← Chapters

မုန်တိုင်းထဲက လေဆင်နှာမောင်း

Vol. 8 Ch. 119

မုန်တိုင်းထဲက လေဆင်နှာမောင်း

Vol. 8 Ch. 119

ရွှီရှင်းသည် သူ၏မျက်စိရှေ့မှောက်တွင် တောအုပ်ကြီး တစ်ဖန်ပြန်လည်ရှင်သန်လာသည်ကို ကြည့်ရင်း အံ့အားသင့်မှင်သက်နေမိသည်။

ဤဖြစ်ရပ်၏ အဓိပ္ပာယ်ကိုလည်း သူ စတင်စဉ်းစားနေမိ၏။

ယခုတစ်ကြိမ်တွင် အဆုံးသတ်၌ လူလျှော့ခြင်း လည်းမရှိသလို၊ ပြီးခဲ့သည့် မြေအောက်ဂူ အစီအစဉ်ကဲ့သို့ မဖြစ်မနေလုပ်ရမည့် တာဝန်လည်း အစကတည်းက သတ်မှတ်မထားပေ။

ရှင်သန်ရန် ဟူသော လွယ်ကူလှသည့် လိုအပ်ချက်တစ်ခုသာ ပေးထားသည်။

လောလောဆယ်တွင်တော့ သစ်ပင်အိမ်ထဲ၌သာ နေထိုင်ပါက အန္တရာယ်မရှိနိုင်ဟု ယူဆရပေသည်။

သို့သော်လည်း ထိုလျှို့ဝှက်ဆန်းပြားသောအသံက ဤမျှအထိ ကြင်နာတတ်မည်ဟု ရွှီရှင်း မယုံကြည်ပါ။

၎င်းပြောခဲ့သလို ဤသည်မှာ ပထမအဆင့် ၏ နောက်ဆုံးအစီအစဉ်ဖြစ်ရာ ဘာလို့ ဤမျှရိုးရှင်းနိုင်ပါမည်နည်း။

သူသည် အပြင်ဘက်မှ သည်းထန်စွာရွာသွန်းနေသော မိုးကို စောင့်ကြည့်နေမိသည်။

အစီအစဉ်၏ မိတ်ဆက်တွင် မိုးရေနှင့် လေဆင်နှာမောင်းတို့သည် တောအုပ်အတွင်း၌ မရှိဖူးသော အရာများကို ယူဆောင်လာမည်ဟု ဖော်ပြခဲ့သည်။

ဖြစ်နိုင်သည်မှာ ၎င်းအရာများကပင် ဤအစီအစဉ်၏ သော့ချက် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း မိုးရေထဲသို့ အကြာကြီးစိုက်ကြည့်နေသော်လည်း ကောင်းကင်ယံမှ ထူးဆန်းသော အရာများ ကျဆင်းလာသည်ကိုမူ ရွှီရှင်း မတွေ့ရသေးပါ။

ဘာလုပ်ရမည်ကို မသေချာသဖြင့် သူသည် မိတ်ဆက်တွင်ပါသော အချက်အလက်များကို ပြန်လည်စဉ်းစားနေမိသည်။

ပထမအဆင့် ဟူသော စကားလုံးကို ရွှီရှင်း ကြားရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။

ပထမအကြိမ်မှာ သားရဲများသောင်းကျန်းစဉ်က ထိုအသံက ပထမအဆင့် စတင်ပါပြီ၊ လက်နက်နှင့် ချပ်ဝတ်ဖန်တီးမှုကို ခွင့်ပြုလိုက်ပြီ ဟု ပြောခဲ့ခြင်း ဖြစ်သည်။

အစပြုသူကာကွယ်ရေးကာလ ကုန်ဆုံးသည်နှင့် ဤကမ္ဘာခြားခရီး၏ ပထမအဆင့် စတင်ခဲ့ပြီး ရှင်ကျန်သူအားလုံး လက်နက်နှင့် ချပ်ဝတ်ဖန်တီးမှု စွမ်းရည်ကို ရရှိခဲ့ကြသည်။

ပထမအဆင့်၏ တာဝန်များမှာ အဓိကအားဖြင့် အမဲလိုက်ခြင်းနှင့် အန္တရာယ်ရှိသော စူးစမ်းရှာဖွေမှုများ ဖြစ်သည်။

