တောမီး
Vol. 8 Ch. 116
သူတို့အားလုံးအတွက် မိုးကြိုးလွှဲတွေ လုပ်ပေးသင့်လား။
ရွှီရှင်း၏ ကိုယ်ပိုင်စိတ်ရင်းအရဆိုလျှင် ကူညီပေးချင်ပါသည်။
ဤအဖွဲ့ဝင်တစ်ယောက်ချင်းစီမှာ ထူးချွန်သော အရည်အချင်းများကိုယ်စီ ရှိကြပြီး၊ အကယ်၍ သူတို့သာ ဤမုန်တိုင်းအတွင်း သေဆုံးသွားခဲ့လျှင် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။
သို့သော်လည်း အဓိကသော့ချက်မှာ လီဝမ်ရှီးအပေါ်တွင်သာ မူတည်နေ၏။
သူမကော သဘောတူပါ့မလား။
အဘယ်ကြောင့်ဆိုသော် အနက်ရောင်ရွှေ များမှာ သူမ၏လက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။
ရွှီရှင်းသည် လီဝမ်ရှီးထံသို့ ဗီဒီယိုဖုန်း ခေါ်ဆိုလိုက်သည်။
သူမက ချက်ချင်းပင် ဖုန်းပြန်ထူး၏။
ယခုအချိန်တွင် လီဝမ်ရှီးသည် ပြတင်းပေါက်တွင် မှီလျက် အပြင်ဘက်မှ ထူထပ်မှောင်မည်းနေသော တိမ်တိုက်ကြီးများကို ကြည့်နေရင်း...
"ရွှီရှင်း... ဒီဘက်မှာ လျှပ်စီးတွေ စလက်နေပြီ။ ကျွန်မ သစ်ပင်အိမ်ပေါ်က မိုးကြိုးလွှဲကို လျှပ်စီးတွေ အချက်ပေါင်းများစွာ လာထိနေတယ်။ ဒီလောက်အထိ ထူထဲတဲ့ လျှပ်စီးကြောင်းတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ တကယ် ကြောက်စရာကြီး" ဟု ရေရွတ်နေသည်။
သူမက ထိုသို့ပြောနေသော်လည်း မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်အယောင် လုံးဝမရှိဘဲ စိတ်လှုပ်ရှားနေသည့် ပုံစံပင် ပေါက်နေသေးသည်။
ရွှီရှင်းသည် သူ၏အတွေးများကို သူမအား ပြောပြလိုက်၏။
လီဝမ်ရှီးသည် အနည်းငယ် အခက်တွေ့သွားဟန်ဖြင့်....
"တကယ်တော့ ကျွန်မ သူတို့ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ အနက်ရောင်ရွှေတုံးတစ်တုံးရဖို့အတွက် သတ္တုရိုင်း ၁၀ တုံးကို တစ်နာရီကြာအောင် ကျိုရတာလေ။ ဒါက လုပ်ရတာ တကယ်မလွယ်ဘူး။ ကျွန်မဆိုရင် အနက်ရောင်ရွှေကျိုဖို့အတွက် သီးသန့်မီးဖိုတစ်ခုတောင် ထပ်ဆောက်ထားရတာ။ အခုထိ ကျွန်မဆီမှာ ၁၂ တုံးပဲ ရှိသေးတယ်၊ မိုးကြိုးလွှဲတစ်ချောင်း လုပ်ဖို့က ၅ တုံးတောင် လိုတာ..."
