အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အပိုင်း ၄၅၁ : မတော်တဆမှု
ယဲ့ချန်း၏ စကားများကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။
ယဲ့ချန်းက အလွန်သြဇာအာဏာညောင်းသည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် သူထုတ်လွှတ်နေသည့် အရှိန်အဝါမှာ ထိုနေရာရှိ လူအများစုကို သြဇာကြီးမားသူတစ်ယောက်၏ ဖိအားမျိုး ခံစားသွားရစေသည်။
တကယ်တော့ ယဲ့ချန်းက ဝမ်ကျစ်မင်ကို အပေါ်ယံအားဖြင့် ဖိအားပေးနေသော်လည်း အခြားလူများကတော့ ဤသို့ပြုမူခြင်းမှာ မှားယွင်းမှုမရှိဟု ခံစားမိသည်။
ယဲ့ချန်းအနေနှင့် ဝမ်ကျစ်မင်ကို ပိုက်ဆံတစ်ပြားမှ မပေးဘဲ သုန်းဗီဒီယိုပရောဂျက်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းရှိနေသည် မဟုတ်ပါလော။
သို့သော် ယဲ့ချန်းက ထိုသို့မလုပ်ခဲ့ပေ။ ဤသည်ကပင် သူ့စိတ်သဘောထားမှာ ကောင်းမွန်ကြောင်း ပြသနေသည်။
ထို့ပြင် ယဲ့ချန်း၏လုပ်ရပ်များက အလွန်အထင်ကြီးချင်စရာကောင်းလှသည်။
သူနှင့် ပူးပေါင်းဖို့ သဘောမတူလျှင် ကိုယ့်ဘာသာလုပ်မည်ဟု ပွင့်ပွင့်လင်းလင်းပြောရဲသလို တစ်ဖက်လူအတွက်လည်း ရွေးချယ်စရာလမ်း မရှိအောင် လုပ်နိုင်စွမ်းရှိသည်။
ဤသည်မှာ စစ်မှန်သောခွန်အားပင်။
ထိုနေရာရှိ ထိပ်သီးပုဂ္ဂိုလ်တော်တော်များများကလည်း တိတ်တဆိတ် ခေါင်းညိတ်ထောက်ခံကြသည်။
ယဲ့ချန်းကဲ့သို့သော လူငယ်တစ်ယောက်က ဤမျှအထိ အာဏာညောင်းပြီး ခက်ထန်ပြတ်သားနိုင်သောကြောင့် အသက်နှစ်ဆယ်ကျော်အရွယ်လေးနှင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို တည်ထောင်နိုင်ခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ဤကဲ့သို့သော လူတစ်ယောက်ကို မိတ်ဆွေဖွဲ့ရန်သာ သင့်တော်ပြီး လုံးဝရန်မစသင့်ပေ။
ယဲ့ချန်း၏ အပြုအမူက အနည်းငယ်အာဏာပြလွန်းသည်ဟု ဆိုနိုင်သော်လည်း မည်သူကမှ ဆန့်ကျင်ပြောဆိုနိုင်ခြင်း မရှိပေ။
စီးပွားရေးလောကဆိုသည်မှာ အလိမ်အညာများ၊ သစ္စာဖောက်မှုများနှင့် ပြည့်နှက်နေပြီး ငါးကြီးက ငါးအသေးကို ဝါးမျိုပစ်သည့် သဘောတရားမျိုး ရှိသည်မဟုတ်ပါလော။
စီးပွားရေးလောကတွင် ဤကဲ့သို့သောကိစ္စများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထို့ပြင် ယဲ့ချန်းက အရာအားလုံးကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး သူ့ယုံကြည်မှုနှင့် စွမ်းရည်ကိုပါ ထုတ်ဖော်ပြသခဲ့သည်။
လူတော်တော်များများက ယဲ့ချန်း၏ နာမည်ကို မှတ်မိသွားကြသည်။
ဤလူငယ်လေးက ကြောက်ခမန်းလိလိပင်။
ဝမ်ကျစ်မင်လည်း ခေတ္တတိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျားရဲ့ စည်းကမ်းချက်တွေကို ကျွန်တော် သဘောတူပါတယ်"
သေချာစဉ်းစားပြီးနောက် ဝမ်ကျစ်မင်လည်း နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်။
ပရောဂျက်၏ အယူအဆက ကောင်းမွန်ပါသော်လည်း သူကိုယ်တိုင် လုပ်ဆောင်မည်ဆိုပါက လွဲချော်မှုများစွာနှင့် ကြုံတွေ့ရနိုင်သည်မှာ သေချာသည်။
ယဲ့ချန်း၏ အကူအညီဖြင့်သာဆိုလျှင် ဤပရောဂျက်မှာ သေချာပေါက် အောင်မြင်မည်သာ။
ဝမ်ကျစ်မင်၏ အဖြေကို ကြားသောအခါ ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ဤလူငယ်လေးက အလွန်ထက်မြက်ပြီး ပြတ်သားသည့်အပြင် သေချာပြုစုပျိုးထောင်ပေးရန်လည်း ထိုက်တန်ပေသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"မစ္စတာဝမ်က သဘောတူလိုက်ပြီဆိုတော့ ရင်းနှီးမြှုပ်နှံငွေယွမ်ဆယ်သန်းဆိုတာက အရမ်းနည်းလွန်းပါတယ်။ ကျုပ်ဘက်က နောက်ထပ်ယွမ်သန်းလေးဆယ် ထပ်ထည့်ပေးမယ်။ စုစုပေါင်းယွမ်သန်းငါးဆယ်ပေါ့။ အစုရှယ်ယာ ၃၅ရာခိုင်နှုန်းကတော့ ပြောင်းလဲမှုမရှိပါဘူး"
ယဲ့ချန်း၏ စကားကို ကြားလိုက်ရသောအခါ တစ်ခန်းလုံး တစ်ဖန်အံ့အားသင့်သွားကြပြန်သည်။
ဤသည်မှာ အလွန်သြဇာညောင်းလှပေသည်။
ယွမ်သန်းလေးဆယ်ကို တစ်ခါတည်းထပ်ဖြည့်ပစ်လိုက်သည်။
ထိုနေရာရှိ အစ်ကိုမာနှင့် အစ်ကိုထန်တို့လို လုပ်ငန်းရှင်ကြီးများပင် ရလဒ်မသေချာသော ပရောဂျက်တစ်ခုအတွက် ဤမျှများပြားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ရန် သတ္တိမရှိကြပေ။
ယဲ့ချန်းကတော့ ကျေးဇူးပြုခြင်းနှင့် ဖိအားပေးခြင်းတို့ကို ပေါင်းစပ်ထားသည့် ဤအကျိုးသက်ရောက်မှုမျိုးကို လိုချင်ခဲ့ခြင်းပင်။
တွေးထားသည့်အတိုင်းပင် ယဲ့ချန်း၏စကားကို ကြားသောအခါ ဝမ်ကျစ်မင်၏ မျက်နှာထက်တွင် အလွန်ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
