← Chapters

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အခန်း (၄၅၇-၄၅၉)

Vol. 31 Ch. 457-459

အပိုင်း ၄၅၇ : ဒရိုင်ဘာအချောလေး

သူဌေးမကြီးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ခမျာ သူတို့ကိုယ်တိုင် ဖုန်းဆက်ပြီးခေါ်လိုက်သော လူများက သူတို့ကို ပြန်ရိုက်နှက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။

အစ်ကိုကျားက သူတို့နှစ်ယောက်ကို ယဲ့ချန်းရှေ့သို့ ဆွဲခေါ်လာသည်။

"မစ္စတာယဲ့ကို တောင်းပန်လိုက်"

မျက်နှာထက်တွင် ဖူးရောင်ညိုမည်းနေသော ထိုနှစ်ယောက်က ယဲ့ချန်းကို တောင်းပန်ကြလေသည်။

ယဲ့ချန်းက လက်ဝေ့ယမ်းလျက် ထိုသူဌေးမကြီးကို ပြောလိုက်သည်။

"တက္ကစီဒရိုင်ဘာဆိုပြီး အနိုင်ကျင့်လို့လွယ်တယ်မထင်နဲ့။ ပိုက်ဆံရှိတိုင်းလည်း ကိုယ်လုပ်ချင်ရာလုပ်လို့ရတယ်လို့ မမှတ်နဲ့။ ဒီလောကမှာ ခင်ဗျားတို့ ရန်စလို့မရတဲ့လူတွေလည်း ရှိတယ်"

တက္ကစီဒရိုင်ဘာလေးတစ်ယောက်က ဤမျှအထိ တောင့်တင်းသော နောက်ခံမျိုးရှိလိမ့်မည်ဟု ထိုအမျိုးသမီး လုံးဝမထင်ထားပေ။

အစ်ကိုကျားပင် သူ့စကားကို တစ်သဝေမတိမ်း နားထောင်နေရသည် မဟုတ်ပါလော။

ဤကဲ့သို့သော အသေးစားလူမိုက်လေးများကိုမူ ယဲ့ချန်းက သင်ခန်းစာပေးပြီးသည်နှင့် လွှတ်ပေးလိုက်သည်။

ညနေပိုင်းတွင် လီသုန်းက ယဲ့ချန်းကို ညစာအတူစားရန် ဖိတ်ကြားခဲ့သည်။

လီသုန်း၊ လုဟောင်နှင့် စုချန်းတို့မှာ ကုမ္ပဏီတွင် ယဲ့ချန်းနှင့် အလွန်ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်များပင်။

ယခုတစ်ခေါက်တွင် လီသုန်း သူတို့ကို ဖိတ်ရခြင်းမှာ သူ ရည်းစားရသွားသောကြောင့်ပင်။ အဓိကကတော့ ယဲ့ချန်းကို ကျေးဇူးတင်ချင်သောကြောင့်ပင်။

စုန့်လီဖေးတွင် ကာလသားရောဂါရှိနေသည်ဟူသောသတင်းက ကုမ္ပဏီတွင် အလွန်ဂယက်ရိုက်သွားခဲ့ပြီး ကျန်းချန်ကလည်း ငွေကြေးအလွဲသုံးစားမှုဖြင့် အဖမ်းခံလိုက်ရသည်။

ဤဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် လီသုန်းမှာ အလွန်ရင့်ကျက်သွားခဲ့သည်။

"ယဲ့ချန်း... ဒီတစ်ခါတော့ မင်းကိုပဲ ကျေးဇူးတင်ရမှာပဲ။ မင်းသာမရှိရင် ငါတော့ စုန့်လီဖေး ကစားတာကို ခံနေရဦးမှာ"

"ဟားဟား... ငါတို့တွေက ညီအစ်ကိုတွေပဲဟာကို... ဒါက ငါလုပ်ပေးသင့်တဲ့ ကိစ္စတွေပါကွာ။ ဒီမိန်းကလေးကရော ဘယ်လိုလဲ"

လီသုန်းက ရယ်မောလိုက်သည်။

"ဒီကောင်မလေးက ကုမ္ပဏီထဲက လူသစ်လေးလေ။ ငါလည်း သူ့ကို ကူညီစောင့်ရှောက်ပေးဖြစ်တယ်ပေါ့ကွာ။ စုန့်လီဖေးလောက်တော့ မလှပေမဲ့ သူက အရမ်းစိတ်ထားကောင်းတယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... မိန်းမယူမယ်ဆိုရင် ကိုယ့်အတွက် သင့်တော်တဲ့သူကိုပဲ ရွေးရတာ။ မင်းရဲ့မင်္ဂလာဆောင်ကို ငါ မျှော်နေမယ်နော်"

သူတို့လေးယောက်သား အသားကင်စားရင်း စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

ယဲ့ချန်းက စိတ်အခြေအနေကောင်းသဖြင့် အရက်များများသောက်ဖြစ်သွားသည်။

ဝအောင်စားသောက်ပြီးချိန်တွင် ညဆယ်နာရီပင် ကျော်နေပြီဖြစ်၏။

ယဲ့ချန်းက အလွန်မူးနေသဖြင့် ကားမောင်း၍ မရတော့သောကြောင့် အငှားဒရိုင်ဘာခေါ်လိုက်ရတော့သည်။

ယဲ့ချန်း၏ လိုင်ကန်ပြိုင်ကားကြီးကို ကြည့်ရင်း လီသုန်းက မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။

"အရက်သောက်မယ့်ညကို ဘာလို့ ပြိုင်ကားကြီး မောင်းလာတာလဲ။ ထိုင်ခုံက နှစ်ခုံတည်းရှိတာ။ ငါတို့ထိုင်ဖို့ နေရာမရှိဘူးလေ"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ဟားဟား... ငါတို့တွေရဲ့စတိုင်ကို မြှင့်တင်ထားတာလေကွာ။ မဟုတ်ရင် လူတွေက ငါတို့ကို လူဆင်းရဲတွေလို့ ထင်နေကြမှာပေါ့"

ထိုအချိန်တွင် လီသုန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဟိုမှာကြည့်... အလှလေးတစ်ယောက်က မင်းကို လာမြူဆွယ်နေပြီ"

မပေါ့်တပေါ်ဝတ်စားထားပြီး ရုပ်ရည်ရမှတ်ရှစ်ဆယ်ခန့်ရှိသော အမျိုးသမီးတစ်ယောက်က အနားသို့ လျှောက်လာသည်။

"အချောလေး.. ဒီပြိုင်ကားက ရှင့်ကားလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော့်ပြိုင်ကားပါ"

ထိုမိန်းကလေး၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဆွဲဆောင်မှုရှိပြီး သူ(မ)၏အပြုံးနှင့် အကြည့်တို့မှာ ညှို့ဓာတ်များ ပြည့်နှက်နေသည်။

လီသုန်းနှင့် အခြားလးများမှာ ထိုအလှလေး၏ ဆွဲဆောင်မှုအောက်တွင် ချက်ချင်းနစ်မျောသွားကြသည်။

သို့သော် မိန်းမလှပေါင်းများစွာဖြင့် တွေ့ဖူးသည့် ယဲ့ချန်းအတွက်မူ ရုပ်ရည်ရမှတ်၈၀ရှိသော အလှလေးက သူ့ရင်ကို မလှုပ်ခတ်နိုင်ပေ။

အလှလေးက ပြုံးလိုက်၏။

"အစ်ကို ကျွန်မက Charmingဘားကို သွားမလို့။ လိုက်ပို့ပေးလို့ ရမလား"