ထို့ကြောင့် ဤစွမ်းရည်မှာ အလွန်အရေးကြီးခဲ့ပေသည်။

ဤအတိုင်းဆိုလျှင် ဒုတိယအဆင့်တွင်လည်း စွမ်းရည်အသစ်တစ်ခုကို ပေးအပ်ပေလိမ့်မည်။

ထိုစွမ်းရည်မှာလည်း ဒုတိယအဆင့်၌ လုပ်ဆောင်ရမည့် အစီအစဉ်များနှင့် ဆက်စပ်နေပေလိမ့်မည်။

သို့သော် ဒုတိယအဆင့်က အတိအကျ ဘာဖြစ်မည်နည်း။

တောအုပ်တစ်ခုလုံး မီးလောင်ပြာကျသွားသည်ကို မြင်စဉ်က ဒုတိယအဆင့်မှာ ထိုမီးလောင်ပြင်၌ ရှင်သန်ရခြင်း ဖြစ်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်ပင်များ ပြန်လည်ရှင်သန်လာပြီး တောအုပ်ကြီး ပြန်ရောက်လာခဲ့ချေပြီ။

သေချာသည်မှာ သူ၏မျက်စိရှေ့က တောအုပ်မှာ အလွန်နုနယ်သေးသည်။

သစ်ပင်များအားလုံးမှာ သူစိုက်ထားသော ဘရန့် ပင်များကဲ့သို့ သွယ်လျသော ပျိုးပင်ငယ်လေးများအဖြစ်သာ ရှိနေကြသေးသည်။

ဤအပင်များမှာ ယခုလက်ရှိပုံစံသို့ ရောက်ပြီးနောက်တွင် ကြီးထွားမှု ရပ်တန့်သွားသည်။

မူလကကဲ့သို့ ထွားကြိုင်းသော သစ်ပင်ကြီးများ ပြန်ဖြစ်လာရန် အနည်းဆုံး တစ်ပတ်ခန့် ထပ်မံစောင့်ရဦးမည် ဖြစ်သည်။

သည်းထန်သော မိုးရေများ ဆက်လက်ကျဆင်းလာသည်နှင့်အမျှ ရွှီရှင်း ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

ရေကြီးကပ်ဘေး ရောက်ရှိလာခြင်းပင်။

စမ်းချောင်းနှင့် ကန်များသည် ဤမျှများပြားသော မိုးရေကို မခံနိုင်တော့ဘဲ ပိုလျှံနေသော မိုးရေများသည် စိမ့်ဝင်ရန် နေရာမရှိသဖြင့် မြေပြင်ပေါ်၌ စုပုံလာတော့သည်။

မိုးရွာနှုန်းမှာ မြေကြီးထဲ စိမ့်ဝင်နှုန်းထက် များစွာသာလွန်သဖြင့် မိနစ်ပိုင်းအတွင်းမှာပင် မြေပြင်ပေါ်၌ ရေအမြင့်မှာ ဆယ်စင်တီမီတာကျော်သွားပြီး ဆက်လက်မြင့်တက်နေသည်။

သို့သော် ၎င်းမှာ ရွှီရှင်းကို လုံးဝ မထိခိုက်ပါ။

သူ၏သစ်ပင်အိမ်မှာ အနိမ့်ဆုံးနေရာပင်လျှင် ဆယ်မီတာအမြင့်၌ ရှိနေသဖြင့် အထဲ၌နေသရွေ့ အဆင်ပြေပေသည်။

"ဒါပဲလား.. ဆက်ကြည့်ရဦးမှာပဲ" ဟု ရွှီရှင်း ရေရွတ်လိုက်၏။

အပြင်သို့ မထွက်နိုင်သဖြင့် သူသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ မိုးသံနှင့် မိုးခြိမ်းသံများကိုသာ နားထောင်နေမိသည်။

ရေမျက်နှာပြင်မှာ တစ်မီတာကျော်အထိ မြင့်တက်လာပြီး အသစ်ပေါက်လာသော ပျိုးပင်လေးများ၏ ထက်ဝက်ခန့်မှာ ရေမြုပ်သွားပြီ ဖြစ်သည်။