အစောက သူသည် အတင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့သည့်အတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သို့သော် ယဲ့ချန်း၏ ထပ်တိုးယွမ်သန်းလေးဆယ်ကြောင့် သူ့မကျေနပ်ချက်များ ချက်ချင်းပျောက်ကွယ်သွားသည်။
ယခုမူ သူ့ရင်ထဲတွင် လေးစားမှုများသာ ပြည့်နှက်နေတော့သည်။
လူ့စိတ်ကို ထိန်းချုပ်နိုင်သည့် ယဲ့ချန်း၏စွမ်းရည်ကြောင့် ထိုနေရာရှိ လုပ်ငန်းရှင်ကြီးများလည်း သူ့ကို ပိုအထင်ကြီးကုန်ကြသည်။
ဤလူငယ်လေးက အလွန်ကြောက်စရာကောင်းလှသည်။
အရင်ပါးချလိုက်ပြီးမှ သကြားလုံးပြန်ကျွေးသည့် နည်းလမ်းဖြစ်သော ကျေးဇူးပြုခြင်းနှင့် အာဏာသုံးခြင်းတို့ကို ပေါင်းစပ်ပြီး အခြားလူများအား ဦးဆောင်ခြင်းအနုပညာကို ယဲ့ချန်းက အလွန်ပိုင်နိုင်စွာ အသုံးချခဲ့သည်။
ဝမ်ကျစ်မင်လည်း သူ့ရွေးချယ်မှုအတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ယဲ့ချန်းလို အင်အားကြီးမားသော ကျောထောက်နောက်ခံ ရှိနေမှတော့ သုန်းဗီဒီယိုက မည်သို့နှယ် မအောင်မြင်ဘဲ နေမည်နည်း။
ဝမ်ကျစ်မင်ခမျာ သူတို့ကုမ္ပဏီ အများပိုင်အဖြစ် ပြောင်းလဲသွားပြီး ဗီဒီယိုလောက၏ ဧရာမလုပ်ငန်းကြီးတစ်ခု ဖြစ်လာမည့် အနာဂတ်ကိုပင် စိတ်ကူးယဉ်နေမိပြီဖြစ်၏။
အခြားလူများက သုန်းဗီဒီယို၏တန်ဖိုးကို မသိကြသော်လည်း ယဲ့ချန်းကမူ ကောင်းကောင်းသိသည်။
အနာဂတ်တွင် သုန်းဗီဒီယိုက သုန်းယင်ကဲ့သို့ ဗီဒီယိုအတိုအင်ပါယာတစ်ခုကို ဖန်တီးနိုင်ပြီး ကမ္ဘာအနှံ့ ထိုးဖောက်ကာ ကမ္ဘာပေါ်ရှိ တစ်မူထူးခြားသော ဗီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်လာလိမ့်မည်။
ယဲ့ချန်းက နောက်ဆုံးပရောဂျက်ကို အရယူလိုက်ပြီးနောက် စွန့်ဦးတီထွင်မှုညီလာခံလည်း ပြီးဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ယခင်က ယဲ့ချန်းကို အထင်သေးခဲ့ကြသော လုပ်ငန်းရှင်ကြီးများပင် သူ့အနားသို့ အုံခဲလာကြသည်။
ဤကဲ့သို့သော အခွင့်အရေးသမားများကိုမူ ယဲ့ချန်းက အပြုံးဖြင့် ယဉ်ယဉ်ကျေးကျေးစကားနည်းနည်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
ယဲ့ချန်း၏အဆင့်အတန်းအရဆိုလျှင် ဤလူများက ပေါင်းသင်းရန် မတန်သည့်အပြင် အရည်အချင်းပင် မပြည့်မီကြပေ။
ထို့နောက် ညစာစားပွဲကို ကျင်းပခဲ့သည်။
ဤညစာစားပွဲကို မိုင်ဟိုတယ်က တာဝန်ယူစီစဉ်ပေးထားလေရာ ယဲ့ချန်းကို ပွဲစီစဉ်သူအဖြစ် သတ်မှတ်နိုင်ပေသည်။
ယဲ့ချန်းကလည်း အလွန်ရက်ရောသည်။ ဤညစာစားပွဲအတွက် ကုန်ကျစရိတ်ကို သူဒကာခံမည်ဟု ကြေညာခဲ့သည်။
မီးဖိုချောင်ထဲတွင်မူ အလွန်အလုပ်ရှုပ်နေချေသည်။
လီရှန်းရှန်းမှာ ယခုလို ညစာစားပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် စီစဉ်ရခြင်းဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေပေသည်။
ထို့ပြင် သူ(မ)က ခေါင်းဆောင်စားဖိုမှူးအဖြစ် လောလောလတ်လတ်ကမှ ခန့်အပ်ခံထားရသူဖြစ်သောကြောင့် အကောင်းဆုံးလုပ်ပြနိုင်ရန် လိုအပ်ပေသည်။
လီရှန်းရှန်းက ကွန်ဖူးကမာဟင်းတစ်ပွဲကို ပြင်ဆင်ပြီးနောက် သူ(မ)၏လက်ထောက်ကို ပြောလိုက်၏။
"ဒီဟင်းကို စားပွဲနံပါတ်တစ်ကို သွားပို့လိုက်"
"ဟုတ်ကဲ့"
လက်ထောက်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် လက်ထောက်၏ဖုန်းက အသံမြည်လာသည်။ ဖုန်းဖြေပြီးနောက် သူက တွန်းလှည်းတစ်စီးဖြင့် စားပွဲနံပါတ်တစ်ဆီသို့ ပြန်လာခဲ့သည်။
"လူကြီးမင်းတို့... ဒီဟင်းကတော့ ကွန်ဖူးကမာဟင်းပါ"
ထိုသို့ပြောပြီးနောက် လက်ထောက်က ဟင်းပွဲကို ချပေးလိုက်သည်။
သို့သော် ဟင်းပွဲကို အုပ်ထားသည့်အဖုံးကို ဖွင့်လိုက်ချိန်တွင်မူ အားလုံး မှင်တက်သွားကြသည်။
ဤသည်မှာ ကွန်ဖူးကမာဟင်း လုံးဝမဟုတ်ပါဘဲ ပုပ်သိုးနေသော ကမာများဖြစ်ပြီး လောက်ကောင်တချို့ပင် တွားသွားနေကြသည်။
ထိုနေရာတွင် အထက်တန်းလွှာပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေလေရာ ဤဟင်းပွဲကို မြင်သောအခါ သူတို့၏အမူအရာများလည်း အနည်းငယ်ပြောင်းလဲသွားသည်။
အမျိုးသမီးတချို့ဆိုလျှင် ချက်ချင်းအန်ချလိုက်ကြသည်။
ယဲ့ချန်းလည်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
သူသည် မိုင်ဟိုတယ်၏ ပိုင်ရှင်ဖြစ်ပြီး သူကိုယ်တိုင် အိမ်ရှင်အဖြစ် တည်ခင်းကျွေးမွေးသော ညစာစားပွဲတွင် ဤကဲ့သို့သော ဟင်းပွဲမျိုး ထွက်လာခြင်းမှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
