မိကျောင်းကြီးကို သွားရှာခြင်း
Vol. 8 Ch. 106
"အီးးး အီးးး"
ဒါတွေအားလုံးကို မျက်မြင်တွေ့လိုက်ရသော ခဲခဲလေးသည် အနည်းငယ်မျှ ကြောက်လန့်ခြင်း မရှိသည့်အပြင်၊ လူသားတစ်ယောက်ကဲ့သို့ လက်ဝါးလေးများကို တဖြောင်းဖြောင်းတီးကာ ငွေရောင်ဘုရင်မှာ အလွန်အမင်း အစွမ်းထက်ကြောင်း ချီးကျူးနေပေသည်။
ဘေးနားရှိ ကျားသစ်မှာမူ ထူးထူးခြားခြား တုန့်ပြန်မှု မရှိပေ။
အရာအားလုံး ရပ်တန့်သွားသည်ကို မြင်သောအခါ ၎င်းသည် အခွင့်အရေးယူ၍ လှဲကာအနားယူနေတော့၏။
ရွှီရှင်းသည် ဝံပုလွေပေါ်မှ ဆင်းကာ သမင်ကို အစိတ်အပိုင်းများ ပိုင်းဖြတ်လိုက်ပြီး၊ သွားရည်တမြားမြား ကျနေသော ငွေရောင်ဘုရင်ထံသို့ အသားများအားလုံး ပစ်ပေးလိုက်ပေသည်။
"မင်း ဗီဇပြောင်းပြီးစဆိုတော့ တကယ် ဗိုက်ဆာနေမှာပဲ၊ ရော့ စားလိုက်တော့။"
ငွေရောင်ဘုရင်သည် ချက်ချင်းပင် အငမ်းမရ စားသောက်တော့၏။
၎င်းသည် အမှန်တကယ်ပင် ဗိုက်ဆာနေပုံရပြီး သန်မာလှသော သွားများဖြင့် အံ့သြဖွယ် ကိုက်ဝါးနေ၏။
မိနစ်အနည်းငယ်အတွင်းမှာပင် သမင်တစ်ကောင်လုံး၏ အသားများကို အကုန်စားပစ်လိုက်ပေသည်။
ငွေရောင်ဘုရင်သည် အားမရသေးသည့် ပုံစံမျိုးပင် ပေါက်နေသေး၏။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးကာဆားဂူ သို့သွားခဲ့သည်။
မိနစ်အနည်းငယ်သာစီးရသေးသော်လည်း ဆားဂူနှင့် အတော်လေး နီးကပ်နေပြီဖြစ်သည် ၊ သူသည် ယခုအခါ သွားလာရေး၌ မည်မျှလျင်မြန်လာသနည်းဆိုသည်ကို အံ့သြမဆုံး ဖြစ်နေမိပေသည်။
သစ်ပင်အိမ်၏ လက်ရှိကာကွယ်ရေးနယ်မြေမှာ အချင်းဝက် ၆ ကီလိုမီတာသာ ရှိပေသည်။
ကာကွယ်ရေးနယ်မြေ၏ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိပင်လျှင် ၁၂ ကီလိုမီတာခန့်သာ ရှိသဖြင့် ငွေရောင်ဘုရင်၏ အရှိန်အပြည့်ဖြင့်ဆိုပါက ၁၀ မိနစ်ပင် မကြာဘဲ ကျော်ဖြတ်နိုင်ပေလိမ့်မည်။
၁၀ မိနစ်ခန့် ပြေးရခြင်းမှာ ငွေရောင်ဘုရင်အတွက်မူ ဘာမျှမဟုတ်ပေ၊ အလွန်ဆုံး အသက်ရှူအနည်းငယ် မြန်သွားရုံသာ ရှိပေမည်။
ဝံပုလွေတစ်ကောင် ရှိနေရခြင်းမှာ တကယ့်ကို ကောင်းလှပေသည်။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီး၍ ဆားဂူသို့ သွားခဲ့၏။
