← Chapters

ဆန္ဒမဲ့ဝါးပင်

Vol. 4 Ch. 304

ဆန္ဒမဲ့ဝါးပင်

Vol. 4 Ch. 304

မိန်းမပျို၏ ပန်းခြင်းထဲမှ မွှေးရနံ့များမှာ အဆိပ်ပန်း ရနံ့များ ဖြစ်လေသည်။ သို့သော် ချန်းယင်းကျီကတော့ ထိုအဆိပ်ပန်း ရနံ့များကို လုံး၀ အရေးမစိုက်ပေ။

သူက အရက်သောက်ရင်းနှင့် အဆိပ်ဖြေဆေး တစ်မျိုးကိုပါ သောက်ထားသောကြောင့် ဖြစ်လေသည်။ အရက်နှင့်ဆိုလျှင် ထိုဖြေဆေးက ပိုပြီး အာနိသင် ထိရောက်လေသည်။

ဆန်းလျန်က အခြေအနေများ အားလုံးကို လေ့လာနေလေသည်။

အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုက ချန်းယင်းကျီကို တစ်ချက် ကြည့်လိုက်ရင်း…

“ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ရင် ကောင်းမယ် ၊ ဒါဆို နာကျင်ခံစားရမှာ မဟုတ်တော့ဘူး”

သူမ၏ စကားကြောင့် ချန်းယင်းကျီက ဒေါသတကြီးဖြင့် ရယ်မော လိုက်လေသည်။

"မင်းမှာ ကျုပ်ကို နိုင်အောင် တိုက်နိုင်တဲ့ အစွမ်းရှိမလား ကြည့်ကြသေးတာပေါ့"

စကားဆုံးသည်နှင့် ချန်းယင်းကျီ၏ ညာဘက်လက်ကြီးမှာ ရှည်ထွက်လာပြီး အစိမ်းနုရောင်ဝတ် မိန်းမပျိုကို ရိုက်ချ လိုက်လေသည်။ ရိုက်ချက်နှင့်အတူ လေထု တစ်ခုလုံးမှာ မီးတောက်များအလား အလင်းရောင်များ တောက်ပ ထိန်လင်း သွားလေသည်။ အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုနှင့် ချန်းယင်းကျီကြားတွင် မီးတောက်များ တောက်လောင် နေပြီး ထိုမီးတောက်များသည် အစိမ်းရောင်ဝတ် မိန်းမပျိုကို လောင်ကျွမ်း ပြာချ ပစ်တော့မည့် အလား ထင်မှတ်ရလေသည်။

ဟုန်ယန်ဂိုဏ်း၏ ကျင့်စဉ်ပညာများသည် အခြေခံ “ယန်” စွမ်းအားကို အသုံးပြုသည့် တိကျသည့် ကျဉ့်စဉ်များ ဖြစ်လေသည်။ ဟုန်ယန်ဂိုဏ်း၏ အဓိကကျင့်စဉ်မှာ “နေသူရိန်စွမ်းအား” ကျင့်စဉ် ဖြစ်လေသည်။ အစွန်းရောက် နေစွမ်းအားကို ရယူကာ ကျင့်ကြံကြရသည့် ကျင့်စဉ်တစ်မျိုး ဖြစ်လေသည်။

ဟုန်ယန်ကျီ၏ ဆရာတစ်ယောက်သည် ထိုကျင့်စဉ်ကို အောင်မြင်သည် အထိ လေ့ကျင့် နိုင်ခဲ့ဖူးသည်။ ထိုဆရာသခင်သည် ရေကန်ထဲမှ ရေများ အားလုံးကိုပင် အငွေ့ပျံ ခန်းခြောက် သွားစေနိုင်သည် အထိ တန်ခိုးစွမ်းအား ကြီးမားသည်ဟု အဆို ရှိကြလေသည်။ သို့သော် မိစ္ဆာ ကျင့်စဉ်များ၏ ထုံးစံအတိုင်း ထိုပညာကို ကျင့်ကြံလျှင် ဘေးထွက် ဆိုးကျိုးများကိုတော့ ခံစားရမည် ဖြစ်လေသည်။

အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုသည် ဘယ်ဘက်လက်ဖြင့် ပန်းခြင်းတောင်းလေးကို ကိုင်ထားပြီး ဘယ်ဘက်လက်ကို တစ်ချက် ဝှေ့ယမ်း လိုက်လေသည်။ ထိုအခါ သူမ၏ လက်ထဲတွင် ဖီဖာဟုခေါ်သည့် တရုတ်မယ်ဒလင် တစ်လက် ပေါ်လာလေသည်။ သူမက မယ်ဒလင်ကို တီးခတ် လိုက်သည်နှင့် လေထုထဲတွင် လှိုင်းများ ထသွားပြီး သူမကို လောင်ကျွမ်းတော့မည့် မီးတောက်များမှာ ချက်ချင်းပင် ငြိမ်းသွားလေသည်။