လက်ထောက်ကလည်း အလွန်အံ့အားသင့်သွားသည်။
"သူဌေး... ကျွန်တော်မသိပါဘူး။ ဒါက ကျွန်တော် လာချပေးရမဲ့ ဟင်းပွဲလည်း မဟုတ်ပါဘူး"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ဒါကို ယူသွားပြီး ဟင်းပွဲအသစ်တွေ ပြန်ချပေး။ ကျန်တဲ့ဟင်းပွဲတွေကိုလည်း သေချာကြီးကြပ်ဖို့ မမေ့နဲ့"
လက်ထောက်ကလည်း ဟင်းပွဲကို အမြန်ပြန်ယူသွားသည်။
ယဲ့ချန်းက အနေခက်ဟန်ဖြင့် ပြောလိုက်၏။
"အားလုံးပဲ... ကျွန်တော် တကယ်တောင်းပန်ပါတယ်။ မီးဖိုချောင်မှာ အမှားအယွင်းတစ်ခုခုဖြစ်သွားပုံရတယ်။ လူကြီးမင်းတို့ကို ခံတွင်းပျက်သွားစေတဲ့အတွက် ဒီကိစ္စကို သေချာစုံစမ်းပြီး အစီရင်ခံပါ့မယ်"
စားပွဲဝိုင်း၏လေထုက အနည်းငယ်အနေခက်စရာကောင်းနေခဲ့သည်။
ဤစားပွဲတွင် ထိုင်နေသူအားလုံးမှာ အဆင့်အတန်းမြင့်မားသူများ ဖြစ်လေရာ အစားအသောက်ထဲတွင် လောက်ကောင်များ မြင်တွေ့လိုက်ရခြင်းကား လုံးဝ သည်းခံနိုင်စရာမရှိပေ။
သို့သော် အားလုံးက ယဲ့ချန်းကို မျက်နှာထောက်ထားသောအားဖြင့် ထိန်းချုပ်ထားခဲ့ကြသည်။
ညစာစားပွဲ ပြီးဆုံးသွားသောအခါ ယဲ့ချန်းက သူ့ရုံးခန်းထဲတွင် ရေခဲတမျှအေးစက်သော မျက်နှာဖြင့် ထိုင်နေပေသည်။
လီရှန်းရှန်း၏ လက်ထောက်က ယဲ့ချန်းရှေ့တွင် မတ်တတ်ရပ်နေချေသည်။
"ဘယ်လိုဖြစ်တာလဲ"
ယဲ့ချန်းက အေးစက်စက် မေးလိုက်သည်။
လက်ထောက်ခမျာ အတုန်တုန်အရီရီဖြစ်နေရှာသည်။
"သူဌေး... ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော်လာချပေးတဲ့ ဟင်းပွဲက စားဖိုမှူးလီချက်ထားတာ မဟုတ်ပါဘူး"
"ဒါဆို လာချပေးတဲ့ဟင်းပွဲက ဘာလို့ လောက်တက်နေတဲ့ ကမာတွေ ဖြစ်နေတာလဲ"
ယဲ့ချန်းက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော်လည်း မသိပါဘူး။ ကမာတွေကို စားဖိုမှူးလီကိုယ်တိုင် ရွေးထားတာပါ။ ကျွန်တော်လည်း အဲဒီမှာရှိပါတယ်။ အကုန်အကောင်းစားတွေချည်းပဲမို့ လောက်တက်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ပြီးတော့ ဟင်းချက်နေတဲ့တစ်လျှောက်လုံးလည်း ကျွန်တော် အနားမှာရှိနေခဲ့တာပါ။ ဒီဟင်းပွဲက စားဖိုမှူးလီချက်ထားတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်"
လက်ထောက်၏ စကားများကို ကြားပြီးနောက် ယဲ့ချန်းက မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
"ရှန်းရှန်း ခေါင်းဆောင်စားဖိုမှူး ဖြစ်သွားတာကို မီးဖိုချောင်ထဲမှာ မကျေနပ်တဲ့လူ တစ်ယောက်ယောက်များရှိလား"
"ရှိပါတယ်။ ဝူပင်းက အဲဒီသတင်းကြားတဲ့နေ့မှာပဲ ဆန္ဒပြခဲ့သေးတယ်။ အစကတော့ နေမကောင်းဘူးဆိုပြီး ခွင့်ယူခဲ့ပေမဲ့ နောက်ပိုင်းကျတော့ ဘာကြောင့်မှန်းမသိဘဲ ပြန်ရောက်လာပြီး တခြားစားဖိုမှူးတွေကိုပါ စားဖိုမှူးလီကို ဆန့်ကျင်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်"
ယဲ့ချန်းက မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။ တရားခံက မည်သူဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။
မကြာခင်မှာပင် ဝူပင်းကို ရုံးခန်းသို့ ခေါ်ယူလိုက်သည်။
ယဲ့ချန်းကို မြင်သောအခါ ဝူပင်း အံ့သြသွားသည်။ ယဲ့ချန်းက ဤမျှအထိ ငယ်ရွယ်လိမ့်မည်ဟု သူ မထင်ထားပေ။
သို့သော် သူ့နှုတ်ခမ်းထောင့်တွင်မူ အထင်သေးလေဟန် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
လီရှန်းရှန်း ခေါင်းဆောင်စားဖိုမှူးအဖြစ် ရာထူးတိုးခံရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လက်စသတ်တော့ သူ့အလှကြောင့်ကိုး...
လီရှန်းရှန်းနှင့် ယဲ့ချန်းတို့ကြားတွင် သေချာပေါက် ပတ်သက်မှုတစ်ခုခု ရှိလိမ့်မည်ဟုပင် ဝူပင်းက ကောက်ချက်ချလိုက်သေးသည်။
ဝူပင်းကို မြင်သောအခါ ယဲ့ချန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"ဆရာဝူ... ခင်ဗျား မိုင်ဟိုတယ်မှာ အလုပ်လုပ်လာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီပေါ့နော်"
"ဆယ့်သုံးနှစ်ပဲထားပါတော့"
ဝူပင်းက ဝါရင့်တစ်ယောက်၏ဟန်ပန်ဖြင့် ထိုင်ခုံပေါ်တွင် ဝင်ထိုင်ပြီး ယဲ့ချန်းကိုလည်း အလေးထားဟန် မပေါ်ပေ။
•••••••••••••••••••
အပိုင်း ၄၅၂ : အမှန်တရားပေါ်ပေါက်လာခြင်း
ဝူပင်း၏ ဟိတ်တစ်လုံးဟန်တစ်လုံးလုပ်နေသော အမူအရာကို ကြည့်ပြီး ယဲ့ချန်း အလွန်ရယ်ချင်သွားသည်။
သူက ဘယ်သူ့ကို လာကြွားနေတာလဲ။ ငါက ကြွားဝါခြင်းဘုရင်ဆိုတာ သူ မသိဘူးထင်တယ်...