လီဝမ်ရှီး ပြောလိုသည်မှာ ရှင်းလင်းပါသည်။
သူမသည် အချိန်နှင့် လုပ်အားများစွာ ပေးဆပ်ခဲ့ရပြီး ညလုံးပေါက် မီးဖိုနှင့်အလုပ်လုပ်ခဲ့သော်လည်း အနက်ရောင်ရွှေတုံး ဆယ်ဂဏန်းခန့်သာ ရှိသေးသည်။
အရေအတွက်က အလွန်နည်းပါးလွန်းလှသဖြင့် အခြားသူများကို အလွယ်တကူ မပေးလိုခြင်း ဖြစ်၏။
ရွှီရှင်းသည် သူမ၏အတွေးကို ကောင်းစွာနားလည်ပါသည်။
သူကိုယ်တိုင်ပင် အရင်းအမြစ်များစွာ မရှိသေးရာ၊ အခြားသူများကို ကူညီရန် ကြိုးစားခြင်းမှာ ကျိုးကြောင်းမဆီလျော်လှပေ။
မိမိထံတွင် ပိုလျှံနေမှသာ အခြားသူများကို ကူညီသင့်ပြီး၊ ယခုကဲ့သို့ မိမိလိုအပ်ချက်ပင် မပြည့်စုံသေးသည့် အချိန်တွင် မိမိကိုယ်ကိုယ်သာ အာရုံစိုက်ခြင်းက မှန်ကန်ပါသည်။
"အနက်ရောင်ရွှေတုံးတွေက ဒီလောက်အထိ ရဖို့ခက်မယ်လို့ ငါ မထင်ထားဘူး။ ငါ ဒါကို ထည့်မစဉ်းစားမိလိုက်ဘူး"
ရွှီရှင်းက အားနာစွာဖြင့် တောင်းပန်လိုက်သည်။
သူ၏ အစောပိုင်းစကားမှာ ကိုယ်ကျင့်တရားအရမ်း မြင့်မားပြသလို ဖြစ်သွားသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
"နောက်ပိုင်း ကျွန်မတို့ဆီမှာ အနက်ရောင်ရွှေတုံးတွေ အများကြီး ရှိလာတဲ့အခါကျမှ သူတို့ကို ကူညီပေးကြတာပေါ့။ ကျွန်မတို့က အဖွဲ့အစည်းတစ်ခုတည်းကပဲလေ၊ ပြီးတော့ သူတို့ပေးတဲ့ သတင်းအချက်အလက်တွေကြောင့် ကျွန်မလည်း အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာပဲ" ဟု လီဝမ်ရှီးက ဆိုသည်။
"ဒါပေမဲ့ အပြင်က ရာသီဥတုနဲ့ဆိုရင် ဘယ်တော့များမှ သတ္တုသွားတူးလို့ ရမလဲ မသိဘူး။"
၎င်းတို့ စကားပြောနေစဉ်အတွင်း အပြင်ဘက်မှ မိုးသက်မုန်တိုင်းမှာ ရပ်တန့်မည့် အရိပ်အယောင်မပြဘဲ ပိုမိုပြင်းထန်လာသည်။
ရွှီရှင်း စတင်နိုးလာချိန်က တစ်မိနစ်လျှင် လျှပ်စီး နှစ်ချက်၊ သုံးချက်ခန့်သာ ရှိသော်လည်း ယခုမူ စက္ကန့်အနည်းငယ်လျှင် တစ်ချက်နှုန်းဖြင့် မိုးခြိမ်းသံများကို ကြားနေရသည်။
"ရှင်ပြောတာတွေ ကျွန်မမကြားရတော့ဘူး"
လီဝမ်ရှီးက သူမ၏နားကို ပွတ်ရင်း ပြောသည်။
မိုးခြိမ်းသံမှာ အလွန်ကျယ်လောင်လွန်းလှ၏။
"ဒါ ဘယ်တော့မှ ရပ်မှာလဲ မသိဘူး။ ဒီနေ့က မိုးရာသီစမှာ မဟုတ်ဘူးလား။ ဘာလို့ မိုးမရွာဘဲ မိုးခြိမ်းနေတာလဲ... ဟာ.."
သူမသည် ရုတ်တရက် မျက်လုံးများ ပြူးသွားကာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
"မီးလောင်နေပြီ ဟိုးမှာ မီးလောင်နေပြီ။ လျှပ်စီးကြောင့် မီးစလောင်နေပြီ။"
"ဘာ....."
ရွှီရှင်းသည် သူ၏ပြတင်းပေါက်မှ ချက်ချင်းလှမ်းကြည့်လိုက်၏။
သူ၏ပတ်ဝန်းကျင်တွင် လျှပ်စီးများ အဆက်မပြတ် ပစ်နေသော်လည်း လောလောဆယ်တွင်တော့ မီးလောင်မည့် အရိပ်အယောင် မတွေ့ရသေးပေ။
သို့သော်လည်း လျှပ်စီးပစ်နှုန်း ဤမျှအထိ စိပ်နေပါက တောမီးလောင်ရန်မှာ အချိန်တစ်ခုပဲလို ပေလိမ့်မည်။
ရွှီရှင်းသည် အလျင်အမြန် စဉ်းစားလိုက်ပြီး....