အရင်က တူးထားသော ဆားများမှာ သိပ်မများလှဘဲ ဒေသတစ်ခုလုံး၏ လိုအပ်ချက်မှာ မြင့်မားနေသဖြင့် ဆားများ ထပ်မံဖြည့်တင်းရန် အချိန်ရောက်နေပြီ ဖြစ်ပေသည်။
ဆား ကီလိုဂရမ် အနည်းငယ်ကို တူးယူပြီးနောက် ရွှီရှင်းသည် သားရဲသုံးကောင်နှင့်အတူ သစ်ပင်အိမ်သို့ ပြန်လာခဲ့၏။
အသစ်စက်စက် ဗီဇပြောင်းထားသော ငွေရောင်ဘုရင်မှာ တက်ကြွလန်းဆန်းနေပေသည်။
၎င်းသည် ယခင်ကဲ့သို့ ထောင့်၌သာ အမြဲအိပ်မနေတော့ဘဲ အပြင်ဘက်၌ အနားယူလိုသော ကျားသစ်ကို အတင်းသွားရောက် စနောက်ပြီး နောက်ထပ်တစ်ကြိမ် စမ်းသပ်တိုက်ခိုက်ရန် ကြိုးစားနေသဖြင့် ကျားသစ်မှာ စိတ်ပျက်ကာ ငွေရောင်ဘုရင်ကို ၎င်း၏ခြေဖဝါးများဖြင့်သာ တွန်းထုတ်နေရတော့၏။
ထိုအတောအတွင်း ရွှီရှင်းမှာမူ ခဲခဲကို ပိုက်လျက် ဆိုဖာပေါ်၌ ဇိမ်ယူနေပေသည်။
"တကယ့်ကို သက်သောင့်သက်သာ ရှိလိုက်တာကွာ"
ရွှီရှင်းက ဆိုဖာပေါ်၌ မှီလျက် ရေရွတ်လိုက်၏။
အမွေးပွဘောလုံးလေးကို ရင်ခွင်ထဲပိုက်ထားရခြင်းမှာ တကယ့်ကို နေလို့ကောင်းပြီး၊ ကိစ္စအဝဝကိုလည်း ဖြေရှင်းပြီးပြီဖြစ်ရာ သူ၏စိတ်မှာ အေးချမ်းသွားသည်။
မနက်ဖြန်တစ်ရက် နားနားနေနေ နေနိုင်ပြီဟူသော အတွေးက ရွှီရှင်းကို ပို၍ စိတ်ချမ်းသာစေပေသည်။
သို့သော်လည်း မနက်ဖြန်၌ လုပ်ဆောင်ဖွယ်ရာများ ရှိနေပါသေးသည်၊ ဥပမာအားဖြင့် သူ၏ကန်အတွင်းရှိ စိတ်အနှောင့်အယှက်ပေးနေသော အသားစားငါးများအတွက် မိကျောင်းကြီးထံ အကူအညီတောင်းရန်ပင်။
ဖန်သားပြင်ကြီးမှာ ဆိုဖာနှင့် အနည်းငယ်ဝေးနေပြီး ရီမု လည်း မရှိသဖြင့် ရွှီရှင်းမှာ မထချင်တော့ပေ။
ထို့ကြောင့် ဆိုဖာပေါ်၌သာ မှီလျက် သူ၏နာရီကို ဖွင့်ကာ ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ကြည့်လိုက်၏။
ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာမူ လှုပ်လှုပ်ရှားရှား ရှိနေဆဲ ပင်။
"မင်းတို့ သစ်ပင်အိမ်အထပ် ပိုရတာကို ဘာလုပ်ကြလဲ"
"ဘာလုပ်ရမှာလဲ၊ အိပ်ခန်းလုပ်တာပေါ့။ အောက်ထပ်မှာ အလုပ်လုပ်ပြီး အပေါ်ထပ်မှာ အိပ်ရတာ ပိုနေလို့ကောင်းတယ်။"
"အားးး... အဲဒါတွေ လာမပြောနဲ့။ ငါ ဘာလို့ မြေအောက်မြို့တော်ထဲ မဝင်ခဲ့မိပါလိမ့်။ နှစ်ထပ်ဗီလာလေး ငါ တကယ်လိုချင်တာ"
