိုးပွားလာကြောင်း ကြားသိခဲ့ရသည်။
ရှန်ယွဲ့နိုင်ငံသည်ပင် တစ်ကြိမ်လျှင် ဧကရာဇ် အဆင့် တစ်ဒါဇင်ခန့်သာ စေလွှတ်နိုင်သော်လည်း ရှနိုင်ငံက ဘာကြောင့် တစ်ပြိုင်နက်တည်းတွင် နှစ်ဆယ်ကျော်အထိ စေလွှတ်နိုင်ရသနည်း။
ရှနိုင်ငံတွင် ထိုမျှလောက် များပြားသော ဧကရာဇ် အဆင့်များ မည်သည့်အချိန်က ရှိနေခဲ့ခြင်းနည်း။ ဤအချက်က လုယန်ဟွာကို အကြီးအကျယ် စိတ်ရှုပ်စေခဲ့သည်။
ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ် အဆင့် ဆယ်ဦးကျော်သည် အများအားဖြင့် အဆင့်ငါးနှင့် အထက်တွင် ရှိနေကြသဖြင့် ရှနိုင်ငံ၏ အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဧကရာဇ်များနှင့် နှိုင်းယှဉ်လျှင် အလုံးစုံ အင်အားက ပိုသာနေသေးသည်။
သို့သော် ရှနိုင်ငံအနေနှင့် ဧကရာဇ် အဆင့် အမြောက်အမြားကို တစ်ပြိုင်နက်တည်း စုစည်းနိုင်ခြင်းက သူတို့၌ တစ်စုံတစ်ရာသော ဆွဲဆောင်မှု ရှိနေကြောင်း သက်သေပြနေသည်။ မကြာမီ သို့မဟုတ် နောင်တစ်ချိန်တွင် အဆင့်မြင့် ဧကရာဇ် အဆင့် အမြောက်အမြား ရှနိုင်ငံသို့ စုပြုံရောက်ရှိလာပေလိမ့်မည်။
ထိုအခါ ရှနိုင်ငံ၏ အလုံးစုံ အင်အားသည် ရှန်ယွဲ့နိုင်ငံထက် သာလွန်သွားနိုင်၏။
ထျန်းကျိရဲတိုက်၏ အကူအညီဖြင့် ရာဇပလ္လင်ကို ရယူထားခဲ့သည့် လုယန်ဟွာလည်း တစ်နေ့နေ့တွင် သူ၏ ပလ္လင် အလုခံရမည်ကို ထိတ်လန့်လာတော့သည်။
ထို့နောက် လုယန်ဟွာက
“ရှနိုင်ငံမှာ ကောင်းကင်ဧကရာဇ် တစ်ဦး ရှိနေတာ သေချာလား။”
ခန်းမဆောင်အတွင်း၌ သတင်းအချက်အလက် ပေးပို့လာသည့် အရိပ်ကိုယ်ရံတော်အဖြစ် တာဝန်ယူထားသည့် ဧကရာဇ်လောင်း တစ်ဦး ဒူးထောက်လျက် ရှိနေသည်။
ထိုဧကရာဇ်လောင်းက ချက်ချင်းပင် လျှောက်တင်လိုက်သည်။
“မင်းကြီး...ဒီသတင်းက အတည်မပြုနိုင်သေးပါဘူး။ ဘယ်သူမှ ကောင်းကင်ဧကရာဇ်ကို မမြင်ဖူးသလို သူတို့ရဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း မသိကြပါဘူး။”
“ဒါပေမဲ့ ရှနိုင်ငံက သူတို့မှာ ကောင်းကင်ဧကရာဇ် ရှိတယ်လို့ ကြေညာထားပါတယ်။ လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းက အင်ပါယာ အမြောက်အမြားကလည်း ဒါကို ကြားပြီး ရှနိုင်ငံဆီမှာ လက်နက်ချဖို့ ရွေးချယ်ခဲ့ကြတာပါ။ အဲဒါကြောင့် ရှနိုင်ငံရဲ့ ဧကရာဇ် အဆင့် အရေအတွက်က တဖြည်းဖြည်း တိုးလာနေပြီး သူတို့ရဲ့ အင်အားကလည်း ကြီးထွားလာနေတာ ဖြစ်ပါတယ်။”
