အခန်း (၁၄၈၃-၁၄၈၅)
Vol. 99 Ch. 1483-1485
အခန်း( ၁၄၈၃ )
ပြင်ပနယ်မြေ
ရှန်ယွဲ့နိုင်ငံမှ အဆင့်ကိုး ဧကရာဇ်များပင် ရှနိုင်ငံ၏ အတားအဆီးကို မဖျက်ဆီးနိုင်သည်ကိုပင် ထည့်မတွက်လျှင်ပင် ရှနိုင်ငံက ပြသထားသည့် အင်အား အခြေအနေကို လုယန်ဟွာ ရှင်းလင်းစွာ မြင်တွေ့ပြီးဖြစ်သည်။
ရှန်ယွဲ့နိုင်ငံ၌ ရှနိုင်ငံ၏ အတားအဆီးကို တကယ် ဖျက်ဆီးနိုင်သည့် စွမ်းဆောင်ရည် ရှိနေလျှင်ပင် ရှနိုင်ငံ၏ အရိပ်ထဲတွင် ဖုံးကွယ်ထားသော လျှို့ဝှက်အင်အားစုများသည် ရှန်ယွဲ့နိုင်ငံ ကိုင်တွယ်နိုင်မည့် အင်အားမျိုး မဟုတ်နိုင်ပေ။
အထူးသဖြင့် ရှနိုင်ငံတွင် “ကောင်းကင်ဧကရာဇ်” တစ်ပါး ရှိနေသည်ဟု ကြားပြီးနောက် သူစိတ်ထဲတွင် ရှိနေသော သံသယများအားလုံးကို အဖြေထုတ်နိုင်ပြီဟု လုယန်ဟွာ၏ ပို၍ခံစားလိုက်ရသည်။
ဥပမာအားဖြင့် လုချန်းက အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ တိုးတက်လာသနည်း။
အဆင့်ကိုး ဧကရာဇ်အဆင့်ပင် မဖျက်ဆီးနိုင်သည့် အတားအဆီး လုချန်းတွင် အဘယ်ကြောင့် ရှိနေသနည်း။
ဧကရာဇ်အဆင့်များစွာသည် လုချန်း၏ အနီးအနားတွင် အဘယ်ကြောင့် စုဝေးနေကြသနည်း။
အကယ်၍ လုချန်း၏ နောက်ကွယ်တွင် ကောင်းကင်ဧကရာဇ်အစစ် တစ်ပါးသာ ရှိနေခဲ့လျှင် ဤအရာအားလုံးကို ရှင်းပြနိုင်မည် ဖြစ်သည်။
ရှနိုင်ငံ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားရန်အတွက် ထျန်းကျိရဲတိုက်၏ အင်အားကို အားကိုးရန် လုယန်ဟွာ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
ထိုကိစ္စသည် ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်နေသောကြောင့် ၎င်းသည် သူ ကိုင်တွယ်နိုင်မည့်အရာ မဟုတ်တော့ချေ။ ထျန်းကျိရဲတိုက်တွင် အဖြေတစ်ခု ရှိကောင်းရှိနိုင်မည်ဟု သူ ယုံကြည်နေသည်။
……
ကောင်းကင်လျှို့ဝှက်ချက်ကမ္ဘာ။
ထျန်းကျိရဲတိုက်။
ကြယ်တာရာခန်းမအတွင်း။
ရွှမ်ထျန်းသည် ကြယ်တာရာခန်းမရှိ ဟင်းလင်းပြင်၌ မတ်မတ်ထိုင်နေလျက်ရှိသည်။ သူ၏ ရှေ့တွင် လင်ကျောက် မဟာကြယ်နယ်မြေစု၌ ဖြစ်ပျက်နေသည့်အရာများကို ပြသနေသော ကြီးမားသည့် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ရှိနေသည်။
တကယ်တော့ လုယန်ဟွာ အစီရင်ခံခြင်း မပြုမီကပင် လင်ကျောက် မဟာကြယ်နယ်မြေစု၌ ဖြစ်ပျက်နေသည်များကို ရွှမ်ထျန်း သိပြီးသား ဖြစ်သည်။ ထိုဒေသရှိ အဖြစ်အပျက်များကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်း ဖြစ်၏။
ယခုချိန်အထိ ရွှမ်ထျန်း ဝင်ရောက် မစွက်ဖက်ရသည့် အကြောင်းရင်းမှာ ထိုအခြေအနေများကို ကိုင်တွယ်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်သေးသောကြောင့် ဖြစ်သည်။
လက်ရှိသူ၏ အစီအစဉ်က လုချန်းကို ပြင်ပသို့ ဆက်လက် နယ်မြေချဲ့ထွင်ခွင့် ပေးထားရန်ဖြစ်သည်။ လုချန်း ရှနိုင်ငံနှင့် ဝေးကွာသွားသည့်အခါမှ ရှနိုင်ငံ တစ်ခုလုံးကို ဤစကြဝဠာမှ ဖျောက်ဖျက်ပစ်ရန် သူ စဉ်စားထားသည်။
ဤနည်းအားနှင့် ရှနိုင်ငံ၏ နတ်လက်နက်က ဖန်တီးထားသော အတားအဆီးကို ဖျက်ဆီးရခြင်းမှ ရှောင်ရှားနိုင်မည့်အပြင် လုချန်းကိုလည်း ချန်ထားနိုင်မည် ဖြစ်သည်။
သို့သော် အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် လုချန်း အလွန် သတိကြီးကြောင်း ရွှမ်ထျန်း တွေ့ရှိလိုက်သည်။ သူသည် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တိုင်း ထိုနိုင်ငံကို နတ်လက်နက်၏ အတားအဆီး ကာကွယ်မှုအောက်သို့ ရောက်ရှိအောင် ချက်ချင်း ပြုလုပ်လေ့ရှိသည်။
ထိုသို့သော အခြေအနေမျိုးတွင် သူ လှုပ်ရှားလိုက်သည်နှင့် လုချန်းက ဧကန်မုချ သတိပြုမိသွားမည် ဖြစ်သည်။ ထိုအခါ လုချန်းသည် ရှနိုင်ငံ၏ အတားအဆီးအတွင်းသို့ အမြန်ဆုံး ဝင်ရောက်သွားမည် ဖြစ်ရာ သူ၏ အစီအစဉ်လည်း ပျက်စီးသွားလိမ့်မည် ဖြစ်သည်။
ခန်းမမျက်နှာပြင်ပေါ်ရှိ အကြောင်းအရာများကို မြင်လျှင် ရွှမ်ထျန်း၏ မျက်ခုံးများ ပို၍ တွန့်လာသည်။ ဖရိုဖရဲပင်လယ်အကျော်ရှိ အခြားကမ္ဘာမှ ဤအင်အားကြီး သတ္တဝါကို ဝါးမြိုလိုက်ခြင်းဖြင့် သူ ပို၍အင်အားကြီးမားလာမည်ဟု အစက ထင်ခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာ ကြာသည်အထိ ဤသတ္တဝါကို သူဘာမှ မလုပ်နိုင်သေးပေ။ သူ၏ အတွင်းစကြဝဠာသည် ခေတ်ကာလများစွာကို ကျော်ဖြတ်ခဲ့သော်လည်း လုချန်းကတော့ အသက်ရှင်လျက် လှုပ်ရှားနေဆဲ ဖြစ်သည်။
အထူးသဖြင့် ဤခေတ်တွင် လုချန်းသည် နတ်လက်နက်တစ်ခုကို တကယ် ရရှိထားပြီဖြစ်သည်။
၎င်းက ရယ်စရာကောင်းလှသည်။