အဝေးမှကြည့်လျှင် သစ်ပင်အိမ်မှာ သမုဒ္ဒရာအလယ်တွင် ရပ်တည်နေသည့်အလား ထင်မှတ်ရပေသည်။

လူတိုင်း အပြင်မထွက်နိုင်ကြသဖြင့် ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ အလွန်စည်ကားနေ၏။

"ဘုရားရေ... ဒီပျိုးပင်တွေက ဘယ်ကရောက်လာတာလဲ အရမ်းမြန်မြန် ကြီးလာတာပဲ"

"ငါတို့ရဲ့ တောအုပ်ကြီး ပြန်ရောက်လာပြီ"

"တကယ်ကို ဆန်းကြယ်လိုက်တာ"

"မီးဘေးပြီးတာနဲ့ ရေဘေးက ချက်ချင်းရောက်လာတာလား"

"မီးနဲ့ရေ ကြားမှာ ရှင်သန်နေရတာပဲ"

"ကံကောင်းလို့ ငါ့ရဲ့ မီးတားလမ်းကို ကျဉ်းကျဉ်းလေးပဲ လုပ်ထားမိတာ၊ မိုးမရွာရင် ငါ့အိမ်ပါ မီးလောင်တော့မှာ။ မိုးက အချိန်မီ ရွာလာတာပဲ"

"ဟေ့... ငါ့မှာတော့ မကောင်းတဲ့ ခံစားချက်တစ်ခု ရနေတယ်။ အောက်မှာ ရေတက်တာ မြန်လွန်းနေတယ် မဟုတ်လား။ နေဦး... သစ်ပင်အိမ်ပါ ရေမြုပ်သွားနိုင်မလား။"

"မဖြစ်နိုင်တာ၊ သစ်ပင်အိမ် ရေမြုပ်ဖို့ဆိုရင် ရေက တော်တော်လေး နက်ရမှာ"

"ဝိုး... ဒီမှာ ကောင်းကင်ကနေ ငါးတစ်ကောင် ကျလာတယ်။ငါးအကြီးကြီးပဲ"

"ငါ့ဆီမှာလည်း ကျလာတယ်"

"ဝိုး... အဲဒါ ဘာကြီးလဲ"

ရွှီရှင်းသည် ပျင်းပျင်းနှင့် စကားပြောများကို ကြည့်နေစဉ် ကောင်းကင်မှ ငါးကြီးတစ်ကောင် ကျလာသည်ဟူသော စကားကြောင့် သူ မတ်တပ်ရပ်ပြီး ပြတင်းပေါက်ပြင်ပသို့ အမြန်ကြည့်လိုက်သည်။

အောက်ဘက်တွင် ရေမျက်နှာပြင်မှာ ပျိုးပင်လေးများကို ဝါးမြိုလုနီးပါး ဖြစ်နေပြီဖြစ်ရာ ရေအနက်မှာ သုံးမီတာခန့် ရှိနေပြီဖြစ်သည်။

"ဒါကတော့ နည်းနည်း ချဲ့ကားလွန်းနေပြီ..."

ရွှီရှင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"အီးးး"

သူ၏ ရင်ခွင်ထဲက ခဲခဲလေးမှာ ရုတ်တရက် ခုန်ထလိုက်ပြီး ပြတင်းပေါက်မှန်ကို မှီကာ အပြင်ဘက်ကို ကြည့်နေသည်။

ဘာမှမတွေ့သဖြင့် ၎င်းသည် အခြားအရပ်မျက်နှာရှိ ပြတင်းပေါက်သို့ ပြေးသွားပြန်သည်။

ထို့နောက် ၎င်းသည် "အီးးး အီးးး" ဟု အော်ရင်း ရွှီရှင်းကို ၎င်း၏ လက်ကလေးဖြင့် လှမ်းခေါ်နေသည်။

ခဲခဲ တစ်ခုခု ရှာတွေ့သွားတာလား။

ရွှီရှင်း အမြန်ထပြီး ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ အသက်ရှူမှားသွားကာ ရင်ထဲ၌ စိုးရိမ်စိတ်များ မြင့်တက်လာ၏။