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်၏။
"ဒီလောက်နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့တာဆိုတော့ ခင်ဗျားလည်း ကျုပ်တို့ဟိုတယ်အပေါ် သံယောဇဉ်တော့ ရှိမှာပေါ့။ ဟုတ်တယ်မလား"
ဝူပင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"သံယောဇဉ်ရှိတာပေါ့။ ကျွန်တော်က ကျွန်တော့်ရဲ့လူငယ်ဘဝနဲ့ စိတ်အားထက်သန်မှုတွေကို ဒီမှာပဲပုံအောခဲ့တာ"
ယဲ့ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"သံယောဇဉ်ရှိတယ်ဆိုရင် ဘာလို့ ဟိုတယ်နာမည်ကို ဖျက်ဆီးရတာလဲ"
ဝူပင်းက မျက်ခုံးပင့်လျက် လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ခင်ဗျား ဘာတွေပြောနေမှန်း ကျွန်တော် နားမလည်ဘူး"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"နားမလည်ဘူး ဟုတ်လား။ ဒါဆို နားလည်အောင် လုပ်ပေးရမှာပေါ့"
ထို့နောက် ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ညစာစားပွဲတုန်းက စားပွဲနံပါတ်တစ်ကို ချပေးခဲ့တဲ့ ကမာဟင်းထဲမှာ လောက်ကောင်တွေ ပါနေတယ်။ ကျုပ်တို့ဂိုဒေါင်က ဒီလိုကမာမျိုးကို ထုတ်ယူဖို့ဆိုရင် အမှာစာလိုတယ်။ အဲဒီ အမှာစာအရဆိုရင် ခင်ဗျား မနေ့က စားသောက်ကုန်ဂိုဒေါင်ကနေ ကမာသုံးကောင်ထုတ်ယူထားတယ်"
ဝူပင်းက မမှုမထားလေဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော် ကမာသုံးကောင် ယူခဲ့တယ်။ အဲဒါတွေအကုန် ဟင်းချက်ဖို့သုံးလိုက်တာ"
"သြော်... ဟုတ်လား။ ဘယ်ဧည့်သည်အတွက် ချက်ပေးလိုက်တာလဲ"
ယဲ့ချန်းက ထပ်မေးသည်။
ဝူပင်း၏နဖူးထက်တွင် ချွေးသီးများစို့လာချေသည်။
ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"မပြောနိုင်ဘူးလား။ ဒါမှမဟုတ် စားပွဲနံပါတ်တစ်မှာ ပါလာတဲ့ လောက်တက်နေတဲ့ ကမာသုံးကောင်က ခင်ဗျားယူသွားတဲ့ အကောင်တွေလား"
"လျှောက်မပြောနဲ့။ ကျွန်တော် ဘာမှမလုပ်ဘူး။ အဲဒီကမာတွေကို ဟင်းချက်လိုက်ပေမဲ့ ဆားတွေအရမ်းများသွားလို့ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တာ"
ဝူပင်းက ခံငြင်းနေပြန်သည်။
ယဲ့ချန်းကမူ ခပ်ဖွဖွ ပြုံးလိုက်၏။
"လွှင့်ပစ်လိုက်တယ် ဟုတ်လား။ ဘယ်နေရာမှာ လွှင့်ပစ်လိုက်တာလဲ"
ဝူပင်းက ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
"အမှိုက်ပုံးထဲကိုပေါ့"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"ပထမထပ်မီးဖိုချောင်ထောင့်နားက အမှိုက်ပုံးထဲမှာလား"
ဝူပင်းက ပြန်ဖြေသည်။
"ဟုတ်တယ်။ အဲဒီအမှိုက်ပုံး"
ယဲ့ချန်းက လွှင့်ပစ်ထားသော ကမာတစ်ကောင်ကို ထုတ်ပြလိုက်သည်။
"ဒါက အဲဒီကမာလား"
ယဲ့ချန်း၏လက်ထဲရှိ ကမာကို မြင်သောအခါ ဝူပင်း မျက်နှာပျက်သွားသည်။
ယဲ့ချန်းကမူ ဆက်ပြောလေသည်။
"ခင်ဗျား ကမာကို လွှင့်ပစ်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက လီရှန်းရှန်းပြင်ဆင်ထားတဲ့ ကမာပဲ။ ခင်ဗျားရဲ့ လောက်တက်နေတဲ့ ကမာတွေကို ဟင်းပွဲနဲ့လဲပြီး ချပေးတာမဟုတ်လား"
ဝူပင်း အနည်းငယ်မျက်နှာပျက်သွားသော်လည်း ဇွတ်ငြင်းနေဆဲပင်။
"စွပ်စွဲချင်ရင် သက်သေရှိရမယ်လေ။ သက်သေ ဘယ်မှာလဲ"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"သက်သေရှိလို့ ခင်ဗျားကို ဒီခေါ်လာတာပေါ့"
ထိုသို့ပြောရင်း ယဲ့ချန်းက မတ်တတ်ထရပ်ပြီး USBတစ်ခုကို ကောက်ကိုင်လိုက်သည်။
"ကျွန်တော်တို့ဟိုတယ်ရဲ့ ကင်မရာတွေက စင်္ကြံတိုင်းမှာ တပ်ထားတာ။ ခင်ဗျားက ပါးပါးနပ်နပ်နဲ့ ကင်မရာတွေကိုရှောင်ခဲ့ပေမဲ့ တစ်ချက်တော့ လွတ်သွားတယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဝူပင်း၏ မျက်နှာကား အနည်းငယ်ပျက်ယွင်းသွားပြန်သည်။
ယဲ့ချန်းက ဆက်ပြောလေသည်။
"ပထမထပ်ထောင့်မှာ ဗန်ဂိုးရဲ့ 'အနာဂတ်အိပ်မက်'ဆိုတဲ့ ပန်းချီကားမိတ္တူတစ်ချပ် ရှိတယ်။ အဲဒီပန်းချီကားက အမှိုက်ပုံးနဲ့ တည့်တည့်မှာရှိတာ။ ခင်ဗျားက ကင်မရာတွေကို ရှောင်နိုင်ပေမဲ့ ပန်းချီကားရဲ့ရောင်ပြန်ကိုတော့ မရှောင်နိုင်ခဲ့ဘူး။ အဲဒီထဲမှာ ခင်ဗျားကို တွေ့လိုက်ရတယ်"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်တွင် ဝူပင်း၏မျက်နှာမှာ စက္ကူအလား ဖြူဖျော့သွားသည်။
ယဲ့ချန်းကလည်း လှောင်ပြုံးပြုံးလိုက်သည်။
"အဲဒီကမာတွေကို ဧည့်သည်တွေစားမိပြီး အစာအဆိပ်သင့်ကုန်ပြီဆိုတာ ခင်ဗျားသိလား။ အခု သူတို့ ဆေးရုံမှာ အရေးပေါ်ကုသနေရပြီ။ ခင်ဗျားရဲ့လုပ်ရပ်က ရာဇဝတ်မှုမြောက်တယ်"
"ဘာ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ... ကမာထဲမှာ လောက်ကောင်တွေ ပါပေမဲ့ အဲဒါတွေက မှိုတက်နေတဲ့ ဂျုံမှုန့်ထဲက ထုတ်ထားတာလေ။ ကမာက လတ်လတ်ဆတ်ဆတ်ကြီးပါ။ ဖျားနာသွားလောက်အောင်အထိ မဖြစ်ပါဘူး"
ဝူပင်းက စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ပြောလိုက်လေသည်။
ယဲ့ချန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဘာလို့ အဲဒီလိုလုပ်ခဲ့တာလဲ"
ဝူပင်းက အံတင်းတင်းကြိတ်လိုက်သည်။
"ခင်ဗျားမတရားလို့ လုပ်ခဲ့ရတာ"
ယဲ့ချန်းကလည်း ပြန်မေးသည်။
"ကျုပ်က ဘယ်လိုမတရားလို့လဲ"
ဝူပင်းက ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။
"ရှန်းရှန်းကချောလို့ ခင်ဗျား မျက်စိကျပြီး သူ့ကို ခေါင်းဆောင်စားဖိုမှူးခန့်လိုက်တာ မဟုတ်လား။ ကျွန်တော် ဒီမှာအလုပ်လုပ်တာ ဆယ်နှစ်ကျော်ပြီ။ ကျွန်တော့်လက်ရာက ဒီကောင်မလေးကို မကျော်နိုင်ဘူးလား။ ဒါက ကျွန်တော့်ကို သက်သက်စော်ကားတာပဲ"
ဝူပင်း၏ စွပ်စွဲချက်ကို ကြားသောအခါ ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"အဲဒီတော့ ခင်ဗျားလုပ်ခဲ့တယ်ဆိုတာ ဝန်ခံလိုက်ပြီပေါ့။ ကောင်းတယ်"
ထို့နောက် ယဲ့ချန်းက ဖုန်းထုတ်လိုက်သည်။
"ဥက္ကဋ္ဌကျောက်... ဒါတွေက သက်သေတွေပဲ။ ကျွန်တော်တို့ဟိုတယ်ရဲ့ စားဖိုမှူးတစ်ယောက်က ဒီလိုတွေလုပ်နေမှတော့ သူ့ကို အလုပ်ထုတ်လိုက်လို့ ရပြီမလား"
ဝူပင်းခမျာ ထိုစကားကို ကြားသောအခါ ခေတ္တမျှမှင်တက်သွားသည်။
ယဲ့ချန်းက ဆက်ပြောလိုက်၏။
"ပန်းချီကားကနေ ရောင်ပြန်ဟပ်တယ်ဆိုတာက ဇာတ်လမ်းတွဲထဲကနေ အတုယူပြီး လှည့်စားလိုက်တာပါ။ ခင်ဗျားက ဒီလောက်အထိ တုံးအလိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ ခင်ဗျားလုပ်တဲ့ လောက်တက်နေတဲ့ ကမာကိုလည်း ဘယ်သူမှ မစားခဲ့ပါဘူး။ တန်းလွှင့်ပစ်လိုက်တာ"
"မင်း..."
