← Chapters

အရပ်မြင့်မြင့်နှင့်လူ

Vol. 4 Ch. 305

အရပ်မြင့်မြင့်နှင့်လူ

Vol. 4 Ch. 305

အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျို ထွက်ခွာသွားပြီ ဖြစ်လေသည်။

ဆန်းလျန်က သူမနောက်သို့ လိုက်သွားခြင်း မရှိပါ။ ဆန်းလျန် အတွက်တော့ ထိုကဲ့သို့သော မိန်းကလေးမျိုးက သိပ်ပြီး အရေးပါခြင်း မရှိပေ။

ယခုအချိန်တွင် ဆန်းလျန်သည် လောက နတ်ဘုရားများနှင့် ရွှေခန္ဓာရသည် အထိ ကျင့်ကြံထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှ လွဲပြီး မည်သူမျှ အရေးစိုက်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ တန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်သူများမှာ ထိုသူများသာ ရှိတော့သောကြောင့် ဖြစ်လေသည်။

ဆန္ဒမဲ့ ဝါးပင်ဆိုသည်မှာ ကျိကျိုက်သီလရှင် ကျောင်းမှ မှော်ဝင်ပစ္စည်း ဖြစ်လေသည်။ အစိမ်းနုရောင်ဝတ် မိန်းမပျို ကိုင်ဆောင် ထားသည့် ပန်းခြင်းလေးမှာ ဆန္ဒမဲ့ဝါးပင်၏ ဝါးခက်များဖြင့် ပြုလုပ်ထားသည့် ဝါးခြင်းလေး တစ်ခု ဖြစ်လေသည်။

ကျိကျိုက်သီလရှင် ကျောင်းသည် သမိုင်းကြောင်း ကောင်းသည့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။

ထိုကျောင်းတော်မှ လောကနတ်ဘုရား တစ်ပါး ပေါ်ထွက် ဖူးခဲ့လေသည်။ ထိုနတ်ဘုရားသည် ကွမ်ယင် ခန္ဓာရရှိသည် အထိ ကျင့်ကြံ အောင်မြင်ခဲ့ပြီး ဆန္ဒမဲ့ ဝါးပင်မှ ဝါးခက်များဖြင့် ဝါးခြင်းတောင်းလေး တစ်ခုကို ပြုလုပ်ခဲ့လေသည်။

ယခု အစိမ်းရောင်ဝတ် မိန်းမပျို ကိုင်ဆောင်ထားသည့် ပန်းခြင်းတောင်းလေးမှာ ထိုနတ်ဘုရား ပြုလုပ်ခဲ့သည့် ဝါးခြင်းတောင်း လေးပင် ဖြစ်လေသည်။

ကျိကျိုက်သီလရှင် ကျောင်းမှ ဝါးခြင်းတောင်းလေးသည် အဘယ့်ကြောင့် အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျို၏ လက်အတွင်းသို့ ရောက်ရှိ နေရပါသနည်း။ မိန်းမပျို၏ အရည်အချင်းနှင့် ဆိုလျှင်တော့ ကျိကျိုက် သီလရှင် ကျောင်းအထိ သွားကာ ဝါးခြင်းတောင်းလေးကို ခိုးယူနိုင်မည် မဟုတ်ပေ။ ကျောက်စိမ်းဘုရား ဟွမ်ကျီပင်လျှင် ထိုသို့ ခိုးယူရဲမည် မဟုတ်ပေ။

ကြည့်ရသည်မှ ကျိကျိုက်သီလရှင် ကျောင်းမှ လူ့လောကသို့ ထွက်ခွာလာသည့် တပည့် တစ်ယောက်ဆီမှ ဝါးခြင်းတောင်းလေးကို ခိုးယူထားခြင်း ဖြစ်ပုံရလေသည်။ ထိုတပည့်ကိုလည်း ဟွမ်ကျီ ကိုယ်တော်က ဖမ်းဆီး ထားပုံရလေသည်။