ဒေသတွင်း ဆက်သွယ်ရေးလိုင်း၌ လူပေါင်း ၄,၀၀၀ နီးပါး ကျန်ရှိနေသေးပြီး၊ မြေအောက်ဂူအတွင်းမှ ပြန်လာသော လူပေါင်း ၁,၈၀၀ ကျော် လူဦးရေ၏ ထက်ဝက်နီးပါး သာ သစ်ပင်အိမ်အထပ် +၁ ဆုလာဘ်ကို ရရှိခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း အဆင့်နိမ့်သစ်ပင်အိမ်လေးများအတွက် အထပ်တစ်ထပ် တိုးလာခြင်းမှာ နေရာကျပ်ကျပ်တည်းတည်း မဖြစ်အောင်သာ လုပ်ဆောင်ပေးနိုင်၏။
လက်တွေ့အသုံးဝင်မှုအပိုင်း၌မူ ရွှီရှင်း၏ အပေါ်ဆုံးထပ် စိုက်ပျိုးရေးခြံကို မမီပေ။
စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌လည်း အတော်လေး လှုပ်လှုပ်ရှားရှား ရှိနေပေသည်။
သစ်လုံးများနှင့် သစ်သားများ အလုံအလောက် ရှိနေပြီဖြစ်သဖြင့် လူတိုင်းသည် သစ်ပင်အိမ် မြှားသေနတ်များ သို့မဟုတ် အတွင်းပိုင်း အသုံးအဆောင်များကို ရောင်းချရန် စဉ်းစားနေကြ၏။
ကျိချောင်းယန် : "အားလုံးပဲ၊ အခုဆိုရင် အရောင်းအဝယ် ကဏ္ဍမှာ သစ်လုံးတွေနဲ့ သစ်သားတွေ အတော်လေး ပျံ့နေပြီ။ အဲဒါတွေကို စုဆောင်းထားကြပါ။ ကုန်ကြမ်းတွေ လုံလောက်ပြီဆိုရင် ငါတို့ လက်နက်တွေကို အပြင် ထုတ်ရောင်းလို့ ရပြီ။"
ကျောက်ရှောင်ချွမ်း : "ဟေးး အားလုံးပဲ ဈေးကြီးကြီး တောင်းကြစို့"
ဝမ်လေ့ : "မင်း ဘာတွေ ပြောနေတာလဲ ဈေးအရမ်းကြီးရင် ဝယ်မယ့်သူ နည်းသွားမှာပေါ့ဟ။ အမြတ်နည်းနည်းနဲ့ အမြန်ရောင်းရတဲ့ နည်းလမ်းကို မသိဘူးလား။"
ဝမ်ကွေ့ရှင်း : "ဟုတ်တယ် ၊ အရင်ဆုံး မြှားသေနတ်တွေကို အများကြီး ရောင်းလိုက်။ အရေးကြီးတာက နောက်ဆက်တွဲ ဝန်ဆောင်မှုပဲ။ မြှားတွေကို ပြန်ကောက်လို့ ရတယ်ဆိုပေမဲ့ အကြိမ်အများကြီး ပြန်သုံးလို့ မရသလို ပျောက်ဖို့လည်း လွယ်တယ်၊ ဒါကြောင့် သုံးကုန်ပစ္စည်းပဲ။ အဲဒီကျမှ မြှားဈေးကို နည်းနည်းတင်ပြီး ထိုင်စားလို့ ရပြီ။"
ကျောက်ရှောင်ချွမ်း : "ငါ အရမ်း ပိန်းသေးတာပဲ၊ မင်းတို့ကတော့ တကယ့်ကို ကောက်ကျစ်တဲ့ ကုန်သည်တွေပဲ၊ ဒါပေမဲ့ ငါ သဘောကျတယ်။"
ချီရွှယ်ဖေး : "နင်တို့ဆီမှာ ဆေးဖက်ဝင် အပင်တွေ ရှိကြလား။ ငါနဲ့ လဲလို့ ရတယ်၊ နောက်နှစ်ရက်အတွင်း ဆေးအသစ်တွေ ဖော်ပြီး အားလုံးကို ဝေပေးမယ်။"
လီဝမ်ရှီး : "နင်တို့ တစ်ချိန်လုံး ဆေးပင်တွေ စုနေတာ မဟုတ်ဘူးလား။ အခုထိ မလုံလောက်သေးတာလား"
