မိုးသက်မုန်တိုင်း ရောက်ရှိလာခြင်း
Vol. 8 Ch. 115
သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် လီဝမ်ရှီးက အဖွဲ့လိုက်စကားဝိုင်း ထဲတွင် ရုတ်တရက် စကားပြောလာ၏။
"အားလုံးပဲ... ငါ ယမ်းစိမ်းတွေ ရှာတွေ့ပြီ အခု ငါတို့ ရေခဲလုပ်လို့ ရပြီဟေ့"
ရွှီရှင်းနှင့် သူမ အရောင်းအဝယ် လုပ်ခဲ့သည်မှာ နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကြည့်ရသည်မှာ သူမသည် ဗီဇပြောင်းသားရဲတစ်ကောင်နှင့် စာချုပ်ချုပ်ပြီး သစ်ပင်အိမ်သို့ ပြန်ရောက်နေပြီ ဖြစ်ပုံရ၏။
လီဝမ်ရှီး၏ စကားကြောင့် အဖွဲ့သားအားလုံး၏ အာရုံမှာ ထိုဘက်သို့ ချက်ချင်း ပြောင်းသွားကြသည်။
ဝမ်ကွေ့ရှင်း : "ယမ်းစိမ်းလား ရေခဲလုပ်တဲ့ ယမ်းစိမ်းလား။ ဝမ်ရှီး... ငါ့ကို ရောင်းပါဦး၊ ငါ့ဆီက အပြာရောင်အဆင့် အရင်းအမြစ်တွေနဲ့ လဲမယ်လေ"
ကျိချောင်းယန်: "အများကြီး ရှာတွေ့တာလား အများကြီးမဟုတ်ရင် ငါတို့ တစ်လှည့်စီ သုံးလို့ရတယ်။ ရေခဲလုပ်တဲ့ ယမ်းစိမ်းက အကြိမ်ကြိမ် ပြန်သုံးလို့ ရတာဆိုတော့ နည်းနည်းရှိရင်တောင် လူအများကြီးအတွက် အဆင်ပြေတယ်"
ချင်ယွန်လုံ : "ဒါက ယမ်းမှုန့်လုပ်တဲ့ ကုန်ကြမ်း ယမ်းစိမ်းနဲ့ အတူတူပဲလား"
ဝမ်လေ့: "ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ကန့် မရှိရင်တော့ ယမ်းမှုန့် လုပ်လို့မရဘူး မဟုတ်လား"
ချီရွှယ်ဖေး: "ငါ့အတွက်ရော ဝေစုပါဦးမလား။ ဆေးဝါးတော်တော်များများက အပူချိန်အနိမ့်မှာ သိမ်းထားဖို့ လိုလို့ပါ"
လီဝမ်ရှီး : "အားလုံး ဝေစုရမှာပါ။ ဒါပေမဲ့ ငါ ယမ်းစိမ်းတွေ အကုန်တူးလာတာတောင် ကီလိုဂရမ် တစ်ရာ မပြည့်ဘူး။ နင်တို့ လိုချင်ရင် တစ်ယောက်ကို ဆယ်ကီလိုစီပဲ ရောင်းပေးနိုင်မယ်၊ ငါလည်း နည်းနည်း ချန်ထားရဦးမှာမို့လို့"
သူမသည် လျှို့ဝှက်ချက်အချို့ကို သိမ်းဆည်းထားတတ်ပုံရ၏။
ရွှီရှင်းကို ပြောသကဲ့သို့ ကွက်တိပဲ ဟု မပြောဘဲ ချန်ထားသေးသည်။
ယခု သူမကီလိုနှင့် ရောင်းနေသည်မှာ အစိမ်းရောင်အဆင့် ယမ်းစိမ်းများ ဖြစ်ပုံရပေသည်။
အဖွဲ့လိုက်စကားဝိုင်းတွင် လူတိုင်းက လီဝမ်ရှီးကို ဝိုင်းမေးနေကြသော်လည်း ရွှီရှင်းကမူ စိတ်မဝင်စားပေ။
သူ့တွင် အအေးပေးရန်အတွက် လုံလောက်သည်ထက် ပိုသော အပြာရောင်အဆင့် ယမ်းစိမ်းများ ရှိနေပြီးသား ဖြစ်၏။
