အခန်း (၄၆၃-၄၆၅)
Vol. 31 Ch. 463-465
အပိုင်း ၄၆၃: ကျွန်မကို လက်ဖက်ရည်တစ်ခွက်လောက် မတိုက်တော့ဘူးလား
ထိုဆယ်လီမှာ ချက်ချင်းဆိုသလို ဆွံ့အသွားတော့သည်။
ထို့နောက် ဝန်ဆောင်မှုဌာနသို့ ဖုန်းဆက်လိုက်သည်။
"ဘာလို့ ကျွန်တော့်ရဲ့အကောင့်ကို ဘန်းလိုက်တာလဲ"
ဝန်ဆောင်မှုဌာနကလည်း ပြန်ဖြေသည်။
"ဒါက ဌာနချုပ်က တိုက်ရိုက်ပေးတဲ့ အမိန့်ပါ"
"မင်းတို့ကို ငါ တိုင်ချက်ဖွင့်မယ်"
ထိုဆယ်လီလည်း ဆက်ပြဿနာရှာရန် စိတ်မပါတော့သဖြင့် အလျင်အမြန် ထွက်ခွာသွားပါတော့သည်။
ဟိုတယ်အဝင်ဝလည်း ပြန်လည်တိတ်ဆိတ်သွားခဲ့လေပြီ။
မည်မျှအထင်ကြီးဖို့ကောင်းသူတစ်ယောက်ဖြစ်နေပါစေ ကိုယ့်ထက် ပိုသာသူတစ်ယောက်ကတော့ ရှိနေစမြဲပင်။
ဆယ်လီဆိုသည်မှာ ဝက်ဘ်ဆိုက်က ဖန်တီးပေးထားခြင်းပင်။ သူတို့က မိမိကို မြှင့်တင်ပေးချင်လျှင် ဆယ်လီဖြစ်လာမည်။ မမြှင့်တင်ပေးတော့ဘူးဆိုလျှင် မိမိလည်း အရေးမပါတော့ပေ။
ယဲ့ချန်းက အိုင်စလန်ဟိုတယ်ကို ရောက်သည်နှင့် အထူးဟိုတယ်ခန်းမှာ တည်းလိုက်သည်။
ဤဟိုတယ်ခန်းကတစ်ဆင့် ကျိုတိုမြို့တစ်မြို့လုံး၏ရှုခင်းကို အကုန်မြင်နေရသည်။
ကျိုတို၏ညရှုခင်းက စင်စစ်ထူးခြားလှပလွန်းသည်ဟု ဆိုရပေမည်။
ညစာစားပြီးနောက် ယဲ့ချန်းက သုန်းရှောင်ယာဆီသို့ ဝီချက်ကတစ်ဆင့် စာတစ်စောင် ပို့လိုက်သည်။
"ကိုယ် ကျိုတိုကို ရောက်နေပြီ။ ဘယ်တော့လောက်မှ အပြင်ထွက်လည်ဖို့ လိုက်ပို့ပေးမှာလဲ"
စာချုပ်ချုပ်ဆိုမှုမှာ မနက်ဖြန်ဖြစ်လေရာ ယဲ့ချန်းလည်း လျှောက်လည်ရန် အချိန်ရသေးသည်။
သုန်းရှောင်ယာက ပြန်ဖြေလိုက်သည်။
"ကျွန်မ အခု ရိုက်ကူးရေးပြီးခါနီးပြီ။ ပြီးတာနဲ့ ဟိုတယ်ကိုလာခဲ့မယ်နော်"
"ဟုတ်ပါပြီဗျာ"
တစ်နာရီအကြာတွင်မူ ဟိုတယ်အဝင်ဝ၌ မော်တာဟုမ်းကားတစ်စီး ဆိုက်ရောက်လာသည်။
ယဲ့ချန်း ကားပေါ်တက်လိုက်သည်နှင့် ထိုကားကြီးက ညအမှောင်ထုထဲသို့ မောင်းထွက်သွားတော့သည်။
ကားထဲသို့ရောက်သော် ယဲ့ချန်း ရယ်မောလိုက်၏။
"အစ်မရှောင်ယာက ပိုလှလာတာပဲနော်"
သုန်းရှောင်ယာက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
"စကားကတော့ အရမ်းတတ်တာပဲ။ ဒါနဲ့ ရှင်က ဘာလို့ ရုပ်ရှင်ဆက်မရိုက်တော့တာလဲ"
ယဲ့ချန်း ခေါင်းခါပြလိုက်၏။
"ရုပ်ရှင်ရိုက်ရတာက အရမ်းအလုပ်ရှုပ်လွန်းတယ်လေ။ မင်းကိုပဲ ကြည့်လိုက်။ အပြင်ထွက်တာတောင် သူခိုးလို လုပ်နေရတာ"
သုန်းရှောင်ယာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ နာမည်ကြီးတစ်ယောက် ဖြစ်ရတာ စိတ်ရှုပ်စရာကြီး... လူတွေက ကိုယ့်ကို အမြဲစောင့်ကြည့်နေကြတာ"
ကားက ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။
မြို့တော်၏ညခင်းကား ကားပိတ်လွန်းလှသည်။
ယဲ့ချန်းလည်း သက်ပြင်းချလိုက်သည်။
"အာ... မိုတုမှာသာဆိုရင် ရဟတ်ယာဉ်နဲ့ သွားလိုက်ရုံပဲ။ အဲဒါမှ သက်သောင့်သက်သာရှိမှာ"
"ရဟတ်ယာဉ်လား။ ရှင်က ရဟတ်ယာဉ်ဝယ်ရတာ လွယ်တယ်လို့ ထင်နေတာလား"
သုန်းရှောင်ယာက ယဲ့ချန်းကိုကြည့်ပြီး မေးလိုက်၏။
ယဲ့ချန်းကလည်း ကိုးရိုးကားရား ရယ်လိုက်သည်။
"ရဟတ်ယာဉ်က ဘာဖြစ်လို့လဲ။ မိုတုကိုသာ လာခဲ့။ ကိုယ် ရဟတ်ယာဉ်မောင်းပြီး လိုက်ပို့ပေးမယ်"
တစ်နာရီကျော် ကြာပြီးနောက် ကားလေးက လမ်းကြားလေးတစ်ခုထဲသို့ ကွေ့ဝင်သွားသည်။
ကားက လမ်းဘေးတွင် ထိုးရပ်လိုက်၏။ သုန်းရှောင်ယာလည်း နေကာမျက်မှန်၊ နှာခေါင်းစည်းနှင့် ဦးထုပ်အကြီးကြီးကို ဆောင်းလိုက်သည်။ သူ(မ)ကိုယ်သူ(မ) လူမသိအောင် ပြင်ဆင်ပြီးနောက် ယဲ့ချန်းကို ကားပေါ်ကဆင်းဖို့ ခေါ်လိုက်သည်။
"ဒါက ဘာလဲ"
မလှမ်းမကမ်းရှိ လမ်းကြားလေးထဲတွင် ဘာဆိုင်းဘုတ်မှမရှိသည့် နေရာတစ်ခုကို ယဲ့ချန်း မြင်လိုက်ရသည်။
သို့သော် မြို့တော်ဟောင်း၏ လမ်းကြားထဲရှိ ဆိုင်များက ပိုအရသာရှိတတ်ကြောင်း ယဲ့ချန်း ကောင်းကောင်းနားလည်သည်။
သုန်းရှောင်ယာက ပြောလိုက်၏။
"ဒီဆိုင်က လမ်းကြားလေးထဲမှာမို့ အထင်မသေးလိုက်နဲ့နော်။ သူတို့ရဲ့ အမဲအူကြမ်းက ကျိုတိုမှာ အရမ်းနာမည်ကြီးတာ။ နာမည်ကြားရုံနဲ့တင် လူတွေအများကြီး လာကြတာ။ ကျွန်မက ဆိုင်ရှင်နဲ့ ရင်းနှီးလို့သာ ခိုးဝင်လို့ရတာ။ မဟုတ်ရင် တစ်လလောက်ဘိုကင်တင်ထားမှ စားရမှာ"