"မြန်မြန်... မင်းရဲ့ သစ်ပင်အိမ်ပတ်ပတ်လည်က သစ်ပင်တွေကို အကုန်ခုတ်ပစ်လိုက်ပြီး မီးတားလမ်း တစ်ခု လုပ်လိုက်။ ဒါမှ မီးက မင်းဆီကို ကူးမလာနိုင်မှာ။ လျှပ်စီးအတွက် စိုးရိမ်မနေနဲ့၊ မိုးကြိုးလွှဲက မင်းအနားက လျှပ်စီးတွေကို ဆွဲယူသွားလိမ့်မယ်" ဟု အကြံပေးလိုက်သည်။
"အိုကေ ကျွန်မ အခုပဲ သွားလိုက်မယ်"
လီဝမ်ရှီးသည် ဗီဒီယိုဖုန်းကို အလျင်အမြန် ချလိုက်တော့သည်။
ထိုအချိန်တွင် ကျိချောင်းယန်သည်လည်း အဖွဲ့ထဲ၌ စာတစ်စောင် ပို့လိုက်သည်။
"အားလုံးပဲ... မိုးသည်းထန်စွာ မရွာခင်မှာ ဖြစ်ပေါ်နေတဲ့ ဒီလျှပ်စီးမုန်တိုင်းက တောမီးကို သေချာပေါက် ဖြစ်စေလိမ့်မယ်။ ငါ့ရဲ့ သစ်ပင်အိမ်လည်း ခုနကပဲ လျှပ်စီး အကြိမ်ပေါင်းများစွာ အပစ်ခံလိုက်ရတယ်။ အထဲက ပစ္စည်းတချို့ လျှပ်စစ်စီးကြောင်းကြောင့် ပျက်စီးသွားပေမဲ့၊ လူကိုတော့ ထိခိုက်မှုမရှိသလို သစ်ပင်အိမ်ကိုလည်း မီးမလောင်စေဘူး။ ဒါပေမဲ့ အဲဒါကြောင့်နဲ့ သစ်ပင်အိမ်ထဲမှာပဲ အေးအေးဆေးဆေး မနေကြပါနဲ့။ အဝေးက သစ်ပင်တွေက မီးလောင်ဖို့ အခွင့်အလမ်း အများကြီး ရှိနေတယ်။
အရေးကြီးတဲ့ ပစ္စည်းတွေကို ယူပြီး အခုပဲ သစ်ပင်အိမ်အောက် ဆင်းကြပါ။ ပြီးတော့ သစ်ပင်အိမ်ပတ်လည်က သစ်ပင်တွေကို ခုတ်ပစ်ပြီး မီးတားလမ်းတစ်ခု လုပ်ထားကြ။ ဒါမှ တောမီးလောင်ရင် ဆုံးရှုံးမှုကို အနည်းဆုံး ဖြစ်စေမှာပါ။ သစ်ပင်အိမ်နားမှာရှိနေရင် မိုးကြိုးပစ်ခံရမှာကို သိပ်မစိုးရိမ်ရဘူး၊ ဘာလို့လဲဆိုတော့ သစ်ပင်အိမ်က အမြင့်ဆုံးဖြစ်လို့ မိုးကြိုးကို သူ့ဘာသာ ဆွဲယူသွားလိမ့်မယ်။ ဒါပေမဲ့ အောက်ဆင်းတဲ့အချိန်မှာတော့ မတော်တဆ အပစ်မခံရအောင် သတိထားကြပါ။ မြန်မြန်လုပ်ကြပါ၊ ငါ့ဘက်မှာတော့ ဟိုးအဝေးမှာ မီးစလောင်နေပြီ။ မိုး ရွာလာတဲ့အထိ တောင့်ခံထားရမယ်။"
ထို့အပြင် သူသည် ဤသတင်းစကားကို ဒေသတွင်း ဆက်သွယ်ရေးလိုင်း ၌လည်း ထပ်မံတင်ပြခဲ့ပြီး၊ စာကြောင်းတစ်ကြောင်းကိုလည်း ဖြည့်စွက်ထားသည်။
"သစ်ပင်အိမ် အဆင့်မမြှင့်ရသေးတဲ့ ရှင်ကျန်သူတွေ အထူးသတိထားပါ။ ခင်ဗျားတို့ရဲ့ သစ်ပင်အိမ်တွေက မိုးကြိုးကို ဆွဲဆောင်နိုင်လောက်အောင် မမြင့်တဲ့အတွက်၊ အောက်ဆင်းပြီး မီးတားလမ်းလုပ်ဖို့ သင့်၊ မသင့်ကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ"