သို့သော် လီဝမ်ရှီးသည် မည်သည့်သားရဲနှင့် စာချုပ်ချုပ်နိုင်ခဲ့သနည်းဆိုသည်ကိုမူ သူ သိချင်နေသဖြင့် သီးသန့်စာတို ဖြင့် မေးလိုက်သည်။
"မင်း ဘယ်သားရဲနဲ့ စာချုပ်ချုပ်လိုက်တာလဲ"
လီဝမ်ရှီးသည် အခြားသူများနှင့် ဈေးညှိနေသဖြင့် ချက်ချင်း အကြောင်းမပြန်နိုင်ပေ။
ခဏအကြာမှ ရွှီရှင်းထံ ဗီဒီယိုဖုန်း ခေါ်ဆိုလာ၏။
ဗီဒီယိုထဲတွင် သူမ၏ နောက်ဘက်၌ ငွေရောင်ဘုရင်နှင့် မီမီတို့ထက် အဆပေါင်းများစွာ ကြီးမားသော ဗီဇပြောင်း နွားရိုင်းကြီး တစ်ကောင် ရှိနေသည်။
ထိုနွားရိုင်း၏ အမွေးများပေါ်တွင် သွေးရောင်အဆင်းသဏ္ဌာန် အစင်းကြောင်းများ ရှိနေ၏။
နွားရိုင်းကြီးက ကြီးမားနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
အပင်စားသတ္တဝါကြီးများသည် ယေဘုယျအားဖြင့် အသားစားသတ္တဝါများထက် ပို၍ ကြီးမားတတ်ကြပေသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံး နွားရိုင်းမျိုးစိတ်ဖြစ်သည့် ဂင်္ဂါနွားရိုင်းကြီးများဆိုလျှင် ကီလိုဂရမ် တစ်ထောင်ကျော် အထိ အလေးချိန် ရှိကြ၏။
ထို့ပြင် နွားရိုင်းများသည် ကိုယ်အလေးချိန်တွင် အဆီပါဝင်မှု အလွန်နည်းပြီး ကြွက်သားများဖြင့်သာ ဖွဲ့စည်းထားသဖြင့် အလွန်အင်အားကြီးမားလှပေသည်။
"ကြည့်စမ်းပါဦး ရှင်အကြံပေးသလိုပဲ ကျွန်မ နွားတစ်ကောင်နဲ့ စာချုပ်ချုပ်လိုက်တယ် စီးလို့လည်း ရတယ်၊ ကျောပိုးအိတ်တွေလည်း သယ်နိုင်တယ်၊ ကျွန်မကိုယ်တိုင် လမ်းလျှောက်တာထက် အများကြီး ပိုမြန်တယ်တကယ်ကို အမိုက်စားပဲ"
လီဝမ်ရှီးသည် အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏ နွားအတွက် အတော်လေး ကျေနပ်နေပုံရ၏။
"ဂုဏ်ယူပါတယ် ဒါနဲ့... ဒါက နွားမ မဟုတ်လား။ ဘာလို့ နွားလားကို မရွေးတာလဲ။ နွားလားဆိုရင် ပိုပြီး အင်အားကြီးမှာပေါ့"
ရွှီရှင်းက နွားကို ကြည့်ပြီး မှတ်ချက်ပေးလိုက်သည်။
သူသည် လီဝမ်ရှီးကို ဆေးရည်တစ်ပုလင်းသာ ပေးခဲ့ခြင်းဖြစ်ရာ ထိုနွားသည် ဆေးတစ်ပုလင်းတည်းနှင့် ဗီဇပြောင်းသွားခဲ့ခြင်း ဖြစ်သည်။
ငွေရောင်ဘုရင်ကဲ့သို့ ဆေးအမြောက်အမြား လိုအပ်သည့် သားရဲမျိုးမှာ ရှားပါးလှပေသည်။
"နွားလားကိုတော့ ကျွန်မ လုံးဝ မနိုင်ဘူး သူ့ဦးချိုက တကယ်ကို ကြောက်စရာကြီး"
လီဝမ်ရှီးက နွား၏ကျောကို ပုတ်ရင်း ပြောသည်။
"သူ တစ်ကောင်တည်း ရှိနေတုန်း ကျွန်မ ချောင်းတိုက်ခဲ့တာ။ နွားမလည်း ကောင်းပါတယ်၊ နောင်ကျရင် နွားနို့တောင် ရနိုင်ဦးမလား မသိဘူး။ ဒါနဲ့... ရှင့်ရဲ့ အအေးခန်းကော ပြီးပြီလား"