ချီရွှယ်ဖေး : "တခြားသူတွေဆီက စုထားတာတွေက အဆင့်နိမ့် ဆေးဖက်ဝင် အပင်တွေမို့လို့ အာနိသင်က အကန့်အသတ် ရှိတယ်။"
လီဝမ်ရှီး၏ နင်တို့ ဆိုသည့် စကားလုံးကြောင့် ရွှီရှင်း မျက်တောင်ခတ်လိုက်မိပေသည်။
သူ အရင်မှတ်တမ်းများကို ပြန်ဖတ်ကြည့်လိုက်ရာ ချီရွှယ်ဖေးသည် ဆေးဝါးကုသရေး အဖွဲ့ကို တည်ထောင်ထားပြီး စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေထံမှလည်း အရင်းအမြစ်များကို ပို၍ စုဆောင်းနေသည်ကို ဝန်ခံထားကြောင်းတွေ့ရ၏။
တကယ်တော့ ချီရွှယ်ဖေးနှင့် သူမ၏မောင် ချီဇီရွှမ်တို့သည် ဤကမ္ဘာသို့ အတူတူ ရောက်လာကြပြီး တိုက်တိုက်ဆိုင်ဆိုင် နယ်မြေတစ်ခုတည်း၌ ရှိနေခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းတို့နှစ်ယောက်သည် တရုတ်တိုင်းရင်းဆေး မိသားစုမှ ဆင်းသက်လာသူများ ဖြစ်သဖြင့် ဆေးဖက်ဝင် အပင်များအကြောင်း ကောင်းစွာ သိကြသကဲ့သို့၊ ဤကမ္ဘာ၌ ဆရာဝန်များ လိုအပ်မည်ကိုလည်း သိရှိကြပေ၏။
ထို့ကြောင့် ၎င်းတို့သည် ဆေးဝါးကုသရေး အဖွဲ့အစည်းကို တည်ထောင်ပြီး နယ်မြေတစ်ခုလုံး၌ သွေးတိတ်ဆေးပင်များကို ရောင်းချကာ ပြန်လည်ပြုလုပ်ရန်အတွက် ဆေးဖက်ဝင် အပင် အမြောက်အမြားကို စုဆောင်းနေခဲ့ခြင်း ဖြစ်သည်။
ရွှီရှင်းကတော့ ဒါကို အမှန်တရားဟုသာ ထင်မြင်ပေသည်၊ သူမ၏မောင်နှင့် နယ်မြေတစ်ခုတည်း၌ ရှိနေခြင်းမှာမူ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ပေ။
ချင်ယွန်လုံနှင့် ချင်ယွန်ဟုတို့ကလည်း ညီအစ်ကိုများပင် မဟုတ်လား။
သို့သော်လည်း ဤအမျိုးသမီးသည် သွေးတိတ်ဆေးမြက် များကို မည်သည့်နေရာမှ ဤမျှအများကြီး ရရှိသနည်းဆိုသည်နှင့် ဆေးပင်များကို အရှိန်မြှင့် စိုက်ပျိုးနိုင်သော အစွမ်း ရှိ၊ မရှိ ဆိုသည်တို့ကိုမူ သေချာပေါက် ဖုံးကွယ်ထားပေသည်။
ဤကမ္ဘာ၌ သူတစ်ယောက်တည်းသာ အထူးအစွမ်းများ ရှိသည်မဟုတ်ကြောင်းမှာ ယခုအခါ သေချာသလောက် ရှိနေပြီ ဖြစ်ပေသည်။
ချီရွှယ်ဖေး၌လည်း ဆေးဝါးနှင့် ပတ်သက်သော စွမ်းရည်တစ်ခု ရှိနေပေလိမ့်မည်။
စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်းရှိ လူတိုင်းကလည်း ဒါကို ဂရုမစိုက်ကြသည့်အပြင် နွေးထွေးစွာ ကြိုဆိုကြပေသည်။
