ဧရာမမြွေကြေးခွံ ချပ်ဝတ်တန်ဆာအစုံ
Vol. 8 Ch. 109
သစ်ပင်အိမ်သို့ ပြန်ရောက်သည်နှင့် ရွှီရှင်းသည် လက်နက်နှင့် ချပ်ဝတ်ဖန်တီးသည့်စင်ဆီသို့ စိတ်အားထက်သန်စွာ ပြေးသွား၏။
သူသည် ဧရာမမြွေကြီး၏ ကြေးခွံများကို အသုံးပြု၍ ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာတစ်စုံကို ဖန်တီးလိုခြင်း ဖြစ်သည်။
ဖန်တီးမှုစာရင်းကို ဖွင့်လိုက်သောအခါ စာရင်း၌ အသစ်တိုးလာသော ဖန်တီးမှုပုံစံအချို့ကို တွေ့ရှိရ၏။
[ဧရာမမြွေကြေးခွံချပ်ဝတ် (ခရမ်းရောင်အဆင့်): အလွန်တောင့်တင်းခိုင်မာသော ချပ်ဝတ်ဖြစ်သည်။ ဝတ်ဆင်ထားပါက မည်သည့်သားရဲမျှ သင်၏ခံစစ်ကို မဖောက်နိုင်ကြောင်း အာမခံသည်။ (လိုအပ်သောကုန်ကြမ်း: ဧရာမမြွေကြေးခွံ (ခရမ်းရောင်) ၁ ခု၊ သံတုံး (အပြာရောင်) ၃ တုံး)]
[ဧရာမမြွေအကြေးခွံဦးထုပ် (ခရမ်းရောင်အဆင့်): ခေါင်းကို တိုက်ရိုက်ပစ်ခတ်ခံရလျှင်ပင် သေဆုံးမည်မဟုတ်ပေ။ (လိုအပ်သောကုန်ကြမ်း: ဧရာမမြွေကြေးခွံ (ခရမ်းရောင်) ၁ ခု၊ သံတုံး အပြာရောင် ၃ တုံး]
ထို့အပြင် ဧရာမမြွေကြေးခွံခြေဖုံး နှင့် ဧရာမမြွေကြေးခွံဖိနပ် တို့လည်း ပါဝင်ရာ စုစုပေါင်း လေးမျိုးပါဝင်သော အစုံလိုက် ဖြစ်၏။
...ဒါက တော်တော်လေး ဈေးကြီးလွန်းလှသည်။
ချပ်ဝတ်တစ်စုံအတွက် ခရမ်းရောင်အဆင့် ကုန်ကြမ်းလေးခု လိုအပ်ရုံတင်မကဘဲ အပြာရောင်အဆင့် သံတုံး ၁၂ တုံးတောင် လိုအပ်နေသည် မဟုတ်ပါလား။
အပြာရောင်အဆင့် သံတုံးတစ်တုံးချင်းစီသည် အပြာရောင်အဆင့် လက်နက် သို့မဟုတ် ချပ်ဝတ်တစ်ခုစီ ဖန်တီးနိုင်သည်ကို ထည့်တွက်လျှင် သံတုံး ၁၂ တုံးဆိုသည်မှာ ကောင်းကင်ဘုံက ဈေးနှုန်းပင် ဖြစ်နေတော့သည်။
ရွှီရှင်းသည် လောလောဆယ်တွင် ဤချပ်ဝတ်ကို လက်လျှော့ရန် စဉ်းစားလိုက်သော်လည်း ပစ္စည်းတစ်ခုချင်းစီ၏ အောက်က သေးငယ်သော ဖော်ပြချက်စာသားလေးကို သတိပြုမိသွား၏။
၎င်းမှာ အစုံလိုက်ဝတ်ဆင်ပါက ရရှိမည့် အာနိသင်များအကြောင်း ဖြစ်သည်။