သူ၏သတင်းစကားအရ မိုးကြိုးပစ်ခံရပါက သစ်ပင်အိမ်အတွင်းရှိ ပစ္စည်းအချို့ ပျက်စီးနိုင်သော်လည်း ကြီးမားသော ပြဿနာမဟုတ်ကြောင်း ရွှီရှင်း သိလိုက်ရသည်။
ဤလူသည် မိနစ်အနည်းငယ်အတွင်းမှာပင် အများကြီး စဉ်းစားနိုင်ပြီး နည်းဗျူဟာကို ချက်ချင်း မျှဝေပေးနိုင်သည်မှာ တကယ့်ကို အထင်ကြီးစရာပင်။
လွန်ခဲ့သော ခဏက ရွှီရှင်းသည် သစ်ပင်အိမ် မြင့်လာခြင်းမှာ မိုးကြိုးလွှဲမရှိသူများအတွက် အားနည်းချက်ဟု ထင်ခဲ့သော်လည်း၊ ကျိချောင်းယန်က ကွက်တိ ထောက်ပြခဲ့သည်။
ဤလျှပ်စီးမုန်တိုင်း၏ အကြီးမားဆုံး အန္တရာယ်မှာ မိုးကြိုးပစ်ခံရခြင်း မဟုတ်ဘဲ တောမီးလောင်ခြင်း ဖြစ်၏။
မိုးကြိုးက သစ်ပင်အိမ်ထဲက လူကို မထိခိုက်နိုင်သော်လည်း တောမီးကတော့ ထိခိုက်နိုင်သည် မဟုတ်ပါလား။
"ကျိချောင်းယန် ပြောတာ မှန်တယ်၊ ငါတို့ ပတ်ဝန်းကျင်က နေရာလွတ်ကို ချက်ချင်း ရှင်းရမယ်။ အခု မနက် ၇ နာရီတောင် မရှိသေးဘူး၊ အရင်က အဖြစ်အပျက်တွေအရဆိုရင် မိုးရာသီက ၉ နာရီလောက်မှာ စဖို့ ရှိတယ်။ နှစ်နာရီဆိုတာ တောမီးကူးစက်ဖို့အတွက် လုံလောက်တဲ့ အချိန်ပဲ။ အားလုံး ဒါကို အလေးအနက်ထားကြပါ။"
ရွှီရှင်းသည်လည်း ဒေသတွင်း ဆက်သွယ်ရေးလိုင်း၌ စာတစ်စောင် တင်လိုက်သည်။
ထိပ်တန်းခေါင်းဆောင်နှစ်ယောက်လုံးက ပြောဆိုလာသဖြင့် လူအများ၏ ယုံကြည်မှုကို ရရှိသွားပြီး ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ ကျေးဇူးတင်စကားများဖြင့် ပြည့်နှက်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်တို့"
"ငါ့ဘက်မှာလည်း ဟိုးအဝေးမှာ မီးလောင်နေပြီ။ အခုပဲ သစ်ပင်အောက် ဆင်းပြီး သစ်ပင်ခုတ်တော့မယ်"
"ဟားဟား... ငါ့ပတ်ဝန်းကျင်က သစ်ပင်တွေကို အရင်ကတည်းက ခုတ်ထားပြီးသားမို့လို့ အေးဆေးပဲ။"
"ဒုက္ခပဲ... ငါ့ပတ်ဝန်းကျင်မှာ ဘရန့် တွေနဲ့ ထင်းရှူးပင်တွေ အများကြီး စိုက်ထားမိတယ်"
"ခုတ်သာခုတ်လိုက်တော့။ အပင်ငယ်လေးတွေဆိုတော့ ကုန်ကြမ်း သိပ်မရပေမဲ့ လုံးဝမရတာတော့ မဟုတ်ဘူး။ ငါ စမ်းခုတ်ဖူးတယ်"
သစ်ပင်အိမ် အဆင့်မမြှင့်ရသေးသူများမှာလည်း အချင်းချင်း ဆွေးနွေးနေကြသည်။
"ငါတို့ ဘာလုပ်ကြမလဲ အောက်ဆင်းရမလား။ မိုးကြိုးပစ်ခံရရင် ဘယ်လိုလုပ်မလဲ..."
