← Chapters

ရေခဲသေတ္တာလား...မဟုတ်ဘူး၊ အအေးသိုလှောင်ခန်း

Vol. 8 Ch. 113

ရေခဲသေတ္တာလား...မဟုတ်ဘူး၊ အအေးသိုလှောင်ခန်း

Vol. 8 Ch. 113

"မင်း သစ်ပင်အိမ်ကို ပြန်ရောက်ရင် မင်းအတွက် တစ်ခုပေးစရာရှိတယ်။ အဲဒါရှိရင် သတ္တုတွင်းဆီကို အကြိမ်ကြိမ် လမ်းလျှောက်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားလိမ့်မယ်။"

ရွှီရှင်းသည် လီဝမ်ရှီး ယမ်းစိမ်းတွင်းကို မည်သို့ရှာတွေ့သနည်းဟု မေးမြန်းခြင်းမပြုတော့ပေ။

သူမ၏ အလုပ်လုပ်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန် ဗီဇပြောင်းဆေးရည်တစ်ပုလင်းနှင့် ဗီဇပြောင်းသားရဲစာချုပ်တစ်ခု ပေးရန် သူစီစဉ်လိုက်၏။

"ဟင် သယ်ယူပို့ဆောင်ရေးကိရိယာလား ကျွန်မအတွက်လား... ရှင်က တကယ်ကို စိတ်ကောင်းရှိတာပဲ"

လီဝမ်ရှီး၏ အသံမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

ဒါဟာ လောလောဆယ် သူမအတွက် အကြီးမားဆုံး အခက်အခဲဖြစ်နေပြီး ရွှီရှင်းက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"အရမ်းကြီးတော့ မဟုတ်ပါဘူး။ ပစ္စည်းတွေ အရင်ပေးမယ်၊ ပြီးမှ ငါရှင်းပြမယ်။ အော်... ဒါနဲ့ မင်းဆီမှာ ဗီဇပြောင်းသားရဲအသား ရှိလား"

ရွှီရှင်းက မေးလိုက်၏။

"အများကြီးရှိတယ်၊ အကုန်လုံး အစိမ်းရောင်အဆင့် အသားတွေပဲ။ ပြဿနာတက်မှာစိုးလို့ မစားရဲသေးဘူး။ ရှင်လိုချင်လို့လား ကျွန်မပေးနိုင်ပါတယ်"

ရွှီရှင်းက သူမ၏ သယ်ယူပို့ဆောင်ရေးကိရိယာအတွက် ကူညီမည်ဖြစ်သဖြင့် လီဝမ်ရှီးသည် အကြောင်းပြချက် မမေးတော့ဘဲ အသားများကို ပေးရန် အသင့်ဖြစ်နေပေသည်။

"မင်းပဲ သိမ်းထားလိုက်ပါ၊ ဒီအသားက ရေရှည်မှာ ခန္ဓာကိုယ်ကို သန်မာစေတဲ့အပြင် အရမ်းလည်း အရသာရှိတယ်"

"ရှင် စားကြည့်ပြီးပြီလား ဖော်ပြချက်ထဲမှာ စားသုံးနိုင်တဲ့အသားလို့ပဲ ပါတာ၊ တကယ်ပဲ အဲဒီလို အာနိသင်ရှိတာလား"

"ဟုတ်တယ်၊ စားလိုက်ရင် ခွန်အားတွေ အနည်းငယ် တိုးလာသလိုမျိုး ခံစားရတယ်၊ ဒါပေမဲ့ အရမ်းတော့ မသိသာဘူးပေါ့"

"ဪ... ကျွန်မနားလည်ပြီ။ ရှင် က ယမ်းစိမ်းကို သုံးပြီး ဗီဇပြောင်းအသားတွေကို သိုလှောင်မလို့ မဟုတ်လား..။ အခု လူတိုင်းက မြေအောက်မြို့တော်ကနေ ပြန်လာတာဆိုတော့ ဗီဇပြောင်းအသားတွေ အတော်လေး ရှိကြတယ်။ သူတို့မှာ သိုလှောင်နည်း မရှိတော့ ကျွန်မတို့အတွက် အမြတ်ထုတ်ဖို့ အခွင့်ကောင်းပဲပေါ့"