[ဧရာမမြွေကြေးခွံ လေးမျိုးစပ်အစုံ (ခရမ်းရောင်အဆင့်): ခွန်အားကို အလွန်အမင်း တိုးမြှင့်ပေးသည်၊ ရေထဲတွင် လွတ်လပ်စွာ ကူးခတ်နိုင်သော စွမ်းရည်ကို ပေးသည်၊ ရေနေသတ္တဝါများကို ကြောက်ရွံ့တုန်လှုပ်စေသော အာနိသင်ရှိသည်။]
...ငါ ရှိသမျှ အကုန်ပုံအောပြီး ဒါကို လုပ်ရမယ်။
ခွန်အားကို အလွန်အမင်း တိုးမြှင့်ပေးသည် ဆိုသော အချက်တစ်ခုတည်းနှင့်ပင် ဆွဲဆောင်မှုရှိနေပြီ ဖြစ်သည်။
ရွှီရှင်းအနေဖြင့် ဖော်ပြချက်တစ်ခုတွင် အလွန်အမင်း ဆိုသည့် နာမဝိသေသနကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
ထို့ထက်မက ရေထဲတွင် လွတ်လပ်စွာ ကူးခတ်နိုင်စွမ်းဆိုသည်မှာ ရေမကူးတတ်သော ရွှီရှင်းအတွက် အစွမ်းထက်သော ကျွမ်းကျင်မှုတစ်ခု ရရှိလိုက်ခြင်းနှင့် တူပေသည်။
ရေနေသတ္တဝါများကို ကြောက်ရွံ့စေသော အာနိသင်နှင့် ပေါင်းစပ်လိုက်လျှင် သူသည် ရေထဲတွင် ကုန်းပေါ်မှာကဲ့သို့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပေတော့မည်။
ရွှီရှင်းသည် လီဝမ်ရှီးထံသို့ ချက်ချင်းစာပို့လိုက်၏။
"မင်း သစ်ပင်အိမ်မှာ ရှိလား။ ငါ အပြာရောင်အဆင့် သံတုံးတွေ လိုချင်လို့"
လီဝမ်ရှီးက ချက်ချင်းပြန်ဖြေသည်။
"ရှိတယ်၊ ဘယ်နှတုံး လိုတာလဲ"
ရွှီရှင်း မေးရန် အနည်းငယ် ရှက်နေသော်လည်း နောက်ဆုံးတွင် ရိုက်ထည့်လိုက်သည်။
"၁၂ တုံး... မင်းဆီမှာ ရှိလား။ ငါ မင်းကို အပြာရောင်အဆင့် မြေဩဇာတွေနဲ့ ပြန်လဲပေးမယ်"
သူသည် လက်ရှိ၌ သံသတ္တုရိုင်းရနိုင်သော လမ်းစမရှိသဖြင့် လီဝမ်ရှီးကိုသာ အားကိုးရမည် ဖြစ်သည်။
သေသေချာချာ စဉ်းစားကြည့်သောအခါ သူ့တွင် အမှတ်များစွာ ရှိနေပြီး အမှတ်ဖြင့် ဝယ်နိုင်သော ပစ္စည်းများထဲတွင် အပြာရောင်အဆင့် မြေဩဇာမှာ တန်ဖိုးနှင့် အကျိုးကျေးဇူး အရှိဆုံး ဖြစ်ပေသည်။
လီဝမ်ရှီး - " ရှင် မှားရိုက်တာလား။ ၁၂ တုံးတောင်။"
ရွှီရှင်း - "မဟုတ်ဘူး၊ ၁၂ တုံး အတိအကျပဲ"
တစ်ဖက်လူသည် သူ့ထံသို့ ဗီဒီယိုဖုန်း ချက်ချင်းခေါ်လာ၏။
ဖန်သားပြင်ပေါ်တွင် သူမ၏ သစ်ပင်အိမ်မှာ သေသေသပ်သပ် ရှိနေပြီး အကြီးစား ပြုပြင်မွမ်းမံမှုများ လုပ်ထားသည်ကို တွေ့ရ၏။