ယဲ့ချန်းက ရယ်လိုက်သည်။
"ရှောင်ယာက အရမ်းသဘောကောင်းတာပေါ့"
သုန်းရှောင်ယာလည်း ယဲ့ချန်းကို ဆိုင်လေးထဲသို့ ခေါ်သွားသည်။
သုန်းရှောင်ယာက လူမသိအောင် လုံလုံခြုံခြုံ ဝတ်ထားသော်ငြား ဆိုင်ရှင်ကတော့ သူ(မ)နှင့် တော်တော်ရင်းနှီးပုံရသည်။
ဆံပင်ဖြူဖြူနှင့် အဘိုးအိုက ပြုံးလျက် မေးလိုက်သည်။
"ရှောင်ယာ... ဒီနေ့ သူငယ်ချင်းခေါ်လာတာလား"
သုန်းရှောင်ယာက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ အဘိုးကျန်း... ဒီနေ့ ကျွန်မသူငယ်ချင်းက အဝေးကြီးကလာတာမို့လို့။ အရင်အတိုင်းပဲ အမဲအူကြမ်း၊ ရှစ်မျိုးဟင်းအိုးနဲ့ အူစုံကြော်ပဲ ပေးပါ"
"ရမယ်"
သုန်းရှောင်ယာက နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်၏။ ဟွားနိုင်ငံရုပ်ရှင်လောကတွင် အလွန်နာမည်ကြီးကျော်ကြားချေသည်။
မကြာခင်မှာပင် ဆိုင်ရှင်က မြေပဲကြော်နှင့် ပဲသီးသုပ်အပါအဝင် အမြည်းလေးများကို အရင်လာချပေးသည်။
သုန်းရှောင်ယာက ပြုံးလိုက်၏။
"မြည်းကြည့်ဦး။ အရသာအရမ်းကောင်းတာ။ ကျွန်မလည်း တစ်ခါတလေ စားချင်စိတ်ပေါက်လာရင် ဒီကို လာစားနေကျ"
ယဲ့ချန်း မြည်းကြည့်လိုက်သောအခါ အရသာက စင်စစ်ထူးကဲနေချေသည်။
သုန်းရှောင်ယာက နာမည်ကြီးမင်းသမီးဖြစ်သောကြောင့် သူတို့နှစ်ယောက်သား သီးသန့်ခန်းထဲတွင် စားသောက်နေကြသည်။
သိပ်မကြာခင်မှာပင် ဆိုင်ရှင်က ဟင်းပွဲများကို လာချပေးသည်။
သုန်းရှောင်ယာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မြည်းကြည့်ဦး... အရသာဘယ်လိုနေလဲ။ အဘိုးကျန်းက ပေကျင်းသားစစ်စစ်ဆိုတော့ သူ့လက်ရာက ထိပ်တန်းအဆင့်ပဲ"
ယဲ့ချန်း မြည်းကြည့်လိုက်သောအခါ အရသာက တကယ်ထူးခြားလှသည်။ မီချယ်လင်းကြယ်သုံးပွင့်အဆင့်ရှိသော စားဖိုမှူးများပင် ဤသို့သောရိုးရာဟင်းပွဲများကို လုပ်နိုင်မည်မဟုတ်ချေ။
သူတို့နှစ်ယောက်သား စားရင်းသောက်ရင်း စကားပြောနေလိုက်ကြသည်။
ရုတ်တရက်ဆိုသလို သီးသန့်ခန်းတံခါး ပွင့်သွားပြီး အရက်ရှိန်ကြောင့် မျက်နှာနီမြန်းနေသော လူတစ်ယောက် ဝင်လာလေသည်။
အခန်းထဲသို့ ရောက်လာပြီးနောက် ယဲ့ချန်းနှင့် သုန်းရှောင်ယာကို မြင်သောအခါ သူ ကြောင်အသွားသည်။
"ဆောရီး... အခန်းမှားသွားလို့"
သို့သော် ခဏအကြာတွင် ထိုလူက သုန်းရှောင်ယာကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေပါတော့သည်။
"ဝိုး... သုန်းရှောင်ယာပါလား"
သုန်းရှောင်ယာကို မြင်လိုက်ရချိန်ဝယ် ထိုလူက အပြင်ဘက်ကို လှမ်းအော်လေတော့သည်။
"အားလုံးပဲ လာကြည့်ကြဦး။ ဒီမှာ သုန်းရှောင်ယာရှိတယ်ဟေ့"
သုန်းရှောင်ယာ၏ အမူအရာကား ချက်ချင်း ပြောင်းလဲသွားသည်။
သူ(မ)က နာမည်ကျော်တစ်ယောက်ဖြစ်လေရာ အခြားအမျိုးသားတစ်ယောက်နှင့် အတူညစာစားနေသည်ဟု သတင်းထွက်သွားလျှင် တကယ်ဂယက်ရိုက်သွားမည်သာ။
ယဲ့ချန်းက မျက်မှောင်ကြုတ်ပြီး မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် တံခါးပိတ်ပြီး ထိုလူ့ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်၏။
"ဆောရီးဗျာ.. ကျွန်တော်တို့ ညစာစားနေတာမို့ လာမနှောင့်ယှက်ပါနဲ့"
"ဘာဖြစ်လို့လဲ။ မင်းသမီးဆိုတာ လူကြည့်ဖို့ မဟုတ်ဘူးလား။ အရှေ့က ဖယ်စမ်း"
ထိုလူက အရက်မူးမူးဖြင့် ယဲ့ချန်းကို ပြန်တွန်းဖို့ ကြိုးစားလေသည်။
ယဲ့ချန်းက တမင်တကာ နောက်ဆုတ်လိုက်ပြီး ဘေးပတ်ပတ်လည်ရှိ လူများကို ပြောလိုက်၏။
"အားလုံး မြင်တဲ့အတိုင်း သူက အရင်စတာနော်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာ"
ယဲ့ချန်းက ထိုသို့ပြောပြီးသည်နှင့် ထိုလူ့မျက်နှာကို ထိုးချလိုက်သည်။
ထိုလူခမျာ ဘာမှမတုံ့ပြန်နိုင်ဘဲ ယဲ့ချန်း၏ လက်သီးချက်ကြောင့် ယိုင်သွားချေသည်။
"သေစမ်း... မင်းက ငါဆိုတဲ့ သခင်လေးဟူကိုတောင် လက်ဖျားနဲ့ ထိရဲတယ်ပေါ့။ တွေ့ကြပြီပေါ့ကွာ"
လက်သီးနှင့် အထိုးခံရပြီးနောက် ထိုလူက ဒေါသတကြီး မတ်တတ်ထရပ်ပြီး ပုလင်းတစ်လုံးကိုင်၍ ယဲ့ချန်းဆီသို့ ပြေးဝင်လာသည်။
ယဲ့ချန်းက နှာခေါင်းတစ်ချက်ရှုံ့ပြီး ထိုလူ့၏ခန္ဓာကိုယ်ကို ကန်ချလိုက်၏။