ယဲ့ချန်း၏စကားကို ကြားသောအခါ ဝူပင်း ဒေါသကြောင့် တုန်ရီသွားသည်။
"မင်း ငါ့ကို သက်သက်ထောင်ချောက်ဆင်တာပဲ"
ဝူပင်းက ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်လိုက်သည်။
"ကျုပ် ခင်ဗျားကို ထောင်ချောက်ဆင်တာ မဟုတ်ဘူး။ ဒါက ခင်ဗျား မကောင်းတာတွေ လုပ်နေလို့ ဖြစ်လာတဲ့ ရလဒ်ပဲ။ ကျုပ် မီးဖိုချောင်အနေအထားကို ပြောင်းလဲလိုက်ရတဲ့ အကြောင်းအရင်းက ခင်ဗျားရဲ့လက်ရာက ၁၅နှစ်အတွင်းမှာ လုံးဝတိုးတက်မလာလို့ပဲ။ ဧည့်သည်တွေရဲ့ အမှတ်ပေးမှုကို ကြည့်လိုက်ဦး။ တောက်လျှောက်ကျဆင်းနေတာ။ ဒီနေ့ ညစာစားပွဲရဲ့ အမှတ်ပေးမှုက အရင်ကထက် အများကြီးပိုမြင့်နေတယ်။ ဒါက ဘာအဓိပ္ပာယ်လဲ"
ယဲ့ချန်း ဆက်ပြောလိုက်သည်။
"ခင်ဗျားက အရင်က အောင်မြင်မှုတွေကိုပဲ ဖက်တွယ်ထားပြီး ဘာမှတိုးတက်အောင် မလုပ်ဘူး။ တီထွင်ဆန်းသစ်မှုမရှိဘဲနဲ့ ခင်ဗျားကို အုပ်ချုပ်ခွင့်ပေးထားရင် ကုမ္ပဏီက ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။ ခင်ဗျားသာ ရိုးရိုးသားသားနေခဲ့ရင် ခင်ဗျားရဲ့အတွေ့အကြုံအရ ကုမ္ပဏီမှာ ဆက်ထားပေးဦးမှာ။ ဒါပေမဲ့ လီရှန်းရှန်းကို ဒုက္ခပေးဖို့ ဒီလောက် အောက်တန်းကျတဲ့ကိစ္စမျိုး လုပ်မှတော့ ဘယ်သည်းခံနိုင်မှာလဲ"
ယဲ့ချန်း၏စကားကိုကြားသော် ဝူပင်း ရုတ်တရက်ရယ်မောလိုက်သည်။
"ခင်ဗျားက စကားကြီးစကားကျယ်တွေ ပြောနေတာပဲ။ တကယ်တမ်းကျတော့ ခင်ဗျား လီရှန်းရှန်းကို သဘောကျနေတာမဟုတ်လား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"စိတ်ဝင်စားတယ်... အဲဒီတော့ဘာဖြစ်လဲ။ ခင်ဗျား လာကိုက်မှာလား"
ဝူပင်းလည်း ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး ယဲ့ချန်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
ယဲ့ချန်းက ဝူပင်းကို ရန်စနေရသည့် အကြောင်းအရင်းမှာ ဝူပင်းဘက်က အရင်တိုက်ခိုက်လာအောင် လုပ်နေခြင်းပင်။
ဝူပင်း၏လက်သီးက ယဲ့ချန်းကို မထိခင်မှာပင် သူ့ဝမ်းဗိုက်ထဲဝယ် နာကျင်မှုကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင်မူ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ အားပြင်းပြင်းကျသွားခဲ့သည်။
ထိုအချိန်တွင် လုံခြုံရေးဝန်ထမ်းအချို့ ရောက်လာကြသည်။
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်၏။
"ဒီအမှိုက်ကို အပြင်လွှင့်ပစ်လိုက်"
ထိုအချိန်တွင် မီးဖိုချောင်ထဲရှိ အဖြစ်အပျက်ကို လူတိုင်း သိသွားကြသည်။
"လောင်ဝူက ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ မထင်ထားဘူး"
"တော်တော်အောက်တန်းကျတာပဲ။ ကိုယ့်အကျိုးစီးပွားအတွက် ဧည့်သည်တွေရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘဲ လောက်တက်နေတဲ့ အစားအစာတွေ ကျွေးတယ်ပေါ့"
"ရှန်းရှန်း... တောင်းပန်ပါတယ်။ ငါတို့တွေ မင်းကို အထင်လွဲခဲ့မိတယ်"
လီရှန်းရှန်းက သူ(မ)၏ လက်ထောက်ဆီကတစ်ဆင့် ဖြစ်ပျက်ခဲ့သမျှကို ကြားသိပြီးဖြစ်လေရာ ယဲ့ချန်းကို အလွန်ကျေးဇူးတင်နေမိသည်။
ဥက္ကဋ္ဌရုံးခန်းထဲတွင် လီရှန်းရှန်းက ကိတ်မုန့်တစ်လုံး လုပ်ပေးချေသည်။
"ဥက္ကဋ္ဌယဲ့... ကျွန်မရဲ့နာမည်ဂုဏ်သတင်းကို ရှင်းလင်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဒါက ကိုယ်လုပ်သင့်တဲ့ အလုပ်ပဲလေ မဟုတ်ဘူးလား"
လီရှန်းရှန်းက ခေါင်းခါပြလိုက်၏။
"မဟုတ်ပါဘူး။ ဥက္ကဋ္ဌက ကျွန်မရဲ့အိပ်မက်တွေကို တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ။ ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ဆို၏။
"မင်းရဲ့ဟင်းချက်လက်ရာက ကောင်းလည်းကောင်းသလို တီထွင်ဆန်းသစ်မှုလည်း ရှိတယ်။ ဒါက ဝူပင်း ဘယ်လိုမှမယှဉ်နိုင်တဲ့ အချက်ပဲ"
ထိုသို့ပြောရင်း ယဲ့ချန်းက ကိတ်မုန့်ဘူးကို ဖွင့်လိုက်သောအခါ ချစ်စရာကောင်းသော ပန်ဒါရုပ်လေးကို တွေ့လိုက်ရသည်။
ယဲ့ချန်းခမျာ စကားပင် မပြောနိုင်တော့ချေ။
"ဒါက ဘာအဓိပ္ပာယ်လဲ"
လီရှန်းရှန်းက ရယ်မောလိုက်၏။
"ဒီလောက်ချမ်းသာပြီး ချောမောတဲ့အပြင် ကြင်နာတတ်တဲ့ ဥက္ကဋ္ဌလိုလူမျိုးက ပန်ဒါလေးလိုပဲလေ"
ယဲ့ချန်းက လီရှန်းရှန်း၏ နှာခေါင်းလေးကို ခပ်ဖွဖွ တို့လိုက်သည်။
"မင်းလေးကတော့နော်... ကိုယ့်အလုပ်ရှင်ကို ပန်ဒါလို့ခေါ်ရဲတယ်ပေါ့"
...