သူ(မ)က လိုက်ပို့ခိုင်းခြင်းဖြစ်သော်ငြား သူ(မ)၏ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။

Charming Barဆိုသည်မှာ မိုတုမြို့၏ အကြီးဆုံးဘားများထဲမှ တစ်ခုပင်။

ဘားကိုသွား၊ အရက်သောက်၊ နည်းနည်းလောက်ကပြီးနောက် ဟိုတယ်ခန်းထဲသို့ ရောက်သွားမည်မှာ သေချာသည်။

ယဲ့ချန်းကတော့ ဤကဲ့သို့သော ဇာတ်လမ်းမျိုးနှင့် ရင်းနှီးပြီးသားပင်။

ဘေးနားရှိ လီသုန်းတို့ကတော့ အားကျစိတ်၊ မနာလိုစိတ်များဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေကြသည်။

ပိုက်ဆံရှိခြင်းကား တကယ်ကောင်းသည်။ ကားကောင်းကောင်းစီးနိုင်လျှင် ဘာမှလုပ်စရာမလိုဘဲ အလှလေးများက သူ့အလိုလို လာကပ်ကြသည် မဟုတ်ပါလော။

သို့သော် ယဲ့ချန်းက ရုပ်လည်းချော၊ ပိုက်ဆံလည်းရှိသောကြောင့် သွားယှဉ်၍မရပေ။

အားလုံးက ယဲ့ချန်း သဘောတူလိမ့်မည်ဟု ထင်နေကြသော်လည်း ယဲ့ချန်းကမူ လူတိုင်းထင်မထားသော စကားကို ပြောလိုက်လေသည်။

"စိတ်မရှိပါနဲ့... ကျွန်တော့်မှာ လုပ်စရာရှိလို့ပါ"

သောက်ကျိုးနည်း...

ယဲ့ချန်း အကြိုက်ပြောင်းသွားတာလား။

ဤကဲ့သို့သော အခွင့်အရေးမျိုးက လူတိုင်း အိပ်မက်ထဲအထိ တောင့်တမျှော်လင့်နေရသော အရာဖြစ်၏။ ယခုမူ အခွင့်အရေးရနေပါလျက်နှင့် ယဲ့ချန်းက ငြင်းလိုက်သည်။

ထိုမိန်းကလေး၏ မျက်နှာထက်ရှိ အပြုံးများလည်း ပျောက်ကွယ်သွားသည်။

သူ(မ)က ယောကျ်ားများကို မြူဆွယ်ရာတွင် မအောင်မြင်သည်မျိုး ရှားလှသော်လည်း ယနေ့တွင်မူ ယဲ့ချန်းထံမှ အငြင်းခံလိုက်ရသည်။

သူ(မ)ဘက်က ယနေ့ည ဟိုတယ်အတူသွားရအောင်ဟု အရိပ်အယောင်ပြနေသော်လည်း ယဲ့ချန်းကတော့ သူ(မ)ကို ငြင်းလိုက်သည်။

သူ(မ) ဤမျှလှပပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းနေပါလျက်နှင့် ဤယောကျ်ားက ဘာကြောင့် ငြင်းရလေသလဲ။

အခြားလူများကလည်း ဤမျှလှပသော မိန်းကလေးကို ယဲ့ချန်းက ဘာကြောင့်ငြင်းလိုက်ရသလဲဆိုသည်ကို နားမလည်နိုင်ကြပေ။

ယဲ့ချန်းက ခပ်အေးအေးပင် ပြောလိုက်သည်။

"ကျွန်တော့်မှာ ရည်းစားရှိတယ်။ ပြီးတော့ ကျွန်တော်က သစ္စာရှိတဲ့လူပါ"

ထိုမိန်းကလေးက ယဲ့ချန်း၏စကားကို ကြားသောအခါ လှောင်လိုက်သည်။

"ဟန်ဆောင်ကောင်းလိုက်တာ"

ထို့နောက် ဒေါသတကြီး ထွက်သွား​လေတော့သည်။

အခြားလူများက ယဲ့ချန်းကို တအံ့တသြကြည့်နေကြသည်။

"ဒါက မင်းပုံစံမဟုတ်ဘူးနော် ယဲ့ချန်း"

"ဟုတ်တယ်... ဒီလောက်လှတဲ့ အလှလေးကို ငြင်းလိုက်တယ်တဲ့"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"မင်းတို့ကလည်း.... အပြင်လောကက အခု တော်တော်ရှုပ်ထွေးနေတာ။ ငါ အလှလေးတွေကို ကြိုက်ပေမဲ့ ရောဂါရှိတဲ့မိန်းမတွေကိုတော့ စိတ်မဝင်စားဘူး"

ယဲ့ချန်း၏စကားကို ကြားသော် ကျန်းချန်၏ကိစ္စကို သတိရလိုက်မိသဖြင့် အားလုံး သဘောပေါက်သွားကြသည်။

ယဲ့ချန်းက ထိုအလှလေးတွင် ရောဂါရှိနေသောကြောင့် ငြင်းလိုက်ခြင်းပင်။

သို့သော် ယဲ့ချန်း မည်သို့သိသွားသလဲဆိုသည်ကိုတော့ သိချင်နေကြသည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ... မင်းတို့ရဲ့အစ်ကိုကြီးက လူတွေရဲ့မျက်နှာကို ကြည့်ရုံနဲ့ သိနိုင်တယ်"

မည်သူကမှ သူ့စကားကို မယုံကြဘဲ နှုတ်ခမ်းစူကုန်ကြသည်။

ထိုအချိန်တွင် တက္ကစီတစ်စီး ဆိုက်လာသည်။

"ကဲ... ငါတို့တွေ အရင်သွားပြီ။ မင်းလည်း မင်းရဲ့အငှားဒရိုင်ဘာကို စောင့်လိုက်ဦး"

သူတို့ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ချန်းမှာ ဆွံ့အသွားချေသည်။

အငှားဒရိုင်ဘာကလည်း အကြာကြီးစောင့်နေရသည်။

ထိုစဉ် အနောက်ဘက်မှ ကြောက်ရွံ့နေဟန် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဆရာ... အငှားဒရိုင်ဘာခေါ်ထားတာ ဆရာလား"

ယဲ့ချန်း လှည့်ကြည့်လိုက်သောအခါ အံ့သြမှင်တက်သွားရသည်။

သူ့နောက်တွင် လျှပ်စစ်စကူတာလေးတစ်စီးနှင့် နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်က သူ့ကို ကြောက်ရွံ့စွာ ကြည့်နေသည်။

ထိုမိန်းကလေးကို မြင်သောအခါ ယဲ့ချန်း အံ့အားသင့်သွားရသည်။

"မင်းက အငှားဒရိုင်ဘာလား"

ယဲ့ချန်းမှာ အရက်ရှိန်ကြောင့် နည်းနည်းမူးနေသော်လည်း သတိကတော့ ကောင်းကောင်းရှိနေသေးသည်။

ထိုမိန်းကလေးမှာ အသက်နှစ်ဆယ်ကျော်ခန့်သာရှိပြီး ရုပ်ရည်ရမှတ်၉၅မှတ်ကျော်ရှိသည့် မိန်းမလှလေးတစ်ယောက်ပင်။

သူ(မ)က အဝါရောင်အငှားဒရိုင်ဘာဂျာကင်လေးကို ဝတ်ထားလေရာ ထူးခြားလှသော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။