ထိုလူခမျာ ယဲ့ချန်း၏ကန်ချက်ကြောင့် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်ကို အရှိန်ပြင်းပြင်းပြုတ်ကျပြီး သတိလစ်သွားပါတော့သည်။
အခန်းထဲမှာတော့ သုန်းရှောင်ယာတစ်ယောက် စိုးရိမ်နေရှာသည်။
ဤနေရာမှာ မြို့တော်ဖြစ်နေသောကြောင့် ယဲ့ချန်း လူရိုက်မှုနှင့် အဖမ်းခံရမည်ကို သူ(မ) စိတ်ပူနေလေသည်။
ထိုအချိန်တွင် တံခါးဝနားမှာ လူတော်တော်များများ စုရုံးနေကြချေပြီ။
ရန်ပွဲဖြစ်နေသောကြောင့် လူအများ၏အာရုံက သုန်းရှောင်ယာဆီကတစ်ဆင့် ရိုက်နှက်နေသော ယဲ့ချန်းဆီသို့ ရောက်သွားလေသည်။
ယဲ့ချန်းကလည်း ထိုလူ သတိလစ်သွားသည်ကို မြင်သော် ဖုန်းတစ်ချက် ခေါ်လိုက်၏။
"ရဲစခန်းကလား။ ဒီမှာ ဝရမ်းပြေးတစ်ယောက် ရှိတယ်ဗျ။ ကျွန်တော် ဖမ်းထားတယ်။ သူ့ကို လာခေါ်ဖို့ လူလွှတ်ပေးပါဦး"
ဝရမ်းပြေးတဲ့လား။
ယဲ့ချန်း၏စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ လူများလည်း အကုန်အံ့သြသွားကြသည်။
ယဲ့ချန်းက ပတ်ပတ်လည်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒီဝရမ်းပြေးရဲ့ အပေါင်းအပါတွေက ဘယ်သူလဲ"
ထိုလူနှင့်အတူ စားသောက်နေသည့် လူများလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငုံ့ပြီး ထွက်ပြေးကြလေသည်။
မကြာသေးခင်ကပင် ဤလူဟာ ငွေညှစ်မှုနှင့် ဝရမ်းထုတ်ခံထားရသဖြင့် ကျိုတိုကို ထွက်ပြေးလာခဲ့သည်။
မထင်မှတ်ဘဲ ဤနေရာကို ရောက်ရောက်ချင်းမှာပင် ပြဿနာနှင့် တည့်တိုးတော့သည်။
သုန်းရှောင်ယာက ပြတင်းပေါက်ကတစ်ဆင့် အပြင်ဘက်ရှိ အခြေအနေကို လှမ်းကြည့်နေပေသည်။
သူ(မ) သိချင်သည်မှာ ယဲ့ချန်းက ဤလူ ဝရမ်းပြေးမှန်း မည်သို့သိနေသလဲဆိုသည်ပင်။
တကယ်တော့ ယဲ့ချန်းက ထိုလူ၏ အချက်အလက်ကို မြင်ထား၍သာ ရဲရဲဝံ့ဝံ့လုပ်လိုက်ခြင်းပင်။
သူက ဝရမ်းပြေးဖြစ်နေမှတော့ ရိုက်နှက်လိုက်လည်း ပြဿနာမရှိတော့ချေ။
မကြာခင်မှာပင် ရဲအရာရှိများ ရောက်လာကြသည်။
စစ်ဆေးပြီးနောက် ထိုလူက အမှန်စင်စစ် ဝရမ်းပြေးဖြစ်နေသောကြောင့် အားလုံးအံ့သြသွားကြသည်။
ယဲ့ချန်းကလည်း ရဲများကို အကျိုးအကြောင်း အနည်းငယ်ရှင်းပြပြီးနောက် သီးသန့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
သုန်းရှောင်ယာက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ရှင်က သူ ဝရမ်းပြေးမှန်း ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။
"သူ့မျက်နှာက ဝရမ်းပြေးလို ဥပဓိရုပ်မျိုးလေ။ အလိုလိုသိစိတ်အရ သိတာ"
"ဟွန်း... ရှင်က အတိုက်အခိုက်တော်မှန်း မထင်ထားဘူး"
သုန်းရှောင်ယာက ဆို၏။
"ဟားဟား... ဒါဆို နောက်တစ်ခါကျရင် ကိုယ့်ကို မင်းရဲ့ကိုယ်ရံတော်အဖြစ် ငှားလို့ရတာပေါ့"
ယဲ့ချန်းက ပြောလိုက်၏။
"ကျစ်... ရှင့်ကိုငှားဖို့ ကျွန်မမှာ ပိုက်ဆံမရှိပါဘူးနော်"
သုန်းရှောင်ယာက ယဲ့ချန်း၏နောက်ခံအကြောင်းကို အနည်းအကျဉ်း သိထားပေသည်။
ညစာစားပြီးနောက် သုန်းရှောင်ယာက ယဲ့ချန်းကို ဟော့ဟိုင်တစ်ဝိုက် လျှောက်ပို့ပြီးမှ ဟိုတယ်ကို ပြန်လာခဲ့ကြသည်။
ဟိုတယ်အောက်ထပ်ကို ရောက်သောအခါ သုန်းရှောင်ယာက စနောက်ကျီစယ်လေဟန် လေသံဖြင့် ပြောလိုက်သည်။
"ကျွန်မကို လက်ဖက်ရည်တစ်ခွက်လောက်တောင် မတိုက်တော့ဘူးလား"
••••••••••••••••
အပိုင်း ၄၆၄ : တိုက်ကား
ယဲ့ချန်းက ရယ်မောလိုက်၏။
"ကိုယ်ခေါ်ရင် မင်းနေရဲပါ့မလား"
သုန်းရှောင်ယာက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
ယဲ့ချန်းက သူ(မ)အပေါ် ကောင်းစေချင်စိတ်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း နားလည်သည်။
ယခုအချိန်မှာ ပါပါရာဇီများက နေရာတိုင်းတွင် ရှိနေတတ်သည်။ သုန်းရှောင်ယာသာ ယဲ့ချန်းနှင့်အတူ အပေါ်ထပ်ကို တကယ်လိုက်သွားခဲ့ပါက မနက်ဖြန် ဘယ်လိုသတင်းများ ထွက်လာမလဲဆိုသည်ကို မည်သူမှ အတပ်မပြောနိုင်ပေ။
ယဲ့ချန်း ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ရန် ပြင်နေဆဲမှာပင် သူ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။
"ကျွန်မကို ကယ်ပါဦး"
ထို့နောက် ဝီချက်မှတစ်ဆင့် တည်နေရာတစ်ခု ဝင်လာသည်။