ဤနတ်လက်နက်က ဘယ်နေရာမှ ရောက်လာသနည်း။
ထိုအရာကို ရွှမ်ထျန်း စဉ်းစား၍ မရနိုင်ချေ။
“ထားလိုက်ပါတော့...အခု အဲဒီအကြောင်း စဉ်းစားနေလည်း အသုံးမဝင်ဘူး။ ငါဆိုတာက ဝါးမြိုပြီးသား ဘယ်အရာကိုမှ ပြန်အံထုတ်ခဲ့တာမျိုး မရှိဘူး။”
ယခု လုချန်း၏ စကြဝဠာအတွင်း၌ လုချန်းကို ကိုင်တွယ်နိုင်သူ မရှိသောကြောင့် ပို၍အင်အားကြီးမားသော ရန်သူများကို ခေါ်ဆောင်လာရုံသာ ကျန်တော့သည်။ နတ်လက်နက်ကို ကိုင်တွယ်နိုင်မည့်သူတစ်ဦးတော့ ပြင်ပတွင် အမြဲတစေ ရှိနေမည်သာ ဖြစ်သည်။
ထိုသို့တွေးပြီးနောက် စကြဝဠာ၏ မူလအစစွမ်းအားကို ရွှမ်ထျန်း စတင် လှုပ်ရှားစေလိုက်သည်။
တစ်ချိန်တည်းမှာပင် စကြဝဠာတစ်ခုလုံး စတင် လှုပ်ခါလာသည်။ ထူးဆန်းသော စွမ်းအားလှိုင်းများလည်း စကြဝဠာအနှံ့ ပျံ့နှံ့သွားပြီး ထိုလှိုင်းများ ရောက်ရှိရာ နေရာတိုင်းတွင် ဤစကြဝဠာကြီး အက်ကွဲသွားသကဲ့သို့ အက်ကြောင်းအချို့ ပေါ်ထွက်လာသည်။
အက်ကြောင်းများ ပေါ်ထွက်လာပြီးနောက် ၎င်းတို့အတွင်းမှ ထူထပ်သော အမည်းရောင် ဓာတ်ငွေ့များ စတင် ထွက်ပေါ်လာသည်။ နိုင်ငံအမြောက်အမြားသည် ထိုအမည်းရောင် ဓာတ်ငွေ့များနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားကြ၏။
မကြာမီ စကြဝဠာအတွင်းရှိ ထိပ်သီးအင်အားစုများနှင့် ထိပ်သီး မြင့်မြတ်နယ်မြေအားလုံးသည် ထိုအက်ကြောင်းများ၏ အခြေအနေကို စုံစမ်းရန်အတွက် ဧကရာဇ်အဆင့်များကို စေလွှတ်လိုက်ကြသည်။
…….
ရှနိုင်ငံ၏ အစွန်းပိုင်း။
ကွေ့ဟိုင်ကြယ်နယ်မြေ။
ကွေ့ဟိုင်ကြယ်နယ်မြေ၌ ကြီးမားသော စကြဝဠာအက်ကြောင်းတစ်ခု ပေါ်ပေါက်လာကြောင်း ကြားလျှင် စုံစမ်းစစ်ဆေးရန်အတွက် သူ၏ကိုယ်ပွားတစ်ခုကို လုချန်း ချက်ချင်း စေလွှတ်လိုက်သည်။
စကြဝဠာတစ်ခုလုံးနှင့် ယှဉ်လျှင်တော့ ထိုအက်ကြောင်းက အလွန် မရှည်လျားပေ။ အလင်းနှစ် တစ်ဆယ်ကျော်ခန့်သာ ရှိသည်။
သို့သော် အက်ကြောင်းမှ ထွက်ပေါ်လာသော အမည်းရောင် ဓာတ်ငွေ့များက ပြင်းထန်သော အန္တရာယ်အငွေ့အသက်များကို ခံစားရစေသည်။ သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ရှာဖွေကြည့်သောအခါ ထိုသို့သော စကြဝဠာအက်ကြောင်းနှင့် ပတ်သက်၍ ဖော်ပြချက် တစ်ခုမှ မတွေ့ရပေ။ ထို့ကြောင့် ဤအရာသည် သူ့အတွက်တော့ လုံးဝအသစ်သော ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်နေသည်။
ဤစကြဝဠာအက်ကြောင်း ဘာလဲဆိုတာကို သူလုံးဝ မသိပေ။
…….
တစ်ချိန်တည်းတွင်။
လင်ကျောက် မဟာကြယ်နယ်မြေစု။
နဂါးတပ်၏ ပင်မကြယ်ဖျက်ယာဉ် အစည်းအဝေးခန်းမ။
သူ မြင်တွေ့ခဲ့ရသော အက်ကြောင်းအကြောင်းကို ရှိနေသည့် ဧကရာဇ်အဆင့်များကို လုချန်း ပြောပြလိုက်ပြီး ထိုစကြဝဠာအက်ကြောင်းနှင့် ပတ်သက်၍ သူတို့၏ ထင်မြင်ချက်များကို မေးမြန်းလိုက်သည်။
စကြဝဠာအက်ကြောင်းမှ အမည်းရောင် ဓာတ်ငွေ့များ ထွက်ပေါ်နေသည်ကို ကြားလျှင် မိုးကြိုး ဧကရာဇ်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ချက်ချင်း မေးလိုက်သည်။
“မင်းကြီး.....အဲ့ဒီအမည်းရောင် ဓာတ်ငွေ့တွေက နတ်ဆိုးအငွေ့အသက်များလား”
လုချန်းက
“နတ်ဆိုးအငွေ့အသက် မဟုတ်ဘူး။ အဲ့ဒါက ကျွန်တော် တစ်ခါမှ မကြုံဖူးတဲ့ ဒြပ်ဝတ္ထုတစ်ခုပဲ။”
မိုးကြိုး ဧကရာဇ်က ဆက်လက် ရှင်းပြလိုက်သည်။
“ကျွန်တော် မမှားဘူးဆိုရင် အဲဒါက ဖရိုဖရဲအငွေ့အသက် ဖြစ်ရမယ်။”
လုချန်းက ဇဝေဇဝါဖြစ်စွာ မေးလိုက်၏။
“ဖရိုဖရဲအငွေ့အသက်...အဲဒါက ဘာလဲ”
မိုးကြိုး ဧကရာဇ်က
“အဲဒါက ပြင်ပနယ်မြေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ငွေ့တစ်မျိုးပဲ။ ဖရိုဖရဲအငွေ့အသက်က လူသားခန္ဓာကိုယ်ကို တိုက်စားနိုင်ပြီး အဲ့ဒီအငွေ့အသက်ရဲ့ လွှမ်းမိုးမှုအောက်မှာ လူတွေအကြာကြီး မနေနိုင်ဘူး။”
ထိုစကားထဲ၌ “ပြင်ပနယ်မြေ” ဟူသော အဓိက စကားလုံးကို လုချန်း ချက်ချင်း သတိပြုမိသွား၏။
သူ၏ အတိတ်ဘဝ မှတ်ဉာဏ်ထဲတွင် ပြင်ပနယ်မြေနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပေ။ ပြင်ပနယ်မြေဟု ခေါ်သော နေရာသည် ဤဘဝတွင်မှ ပေါ်လာခြင်း ဖြစ်ပုံရသည်။
သို့မဟုတ် သူ၏ အစောပိုင်း အတိတ်ဘဝများတွင် ပြင်ပနယ်မြေကို ကြုံတွေ့ခဲ့ဖူးသော်လည်း ထိုမှတ်ဉာဏ်အပိုင်းကို မဖွင့်ရသေးခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ထိုအရာများက အရေးမကြီးပေ။ စကြဝဠာ၌ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီး ပြင်ပနယ်မြေမှ ဓာတ်ငွေ့များ ဤစကြဝဠာအတွင်းသို့ စတင် ပျံ့နှံ့လာခြင်းသည် ကောင်းသော လက္ခဏာတစ်ခု မဟုတ်တာတော့ အမှန်ပင် ဖြစ်သည်။