သူ၏ရှေ့ တည့်တည့် တစ်ကီလိုမီတာခန့်အကွာတွင် မည်းနက်နေသော ဧရာမလေဆင်နှာမောင်းကြီး တစ်ခုမှာ ရူးသွပ်စွာ တိုက်ခတ်နေသည်။

၎င်းသည် မြေပြင်ပေါ်ရှိ အရာအားလုံးကို ဆွဲယူနေသည့်အပြင် ကောင်းကင်ပေါ်က ထူထပ်သော တိမ်တိုက်ကြီးများကိုပါ လေဆင်နှာမောင်းအတွင်းသို့ စုပ်ယူနေပေသည်။

"ငလူး ဒါက စူပါလေဆင်နှာမောင်းကြီးပဲဟ"

၎င်းမှာ သာမန်လေဆင်နှာမောင်း မဟုတ်ပါ။

သည်းထန်သော မိုးကြောင့် လေဆင်နှာမောင်းအတွင်း၌ ရေပမာဏမှာ အလွန်များပြားနေသဖြင့် မီးခိုးရောင် ရေတိုင်ကြီးတစ်ခုပမာ ဖြစ်နေသည်။

ကောင်းကင်က မိုးတိမ်များကို စုပ်ယူထားသဖြင့် လေဆင်နှာမောင်းအတွင်း၌ လျှပ်စီးများ တဖျပ်ဖျပ် လက်နေသည်ကိုလည်း တွေ့ရ၏။

တစ်ကီလိုမီတာ အကွာအဝေးမှပင် ဤလေဆင်နှာမောင်းကြီး၏ ဖိနှိပ်မှုကို ရွှီရှင်း အပြည့်အဝ ခံစားနေရသည်။

ဤမျှ ပြင်းထန်သော သဘာဝဘေးအန္တရာယ်အောက်တွင် ရွှီရှင်းမှာ မိမိကိုယ်ကိုယ် အလွန်အားနည်းသည်ဟု ခံစားလိုက်ရသည်။

လေဆင်နှာမောင်းကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ မြေအောက်ခိုလှုံရာနေရာ၌ ပုန်းအောင်းခြင်း ဖြစ်သော်လည်း၊ မြေပြင်မှာ ရေများဖုံးလွှမ်းနေသဖြင့် ကျင်းတူးရန် မဖြစ်နိုင်ပေ။

ရေထဲ၌ ပုန်းလျှင်ပင် ဤကောင်းကင်ထိ မြင့်မားသော လေဆင်နှာမောင်းကြီး၏ စုပ်ယူခြင်းကို ခံရနိုင်ခြေ အလွန်များပါသည်။

ယခု တစ်ခုတည်းသော မျှော်လင့်ချက်မှာ သစ်ပင်အိမ်က ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်ရန်ပင် ဖြစ်သည်။

သူ၏အနားတွင်သာမက အခြားအရပ်မျက်နှာများကို ကြည့်လိုက်သောအခါ မိုးရေများကြားမှ အဝေးတစ်နေရာ၌ အခြားသော ဧရာမလေဆင်နှာမောင်းများစွာ တိုက်ခတ်နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့ရသည်။

ကောင်းကင်ယံရှိ တိမ်တိုက်များသည် လေဆင်နှာမောင်းများနှင့် ဆက်စပ်နေပြီး နယ်မြေတစ်ခုလုံးကို မုန်တိုင်းကြီးဖြင့် မွှေနှောက်နေပေသည်။

ရွှီရှင်းသည် သူနှင့် အနီးဆုံးရှိ လေဆင်နှာမောင်းအတွင်းမှ ကျိုးပဲ့နေသော သစ်ပင်များ၊ သားရဲအသေကောင်များနှင့် အခြားသော အရာများ အပြင်သို့ လွင့်စင်ထွက်လာသည်ကို မြင်နေရသည်။

သို့သော် အကွာအဝေးနှင့် မိုးရေများကြောင့် အတိအကျ ဘာတွေလဲဆိုသည်ကိုတော့ မမြင်ရသေးပါ။

ရွှီရှင်းသည် ချက်ချင်းပင် စူးးစမ်းရှာဖွေသူများ အဖွဲ့ကို ဖွင့်လိုက်သည်။

ကျောက်ရှောင်ချွမ်း: "ဝိုး... ငါ့ဆီမှာ ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ရှိနေတယ်ဟ..."