ဟိုတယ်က ထွက်လာချိန်တွင် ယဲ့ချန်း စိတ်ကြည်လင်နေသည်။
လီရှန်းရှန်း မိုင်ဟိုတယ်၏ စားဖိုမှူးဖြစ်လာခြင်းမှာ ဟိုတယ်အတွက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို မုချဆောင်ကြဉ်းပေးလိမ့်မည်။
ထို့ပြင် ယဲ့ချန်းက လီရှန်းရှန်းကို စတားတက္ကသိုလ်တွင် ဧည့်ကထိကအဖြစ်လည်း ခန့်အပ်ခဲ့သည်။
သူတို့ကျောင်းမှာ ဟင်းချက်ဝါသနာပါသည့် ကျောင်းသားတစ်စု ရှိသည်မဟုတ်ပါလော။
ယဲ့ချန်းက ကျောင်းရုံးခန်းသို့ ပြန်ရောက်သောအခါ စောင့်ကြည့်ကင်မရာများကို ဖွင့်လိုက်သည်။
ကျောင်းတစ်ကျောင်းလုံး၏ အခြေအနေကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
သတိမထားမိလိုက်ပါဘဲ စတားတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လပင် ရှိသွားခဲ့လေပြီ။
စတားတက္ကသိုလ်ရှိ ညံ့ဖျင်းသည်ဟု သတ်မှတ်ခံထားရသော ကျောင်းသားနှစ်ထောင်နီးပါးမှာ သူတို့၏ဘဝကို ပြောင်းလဲပစ်နိုင်ခဲ့ကြလေပြီ။ ဤသည်မှာ ယဲ့ချန်းအဖို့ အပျော်ရွှင်ရဆုံးအရာပင်။
••••••••••••••••
အပိုင်း ၄၅၃ : ညီအစ်ကိုများအတွက် ဒေါသထွက်ပေးခြင်း
စတားတက္ကသိုလ်က သိပ္ပံသုတေသန၊ ကွန်ပျူတာပညာရပ်နှင့် ဗိသုကာပညာရပ် နယ်ပယ်များတွင်သာမက ဂီတနယ်ပယ်တွင်ပါ သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
အထူးသဖြင့် ကွန်ပျူတာပညာရပ်နယ်ပယ်ပင်။
မကြာသေးမီက ဟွားနိုင်ငံနှင့် အခြားနိုင်ငံတစ်ခုအကြား ဟက်ကာစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
စတားတက္ကသိုလ်မှ ဟက်ကာအဖွဲ့သည် ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ပြီး ပြိုင်ဘက်ကို အလွယ်တကူပင် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။
စတားဟက်ကာအဖွဲ့လည်း ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော်သွားခဲ့သည်။
အခြားနယ်ပယ်များမှ ကျောင်းသားများကလည်း သူတို့နှစ်သက်ရာ ကဏ္ဍများတွင် ကြီးမားသောတိုးတက်မှုများ ရရှိနေကြသည်။
သူတို့၏အိပ်မက်များအတွက် ကြိုးစားပြီး တိုက်ပွဲဝင်နေကြသော ဤကျောင်းသားများကို ကြည့်ရင်း ယဲ့ချန်းလည်း ဤသို့ရွေးချယ်ခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
တစ်ချိန်က လူအများထံမှ အထင်သေးခံခဲ့ရသော ဤကျောင်းသားများမှာ ယခုမူ တစ်နေ့တစ်ခြား ပိုမိုထူးချွန်လာကြပြီဖြစ်၏။
ထိုမျှမက စတားတက္ကသိုလ်၏ ဂုဏ်သတင်းမှာ လူ့အသိုင်းအဝိုင်းကြားတွင် ကြီးထွားလာပြီး ကျောင်းသားများကလည်း ထိုကျောင်းသို့ ပြောင်းရွှေ့ချင်နေကြသည်။
အကြောင်းမှာ စတားတက္ကသိုလ်က ဒဏ္ဍာရီပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သောကြောင့်ပင်။
တချို့ဆိုလျှင် ယဲ့ချန်းကို အိပ်မက်ဖန်တီးသူဟုပင် နောက်ပြောင်ခေါ်ဝေါ်ကြသည်။
သို့ရာတွင် ယဲ့ချန်းကမူ ထိုကျောင်းသားများ၏ ကျောင်းပြောင်းခွင့်တောင်းဆိုချက်အားလုံးကို ငြင်းပယ်ခဲ့သည်။
ယခင်ကမူ လူအများက စတားတက္ကသိုလ်သို့ ဝင်ခွင့်ရရန် လွယ်ကူသည်ဟု ထင်ခဲ့ကြသော်ငြား ယခုမူ ယဲ့ချန်းက ပြင်ပလောကသို့ အချက်ပြလိုက်ပြီဖြစ်၏။
စတားတက္ကသိုလ်ဆိုသည်မှာ အလွယ်တကူဝင်ရောက်နိုင်သော နေရာမျိုး မဟုတ်တော့ပေ။
သို့တိုင် စတားတက္ကသိုလ်ကား လူကြိုက်များပြီး ရေပန်းစားနေဆဲပင်။
…
တစ်နေ့တွင် ယဲ့ချန်းထံသို့ ရုတ်တရက်ကြီး ဖုန်းဝင်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ လီသုန်းပင်။
လီသုန်းက ယဲ့ချန်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်ပြီး သူတို့နှစ်ယောက်မှာ လုပ်ငန်းခွင်တွင် ဆက်ဆံရေးကောင်းမွန်ကြသည်။
ယဲ့ချန်း အလုပ်ထွက်သွားပြီးနောက်ပိုင်းတွင်လည်း သူတို့နှစ်ယောက် နှစ်ကြိမ်ခန့် တွေ့ဆုံဖြစ်ခဲ့ကြသေးသည်။
"ယဲ့ချန်း... ငါ စိတ်ညစ်နေလို့။ ငါနဲ့အတူ အရက်လာသောက်ပေးလို့ ရမလား"
လီသုန်းက ဖုန်းထဲကတစ်ဆင့် စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောလာလေသည်။
"ရတာပေါ့။ ဘာဖြစ်လို့လဲ။ ရည်းစားနဲ့ပြတ်သွားလို့လား"
ယဲ့ချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အေးကွာ... လူချင်းတွေ့မှပဲ ပြောကြတာပေါ့"
အသားကင်ဆိုင်တစ်ဆိုင်တွင် ယဲ့ချန်းနှင့် လီသုန်းတို့ တွေ့ဆုံကြသည်။
လီသုန်း၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုနေပြီး အချိန်အတော်ကြာအောင် ကောင်းကောင်းအိပ်မပျော်ပုံ ပေါ်နေချေသည်။
"မင်း ဘာတွေဖြစ်နေတာလဲ"
ယခင်က ပူပင်သောကကင်းစွာ နေတတ်သော သူ့ညီအစ်ကိုသူငယ်ချင်းဖြစ်သူက ယခုလိုဖြစ်နေသည်ကို မြင်ရသောအခါ ယဲ့ချန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
လီသုန်းက သက်ပြင်းချလျက် ပြောလိုက်၏။
"မင်း စုန့်လီဖေးကို မှတ်မိလား"