၎င်းတို့ အဖွဲ့အစည်းအတွင်း ဆေးဖော်စပ်နိုင်သော ဆရာဝန်တစ်ယောက် ရှိနေခြင်းမှာ အသက်အာမခံချက် တစ်ခုပင် မဟုတ်ပါလား။
အဖွဲ့အတွင်း လက်နက်ရောင်းချရေး ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် လီဝမ်ရှီးထံမှ အနက်ရောင်ရွှေတုံးများ သန့်စင်ပြီးစီးသွား၏။
သူမသည် ရွှီရှင်းထံ အနက်ရောင်ရွှေတုံး ၁၀ တုံးကို အရောင်းအဝယ် ပြုလုပ်ပေးခဲ့ပြီး၊ ရွှီရှင်းသည် ချက်ချင်းပင် အလုပ်ခုံ၌ ဖန်တီးလိုက်တော့သည်။
[မိုးကြိုးလွှဲ (အပြာရောင်အဆင့်): မိုးကြိုးဒဏ်ကို ရှောင်ရှားနိုင်စေသည့် သတ္တုတိုင်ဖြစ်ပြီး၊ ၎င်းမှ စုပ်ယူလိုက်သော လျှပ်စစ်ဓာတ်အားသည် သစ်ပင်အိမ်အတွက် စွမ်းအင်ပေးနိုင်သည်။]
ဖန်တီးလိုက်သော မိုးကြိုးလွှဲမှာ မီတာအနည်းငယ် ရှည်လျားပြီး အပေါ်ဘက်သို့ ချွန်သွားသော သတ္တုတိုင်တစ်ခု ဖြစ်ကာ သစ်ပင်အိမ်၏ အပေါ်ဆုံး၌ တပ်ဆင်နိုင်ပေသည်။
ရွှီရှင်းသည် ဤအရာက သစ်ပင်အိမ်ကို မိုးကြိုးများ ပိုမိုဆွဲဆောင်စေပြီး သစ်သားတည်ဆောက်ပုံကို မီးလောင်စေမလားဟု အနည်းငယ် စိုးရိမ်မိသော်လည်း၊ ဖော်ပြချက်အရမူ ဤမိုးကြိုးလွှဲသည် လျှပ်စစ်ကို သိုလှောင်နိုင်စွမ်း ရှိပုံရသည်။
ဘေးအန္တရာယ်မှ ကာကွယ်ရန် ဖန်တီးထားခြင်းဖြစ်သဖြင့် အန္တရာယ်မှာမူ ရှိနိုင်မည် မဟုတ်ပေ။
သူသည် တိုင်တစ်တိုင်ကို လီဝမ်ရှီးထံ ပို့ပေးလိုက်ပြီး၊ သူ၏ ကိုယ်ပိုင် မိုးကြိုးလွှဲကိုမူ တပ်ဆင်ရန် ရွေးချယ်လိုက်၏။
[ကျေးဇူးပြု၍ တပ်ဆင်မည့် နေရာကို ရွေးချယ်ပါ။]
ဖန်သားပြင်ပေါ်၌ သစ်ပင်အိမ်၏ အပေါ်ဆုံးအပိုင်းကို ပြသပေး၏။
သစ်ပင်အိမ်၏ စတုတ္ထထပ် အပေါ်ဆုံးအပိုင်းမှာ ချွန်နေသဖြင့် သူသည် မိုးကြိုးလွှဲကို အပေါ်ဆုံးထပ်၏ ထိပ်ဖျား၌ တပ်ဆင်လိုက်၏။
စတုတ္ထထပ်သို့ တက်ကြည့်လိုက်သောအခါ မျက်နှာကျက်ရှိ ဖန်သားပြင်မှတစ်ဆင့် သစ်ပင်အိမ်၏ ထိပ်၌ တပ်ဆင်ထားသော အင်တင်နာတစ်ခုကဲ့သို့ မိုးကြိုးလွှဲကို မြင်တွေ့နေရပေသည်။
"ဒီအရာက မနက်ဖြန် အစီအစဉ်မှာ အသုံးဝင်ပါစေလို့ မျှော်လင့်ရတာပဲ။"
မိုးကြိုးလွှဲ တပ်ဆင်ပြီးနောက် ရွှီရှင်းသည် ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းရှိ ဂွမ်းမွေ့ရာပေါ်၌ လှဲအိပ်လိုက်တော့သည်။