ချင်ယွန်လုံ: "ငါ့ဆီမှာလည်း တစ်ခု ရှိတယ်၊ အရမ်းကြီးလွန်းလို့ ပုန်းစရာ နေရာတောင် မရှိဘူး"

ဝမ်လေ့: "...ဘယ်လိုတွေလဲဗျာ၊ ဘယ်သူက ဒါကို ရှင်သန်နိုင်မှာလဲ..."

ဝမ်ကွေ့ရှင်း: "နင်တို့လည်း အတူတူပဲဆိုတော့ ငါ စိတ်အေးသွားပြီ"

ကျောက်ရှောင်ချွမ်း၊ ဝမ်လေ့: "..."

ရွှီရှင်းလည်း တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။

အစပိုင်းတွင် သူနှင့် နီးကပ်စွာ လေဆင်နှာမောင်းရှိနေခြင်းမှာ မိမိ ကံဆိုး၍ဟု ထင်ခဲ့သော်လည်း၊ လူတိုင်းဆီတွင် တစ်ခုစီ ရှိနေခြင်းမှာ အခြားကိစ္စတစ်ခု ဖြစ်သည်။

၎င်းတို့သည် လူတိုင်းကို အသေသတ်ရန်တော့ မကြံစည်လောက်ပါ။

လီဝမ်ရှီး: "ဒီလေဆင်နှာမောင်း ပေါ်လာကတည်းက နေရာမရွေ့ဘူး၊ တစ်နေရာတည်းမှာပဲ လည်နေတာ"

ကျိချောင်းယန်: "ဒီလေဆင်နှာမောင်းက ငါတို့ကို ဒုက္ခပေးဖို့ ရောက်လာတာ မဟုတ်ပုံရဘူး။ ငါ့ဆီက တစ်ခုကလည်း တစ်နေရာတည်းမှာပဲ ရပ်နေပြီး ပစ္စည်းတွေကို အပြင်ကို ရံဖန်ရံခါ လွှင့်ထုတ်ပေးနေတယ်"

ရွှီရှင်း: "...မိုးရေနဲ့ လေဆင်နှာမောင်းက တောအုပ်ထဲမှာ မရှိဖူးတဲ့ အရာတွေကို ယူလာမယ်လို့ အသံက ပြောခဲ့တယ် မဟုတ်လား"

ဝမ်လေ့: "ဝိုး ဒါဆို ဒါက ဘေးအန္တရာယ် မဟုတ်ဘဲ... ရတနာ လေဆင်နှာမောင်းကြီးပေါ့"

ရွှီရှင်းသည် လေဆင်နှာမောင်းကို လှမ်းကြည့်လိုက်၏။

၎င်းမှာ ကြောက်စရာကောင်းပုံ ပေါက်သော်လည်း အမှန်တကယ်ပင် သစ်ပင်အိမ်ဆီသို့ ရွေ့လျားလာမည့် အရိပ်အယောင်မပြဘဲ တစ်နေရာတည်း၌သာ လည်နေပြီး ပစ္စည်းများကို အပြင်သို့ အဆက်မပြတ် လွှင့်ထုတ်ပေးနေသည်။

"အီးးး"

ပြတင်းပေါက်ဘောင်တွင် မှီနေသော ခဲခဲလေးက သူ၏ အဝတ်များကို နောက်တစ်ကြိမ် လှမ်းဆွဲလိုက်ပြန်သည်။

...သူ ဒါကို စောစောကတည်းက သိသင့်၏။

ခဲခဲလေး လေဆင်နှာမောင်းကို စတင်တွေ့ရှိစဉ်က အော်သံမှာ စိုးရိမ်ထိတ်လန့်သော အသံမျိုး မဟုတ်ဘဲ... ရတနာကို ရှာတွေ့သည့်အခါ အော်သော အသံမျိုး ဖြစ်နေသည် မဟုတ်ပါလား။

လေဆင်နှာမောင်းထဲမှာ တကယ့်ကို ရတနာတွေ ရှိနေတာပဲ။

---

အပိုင်း (၁၀၉) ပြီး။

All Chapters