ကျိကျိုက်သီလရှင် ကျောင်းမှ သီလရှင်ဆရာ လျို့ချင်းရှင်းထိုင်မှာ ဆန်းလျန်၏ ဆရာဘွားဘွား ကျိလင် နတ်သမီးနှင့် မိတ်ဆွေများ ဖြစ်ကြလေသည်။ တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းဆွယ်မှ မိန်းကလေးငယ် ချီးရှိုးကိုပင် ဆရာဘွားဘွား ကျိလင်က လျို့ချင်းရှင်း ထိုင်ဆီတွင် တပည့်အဖြစ် အပ်နှံ ထားခဲ့ဖူးလေသည်။ ထို့ပြင် ဆရာဘွားဘွား ကျိလင်သည် ယန်ရွှီးကို ရင်ဆိုင်ရန် အတွက် လျို့ချင်းရှင်း ထိုင်ဆီမှ ဆန္ဒမဲ့ ဝါးပင်များကို ယူသွားခဲ့ဖူး လေသည်။ ထို့ကြောင့် ကျိကျိုက်သီလရှင် ကျောင်းမှ  တပည့် တစ်ယောက် ဒုက္ခရောက် နေသည်ကို ဆန်းလျန် အနေဖြင့် လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။

သို့သော် ယခုတော့ သူက လူတစ်ယောက်ကို စောင့်ရဦးမည် ဖြစ်လေသည်။ သူက ထိုသူကို စားသောက်ဆိုင်လေးထဲတွင် ထိုင်စောင့်နေခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်….

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် စားသောက်ဆိုင် အတွင်းသို့ ဝတ်ရောက် လာလေသည်။ သူမက ပုဝါဖြူတစ်စကို ဦးခေါင်းထက်တွင် ခြုံထားသည့် အတွက် သူမ၏ မျက်နှာကို မြင်တွေ့ရခြင်း မရှိပေ။ သို့သော် သူမ၏ ခန္ဓာကိုယ်ကတော့ အလွန်မှ လှပလွန်းလေသည်။

မိန်းမပျိုက စားသောက်ဆိုင် အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာပြီး ဆန်းလျန် ဘေးတွင် ဝင်ထိုင် လိုက်လေသည်။ လှပလွန်းသည့် ကျီမော့တောင်ကြီးနှင့် သာယာလွန်းသည့် ကန်ရေပြင်သည် ပင်လျှင် သူမ၏ အလှတရားကို မီခြင်းငှာ မတတ်နိုင်ကြပေ။

သူမက ဦးခေါင်းထက်တွင် ခြုံထားသည့် ပုဝါဖြူကို အသာ ဖယ်ရှား လိုက်လေသည်။ သူမသည် အခြားသူ မဟုတ်။ ကျောက်ရှောင်ယွီပင် ဖြစ်လေသည်။

သူမက ပြုံးလိုက်ရင်း…

“ကြည့်ရတာ ကျွန်မတော့ လူရွေးမှန် သွားပြီထင်တယ်၊ ရှင့်အတွက်တော့ ကျီမော့တောင်ထိပ်က လူတွေဟာ ပုံရိပ်ယောင်တွေပဲ မဟုတ်လား"

“မင်း တကယ် ဒဏ်ရာ ရထားတာပဲ”

ဆန်းလျန်က မျက်ခုံးများ အနည်းငယ် တွန့်ချိုးကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