"ရှင် အပြာရောင်အဆင့် လက်နက်တွေ၊ ကိရိယာတွေကို အပြင်မှာ ထုတ်ရောင်းဖို့တော့ မကြံနဲ့နော်။ ကျွန်မတို့အတွက်တောင် မလုံလောက်သေးဘူး။ အကုန်လုံး ရောင်းလိုက်ရင် ကျွန်မတို့ နောက်ပိုင်း ဘာလုပ်ကြမလဲ"
လီဝမ်ရှီးက သူမ၏ စိုးရိမ်မှုကို ချက်ချင်း ထုတ်ပြော၏။
"မဟုတ်ပါဘူး၊ မင်း နားလည်မှု လွဲနေပြီ"
ရွှီရှင်းက ရယ်လည်းရယ်ချင်သလို၊ မတတ်သာဟန်ဖြင့် ပြောလိုက်သည်။
"ငါ ဒါတွေကို ပြန်ရောင်းဖို့ မဟုတ်ဘူး၊ ငါကိုယ်တိုင် သုံးဖို့ပါ"
"ဟင် ရှင် တစ်ယောက်တည်းအတွက် အဲဒီလောက်အများကြီး သုံးမှာလား"
"ဟုတ်တယ်၊ ငါ အဆင့်မြင့် ကိရိယာတွေ လုပ်ဖို့ ထူးခြားတဲ့ ကုန်ကြမ်းတွေ ရထားတယ်။ ဒါပေမဲ့ အဲဒါတွေက အပြာရောင်အဆင့် သံတုံးတွေ အများကြီး လိုတယ်"
"...အပြာရောင်သံတုံး အဲဒီလောက်တောင် လိုတယ်ဆိုတော့... ဖြစ်နိုင်တာက... ခရမ်းရောင်အဆင့်လား"
လီဝမ်ရှီးက စူးစမ်းစွာ မေးလိုက်သော်လည်း ချက်ချင်းပင် လက်ကာပြသည်။
"မပြောချင်ရင်လည်း နေပါ၊ ကျွန်မ မမေးတော့ဘူး"
"ဟုတ်တယ်၊ ခရမ်းရောင်အဆင့်ပဲ"
ရွှီရှင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ခရမ်းရောင်အဆင့် ချပ်ဝတ်တန်ဆာလေ၊ တစ်ခုလုပ်ရင် အပြာရောင်သံတုံး ၃ တုံး လိုတယ်"
လီဝမ်ရှီး၏ မျက်လုံးလေးများမှာ ပြူးထွက်သွားပြီး သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
"တကယ်ကြီးလား ခရမ်းရောင်အဆင့် ချပ်ဝတ်အစုံလား ရှင် ရထားတဲ့ ထူးခြားကုန်ကြမ်းတွေက တကယ့်ကို ခရမ်းရောင်အဆင့်တွေပေါ့"
လီဝမ်ရှီးတွင် လက်ရှိ၌ အပြာရောင်အဆင့် သံချပ်ကာဝတ်စုံ ရှိနေသဖြင့် အပြာရောင်အဆင့်အထက်ရှိသော ကိရိယာများတွင် အစုံလိုက်အာနိသင်များ ပါဝင်တတ်သည်ကို သူမ သိထားသည်။
သို့သော်လည်း အချို့အရာများကို မမေးသင့်ကြောင်း သူမ နားလည်သဖြင့် ဆက်မမေးတော့ပေ။
"ကောင်းပြီလေ၊ ရှင် ကိုယ်တိုင် သုံးမှာဆိုတော့ ကျွန်မ ရောင်းပေးပါ့မယ်။ အပြာရောင်သံတုံး ၁၂ တုံး..."