ရေက မီးကို ငြိမ်းသတ် လိုက်သကဲ့သို့ ငြိမ်းသတ် လိုက်ခြင်း ဖြစ်လေသည်။ ချန်းယင်းကျီ၏ တိုက်ခိုက်မှုကို သူမက လွယ်ကူစွာပင် ခုခံ တိုက်ခိုက်လိုက်လေပြီ။

ချန်းယင်းကျီမှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။ မိန်းမပျို၏ ကဝေပညာမှာ အလွန်မှ တန်ခိုးစွမ်းအား ကြီးမား လွန်းလေသည်။ ထို့ပြင် ချန်းယင်းကျီမှာ ဒဏ်ရာ သက်သာခါစပင် ရှိသေးသောကြောင့် တန်ခိုးစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော် သုံးစွဲနိုင်ခြင်း မရှိသေးပေ။ သူ၏ တန်ခိုးစွမ်းအား အကုန် ထုတ်သုံးနိုင်ပါက သူမကို အနိုင်ရကောင်း ရနိုင်မည် ဖြစ်လေသည်။

ကျောက်စိမ်း ဘုရားဟွမ်ကျီက သူမသည် လော်ဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်လာမည်ဟု ယုံကြည် ထားလေသည်။ သူမကလည်း ထိုသို့ ယုံကြည်ထိုက်အောင်ပင် တော်လွန်းလေသည်။

သူတို့ နှစ်ယောက်လုံးသည် လော်ဝါဒ၏ ဂိုဏ်းခွဲများမှ ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ဟွမ်ကျီ ကိုယ်တော်နှင့် ဟုန်ယန်ကျီမှာ မဟာရန်သူများ ဖြစ်ကြလေသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့သည်နှင့် ဦးသည့် သူက အရင် စပြီး တိုက်ခိုက်ကြသူများ ဖြစ်လေသည်။

ချန်းယင်းကျီမှာ ကဝေမ တစ်ယောက်၏ လက်ချက်ဖြင့် အသက်မဆုံးလိုပေ။ ထို့ပြင် ထိုကဝေမ၏ လက်ထဲသို့သာ ကျရောက်သွားပါက သေသည်ထက် ဆိုးသည့် အခြေအနေသို့ ရောက်ရှိ သွားနိုင်လေသည်။

ချန်းယင်းကျီသည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ် လိုက်သည်။ ထို့နောက် အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုဆီသို့ ခုန်ဝင်လိုက်လေသည်။ သူ၏ပုံစံမှာ သားကောင်ကို ထိုးသုတ်ရန် အတွက် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် သိမ်းငှက် တစ်ကောင်နှင့်ပင် တူလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း အနီရောင် မီးတောက်များက တောက်ပ နေလေသည်။

သူ၏ တန်ခိုးစွမ်းအားကို အပြည့်အဝ အသုံးချလိုက်ခြင်း ဖြစ်လေသည်။

စားသောက်ဆိုင် တစ်ခုလုံးမှာ အပူရှိန်ဒဏ်ကို မခံနိုင်တော့ဘဲ စတင် မီးလောင်ကျွမ်း နေလေတော့သည်။

စားသောက်ဆိုင်ထဲမှ လူများအားလုံးမှာ အဝေးသို့ ထွက်ပြေး ကုန်ကြလေသည်။ သို့သော် ဆန်းလျန်ကတော့ သူ့နေရာတွင် ထိုင်နေမြဲ ဖြစ်လေသည်။ သူက အစိမ်းနုရောင်ဝတ် မိန်းကလေးနှင့် ချန်းယင်းကျီ၏ တိုက်ပွဲကို အလေး မထားသည့် ဟန်ဖြင့် ရေကန်ဆီသို့ ငေးမောရင်း စိတ်အေး လက်အေးပင် အရက်သောက် နေလေသည်။

