လောကဓမ္မကို နားလည် သဘောပေါက်ခြင်း
Vol. 4 Ch. 306
အစိမ်းရောင်ဝတ် လူငယ်က ဟွမ်ကျီ ကိုယ်တော်ကို စိုက်ကြည့်လိုက်ရင်း…
“ကျုပ်က သင်ယူဖို့ ရောက်လာတာပါ၊ တခြားအကြောင်းထူး မရှိပါဘူး၊ ခင်ဗျားက သိပ်ကို ဂုဏ်သတင်းကြီးတဲ့ သူပဲနော် ဟွမ်ကျီ၊ ဒီတော့ ကျုပ်နဲ့ တိုက်ခိုက် ရမယ်ဆိုလည်း ကြောက်နေမှာ မဟုတ်ဘူးမလား"
ဟွမ်ကျီ ကိုယ်တော်က တစ်ချက် ပြုံးလိုက်ရင်း….
“သူတော်စင်မလေး၊ အပြင်ကို ခဏ ထွက်သွားပေးပါဦး၊ ကျုပ်က ဒီက မိတ်ဆွေလေးရဲ့ အစွမ်းကို စမ်းသပ် လိုက်ဦးမယ်”
သူတော်စင် မိန်းမပျိုသည် ဟွမ်ကျီ ကိုယ်တော်ကို ဦးညွှတ် အရိုအသေ ပေးလိုက်ပြီး ခန်းမဆောင် အတွင်းမှ ကျက်သရေ ရှိလွန်းသည့် ခြေလှမ်းများဖြင့် ထွက်ခွာ သွားလေသည်။ အစိမ်းရောင်ဝတ် လူငယ်နှင့် ဟွမ်ကျီကိုယ်တော် သာလျှင် ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့ကြလေသည်။
ထိုအစိမ်းရောင်ဝတ် လူငယ်မှာ အလွန်ထူးဆန်းပြီး တန်ခိုးစွမ်းအားလည်း ကြီးမားကြောင်း မိန်းမပျိုက ရိပ်မိ လိုက် လေသည်။ သို့သော် စားသောက်ဆိုင်ထဲတွင် သူမနှင့် ဆုံတွေ့ခဲ့သည့် လူငယ်လေးလောက်တော့ ကြောက်စရာ ကောင်းခြင်း မရှိပေ။ မိန်းမပျိုလေးသည် စားသောက်ဆိုင် အတွင်းမှ ဆယ်ကျော်သက်လေး အလား ငယ်ရွယ်လွန်းသည့် လူငယ်ကို သတိရလိုက် မိလေသည်။
ဟွမ်ကျီ ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေလေသည်။ လေတစ်ချက်ပင် တိုက်ခိုက်ခြင်း မရှိသည့်အလား တိတ်ဆိတ်နေခြင်း ဖြစ်လေသည်။
“မိတ်ဆွေလေး၊ လက်နက် ထုတ်လိုက်ပါ၊ မင်းကြိုက်တဲ့ တန်ခိုးစွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်ပါ”
ဟွမ်ကျီ ကိုယ်တော်က ပြောလိုက်လေသည်။
ထိုသို့ ပြောလိုက်သည်မှာ အကြောင်း ရှိလေသည်။ သူက အစိမ်းရောင်ဝတ် လူငယ်၏ ဇာစ်မြစ်ကို သိရှိခြင်း မရှိပေ။ ဟွမ်ကျီ ကိုယ်တော်က တိုက်ခိုက်ခြင်း မပြုမီ လူတစ်ယောက်၏ တန်ခိုးစွမ်းအားကို လေ့လာ ထားတတ်လေသည်။ ထိုအခါမှသာ ထိုသူ၏ အားနည်းချက်ကို သိမြင်ကာ အသုံးချနိုင်မည် ဖြစ်လေသည်။ ဤသည်မှာ ဟွမ်ကျီဖူ၏ ဗျူဟာပင် ဖြစ်လေသည်။
အစိမ်းရောင်ဝတ် လူငယ်က အေးအေး ဆေးဆေးပင် ရှိနေလေသည်။