...အမှန်အတိုင်း ပြောရလျှင် အနည်းငယ်တော့ ပူပေသည်။
ညဘက်ဖြစ်သော်လည်း အပူချိန်မှာ ၃၀ ဒီဂရီနီးပါး ရှိနေသဖြင့် ဂွမ်းမွေ့ရာမှာ အတော်လေး ပူနေ၏။
ထို့ကြောင့် ရွှီရှင်းသည် မွေ့ရာကို ခေတ္တဖယ်ရှားပြီး သစ်သားကုတင်ပေါ်၌သာ ဆက်လက်အိပ်စက်လိုက်ပေသည်။
သိပ်တော့ နေလို့မကောင်းသော်လည်း များစွာ ပို၍ အေးမြ၏။
ကုတင်ပေါ်၌ လှဲနေသော ခဲခဲလေးကို ပုတ်ပေးရင်း သူလည်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့၏။
သူ နိုးလာသောအချိန်တွင် မနက် ၆ နာရီကျော်နေပြီ ဖြစ်ပြီး အိပ်ခန်းပြတင်းပေါက်မှ နေရောင်ခြည်များ ဝင်ရောက်နေပြီဖြစ်ရာ...
ရွှီရှင်းလည်း ကုတင်ပေါ်မှ ထကာ ကိုယ်လက်သန့်စင်ခြင်း၊ ဟင်းချက်ခြင်း၊ အစာကျွေးခြင်းတို့ကို တစ်ဆက်တည်း လုပ်ဆောင်လိုက်ပေသည်။
၇ နာရီခန့်၌ အားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်ရာ သူသည် ဝက်ဝံနက်ဂူ အဝရှိ စမ်းချောင်းအောက်ခြေ၌ ရှိနေသော မိကျောင်းကြီးထံသို့ သွားရန် ပြင်ဆင်လိုက်တော့သည်။
"မင်းကို နာမည်တစ်ခုတော့ ပေးဖို့ လိုမယ်။"
သစ်ပင်အိမ်အောက်၌ လမ်းလျှောက်နေသော ဗီဇပြောင်း ကျားသစ်ကို ကြည့်ရင်း ရွှီရှင်းကား စဉ်းစားနေမိသည်။
"မင်းက ကြောင်ကြီးတစ်ကောင်လိုပဲ အေးအေးဆေးဆေး ရှိလှတာဆိုတော့၊ မီမီ လို့ပဲ ခေါ်ရအောင်။"
မီမီ ဆိုသည်မှာ လူအများစုက တောကြောင်များကို ခေါ်လေ့ရှိသော နာမည်တစ်ခု ဖြစ်ပေသည်။
ကျားသစ်သည် ရွှီရှင်းကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်ဘဲ ဆက်လက် လမ်းလျှောက်နေ၏။
"ဘာမှမပြောဘူးဆိုရင်တော့ သဘောတူတယ်လို့ မှတ်လိုက်မယ်။ အခုကစပြီး မင်းနာမည်က မီမီပဲ။"
ရွှီရှင်းက နာမည်ကို အတည်ပြုလိုက်၏။
ကျားသစ်မီမီကမူ သူ့ကို ဂရုမစိုက်ဘဲ ရွှီရှင်း၏ နှစ်မီတာခန့် အကွာမှ ဆက်လက် ပတ်လျှောက်နေဆဲ ဖြစ်သည်။
ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ခွစီးရန် ပြင်လိုက်သောအခါ၊ ငွေရောင်ဘုရင်မှာ မနေ့က ဗီဇပြောင်းပြီးစ အခြေအနေထက် ပို၍ မြင့်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