ကျောက်ရှောင်ယွီ၏ ကျင့်စဉ်လမ်း အဆင့်အတန်းမှာ အလွန်အဆင့်မြင့် နေပြီး နတ်ဘုရား တစ်ပါး ဖြစ်လာရန်အတွက် ခြေတစ်လှမ်းခန့်သာ လိုတော့လေသည်။ သူမ ကဲ့သို့သော လူမျိုး ဒဏ်ရာ ရထားသည်မှာ ယုံနိုင်စရာပင် မရှိပေ။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ရှင် အခုလို ဂရုတစိုက်နဲ့မေးတော့ ဒဏ်ရာ ရတာကိုတောင် ကျေးဇူးတင် ရတော့မလိုပဲ၊ ကျွန်မရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်ပါစေ ရှင့်စကား တစ်ခွန်းနဲ့တင် အရမ်းပျော်နေပါပြီ"

ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်လေသည်။

“မင်းရဲ့ဒဏ်ရာက မပြင်းထန်ပါဘူး၊ ဒါပေမဲ့ မင်းအချိန် အတိုင်းအတာ တစ်ခုအထိ အနားယူဖို့တော့ လိုတယ်၊ ဒါမှ မင်းရဲ့ဒဏ်ရာက ပြန်သက်သာလာမှာ၊ ပြီးတော့ မင်းဒီလို ဒဏ်ရာ ရထားတာတောင် လောဝါဒရဲ့ သူတော်စင် မိန်းမပျိုနေရာကို ရယူဖို့ တိုက်ခိုက် ဦးမလို့လား”

“ဒါပေါ့၊ ဘာလို့ မတိုက်ခိုက်ဘဲနေရမှာလဲ၊ ကျွန်မ လော်ဝါဒရဲ့သူတော်စင်မိန်းမပျိုဖြစ်လာဖို့ ရှင်လည်း ကူညီမှာပဲ မဟုတ်လား”

ကျောက်ရှောင်ယွီက သူမ၏ နှုတ်ခမ်းလေးကို တစ်ချက်ကိုက်ကာ ဆိုလိုက်သည်။ သူမ၏ နှုတ်ခမ်းလေးမှာ နှင်းဆီငုံလေး အလား လှပ လွန်းလှလေသည်။ သူမ၏ မျက်မှောင်လေးများက အနည်းငယ် ကြုတ်ထားသည့် အတွက် နွယ်ပင်လေးများ အလားပင် ထင်ရလေသည်။ ပုရိသ အပေါင်းကို ဆွဲဆောင် နိုင်လွန်းသည့် မျက်နှာ အမူအရာလေးပင် ဖြစ်လေသည်။

“ကူညီမှာပေါ့ဗျာ၊ ဘာလို့ ဒီလိုမေးရတာလဲ”

ဆန်းလျန်ရင်ထဲတွင် ထူးဆန်းမှု တစ်ခုကို ခံစား လိုက်ရလေသည်။

“ဘာလို့လဲဆိုတော့ အခု ကျွန်မတို့မှာ ရန်သူရှိနေပြီ၊ ထျန်းဝိုက်ထျန်းက လူတွေကို ကျွန်မကို သတ်ဖို့ ဘယ်သူက ငှားခဲ့တာလဲ ရှင်သိလား၊ အဲဒါ ချင်းယင်းဆိုတဲ့ မိန်းမပဲ”

“မင်းတို့ နှစ်ယောက်က အစကတည်းက ပြိုင်ဘက်တွေပဲ မဟုတ်ဘူးလား၊ ကျုပ်ခန့်မှန်း မိသလောက် မင်းကို ယှဉ်နိုင်တဲ့သူက သူပဲရှိတယ်လေ”

ဆန်းလျန် ပြောလိုက်လေသည်။

ဆန်းလျန်သည် သူတော်စင် မိန်းမပျိုချင်းယင်းကို ကောင်းစွာ သိရှိလေသည်။ သူမ၏ ကျင့်စဉ်လမ်း အဆင့်အတန်း ကိုလည်း ခန့်မှန်း မိထားလေသည်။ သူမ၏ လက်အောက်တွင် အဆင့်မြင့် ကျင့်ကြံသူပေါင်း များစွာကို ထိန်းချုပ်ထားပြီး သူမကို ဆန့်ကျင်ရဲသည့်သူ မရှိပေ။