"မီးမလောင်လောက်ပါဘူးနော်"
"ဘာတွေ စဉ်းစားနေတာလဲ လျှပ်စီးက ဒီလောက်စိပ်နေတာ မီးလောင်ဖို့က သေချာသလောက်ပဲ"
"တောက်... ငါ့ဘက်မှာ မီးစလောင်နေပြီ သွားပြီ... သွားပြီ"
"မကြောက်တော့ဘူး၊ ငါအောက်ဆင်းမယ်။ မီးလောင်သေတာထက်စာရင် မိုးကြိုးပစ်ခံရတာက ပိုကောင်းသေးတယ်၊ အနည်းဆုံးတော့ ချက်ချင်း သေသွားမှာပဲ"
ထိုအချိန်တွင် ရွှီရှင်း၏ ဘက်၌လည်း လျှပ်စီးတစ်ချက် အပစ်တွင် တစ်ကီလိုမီတာခန့် အကွာ၌ မီးစတင် လောင်ကျွမ်းလာသည်။
ကံကောင်းသည်မှာ တောအုပ်အတွင်း လေသိပ်မတိုက်သေးသဖြင့် မီးမှာ လျင်မြန်စွာ မကူးစက်သေးပေ။
ဤအခွင့်အရေးကို အသုံးချကာ ရွှီရှင်းသည် သစ်ပင်အိမ်အောက်သို့ အမြန်ဆင်းလာခဲ့သည်။
အလုပ်တွင်စေရန်အတွက် သူသည် သံပုဆိန် (အပြာရောင်) နှင့် သံပေါက်ပြား (အပြာရောင်) တို့ကို ဖန်တီးလိုက်၏။
[သံပုဆိန် (အပြာရောင်): အဆင့်မြင့် သံပုဆိန်ဖြစ်သည်။ အလွန်ထက်မြက်ပြီး ခိုင်ခံ့ကာ ခရမ်းရောင်အဆင့် သစ်ပင်များနှင့် အချို့သော ထူးခြားသည့် သစ်ပင်များကိုပင် ခုတ်လှဲနိုင်သည်။ တောင့်ခံနိုင်စွမ်း : ၃၀၀၀။]
သံပုဆိန် (အပြာရောင်) သည် တောင့်ခံနိုင်စွမ်း ၃၀၀၀ အထိရှိပြီး အစိမ်းရောင်အဆင့် သစ်ပင်များကို တစ်ချက်တည်းဖြင့် ခုတ်လှဲနိုင်သဖြင့် ကျောက်ပုဆိန်ထက် နှစ်ဆပို၍ အလုပ်တွင်ကျယ်စေသည်။
သံပေါက်ပြားကိုမူ သူ၏ အောက်ထပ်က ပန်းသီးပင်ကို ပြန်လည်စိုက်ပျိုးရန်အတွက် ၅၀ ရာခိုင်နှုန်း အခွင့်အရေးရအောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။
အစောပိုင်း ကာကွယ်ရေးကာလအတွင်း သူသည် သစ်ပင်အိမ်အောက်ရှိ နေရာအချို့ကို ရှင်းလင်းထားခဲ့ပြီးသား ဖြစ်သည်။
ယခုမူ တောမီးလောင်ပါက မီးလျှံများက သူ၏သစ်ပင်အိမ်ရှိ သစ်ပင်အုပ်များဆီသို့ မရောက်နိုင်ရန် ဤနေရာလွတ်ကို ထပ်မံ ချဲ့ထွင်ရမည် ဖြစ်သည်။
သစ်ပင်အိမ်အောက်တွင် သူစိုက်ထားသော ပန်းသီးပင်များမှာ အသီးသီးနေပြီး၊ ထင်းရှူးပင်များနှင့် ဘရန့်ပင်များမှာလည်း မြင့်မားစွာ ကြီးထွားနေကြသည်။
"အချိန်အရဆိုရင် ပန်းသီးပင်က အနေတော်ပဲ၊ ဒါပေမဲ့ ထင်းရှူးနဲ့ ဘရန့်ပင်တွေက မနက်ဖြန်မှ အပြည့်အဝ ကြီးထွားမှာ မဟုတ်လား" ဟု ရွှီရှင်း ခေတ္တမျှ သံသယဖြစ်သွားသော်လည်း၊ ယခုမှာ ထိုအရာများကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။
သံပုဆိန်၏ စွမ်းဆောင်ရည်မှာ အံ့မခန်းလှပေသည်။