ထိုမိန်းကလေးမှာ အလွန်နုနယ်ပြီး လှပလွန်းသဖြင့် ယဲ့ချန်း စိတ်ဝင်စားသွားသည်။

ဤမျှ လှပနုနယ်သည့် မိန်းကလေးတစ်ယောက် အငှားဒရိုင်ဘာလုပ်နေသည်မှာ အလွန်သတ္တိရှိလှသည်။

အငှားဒရိုင်ဘာခေါ်သူအများစုမှာ မူးရူးနေသည့် ယောကျ်ားများဖြစ်သောကြောင့် ညသန်းခေါင်ယံတွင် မိန်းကလေးတစ်ယောက်တည်း ဤအလုပ်လုပ်နေရသည်မှာ စိတ်မချချင်စရာကောင်းသည်မဟုတ်လော။

ယဲ့ချန်းက သူ(မ)ကို စိုက်ကြည့်နေသဖြင့် ထိုမိန်းကလေးခမျာ မျက်နှာလေး ရဲခနဲနီမြန်းသွားသည်။

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ... ဒါဆိုရင်လည်း ကူညီပေးပါဦး"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက သူ(မ)ကို သော့ပစ်ပေးကာ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ငါ ခဏအိပ်လိုက်ဦးမယ်။ ရောက်ရင် နှိုးလိုက်နော်"

ယဲ့ချန်းက ဆို၏။

ထိုမိန်းကလေးက လှပပါသော်လည်း ယဲ့ချန်းကတော့ မူးနေသည်ကို အခွင့်ကောင်းယူကာ သူ(မ)ကို အနိုင်ကျင့်မည့်လူစားမျိုး မဟုတ်ပေ။

ယဲ့ချန်း အိပ်တော့မည့်ဆဲဆဲမှာပင် ထိုမိန်းကလေးက ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို ပုတ်နှိုးလေသည်။

"တစ်ခုခုလိုလို့လား"

ယဲ့ချန်းက မေးလိုက်သည်။

"ဒီပြိုင်ကားကို ကျွန်မ ဘယ်လိုမောင်းရမှန်းမသိလို့ပါ"

သူ(မ)က အငှားဒရိုင်ဘာအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ဖူးသော်လည်း ဤမျှခမ်းနားသော ပြိုင်ကားမျိုးနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။

ယဲ့ချန်း၏ပြိုင်ကားမှာ ဟွားနိုင်ငံတွင် တစ်စီးတည်းသာရှိသော အမျိုးအစားဖြစ်သဖြင့် ထိုမိန်းကလေး မမောင်းတတ်သည်မှာ သဘာဝပင်။

ယဲ့ချန်းက ကားမောင်းပုံကို အကျဉ်းချုပ်ရှင်းပြပြီးနောက် ဘေးထိုင်ခုံတွင် ပြန်မှီအိပ်လိုက်သည်။

သူ(မ)ကို လိပ်စာပေးပြီးနောက် အိပ်ငိုက်လာသဖြင့် ယဲ့ချန်းခမျာ မကြာခင်မှာပင် အိပ်ပျော်သွား​လေတော့သည်။

အိပ်ပျော်နေသော ယဲ့ချန်းကို ကြည့်ရင်း ထိုမိန်းကလေးက ခပ်ဖွဖွပြုံးလိုက်သည်။

ယဲ့ချန်းက အလွန်ရုပ်ချောပြီး စိတ်ထားလည်း ကောင်းလှသည်။ သူ(မ)ကို အနိုင်ကျင့်တတ်သည့် အခြားအမူးသမားယောကျ်ားများလို မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

သူ့တွင် စနစ်ရှိနေသဖြင့် အသက်အန္တရာယ်ဖြစ်စေမည့် ဒဏ်ရာမျိုးရမည်ကိုမူ ယဲ့ချန်း စိတ်မပူပေ။

ဤပြိုင်ကားက မောင်းတတ်သူအတွက်ဆိုလျှင် အလွယ်တကူ ကိုင်တွယ်နိုင်သည့် အမျိုးအစားပင်။

ယဲ့ချန်းက အကောင်းမြင်စိတ်ဖြင့် တွေးထားခဲ့သော်လည်း ခဏအိပ်ပျော်သွားပြီးနောက် မမျှော်လင့်ထားသော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။

••••••••••••••••••

အပိုင်း ၄၅၈ : ယာဉ်တိုက်မှုဖြစ်ခြင်း

ယဲ့ချန်းမှာ အိပ်ချင်မူးတူးဖြစ်နေပြီး ဘယ်လောက်ကြာကြာ အိပ်ပျော်သွားကြောင်းကိုပင် မသိလိုက်ချေ။ ထိုစဉ် ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူ နိုးလာသောအခါ ကားရှေ့မှန်များမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေပြီး လေအိတ်က သူ့မျက်နှာကို လာရိုက်နေကြောင်း တွေ့လိုက်ရသည်။

ဤတိုက်ခတ်မှုကြောင့် ယဲ့ချန်းလည်း ချက်ချင်းအမူးပြေပြီး နိုးကြားသွားတော့သည်။

"သေစမ်း... ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ခပ်ကြမ်းကြမ်းတိုက်မိရတာလဲ"

လိုင်ကန်ကား၏ လေအိတ်နှစ်ခုလုံး ပွင့်ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် ကားတိုက်မှုက မည်မျှပြင်းထန်ကြောင်း သိသာသဖြင့် ယဲ့ချန်းမှာ ဆွံ့အသွားရသည်။

သူ့ဘေးရှိ ဒရိုင်ဘာမလေးကလည်း လေအိတ်နှင့် အရိုက်ခံထားရသည်။

သူ(မ)၏ မျက်နှာလှလှလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်လွင်နေသည်။

ဤမျှအထိ ဈေးကြီးလှသော ကားကို တိုက်မိလိုက်ပြီဖြစ်လေရာ ဤတစ်ခါတော့ ကိစ္စတုံးပြီဟု တွေးနေမိသည်။

ဒရိုင်ဘာမလေးက ယဲ့ချန်းကို စိုးရိမ်ကြောင့်ကြကြီးစွာဖြင့် ကြည့်လိုက်သည်။

ယဲ့ချန်း နိုးလာသည်ကို မြင်သောအခါ သူ(မ) တစ်ခုခုပြောချင်သော်လည်း စကားလုံးများက လည်ချောင်းဝမှာ တစ်နေချေသည်။

"ကားတိုက်မိတာလား"

ယဲ့ချန်းလည်း ပြတင်းပေါက်ကတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သောအခါ သူ့ကားက လမ်းဘေးအကာအရံများကို ဝင်တိုက်ထားကြောင်း တွေ့လိုက်ရသည်။ ပြင်းထန်သော ပွတ်တိုက်မှုနှင့်အတူ အရှိန်ပြင်းပြင်းဝင်ဆောင့်မိခဲ့ခြင်းပင်။

ယဲ့ချန်းခမျာ အစောက အိပ်ပျော်နေသဖြင့် ဤမိန်းကလေးက ဘာကြောင့် လမ်းဘေးအကာအရံကို တည့်တည့်ဝင်တိုက်သလဲဆိုသည်ကို လုံးဝနားမလည်နိုင်ပေ။

"တောင်းပန်ပါတယ်... ကျွန်မ... ကုန်တင်ကားကြီးတစ်စီးကို ရှောင်ရင်းနဲ့ အဲဒီလို..."