“ကျုပ်က ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်ပါ၊ ဒါပေမဲ့ ကျုပ်က ဓားသမားတစ်ယောက်နဲ့ ဆုံမိပြီး ဓားသိုင်းဆက် မကျင့်တော့ဘူး၊ ဘာလို့လဲဆိုတော့ သူ့လိုအဆင့်မျိုး ကျုပ်ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်လို့ပဲ၊ ဒါကြောင့် အင်းပညာကို လေ့လာ လိုက်စားခဲ့တယ်၊ ဒါပေမဲ့ ကျုပ်မိတ်ဆွေ တစ်ယောက်က ကျုပ်ထက် သာသွားခဲ့တယ်၊ သူက စိတ်က တွေးလိုက်ရုံနဲ့ တင် ဖန်ဆင်းပြီးသား ဖြစ်သွားတဲ့ အထိ တော်လွန်းတယ်၊ ကျုပ်မိတ်ဆွေကို ကျုပ်ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုတာ သိလိုက်ရတယ်၊ ကြည့်ရတာ ဘယ်ပညာမှာ မဆို ကိုယ့်ထက် သာတဲ့ သူက ရှိနေ သလိုပဲ၊ ဒါနဲ့ပဲ ဘာကိုမှ ဂရုမစိုက်ဘဲ သိုင်းပညာပဲ လေ့ကျင့် နေလိုက်တယ်၊ အခု ဆယ်နှစ်တောင် ရှိခဲ့ပြီ၊ ဒီနေ့ ဒီအချိန်အထိ ဘယ်သူ့ကိုမှ မတိုက်ခိုက် ဖူးသေးဘူး၊ ဒီတော့ ဘာလက်နက် သုံးရမယ်မှန်းလည်း မသိဘူး”
အစိမ်းရောင်ဝတ် လူငယ်က ပြောလိုက်လေသည်။
အစိမ်းရောင်ဝတ် လူငယ်၏ စကားရှည်ကြီးကို ဟွမ်ကျီ ကိုယ်တော်က စိတ်ရှည်လက်ရှည် နားထောင် နေလေသည်။ သူက ထိုလူငယ်ကို ဝိညာဉ် စွမ်းအားဖြင့် ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။ သို့သော် ထိုလူငယ်၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည့် တန်ခိုးစွမ်းအားများမှာ မီးခိုးငွေ့များကဲ့သို့ ဖြစ်နေပြီး ဖမ်းဆုပ်ရန် ခက်ခဲ လွန်းလှလေသည်။
အစိမ်းရောင်ဝတ် လူငယ်မှာ ထူးဆန်းသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားခြင်း ဖြစ်နိုင်လေသည်။ သူ၏ တန်ခိုး စွမ်းအားများကို ဟွမ်ကျီ ကိုယ်တော်မှာ မည်သို့မျှ အာရုံခံ၍ မရပေ။ ဟွမ်ကျီ ကိုယ်တော်မှာ လူငယ်ကို ခန့်မှန်းရ ခက်နေ လေတော့သည်။
ဟွမ်ကျီဖူသည် အစိမ်းရောင်ဝတ် လူငယ်ကို အထင်မသေးဝံ့တော့ပေ။
သူက တစ်ချက် ရယ်မောလိုက်ရင်း…
“မိတ်ဆွေလေး၊ မင်းက လက်နက်တွေ သုံးလေ့ မရှိဘူးကိုး၊ ဒါဖြင့် ကျုပ်က လက်သိုင်းတွေ၊ ခြေသိုင်းတွေနဲ့ တိုက်ခိုက်မယ် ဆိုရင်ရော၊ အကန့်အသတ် တစ်ခုနဲ့ တိုက်ခိုက်ကြမယ်၊ ဒါမှ ကျုပ်တို့ ဆက်ဆံရေးလည်း မထိခိုက်ဘူးပေါ့၊ မင်းဘယ်လို သဘောရသလဲ”