ရွှီရှင်းက သူ၏ အပြာရောင်အဆင့် ယမ်းစိမ်းဖြင့် အအေးသိုလှောင်ခန်းပြုလုပ်ပုံကို ရှင်းပြလိုက်ပြီး၊ သုံးရက်ကြာလျှင် ပုပ်သွားနိုင်သဖြင့် အသားများကို အမြန်သိုလှောင်ရန် သူမကို အကြံပေးလိုက်၏။
"အအေးသိုလှောင်ခန်း ဟုတ်လား။ အိုကေ... ကျွန်မလည်း အခုပဲ စမ်းကြည့်လိုက်ဦးမယ်"
ဗီဒီယိုဖုန်း ချပြီးနောက် ရွှီရှင်းသည် စူးစမ်းရှာဖွေသူများ အဖွဲ့ကို ကြည့်လိုက်ရာ၊ အားလုံးက လီဝမ်ရှီးထံမှ ယမ်းစိမ်းများ ဝယ်ယူပြီး ရေခဲသေတ္တာ ပြုလုပ်နည်းများကို ဆွေးနွေးနေကြသည်ကို တွေ့ရသည်။
ရွှီရှင်းသည် ဗီဇပြောင်းသားရဲသား အကြောင်းကို ၎င်းတို့အား ရှင်းပြရန် ဆုံးဖြတ်လိုက်၏။
ဗီဇပြောင်းသားရဲသားသည် ခွန်အားတိုးစေသည်မှာ အမှန်ဖြစ်သော်လည်း အာနိသင်မှာ အလွန်သိမ်မွေ့သဖြင့် ရေရှည်စားသုံးမှသာ ထိရောက်မည်ဖြစ်ကြောင်း သူ ပြောပြလိုက်သည်။
ထို့ကြောင့် အသားများကို ပိုမိုစုဆောင်းထားရန် သူ အကြံပြုလိုက်၏။
၎င်းတို့ နားထောင်ခြင်း ရှိ၊ မရှိမှာမူ ၎င်းတို့၏ အပိုင်းသာ ဖြစ်ပေသည်။
အရာအားလုံး ပြီးစီးသွားချိန်တွင် နေ့တစ်နေ့မှာ ကုန်ဆုံးလုနီးပါး ရှိနေပြီဖြစ်သည်။
မြေအောက်ဂူမှ ပြန်ရောက်လာပြီးနောက် သူသည် သစ်ပင်အိမ်ကို ပြုပြင်ခဲ့သည်၊ မိုးကြိုးလွှဲ တပ်ဆင်ခဲ့သည်၊ အသားစားငါး ပြဿနာကို ဖြေရှင်းခဲ့သည်၊ ခရမ်းရောင်အဆင့် ဝတ်စုံအပြည့် ရရှိခဲ့သည်၊ ရေကန်လယ်မှ ဧရာမဂူကြီးကို စူးစမ်းခဲ့သည်၊ အမိုးပေါ်၌ ဥယျာဉ်နှင့် ပထမထပ်၌ အအေးသိုလှောင်ခန်းကို တည်ဆောက်ခဲ့သည်။
ဤနေ့နှင့် ညသည် အလွန်ပင် အကျိုးရှိခဲ့ပြီး သူ၏ ရှင်သန်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့၏။
မနက်ဖြန်တွင် မိုးသက်မုန်တိုင်း ရာသီဟူသော အစီအစဉ်သစ် စတင်တော့မည် ဖြစ်သည်။
သူသည် ရေမိုးချိုး သန့်စင်ပြီးနောက် ခဲခဲကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်ခဲ့သည်။
အခန်းအေးစေရန် ရေခဲအိုးတစ်လုံး ထားရှိလိုက်၏။
ဂွမ်းမွေ့ရာနှင့် စောင်ကို ခင်းကျင်းကာ သက်သောင့်သက်သာ လှဲလိုက်သည်။
ပူအိုက်သော နွေရာသီတွင် စောင်မခြုံဘဲ အိပ်ရခြင်းထက် အအေးပေးစက်ဖွင့်ပြီး စောင်ခြုံအိပ်ရခြင်းက ပို၍ သက်သောင့်သက်သာ ရှိလှပေသည်။
မနက်ဖြန် အစီအစဉ်က ပိုမိုလွယ်ကူပါစေဟု သူ ဆုတောင်းရင်း အိပ်ပျော်သွားတော့သည်။
...