လုချန်းက ဆက်လက်၍
“ကျုပ် ပြင်ပနယ်မြေကို တစ်ခါမှ မရောက်ဖူးဘူး။ အဲဒီအကြောင်း ကျုပ်ကို ပြောပြပါဦး။”
မိုးကြိုး ဧကရာဇ်က ခဏခန့် စဉ်းစားပြီးနောက် စကားပြန်စလိုက်၏။
“ပြင်ပနယ်မြေက အတော်လေး ကစဉ့်ကလျားဖြစ်တဲ့ နေရာတစ်ခုပဲ။ အဲ့ဒီက နိယာမတွေကလည်း မပြည့်စုံဘူး။ အဲဒီမှာ အခြား စကြဝဠာက အလွန် အင်အားကြီးမားတဲ့ သတ္တဝါတွေ အမြောက်အမြား ရှိပါတယ်။”
“အရင်တုန်းက ကျွန်တော် ရှန်ဝူဧကရာဇ်နောက်ကို လိုက်ပြီး ပြင်ပနယ်မြေကို သွားခဲ့ဖူးတယ်။ အဲ့ဒီမှာ ရှန်ဝူဧကရာဇ်ဟာ အလွန် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အဲ့ဒီရန်သူနဲ့ သုံးရက်သုံးည တိုက်ခိုက်ပြီးနောက် ပြန်လာပြီး တံခါးပိတ် ကျင့်စဉ်စခန်းကို တန်းဝင်သွားခဲ့တယ်။”
“ပြင်ပနယ်မြေရဲ့ တခြား လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။”
လုချန်းက သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
“ပြင်ပနယ်မြေက အဲ့ဒီလောက်တောင် အန္တရာယ်များတာကို လူတွေ ဘာလို့ သွားကြတာလဲ။ အဲ့ဒီမှာ ရတနာတွေ အမြောက်အမြား ရှိလို့လား။”
မိုးကြိုး ဧကရာဇ်က အတည်ပြု ဖြေကြားလိုက်သည်။
“ဟုတ်ပါတယ်။ ပြင်ပနယ်မြေမှာ ရတနာတွေ အမြောက်အမြား ရှိတယ်။ ပြီးတော့ အဲ့ဒါတွေက သဘာဝအတိုင်း ပေါက်ဖွားလာပုံရတယ်။”
ပြင်ပနယ်မြေနှင့် ဤစကြဝဠာသည် စကြဝဠာ တစ်ခုတည်းမှာ ပါဝင်သလား သို့မဟုတ် ပြင်ပနယ်မြေဆိုသည်က အခြား စကြဝဠာ တစ်ခုလား ဆိုတာကိုတွေးရင်း လုချန်း စဉ်းစားခန်းဝင်သွားသည်။
ခဏခန့် စဉ်းစားပြီးနောက် ပြင်ပနယ်မြေကို စူးစမ်းရန် ကိုယ်ပွားတစ်ခု စေလွှတ်ဖို့ လုချန်းက ဆုံးဖြတ်လိုက်သည်။ ကွေ့ဟိုင်ကြယ်နယ်မြေ၌ အက်ကြောင်းတစ်ခု ပေါ်လာပြီ ဖြစ်ရာ ထိုအာကာသအက်ကြောင်းကို ဖြတ်ကျော်ခြင်းဖြင့် ပြင်ပနယ်မြေသို့ တိုက်ရိုက် ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုအရာက လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
လုချန်း ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် သူ၏ နောက်၌ ထူထပ်သော မိစ္ဆာအငွေ့အသက်တစ်ခု ပေါ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။
လှည့်ကြည့်လိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးကဲ့သို့ နီရဲသော အလင်းတန်းများ ထွက်ပေါ်နေသည့် ထျန်းဟုန် ဧကရီကို သူ တွေ့လိုက်ရသည်။
လုချန်းက မေးလိုက်၏။
“ဒါက ဘာဖြစ်တာလဲ”
ထျန်းဟုန် ဧကရီ၏ နီရဲသော မျက်လုံးများက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်နေပြီး အေးစက်စွာဖြင့်
“ကျွန်မ ပြင်ပနယ်မြေကို သွားချင်တယ်”
ဤစကြဝဠာအတွင်း၌ လူအနည်းငယ်ကို သတ်ရန်ပင် လုချန်း၏ စိတ်အခြေအနေကို ကြည့်ရသော်လည်း ပြင်ပနယ်မြေသို့ သွားလျှင်မူ အခြားလောကမှ သတ္တဝါများကို သူမ စိတ်ကြိုက် သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ထျန်းဟုန် ဧကရီအတွက်မူ ပြင်ပနယ်မြေသည် သူမ၏ စစ်မှန်သော စစ်တလင်းဖြစ်သလို သူမ၏ ကျင့်စဉ်အဆင့်ကို အမြန်ဆုံး ပြန်လည် ထူထောင်နိုင်မည့် နေရာလည်း ဖြစ်သည်။
သို့သော် သူမက တစ်ယောက်တည်း ဆုံးဖြတ်၍တော့ မရနိုင်ပေ။ လုချန်းက နတ်လက်နက် ဝိညာဉ်စာချုပ်ကို အသုံးပြုပြီး သူမကို ပြန်ခေါ်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
…………..
အခန်း (၁၄၈၄)
ပြင်ပနယ်မြေအကြောင်း
ထျန်းဟုန် ဧကရီ၏ စကားကို ကြားလျှင် လုချန်း ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူကခဏခန့် စဉ်းစားပြီးနောက်
“ပြင်ပနယ်မြေက အန္တရာယ်များတယ်။”
ထိုအရာကို ကြားလျှင် ထျန်းဟုန် ဧကရီ၏ စိတ်ထဲ၌ မျှော်လင့်ချက် တစ်ဝက်ခန့်မျှ ပျက်သုဉ်းသွားသည်။ သူမ၏ မျက်နှာသည် အေးစက်နေဆဲဖြစ်သော်လည်း အတွင်း၌မူ အလွန်စိတ်ပျက်သွားသည်။
သူမ ထင်ထားသည့်အတိုင်းပင် ဤလူယုတ်မာသည် သူမအား ထွက်ခွာခွင့်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သူက သူမကို ဆက်လက် ထိန်းချုပ်ထားချင် နေတာ ထင်ရှားသည်။
ထျန်းဟုန် ဧကရီက ကန့်ကွက်ရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ဆက်ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်။ မင်းနဲ့အတူ ကိုယ့်ရဲ့ ကိုယ်ပွားတစ်ခု လွှတ်လိုက်မယ်။”
ထျန်းဟုန် ဧကရီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ မျက်နှာသည် ဆက်လက် အေးစက်နေဆဲဖြစ်သော်လည်း ဒီတစ်ခါတော့ ထိတ်လန့်သွားခဲ့ခြင်း ဖြစ်သည်။
ဤလူ တကယ်ပဲ သဘောတူလိုက်တာလား...