ဟွမ်ကျီကိုယ်တော်၏ ခန္ဓာကိုယ်ကြီးမှာ တောင်ကြီးတစ်တောင် အလား ကြီးမားလာလေသည်။
ဟွမ်ကျီကိုယ်တော်သည် ရယ်မောနေသည့် ကိုယ်တော်ဟု လူသိများသည့် “ပုတိုက်ကိုယ်တော်” ကဲ့သို့ပင် ဖြစ်လေသည်။ သူက ရယ်မော ပျော်ရွှင်လေ ပိုပြီး ရက်စက် ကြမ်းကြုတ်သူ ဖြစ်လေသည်။
(ပုတိုက်ကိုယ်တော် = Laughing Buddha ကိုပြောတာပါ)
တစ်ချိန်က သူ၏ ဂိုဏ်းတူ ညီငယ်ဖြစ်သူ ဟုန်ယန်ကျီကို ရေကန်ထဲသို့ တွန်းချ ခဲ့စဉ်ကလည်း သူက ထိုသို့ပင် ရယ်မော ခဲ့လေသည်။
“တာအိုရောင်းရင်း ဟွမ်ကျီ၊ ဟိုဟိုဒီဒီတွေ လျှောက်မပြောနေနဲ့တော့၊ မင်းကြိုက်တဲ့ ပညာနဲ့သာ ကျုပ်ကို စပြီး တိုက်ခိုက်ပါ”
အစိမ်းရောင်ဝတ် လူငယ်က ပြုံးရင်း ပြောလိုက်လေသည်။
သူ့ကိုကြည့်ရသည်မှာ အလွန်မှ တည်ကြည် နေလေသည်။ ထို့ကြောင့်ပင် ခန့်မှန်းရ ခက်နေရခြင်း ဖြစ်လေသည်။
ဟွမ်ကျီ ကိုယ်တော်က ဂါထာ တစ်ပုဒ်ကို ရွတ်ဆို လိုက်လေသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် အသားတုံးကြီး တစ်ခုအလား ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ ထိုသို့ ဖြစ်ရသည်မှာ သူလှုပ်ရှားလိုက်သည့် အရှိန်က လျင်မြန်လွန်းသည့် အတွက် အရိပ်ထင် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
ဟွမ်ကျီ ကိုယ်တော်က လက်သီးချက် တစ်ချက်ကို လေထဲသို့ ပစ်လွှတ် လိုက်လေသည်။ လက်သီးချက်၏ စွမ်းအား ကြီးမားမှုကြောင့် ပတ်ဝန်းကျင် လေထုထဲတွင်ပင် နဂါးဟိန်းသံကြီး ထွက်ပေါ် လာလေသည်။ ဟွမ်ကျီခန်းမဆောင် တစ်ခုလုံးမှာ ရွှေရောင် အလင်းတန်းများဖြင့် တောက်ပ လင်းထိန် သွားလေသည်။
လေထဲတွင် နဂါးတစ်ကောင် ပေါ်လာလေသည်။
“ဟွမ်ကျီတန်ခိုးစွမ်းအား” မှာ ရွှေခန္ဓာကျင့်စဉ်ကို မယှဉ်နိုင်သည့်တိုင် အလွန်မှ စွမ်းအား ထက်မြက်သည့် ရုပ်ခန္ဓာ ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ဟွမ်ကျီ တန်ခိုး စွမ်းအားကို ကျင့်ကြံ အောင်မြင်သွားလျှင် အတိုင်းအဆ မရှိသည့် တန်ခိုး စွမ်းအားများကို ရရှိမည် ဖြစ်လေသည်။
သူ၏ လက်သီးချက်မှာ နဂါးတစ်ကောင် အလား အရှိန်အဟုန် ပြင်းထန်စွာဖြင့် အစိမ်းရောင်ဝတ် လူငယ်ထံသို့ ပျံသန်း ဝင်ရောက် သွားလေသည်။