ရွှီရှင်းသည် မိုးခြိမ်းသံကြီးကြောင့် လန့်နိုးလာ၏။
သူ၏ တစ်သက်တာတွင် ဤမျှ ကျယ်လောင်သော မိုးခြိမ်းသံကို မကြားဖူးခဲ့ပေ။
မိုးခြိမ်းသံမှာ သူ၏ ခေါင်းပေါ်တည့်တည့်တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားရသဖြင့် သူသည် ကုတင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်မိသည်။
"အီးးး"
ခဲခဲလည်း လန့်သွားပုံရပြီး ပြူးပြဲထကာ ရွှီရှင်း၏ ပခုံးပေါ်သို့ တက်၍ ပြတင်းပေါက် အပြင်ဘက်ကို စိုးရိမ်တကြီး ကြည့်နေ၏။
ရွှီရှင်းလည်း ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
မနက် ခြောက်နာရီကျော်သာ ရှိသေးသော်လည်း ပုံမှန်ဆိုလျှင် နေရောင်ခြည် ရနေသင့်ပြီ ဖြစ်သည်။
သို့သော် အပြင်ဘက်မှာမူ အလွန် မှောင်နေပြီး ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေ၏။
သူသည် ကုတင်ပေါ်မှဆင်းပြီး အပြင်ဘက်ကို ကြည့်လိုက်ရာ ကောင်းကင်ယံမှာ ထူထပ်မှောင်မည်းနေသော တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
မီးခိုးရောင် တိမ်တိုက်ကြီးများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်ကာ ကောင်းကင်တစ်ခုလုံးကို ဝါးမြိုထား၏။
တိမ်တိုက်တစ်ခုချင်းစီမှာ လေထဲတွင် ဝဲပျံနေသော တောင်ထိပ်ကြီးများကဲ့သို့ ထင်မှတ်ရပြီး ရွှီရှင်းကို အသက်ရှူရပင် ခက်ခဲစေသော ဖိအားတစ်မျိုး ပေးနေပေသည်။
ထိုမိုးတိမ်များသည် အလွန်နိမ့်ဆင်းနေသဖြင့် လက်လှမ်းမီနိုင်လုနီးပါးပင် ဖြစ်၏။
အုံ့မှိုင်းနေသော်လည်း မိုးကတော့ မရွာသေးပေ။
လေထုမှာ အလွန်စိုထိုင်းနေသဖြင့် အသက်ရှူရသည်မှာ မသက်မသာ ဖြစ်နေကာ၊ မနေ့ကမှ လဲထားသော ဂွမ်းစောင်မှာပင် စိုထိုင်းထိုင်း ဖြစ်နေသကဲ့သို့ ခံစားရသည်။
အိပ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း ကျယ်လောင်သော မိုးခြိမ်းသံကြောင့် နိုးနေကြပြီ ဖြစ်သည်။
ရုတ်တရက် ပြတင်းပေါက်မှတစ်ဆင့် လျှပ်စီးကြောင်းကြီးတစ်ခု ဖြတ်သန်းသွားရာ၊ ရွှီရှင်းသည် သူ၏နားကို လက်နှင့်အမြန်အုပ်လိုက်သည်။
ထို့နောက် ကျယ်လောင်လှသော မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး သူ၏ စိတ်ထဲမှ အိပ်ချင်မူးတူး ဖြစ်နေမှုများမှာ ချက်ချင်း လွင့်စင်သွားတော့၏။
"လျှပ်စီးက ဒီလောက်အထိ နီးတာလား"
ရွှီရှင်း ထိတ်လန့်သွားသည်။
လျှပ်စီးမှာ သူ၏ မျက်စိရှေ့တင် လက်ခနဲ ဖြစ်သွားခြင်း ဖြစ်သည်။
လျှပ်စီးလက်ပြီးနောက် မိုးခြိမ်းသံကြားရသည်မှာ တစ်စက္ကန့်ပင် မပြည့်သဖြင့်၊ အသံ၏ အလျင်အရ တွက်ချက်ကြည့်လျှင် လျှပ်စီးမှာ မီတာ သုံးရာခန့်သာ ကွာဝေးပေသည်။