“အမှန်ပဲ၊ ဟုန်ယန်ကျီနဲ့ ဟွမ်ကျီ ကိုယ်တော်တို့က အဲဒီ ချင်းယင်းဆိုတဲ့ မိန်းမနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး၊ အလကား လူတွေပဲ၊ ပြီးတော့ အဲဒီမိန်းမက သတ်သတ်လွတ်စားတဲ့ သူတော်စင်လည်း မဟုတ်ဘူး၊ ဟွန်း သူ့ရင်ပတ်ပေါ်မှာ အသားစားလွန်းလို့ မှဲ့တွေ ဘယ်နှလုံးရှိလဲ ဆိုတာတောင် ကျွန်မ သိထားသေးတယ်”

ကျောက်ရှောင်ယွီက နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောလိုက်လေသည်။

“လိုရင်းကိုပဲ ပြောစမ်းပါ ရှောင်ယွီရယ်”

ဆန်းလျန်က ပြောလိုက်သည်။

“ဘာလဲ၊ ကျွန်မရဲ့ ဆန်းဂိုဏ်းချုပ်က သူ့ရင်ပတ်မှာ မှဲ့ဘယ်နှလုံး ရှိလဲဆိုတာ မသိချင်ဘူးလား”

ကျောက်ရှောင်ယွီက အလွန်လှပသည့် ပန်းလေး တစ်ပွင့်အလား ပြုံးရင်း မေးလိုက်လေသည်။

ဆန်းလျန်လည်း ပြုံးလိုက် မိလေသည်။

“သူ့ရင်ပတ်မှာ မှဲ့ဘယ်လောက် ရှိလဲ ကျုပ် မသိချင်ပါဘူးဗျာ၊ ဒါပေမဲ့ မင်းရဲ့ အကြောင်းတွေကိုတော့ ကျုပ်သိချင် မိပါတယ်ဗျာ”

ဆန်းလျန်၏ စကားမဆုံးမီမှာပင် ကျောက်ရှောင်ယွီက သူမ၏ လက်ချောင်း လေးများဖြင့် ဆန်းလျန်၏ နှုတ်ခမ်းကို ထိလိုက်ကာ ဆန်းလျန် စကား ပြောနေသည်ကို တားဆီး လိုက်လေသည်။ သို့သော် သူမက သာမန် တားဆီးလိုက်ခြင်း မဟုတ်ပါ။ ဝူရှန်သိုင်းကွက်ကို အသုံးပြုကာ တားဆီး လိုက်ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်က ကျောက်ရှောင်ယွီ၏ ဝူရှန်သိုင်းကွက်ကို ပျောက်ကွယ် သွားအောင် အသာလေးပင် တွန်းလှန် လိုက်လေသည်။ သူမ၏ သိုင်းကွက်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး ဆန်းလျန် အပေါ်တွင် သက်ရောက်မှု မရှိတော့ပေ။

ကျောက်ရှောင်ယွီမှာ အံ့သြ မှင်တက် သွားရလေသည်။ သူမက ဆန်းလျန်၏ တန်ခိုးစွမ်းအားမှာ ထိုမျှ မြင့်မားနေလိမ့် မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ကျောက်ရှောင်ယွီ၏ မျက်နှာမှာ ချက်ချင်း တည်ကြည် လေးနက်သွားလေသည်။

“တော်ပြီ၊ နောက်ပြောင် မနေတော့ဘူး၊ တကယ်တော့ ချင်းယင်းက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကပဲ၊ အဲဒီမိန်းမ လော်ဝါဒရဲ့ သူတော်စင် မိန်းမပျို နေရာကို လိုချင်တာ အကြောင်း တစ်ခုတော့ ရှိရမယ်၊ ဘယ်လို အကြောင်းမှန်း မသိပေမယ့် ကောင်းတဲ့ အချက်တော့ မဖြစ်နိုင်ဘူး၊ အထူးသဖြင့် ရှင့်အတွက်ရောပေါ့”