လီဝမ်ရှီးသည် စိတ်အားထက်သန်လာ၏။

"ကျွန်မ ပြန်ရောက်ခါနီးပြီ၊ ရောက်တာနဲ့ ယမ်းစိမ်းတွေ ပေးမယ်"

ဖုန်းချပြီးနောက် ရွှီရှင်းသည် ဗီဇပြောင်းသားရဲစာချုပ်တစ်ခု ထုတ်ယူကာ အောက်ထပ်ရှိ ပေါင်းစပ်စင်သို့သွား၍ ဗီဇပြောင်းဆေးရည် တစ်ပုလင်း ဖော်စပ်လိုက်သည်။

ဒါတွေကို ယမ်းစိမ်းနှင့်လဲလှယ်ရန် သူရည်ရွယ်ထားခြင်း ဖြစ်သည်။

သူတို့၏ လက်ရှိခွန်အားနှင့်ဆိုလျှင် တောဝက် သို့မဟုတ် နွားတစ်ကောင်ကို ဗီဇပြောင်းဆေး အတင်းတိုက်ပြီး ဗီဇပြောင်းသွားသည်နှင့် စာချုပ်ဖြင့် ချည်နှောင်၍ရ၏။

ဗီဇပြောင်းသားရဲစာချုပ်သည် စီးနင်းရန် သီးသန့်မဟုတ်သဖြင့် ရွှီရှင်း၏ ငွေရောင်ဘုရင်ကဲ့သို့ မြန်ဆန်ပြီး ငြိမ်သက်နေမည် မဟုတ်သော်လည်း သာမန်စီးနင်းရန်တော့ အဆင်ပြေပေသည်။

စီးရန်အတွက် မဟုတ်လျှင်တောင် ပစ္စည်းများ သယ်ရန်အတွက်ဆိုလျှင် လီဝမ်ရှီးအတွက် အလွန်သင့်တော်၏။

မဟုတ်ပါက သူမသည် အဝေးကြီးကို ကိုယ်တိုင်သယ်နေရသဖြင့် အချိန်နှင့် လူပင်ပန်းပေလိမ့်မည်။

အချိန်သည် အလွန်တန်ဖိုးရှိနေချိန်တွင် ရွှီရှင်းက သူမကို ကူညီပေးချင်နေခြင်းဖြစ်သည်။

ယမ်းစိမ်းရလျှင်တော့ ရွှီရှင်းက ရေခဲသေတ္တာအကြီးစားများ လုပ်ဆောင်ကာ ဗီဇပြောင်းအသားများကို ရိက္ခာအဖြစ် သိုလှောင်ရန် စီစဉ်ထားသည်။

လီဝမ်ရှီး ပြောသလိုပင် အရောင်းအဝယ်ကဏ္ဍမှ အသားများကို ဈေးပေါပေါနှင့် ဝယ်ယူ၍ရ၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဤအသားများကို သုံးရက်အတွင်း မကုန်နိုင်ဟု ထင်မြင်နေကြသောကြောင့် ဖြစ်သည်။

မကြာမီ လီဝမ်ရှီးသည် ဗီဒီယိုဖုန်း ခေါ်ဆိုလာ၏။

"ကျွန်မကို ဘာပေးမှာလဲ ယမ်းစိမ်းတွေ အဆင်သင့်ဖြစ်နေပြီ" ဟု လီဝမ်ရှီးက ဝမ်းသာအားရ ပြောသည်။

ရွှီရှင်းက ဆေးရည်နှင့် စာချုပ်၏ အချက်အလက်များကို ပို့ပေးလိုက်၏။

"ဒါက... ရှင် က ဗီဇပြောင်းသားရဲတွေကို တကယ် ဖန်တီးနိုင်တာပဲ"

လီဝမ်ရှီး အလွန်အံ့အားသင့်သွားသည်။

စာချုပ်ကို မြင်သည်နှင့် ရွှီရှင်း၏ အကြံကို သူမ ချက်ချင်း နားလည်သွားပြီး လက်ခုပ်တီးလိုက်သည်။