အစိမ်းရောင်ဝတ် လူငယ်က ဝင်ရောက် လာသည့် နဂါးလက်သီးကို အေးအေးဆေးဆေးပင် ကြည့်နေလေသည်။ ထိုနဂါးလက်သီးချက်သာ ထိမှန်ခံရလျှင် သူ့အနေဖြင့် အပိုင်းပိုင်း ပြတ်သွား နိုင်လေသည်။ သို့သော် သူက အရေးစိုက်ခြင်း မရှိသလို ရှောင်ရှားခြင်းလည်း မရှိပါ။
သူ့ထံတွင် တာအိုကျင့်ကြံသူ တစ်ယောက်၏ အေးဆေး တည်ငြိမ်မှုကို အပြည့်အဝ တွေ့ရှိနိုင်လေသည်။
နဂါးဟိန်းသံကြီးက ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေလေသည်။ မိုးပြိုတော့မည့် အလား ထင်မှတ်ရပြီး ဟွမ်ကျီ ခန်းမဆောင် တစ်ခုလုံးမှာ တုန်လှုပ် နေလေသည်။
ဟွမ်ကျီ ကိုယ်တော်၏ ပြင်းထန် လှသည့် နဂါးလက်သီးကို အစိမ်းရောင်ဝတ် လူငယ် မည်သို့မျှ ရှောင်တိမ်း နိုင်မည် မဟုတ်ပေ။
အစပိုင်းတွင် ဟွမ်ကျီ ကိုယ်တော်က အကန့်အသတ်ဖြင့် တိုက်ခိုက်မည်ဟု ဆိုခဲ့သည့်တိုင် ယခုတော့ သူက အကန့်အသတ် မရှိ တိုက်ခိုက် နေလေသည်။
ထိုအချိန်မှာပင်…
အစိမ်းရောင်ဝတ် လူငယ်က သူ၏ လက်ညှိုးနှင့် လက်ခလယ် လက်ချောင်းများကို အသုံးပြုကာ အရှေ့သို့တစ်ချက် ညွှန်ပြ လိုက်လေသည်။ သူ့ကို ကြည့်ရသည်မှာ အေးအေးဆေးဆေးပင် ဖြစ်လေသည်။
လေထဲတွင် တာအို သင်္ကေတတစ်ခု ပေါ်လာလေသည်။
ထိုတာအို သင်္ကေတကို မြင်တွေ့ လိုက်ရသည်နှင့် ဟွမ်ကျီ ကိုယ်တော်မှာ ရင်ထိတ် သွားလေသည်။ အဘယ်ကြောင့် ဆိုသော် အစိမ်းရောင်ဝတ် လူငယ် အသုံးပြုလိုက်သည့် တာအို သင်္ကေတသည် သာမန် ကျင့်ကြံသူများ အသုံးပြုသည့် သင်္ကေတမျိုး မဟုတ်ပေ။ နတ်ဘုရား အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် တာအို သင်္ကေတ ဖြစ်လေသည်။
ထို့ပြင် ထိုတာအို သင်္ကေတ၏ နောက်ကွယ်မှ တန်ခိုး စွမ်းအားကိုလည်း ဟွမ်ကျီကိုယ်တော် ခန့်မှန်းနိုင်ခြင်း မရှိပါ။ ထိုတာအို သင်္ကေတကြောင့် လေထုတစ်ခုလုံး တုန်ခါလာပြီး နတ်ဘုရား အလင်းတန်းများ ဖြာထွက် လာလေသည်။ ဟွမ်ကျီ ကိုယ်တော်၏ နဂါးလက်သီးကို ထိုတာအို သင်္ကေတမှ ထွက်ပေါ်လာသည့် အလင်းတန်းများက တားဆီးထား လိုက်လေသည်။
ကောင်းကင်တစ်ခုလုံး ညို့မှိုင်းနေလေသည်။ နဂါးလက်သီးမှ ထွက်ပေါ်လာသည့် ရွှေရောင် အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန် သွားလေတော့သည်။ ဟွမ်ကျီ ကိုယ်တော်မှာ ထိုသို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။