ရွှီရှင်းသည် ထင်းရှူးနှင့် ဘရန့်တောအုပ်ဆီသို့ သွားကာ တစ်ချက်လျှင် တစ်ပင်နှုန်းဖြင့် ခုတ်လှဲလိုက်ပြီး၊ ရရှိလာသော သစ်သားများကို စုဆောင်းလျက် သစ်ပင်အိမ်ပတ်လည်တွင် ရူးသွပ်စွာ ခုတ်ထွင်ရှင်းလင်းတော့သည်။
အပေါ်ရှိ မှောင်မည်းနေသော တိမ်တိုက်ကြီးများမှာ ပိုမိုနိမ့်ဆင်းလာသယောင်ရှိပြီး၊ တောင်ကြီးများကဲ့သို့ ဖိနှိပ်ထားသော ထိုတိမ်တိုက်များကို မော့ကြည့်ရန်ပင် သူ တွန့်ဆုတ်နေမိသည်။
မိုးခြိမ်းသံ စိပ်စိပ်ကြီးများကြားတွင် လေထုမှာလည်း စိုထိုင်းထိုင်းနှင့် အသက်ရှူရကျပ်လှပေသည်။
ဆယ်စက္ကန့်လျှင် တစ်ကြိမ်ခန့် မြည်ဟည်းနေသော မိုးခြိမ်းသံကြောင့် သူ၏ ဦးခေါင်းမှာပင် မူးဝေလာရ၏။
ကံကောင်းသည်မှာ ပတ်ဝန်းကျင်ရှိ လျှပ်စီးများမှာ သစ်ပင်အိမ်နှင့် မိုးကြိုးလွှဲဆီသို့သာ စီးဝင်သွားသဖြင့် သူ့ကို ထိခိုက်မှုမရှိခြင်းပင်။
ဆန့်ကျင်ဘက်အားဖြင့် သူ၏သစ်ပင်အိမ်ထိပ်ရှိ မိုးကြိုးလွှဲမှာမူ အလင်းများ တဖျပ်ဖျပ် တောက်ပနေပြီး အားပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ကောင်းကင်ယံမှာ တောမီးကြောင့် နီရဲနေပြီး၊ ပူနွေးသော လေလှိုင်းများမှာ သူ့ဆီသို့ ချဉ်းကပ်လာနေပြီ ဖြစ်သဖြင့် ရွှီရှင်းသည် သူ၏ခုတ်လှဲခြင်းကို အရှိန်မြှင့်လိုက်ရ၏။
သူရှင်းလင်းရမည့် ဧရိယာမှာ အခြားသူများထက် များစွာပို၍ ကျယ်ဝန်းလှသည်။
သူသည် သစ်သားများကို သစ်ပင်အိမ်သို့ အခေါက်ခေါက်အခါခါ သွားရောက် သိမ်းဆည်းရင်း၊ နောက်ဆုံးတွင် သစ်ပင်အိမ်ပတ်လည်၌ မီတာ နှစ်ဆယ်ခန့် ကျယ်ဝန်းသော မီးတားလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ယေဘုယျအားဖြင့် တောမီးတားလမ်းမှာ မီတာ ၄၀ မှ ၆၀ ခန့်အထိ ကျယ်သင့်သော်လည်း၊ ရွှီရှင်းသည် မြေပြင်ပေါ်ရှိ ချုံနွယ်ပိတ်ပေါင်းများကိုပါ ရှင်းလင်းထားပြီးဖြစ်သဖြင့် မီတာနှစ်ဆယ်မှာ လုံလောက်နိုင်ပေသည်။
အရေးကြီးဆုံးအချက်မှာ ဟိုးအဝေးမှ မီးတောက်များ ကူးစက်လာသည်ကို မြင်နေရပြီဖြစ်သဖြင့် သူ ဆက်လက်မခုတ်နိုင်တော့ခြင်း ဖြစ်၏။
အပြင်ဘက်ရှိ ပန်းသီးပင် (အပြာရောင်) ဆီသို့ သွားကာ အသီးများအားလုံးကို ရိတ်သိမ်းလိုက်ပြီးနောက်၊ သံပေါက်ပြားဖြင့် အမြစ်များကို ပြတ်ပြတ်သားသား တူးထုတ်လိုက်သည်။
သူ့တွင် သစ်ပင်အိမ်၏ အပေါ်ဆုံးထပ်၌ ပန်းသီးပင်တစ်ပင် ရှိနေပြီဖြစ်သဖြင့် ဤအပင်မှာ ယခင်ကလောက် အရေးမကြီးတော့ပေ။