ကလေး မကြီးသေးဘူးဟူသော အကြောင်းပြချက်များကို လုချန်း ပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။
လုချန်းက ဆက်လက်၍
“ဒါပေမဲ့ လင်ကျောက် မဟာကြယ်နယ်မြေစုနဲ့ စစ်ပွဲပြီးမှ သွားရမယ်။”
လင်ကျောက် မဟာကြယ်နယ်မြေစု၏ အင်အားအကြီးဆုံး နိုင်ငံကြီးလေးနိုင်ငံသည် မဟာမိတ်ဖွဲ့ထားပြီးဖြစ်၏။ လင်ကျောက် မဟာကြယ်နယ်မြေစုမှ အခြားသော နိုင်ငံများကိုလည်း စုစည်းထားပြီး ဖြစ်သည်။
ယခုအခါ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့တွင် ဧကရာဇ် အဆင့်ပေါင်း တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ ထို့ပြင် အဆင့်ကိုး ဧကရာဇ် အဆင့် တစ်ယောက်လည်း ပါဝင်နေသေးသည်။
ထျန်းဟုန် ဧကရီသာ ယခု ထွက်ခွာသွားပြီး ပြင်ပနယ်မြေသို့ သွားမည်ဆိုပါက ထိုအဆင့်ကိုး ဧကရာဇ် အဆင့်ကို ရင်ဆိုင်ရန် မည်သူမှ ကျန်ရှိတော့မည် မဟုတ်ပေ။
လုချန်း ကိုယ်တိုင် ထွက်၍တိုက်ခိုက်ခြင်းက အလွန်နည်းပါးသည်။
သူသည် သတ်ဖြတ်ခြင်းစွမ်းအားကို သုံးစွဲနိုင်ပြီး နတ်ဘုရားခြေမှုန်းဓားကို ပိုင်ဆိုင်ထားသော်လည်း မိမိကိုယ်ပိုင် အင်အားကို မယုံကြည်သေးပေ။ ထျန်းလုဧကရာဇ်ကို ကိုင်တွယ်ခြင်းအား ထျန်းဟုန် ဧကရီအား လွှဲပြောင်းပေးခြင်းက ပိုကောင်းသည်။
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန် ဧကရီက တွေဝေခြင်းမရှိပဲ တိုက်ရိုက် တုံ့ပြန်လိုက်သည်။
“ကောင်းပြီ။”
ထျန်းဟုန် ဧကရီသည် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့အတွင်းသို့ အမြန်ဆုံး ဝင်ရောက်ကာ ထိုလူအားလုံးကို ကိုင်တွယ်ပြီး ပြင်ပနယ်မြေသို့ သွားရောက်ကာ အထိန်းအကွပ်မဲ့ သတ်ဖြတ်ချင်နေပြီ ဖြစ်သည်။
သူမ၏ ဖုံးကွယ်၍မရသော မတည်မငြိမ်ဖြစ်နေသည့် မိစ္ဆာအငွေ့အသက်များကို မြင်လျှင် လုချန်း တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ ထို့နောက် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် ထျန်းဟုန် ဧကရီကို ဖေးဟုန် နတ်လှေအတွင်းရှိ နန်းဆောင်သို့ ခေါ်ဆောင်သွားလိုက်သည်။
လုချန်းက သူမကို နန်းဆောင်သို့ တစ်ဦးတည်း ပြန်ခေါ်လာသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီထံ၌ ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
လုချန်းက သူပြောခဲ့သည့် စကားကို ပြန်ရုပ်သိမ်းရန် ကြံစည်နေခြင်းလား။
ထျန်းဟုန် ဧကရီက အေးစက်စွာ မေးလိုက်၏။
“ရှင် ဘာလုပ်ချင်လို့လဲ။”
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး ထျန်းဟုန် ဧကရီ၏ ခါးကို အနောက်မှနေ၍ အရှက်မရှိ ဖက်လိုက်ကာ သူမ၏ နားနားသို့ကပ်၍ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး...ကိုယ် မင်းကို မေးခွန်းနည်းနည်း မေးချင်ရုံပါ။ ပြင်ပနယ်မြေ အကြောင်းပေါ့။”
လုချန်း၏ စကားကို ကြားတော့မှ ထျန်းဟုန် ဧကရီက သက်ပြင်းချနိုင်တော့သည်။ လုချန်းက ကတိဖျက်ချင်နေသည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ လုချန်းက သူမကို ပြင်ပနယ်မြေသို့ သွားခွင့်ပြုသရွေ့ အဆင်ပြေသည်။
ထျန်းဟုန် ဧကရီက
“ဘာမေးခွန်းတွေလဲ။”
လုချန်းက
“မင်း အတိတ်ဘဝတုန်းက ပြင်ပနယ်မြေမှာ ကျဆုံးခဲ့တာ မဟုတ်လား။”
ထျန်းဟုန် ဧကရီက အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။”
သူမ၏ ကျဆုံးမှုကို တွေးမိလျှင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းစွမ်းအားများ ခန်းမတစ်ခုလုံး၌ သောင်းကျန်းလာသည်။ သူမ၏ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်မရသေးပေ။
သူမ မကျဆုံးမီ အခြားလောကမှ စွမ်းအားရှင် အမြောက်အမြား၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် သူမ၏ ဝိညာဉ်ကို ကိုယ်တိုင်ဖျက်ဆီးခဲ့ရကြောင်းကို ဝေဝါးစွာ မှတ်မိနေသည်။
ဟုတ်ပါသည်။ ထိုအရာများက သူမ မှတ်ဉာဏ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး မှန်ကန်ခြင်း ရှိ မရှိကိုတော့ သူမ မသေချာပေ။
ထျန်းဟုန် ဧကရီ၏ စိတ်အခြေအနေ မကောင်းသည်ကို မြင်လျှင် လုချန်းက ပြုံးပြီး
“ပြင်ပနယ်မြေမှာ မင်းရဲ့ရန်သူတွေ ရှိနေသေးတဲ့ ပုံပဲ။ ဒါဆို မင်း ပြင်ပနယ်မြေအကြောင်း ပိုသိမှာပေါ့။ အဲ့ဒီမှာ အခြားလောကက ကောင်းကင်ဧကရာဇ် အဆင့်တွေ ရှိလားဆိုတာ ကိုယ် သိချင်တယ်။”