ယဲ့ချန်း တစ်ချက်ကြည့်လိုက်သော် လီစီသုန်း ဖြစ်နေချေသည်။
ညနက်ကြီးရောက်မှ ဝီချက်မက်ဆေ့ချ်ပို့ပြီး အကူအညီတောင်းနေခြင်းမှာ သူ(မ) အန္တရာယ်တစ်ခုခုနှင့်များ ကြုံနေရသောကြောင့်လေလား။
ယဲ့ချန်းကလည်း ဝီချက်မှတစ်ဆင့် စာပြန်ပို့လိုက်သည်။
"ဘာဖြစ်လို့လဲ"
သို့သော် တစ်ဖက်က ပြန်စာဝင်မလာခဲ့ပေ။
တစ်ခုခုတော့ဖြစ်နေပြီဟု ယဲ့ချန်း နားလည်လိုက်သည်။
လီစီသုန်းနှင့် စတင်သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း ဤကောင်မလေးအပေါ် ယဲ့ချန်း အမြင်ကောင်းရှိနေချေသည်။
ယဲ့ချန်းမှာ အောက်ထပ်သို့ဆင်းကာ ကားပေါ်တက်ပြီး တည်နေရာပြမြေပုံကို ဖွင့်လိုက်သည်။
တည်နေရာကား စန်းလီထန်ဖြစ်နေချေသည်။
ထိုနေရာက ဘားအများကြီးရှိပြီး ကျိုတိုမှာ အရှုပ်အထွေးဆုံးနေရာများထဲက တစ်ခုဖြစ်သည်။
ယဲ့ချန်းလည်း သူ့ကားကို မြေပုံလမ်းညွှန်အတိုင်း မောင်းနှင်သွားခဲ့သည်။
အချိန်ကား ဆယ့်တစ်နာရီပင် ကျော်နေလေပြီ။
လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ကို လူတစ်စုက လိုက်ဖမ်းနေကြသည်။
အလှလေးနှစ်ယောက်ခမျာ အမောတကောဖြင့် ဟောဟဲလိုက်နေပေသည်။
သူတို့နောက်က လိုက်လာသည့် လူများကလည်း နီးကပ်လာလေပြီ။
"မင်းတို့နှစ်ယောက်... အဲဒီမှာ ရပ်လိုက်စမ်း"
"ကောင်မတွေ.. ငါတို့လက်ထဲ မမိစေနဲ့ပေါ့ကွာ"
"တောက်.. ငါတို့ဘော့စ်ကိုများ ရိုက်ရဲတယ်ပေါ့။ သေချင်နေတာလား"
"သူတို့ကို ဖမ်းထား။ ဒီနေ့ ငါတို့ညီအစ်ကိုတွေရဲ့ အစွမ်းကို သူတို့ကို ပြရမယ်"
တက်တူးအပြည့်ထိုးထားသော လူတစ်စုက လက်မလျှော့တမ်း လိုက်လံဖမ်းဆီးနေပြီး အကွာအဝေးကလည်း တဖြည်းဖြည်းနီးကပ်လာသည်။
လီစီသုန်းမှာမူ ယနေ့ သူငယ်ချင်းများနှင့်အတူ ဘားကို လိုက်လာမိခြင်းအတွက် အလွန်တရာ နောင်တရနေမိသည်။
အစကတည်းက လီစီသုန်း လိုက်မလာချင်ခဲ့သော်လည်း သူငယ်ချင်းများက အတင်းအဓမ္မ ဆွဲခေါ်လာခဲ့ခြင်းပင်။
ကျောက်ရှန်းရှန်းက ပြေးရင်လွှားရင်း အမောတကောဖြင့် ပြောလိုက်၏။
"စီသုန်း... နင်ကလည်း လူတွေအများကြီးထဲက သူတို့ဘော့စ်ကိုမှ သွားရိုက်ရသလား။ အခုတော့ ငါတို့တွေ ပြဿနာအကြီးအကျယ်တက်ပြီ"
"ငါ မလိုက်ဘူးလို့ ပြောသားပဲ။ နင် အတင်းခေါ်လာတာလေ။ အခုမှလာပြီး အပြစ်တင်မနေနဲ့"
တကယ်တော့ ကျောက်ရှန်းရှန်းက လီစီသုန်းကို နိုက်ကလပ်တစ်ခုသို့ ခေါ်လာခဲ့သော်ငြား ထိုလူမိုက်တစ်စုနှင့် ပက်ပင်းတိုးခဲ့ခြင်းပင်။
ထိုလူမိုက်များက လီစီသုန်းကို သဘောကျသွားသဖြင့် စတင်နှောင့်ယှက်ခဲ့ကြသည်။
အနေအထိုင်ပိရိသည့် မိန်းကလေးတစ်ယောက်ဖြစ်သော လီစီသုန်းက ထိုနှောင့်ယှက်မှုကို သည်းမခံနိုင်သဖြင့် ထိုလူ့ကို ပါးရိုက်လိုက်ရာမှ ပြဿနာစတင်ခဲ့ခြင်းပင်။
ဘားထဲတွင်မူ ဤလူမိုက်များက ဘာမှမလုပ်ရဲခဲ့သော်လည်း မိန်းကလေးနှစ်ယောက် အပြင်ထွက်လာချိန်မှာမူ အပြင်ဘက်က ပိတ်ဖမ်းခဲ့ကြသည်။
အလှလေးနှစ်ယောက်ခမျာ ထွက်ပြေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထိုသို့ပြေးနေစဉ် လီစီသုန်းက ယဲ့ချန်းထံသို့ အကူအညီတောင်းသည့် ဝီချက်စာတိုကို ပေးပို့ခဲ့ခြင်းဖြစ်၏။
လီစီသုန်းက ပြေးနေရင်း ပြောလိုက်သည်။
"ဒီလိုနေရာမျိုးကို နောက်နောင် ဘယ်တော့မှမလာတော့ဘူး"
"ငါလည်း မလာတော့ဘူး။ ဒါပေမဲ့ ဒီနေ့ မိသွားရင်တော့ ငါတို့တွေ သေပြီပဲ"
အနောက်ကလိုက်လာသော လူမိုက်များနှင့် သူတို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာသည်။
ယခုမူ သူတို့သည် မိန်းကလေးနှစ်ယောက်နှင့် ဆယ်မီတာပင် မဝေးတော့ပေ။
ထိုအချိန်မှာပင် ဘရိတ်အုပ်သံ အကျယ်ကြီးနှင့်အတူ ဗော့စ်ဝါဂွန်ကားတစ်စီးက လမ်းကြားအဝင်ဝတွင် ထိုးရပ်သွားသည်။
"ကားပေါ်တက်"
ယဲ့ချန်းက ကားတံခါးဖွင့်ပေးပြီး အလှလေးနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
လီစီသုန်းမှာ အလွန်ဝမ်းသာသွားချေသည်။
သူ(မ) အထိတ်တလန့်ဖြင့် ဝီချက်မက်ဆေ့ချ် ပို့လိုက်မိခြင်းဖြစ်၏။ ယဲ့ချန်း တကယ်ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယဲ့ချန်းက အလှလေးနှစ်ဦးကို အလျင်စလို ပြောလိုက်သည်။
"မြန်မြန်တက်"