"ရှင်က ကျွန်မကို ဗီဇပြောင်းဆေးသုံးပြီး သားရဲတစ်ကောင် ဖန်တီးခိုင်းပြီး စာချုပ်ချုပ်ခိုင်းတာပေါ့"

"မှန်တာပေါ့"

ရွှီရှင်း ခေါင်းညိတ်ပြသည်။

"ပစ္စည်းသယ်နိုင်တဲ့ နွား ဒါမှမဟုတ် ဝက်ကို ရွေးတာက မင်းအတွက် အကူအညီအဖြစ်ဆုံး ဖြစ်လိမ့်မယ်"

"အင်း... ရွေးရမယ်ဆိုရင်တော့ နွားပဲ ရွေးမယ်။ ဝက်စီးရတာကတော့ အရမ်းထူးဆန်းလွန်းတယ်"

လီဝမ်ရှီးသည် ဝက်စီးနေသည့် သူမ၏ပုံရိပ်ကို စိတ်ကူးကြည့်ပြီး ခေါင်းကို အမြန်ခါယမ်းလိုက်၏။

ရွှီရှင်းက စာချုပ်ချုပ်သည့်အခါ သတိထားရမည့် အချက်များကို ပြောပြလိုက်သည်။

"နားလည်ပြီ၊ လဲကြစို့"

လီဝမ်ရှီးသည် အရောင်းအဝယ် စတင်လိုက်၏။

[တစ်ဖက်လူက အရောင်းအဝယ် စတင်လိုက်ပါပြီ။ ဗီဇပြောင်းသားရဲစာချုပ် (အစိမ်းရောင်) ၁ခု၊ ဗီဇပြောင်းဆေးရည် (အပြာရောင်) ၁ခု နှင့် ယမ်းစိမ်း (အပြာရောင်) ၂ခု လဲလှယ်ရန်။]

အပြာရောင်အဆင့် ယမ်းစိမ်း တဲ့လား။

ဖန်သားပြင်ပေါ်တွင် လီဝမ်ရှီးသည် သူမ၏ လက်ထဲမှ ဖန်သားကဲ့သို့ ယမ်းစိမ်းတုံးလေးဖြင့် ကစားနေသည်။

"ကျွန်မ အခုပဲ ပြန်ရောက်လို့ ခွဲခြားကြည့်လိုက်တာ။ ဒီယမ်းစိမ်းတွေထဲမှာ အပြာရောင်အဆင့် ၄ တုံးပါတယ်။ ရှင်ကို ၂ တုံး ပေးမယ်။ ဖော်ပြချက်အရဆိုရင် အပြာရောင်အဆင့် ယမ်းစိမ်းက အစိမ်းရောင်ထက် အများကြီး ပိုအစွမ်းထက်တယ်"

ရွှီရှင်း ချက်ချင်း သဘောတူလိုက်ပြီး လက်ဖဝါးအရွယ် အပြာရောင် ယမ်းစိမ်းတုံး ၂ တုံးကို ရရှိလိုက်သည်။

[ယမ်းစိမ်း (အပြာရောင်): အဆင့်မြင့် ယမ်းစိမ်းဖြစ်သည်။ ရေတွင် ပျော်ဝင်ပါက အပူစွမ်းအင်ကို အဆမတန် စုပ်ယူနိုင်ပြီး အာနိသင် အလွန်ပြင်းထန်သည်။ တစ်တုံးတည်းဖြင့် အပြာရောင်အဆင့် ယမ်း များ ပြုလုပ်နိုင်သည်။]

အအေးပေးနိုင်စွမ်းက အလွန်ပြင်းထန်တာလား။

"အပြာရောင် ယမ်းစိမ်းရဲ့ အာနိသင်ကို စမ်းကြည့်ပြီးပြီလား" ဟု ရွှီရှင်းက မေး၏။

"အင်း၊ ကျွန်မ ဇလုံထဲကို တစ်တုံး ပစ်ထည့်လိုက်တာနဲ့ ချက်ချင်း ရေခဲသွားပြီး ပတ်ဝန်းကျင် အပူချိန်ပါ ကျသွားတယ်။ ကျွန်မ ခြေထောက်တွေတောင် အခု အေးနေပြီ" ဟု လီဝမ်ရှီးက သူမဘေးက ရေခဲဇလုံကို ညွှန်ပြရင်း ပြောသည်။