ထိုမေးခွန်းကို ကြားလျှင် ထျန်းဟုန် ဧကရီ ခဏခန့် တိတ်ဆိတ်သွားသည်။ ရိုးရိုးသားသား ပြောရလျှင် သူမလည်း ထိုအဖြေကို သေချာမသိပေ။
ခဏအကြာတွင် ထျန်းဟုန် ဧကရီက နောက်ဆုံးတွင်
“ရှိနိုင်တယ်။”
အင်အား အလွန်ကြီးမားသော အခြား လောကမှ စွမ်းအားရှင် အချို့နှင့် တွေ့ဆုံခဲ့သည်ကို ထျန်းဟုန် ဧကရီ ပြန်လည် သတိရလိုက်သည်။ သူမကိုယ်တိုင်ပင် ထိုသူများကို မယှဉ်နိုင်သဖြင့် တိုက်ပွဲကို ရှောင်တိမ်းခဲ့ရသည့် အချိန်များ ရှိခဲ့သည်။
မပြည့်စုံသော နိယာမများကြောင့် ထိုအခြား လောကမှ စွမ်းအားရှင်များက ထိုကဲ့သို့ အင်အားကို ပိုင်ဆိုင်ထားခြင်းလား သို့မဟုတ် သူတို့၏ မူလအင်အားကပဲ ဧကရာဇ် အဆင့်ထက် ကျော်လွန်နေခြင်းလား ဆိုတာကတော့ ထျန်းဟုန် ဧကရီ မသေချာပေ။
နိယာမများ မပြည့်စုံလျှင် အခြေအနေ နှစ်မျိုး ဖြစ်ပေါ်နိုင်သည်။ တစ်မျိုးမှာ ကျင့်ကြံသူများ၏ စွမ်းအားကို ကန့်သတ်ထားခြင်း ဖြစ်သည်။ ပြီးပြည့်စုံသော နိယာမများ မရှိပါက ကျင့်ကြံသူများသည် နိယာမနှင့် သက်ဆိုင်သော စွမ်းအားများကို အသုံးမပြုနိုင်တော့သဖြင့် သူတို့၏ အင်အား သိသိသာသာ လျော့နည်းသွားနိုင်သည်။
အခြားတစ်မျိုးမှာ နိယာမ ကန့်သတ်ချက်များ လုံးဝမရှိခြင်းဖြစ်၏။ ထိုအခါ အချို့ သော လူများသည် သူတို့၏ အင်အားအပြည့်ကို ထုတ်ဖော်နိုင်ပြီး အဖျက်စွမ်းအားပြင်းသော တိုက်ကွက်များကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ဤစကြဝဠာအတွင်းရှိ ကမ္ဘာများဖြစ်သည်။ အကယ်၍ ယခုအချိန်၌ ပြီးပြည့်စုံသော နိယာမများ ရှိနေသည့် ထျန်းချန်ကမ္ဘာသို့ ဧကရာဇ် အဆင့် တစ်ယောက် သွားရောက်မည်ဆိုပါက သူ၏ အင်အားကို များစွာ ဖိနှိပ်ခံထားရမည် ဖြစ်သည်။ နိယာမ ဖိနှိပ်မှုများကြောင့် ထျန်းချန်ကမ္ဘာအတွင်းရှိ ဧကရာဇ် အဆင့် တစ်ယောက်သည် အာကာသဟင်းလင်းပြင်ထဲရှိ ပြန်လည်ပျက်စီးခြင်းအဆင့်နှင့် တူညီသော ဖျက်ဆီးမှုကိုသာ ပြုလုပ်နိုင်ပေလိမ့်မည်။
ပြင်ပနယ်မြေတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ နိယာမအပေါ် အခြေခံသည့် စွမ်းအားဖိနှိပ်မှုများ မရှိသော်လည်း ဤစကြဝဠာမှ လာသော ထျန်းဟုန် ဧကရီကဲ့သို့ သူများအတွက် နိယာမ အထောက်အပံ့ အချို့ကို ဆုံးရှုံးရခြင်းက သူတို့၏ အင်အားကို သဘာဝအတိုင်း အားနည်းသွားစေမည် ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ပြင်ပနယ်မြေသို့ ဝင်ရောက်သည့် ဤစကြဝဠာမှ ဧကရာဇ် အဆင့်များသည် ဖရိုဖရဲ စွမ်းအားများ၏ ကျူးကျော်မှုကို ခုခံရန် စွမ်းအားအချို့ကို အမြဲတမ်း ချန်လှပ်ထားရခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားကမ္ဘာမှ စွမ်းအားရှင်များနှင့် တိုက်ခိုက်သောအခါ သူတို့၏ အင်အားအပြည့်ကို မထုတ်ဖော်နိုင်ခြင်းလည်း ဖြစ်သည်။
သူမထက် ပို၍ အားကြီးသော စွမ်းအားရှင် အမြောက်အမြားကို ထျန်းဟုန် ဧကရီ မြင်တွေ့ခဲ့ဖူးသည်။ ပြင်ပနယ်မြေသည် ထိုအခြားကမ္ဘာမှ စွမ်းအားရှင်များအတွက် အားသာချက်ဖြစ်နေတာလား သို့မဟုတ် ကန့်သတ်နေသလား ဆိုတာကိုတော့ သူမ သေချာမသိသောကြောင့် သူတို့သည် ကောင်းကင်ဧကရာဇ် အဆင့် ဟုတ်မဟုတ်ကို သူမ မဆုံးဖြတ်နိုင်ပေ။
အကယ်၍ ပြင်ပနယ်မြေသည် ထိုစွမ်းအားရှင်များအတွက် ကန့်သတ်ချက်များ ရှိနေမည်ဆိုပါက သူမ တွေ့ကြုံခဲ့ရသော သူများသည် သူမ ထင်ထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းနေလိမ့်မည်။ ထိုသူများသည် တကယ်ပင် ကောင်းကင်ဧကရာဇ် အဆင့်များ ဖြစ်ပေလိမ့်မည်။
ထျန်းဟုန် ဧကရီ၏ မရေရာသော အဖြေကြောင့် လုချန်း စဉ်းစားသွားပြီး ထပ်မေးလိုက်သည်။
“ပြင်ပနယ်မြေရဲ့ နိယာမတွေက ဘယ်လောက်အထိ မပြည့်စုံတာလဲ။”
ထျန်းဟုန် ဧကရီက
“စကြဝဠာ စတင်ဖြစ်ပေါ်စ အချိန်ကလိုမျိုးပဲ။”
ထိုအဖြေက လုချန်းကို ပို၍ နက်နဲစွာ တွေးမိစေသည်။
လုချန်းက ထပ်မံ စုံစမ်းပြန်သည်။
“ပြင်ပနယ်မြေမှာ နယ်နိမိတ် ရှိလား။”
ထျန်းဟုန် ဧကရီက
“ရှိတယ်။”
ပြင်ပနယ်မြေတွင်လည်း နယ်နိမိတ်များ ရှိနေမည်ဆိုလျှင် ၎င်းသည် တကယ်တော့ အခြားစကြဝဠာတစ်ခု ဖြစ်နေနိုင်မလားဟု လုချန်းက မတွေးပဲ မနေနိုင် ဖြစ်သွားသည်။
ပုံဖော်စ ပြုနေသည့် စကြဝဠာတစ်ခုလား။
ထို့နောက် လုချန်းက မေးပြန်သည်။
“အဲ့ဒီ ပြင်ပနယ်မြေက စွမ်းအားရှင်တွေ ဘယ်က လာတာလဲဆိုတာ မင်း သိလား။”
အတိတ်က အဖြစ်အပျက်များကို ပြန်လည် စဉ်းစားပြီးနောက် ထျန်းဟုန် ဧကရီက ဖြေလိုက်သည်။
“ဖရိုဖရဲ ပင်လယ်ကပဲ။”
ဖရိုဖရဲ ပင်လယ်...
လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအမည်က သူ့အတွက် အသစ်အဆန်းဖြစ်သော်လည်း ပြင်ပနယ်မြေ၏ ဇစ်မြစ်နှင့် ဆက်စပ်နေသည်မှာ သေချာသည်။ ထိုအရာကို သူ တစ်ခါမှ မကြားဖူးပေ။
ထားလိုက်ပါတော့။
ယခုအချိန်တွင် ထိုအကြောင်းကို အထပ်ထပ် စဉ်းစားနေခြင်းက အသုံးမဝင်ပေ။ ပြင်ပနယ်မြေသို့ သူကိုယ်တိုင် သွားရောက်သောအခါ အခြေအနေမှန်ကို သိရပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် စနစ်မှ ဆုလာဘ်အဖြစ် ပေးအပ်ထားသော နယ်စပ်ဖြတ်ကျော်ကျောက်တုံးကို လုချန်း သတိရသွားသည်။
၎င်းသည် ပြင်ပနယ်မြေသို့ ဖြတ်ကျော်ရန်အတွက်လား သို့မဟုတ် ဖရိုဖရဲ ပင်လယ်ဆီသို့လား။
လုချန်း တိတ်ဆိတ်နေစဉ်မှာပင် ထျန်းဟုန် ဧကရီက မေးလိုက်သည်။
“ရှင့်မှာ မေးစရာ ကျန်သေးလား။”
လုချန်း သတိပြန်ဝင်လာကာ
“မရှိတော့ပါဘူး။ ဒါပါပဲ။”
သူ၏ ဇစ်မြစ်နှင့် ပတ်သက်သည့် အမှန်တရားသို့ ပို၍နီးကပ်လာပြီဟု လုချန်း ခံစားလိုက်ရသဖြင့် ပြင်ပနယ်မြေသို့ အမြန်ဆုံး သွားရောက်ချင်နေပြီ ဖြစ်သည်။
နိုင်ငံကြီးလေးနိုင်ငံမှ စုစည်းထားသော စစ်တပ်ကြီးသည် ရှနိုင်ငံ၏ နဂါးတပ်မတော် တပ်စွဲထားရာ လင်ရှမ်း ကြယ်နယ်မြေသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့တွင် နတ်လှေပေါင်း ငါးရာကျော် ပါဝင်ပြီး အားလုံးမှာ စနစ်ကျသော တိုက်ပွဲဝင် နည်းဗျူဟာ ပုံစံများကို တပ်ဆင်ထားကြသည်။
လင်ရှမ်း ကြယ်နယ်မြေသို့ ရောက်ရှိလျှင် ထျန်းလုဧကရာဇ်နှင့် အခြားအဓိက ဧကရာဇ်များကတော့ ချက်ချင်း ပေါ်မလာခဲ့ကြပေ။ သူတို့က သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားပြီး သာမန်နတ်လှေတစ်စင်းအတွင်း၌သာ ပုန်းအောင်းနေခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ လုချန်း ရှနိုင်ငံသို့ ဆုတ်ခွာသွားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့၏ ထိုမျှကြီးမားသော လှုပ်ရှားမှုကို လုချန်း မသိပဲ နေမည်တော့ မဟုတ်ပေ။
…………..
အခန်း (၁၄၈၅)
ကြယ်ဖျက်ယဉ်၏အစွမ်း
သာမန်ဟု ထင်ရသော နတ်လှေတစ်စင်းအတွင်း၌ နိုင်ငံကြီးလေးနိုင်ငံ၏ အင်အားအကြီးဆုံး ဧကရာဇ်အဆင့်များ စုဝေးနေကြသည်။ ထျန်းလုဧကရာဇ်က အသံပြုလိုက်၏။
“လုချန်းက ကြောက်လန့်ပြီး ရှနိုင်ငံကို ထွက်ပြေးသွားတာ ဖြစ်ရမယ်။”
သူ၏ ရည်ရွယ်ချက်က လုချန်းထံသို့ ဦးတည်နေသော်လည်း လင်ကျောက် မဟာကြယ်နယ်မြေစုမှ ကျန်ရှိနေသော နိုင်ငံများနှင့် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့တို့တွင် ဧကရာဇ်အဆင့်ပေါင်း တစ်ရာကျော် ရှိနေပြီဖြစ်သဖြင့် သူတို့ ယခုတစ်ကြိမ် ဖန်တီးခဲ့သည့် လှုပ်ရှားမှုသည် တကယ်ပင် ကြီးမားလွန်းကြောင်းကိုလည်း သူ နားလည်ထားသည်။
စကြဝဠာအတွင်း၌ ထိုကဲ့သို့ အကြီးစားစစ်ပွဲမျိုး မရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် လုချန်း ရှနိုင်ငံသို့ ပြန်လည် ထွက်ပြေးသွားနိုင်သည့် အခွင့်အလမ်းက အလွန်ပင် များပြားနေသည်။ အကယ်၍ လုချန်းသာ ထွက်ပြေးသွားခဲ့လျှင် ဤကြိုးပမ်းမှုက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် လင်ယွမ်ဧကရာဇ်က ဝင်ရောက်ပြောဆိုလိုက်သည်။
“ဒါကတော့ မသေချာဘူး။ အခုဆို လုချန်းရဲ့ ဘေးမှာ အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ် ရှိနေပြီ။ ပြီးတော့ သူက ကောင်းကင်ဧကရာဇ် ဝင်စားသူ ဖြစ်နိုင်တာနဲ့ ပေါင်းလိုက်ရင် သူက ကျုပ်တို့ကို လုံးဝ အရေးလုပ်မှာ မဟုတ်ဘူး။”
လင်ယွမ်ဧကရာဇ်၏ စကားကို ကြားလျှင် ထိုအထဲတွင် အမှန်တရားအချို့ ရှိနေသည်ဟု ဧကရာဇ်များ ခံစားလိုက်ရသည်။ လင်ကျောက် မဟာကြယ်နယ်မြေစုသို့ သူ၏ တပ်ဖွဲ့များကို စေလွှတ်ရန် လုချန်းက ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့သဖြင့် သူ အလွန် ယုံကြည်မှု ရှိနေကြောင်း သက်သေပြနေသည်။
ထို့ပြင် လုချန်းသာ တကယ် ထွက်ပြေးချင်ခဲ့ပါက လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်း၌ ရှနိုင်ငံတပ်ကို ဆက်လက် ချီတက်ရန် ထားခဲ့မည် မဟုတ်ပေ။ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့ လင်ရှမ်း ကြယ်နယ်မြေသို့ ရောက်ရှိလာသည့် အချိန်၌ ရှနိုင်ငံက နိုင်ငံအချို့ကိုပင် သိမ်းပိုက်ခဲ့ပြီး ဖြစ်ရာ ရှနိုင်ငံသည် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့ကို လုံးဝ အရေးမစိုက်ကြောင်း သက်သေပြနေသည်။
ထျန်းလုဧကရာဇ် ခဏခန့် စဉ်းစားပြီးနောက် လင်ယွမ်ဧကရာဇ်၏ ခွဲခြမ်းစိတ်ဖြာချက် အဓိပ္ပာယ်ရှိသည်ဟု တွေ့ရှိလိုက်သည်။ သူသည် ဧကရာဇ် အဆင့်ကိုး ဖြစ်နေသော်လည်း အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်ကို ရင်ဆိုင်ရလျှင် သတ်ဖြတ်ခြင်းစွမ်းအား၏ ဖိနှိပ်မှုကို ခံရနိုင်ပေသည်။ ထို့ပြင် သူသည် လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံး၌ တစ်ဦးတည်းသာရှိသော ဧကရာဇ် အဆင့်ကိုး ဖြစ်သဖြင့် လုချန်း သူ့ကို အရေးမစိုက်ခြင်းက ပုံမှန်ပင် ဖြစ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ပါက လုချန်းကို ဖယ်ရှားရန် သူတို့အတွက် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်၏။ လုချန်းသည် ရှစစ်တပ်အတွင်း ရှိနေဆဲ ဖြစ်ကြောင်း အတည်ပြုနိုင်သည်နှင့် တစ်ပြိုင်နက် လုချန်း ထွက်မပြေးနိုင်အောင် ကြယ်နယ်မြေ တစ်ခုလုံးကို ချက်ချင်း ချိပ်ပိတ်လိုက်မည် ဖြစ်သည်။