နှစ်ယောက်သား ကားပေါ်သို့ အလန့်တကြားဖြင့် တက်သွားကြသည်။
ကားတံခါးပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် လူမိုက်များလည်း အနားသို့ ရောက်ရှိလာကြသည်။
ယဲ့ချန်းက လီဗာကို နင်းချလိုက်လေရာ ကားက အရှိန်ဖြင့် ထွက်ခွာသွားသည်။
လူမိုက်ခေါင်းဆောင်က ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်သည်။
"တောက်... ထွက်ပြေးဖို့ ကြိုးစားတယ်ပေါ့။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် အဲဒီကောင်မနှစ်ကောင်ကို မိအောင်ဖမ်းရမယ်"
ဤလူမိုက်များအားလုံးက လမ်းပေါ်တွင် ကားပြိုင်မောင်းကြသူများ ဖြစ်သဖြင့် ကားပေါ်သို့ အမြန်တက်ကာ ယဲ့ချန်းကို အရူးအမူး လိုက်လံဖမ်းဆီးကြတော့သည်။
အချိန်ကား သန်းခေါင်ယံနီးပါး ဖြစ်နေလေပြီ။ ထို့ကြောင့် လမ်းပေါ်မှာ ကားအသွားအလာ နည်းပါးနေသည်။
နှစ်ဖက်စလုံးက ကားဖြင့် ပြေးတမ်းလိုက်တမ်းကစားကြတော့သည်။
ပြုပြင်မွမ်းမံထားသည့် ကားခုနစ်စီးရှစ်စီးခန့်က ယဲ့ချန်း၏ကားနောက်က အသံကျယ်ကြီးမြည်ကာ ကပ်လျက် လိုက်ပါလာကြသည်။
သူတို့က ပုံမှန်အားဖြင့် လမ်းပေါ်တွင် ကားပြိုင်မောင်းလေ့ရှိသူများဖြစ်သဖြင့် သူတို့၏ ကားများကို အထူးပြုပြင်မွမ်းမံထားကြသည်။
ဗော့စ်ဝါဂွန်အဟောင်းတစ်စီးကို လိုက်ဖမ်းရခြင်းမှာ သူတို့အတွက် အသေးအဖွဲကိစ္စမျှသာ။
ပြုပြင်မွမ်းမံထားသော ကားများ ပိုမိုနီးကပ်လာသည်ကို မြင်သောအခါ လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ တစ်ဖန်စိုးရိမ်ကြပြန်လေသည်။
"ငါတို့တွေ သွားပါပြီ။ အခု တကယ်မလွတ်နိုင်တော့ဘူး"
လီစီသုန်းက အံတင်းတင်းကြိတ်လိုက်သည်။
"ယဲ့ချန်း... ကျွန်မတို့ လွတ်မှာမဟုတ်ဘူး။ ရှေ့နားရောက်ရင် ကျွန်မတို့ကို ဆင်းခွင့်ပေးပါ။ ရှင်ပါ ကျွန်မတို့နဲ့အတူ ဒုက္ခအရောက်မခံပါနဲ့"
ယဲ့ချန်း တုံ့ခနဲရပ်တန့်လိုက်ပြီး ပြုံးလိုက်သည်။
"မင်းက တော်တော်ဖြောင့်မတ်တဲ့ မိန်းကလေးပဲ။ စိတ်မပူပါနဲ့။ ငါရှိနေသရွေ့ သူတို့ မင်းတို့ကို ဖမ်းလို့မရပါဘူး"
ယဲ့ချန်းမှာ လီစီသုန်းကို ပိုသဘောကျသွားသောကြောင့် သူ(မ)ကို လမ်းမှာထားခဲ့ဖို့ စိတ်ကူးမရှိပေ။
ယဲ့ချန်း ရယ်မောလိုက်သည်။
"မြဲမြဲကိုင်ထားကြနော်"
စကားအဆုံးမှာပင် ယဲ့ချန်းက လီဗာကို အဆုံးအထိ နင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကားနှစ်စီးက ဘေးတစ်ဖက်တစ်ချက်မှ ကပ်လာပြီး ယဲ့ချန်း၏ကားကို ညှပ်ပိတ်ရန် ကြိုးစားလာကြသည်။
မိန်းမငယ်နှစ်ယောက်ခမျာ ကြောက်လန့်တကြားဖြစ်နေပြီး အကြောက်တရားကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေချေသည်။
ဤမျှကြီးမားသော ပြဿနာထဲသို့ ရောက်နေကြောင်း သူတို့ကိုယ်တိုင်ပင် ယုံရခက်နေကြသည်။
ယဲ့ချန်းက နီးကပ်လာသော ပြိုင်ကားခုနစ်စီးရှစ်စီးခန့်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
ငါ့မှာ နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်ရှိတယ်... ငါနဲ့ ကားမောင်းစွမ်းရည် လာယှဉ်ဖို့ဆိုရင် မင်းတို့က အဝေးကြီး လိုပါသေးတယ်....
ဘန်း... ဘန်း...
ကားနှစ်စီးက ယဲ့ချန်းကား၏ နောက်ဝင်ရိုးကို တစ်ပြိုင်နက်တည်း ဝင်တိုက်လိုက်သည်။
ပုံမှန်ကားတစ်စီးသာဆိုလျှင် ထိုသို့ဝင်တိုက်ခံရပါက အကြီးအကျယ် ပျက်စီးသွားမည်ဖြစ်၏။
သို့သော် ထိုလူမိုက်များကို အံ့ဩတုန်လှုပ်သွားစေသည်မှာ ယဲ့ချန်း၏ကားက ပွန်းပဲ့ရာပင် မရှိဘဲ အကောင်းပကတိအတိုင်း ရှိနေခြင်းပင်။
ယဲ့ချန်းက စတီယာရင်ကို ရုတ်တရက် ဆွဲကွေ့လိုက်ပြီး အနီးအနားရှိ ကားတစ်စီးကို ဝင်တိုက်လိုက်သည်။
လူမိုက်များ မယုံနိုင်လောက်အောင်ပင် ယဲ့ချန်း၏ဝင်တိုက်မှုကြောင့် ထိုကားက ဘေးသို့လန်ကျသွားခဲ့သည်။
သေစမ်း... ဒီဗော့စ်ဝါဂွန်က တော်တော်မာတာပဲ...
လူတိုင်းကို ပိုပြီးအံ့ဩမှင်တက်စေသောအရာမှာ ယဲ့ချန်း တိုက်ချလိုက်သဖြင့် မှောက်သွားသော ရိန့်ဂျ်ရိုဗာကားတံခါးက အလွန်ချိုင့်ဝင်သွားသော်ငြား ယဲ့ချန်း၏ကားကတော့ ဘာမှမဖြစ်ခဲ့ပေ။
သောက်ကျိုးနည်း... ဒါက တကယ်ရော ဗော့စ်ဝါဂွန်ကား ဟုတ်ရဲ့လား။ တင့်ကားကြီးကျနေတာပဲ....