ထိုမိန်းကလေးမှာမူ အလွန်သောကရောက်နေပုံရပြီး ငိုတော့မတတ်ပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း သူမကို အပြစ်မတင်တော့ပေ။

ဤမျှဈေးကြီးသည့် ပြိုင်ကားကို တိုက်မိလိုက်သည့်အတွက် ထိုမိန်းကလေးလည်း သေမတတ် ကြောက်လန့်နေရှာသည်။

သူ(မ)ကိုယ်သူ(မ) ရောင်းလျှင်ပင် ဤကား၏တန်ဖိုးကို လျော်ပေးနိုင်မည် မဟုတ်ချေ။

"ကဲပါ ကိစ္စမရှိပါဘူး။ မင်းကို ပိုက်ဆံမလျော်ခိုင်းပါဘူး"

တုန်တုန်ရီရီ ဖြစ်နေရှာသော မိန်းကလေးကို ကြည့်ကာ ယဲ့ချန်း အေးအေးဆေးဆေး ပြောလိုက်သည်။

ဤအလှလေး ကြောက်နေရသည့် အကြောင်းအရင်းမှာ ယဲ့ချန်းက လျော်ကြေးတောင်းမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။

သူ(မ)၏ မိသားစုအခြေအနေမှာ အစကတည်းက မကောင်းသည်ဖြစ်ရာ လျော်ကြေးငွေကြီးကြီးမားမားသာ ပေးရမည်ဆိုလျှင် သေချာပေါက် တတ်နိုင်မည်မဟုတ်ပေ။

ယဲ့ချန်းလည်း ကားပေါ်ကဆင်းပြီး တိုက်မိထားသည့် အပျက်အစီးကို ကြည့်လိုက်သောအခါ အခြေအနေက အလွန်ဆိုးဝါးခြင်းမရှိကြောင်း တွေ့ရသည်။

သို့သော် လိုင်ကန်၏ အပိုပစ္စည်းများမှာ အလွန်ဈေးကြီးလှသဖြင့် ပြင်ဆင်စရိတ်က ယွမ်ငါးသန်းခန့် ကျသင့်နိုင်ပေသည်။

ဤမိန်းကလေးက ချမ်းသာသောမိသားစုက မဟုတ်ကြောင်း ယဲ့ချန်း ခန့်မှန်းကြည့်နိုင်သည်။ မဟုတ်လျှင် ဤမျှလှပသော မိန်းကလေးကို မည်သူကများ အငှားဒရိုင်ဘာအဖြစ် အလုပ်လုပ်ခိုင်းမည်နည်း။

"ဆရာ... ကျွန်မ တကယ်တောင်းပန်ပါတယ်။ လျော်ကြေးကို တစ်နည်းနည်းနဲ့ ပြန်ဆပ်ပါ့မယ်"

ကြောက်လန့်တုန်ရီနေသော ထိုမိန်းကလေး၏ အမူအရာကိုကြည့်ကာ ယဲ့ချန်း မရယ်ဘဲ မနေနိုင်လောက်အောင် ဖြစ်သွားသည်။

"ဘယ်လိုနည်းနဲ့ ပြန်ဆပ်မှာလဲ"

ယဲ့ချန်းက နောက်ပြောင်လေဟန်ဖြင့် မေးလိုက်သည်။

ယဲ့ချန်း၏ အမူအရာကို မြင်သောအခါ ထိုမိန်းကလေး၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွားသည်။

ယဲ့ချန်းက သူ(မ)ကို ခဏမျှစိုက်ကြည့်ရင်း စနစ်၏အကူအညီဖြင့် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ကို ချက်ချင်းသိသွားသည်။

"ကောင်းပါပြီ။ ဘာဖြစ်ခဲ့လဲဆိုတာ ငါ သိသွားပြီ။ ဒါက မင်းအပြစ်မဟုတ်ပါဘူး။ စိတ်မပူနဲ့။ မင်းကို ပိုက်ဆံလျော်ခိုင်းမှာ မဟုတ်ပါဘူး"

ယဲ့ချန်း၏ စကားကြောင့် ထိုမိန်းကလေးမှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားသည်။

အစောက ယဲ့ချန်း အိပ်ပျော်နေခဲ့သည်ဖြစ်ရာ သူက မည်သို့နှယ်သိလေသလဲ။

ယဲ့ချန်းလည်း ဖုန်းထုတ်၍ ကားပြင်ဆိုင်ကို ဖုန်းဆက်ကာ ကားကိုလာဆွဲပြီး ပြင်ပေးရန် ပြောလိုက်သည်။

ထို့နောက် ယဲ့ချန်း နောက်ထပ်ဖုန်းတစ်ကော ထပ်ခေါ်လိုက်သည်။

ယန်ချွမ်းဆီသို့ ဖုန်းဆက်ခြင်းပင်။

"ယန်ချွမ်း... ငါ့အတွက် လူတစ်ယောက်အကြောင်း စုံစမ်းပေးပါဦး။ နာမည်က ကျန်းဖုန်းတဲ့"

ထိုနာမည်ကို ကြားသောအခါ ယန်ချွမ်း ခဏမျှ တုံ့ဆိုင်းသွားသည်။

"ကျန်းဖုန်းလား... သူက အစ်ကိုယဲ့ကို ရန်စလိုက်လို့လား"

ယဲ့ချန်းက ပြောလိုက်၏။

"ဟုတ်တယ်။ သူ့ရဲ့အချက်အလက်တွေ၊ အဆက်အသွယ်တွေအကုန်လုံး ငါလိုချင်တယ်။ ပြီးတော့ ငါ့ဆီကို ကားတစ်စီး လွှတ်လိုက်ဦး။ ငါ ကားတိုက်မှုဖြစ်လို့"

"ဟုတ်ကဲ့ပါ အစ်ကိုယဲ့။ ခဏစောင့်နော်။ ကျွန်တော် အခုချက်ချင်းလာခဲ့မယ်"

ယနေ့ ယဲ့ချန်းက မြို့ပြင်ရှိ နေရာတစ်ခုတွင် စားသောက်ခဲ့သဖြင့် အမြန်လမ်းကို ဖြတ်မောင်းခဲ့ရခြင်းပင်။

ယခုမူ ကားက လမ်းပေါ်မှာ ပျက်နေပြီဖြစ်ရာ ကားကြုံစီးရန်ပင် မလွယ်ကူပေ။

အမှန်တကယ်တွင် ဤမတော်တဆမှု၏ တရားခံအစစ်မှာ ဤမိန်းကလေး မဟုတ်ပေ။

တစ်နည်းဆိုရလျှင် ဒရိုင်ဘာမလေးက ဓားစာခံဖြစ်သွားခြင်းသာ။ တကယ့် လက်သည်တရားခံမှာ ကျန်းဖုန်းဖြစ်၏။

အဖြစ်အပျက်မှာ ဤသို့ပင်။ ကျန်းဖုန်းက လိုင်ကန်ကားထဲရှိ ချောမောလှပသော ဒရိုင်ဘာမလေးကို မြင်သွားခဲ့သည်။

လှပသော သူ(မ)၏ဆံနွယ်များ၊ နတ်သမီးတမျှ မျက်နှာလေးနှင့် အဆင့်မြင့်ကားကို မောင်းနေသည့်ပုံစံမှာ ကျန်းဖုန်း၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။