ကျောက်ရှောင်ယွီ၏ စကားကြောင့် ဆန်းလျန်၏ မျက်နှာ အမူအရာ ပြောင်းလဲ သွားလေသည်။

“ဒါ အမှန်ပဲလား”

“ဒီလို ကိစ္စမျိုးကို ကျွန်မက ရှင့်ကို လိမ်ပြောစရာလား"

ကျောက်ရှောင်ယွီက ပြန်ပြောလိုက်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီကို နူးညံ့စွာ ကြည့်လိုက်ပြီး…

“စိတ်မပူပါနဲ့၊ လော်ဝါဒရဲ့ သူတော်စင် မိန်းမပျိုဆိုတာ မင်းပဲ ဖြစ်လာရမှာပါ”

ဆန်းလျန်က ထိုစကားကို လေးလေးနက်နက် ပြောလိုက်ခြင်းမျိုးတော့ မဟုတ်ပါ။ သို့သော် ထိုစကားက ကျောက်ရှောင်ယွီ သာလျှင် လော်ဝါဒ၏ သူတော်စင် မိန်းမပျိုနေရာနှင့် ထိုက်တန်သည်ဟု အသိအမှတ်ပြုလိုက် သကဲ့သို့ ဖြစ်လေသည်။

ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့် နေလေသည်။ ဆန်းလျန်ပြောသည့် စကား၏ အဓိပ္ပာယ် အတိမ်အနက်ကို သူမ သဘောပေါက်လေသည်။ ဆန်းလျန်သည် ပြောလျှင် ပြောသည့်အတိုင်း ဖြစ်အောင် လုပ်တတ်သည့် လူစားမျိုး ဖြစ်လေသည်။

ဆန်းလျန်သည် လူအများ ခိုလှုံ အားကိုးချင်စရာ ကောင်းလောက်သည့်၊ အရိပ်အာဝါသကို ပေးနိုင်သည့် သစ်ပင်ကြီး တစ်ပင်ကဲ့သို့သော လူသားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမခံစား လိုက်ရလေသည်။ ထိုတစ်နေ့သည် မည်သည့်အချိန်တွင် ရောက်ရှိ လာမည်လဲ သူမ မခန့်မှန်းတတ်ပါ။ သို့သော် သူမအတွက်တော့ ဆန်းလျန်ကို အမီ လိုက်နိုင်ရန်မှာ အလွန်မှ ခဲယဉ်းသွားပြီ ဖြစ်လေသည်။

ဟွမ်ကျီဂိုဏ်း၏ အမည်မှာ တကယ်တော့ ဟွမ်ကျီ ဂိုဏ်းမဟုတ်ပါ။ သို့သော် ကျောက်စိမ်း ဘုရားဟွမ်ကျီ ဂိုဏ်းချုပ် ဖြစ်လာပြီးသည့် နောက်ပိုင်း ဟွမ်ကျီဂိုဏ်းဟု အမည် ပြောင်းလိုက်ခြင်းပင် ဖြစ်လေသည်။

ဟွမ်ကျီဂိုဏ်းသည် ကျီမော့တောင်၏ တစ်နေရာတွင် တည်ရှိလေသည်။

ဟွမ်ကျီ ခန်းမဆောင် အတွင်းရှိ ကြာပလ္လင်ထက်တွင် ဟွမ်ကျီကိုယ်တော် ထိုင်နေလေသည်။ ဟွမ်ကျီ ကိုယ်တော်သည် အရပ်ခြောက်ပေကျော် မြင့်မားသည့်အပြင် ခန္ဓာကိုယ်မှာလည်း ရွှေရောင်များ တောက်ပ နေလေသည်။ သူ့ကို ကြည့်ရသည်မှာ ဗောဓိသကျ၏ တပည့်သာဝက တစ်ဦး လူ့ပြည်သို့ ဆင်းသက် လာသည်နှင့်ပင် ဆင်တူလေသည်။