ထို့နောက် နောက်ထပ်ကားတချို့ကိုလည်း ယဲ့ချန်း၏ကားက ထပ်မံတိုက်ချလိုက်သည်။
ယခုအချိန်တွင် အလှလေးနှစ်ယောက်မှာ မှင်တက်နေကြသည်။
ယဲ့ချန်း၏ကားကို ဘယ်ကားက ဝင်တိုက်တိုက် ခြစ်ရာလေးပင် မကျန်ခဲ့ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
သို့သော် ထိုကားများမှာမူ ချိုင့်ဝင်ပျက်စီးသွားသည့်အပြင် လုံးဝလန်ထွက်မှောက်ကျသွားသည်အထိ အကြီးအကျယ် ပျက်စီးကုန်ကြသည်။
လူမိုက်များ ကိစ္စတုံးလေပြီ။
သူတို့ဘဝတွင် ဤမျှအံ့ဩဖွယ်ကောင်းသော ဗော့စ်ဝါဂွန်ကားမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
ယဲ့ချန်း မောင်းနှင်နေသော ကားက အထူးပြုပြင်မွမ်းမံထားသောကား ဖြစ်၏။
အပြင်ပန်းကြည့်လျှင် ဗော့စ်ဝါဂွန်နှင့်တူသော်လည်း ပြတင်းပေါက်များမှာ ကျည်ကာမှန်များဖြစ်ပြီး ကိုယ်ထည်ကိုလည်း အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။
အခြေခံအားဖြင့် ဤကားမှာ တင့်ကားငယ်တစ်စီးနှင့် အတူတူပင်။
ယဲ့ချန်း၏ကားနှင့် ကားချင်းတိုက်ခြင်းမှာ သေဒဏ်ချမှတ်ခံရသလိုပင်။
ဆယ်မိနစ်အကြာတွင် ယဲ့ချန်းသည် လူမိုက်တစ်စု၏ ကားများကို ဖြတ်ကျော်မောင်းနှင်နိုင်ခဲ့သည်။
လီစီသုန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။
"ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
"ဒီလိုအချိန်ကြီး မိန်းကလေးနှစ်ယောက်တည်း အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်"
လီစီသုန်း၏ မျက်နှာမှာ နီမြန်းသွားချေသည်။
"ကျွန်မမှားသွားမှန်း သိပါပြီ။ နောက်ဆို ဒီလိုညနက်ကြီး အပြင်မထွက်ရဲတော့ပါဘူး"
ကျောက်ရှန်းရှန်းက ယဲ့ချန်းကို တောက်ပလင်းလက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"စီသုန်း... ဒီကောင်လေးက ဘယ်သူလဲ။ ငါတို့ကို မြန်မြန်မိတ်ဆက်ပေးဦး"
လီစီသုန်းလည်း မျက်နှာပူသွားလေသည်။
"လေဆိပ်က ပြန်လာတုန်းကမှ သူနဲ့စသိတာပါ။ သူ့ကားကို ငှားစီးပြီး ပြန်လာခဲ့တာလေ"
"တကယ်လား။ ရှင်က တကယ် တက္ကစီ မောင်းတာလား။ ရှင်က ကျွန်မမြင်ဖူးသမျှ တက္ကစီဒရိုင်ဘာတွေထဲမှာ အမိုက်ဆုံးနဲ့ အချောဆုံးပဲ"
ယဲ့ချန်းက အနေခက်စွာ ပြုံးလိုက်၏။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စကားမစပ် မင်းတို့တွေ ဘယ်သွားကြမှာလဲ"
လီစီသုန်းက ပြောလိုက်၏။
"ကျောင်းတံခါး ပိတ်သွားပြီဆိုတော့ ကျွန်မတို့ ပြန်ဝင်လို့မရတော့ဘူး။ ဒါပေမဲ့ ကျွန်မသိတဲ့ စားသောက်ဆိုင်ကောင်းကောင်းတစ်ခု ရှိတယ်။ ကျွန်မတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ညလယ်စာလိုက်ကျွေးပါရစေ"
ယဲ့ချန်းလည်း အနည်းငယ်ဗိုက်ဆာနေသည်ဖြစ်ရာ သဘောတူလိုက်၏။
"ကောင်းပြီလေ"
ယဲ့ချန်းလည်း လီစီသုန်းပြောသော စားသောက်ဆိုင်သို့ မောင်းလိုက်သည်။
သူတို့သုံးယောက် ဆိုင်ထဲသို့ ဝင်သွားချိန်တွင် လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့၏ မျက်နှာများ အရောင်ပြောင်းသွားသည်။
ရန်သူများက အနီးနားမှာတင် ရှိနေချေသည်။ အစောက သူတို့ကို လိုက်ဖမ်းနေသည့် လူမိုက်များမှာ ဤနေရာတွင် ရှိနေကြသည်။
•••••••••••••••••
အပိုင်း ၄၆၅ : လုပ်ကြံသူ၏ တိုက်ခိုက်မှု
လူမိုက်ဂိုဏ်းခေါင်းဆောင်၏ နာမည်က ထောင်ဇီဖြစ်သည်။
သူသည် ယခု အလွန် စိတ်ပျက်ဒေါသထွက်နေချေသည်။
ယနေ့ သူ့အနေနှင့် အဘက်ဘက်က အရှုံးပေါ်ခဲ့ရသည်။ ထိုအလှလေးနှစ်ယောက်ကို ဖမ်းမမိခဲ့သည့်အပြင် သူတို့၏ကားကလည်း လုံးဝစုတ်ပြတ်သတ်သွားခဲ့လေပြီ။
သို့သော် ထိုအချိန်မှာပင် ယဲ့ချန်းတို့သုံးယောက် ဝင်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ဟား... ဒါက ကိုယ့်သေတွင်းကိုယ်တူးပြီး ဝင်လာသလိုပဲ။
လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ ကြက်သေသေသွားကြသည်။
သူတို့မှာ ဘေးအန္တရာယ်က သီသီလေးလွတ်မြောက်လာပြီးနောက် နောက်ထပ်ထောင်ချောက်တစ်ခုထဲသို့ တန်းတန်းမတ်မတ် ဝင်လာမိသလို ဖြစ်သွားသည်။
လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ကို မြင်လိုက်ရသောအခါ ထိုလူများ၏ မျက်လုံးအစုံလည်း အရောင်လက်သွားကြသည်။
"ဟားဟား... သူတို့ဘာသာ သူတို့ ထောင်ချောက်ထဲ ဆင်းလာတာပဲ"
ထောင်ဇီက လက်ပြလိုက်သည်နှင့် လူမိုက်များကလည်း ယဲ့ချန်းတို့ကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
"မင်း ခုနက အရမ်းမိုက်နေတာ မဟုတ်လား။ ငါ့ကားကိုတောင် ဝင်တိုက်ရဲတယ်ပေါ့လေ။ ကဲ အခုတော့ ဘယ်ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
ယဲ့ချန်းလည်း စိတ်ညစ်သွားသည်။ ဤသည်မှာ အလွန်ကံဆိုးလွန်းလှသည်။ လမ်းဘေးစားသောက်ဆိုင်ထဲမှာမှ ဝင်တိုးပြန်သည်။
လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့မှာ အလွန်ကြောက်လန့်နေကြသော်ငြား ယဲ့ချန်းကတော့ နည်းနည်းမှ တုန်လှုပ်ခြင်းမရှိပေ။
ယဲ့ချန်းက ဤလူများကို အရေးမလုပ်ပေ။ ထို့ပြင် နဂါးသံချပ်ကာအဖွဲ့ထဲရှိ လူများကလည်း သူတို့ကို ကာကွယ်ပေးရန် အနီးအနားတွင် အမြဲရှိနေချေသည်။ ယခုအချိန်တွင် ယဲ့ချန်း အန္တရာယ်မရှိသေးပေ။ အကယ်၍ အန္တရာယ်ရှိလာလျှင်ပင် သူတို့က ချက်ချင်းရောက်လာကြမည်ဖြစ်၏။
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"မင်းတို့ကို လွှတ်ပေးလိုက်မလို့ပဲ။ ဒါပေမဲ့ မင်းတို့က ကံဆိုးချင်တော့လည်း ကိုယ့်သေတွင်းကိုယ် လာတူးတာပေါ့ကွာ"
ယဲ့ချန်း၏စကားကို ကြားသော် ထောင်ဇီနှင့် လူမိုက်များအားလုံး ဆွံ့အသွားကြသည်။
ဒီကောင် အခြေအနေကို နားမလည်တာလား...
မင်းကမှ ကိုယ့်သေတွင်းကိုယ်တူးမိတာလေ....
ဒါနဲ့များ ငါတို့ကို လွှတ်ပေးမယ်လို့ ပြောနေသေးတယ်...