ထို့ကြောင့် ဒရိုင်ဘာမလေးကို စတင်နှောင့်ယှက်တော့သည်။

သူ(မ)ဘေးတွင် အိပ်ပျော်နေသော ယဲ့ချန်းကိုမူ လုံးဝဂရုမစိုက်ခဲ့ပေ။

ဒရိုင်ဘာမလေးမှာ သူ(မ)၏ အလုပ်အပေါ် သစ္စာရှိပြီး သူ့စနောက်မှုများကို အာရုံမစိုက်ဘဲ မောင်းနှင်နေခဲ့သည်။

သူ(မ)က အရှိန်ကို တမင်တကာလျှော့ချခဲ့သေးသည်။

သို့သော် တစ်ဖက်လူကတော့ မလျှော့စတမ်း အနောက်က တောက်လျှောက်လိုက်လာပြီး ကားကို အရှေ့က ပိတ်ရပ်ရန်ပင် ကြိုးစားခဲ့သည်။

ဒရိုင်ဘာမလေးက အလွန်သတိထားသော်လည်း ကျန်းဖုန်းက ရုတ်တရက်ဆိုသလို အန္တရာယ်ရှိသော မောင်းနှင်မှုမျိုး ပြုလုပ်လိုက်သည်။

မိန်းကလေးခမျာ အငိုက်မိသွားပြီး ဘရိတ်အုပ်လိုက်ရသဖြင့် ကုန်တင်ကားကြီးတစ်စီးနှင့် တိုက်မိတော့မတတ် ဖြစ်သွားသည်။ အစွမ်းကုန်ကြိုးစားပြီး ရှောင်လိုက်မှသာ ကုန်တင်ကားကြီးနှင့် မတိုက်မိဘဲ လမ်းဘေးအကာအရံကို ဝင်တိုက်မိခြင်းပင်။

ဒရိုင်ဘာမလေးမှာ အဆိုးဆုံးအခြေအနေမဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်ဟု ဆိုနိုင်သ​ည်။

မတော်တဆမှုဖြစ်သွားကြောင်း မြင်သောအခါ ကျန်းဖုန်းလည်း နေရာက ထွက်ပြေးသွားခဲ့သည်။

ဤသည်မှာ မတော်တဆမှုဖြစ်စဉ် အစအဆုံးပင်။

ထို့ကြောင့်လည်း ဒရိုင်ဘာမလေးခမျာ မတော်တဆမှုဖြစ်ပြီးနောက် အလွန်သောကရောက်နေခြင်းပင်။

ထိုသူဌေးသာ မနှောင့်ယှက်ခဲ့လျှင် ဤမတော်တဆမှုလည်း ဖြစ်လာမည် မဟုတ်ပေ။

မျက်လုံးလေးများ နီမြန်းနေသော ဘေးနားရှိ မိန်းကလေးကိုကြည့်ကာ ယဲ့ချန်း နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့။ ဒါက မင်းအပြစ် မဟုတ်ဘူးဆိုတာ ငါ သိပါတယ်"

ယန်ချွမ်း၏ကားနှင့် ကားပြင်ဆိုင်မှ လူများကို စောင့်နေစဉ်အတွင်း ယဲ့ချန်းလည်း ထိုအလှလေးနှင့် စကားစမြည်ပြောနေလိုက်သည်။

ဤအလှလေး၏ နာမည်မှာ လီယန်ယန်ဖြစ်ပြီး မိုတုတက္ကသိုလ်မှ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

သူ(မ)၏ဖခင်မှာ နေမကောင်းဖြစ်နေပြီး မိသားစုပိုင်ပိုက်ဆံအားလုံးက ဆေးဖိုးဝါးခထဲသို့ ပါသွားသောကြောင့် သူ(မ) ယခုလို ဒရိုင်ဘာအလုပ် လုပ်နေရခြင်းပင်။ ကျောင်းလခအတွက်လည်း လိုအပ်နေသဖြင့် နေ့ဘက်တွင် KFC၌ အလုပ်လုပ်ပြီး ညဘက်တွင် ဒရိုင်ဘာလုပ်ကာ မိသားစုကို ထောက်ပံ့နေသည်။

ထို့ပြင် ကျောင်းလခပေးရမည့်ရက်မှာ နီးနေပြီဖြစ်လေရာ ပိုက်ဆံမပြည့်သေးသည့်ကြားက ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းပင်။

အကယ်၍ ယဲ့ချန်းကသာ လျော်ကြေးတောင်းလာပါက သူ(မ) သေချာပေါက် ကျောင်းဆက်တက်နိုင်တော့မည် မဟုတ်ပေ။

ယဲ့ချန်းလည်း ရယ်မောလိုက်သည်။

"မင်းက အရမ်းလှတာပဲကို။ ချမ်းသာတဲ့လူတစ်ယောက်လောက် ရှာလိုက်ရင် အကုန်ပြေလည်သွားမှာ မဟုတ်ဘူးလား"

မိုတုတက္ကသိုလ်တွင် ကျောင်းတက်နေကြသော သူဌေးသားများစွာ ရှိကြသည်။

ဒရိုင်ဘာမလေး၏ ရုပ်ရည်နှင့်ဆိုလျှင် ထိုသူဌေးသားများကို ဆွဲဆောင်နိုင်မည်မှာ သေချာကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

လီယန်ယန်က ကျောင်းအလှမယ်အဆင့်ရှိသည့် မိန်းကလေးဖြစ်သဖြင့် ကျောင်းတွင် သူ(မ)ကို လိုက်ပိုးမည့်သူဌေးသားများလည်း မရှားနိုင်ပေ။

နေ့ဘက်တွင် အလုပ်လုပ်၊ ညဘက်၌ ကားမောင်းပြီး ကျောင်းစာလည်း လုပ်ရသေးသော အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်အတွက် စင်စစ်ပင်ပန်းလွန်းလှသည်။

ချမ်းသာသည့် ချစ်သူတစ်ယောက် ရှာလိုက်ခြင်းကသာ ပိုမလွယ်ပေဘူးလား။

"အာ... ရှင်ကလည်း..."

လီယန်ယန်က ယဲ့ချန်းကို သတိကြီးကြီးထား၍ ကြည့်လိုက်ချေသည်။

ထိုအလှလေးက သူ့ကို အီစီကလီပြောနေသည်ဟု အထင်လွဲသွားပြီဖြစ်ကြောင်း ယဲ့ချန်း နားလည်လိုက်သည်။

အစတုန်းက သူတို့နှစ်ယောက်က အလွန်နီးနီးကပ်ကပ် ရှိနေသော်လည်း ယဲ့ချန်း ထိုသို့ပြောလိုက်သည်နှင့် တစ်ဖက်မိန်းကလေးမှာ တစ်မီတာခန့် ချက်ချင်းခွာသွားပြီး သတိနှင့် စောင့်ကြည့်နေတော့သည်။

ထိုမိန်းကလေး၏ သတိထားနေလေဟန် အမူအရာကိုကြည့်ရင်း ယဲ့ချန်းခမျာ ကူကယ်ရာမဲ့ဟန်ဖြင့် ကပျာကယာပြောလိုက်ရ၏။

"အလှလေး... ဒီလောက်ကြီးလည်း သတိထားမနေပါနဲ့။ ငါ့မှာ ရည်းစားရှိပြီးသားပါ"

"ဟွန်း... ကျွန်မ မသိဘူးများထင်လို့လား။ ရှင်တို့လို သူဌေးတွေက ဘယ်တုန်းကများ ရည်းစားတစ်ယောက်တည်းနဲ့ လုံလောက်လို့လဲ"

ဤစကားကို ကြားသောအခါ ယဲ့ချန်းလည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ ထိုမိန်းကလေး ပြောသည်မှာလည်း မမှားပေ။ သူ့တွင် ရည်းစားတစ်ယောက်ထက်မက ရှိနေသည်မှာ အမှန်ပင်။

"ငါက တခြားလူတွေနဲ့ မတူပါဘူး"

ယဲ့ချန်း ပြန်ငြင်းလိုက်သည်။

"ငါက ကားအကောင်းစားစီးပြီး တံဆိပ်အကောင်းတွေ ဝတ်ထားပေမဲ့ မင်းထင်သလို လူစားမျိုး မဟုတ်ပါဘူး"

ထိုမိန်းကလေးက တစ်ခုခုကို ရုတ်ခြည်းသတိရသွားလေသည်။

"ရှင်က... သူဌေးမတစ်ယောက်ရဲ့ အပျော်ရည်းစားလား"

ခဏတွင်းချင်းမှာပင် ထိုမိန်းကလေး၏ မျက်လုံးထဲရှိ အထင်သေးမှုများမှာ သနားကရုဏာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ယဲ့ချန်း : "..."