ချန်းယင်းကျီသည် တိုက်ပွဲ အတွေ့အကြုံများစွာ ရှိသူ ဖြစ်လေသည်။ သူက လွတ်မြောက်ရန် ဆုတ်ခွာသည့် နည်းလမ်းကိုလည်း သိသလို အနိုင်ယူ တိုက်ခိုက်နိုင်သည့် နည်းလမ်းကိုလည်း သိလေသည်။ သို့သော် ယခု သူ့အရှေ့တွင် ရှိနေသည့် ကဝေမကိုတော့ အနိုင်ယူချင်စိတ်များ တဖွားဖွား ဖြစ်ပေါ် နေမိလေသည်။ ထို့ကြောင့် သူက ဟုန်ယန်ဂိုဏ်း၏ အဓိက ကျင့်စဉ်ဖြစ်သည့် နေသူရိန် စွမ်းအားကို အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

အစိမ်းနုရောင် မိန်းမပျိုက သူမ၏ ပန်းခြင်းလေးထဲမှ ပန်းပွင့် လက်တစ်ဆုပ်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ပန်းများကို ကောင်းကင်ဆီသို့ ကြဲချလိုက်လေသည်။ ကောင်းကင် တစ်ခုလုံးတွင် ပန်းပွင့်များ၏ ပွင့်ဖတ်လွှာများဖြင့် ပြည့်နှက် သွားလေတော့သည်။

နူးညံ့သည့် ပန်းပွင့်လေးများသည် ကောင်းကင်ထက်မှ မြေပြင်ဆီသို့ ပျံဝဲ ကျဆင်း လာကြလေသည်။

ပန်းပွင့်လေးများသည် ချန်းယင်းကျီ၏ နေသူရိန် စွမ်းအား မီးတောက်များ ပေါ်သို့ ကျရောက် သွားလေသည်။

ချန်းယင်းကျီက ကန်းချိ အရံအတားကို ထုတ်လွှတ်ကာ ပွင့်ချပ်လွှာများကို ကာကွယ် ထားလိုက်လေသည်။ သို့သော် ပွင့်ချပ်လွှာလေးများမှာ ထူးဆန်းလွန်းလှပြီး ကန်းချိ အရံအတားမှာ ပွင့်ဖတ်လွှာလေးများကို တားဆီးနိုင်ခြင်း မရှိပေ။ ပွင့်လွှာလေးများသည် ဓားတစ်လက်အလား ချန်းယင်းကျီ၏ အင်္ကျီပေါ်သို့ ထိုးစိုက် ကျသွားလေသည်။

မီးတောက်များ တဖြည်းဖြည်း ငြိမ်းသွားပြီး ချန်းယင်းကျီသည် စားသောက်ဆိုင်၏ သစ်သား ကြမ်းပြင်ထက်သို့ လဲကျ သွားလေတော့သည်။

သူ့အနေဖြင့် အစိမ်းနုရောင်ဝတ် မိန်းမပျိုကို လုံးဝ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ဟုန်ယန်ကျီ၏ အတော်ဆုံးတပည့် ချန်းယင်းကျီသည် အစိမ်းနုရောင် မိန်းမပျိုကို တစ်ခဏ အတွင်းမှာပင် ရှုံးနိမ့်သွားရပြီ ဖြစ်လေသည်။

အစိမ်းနုရောင်ဝတ် မိန်းမပျိုသည် ချန်းယင်းကျီကို လွယ်လွယ်ကူကူနှင့် အနိုင်ယူ လိုက်နိုင်သော်လည်း ပျော်ရွှင်ပုံ မရပါ။ သူမက အေးအေးဆေးဆေး ထိုင်နေသည့် ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ရင်း…

"ဒီကမိတ်ဆွေက လော်ဝါဒရဲ့ ဘယ်ဂိုဏ်းခွဲကလဲ၊ ကျွန်မတို့ရဲ့ ဆရာက အရည်အချင်းရှိတဲ့ သူတွေကို အမြဲ တန်ဖိုးထား လေးစားတယ်၊ ရှင်က ကျွန်မတို့ ဟွမ်ကျီဂိုဏ်းကို ဝင်ချင်လို့လား"

"ဟွမ်ကျီက ရွှေခန္ဓာတောင် မရသေးဘူး သူ့ကိုယ်သူ ဘုရားဖြစ်ပြီလို့ လျှောက်ကြေညာနေတာကတော့ သိပ်ကို မောက်မာလွန်းရာ ကျပါတယ်၊ အဲဒီလိုလုပ်တာက သူ့ကို ကံဆိုး စေလိမ့်မယ်"

ဆန်းလျန်က အစိမ်းနုရောင်ဝတ် မိန်းမပျို၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