အရင်ကကဲ့သို့ ခြေလှမ်းဖြင့် တက်ရန် ကြိုးစားသော်လည်း တက်၍ မရတော့ပေ။
"ဒါကြီးက ပိုကြီးလာတာလား"
ရွှီရှင်း နောက်သို့ နှစ်လှမ်းဆုတ်ကာ ငွေရောင်ဘုရင်၏ ကိုယ်ထည်ကို အကဲခတ်လိုက်၏။
အမှန်ပင် ၊ ငွေရောင်ဘုရင်မှာ ပို၍ ထွားကြိုင်းလာပေသည်။
အရင်က ကီလိုဂရမ် ၂၀၀ ကျော်သာ ရှိပါက ယခုအခါ ၃၀၀ ကျော်ခန့် ရှိနေပေပြီဖြစ်သည်။
ကောင်းတယ်ကောင်းတယ်။
ငွေရောင်ဘုရင် ပိုသန်မာလာလေ၊ ရွှီရှင်း ပိုပျော်လေပင်။
ထို့နောက် ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ခွစီးလိုက်ကာ
"မိကျောင်းကြီးဆီ သွားကြစို့"
ငွေရောင်ဘုရင်သည် တစ်ချက် ဟိန်းလိုက်ပြီး ရှေ့သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့၏။
ရွှီရှင်းသည် ယခုအခါ သားရေချပ်ဝတ် အပြည့်အစုံကို ဝတ်ဆင်ထားပြီး လေတိုက်နှုန်း ပြင်းထန်သဖြင့် သံဦးထုပ်ကို အမြန်ဆောင်းလိုက်ပေသည်။
ခဲခဲမှာ ငွေရောင်ဘုရင်ပေါ်၌ လှဲနေပြီး ကျားသစ်မီမီကမူ ဘေးမှ အမှီလိုက်နေ၏။
လူတစ်ယောက်နှင့် သားရဲသုံးကောင်ပါသော အဖွဲ့သည် ဟန်ချက်ညီညီနှင့် လျင်မြန်စွာ သွားနေကြသည်။
"မီမီ၊ အဲဒီ တောဝက်ကို သတ်လိုက်စမ်း"
မလှမ်းမကမ်း၌ မြေကြီးကို တူးနေသော တောဝက်တစ်ကောင်ကို တွေ့သောအခါ ရွှီရှင်းက မီမီကို အမိန့်ပေးလိုက်၏။
မီမီသည် ချက်ချင်းပင် အံ့သြဖွယ် အရှိန်ကို ထုတ်သုံးလိုက်ပြီး ငွေရောင်ဘုရင်ကိုပင် ကျော်တက်ကာ တောဝက် မရိပ်မိခင်မှာပင် လည်ပင်းကို တစ်ချက်တည်းနှင့် ကိုက်လိုက်ပေသည်။
တောဝက်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ခင်မှာပင် မီမီက ၎င်း၏ခြေဖဝါးဖြင့် တောဝက်၏ ခေါင်းကို ရိုက်လိုက်ရာ ဦးခေါင်းခွံ ကွဲအက်ပြီး ချက်ချင်း သေဆုံးသွားပေတော့၏။
[တောဝက်ကို သတ်လိုက်သဖြင့် ရရှိသောအမှတ်: ၈ မှတ်။]
ရင်းနှီးပြီးသား အသံက ထပ်မံ ထွက်ပေါ်လာ၏။
မနေ့က ငွေရောင်ဘုရင် သမင်ကို သတ်စဉ်က သူ အရမ်း စိတ်လှုပ်ရှားနေသဖြင့် သတိမထားမိခဲ့သော်လည်း၊ ယခုမူ သူနှင့် စာချုပ်ချုပ်ထားသော သားရဲများက မွန်းစတားများကို သတ်လျှင် သူလည်း အမှတ်ရနိုင်သည်ကို သိရှိသွားပေ၏။
တောဝက်၏ လည်ပင်းမှ ဒဏ်ရာမှာ မနေ့က သမင်လောက် မပြင်းထန်ပေ။