ဆိုလိုသည်မှာ သူ၏ ခေါင်းပေါ်ရှိ တိမ်တိုက်များသည် သစ်ပင်အိမ်မှ မီတာ သုံးရာထက် မပိုသော အမြင့်တွင် ရှိနေခြင်းပင်။
ဤမျှအထိ နိမ့်သော တိမ်တိုက်များ....။
နောက်ထပ် လျှပ်စီးတစ်ချက် လက်သွားပြန်ရာ ရွှီရှင်းမှာ အလိုလို နားအုပ်လိုက်မိသည်။
ဒုတိယအကြိမ် ကျယ်လောင်သော မိုးခြိမ်းသံကြောင့် တစ်တောလုံးရှိ တိရစ္ဆာန်များမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြ၏။
"မိုးမရွာဘဲ မိုးခြိမ်းနေတာလား"
မှန်ပေသည်။ တိမ်တိုက်များ ထူထပ်ကာ လေထုစိုထိုင်းနေသော်လည်း မိုးတစ်ပေါက်မှ မကျသေးပေ။
နောက်ထပ် လျှပ်စီးတစ်ချက် လက်သွားပြီးနောက်၊ ရွှီရှင်း တုံ့ပြန်ရန်ပင် မမှီလိုက်ပဲ သူ၏ သစ်ပင်အိမ် အမိုးပေါ်မှ အသံကြီးတစ်ချက် မြည်ဟည်းသွားပြီးနောက် မိုးခြိမ်းသံ လိုက်လာသည်။
ဘာဖြစ်တာလဲ..။
ရွှီရှင်း အပေါ်ဆုံးထပ်သို့ အမြန်ပြေးတက်သွားပြီး ဖန်အမိုးမှတစ်ဆင့် ကြည့်လိုက်ရာ၊ သူ တပ်ဆင်ထားသော မိုးကြိုးလွှဲတွင် လျှပ်စစ်စီးကြောင်းများ ရစ်ပတ်နေသည်ကို တွေ့လိုက်ရ၏။
စက္ကန့်အနည်းငယ်အကြာတွင် ထိုစီးကြောင်းများ ပျောက်ကွယ်သွားသည်။
မိုးကြိုးလွှဲက လျှပ်စီးကို စုပ်ယူလိုက်ခြင်း ဖြစ်၏။
သူ၏ သစ်ပင်အိမ်မှာ မိုးကြိုးအပစ်ခံလိုက်ရခြင်းပင်။
နောက်ထပ် နှစ်မိနစ်အတွင်း လျှပ်စီး ငါးချက် ထပ်လက်ရာ၊ သုံးချက်မှာ မိုးကြိုးလွှဲကို ထိမှန်ခဲ့သည်။
အနက်ရောင်ရွှေ ဖြင့် ပြုလုပ်ထားသော မိုးကြိုးလွှဲသည် လျှပ်စီးများကို စုပ်ယူပြီးနောက် အဖြူရောင်ဖျော့ဖျော့ လင်းလက်လာပြီး တစ်ချက်ထိတိုင်း ပိုမိုတောက်ပလာ၏။
"ဒါ အားသွင်းနေတာလား"
ရွှီရှင်း နားလည်သွားသည်။
မိုးကြိုးလွှဲသည် သစ်ပင်အိမ်အတွက် စွမ်းအင်ပေးနိုင်ပြီး၊ ၎င်းပေါ်ရှိ အလင်းရောင်မှာ စွမ်းအင်ပမာဏကို ပြနေခြင်း ဖြစ်ပေလိမ့်မည်။
သူ၏ သစ်ပင်အိမ်မှာ မိုးကြိုးအပစ်ခံရဆုံး ဖြစ်နေသည်မှာလည်း အကြောင်းရှိပေသည်။
သူ၏ သစ်ပင်အိမ်မှာ ပတ်ဝန်းကျင်တွင် အမြင့်ဆုံးဖြစ်ပြီး မိုးကြိုးကို ဆွဲဆောင်နိုင်သည့် တိုင်လည်း ရှိနေသောကြောင့် ဖြစ်၏။
ရွှီရှင်း ရုတ်တရက် သတိရလိုက်သည်မှာ နောက်ဆုံးရရှိခဲ့သော ဆုလာဘ်မှာ သစ်ပင်အိမ်ကို တစ်ထပ်တိုးရန် ဖြစ်သည်။
နိမ့်သော သစ်ပင်အိမ်ပင်ဖြစ်စေ၊ တစ်ထပ်တိုးလိုက်သည်နှင့် တောအုပ်အတွင်း အမြင့်ဆုံးသစ်ပင်များထဲမှ တစ်ပင် ဖြစ်လာကာ မိုးကြိုးကို ဆွဲဆောင်တော့မည် ဖြစ်သည်။
ဘုရားရေ... အစီအစဉ်ရဲ့ ဆုလာဘ်တွေထဲမှာတောင် ထောင်ချောက်တွေ ပါနေတာပဲ။
ထို့ပြင် စူးစမ်းရှာဖွေသူများ အဖွဲ့ရှိ လူတိုင်းမှာလည်း အဆင့်မြင့် သစ်ပင်အိမ်များ ရှိကြရာ၊ ၎င်းတို့မှာလည်း မိုးကြိုးဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပေလိမ့်မည်။
---
အခန်း ၁၁၅ ပြီး။