ဆန်းလျန်၏ အကြည့်ကို ရင်ဆိုင်လိုက်ရသည့် မိန်းမပျိုသည် အလွန်လေးလံသည့် စွမ်းအားကြီး တစ်ခုဖြင့် ဖိနှိပ်ထားသလို ခံစား လိုက်ရလေသည်။ သူမက တန်ခိုး စွမ်းအားများကို အသုံးပြရန် ကြိုးစားလိုက်သည်။ သို့သော် ဆန်းလျန်၏ အကြည့်အောက်မှ သူမ ရုန်းထွက်နိုင်ခြင်း မရှိပေ။ အသက်ရှူ၍ပင် မရတော့ပေ။

အစိမ်းနုရောင်ဝတ် မိန်းမပျိုသည် ဆန်းလျန်မှာ သူမ၏ ပြိုင်ဘက် မဟုတ်မှန်း ချက်ချင်း ရိပ်မိ သွားလေသည်။ သူမအနေဖြင့် ဆန်းလျန်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

သူမက ချင်းချင်းပင် စိတ်ပြောင်းသွားပြီး ဆန်းလျန်ကို ဦးညွတ်လိုက်သည်။

"ကျွန်မ အမြင် မှားသွားမိပါတယ်၊ ဒီကဆရာသခင် အရက်သောက်နေတာကို နှောင့်ယှက်မိ သွားပါတယ်၊ ကျွန်မက ဆရာသခင်ကို တောင်းပန်တဲ့ အနေနဲ့ အရက်သုံးခွက်နဲ့ ဂါရဝပြုပါ့မယ်"

သူမက ပြောပြီးသည်နှင့် အရက်ခွက်ကို ကောက်ယူပြီး အရက်သုံးခွက်ကို အဆက်မပြတ် မော့သောက် လိုက်လေသည်။

ထို့နောက် ဆန်းလျန်ကို နှုတ်ဆက်ကာ ချန်းယင်းကျီကို ဆွဲခေါ်ပြီး ထွက်ခွာ သွားလေတော့သည်။

ချန်းယင်းကျီမှာ ကဝေမက ဆရာသခင်ဟု ခေါ်ဆိုပြီး ဂါရဝ ပြုနေသည့် သူမှာ တန်ခိုး စွမ်းအား အလွန်ကြီးမားပြီး ကဝေမကို အနိုင်ယူနိုင်သူ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိ သွားလေသည်။

"ဆရာသခင်၊ ကျုပ်အသက်ကို ကယ်မယ်ဆိုရင် ကျုပ်ဆရာ ဟုန်ယန်ကျီက ဆရာသခင်ကို တကယ်ပဲ ကျေးဇူးတင်မှာပါ"

ဟု အော်ဟစ် အကူအညီ တောင်းလိုက်လေသည်။

အစိမ်းနုရောင် ဝတ်ဆင်ထားသည် မိန်းမပျိုမှာ ဒေါသ ထွက်သွား ရလေသည်။ ချန်းယင်းကျီ၏ ပါးစပ်ကို ပိတ်မထားခဲ့မိခြင်း အတွက်လည်း နောင်တရ သွားမိသည်။ သူမက ချန်းယင်းကျီကို အေးစက်စွာဖြင့် စိုက်ကြည့် လိုက်လေသည်။

သူမ၏ အကြည့်ကြောင့် ချန်းယင်းကျီမှာ ကြောက်ရွံ့ တုန်လှုပ် သွားရသည်။ သူက ဆန်းလျန်ကို အသနားခံသည့် အကြည့်ဖြင့် လှည့်ကြည့် လိုက်လေသည်။

စားသောက်ဆိုင် အတွင်းသို့ ဝင်လာပြီး ကျင့်ကြံသူ တစ်ယောက်၏ အသွေးအသားများကို စုပ်ယူလိုက်သည့် ပုံစံနှင့် ယခုပုံစံမှာ လုံး၀ ကွဲပြား ခြားနားသွားပြီ ဖြစ်လေသည်။ သူတစ်ပါးကို အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ခဲ့ပြီး ကိုယ့်အလှည့်ကျတော့ အသနားခံ နေလေသည်။ ကျင့်ကြံသူ မပီသ လိုက်လေခြင်း။

အစိမ်းနုရောင်ဝတ် မိန်းမပျိုသည် ချန်းယင်းကျီကို အထင်သေး စက်ဆုပ်စွာဖြင့် ငုံ့ကြည့် လိုက်လေသည်။ ထိုသူသည် ဟုန်ယန်ကျီ၏ တပည့်သာ မဟုတ်ပါက ခွေးကျွေး ပစ်လိုက်မည် ဖြစ်လေသည်။

ဆန်းလျန်က ချန်းယင်းကျီကို အရေးပင် မလုပ်ပါ။

သူက အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုကို တစ်ချက် ကြည့်လိုက်ရင်း…