ထိုမိန်းကလေးက သက်ပြင်းချလိုက်သည်။

"ဟူး... ရှင်လည်း တော်တော်သနားဖို့ကောင်းတာပဲ။ သူဌေးမတွေရဲ့ အပျော်ရည်းစားတွေက တော်တော်ပင်ပန်းကြတယ်လို့ ကြားဖူးတယ်။ ကျွန်မတို့ အတန်းထဲမှာတောင် တစ်ယောက်ရှိတယ်။ သူက ကားအကောင်းစားစီးပြီး အဝတ်အစားကောင်းတွေ ဝတ်ထားပေမဲ့ ဟိုသူဌေးမကြီးက စိတ်တိုရင်​ သူ့ကို နှိပ်စက်တတ်တယ်တဲ့"

ယဲ့ချန်း : "..."

ဤမိန်းကလေး၏ စိတ်ကူးယဉ်မှုကလည်း အံ့မခန်းပင်။

ငါက ဘယ်တုန်းကများ သူဌေးမတစ်ယောက်ရဲ့ အပျော်ရည်းစားလို့ ပြောမိလို့လဲ။

•••••••••••••••••

အပိုင်း ၄၅၉ : မစော်ကားသင့်သောလူကို စော်ကားမိခြင်း

ယဲ့ချန်းက လီယန်ယန်နှင့် စကားစမြည်ပြောနေသော်လည်း သူ(မ)ကမူ သူ့ကို သူဌေးမတစ်ယောက်၏ အပျော်ရည်းစားဟုသာ ထင်မှတ်နေပြီး သနားဂရုဏာများ တဖွားဖွားပေါ်ပေါက်နေတော့သည်။

"နေဦး နေဦး... ငါက မင်းထင်သလို လူစားမျိုး မဟုတ်ပါဘူး။ ငါပြောချင်တာက ငါက ဘာသူဌေးသားမှ မဟုတ်ဘူး။ ဒီပိုက်ဆံတွေ အကုန်လုံးက ငါ့ဘာသာငါကြိုးစားပြီး ရှာထားတာ"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် လီယန်ယန်လည်း လှောင်ရယ်လိုက်ပြန်သည်။

"ရှင်က ဘယ်သူ့ကို လာညာနေတာလဲ။ ရှင့်အသက်အရွယ်နဲ့ကြည့်ရင် အခုမှ ကျောင်းပြီးခါစပဲ ရှိဦးမှာ။ ဒီလောက် ပိုက်ဆံအများကြီးကို ဘယ်လိုလုပ်ပြီး ကိုယ်တိုင်ရှာနိုင်မှာလဲ"

အတင်းအဖျင်းပြောရခြင်းကို ဝါသနာပါသော မိန်းကလေးနှင့် တွေ့ရသည်မှာ ယဲ့ချန်းအတွက် ဖြေရှင်းရခက်သည့် အခြေအနေပင်။

ကံကောင်းချင်တော့ ထိုအချိန်မှာပင် ယန်ချွမ်းနှင့် ကားပြင်ဆိုင်မှ လူများက တစ်ချိန်တည်းလိုလို ရောက်ရှိလာကြသည်။

လမ်းဘေးအကာအရံကို ဝင်တိုက်ထားသည့် ကားကို မြင်သောအခါ ယန်ချွမ်းက တအံ့တသြပြောလိုက်သည်။

"အစ်ကိုယဲ့... ခင်ဗျားသတ္တိကတော့ တကယ့်ကို အံ့မခန်းပဲ။ အရက်တွေ ဒီလောက်သောက်ထားတာတောင် ကားမောင်းရဲတယ်ပေါ့"

"သွားစမ်းပါ... ငါက ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ကိုယ့်အသက်နဲ့ တခြားလူတွေရဲ့ အသက်ကို မလေးမစားမလုပ်ပါဘူး။ အငှားဒရိုင်ဘာ မောင်းရင်းနဲ့ မတော်တဆ ဖြစ်သွားတာ"

ယဲ့ချန်းက ယန်ချွမ်းဆီက အရက်နံ့ရလိုက်သည်။

"မင်း...သောက်ထားတာလား"

"ဟုတ်တယ်... နည်းနည်း သောက်ထားတယ်။ အစ်ကိုယဲ့ မတော်တဆဖြစ်တယ်ကြားလို့ အပြေးအလွှားလာခဲ့တာ"

ယန်ချွမ်းက အနေခက်ဟန်ဖြင့် ပြန်ဖြေသည်။

ယဲ့ချန်းက ဆို၏။

"မင်း ကားမမောင်းနဲ့တော့။ ညီမလေး... မင်းပဲ မောင်းပေးပါဦး"

ဤနေရာက အမြန်လမ်းမကြီးဖြစ်လေရာ တက္ကစီငှားရန် အလွန်ခက်ခဲသဖြင့် ညသန်းခေါင်ယံတွင် မိန်းကလေးတစ်ယောက်တည်းကို အမြန်လမ်းမပေါ်တွင် ထားပစ်ခဲ့ရန် ယဲ့ချန်း စိတ်ကူးမရှိပေ။

ဒရိုင်ဘာမလေးက ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့"

ယဲ့ချန်းနှင့် စကားပြောကြည့်ပြီးနောက် လီယန်ယန်လည်း ယဲ့ချန်းမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ညသန်းခေါင်လည်း ဖြစ်နေသဖြင့် သူ(မ)တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ယဲ့ချန်းက လီယန်ယန်၏ လျှပ်စစ်စကူတာလေးကို ယန်ချွမ်း၏ လန်းရိုဗာကားပေါ်သို့ တင်ပေးလိုက်သည်။

သို့သော် လီယန်ယန်က ပျက်စီးသွားသော လိုင်ကန်ကားကြီးကို ကြည့်ကာ စိုးရိမ်တကြီးပြောရှာသည်။

"ဒီကားက..."