လီဝမ်ရှီး နှုတ်ခမ်းကို စေ့လိုက်မိသည်။
သူမ လက်ရှိ၌ အပြာရောင်အဆင့် အနက်ရောင်ရွှေတုံးများကို တူးဖော်နေသော်လည်း အပြာရောင်သံတုံး အရေအတွက်မှာ အကန့်အသတ် ရှိနေဆဲ ဖြစ်သဖြင့် ၁၂ တုံး တစ်ပြိုင်တည်း ကုန်သွားခြင်းမှာ စိတ်မချမ်းသာစရာ ဖြစ်၏။
"အပြာရောင်သံတုံး ၁၂ တုံးကို ရှင့် ဆီက အပြာရောင်မြေဩဇာ ၃ အိတ်နဲ့ လဲမယ်၊ ဒါက မျှတပါတယ်နော်"
ရွှီရှင်းသည် အမှတ်ဆိုင်မှ မြေဩဇာ ၃ အိတ်ကို ချက်ချင်း လဲလှယ်လိုက်၏။
၎င်းအတွက် အမှတ် ၁၀၅၀ ကုန်ကျသွားသဖြင့် သူ၏ စုစုပေါင်းအမှတ်မှာ ၅၀၀ ကျော်သာ ကျန်တော့သည်။
သို့သော်လည်း ဒါက ပြဿနာ မဟုတ်ချေ၊ အမှတ်ရှာရန်မှာ သူ့အတွက် လွယ်ကူနေသေးသည် မဟုတ်ပါလား။
လီဝမ်ရှီးနှင့် ကုန်ကြမ်းများ လဲလှယ်ပြီးနောက် သတင်းအချက်အလက်အချို့ ဖလှယ်ကြပြီး ဗီဒီယိုကို ပိတ်လိုက်ကြသည်။
ရွှီရှင်းသည် လက်နက်နှင့် ချပ်ဝတ်ဖန်တီးသည့်စင်ဆီသို့ ချက်ချင်း ပြေးသွားကာ ခရမ်းရောင်အဆင့် ချပ်ဝတ်ကို ဖန်တီးရန် ပြင်ဆင်တော့သည်။
ဧရာမမြွေကြေးခွံချပ်ဝတ်ကို ဖန်တီးရန် နှိပ်လိုက်သောအခါ ရွေးချယ်စရာတစ်ခု ချက်ချင်း ပေါ်လာသည်။
[ဤချပ်ဝတ်ကို ဖန်တီးရန် အောင်မြင်မှုနှုန်းမှာ ၈၀% ဖြစ်သည်၊ ဆက်လက် ဖန်တီးလိုပါသလား]
ရွှီရှင်း - "....."
ဒါပဲကွ..အောင်မြင်မှုနှုန်း ဆိုတာ ရောက်လာပြီ။
ရွှီရှင်း မှတ်မိသေးသည်။
အပြာရောင်အဆင့် ကုလားထိုင်ကို ဖန်တီးစဉ်က ဖော်ပြချက်တွင် ဖန်တီးမှု အောင်မြင်မှုနှုန်းကို တိုးမြှင့်ပေးသည့် အာနိသင် ပါဝင်ခဲ့သည်။
ခရမ်းရောင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ပစ္စည်းများကို ဖန်တီးရာတွင် ကျရှုံးနိုင်ခြေ ရှိလိမ့်မည်ဟု ထိုစဉ်ကတည်းက သူ ရိပ်မိခဲ့ခြင်း ဖြစ်သည်။
အခုတော့ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားခဲ့လေပြီ။
သူသည် လီဝမ်ရှီးထံမှ အပြာရောင်သံတုံးများကို ထပ်မံ တောင်းခံနိုင်သော်လည်း၊ သူ၏ ဧရာမမြွေအကြေးခွံများမှာမူ လေးခုသာ ရှိသည်။
သူ ကျရှုံးခွင့် လုံးဝ မရှိချေ။
ရွှီရှင်းသည် ထိုကုလားထိုင်ကို ချက်ချင်း ဆွဲယူလာပြီး ၎င်းပေါ်တွင် ထိုင်ကာ ဖန်တီးမည် ကို နှိပ်လိုက်သည်။