ထိုအချိန်မှာပင် အစိမ်းနုရောင် ဝတ်ဆင်ထားသည့် မိန်းမပျိုသည် ခန်းမအတွင်းသို့ ဝင်ရောက် လာလေသည်။ သူမက ဟွမ်ကျီ ကိုယ်တော်ကို ဒူးထောက် ဂါရဝ ပြုလိုက်သည်။

ဟွမ်ကျီ ကိုယ်တော်က သွားများပေါ်သည် အထိ ပြုံးရယ်လိုက်ရင်း…

“သူတော်စင်မလေး၊ ထပါ ထပါ၊ အခြေအနေကော ဘယ်လိုရှိလဲ”

“ကျွန်မ ချန်းယင်းကျီကို ဖမ်းလာခဲ့တယ်၊ ဒါပေမဲ့ ဆရာ့ကို ပြောစရာတစ်ခုရှိပါတယ်”

အစိမ်းနုရောင်ဝတ် မိန်းမပျိုက လေးလေးစားစားဖြင့်ပင် စကားဆိုသည်။

“ဘာများလဲ၊ ချန်းယင်းကျီကို ဖမ်းရင်းနဲ့ ပြဿနာ တစ်ခုခုများ ဖြစ်ခဲ့လို့လား”

“ဟုတ်ပါတယ်၊ ချန်းယင်းကျီကို ဖမ်းရင်းနဲ့ တန်ခိုးစွမ်းအား အရမ်းမြင့်မားတဲ့ ဆရာသခင် တစ်ပါးနဲ့ ဆုံခဲ့တယ်၊ သူက ကျွန်မရဲ့ ပန်းခြင်းတောင်းလေးက ဆန္ဒမဲ့ဝါးပင်က ဝါးခက်နဲ့ ပြုလုပ်ထားတဲ့ ဝါးခြင်းတောင်း မဟုတ်လားလို့တောင် မေးခဲ့သေးတယ်”

မိန်းမပျိုက ပြန်ပြောလိုက်သည်။

သူမက စကားဆုံး သွားသည်နှင့် သူမက ဟွမ်ကျီ ကိုယ်တော်၏ မျက်နှာကို တစ်ချက် အကဲခတ် လိုက်သည်။

ဟွမ်ကျီ ကိုယ်တော်၏ မျက်နှာသည် ဆန္ဒမဲ့ ဝါးပင်ဟူသော အမည်ကို ကြားရသည့်တိုင် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။

“အဲဒီ လူက အရပ်မြင့်မြင့်နဲ့လား”

“ကျွန်မ သိပ်ပြီး သတိ မထားလိုက်မိဘူး၊ ချန်းယင်းကျီကို ခေါ်ပြီး အမြန် ထွက်လာခဲ့တာ၊ သူ့ကို ကြည့်ရတာ ရန်ပြုချင်တဲ့ပုံ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ သူက ကျွန်မနောက်ကို လိုက်မလာခဲ့ဘူးလေ”

မိန်းမပျိုလေးက သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။

ဟွမ်ကျီ ကိုယ်တော်က သက်ပြင်း တစ်ချက်ချလိုက်ရင်း …

“သူက မင်းနောက်ကို လိုက်လာတာပေါ့၊ သူက အခု ဒီကိုတောင် ရောက်နေပြီ”

အစိမ်းနုရောင်ဝတ် မိန်းမပျိုမှာ ဟွမ်ကျီ ကိုယ်တော်၏ စကားကြောင့် အံ့သြမှင်တက် သွားရလေသည်။

ဟွမ်ကျီ ကိုယ်တော်က လက်အုပ်ချီ လိုက်ပြီး…

“မိတ်ဆွေ၊ ရောက်လာမှတော့ အထဲကို ကြွပါ”