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ကားပြင်ဆိုင်ကလူတွေ ရောက်နေပြီပဲဟာကို။ စိတ်မပူပါနဲ့။ ငါက ဘာမှမဖြစ်ဘူးလို့ ပြောရင် တကယ် ဘာမှမဖြစ်စေရဘူး"

ကားပေါ်ရောက်သောအခါ လီယန်ယန်က ကားမောင်းပြီး ယန်ချွမ်းက ကျန်းဖုန်းအကြောင်း ယဲ့ချန်းအား ပြောပြနေသည်။

ကျန်းဖုန်း၏အဖေမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က အိမ်ခြံမြေလုပ်ငန်းဖြင့် ချမ်းသာလာသည့် နယ်မြို့လေးတစ်မြို့မှ သူဌေးတစ်ယောက်ပင်။

"အဲဒါကြောင့် ကျန်းဖုန်းလည်း သူဌေးသားတစ်ယောက် ဖြစ်လာတာပေါ့။ သူက အရမ်းကို ဘဝင်မြင့်တယ်။ အရင်က မိုတုကို ခဏခဏလာတတ်ပေမဲ့ တခြားသူဌေးသားတစ်ယောက်ဆီမှာ ဆုံးမခံလိုက်ရပြီးတဲ့နောက် နည်းနည်းငြိမ်သွားတယ်။ ဒါပေမဲ့ သူ့မြို့မှာဆိုရင်တော့ ဗိုလ်ကျတုန်းပဲ။ မိုတုမှာတော့ နည်းနည်းဟန်ဆောင်ပြီး နေတာပေါ့"

ယဲ့ချန်းက ကားတိုက်မှုဖြစ်စဉ်ကို ယန်ချွမ်းအား ပြောပြလိုက်သည်။

ယန်ချွမ်းက ထိုအကြောင်းကို ကြားသောအခါ မျက်လုံးအကြည့်များ အေးစက်သွားသည်။

"အစ်ကိုယဲ့... ဒါကို ကျွန်တော့်လက်ထဲသာ အပ်ထားလိုက်ပါ။ ခင်ဗျား ဖုန်းဆက်ပြီးကတည်းက အဲဒီကောင်ကို စောင့်ကြည့်ခိုင်းထားတာ။ အခု သူ နိုက်ကလပ်တစ်ခုမှာ သောက်နေတယ်။ ဒီမိန်းကလေးကို အရင်ပြန်ပို့ပြီးမှ သူ့ဆီသွားပြီး စာရင်းရှင်းကြတာပေါ့"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။ အရှုံးပေးပြီး ငြိမ်နေတတ်ခြင်းမှာ သူ့အကျင့်မဟုတ်ပေ။

ဤကားတိုက်မှုကြောင့် ယဲ့ချန်း၏ကား ပျက်စီးသွားရရုံမက သူကိုယ်တိုင်လည်း ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် လက်သည်တရားခံကို ယဲ့ချန်းအနေနှင့် လွှတ်ပေးထားရန် အကြောင်းမရှိပေ။

မကြာခင်မှာပင် ဖုတန်တက္ကသိုလ်သို့ ရောက်လာခဲ့သည်။ လီယန်ယန်က ကားပေါ်မှ ဆင်းပြီးနောက် တောင်းပန်စကားတတွတ်တွတ် ဆိုလေတော့သည်။

ယဲ့ချန်းက သူ(မ)ကို အပြစ်မတင်သော်လည်း သူ(မ) မောင်းနေစဉ်အတွင်း ကားတိုက်မိသွားခြင်းပင်။

ယဲ့ချန်းက လက်ဝှေ့ယမ်းပြပြီး ပြောလိုက်၏။

"ရပါတယ်။ စိတ်မပူပါနဲ့။ ငါ မင်းကို တာဝန်ယူခိုင်းမှာမဟုတ်ပါဘူး"

ထိုမိန်းကလေးက ယဲ့ချန်းနှင့် ဖုန်းနံပါတ်ချင်း လဲလှယ်ခဲ့သေးသည်။

နောင်တစ်ချိန်တွင် တစ်ခုခု အကူအညီလိုပါက သူ(မ)ထံသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း ပြောခဲ့သည်။

ယဲ့ချန်း သက်ပြင်းချမိသွားသည်။ ဤမိန်းကလေးမှာ စင်စစ်ရိုးသားဖြူစင်လွန်းလှသည်။

လူအများစုက ဤကဲ့သို့သော ကိစ္စမျိုးကို ရှောင်ရှားကြသော်လည်း ဤမိန်းကလေးမှာမူ သူ(မ)၏ဖုန်းနံပါတ်ကိုပင် ပေးခဲ့​ချေသည်။

မိန်းကလေး ကျောင်းထဲသို့ ဝင်သွားပြီးနောက် ယဲ့ချန်းက ယန်ချွမ်းကို အေးစက်စွာ ပြောလိုက်သည်။

"ကဲ... သခင်လေးကျန်းဆီကို သွားကြတာပေါ့"

ကားပေါ်တွင် ယန်ချွမ်းက ရယ်မောလိုက်၏။

"အစ်ကိုယဲ့... ဒီကောင်မလေးက စိတ်ထားကောင်းသားပဲ။ လှလည်းလှသလို ချစ်ဖို့လည်း ကောင်းတယ်။ အဆင့်တက်ဖို့ စဉ်းစားသင့်တယ်နော်"

"သွားစမ်းပါ... ငါ့မှာ ရည်းစားရှိပြီးသား"

"ဟင်း... အစ်ကို့မှာ ရည်းစားတွေ အများကြီး ရှိနေတာပဲ။ တစ်ယောက်ထပ်တိုးတာ ဘာဖြစ်မှာမို့လို့လဲ"

ယဲ့ချန်းက ယန်ချွမ်းကို မျက်စောင်းထိုးလိုက်၏။

"သူက ကျောင်းသူလေးပဲ ရှိသေးတာ။ ငါက ကိုယ်ကျင့်တရားရှိတဲ့လူပါကွာ"

အမျိုးသမီးများနှင့် ပတ်သက်လာလျှင် ယဲ့ချန်း၏မူဝါဒမှာ တစ်ဖက်က လိုလိုလားလားရှိလျှင် သူ့ဘက်က ငြင်းမည်မဟုတ်ပေ။

သို့သော် မည်သူ့ကိုမျှ ဖိအားမပေးတတ်ပေ။

ဥပမာအားဖြင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် တခြားသူဌေးသားများဆိုလျှင် တစ်ဖက်လူကို ခြိမ်းခြောက်ပြီး ခန္ဓာကိုယ်နှင့် လျော်ကြေးပေးခိုင်းခြင်းမျိုး လုပ်ကောင်းလုပ်ပေလိမ့်မည်။

သို့သော် ယဲ့ချန်းကမူ ထိုသို့လုပ်မည်မဟုတ်ချေ။ ဤသည်မှာ လူတစ်ယောက်၏ စိတ်ဓာတ်နှင့် ဆိုင်ပေသည်။

မကြာခင်မှာပင် ယဲ့ချန်းနှင့် ယန်ချွမ်းတို့ ဘားသို့ ရောက်လာကြသည်။

ကားက ဤမျှအထိ ပျက်စီးသွားရသည်ဖြစ်လေရာ တစ်စုံတစ်ယောက်ကတော့ တာဝန်ယူရမည်မှာ သေချာသည်။

ယဲ့ချန်းက လီယန်ယန်ကို ဒုက္ခပေးမည်မဟုတ်သော်လည်း ကျန်းဖုန်းကိုတော့ လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။

ထို့ပြင် ယဲ့ချန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ရုတ်တရက် အလန့်တကြားနိုးလာခဲ့ရသဖြင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်နေသည်။

ဤမကျေနပ်ချက်များအားလုံးကို ကျန်းဖုန်းနှင့် တစ်ခုချင်းစီ စာရင်းရှင်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဘားထဲတွင် ကျန်းဖုန်းက သူငယ်ချင်းတချို့နှင့် သောက်စားနေသည်။

ဟိုပေါ်သည်ပေါ်ဝတ်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတချို့က သူ့အနားတွင် ဝိုင်းနေကြသည်။