ထိုအခါ ရွေးချယ်စရာ တစ်မျိုး ပြောင်းလဲသွားသည်။
[ဤကာကွယ်ရေးကိရိယာကို ဖန်တီးရန် အောင်မြင်မှုနှုန်းမှာ ၉၀% ဖြစ်သည်။ ဆက်လက် လုပ်ဆောင်လိုပါသလား]
အောင်မြင်မှုနှုန်း ၁၀ ရာခိုင်နှုန်း တိုးသွားပြီဖြစ်သည်။
ဤ ၁၀ရာခိုင်နှုန်း ကို လျှော့မတွက်သင့်ချေ။
ကျရှုံးနိုင်ခြေဘက်မှ ကြည့်လျှင် ကျရှုံးနိုင်စွမ်းမှာ တစ်ဝက်တိတိ လျော့ကျသွားခြင်း ဖြစ်သည်။
သို့သော်လည်း... အောင်မြင်မှုနှုန်းမှာ ၁၀၀ရာခိုင်နှုန်း မဟုတ်သေးသဖြင့် ရွှီရှင်းမှာ အတော်လေး စိတ်လှုပ်ရှားနေရသည်။
အောင်မြင်မှုနှုန်း ဆိုသည်မှာ လောင်းကစား လုပ်နေရသလိုမျိုး တကယ့်ကို စိတ်မသက်မသာ ဖြစ်စေသည်။
ရွှီရှင်းသည် ချင်ယွန်လုံထံမှ ဝယ်ယူစားသုံးခဲ့သော ကံကောင်းခြင်းတိုးစေသည့် ငါး ကို သတိရလိုက်၏။
ရွှီရှင်းသည် သံကိရိယာအဖြစ် မလဲလှယ်ရသေးသော သူ၏ ပေါက်ပြားကို သတိရလိုက်သည်။
ပေါက်ပြားတွင်လည်း ရာခိုင်နှုန်းတစ်ခု ပါဝင်သည်၊ ၎င်းမှာ သစ်စေ့များ ရရှိရန် ၅၀ရာခိုင်နှုန်း အခွင့်အလမ်း ဖြစ်၏။
သူ ပေါက်ပြားကို ထုတ်ယူပြီး ဖော်ပြချက်ကို ကြည့်လိုက်သောအခါ ဖော်ပြချက်မှာ ပြောင်းလဲခြင်း မရှိဘဲ ၅၀ရာခိုင်နှုန်း ဟုသာ ပြနေဆဲ ဖြစ်သည်။
ရွှီရှင်းသည် အောက်သို့ဆင်းပြီး ပေါ့ပလာပင် ဆယ်ပင်ခန့်ကို တူးကြည့်ရာ၊ သုံးပင်လျှင် တစ်ပင်ခန့်သာ သစ်စေ့ ရရှိရန် ကျရှုံးသည်ကို တွေ့ရသဖြင့် အမှန်တကယ်၌ ရာခိုင်နှုန်းမှာ ၅၀% မဟုတ်တော့ဘဲ ပြောင်းလဲနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ငါး၏ ကံကောင်းခြင်းမှာ ရာခိုင်နှုန်းများပေါ်တွင် အမှန်တကယ် သက်ရောက်မှု ရှိသော်လည်း၊ ဂဏန်းများအနေဖြင့်တော့ ပြောင်းလဲပြခြင်း မရှိပုံရပေ။
"ငါ လုပ်တော့မယ်။ ကျရှုံးနိုင်ခြေ ရာခိုင်နှုန်း အနည်းငယ်လောက်နဲ့တော့ ငါ အဲဒီလောက်အထိ ကံမဆိုးနိုင်ပါဘူး။"
ရွှီရှင်း အံကြိတ်ကာ တိုက်ရိုက် ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဆိုဖာပေါ်တွင် အိစက်စွာ အနားယူနေသော ခဲခဲကို ဆွဲယူကာ သူ၏ ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။
ဤကောင်လေးမှာ သူ၏ ကံကောင်းခြင်းကြယ်ပွင့် ဖြစ်သဖြင့် အောင်မြင်မှုနှုန်းကို ပိုမို တိုးပွားစေနိုင်ပေလိမ့်မည်။