ယခု အရေးကြီးဆုံး အချက်မှာ ရှစစ်တပ်အတွင်း၌ လုချန်း ရှိနေကြောင်း မည်သို့ အတည်ပြုမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
ထိုအချိန်တွင် တုန်းယန်ဧကရာဇ်က အကြံပြုလိုက်သည်။
“တိုက်ရိုက်ပဲ စတိုက်ကြရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် ရှနိုင်ငံရဲ့ တပ်ဖွဲ့တွေက ဒီမှာ ရှိနေတာပဲ။ အဲ့ဒီ လုချန်းက ဒီမှာ မရှိရင်တောင် ရှနိုင်ငံရဲ့ တပ်ဖွဲ့တွေကို ဖယ်ရှားလိုက်ရင် ရှနိုင်ငံကို တစ်စုံတစ်ရာအထိ အင်အားချည့်နဲ့သွားစေမှာပဲ။”
ထိုစကားကို ကြားလျှင် ဧကရာဇ်များလည်း စဉ်းစားသွားကြပြီး တုန်းယန်ဧကရာဇ်၏ အတွေး မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ လက်ရှိ အခြေအနေအရ တိုက်ရိုက် တိုက်ခိုက်ခြင်းက ပိုကောင်းသည်။ အနည်းဆုံးတော့ သူတို့၏ အင်အား သာလွန်မှုကို အသုံးချပြီး ရှနိုင်ငံကို ဖိအားပေးနိုင်မည် ဖြစ်သည်။
လုချန်း ရှိမနေလျှင်ပင် ရှနိုင်ငံမှ ဧကရာဇ်များသည် ရှိနေဆဲဖြစ်၏။ ရှနိုင်ငံ၏ စစ်တပ်ကို ဖျက်ဆီးနိုင်လျှင် လုချန်း အသက်ရှင်နေ သေးလျှင်လည်း ရှနိုင်ငံကိုတော့ များစွာ ထိခိုက်သွားပေလိမ့်မည်။
အနာဂတ်တွင် လုချန်း ပြင်ပသို့ ထပ်မံ ချဲ့ထွင်ချင်ပါက သူကိုယ်တိုင် ထွက်၍တိုက်ခိုက်ရမည် ဖြစ်၏။ ၎င်းက လုချန်းကို နောက်ပိုင်းတွင် ဖယ်ရှားရန် ပိုလွယ်ကူသွားစေနိုင်သည်။
ထိုစဉ် ထျန်းလုဧကရာဇ် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကောင်းပြီ။ တုန်းယန်ရဲ့ အကြံပြုချက်အတိုင်း လုပ်ကြမယ်။ အခုချက်ချင်း တိုက်စစ်ဆင်ကြစို့။”
ထျန်းလုဧကရာဇ်သည် ပြင်ပနယ်မြေ၌ ထျန်းဟုန် ဧကရီ၏ လိုက်လံတိုက်ခိုက်မှုခံခဲ့ရသည့်အတွက် လက်စားချေရန် စိတ်အားထက်သန်နေသည်။
ဆုံးဖြတ်ချက် ချပြီးနောက် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်တပ်ဖွဲ့များသည် လင်ရှမ်း ကြယ်နယ်မြေသို့ တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။ နိုင်ငံကြီးလေးနိုင်ငံ၏ နတ်လှေများသည် ဘေးချင်းယှဉ် တန်းစီလိုက်ကြပြီး တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများ အားလုံးကို အသက်သွင်းလိုက်သည်။ နည်းဗျူဟာ ပုံစံများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ရှနိုင်ငံ၏ ကြယ်ဖျက်ယာဉ်များဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှု စတင်သည်ကို မြင်လျှင် ရှစစ်တပ်၏ တိုက်ပွဲကို ကွပ်ကဲရန် တာဝန်ယူထားသော မိုးကြိုး ဧကရာဇ်ကလည်း တွေဝေခြင်းမရှိပဲ အလုံးစုံ တိုက်စစ်ဆင်ရန် အမိန့်ထုတ်ပြန်လိုက်သည်။
ချက်ချင်းပင် ရှနိုင်ငံ၏ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ အားလုံး တိုက်ပွဲအသင့်အနေအထားသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ၏ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများမှ မရေမတွက်နိုင်သော အနီရောင် အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
ခဏခန့်အတွင်းမှာပင် နတ်လှေများမှ စွမ်းအားများနှင့် ကြယ်ဖျက်ယာဉ်များမှ အလင်းတန်းများ ဟင်းလင်းပြင်ထဲ၌ ရိုက်ခတ်မိသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ ပေါက်ကွဲရာ နေရာရှိ ကမ္ဘာများကို ပျက်စီးသွားစေခဲ့ပြီး အာကာသ ဟင်းလင်းပြင်ထဲရှိ ဥက္ကာခဲများမှာလည်း မရေမတွက်နိုင်သော ဖုန်မှုန့်များအဖြစ် လွင့်စင်သွားကြသည်။
နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများက တစ်ခုနှင့်တစ်ခု အားပြိုင်နေပုံ ရသော်လည်း ရှနိုင်ငံက သူ၏ အင်အားအပြည့်ကို မသုံးရသေးပေ။ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များသည် ဧကရာဇ်များကို ပစ်မှတ်ထားရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ဧကရာဇ်လောင်း တစ်ဦးကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်စွမ်း ရှိသည်။
၎င်းမှထုတ်လွှတ်လိုက်သော စွမ်းအားက ဘာကြောင့် ဤမျှ နည်းပါးနေမည်နည်း။
မိုးကြိုးဧကရာဇ်၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ် အနည်းငယ် ပေါ်လာသည်။
ထို့နောက် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ အားလုံးအား သူတို့၏ ပစ်ခတ်စွမ်းအား အပြည့်အဝကို ထုတ်သုံးရန် မိုးကြိုး ဧကရာဇ် အမိန့်ပေးလိုက်သည်။
တစ်ဖက်တွင်မူ ရှနိုင်ငံ၏ ထူးဆန်းသော နတ်လှေများသည် တကယ်တန်းတော့ သိပ်အထူးအဆန်း မဟုတ်သည်ကို မြင်လျှင် ထျန်းလုဧကရာဇ်တို့က သူတို့၏ လှေများကို ရှနိုင်ငံတပ်ဆီသို့ ထိုးဖောက်ဝင်ရောက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့က တကယ်ပင် ငါးစာကို ဟပ်လိုက်သည်ကို မြင်လျှင် ရှစစ်သည်များ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်တပ်ဖွဲ့များကို အနီးသို့ ဆွဲဆောင်ရန်အတွက် ကြယ်ဖျက်ယာဉ်များ၏ တိုက်ခိုက်မှု စွမ်းအားကို ရည်ရွယ်ချက်ရှိရှိ လျှော့ချထားခဲ့ခြင်း ဖြစ်သည်။