ဘာပဲဖြစ်ဖြစ် ငွေရောင်ဘုရင်က ၎င်း၏ အစွယ်များကို အားပြုခြင်းဖြစ်ပြီး မီမီကမူ ၎င်း၏ ခြေသည်းများကို အားပြုခြင်း မဟုတ်ပါလား။
အဲဒီ ရိုက်ချက်၏ ပြင်းအားမှာ ရွှီရှင်းကိုပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
"ဟေ့ဟေ့... မစားနဲ့ဦးဟ မင်း ခုနကတင် မနက်စာ စားထားတာ မဟုတ်လား"
မီမီက အသားကို စားရန် ပြင်နေသည်ကို မြင်သောအခါ ရွှီရှင်းက ချက်ချင်း တားလိုက်၏။
သူ ဤတောဝက်ကို သတ်ခိုင်းခြင်းမှာ မိကျောင်းကြီးကို လက်ဆောင်ပေးရန် ဖြစ်သည်။
အသားတုံးလေးများ ပေးသည်ထက် တောဝက်တစ်ကောင်လုံး ပေးခြင်းမှာ များစွာ ပို၍ ကြည့်ကောင်းပေသည်။
မီမီက မကျေမနပ် ဖြစ်သကဲ့သို့ အသံပြုသော်လည်း စကားနားထောင်ကာ အသားကို မစားတော့ပေ။
ဗီဇပြောင်းသားရဲများသည် သာမန်သားရဲများထက် အစာစားချင်စိတ် ပိုများပုံရ၏။
မနေ့က ငွေရောင်ဘုရင်သည် သမင်တစ်ကောင်လုံးကို စားပစ်ခြင်းမှာ ဗီဇပြောင်းပြီးနောက် ကြီးထွားရန် စွမ်းအင်သိုလှောင်ခြင်း ဖြစ်နိုင်သော်လည်း၊ အရှိန်နှစ်ဆ ပိုမြန်လာသည်နှင့်အမျှ စွမ်းအင်သုံးစွဲမှုလည်း ပိုများလာသဖြင့် အစားပိုစားလာခြင်းမှာ သဘာဝပင် ဖြစ်သည်။
သူ အမဲလိုက်ခြင်းကို ပိုမိုလုပ်ဆောင်ရန် လိုအပ်သလို အစားအစာများကို အချိန်အကြာကြီး မည်သို့ ထိန်းသိမ်းရမည်ကိုလည်း စဉ်းစားရပေဦးမည်။
ယခုကဲ့သို့ ရာသီဥတုမျိုး၌ အမဲလိုက်ရသော အသားများသည် အများဆုံး သုံးရက်သာ ခံသဖြင့် အသားများကို အမြဲတမ်း အလုံအလောက် ထားရှိနိုင်ရန် စိုးရိမ်ဖွယ်ရာ ဖြစ်နေ၏။
သူသည် တောဝက်တစ်ကောင်လုံးကို ကျောပိုးအိတ်အတွင်း ထည့်လိုက်ပြီး လူတစ်ယောက်နှင့် သားရဲသုံးကောင်တို့သည် ရှေ့သို့ ဆက်လက်ထွက်ခွာခဲ့ကြပေသည်။
မနက်စာ စားပြီးပြီဆိုသော်လည်း ငွေရောင်ဘုရင်နှင့် မီမီတို့မှာ ဗိုက်မဝသေးသည့် ပုံစံမျိုး ရှိနေသဖြင့် ရွှီရှင်းက ၎င်းတို့ကို လမ်းတစ်လျှောက်၌ အမဲလိုက်ခွင့် ပေးလိုက်၏။
ဒီကောင်နှစ်ကောင်သည် ယခုအခါ အလွန်အမင်း အစွမ်းထက်နေပြီဖြစ်ရာ သာမန် သတ္တဝါလေးများကို အမဲလိုက်ရာ၌ ၁၀၀ ရာခိုင်နှုန်း အောင်မြင်နေကြပေသည်။
နောက်ဆုံး၌ ရွှီရှင်းသည် မိကျောင်းကြီး နေထိုင်ရာ စမ်းချောင်းဘေးသို့ ရောက်ရှိသွားပါတော့သည်။
---
အခန်း ၁၀၆ ပြီး။