"မင်းကိုင်ထားတဲ့ ပန်းခြင်းလေးက ဆန္ဒမဲ့ ဝါးပင်က ဝါးနဲ့ ပြုလုပ်ထားတာ မဟုတ်လား"

ဆန်းလျန်၏ အမေးကြောင့် မိန်းမပျိုမှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။

သူမ၏ ပန်းခြင်းလေးသည် ထူးခြားသည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။ သို့သော် ထိုပန်းခြင်းလေးကို မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြသလို သူမ ကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။ သို့သော် ဆန်းလျန်ကတော့ အကြည့် တစ်ချက်တည်းဖြင့်ပင် ဆန္ဒမဲ့ ဝါးပင်မှ ဝါးဖြင့် ပြုလုပ်ထားကြောင်း သိရှိ သွားခဲ့လေသည်။

ထိုသူမှာ အလွန်ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသူ တစ်ဦးလည်း ဖြစ်လေသည်။

"ဒီခြင်းတောင်းလေးက ဆန္ဒမဲ့ ဝါးပင်နဲ့ ပြုလုပ်ထားတာကိုး ၊ ကျွန်မ သိတောင် မသိခဲ့ပါဘူး ၊ ခုမှပဲ ကြားဖူးတာပါ ၊ ဆရာသခင် သဘောကျတယ် ဆိုရင် ကျွန်မ လက်ဆောင် ပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ ဒီပန်းခြင်းလေးက ကျွန်မ အနှစ်သက်ဆုံး ပစ္စည်းလေးပါ ၊ ကျွန်မဆီမှာ ရှိနေတာလည်း နှစ်ပေါင်းများစွာ ကြာပါပြီ၊ ခုလို လက်ဆောင်ပေးဖို့ ဆိုတာ ခက်ခဲပါတယ်နော်"

သူမက ဆန်းလျန်ကို သိမ်မွေ့သည့် မျက်ဝန်းများဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်းဆီမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာတဲ့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း ဒီပစ္စည်းလေးကို ရထားတာ တစ်လတောင် မပြည့်သေးဘူး မဟုတ်လား၊ မင်းက အရင်ပိုင်ရှင်ရဲ့ အငွေ့အသက်တွေကို ဖျောက်ဖျက် ပစ်နိုင်ဖို့ ဒီခြင်းတောင်းလေးထဲမှာ ပန်းတွေထည့်ပြီး မိစ္ဆာစွမ်းအားကို အသုံးပြုနေခဲ့တာပဲ"

"ဆရာသခင်၊ ကျွန်မကို နောက်နေတာလား"

"မနောက်ပါဘူး ၊ အဲဒီ ဝါးခြင်းတောင်းလေး ဘယ်က ရလာတာလဲ ဆိုတာသာ ပြောပြပါ"

"ဆရာသခင်၊ ရှင်က တန်ခိုးစွမ်းအား ကြီးမားတဲ့ သူပါ ၊ ဘာလို့ ကျွန်မကို အနိုင်ကျင့်ချင် ရတာလဲ၊ ရှင်လိုချင်တယ်ဆိုရင် ဒီပန်းခြင်းလေးကို ရှင် ယူချင် ယူသွားလိုက်ပေါ့"

အစိမ်းရောင်ဝတ် မိန်းမပျိုက ပြောလိုက်လေသည်။

"ကြည့်ရတာ မင်းက ဆန္ဒမဲ့ ဝါးပင်အကြောင်း မသိသေးဘူး ထင်တယ်၊ ဒီလိုပစ္စည်းမျိုးက မင်းဆီမှာ ရှိမနေသင့်ဘူး ၊ ကံဆိုးခြင်းတွေ ကျရောက် လာတတ်တယ်"

ဆန်းလျန်က မိန်းမပျိုကို သိမ်မွေ့စွာဖြင့်ပင် ပြောလိုက်သည်။

"ရှင် ကျွန်မအတွက် စိတ်ပူနေဖို့ မလိုပါဘူး"

ထို့နောက် သူမက လေတစ်ချက် ချွန်လိုက်လေသည်။

ထိုအခါ ကောင်းကင်ထက်တွင် ထွားကျိုင်း သန်မာလှသည့် လူသန်ကြီးများ ပျံသန်း ထွက်ပေါ်လာကြလေသည်။ သူမက ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး ချန်းယင်းကျီကို ပိုက်ကွန် တစ်ခုဖြင့် ချုပ်နှောင် ဖမ်းဆီးလိုက်လေသည်။ ထို့နောက်တွင်တော့ မိန်းမပျိုသည် ပျောက်ကွယ် သွားလေတော့သည်။

***

All Chapters