တကယ့်ကို အစွမ်းထက်လှပေသည်။

သာမန် ယမ်းစိမ်းက ရေခဲရန် အချိန်အများကြီးပေးရသော်လည်း ဒါကတော့ ချက်ချင်းပင်။

"ကဲ... ကျွန်မ ဗီဇပြောင်းသားရဲ စာချုပ်ချုပ်ဖို့ မစောင့်နိုင်တော့ဘူး။ မနက်ဖြန် အစီအစဉ် မတိုင်ခင် အပြီးလုပ်ရမယ်။ ကျွန်မ သွားတော့မယ်၊ ရှင် ယမ်းစိမ်းအကြောင်း လေ့လာထားဦး။ ကျွန်မ ပြန်လာရင် ရှင့် ဆီကနေ နည်းလမ်းတွေ ကူးမယ်နော် ဟဲဟဲ"

"အိုကေ၊ ဒါနဲ့... ယမ်းစိမ်းကနေ တိုက်ရိုက်လုပ်တဲ့ ရေခဲက စားလို့မရဘူးနော်။ စားချင်ရင် ပုံးတစ်ခုထဲ ထည့်ပြီးမှ အပြင်ကနေ အအေးခံပြီး လုပ်ရမှာ"

"သိတာပေါ့ရှင် ကျွန်မ အဲဒီလောက် မအပါဘူး"

ဗီဒီယိုဖုန်း ပိတ်ပြီးနောက် ရွှီရှင်းလည်း စမ်းကြည့်ချင်စိတ်များ ပြင်းပြလာသည်။

သူ ရေပုံးထဲ ရေဖြည့်ပြီး အပြာရောင်ယမ်းစိမ်းကို ထည့်လိုက်၏။

ရေများသည် မျက်စိရှေ့တင် ချက်ချင်း ခဲသွားပြီး ပတ်ဝန်းကျင် အပူချိန်ကလည်း သိသိသာသာ ကျဆင်းသွားသဖြင့် ရွှီရှင်းတောင် ချမ်းတုန်သွားသည်။

ယမ်းစိမ်းမှာ ပုံစံမပျက်ဘဲ ရေခဲအတွင်း ပိတ်မိနေ၏။

"ဒါ... ဒါက တကယ့်ကို အစွမ်းထက်လွန်းတယ်"

သူက ရေခဲသေတ္တာလုပ်မည့် စိတ်ကူးကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ရေခဲသေတ္တာက ဘာထူးမည်နည်း။

ဒီယမ်းစိမ်း နှစ်တုံးဖြင့် အအေးသိုလှောင်ခန်း တစ်ခု လုပ်၍ရပေသည်။

အအေးသိုလှောင်ခန်းရှိလျှင် အသားများနှင့် တခြား အစားအစာများကို အများကြီး သိုလှောင်၍ရပြီး ဒါဟာ ရိက္ခာသိုလှောင်ရုံငယ်လေးတစ်ခု ဖြစ်လာပေလိမ့်မည်။

အအေးသိုလှောင်ခန်းလုပ်ရန်အတွက် အရင်ဆုံး အတွင်းပိုင်းအပူချိန်ကို ချရပေမည်။

ရှေးခေတ် ရေခဲသိုလှောင်ခန်းများသည် ဆောင်းတွင်း၌ ရေခဲတုံးများကို မြေအောက်တိုက်များ၌ သိုလှောင်ခြင်းဖြစ်သဖြင့် အပူချိန် ထိန်းနိုင်စွမ်း ရှိကြသည်။

သို့သော် အခုက နွေရာသီ ဖြစ်နေသဖြင့် သဘာဝအတိုင်း ရေခဲမရှိသောကြောင့် ယမ်းစိမ်းကို သုံးရခြင်းဖြစ်သည်။