သူ၏အသံက ကျယ်လောင်ပြီး သြဇာ အပြည့် ရှိလေသည်။ အဝေးမှ ကြားရသူများ အဖို့ ကြည်ညိုဖွယ်ရာဟု မှတ်ယူမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ကျုပ် ရှီးဟွမ်နယ်ဆိုးမှာ အချိန်လေး နည်းနည်းလောက် ဖြုန်းခဲ့တုန်းက ခင်ဗျားရဲ့ အမည်ကို ကြားဖူးခဲ့တာပါ ဟွမ်ကျီ၊ ခင်ဗျားက မိစ္ဆာဂိုဏ်းက ဆိုပေမယ့် ထိပ်တန်း ဆရာသခင်တွေ ထဲမှာ တစ်ယောက် အပါအဝင်ပါပဲ၊ ခင်ဗျားနဲ့ တွေ့ချင်နေခဲ့တာ ကြာပါပြီလေ”

အသံနှင့်အတူ အစိမ်းရောင်ဝတ် ဆင်ထားသည့် လူငယ်တစ်ယောက် ဟွမ်ကျီခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာ လေသည်။ ဟွမ်ကျီဂိုဏ်းတွင် ဟွမ်ကျီ ကိုယ်တော်၏ တပည့်ပေါင်းများစွာ ရှိလေသည်။ ထို့ပြင် တန်ခိုးစွမ်းအား အရံအတား ဆယ်ခုကိုလည်း ပြုလုပ်ထားသေးသည်။

သို့သော် လူငယ်ကတော့ မည်သည့်ကိုမှ ဂရုမစိုက်သည့် ပုံစံဖြင့် အေးအေး သက်သာပင် ခန်းမ အတွင်းသို့ ဝင်ရောက် လာလေသည်။

သူက ဟွမ်ကျီ ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာပြီး ဟွမ်ကျီ ကိုယ်တော်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံလိုက်သည်နှင့် ခန်းမဆောင် အတွင်းရှိ လေထုထဲတွင် မီးပွားလေးများ တောက်ပ လွင့်စဉ်သွားလေသည်။

ဟွမ်ကျီကိုယ်တော်က တည်ကြည် လေးနက်သည့် လေသံဖြင့်…

“မိတ်ဆွေလေး၊ မင်းက ကျင့်စဉ်လမ်းမှာ အတော်အဆင့်မြင့်နေပြီပဲ၊ မင်းကျုပ်ကို တွေ့ချင်တယ် ဆိုရင်လည်း တိုက်ရိုက် လာတွေ့လို့ ရပါတယ်ဗျာ၊ ခုလို ကျုပ်ရဲ့ သူတော်စင်မလေး နောက်ကို လိုက်လာတာတော့ မသင့်တော်ပါဘူး”

သို့သော် အစိမ်းရောင်ဝတ် မိန်းမပျိုလေးက ဟွမ်ကျီ ကိုယ်တော်ကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ကာ ချက်ချင်း သတင်း ပို့လိုက်လေသည်။

“ဆရာ၊ ကျွန်မ ပြောတာ ဒီလူမဟုတ်ဘူး”

သူမ၏ သတင်းပို့သံကြောင့် ဟွမ်ကျီကိုယ်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရလေသည်။

သို့သော် သူက ချက်ချင်းပင် ရယ်မောလိုက်ပြီး…

“ဘာလို့ ဒီကို ရောက်လာရတာလဲ မိတ်ဆွေလေး၊ ပညာပြိုင်ချင်လို့လား၊ ကျုပ်ရဲ့ ကြမ်းတမ်းတဲ့ တန်ခိုး စွမ်းအားတွေကြောင့် မင်းဒဏ်ရာ ရသွားမှာ စိတ်ပူမိပါတယ်”

ဟု ဟွမ်ကျီ ကိုယ်တော်က ပြောလိုက် လေတော့သည်။

***

All Chapters