ထိုအချိန်မှာပင် နောက်ထပ်လူတစ်စု ဝင်လာကြသည်။
ဝင်လာသူကို မြင်လိုက်ရသောအခါ ထောင်ဇီ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။
"သြော်...စတုတ္ထသခင်လေး... ရောက်လာတာလား"
စတုတ္ထသခင်လေးဆိုသည်မှာ အဆင့်အတန်းမြင့်မားသူဖြစ်ကြောင်း သိသာလှသည်။ ထို့ကြောင့် ထောင်ဇီက ကပ်ဖားတစ်ယောက်အဖြစ် အမြန်ပြောင်းလဲသွားခြင်းပင်။
စတုတ္ထသခင်လေးက အခန်းတစ်ဝိုက် အေးစက်စက်အကဲခတ်ပြီး ပြောလိုက်သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ထောင်ဇီက ပြန်ဖြေချေသည်။
"ဒီကောင်က ကျွန်တော့်ညီလေးတွေရဲ့ ကားကို ဝင်တိုက်သွားလို့ပါ။ အဲ့ဒါနဲ့ ဒီမှာ လာပိတ်ဖမ်းထားတာပါ"
"သြော်.. ငါ့လူတွေရဲ့ကားကိုတောင် ဝင်တိုက်ရဲတယ်ပေါ့။ ဘယ်သူကများ ဒီလောက်သတ္တိကောင်းနေလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဒီနေ့တော့ ဒီကောင့်ကို သေချာပညာပေးလိုက်ဦးမှပါ"
လူမိုက်များက စတုတ္ထသခင်လေးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
ယဲ့ချန်းကို မြင်လိုက်ရချိန်မှာမူ စတုတ္ထသခင်လေး၏ မျက်နှာအမူအရာလည်း ရုတ်ခြည်းပြောင်းလဲသွားသည်။
"ဥက္ကဋ္ဌယဲ့ပါလား"
ယဲ့ချန်းလည်း အံ့အားသင့်သွားသည်။ စတုတ္ထသခင်လေး ဆိုသူကို သူ မသိပါချေ။
စတုတ္ထသခင်လေးက အနားသို့ လျှောက်လာပြီး ပြောလိုက်၏။
"မစ္စတာယဲ့... ခင်ဗျားကတော့ ကျွန်တော့်ကို သိမှာ မဟုတ်ဘူး။ ကျွန်တော်က ရွှေဒိုင်းလွှာလုပ်ငန်းစုက ဥက္ကဋ္ဌချန်းနဲ့ ညီအစ်ကိုတွေပါ။ ဟိုတလောတုန်းက ခင်ဗျား ရွှေဒိုင်းလွှာလုပ်ငန်းစုကို လာလည်တုန်းက ကျွန်တော် ခင်ဗျားကို တွေ့ဖူးတယ်လေ"
"သြော်"
ယဲ့ချန်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
စတုတ္ထသခင်လေးက တစ်ဖက်သို့လှည့်ပြီး ထောင်ဇီ၏ခေါင်းကို ခပ်ပြင်းပြင်း တစ်ချက်ရိုက်ချလိုက်သည်။
"မင်း သေချင်နေတာလား။ ဒါ ဘယ်သူလဲဆိုတာရောသိလား"
ထောင်ဇီကတော့ လုံးဝနားမလည်နိုင်ဖြစ်သွားပြီး ခေါင်းခါပြလိုက်၏။
စတုတ္ထသခင်လေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဥက္ကဋ္ဌယဲ့ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"
ထောင်ဇီ ကြောင်အသွားသည်။
တောင်းပန်ရမယ်တဲ့လား....
"ဒီကောင်က ကျွန်တော်တို့ကားတွေကို ဝင်တိုက်သွားတာပါ။ ကျွန်တော်တို့က ဘာလို့ သူ့ကို ပြန်တောင်းပန်ရမှာလဲ"
စတုတ္ထသခင်လေးက နောက်ထပ် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ထောင်ဇီ၏ပါးကို ဖြောင်းခနဲ ရိုက်ချလိုက်သည်။
"မင်းကများ ပြန်ပြောရဲတယ်ပေါ့လေ"
ဤလူငယ်လေးကြောင့် စတုတ္ထသခင်လေးက သူ့ကို ပါးရိုက်လိမ့်မည်ဟု ထောင်ဇီ လုံးဝထင်မထားပေ။ ထို့ကြောင့် မအူမလည်လေး ဖြစ်သွားရှာသည်။
စတုတ္ထသခင်လေးက အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့... ကျွန်တော့်ညီက အသိဉာဏ်နည်းလို့ပါ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲဗျ"
ယဲ့ချန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဒီနေရာက ညလယ်စာစားတဲ့နေရာဆိုတော့ ကိုယ်ထိလက်ရောက် လုပ်တာတွေက မသင့်တော်ဘူး။ ဒါပေမဲ့ တခြားနေရာမှာ ဘာတွေဖြစ်မလဲဆိုတာကတော့ ငါနဲ့မဆိုင်ဘူးနော်"
"မစ္စတာယဲ့... မပူပါနဲ့။ ခင်ဗျားအတွက် ကျွန်တော် လက်စားချေပေးပါ့မယ်"
ထို့နောက် သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်လေရာ လူသန်ကြီးတချို့က ထောင်ဇီကို ဆွဲမပြီး အပြင်သို့ ခေါ်ထုတ်သွားကြသည်။ ခဏအကြာဝယ် အပြင်ဘက်မှ ရိုက်နှက်သံများနှင့် နာနာကျင်ကျင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ကမူ လုံးဝအံ့သြနေကြသည်။
ယဲ့ချန်းဆီက စကားတစ်ခွန်းထွက်လိုက်ရုံမျှဖြင့် အစောက မောက်မာနေသော လူမိုက်များမှာ ဆုံးမခံရလေတော့သည်။
အရေးအကြီးဆုံးအချက်မှာ လူမိုက်ခေါင်းဆောင်က ယဲ့ချန်းအပေါ် အလွန်နာခံလွန်းပြီး ကပ်ဖားနေခြင်းပင်။
လီစီသုန်းခမျာ ယဲ့ချန်း၏နောက်ခံအကြောင်း ပိုသိချင်လာသည်။ ဤလူက ဘယ်သူများလဲ။
မကြာခင်မှာပင် စတုတ္ထသခင်လေးက သွေးသံတရဲရဲနဲ့ ဖူးရောင်နေသော ထောင်ဇီကို ဆွဲခေါ်ပြီး ပြန်ရောက်လာသည်။
ယခုအချိန်တွင်မူ ထောင်ဇီခမျာ ယခင်က မောက်မာမှုအားလုံး ပျောက်ဆုံးသွားပြီး အရိုက်ခံထားရသောကြောင့် ငိုချင်သလိုလိုပင် ဖြစ်နေရှာသည်။
"မြန်မြန်လုပ်... ဥက္ကဋ္ဌယဲ့ကို တောင်းပန်လိုက်"
စတုတ္ထသခင်လေးက အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်၏။
ထောင်ဇီက ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်။ အစ်ကိုကြီးရဲ့ ကြီးမြတ်မှုကို ကျွန်တော် မမြင်ခဲ့မိလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ဆို၏။
"ငါ့ကိုခွင့်လွှတ်စေချင်ရင် အရင်ဆုံး ဒီအလှလေးနှစ်ယောက်ကို တောင်းပန်လိုက်ဦး"
ထောင်ဇီလည်း လီစီသုန်းနှင့် ကျောက်ရှန်းရှန်းတို့ဘက်သို့ ချက်ချင်းလှည့်ကာ ဒူးထောက်လိုက်သည်။
"မိန်းကလေးတို့... ကျွန်တော် တောင်းပန်ပါတယ်။ နောက် ဘယ်တော့မှ ဒီလိုမလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်"
အလှလေးနှစ်ယောက်ခမျာ ဤအဖြစ်မျိုးကို တစ်ခါမှ မကြုံဖူးကြပေ။
လီစီသုန်းက တိတ်တဆိတ်ပြောလိုက်၏။
"သူ့ကို ခွင့်လွှတ်ပေးလိုက်ရအောင်ပါ"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"နောက်တစ်ခါ မိန်းကလေးတွေကို အနိုင်ကျင့်နေတာ တွေ့လို့ကတော့ တောင်းပန်ရုံနဲ့ ပြီးမှာမဟုတ်ဘူးနော်။ ကြားလား"
ထောင်ဇီက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
"နားလည်ပါပြီ အစ်ကိုကြီး... နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး"
"ထွက်သွားတော့"
ယဲ့ချန်းလည်း သူတို့ကို လက်ယမ်းပြလိုက်သည်။
ထောင်ဇီနှင့် သူ့လူတစ်သိုက်လည်း အတုန်တုန်အယင်ယင်ဖြင့် ထွက်သွားကြသည်။
အလှလေးနှစ်ယောက်နှင့်အတူ အကင်စားပြီးသွားသောအခါ ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"မင်းတို့ကို ပြန်လိုက်ပို့ပေးမယ်လေ"
လီစီသုန်းမှာ ယဲ့ချန်းအကြောင်း ပိုစိတ်ဝင်စားသွားသည်။
ဒီလူက တကယ်ဆွဲဆောင်မှုရှိတာပဲ...