မီတာ သုံးမီတာခန့် မြင့်သော ပျိုးပင်လေးမှာ ဖြည်းဖြည်းချင်း လဲကျသွားသည်။
[ပန်းသီးပင်မျိုးစေ့ ၁စေ့ ရရှိသည်။]
[ပန်းသီးပင် (အပြာရောင်) ၁စေ့ ရရှိသည်။ အစိမ်းရောင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော မြေဆီလွှာ၌ ပြန်လည်စိုက်ပျိုးနိုင်သည်။ ၂၄ နာရီအတွင်း စိုက်ပျိုးပါ။]
အောင်မြင်ပြီကွ။ ၅၀ ရာခိုင်နှိုင်း အခွင့်အရေးမှာ သူ့ဘက်၌ ရှိနေခဲ့သည်။
သစ်ပင်အိမ်သို့ ပြန်ရောက်ပြီး တတိယထပ် ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ၊ ဟိုးအဝေးက တောမီးမှာ သစ်ပင် တစ်ပင်၊ နှစ်ပင်မှသည် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။
အဝေးကြီးမှပင် ပူနွေးသော အပူရှိန်ကို ခံစားနေရသည်။
ကံကောင်းသည်မှာ လေသိပ်မတိုက်သေးဘဲ လေထုစိုထိုင်းနေသဖြင့် မီးမှာ လျင်မြန်စွာ မကူးစက်သေးခြင်းပင်။
ရွှီရှင်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး၊ မီးလောင်သွားလျှင် နှမြောစရာကောင်းသဖြင့် အောက်ဆင်းကာ သစ်ပင်အချို့ ထပ်ခုတ်ဦးမည်ဟု စဉ်းစားလိုက်သည်။
သို့သော်လည်း သူ၏အတွေးများကို တုံ့ပြန်လိုက်သည့်အလား၊ အပြင်ဘက်မှ ညင်သာသော လေပြေမှာ ရုတ်တရက် ပြင်းထန်သော လေပြင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လေသံမှာ ရထားတစ်စင်း ဖြတ်သန်းသွားသကဲ့သို့ တဝေါဝေါ မြည်ဟည်းနေပြီး၊ ပိုမိုစိပ်လာသော မိုးခြိမ်းသံများနှင့် ပေါင်းစပ်ကာ သေမင်း၏ တေးသံကို တီးခတ်နေသကဲ့သို့ ရှိနေ၏။
လေအဟုန်ကြောင့် ဟိုးအဝေးက မီးလျှံများမှာ ချက်ချင်းပင် ထကြွလာပြီး၊ လျှပ်စီးအသစ်များ ပစ်သည့်နေရာတိုင်းတွင် မီးများ ထပ်မံလောင်ကျွမ်းလာပြန်သည်။
တောအုပ်အတွင်း နေရာအနှံ့၌ မီးများ တပြိုင်တည်း လောင်ကျွမ်းလာပြီး လေနှင့်အတူ လျင်မြန်စွာ ပြန့်နှံ့လာတော့သည်။
လေ၊ မိုးခြိမ်းသံ၊ လျှပ်စီးနှင့် တောမီး...
သူ၏မျက်စိရှေ့မှ မြင်ကွင်းမှာ ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသကဲ့သို့ပင်။
လေပြင်းနှင့်အတူ ပါလာသော ကျောက်စရစ်ခဲလေးတစ်ခုမှာ ရွှီရှင်း၏ ပါးကို ခြစ်သွားသဖြင့် အလွန်နာကျင်သွားရသည်။
သူ၏ မျက်လုံးများမှာ တုန်ခါသွား၏။
တောက်... ကြည့်ရတာ ဒီကပ်ဆိုးကို အော်ခေါ်လိုက်တာ ငါပဲ ဖြစ်ရမယ်။
---
အခန်း ၁၁၆ ပြီး။