သူ့၏ သစ်ပင်အိမ် ပထမထပ်တွင် အအေးသိုလှောင်ခန်း လုပ်ရန် သူ ဆုံးဖြတ်လိုက်သည်။

မြေအောက်တွင် လုပ်လျှင် သွားယူရတာ ခက်ခဲနိုင်သလို ရေကြီးလျှင်လည်း မြုပ်သွားနိုင်သည်။

သစ်ပင်အိမ်၏ ကြမ်းပြင်က အပူဒဏ်ခံနိုင်စွမ်း ရှိတာကို သူ သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဒုတိယထပ်၌ သံအရည်ကျိုနေချိန်တွင် အပူချိန် ၁၅၀၀ ကျော်ရှိသော်လည်း တတိယထပ် ကြမ်းပြင်က အေးနေဆဲဖြစ်သည်။

အဲဒါကြောင့် သစ်ပင်အိမ် ပထမထပ်ကို အအေးသိုလှောင်ခန်းအဖြစ် သုံးရန် လုံးဝ ဖြစ်နိုင်ပေသည်။

ရွှီရှင်းသည် ပထမထပ်ကို အပိုင်းနှစ်ပိုင်း ခွဲလိုက်ပြီး တစ်ဝက်ကို အအေးသိုလှောင်ခန်းအဖြစ် သတ်မှတ်လိုက်သည်။

ပြတင်းပေါက်များကို သစ်သားပြားများဖြင့် ပိတ်ပြီး နေရောင်ခြည် မဝင်အောင် လုပ်ဆောင်လိုက်၏။

အအေးသိုလှောင်ခန်းထဲတွင် ဧရာမ သစ်သားပုံးကြီးထဲ ရေဖြည့်ပြီး အပြာရောင် ယမ်းစိမ်းကို ထည့်လိုက်သည်။

"ဂျောက်"

ရေခဲများ ပြန့်ကားလာသဖြင့် သစ်သားပုံးက ကွဲထွက်သွားကာ ရွှီရှင်းကတော့ တစ်ခန်းလုံး အေးစိမ့်လာတာကို ခံစားရသည်။

အပူချိန်သည် ၃၀ ဒီဂရီမှ သုညအောက် ရောက်သွားသလိုပင်။

"ဒီအပြာရောင်ယမ်းစိမ်းရဲ့ အပူစုပ်ယူနိုင်စွမ်းက အံ့သြစရာပဲ၊ ယမ်းစိမ်းက အရည်တောင် သိပ်မပျော်သေးဘူး"

ရွှီရှင်းသည် ရေခဲထဲက ယမ်းစိမ်းကို ပေါက်ပြားဖြင့် တူးထုတ်လိုက်သည်။

၎င်းက ပုံစံမပျက်ဘဲ ပြန်ထုတ်သုံး၍ ရနေဆဲဖြစ်သည်။

ဒီလိုနှင့် တတိယမြောက် ရေပုံးကိုပါ ခဲစေပြီးသည့်နောက်မှာတော့ တစ်ခန်းလုံးသည် အနုတ် ၁၀ ဒီဂရီကျော်လောက်အထိ အေးစိမ့်သွားပြီး အအေးသိုလှောင်ခန်းကြီး ပြီးစီးသွား၏။

ရွှီရှင်း အလွန်ချမ်းလာသဖြင့် အပြင်သို့ အမြန်ထွက်လိုက်သည်။

တံခါးဖွင့်လိုက်တာနှင့် အပြင်က အပူရှိန်က ရိုက်ခတ်လာသဖြင့် သူ တော်တော်လေး နေရခက်သွား၏။

ကံကောင်း၍ ခန္ဓာကိုယ်က သန်မာနေသောကြောင့်သာ။

သူ တံခါးကို အမြန် ပြန်ပိတ်လိုက်သည်။

အခုတော့ အအေးသိုလှောင်ခန်းကို ရိက္ခာများဖြင့် ဖြည့်ရန် အချိန်တန်လေပြီ။

သူသည် သစ်ပင်အိမ်အတွင်း၌ ရိက္ခာသိုလှောင်ရုံငယ်လေးတစ်ခု တည်ဆောက်တော့မည် ဖြစ်သည်။

---

အခန်း ၁၁၃ ပြီး။

All Chapters