အထူးသဖြင့် အစောက ကားပြိုင်မောင်းသည့်ပုံစံနှင့် လူမိုက်များကို ရှင်းပစ်လိုက်သည့်ပုံစံက အလွန်မိမိုက်လွန်းလှသည်။
လီစီသုန်းမှာ ရင်ခုန်သံများ ပိုမြန်လာသလို ခံစားလိုက်ရသည်။
လူတစ်ယောက်ကို သဘောကျခြင်းဆိုသည်မှာ ဤအရာလေလား။
ယဲ့ချန်းက သူတို့နှစ်ယောက်ကို ကျောင်းသို့ ပြန်ပို့ပေးခဲ့ပြီး လီစီသုန်းကလည်း ယဲ့ချန်းကို နောက်ထပ် ကြယ်ငါးပွင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် 'အန္တရာယ်သတိပေးချက်'ဆုလာဘ်ကို ချီးမြှင့်လိုက်ပါတယ်"
အန္တရာယ်သတိပေးချက် : ပိုင်ရှင့်အနေနဲ့ အန္တရာယ်ကြုံလာတဲ့အခါ စနစ်ဆီက အသိပေးချက်တစ်ခု ရရှိပါလိမ့်မယ်။
ဤသည်မှာ ယခုအချိန်တွင် ယဲ့ချန်းအတွက် အလိုအပ်ဆုံးအရာပင်။
သူ့စီးပွားရေးက အလျင်အမြန် ကြီးထွားလာနေသည်ဖြစ်ရာ လူတချို့ကိုတော့ ရန်စမိမည်မှာ သေချာသည်။ ဤအန္တရာယ်သတိပေးချက်သာရှိလျှင် အနည်းဆုံးတော့ ယခင်တစ်ခေါက်ကလို ယာဉ်တိုက်မှုမျိုး နောက်တစ်ခါ ထပ်ဖြစ်တော့မည်မဟုတ်။
နောက်တစ်နေ့မနက်စောစောတွင် ယဲ့ချန်းက စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို အပြီးသတ်ခဲ့သည်။
စာချုပ်ချုပ်ဆိုခြင်းမှာ အဆင်ချောခဲ့လေသည်။ ယဲ့ချန်းလည်း လီစီသုန်းကို ဝီချက်မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
ယဲ့ချန်း ကျိုတိုက ပြန်တော့မည်ဟု သိလိုက်ရသောအခါ လီစီသုန်းခမျာ ခွဲခွာရမည်ကို နည်းနည်းဝမ်းနည်းနေမိသည်။
သို့သော် လီစီသုန်းက မကြာခင် ကျောင်းပြီးတော့မည်ဖြစ်လေရာ နောက်ပိုင်းတွင် မိုတုမြို့မှာ အလုပ်ဆက်လုပ်ဖို့ ဆုံးဖြတ်ထားသည်။
နေ့လယ်ဘက်တွင် ယဲ့ချန်းလည်း ကျိုတိုမှ မိုတုမြို့သို့ လေယာဉ်နှင့် ပြန်လာခဲ့သည်။
လေယာဉ်ပေါ်က ဆင်းဆင်းချင်း ယဲ့ချန်းထံသို့ အန္တရာယ်သတိပေးချက်တစ်ခု ဝင်လာသည်။
ယဲ့ချန်းမှာ ကျိုးစုစုဆီသို့ ဖုန်းခေါ်လိုက်၏။
"စုစု မင်း စွမ်းဆောင်ရည်ထုတ်ပြပြီး အမှတ်ယူချင်လား"
ကျိုးစုစုလည်း ခဏမျှတုံ့ဆိုင်းသွားသည်။
"ဘာဖြစ်လို့လဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးနဲ့ ထပ်တွေ့ပြန်ပြီလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဒီတစ်ခါတော့ ငါးအကြီးကြီးနော်။ နိုင်ငံတကာ အဆင့်အေ တရားခံပြေး"
"ဘာ"
ထိုစကားကို ကြားသောအခါ ကျိုးစုစု မျက်နှာပျက်သွားသည်။
"သူ ဘယ်မှာလဲ"
ကျိုးစုစုခမျာ စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
"ငါလည်း မသိသေးဘူး။ ဒါပေမဲ့ လောလောဆယ်တော့ သူက ငါ့ကို သတ်ဖို့ကြံစည်နေတယ်"
ယဲ့ချန်း၏စကားကို ကြားသော် ကျိုးစုစုလည်း စိုးရိမ်စိတ်တစ်ချက်ဝင်သွားသည်။
"လူတစ်ယောက်က ရှင့်ကိုသတ်ဖို့ ကြံစည်နေတာတောင် ရှင်က ဒီလောက်အထိ အေးအေးဆေးဆေး နေနိုင်သေးတယ်ပေါ့"
ယဲ့ချန်း ရယ်မောလိုက်၏။
"လူတစ်ယောက်က ကိုယ့်ကို ရန်ရှာဖို့ လုပ်နေတာဆိုရင် စိတ်လှုပ်ရှားနေလို့လည်း အပိုပဲလေ။ မင်းသာ ဒီအမှုအတွက် အမှတ်ယူချင်တယ်ဆိုရင် ငါ့နောက်ကိုလိုက်ခဲ့။ သူ လှုပ်ရှားတာနဲ့ အဲဒီလုပ်ကြံသူကို ဖမ်းလို့ရပြီပေါ့"
ကျိုးစုစု သဘောတူလိုက်သည်။
"အခု ရှင်ဘယ်မှာလဲ"
ယဲ့ချန်းလည်း တည်နေရာကို အမြန်ပို့ပေးလိုက်၏။
ထို့နောက် လုယုံးကို ဖုန်းဆက်လိုက်သည်။
"လုယုံး... ငါ့ဆီ အခုချက်ချင်းလာခဲ့။ ငါ ဘယ်နေရာမှာရှိနေပါစေ ဘာပဲလုပ်နေပါစေ မင်း ငါ့ကို သေချာစောင့်ကြည့်နေ"
"ဟုတ်ကဲ့ ဘော့စ်.. ကျွန်တော် လာနေပါပြီ"
လုယုံးက အရေးပါသော ပုဂ္ဂိုလ်များအတွက် သက်တော်စောင့်လုပ်ပေးခဲ့ဖူးသည်ဖြစ်ရာ သူ့ကာကွယ်မှုနှင့်ဆိုလျှင် ယဲ့ချန်း၏ လုံခြုံရေးအတွက် စိတ်ချရသလောက်ပင်။
ယဲ့ချန်းမှာ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
"ငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းမှာ အဲဒီလောက်အထိ အရည်အချင်းရှိမရှိဆိုတာ ကြည့်ရသေးတာပေါ့"
••••••••••••••••