ခဲခဲမှာ ရွှီရှင်း၏ ရင်ခွင်ထဲ၌ ပြန်လည် ခွေကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။
ရွှီရှင်းသည် ကြေးခွံချပ်ဝတ်ကို ဖန်တီးရန် နှိပ်လိုက်၏။
[ဤကာကွယ်ရေးကိရိယာကို ဖန်တီးရန် အောင်မြင်မှုနှုန်းမှာ ၉၀% ဖြစ်သည်။ ဆက်လက် လုပ်ဆောင်လိုပါသလား]
သူ အံကြိတ်ကာ "ဟုတ်ကဲ့" ကို နှိပ်လိုက်၏။
[ဖန်တီးမှု အောင်မြင်ပါသည်]
ခဲခဲ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ရွှီရှင်း၏ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။
သူ၏ လက်ထဲတွင် အကြေးခွံချပ်ဝတ်တစ်ခု ပေါ်လာ၏။
၎င်းမှာ တစ်ခုလုံးနီးပါး ကျောက်သားကဲ့သို့ မီးခိုးဖြူရောင် ရှိပြီး၊ ထူးထူးခြားခြား ဆွဲဆောင်မှု မရှိဘဲ အလွန် ရိုးရှင်းလှသည်။
ဧရာမမြွေကြီး၏ ကိုယ်ပေါ်တွင် ရှိစဉ်ကကဲ့သို့ တောက်ပခန့်ညားသော အသွင်အပြင်မျိုး လုံးဝ မရှိတော့ချေ။
အကယ်၍ ၎င်းကို ကျောက်တုံးပုံထဲသို့ ပစ်ထည့်လိုက်ပါက သေသေချာချာ မကြည့်လျှင် ရှာတွေ့ရန်ပင် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဤအချက်မှာ ရွှီရှင်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနေ၏။
သူသည် သူတစ်ပါး၏ အာရုံစိုက်မှုကို မခံလိုပေ။
ရွှီရှင်းသည် နောက်ထပ် အစိတ်အပိုင်းများကို ဆက်လက် ဖန်တီးလိုက်ရာ
[ဖန်တီးမှု အောင်မြင်ပါသည်]
[ဖန်တီးမှု အောင်မြင်ပါသည်]
သုံးခုဆက်တိုက် အောင်မြင်မှုက ရွှီရှင်း၏ ရင်ကို တုန်လှုပ်စေခဲ့သည်။
ယခုအခါ နောက်ဆုံး အစိတ်အပိုင်းဖြစ်သော ဖိနပ်သာ ကျန်တော့၏။
အသက်ကို ပြင်းပြင်းရှူကာ ရွှီရှင်း "ဖန်တီးမည်" ကို နှိပ်လိုက်၏။
[ဖန်တီးမှု အောင်မြင်ပါသည်]
"ကောင်းလိုက်တာကွာ" ရွှီရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
ယခုအခါ ကြေးခွံချပ်ဝတ် အစုံအလင် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် သူသည် ရေအောက်သို့ ဆင်းနိုင်ပြီ ဖြစ်သည်။
သူသည် ကန်အလယ်တွင် ကျန်ရှိနေသော အသားစားငါးများကို ရုတ်တရက် သတိရလိုက်၏။
ထိုငါးများကို ဒီအတိုင်း လွှတ်ထား၍ မရချေ။
သူ ၎င်းတို့ကို လုံးဝ အမြစ်ပြတ်အောင် ရှင်းပစ်ရပေမည်။
---
အခန်း ၁၀၉ ပြီး။