သူတို့ အနီးသို့ ချဉ်းကပ်လာပြီး အကွာအဝေး နည်းပါးသွားချိန်တွင် ရှနိုင်ငံ၏ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များက “သေမင်းအလင်းတန်း” တိုက်ခိုက်စွမ်းအားကို ပစ်လွှတ်လိုက်မည်ဆိုပါက နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့အတွက် ရှောင်တိမ်းရန် ခက်ခဲသွားပေလိမ့်မည်။
သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ၏ “သေမင်းအလင်းတန်း” တိုက်ခိုက်စွမ်းအားက အလွန် လျင်မြန်လှ၏။ ၎င်းနှင့် အလင်းနှစ် တစ်နှစ်အကွာအဝေးအတွင်း ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်လောင်း တစ်ဦးပင်လျှင် ထိုတိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ပေ။
မကြာမီမှာပင် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့၏ နတ်လှေများသည် သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခက်ခဲသော အကွာအဝေးသို့ ရောက်ရှိလာသည်။
ရှတပ်မှ စစ်သည်များလည်း တွေဝေခြင်းမရှိပဲ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များ၏ သေမင်းအလင်းတန်း တိုက်ခိုက်စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ကြသည်။ နောက်တစ်ခဏ၌ အစက အနီရောင်ရှိသော အလင်းတန်းများသည် အနက်ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ် တစ်ခုချင်းစီမှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့၏ နတ်လှေများနှင့် ထိတွေ့လိုက်သည်နှင့် ထိုအနက်ရောင် အလင်းတန်းများသည် သူတို့၏ ခုခံရေး အတားအဆီးများကို အလွယ်တကူပင် ချေမှုန်းလိုက်၏။ ထို့နောက်တွင် ကြယ်ဖျက်ယာဉ်များမှ ပစ်လွှတ်လိုက်သော အလင်းတန်းများသည် နတ်လှေများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။
ချက်ချင်းပင် ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော ပေါက်ကွဲမှုများ မီးရှူးမီးပန်းများသဖွယ် ပြည့်နှက်သွားပြီး လှပခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့မှ ဧကရာဇ်များ မှင်တက်သွားကြသည်။ ရှနိုင်ငံ၏ နတ်လှေများက ဘာကြောင့် ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများကို ပိုင်ဆိုင်ထားကြသနည်း။
ထျန်းလုဧကရာဇ်က ပျက်ယွင်းနေသော မျက်နှာဖြင့်
“ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။”
သူတို့၏ နတ်လှေများ အားလုံးကို ထုတ်သုံးထားပြီး ဖြစ်၏။ ရှနိုင်ငံက ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်မည်ဆိုပါက ဤစစ်ပွဲ အနိုင်ရပြီးနောက်၌ပင် သူတို့ထံ၌ အသုံးပြုရန် နတ်လှေ ကျန်ရှိတော့မည် မဟုတ်ပေ။
ဟုတ်ပါသည်။ နတ်လှေ မရှိခြင်းက အသေးအမွှားကိစ္စသာ ဖြစ်သော်လည်း ရှနိုင်ငံ၏ ထူးဆန်းသော နတ်လှေများမှ ပစ်လွှတ်လိုက်သည့် အနက်ရောင် အလင်းတန်းများကတော့ ထျန်းလုဧကရာဇ်ကို တကယ်ပင် စိုးရိမ်မကင်း ဖြစ်စေသည်။ ထိုအလင်းတန်းများ၏ ဖျက်စီးနိုင်စွမ်းက သူ့ကိုပင် တုန်လှုပ်သွားစေခဲ့၏။
စွမ်းအားကို သိနိုင်စွမ်းရှိသော ဧကရာဇ် အဆင့်ကိုး တစ်ဦးအနေနှင့် ကြယ်ဖျက်ယာဉ်များ၏ အနက်ရောင် အလင်းတန်းများမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှု စွမ်းအားသည် အလွန်ထင်ရှားနေ၏။ ဧကရာဇ် တစ်ဦး၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေသည်။
အရေးကြီးဆုံး အချက်မှာ ရှနိုင်ငံ၌ ကြယ်ဖျက်ယာဉ်များစွာ ရှိနေခြင်းပင်။ နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်သောအခါ ရှနိုင်ငံရှိ ဧကရာဇ် အဆင့်အရေအတွက် လိုအပ်ချက်ကို ထိုနတ်လှေများက တစ်စုံတစ်ရာသော အတိုင်းအတာအထိ အစားထိုးပေးနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ထျန်းလုဧကရာဇ်က အမိန့်ပေးလိုက်သည်။
“လူတိုင်း ပါဝင်လှုပ်ရှားပြီး ရှနိုင်ငံရဲ့ နတ်လှေတွေကို ဖျက်ဆီးရမယ်။ အဲ့ဒီအရာတွေက ဧကရာဇ်တွေအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတယ်။”
ထျန်းလုဧကရာဇ်၏ စကားကို ကြားလျှင် သူ၏ နောက်မှ ဧကရာဇ် အဆင့်ပေါင်း တစ်ရာကျော်၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
ထျန်းလုဧကရာဇ်၏ စကားကို သူတို့ လုံးဝ သံသယ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နတ်လှေအချို့မှ အတားအဆီးများသည် ဧကရာဇ်များ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသော်လည်း ထိုအနက်ရောင် အလင်းတန်းများ၏ တိုက်ရိုက် ထိုးဖောက်ခြင်းကိုတော့ ခံလိုက်ရသောကြောင့် ဖြစ်သည်။ ထိုအရာက ရှနတ်လှေများ၏ စွမ်းအားမည်မျှပြင်းထန်ကြောင်း သက်သေထူနေသည်။
ထိုအချက် တစ်ချက်တည်းကပင် ရှနိုင်ငံ၏ နတ်လှေများ မည်မျှ ကြောက်စရာကောင်းကြောင်း ပြသနေပြီ ဖြစ်သည်။ ထို့ပြင် ဧကရာဇ် အဆင့်ကိုး ဖြစ်သူ ထျန်းလုဧကရာဇ် ကိုယ်တိုင်ပင် ပြောကြားခဲ့ခြင်း ဖြစ်သဖြင့် ရှနိုင်ငံ၏ ထိုနတ်လှေများသည် တကယ်ပင် အလွန် ကြောက်စရာကောင်းကြောင်း သိသာနေသည်။
ထို့နောက် နိုင်ငံကြီးလေးနိုင်ငံ မဟာမိတ်တပ်ဖွဲ့များမှ ဧကရာဇ်များ အားလုံးသည် ရှနိုင်ငံ၏ သူတော်စင် အဆင့် ကြယ်ဖျက်ယာဉ်များဆီသို့ တိုက်ရိုက် ဦးတည်၍ လှုပ်ရှားလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်မှုနှင့်အတူ ပြတ်သားသော ဆုံးဖြတ်ချက်များကို တွေ့မြင်ရနိုင်သည်။