"သြော်... ခက်ချောချောတစ်ယောက်လား"
ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်သည်။
ယခင်တုန်းက ယဲ့ချန်းလည်း စုန့်လီဖေးကို အလွန်ချောသည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် ၎င်းမှာ အတိတ်များသာ။
စုန့်လီဖေး၏ရုပ်ရည်က အမှတ်ရှစ်ဆယ်ဝန်းကျင်လောက်သာ ရှိသော်ငြား ယခုမူ ယဲ့ချန်းအတွက် အမှတ်ကိုးဆယ်အောက်ရှိသော မည်သူမဆို ဆွဲဆောင်မှုမရှိဟု ထင်မြင်နေပြီဖြစ်၏။
လီသုန်းက ဆက်ပြောလိုက်၏။
"ငါ သူ့ကို သုံးနှစ်လောက် လိုက်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့ကုမ္ပဏီက လက်ထောက်မန်နေဂျာကျန်းချန်နဲ့ ပါသွားပြီကွ"
"သြော်"
ဤအဖြစ်ကြောင့် ယဲ့ချန်း အံ့သြမသွားခဲ့ပေ။
ကုမ္ပဏီတွင် အလုပ်လုပ်စဉ်ကတည်းက စုန့်လီဖေးသည် လှည့်စားတတ်သော မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်း သတိထားမိပြီးဖြစ်၏။
သူ(မ)က လီသုန်းကို အရန်လူတစ်ယောက်အနေနှင့်သာ တွဲနေခဲ့ခြင်းပင်။
ယခု စုန့်လီဖေးက လက်ထောက်မန်နေဂျာကျန်းချန်နှင့် တွဲသွားချိန်မှာလည်း ယဲ့ချန်း လုံးဝမအံ့သြမိပေ။
"လီသုန်း... စုန့်လီဖေးက မင်းနဲ့ မလိုက်ဖက်ဘူးလို့ ငါ အမြဲထင်ခဲ့တာ"
ယဲ့ချန်းက အကြံပြုစကားဆိုလိုက်သည်။
"ဟူး... ဒါပေမဲ့ ငါ သူ့ကို ချစ်တယ်ကွာ။ စတွေ့တဲ့အချိန်ကတည်းက သူ့ကို ချစ်မိသွားတာ။ ငါ အရည်အချင်းမရှိလို့ နေမှာပါ။ ငါသာ လက်ထောက်မန်နေဂျာဖြစ်ရင် သူ ငါ့ကို ရွေးချင်ရွေးမှာ"
ထိုစကားကို ကြားသောအခါ ယဲ့ချန်းလည်း ပြောစရာစကားပင် ဆွံ့အသွားသည်။
လီသုန်းက ဖုန်းထုတ်၍ ပြောလိုက်လေသည်။
"ဒေါသထွက်ဖို့ အကောင်းဆုံးက ငါ့ကောင်မလေးကို ဖြတ်လုသွားပြီးတဲ့နောက် အဲဒီလက်ထောက်မန်နေဂျာက လူသိရှင်ကြားတောင် ကြေညာလိုက်သေးတယ်။ ဒါက ငါ့ကို သက်သက်အနိုင်ကျင့်တာပဲ"
ယဲ့ချန်းက ဓာတ်ပုံကို ကြည့်လိုက်လေရာ မိုတုမြို့ရှိ ဟိုတယ်တစ်ခု၏ လသာဆောင် ဖြစ်နေပေသည်။
လသာဆောင်ပေါ်တွင် လူနှစ်ယောက် လက်ချင်းချိတ်ထားကြသည်။
စုန့်လီဖေး၏ လူမှုကွန်ရက်စာမျက်နှာတွင် "ချစ်ရသူရဲ့လက်ကို ကိုင်ထားရင်း မနက်ခင်းလေးမှာ နိုးထရတာက အရမ်းပျော်စရာကောင်းတယ်"ဟု ရေးထားသည်။
ကျန်းချန်ကလည်း စာရေးထားသည်။
"မနေ့ညက အရမ်းပင်ပန်းခဲ့ပေမဲ့ သိပ်ပျော်ခဲ့ရတယ်။ နိုးလာလို့ မင်းမျက်နှာကို မြင်လိုက်ရချိန်မှာ ပျော်ရွှင်မှုတွေပဲ ကျန်နေတော့တာ"
လီသုန်းက သက်ပြင်းချလိုက်သည်။
"ဟူး... ယဲ့ချန်း ငါ တကယ်ရင်ကွဲရတယ်ကွာ။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ အများကြီး ပေးဆပ်ခဲ့ပေမဲ့ သူ့လက်ကိုတောင် မကိုင်ဖူးဘူး။ အခုတော့ သူတို့က အတူတူတောင်အိပ်ပြီးသွားကြပြီ"
ယဲ့ချန်းက လီသုန်း၏ပခုံးကို ပုတ်လိုက်သည်။
"မင်းက သိပ်ရိုးအတာပဲ။ မင်းက မိန်းကလေးတွေအားလုံးကို နတ်သမီးလေးတွေလို့ ထင်နေတာကိုး။ ဒါပေမဲ့ မင်းမြင်နေရတဲ့ နတ်သမီးဆိုတာတွေက အများအားဖြင့် လှပအောင် ထုပ်ပိုးထားရုံသက်သက်ပဲ"
လီသုန်းကမူ အရက်တစ်ငုံ သောက်လိုက်၏။
"ထားလိုက်ပါတော့။ ငါက တော်တော်တုံးအတာလည်း ဖြစ်မှာပါ"
တုံးအလှသော သူ့ညီအစ်ကိုကိုကြည့်ကာ ယဲ့ချန်းလည်း ပခုံးပုတ်ပေးလိုက်သည်။
"ထားလိုက်ပါ။ အဆိုးထဲက အကောင်းပါပဲ။ ဒါက မကောင်းတဲ့ကိစ္စရယ်လို့လည်း မဟုတ်လောက်ပါဘူး"
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းထဲမှ ဂရုချက်အသိပေးစာတစ်စောင် ရုတ်တရက်ဝင်လာသည်။
ထိုဂရုချက်မှာ ယဲ့ချန်း ပုံမှန်အားဖြင့် သိပ်ဂရုစိုက်လေ့မရှိသော ကုမ္ပဏီ၏ QQဂရုပင်။
ဖွင့်ကြည့်လိုက်သောအခါ ကျန်းချန်က စာအိတ်နီတစ်လုံးပို့ပေးထားခြင်းပင်။
"အားလုံး ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက ထိုစာအိတ်နီကို ဖွင့်ကြည့်လိုက်သောအခါ ယွမ်နှစ်ဆယ်သာ ပါကြောင်း တွေ့လိုက်ရသည်။
ကျန်းချန်၏လုပ်ရပ်ကို ယဲ့ချန်း နားလည်လိုက်သည်။ ကြွားချင်ရုံသက်သက်ပင်။
သို့သော် ကြွားဖို့အတွက် ယွမ်နှစ်ဆယ်ပေးခြင်းမှာမူ ကပ်စေးနည်းလွန်းလှသည်။
ယဲ့ချန်းက တုံ့ဆိုင်းမနေဘဲ ဂရုထဲတွင် မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"လူယုတ်မာနဲ့ မိန်းမလည်အတွဲပါလား။ နတ်ဖက်တဲ့စုံတွဲပဲ"
ထိုသို့စာပို့ပြီးနောက် ယဲ့ချန်းက ယွမ်တစ်သောင်းနှစ်ထောင် တန်ဖိုးရှိသော စာအိတ်နီတစ်ခုကို အယောက်ခြောက်ဆယ်စာ ခွဲပို့လိုက်သည်။
ဂရုထဲရှိ လူတိုင်း ယွမ်နှစ်ရာစီ ရနိုင်ပေသည်။
ယခင်က တိတ်ဆိတ်နေသော ဂရုမှာ ရုတ်ခြည်းသက်ဝင်ဆူညံလာတော့သည်။
ကုမ္ပဏီဂရုထဲတွင် ပုံမှန်အားဖြင့် ချောင်းကြည့်နေလေ့ရှိသော လူပေါင်းများစွာက ရုတ်တရက် စကားစပြောလာကြသည်။
အလုပ်များနေလို့တဲ့လား...
QQဂရုကို ဝင်ကြည့်ဖို့ အချိန်မရှိဘူးတဲ့လား...