ထိုအချိန်တွင် ကျန်းဖုန်းက ကြွားလုံးထုတ်နေချေသည်။

"ညီအစ်ကိုတို့... ဒီနေ့ ဒီကိုလာတုန်း အမြန်လမ်းပေါ်မှာ အလှလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ငါက သူ့ကို အီစီကလီလုပ်နေတာတောင် သူက ဂရုမစိုက်ဘူးလေ။ ဒါနဲ့ ငါ့ရဲ့ ကားမောင်းစွမ်းရည်ကို ပြလိုက်တာ လမ်းဘေးအကာအရံကို ဝင်တိုက်မိသွားရော"

"ဟားဟား... အစ်ကိုဖုန်းကတော့ အရမ်းရဲတင်းတာပဲ။ သူက အစ်ကို့ကိုတောင် လျစ်လျူရှုရဲတယ်ပေါ့"

"ဟုတ်တယ်... အလှလေးဖြစ်နေရင်တောင် ဘာဂရုစိုက်ရမှာလဲ။ အစ်ကိုဖုန်းကို လျစ်လျူရှုရဲတာ သူတော့ ကံဆိုးတာပဲ"

ဘေးနားက မြှောက်ထိုးပင့်ကော် လုပ်နေသူများကြောင့် အစ်ကိုဖုန်းမှာ ပို၍ပင် ဘဝင်မြင့်နေတော့သည်။

အမှန်တော့ အစောက ကားတိုက်မှုတွင် သူ့ကားလည်း အနည်းငယ် ပွန်းပဲ့သွားခဲ့သေးသည်။

"အစ်ကိုဖုန်း... အဲဒီမိန်းကလေး ဘယ်ကလဲဆိုတာ သိလား။ နောက်မှ ကျွန်တော်တို့ ဝိုင်းကူပြီး လိုက်ပေးမယ်လေ"

"ဟုတ်တယ်.. အစ်ကိုဖုန်းရဲ့စတိုင်အရ အဲဒီလို အလှလေးကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"

ဖော်လံဖားလုပ်နေသည့် လက်အောက်ငယ်သားများ၏ မြှောက်ပင့်မှုကြောင့် ကျန်းဖုန်းမှာ အလွန်ပင် ကျေနပ်နေသည်။

ကျန်းဖုန်းက နှာမှုတ်လိုက်၏။

"သူက ကိုယ့်နေရာကိုယ်မသိတဲ့ မိန်းမတစ်ယောက်ပါကွာ။ ပိုက်ဆံရှိရင် ဘယ်လိုမိန်းမမျိုးမဆို ရနိုင်တာပဲ"

ကျန်းဖုန်းတစ်ယောက် ဘဝင်မြင့်နေခိုက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက် ရောက်ချလာပြီး သူ့ခေါင်းကို ပုလင်းနှင့် ရိုက်ခွဲလိုက်သည်။

ခွမ်း...

ပုလင်းမှာ အစိတ်စိတ်အမွှာမွှာကွဲသွားပြီး ကျန်းဖုန်း၏ခေါင်းမှ သွေးများ စီးကျလာတော့သည်။

"အား!"

ကျန်းဖုန်းခမျာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

မြင်ကွင်းကား ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။

အခြားလူများက ထရပ်လိုက်သော်လည်း တစ်ဖက်လူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ အားလုံး ဆွံ့အသွားကြသည်။

ထိုလူမှာ ယန်ချွမ်းပင်။

ယန်ချွမ်းက မိုတုမြို့၏ နာမည်ကျော်သူဌေးသားတစ်ဦးပင်။

သူသည် ရက်စက်ပြီး ထင်ရာစိုင်းတတ်သူဟု လူသိများသည်။

တခြားလူသာဆိုလျှင် ဤလူများက ဝိုင်းအနိုင်ကျင့်ကြမည် ဖြစ်သော်ငြား ယန်ချွမ်းကိုတော့ သူတို့ ရန်မစရဲကြပေ။

ကျန်းဖုန်းမှာ သူတို့အတွက် အားကိုးထိုက်သူဖြစ်သော်လည်း ယန်ချွမ်းကဲ့သို့သော လူစားမျိုး၏ အမြင်တွင်မူ သူက ဘာမှမဟုတ်ပေ။

ကျန်းဖုန်းလည်း ကြမ်းပြင်ပေါ်က ထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ... ဘယ်ကောင် ငါ့ကို ရိုက်တာလဲကွ"

အရိုက်ခံလိုက်ရသဖြင့် ကျန်းဖုန်းမှာ ခေါင်းများမူးဝေပြီး ယိမ်းထိုးနေသည်။

သို့သော် သူ့ရှေ့တွင် ရပ်နေသူကို မြင်လိုက်ရသောအခါ ကြောင်သွားတော့သည်။

ထိုလူမှာ ယန်ချွမ်းပင်တည်း။

ယန်ချွမ်းက ကျန်းဖုန်းကို လှောင်ပြောင်သလို ကြည့်ကာ ​အေးတိအေးစက် ပြောလိုက်၏။

"ငါ ရိုက်တာလေ။ ဘာဖြစ်လဲ"

အစောက ယန်ချွမ်းနှင့် ယဲ့ချန်းတို့ ဘားထဲသို့ ရောက်လာသောအခါ ကျန်းဖုန်း ကြွားဝါနေသည်ကို မြင်လိုက်ရသည်။

ယဲ့ချန်း၏ လက်အောက်ငယ်သားတစ်ယောက်အနေနှင့် ယန်ချွမ်းလည်း သဘာဝကျကျပင် သူ့စွမ်းရည်ကို ပြသရမည်သာ။

ယန်ချွမ်း ဤမျှအထိ စိတ်တိုတတ်မည်ဟု ယဲ့ချန်းပင် မထင်ထားခဲ့ပေ။

သူက ပုလင်းကိုတန်းယူပြီး ကျန်းဖုန်း၏ ခေါင်းကို ရိုက်ခွဲခဲ့သည်။

ထိုအချိန်တွင် ကျန်းဖုန်းကလည်း ယန်ချွမ်း၏ဘေးနားတွင် ရပ်နေသော ယဲ့ချန်းကို မြင်လိုက်ရသည်။

ဘာဖြစ်နေမှန်း သူ ချက်ချင်း သဘောပေါက်သွားတော့သည်။

ကျန်းဖုန်း၏ရင်ထဲ တင်းကျပ်သွားချေသည်။

အစတုန်းက သူသည် ယဲ့ချန်းကို သာမန်သူဌေးသားတစ်ဦးဟုသာ ထင်မှတ်ပြီး သူ့ကို ရန်စလိုက်လည်း ကိစ္စမရှိဘူးဟုသာ တွေးခဲ့သည်။

ထင်မှတ်မထားပါဘဲ ဤလူငယ်က "မိစ္ဆာဘုရင်"ဟု တင်စားရလောက်သည့် ယန်ချွမ်းနှင့်ပင် သိကျွမ်းနေသည်။

ကျန်းဖုန်းအတွက် ပိုကြောက်စရာကောင်းသည်မှာ ယန်ချွမ်းက ယဲ့ချန်းအပေါ် လက်အောက်ငယ်သားတစ်ယောက်အလား ရိုသေလေးစားစွာ ဆက်ဆံနေခြင်းပင်။

သွားပြီ။ ဒီတစ်ခါတော့ သူ တကယ်ဒုက္ခရောက်ပြီ....

••••••••••••••

All Chapters