အရိပ်ကိုယ်ရံတော်၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် လုယန်ဟွာလည်း အတွေးထဲနစ်မြောသွားဟန်ဖြင့် နဂါးပလ္လင်၏ လက်တင်ပေါ်တွင် သူ၏ လက်ချောင်းများဖြင့် ခေါက်နေသည်။
ခဏအကြာတွင် ရှနိုင်ငံ၏ သတင်းအချက်အလက်များအကြောင်းကို ထပ်မံ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အခြား အရိပ်ကိုယ်ရံတော် တစ်ဦး ထပ်မံ ရောက်ရှိလာသည်။
“မင်းကြီး... ရှနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ရရှိထားပါတယ်။”
မကောင်းသော ခံစားချက်တစ်ခုကို ခံစားမိသဖြင့် လုယန်ဟွာ မျက်ခုံးတွန့်သွားသည်။ သူသည် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ အရိပ်ကိုယ်ရံတော်၏ ကျောက်စိမ်းစာလိပ်ပြားအတွင်းရှိ သတင်းအချက်အလက်များ ပွင့်ထွက်လာပြီး သူတို့ရှေ့တွင် ၎င်း၏ အကြောင်းအရာများကို ဖော်ပြပေးလိုက်သည်။
ထိုသတင်းအချက်အလက်များတွင် ပုံရိပ်တစ်ခုသာ ပါဝင်၏။ ထျန်းဟုန် ဧကရီက ဧကရာဇ် အဆင့် ဒါဇင်ပေါင်းများစွာနှင့် တိုက်ခိုက်နေသည့် ပုံရိပ်ဖြစ်သည်။
သတ်ဖြတ်ခြင်း နယ်ပယ် ရုတ်သိမ်းလိုက်ပြီးနောက် စကြဝဠာအတွင်း ထျန်းဟုန် ဧကရီ တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး သူမ၏ ပတ်ပတ်လည်တွင် အမျိုးမျိုးသော ဧကရာဇ် အဆင့်များ၏ အလောင်းများ ဝန်းရံလျက် ရှိနေသည်။
လုယန်ဟွာ ဆွံ့အ တိတ်ဆိတ်သွား၏။
သူသည် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်သော်လည်း ဧကရာဇ် အဆင့်နှစ်သို့သာ ရောက်ရှိထား၏။ ထို့ကြောင့် အဆင့်ခြောက်မှ သတ်ဖြတ်ခြင်း ဧကရာဇ်ကို မယှဉ်နိုင်ကြောင်း သူ ကောင်းစွာ သိထားသည်။
ထို့ပြင် ဧကရာဇ် အဆင့်ကိုး တစ်ဦးကို သူမထံ စေလွှတ်ခဲ့လျှင်ပင် မည်သည့် ရလဒ် ကောင်းမှ ထွက်ပေါ်လာမည် မဟုတ်ကြောင်းကိုလည်း သူ နားလည်ထားသည်။
ထိုအခိုက်အတန့်တွင် လုယန်ဟွာစိတ်ထဲ အမျက်ဒေါသ ထွက်မလာတော့ပဲ ထိတ်လန့်တုန်လှုပ်ခြင်းသာ ဖြစ်ပေါ်နေသည်။ သူ သတိပြန်ဝင်လာသောအခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ် အဆင့်များထံ ချက်ချင်းပင် ဆက်သွယ်လိုက်ပြီး ရှနိုင်ငံ၏ မကြာသေးမီက လှုပ်ရှားမှုများ အားလုံးကို သူတို့ထံ ပြန်လည် တင်ပြလိုက်သည်။
…………..