ထိုအရာမှာ အဓိပ္ပာယ်မရှိသော စကားများပင်။
အထွေထွေမန်နေဂျာပင် ထိုစာအိတ်နီကို တိတ်တဆိတ် ယူသွားခဲ့ကြောင်း ယဲ့ချန်း သတိထားမိသည်။
လက်ထောက်မန်နေဂျာကျန်းချန်မှာ ထိုငွေလက်ဆောင်နှင့်အတူ ပါလာသောစာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
"လူယုတ်မာနဲ့ မိန်းမလည်အတွဲပါလား။ နတ်ဖက်တဲ့စုံတွဲပဲ"
ကျန်းချန် : "ယဲ့ချန်း... မင်း ဘာသဘောလဲ"
ယဲ့ချန်း : "မန်နေဂျာကျန်း... ဘာမှမဟုတ်ပါဘူး။ အားလုံးနဲ့ မတွေ့ရတာကြာပြီမို့ ငွေလက်ဆောင် ပေးချင်ရုံသက်သက်ပါ။ ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး"
ကျန်းချန် : "ဘာကိုမဆိုင်ရမှာလဲ။ မင်းက ငါ့ကို သိသိချည်းဆဲနေတာလေ"
ယဲ့ချန်း : "ခင်ဗျားကိုဆဲတယ် ဟုတ်လား။ ကျွန်တော်က ငွေလက်ဆောင် ပို့လိုက်တာကို သူ့ဟာသူ လာယူချင်တဲ့လူတွေ ရှိနေတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်"
ကျန်းချန် : "မင်း..."
ဂရုထဲရှိ လုပ်ဖော်ကိုင်ဖက်များကတော့ အလွန်သဘောကျနေကြသည်။
လီသုန်းက စုန့်လီဖေးကို နှစ်ပေါင်းများစွာ လိုက်ပိုးခဲ့သော်လည်း ကျန်းချန်က ကြားဖြတ်လုယူသွားခဲ့ခြင်းဖြစ်လေရာ ကုမ္ပဏီရှိ လူတိုင်းကလည်း လီသုန်းအတွက် မတရားဘူးဟု ခံစားနေကြသည်။
သူတို့နှစ်ဦး တွဲနေကြောင်း လူသိရှင်ကြား ကြေညာလိုက်ခြင်းမှာမူ လွန်လွန်းလှသည်။
ကျန်းချန်၏ ယွမ်နှစ်ဆယ်တန် ငွေလက်ဆောင်နှင့် ယှဉ်လိုက်လျှင် ယဲ့ချန်း၏ ယွမ်တစ်သောင်းနှစ်ထောင်တန် ငွေလက်ဆောင်က အလွန်သဘောထားကြီးလွန်းနေပေသည်။
ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်အားလုံးက ယဲ့ချန်းဘက်က တစ်ညီတစ်ညွတ်တည်း ရပ်တည်ထောက်ခံခဲ့ကြသည်။
ကျန်းချန်ခမျာ အံတင်းတင်းကြိတ်ပြီး ယဲ့ချန်းကို ဂရုထဲမှ ထုတ်ပစ်လိုက်တော့သည်။
လီသုန်းကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။
သူသည် ယဲ့ချန်း၏ လုပ်ရပ်များအတွက် ရင်ထဲ ထိရှသွားရသည်။
ကျန်းချန်က ယဲ့ချန်းကို ဂရုထဲမှ ထုတ်ပစ်လိုက်သည်ကို မြင်သောအခါ လီသုန်းလည်း မကျေနပ်တော့ပေ။
"ကျန်းချန်... ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေချည်းပဲလေ။ ဘာလို့ ယဲ့ချန်းကို ဂရုထဲက ထုတ်ပစ်ရတာလဲ"
"ဟုတ်တယ်။ အဲဒါတော့ လွန်သွားပြီ"
"လူတစ်ယောက်ကို ဂရုထဲကထုတ်ဖို့ မန်နေဂျာရဲ့ခွင့်ပြုချက် ရပြီးပြီလား"
…
သူတို့အားလုံးက ယဲ့ချန်း၏ ငွေလက်ဆောင်ကို လက်ခံရရှိထားခါစ ဖြစ်သောကြောင့် လူတိုင်း၏ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားလေသည်။
ကျန်းချန်လည်း အနည်းငယ်အံ့သြမှင်တက်သွားပြီး နောက်ထပ်လူအနည်းငယ်ကိုပါ ဂရုထဲမှ ထပ်ထုတ်ပစ်လိုက်သည်။
မန်နေဂျာယွီမုန့်ယန်သည် ယဲ့ချန်း၏ နောက်ခံအကြောင်း သိထားသူအနည်းစုထဲမှ တစ်ယောက်ပင်။
အတူထမင်းစားစဉ်က ယခု ယဲ့ချန်းတွင် အဆင့်အတန်းတစ်ခု ရှိနေပြီဖြစ်ကြောင်း သူ သိခဲ့ရသည်။
ကျန်းချန်က ယဲ့ချန်းကို ဂရုထဲမှ ထုတ်ပစ်လိုက်ကြောင်း မြင်သောအခါ လျစ်လျူမရှုရဲဘဲ ယဲ့ချန်းကို အမြန်ပြန်ထည့်ပေးလိုက်သည်။
ဂရုထဲသို့ ပြန်ရောက်လာသည်နှင့် ယဲ့ချန်းက နောက်ထပ်စာအိတ်နီအကြီးကြီးတစ်လုံး ထပ်ပို့လိုက်သည်။
"သတ္တိရှိရင် ဆက်ထုတ်ကြည့်လေ"
ကျန်းချန်၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး ယဲ့ချန်းကို နောက်တစ်ကြိမ်ထပ်ထုတ်ပစ်ရန် ကြံရွယ်လိုက်သည်။
သို့သော် သူ့စီမံခွင့်များ ရုပ်သိမ်းခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
အခြားလုပ်ဖော်ကိုင်ဖက်များကတော့ ငွေလက်ဆောင်ကို ဆက်ယူနေကြဆဲပင်။
ဂရုချက်မှာလည်း ဆူညံပွက်လောရိုက်နေတော့သည်။
"သတ္တိရှိရင် ဆက်ထုတ်ကြည့်လေ"
"သတ္တိရှိရင် ဆက်ထုတ်ကြည့်လေ"
"သတ္တိရှိရင် ဆက်ထုတ်ကြည့်လေ"
ကျန်းချန်ခမျာ ဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်နေသော်လည်း ဘာမှလုပ်နိုင်စွမ်းမရှိတော့ပေ။
မန်နေဂျာယွီမုန့်ယန်ကပါ သတိပေးချင်ထုတ်လိုက်သည်။
"မစ္စတာယဲ့က မင်းတို့ ရန်စလို့ရတဲ့လူစားမျိုး မဟုတ်ဘူး။ မင်းတို့တွေ ဝင်မပါတာ အကောင်းဆုံးပဲ"
လူဆိုသည်မှာ သဘာဝအရ အင်အားနှင့် ဩဇာအာဏာနောက်သို့ လိုက်တတ်ကြစမြဲပင်။
ယခုပင် ယဲ့ချန်းက ဂရုထဲသို့ ပြန်ရောက်လာပြီး ကျန်းချန်၏ စီမံခွင့်များ ရုပ်သိမ်းခံလိုက်ရခြင်းမှာ ဘာကို ညွှန်ပြနေသလဲ။
ဤသည်မှာ အထွေထွေမန်နေဂျာ၏ မျက်လုံးထဲတွင် ကျန်းချန်ထက် ယဲ့ချန်းက ပိုအလေးသာနေကြောင်း ညွှန်ပြနေခြင်းပင်။
•••••••••••••••••