“ကောင်းလိုက်တဲ့ တိုက်ကွက်၊ ကဲ အခုကျုပ်ရဲ့ နဂါးရှစ်ကောင် သိုင်းကွက်ကို စမ်းကြည့် လိုက်ပါဦး”
ဟွမ်ကျီကိုယ်တော်က ရယ်မော ပျော်ရွှင်စွာဖြင့်ပင် ပြောလိုက်လေသည်။
ဟွမ်ကျီ ကိုယ်တော်က ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ခန်းမကြီး တစ်ခုလုံးသည် နှစ်ခြမ်း ကွဲထွက်သွားလေသည်။ သူက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် တန်ခိုးစွမ်းအားများမှာ အံ့သြစရာ ကောင်းစွာ အဆမတန်မြင့်တက် လာလေသည်။
အစိမ်းရောင်ဝတ် လူငယ်၏ ဆံပင်များမှာ လေတိုက်ခတ်ခြင်းမရှိဘဲ လေထဲတွင် လွင့်ပျံ နေလေသည်။ လူငယ်၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။
ရုတ်တရက်ပင် ဟွမ်ကျီ ကိုယ်တော်ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး လေထဲတွင် ကခုန်နေသည့် နဂါးရှစ်ကောင် ထွက်ပေါ်လာလေသည်။
အစိမ်းရောင်ဝတ် လူက လေထဲတွင် လက်ချောင်းများဖြင့် တာအို သင်္ကေတများကို အဆက်မပြတ် ရေးဆွဲ လိုက်လေသည်။ သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ထပ်သွားကာ ရှုပ်ထွေး ကုန်လေသည်။
ကခုန်နေကြသည့် နဂါးရှစ်ကောင်သည် အစိမ်းရောင်ဝတ် လူငယ်ကို တိုက်ခိုက်ရန် ဝင်ရောက် လာကြလေသည်။
အစိမ်းရောင်ဝတ် လူငယ်ကလည်း ထူးဆန်းသည့် သင်္ကေတများကို ထပ်ခါထပ်ခါ ရေးဆွဲ နေလေသည်။ နောက်ဆုံးတွင် လူငယ်ထံမှ နတ်ဘုရား အလင်းတန်းများ ဖြာထွက် လာလေသည်။ ထိုနတ်ဘုရား အလင်းတန်းများ သည် အစိမ်းရောင် ကျောက်တုံးများ အဖြစ် ပြောင်းလဲသွားပြီး အစိမ်းရောင်ဝတ် လူငယ်ကို ကာကွယ်ပေးထားကာ နဂါးရှစ်ကောင်ကို တားဆီး ထားလိုက်လေသည်။
သို့သော် နဂါးရှစ်ကောင်၏ တိုက်ခိုက်မှုကို အစိမ်းရောင်ဝတ် လူငယ်သည် ကြာရှည် တောင့်ခံနိုင်ခြင်း မရှိပါ။ သူ့ပတ်ဝန်းကျင်မှ အစိမ်းရောင် ကျောက်တုံးများသည် ဖြည်းဖြည်းချင်း ကွဲအက်သွားပြီး အမှုန့် ဖြစ်သွားကြလေသည်။
အစိမ်းရောင်ဝတ် လူငယ်သည် ဟွမ်ကျီ ကိုယ်တော်ကို အနိုင်မရသည်မှာ သေချာသွားသည်နှင့် ခန်းမဆောင် အတွင်းမှ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
ဟွမ်ကျီကိုယ်တော်မှာ ကြက်သေ သေသွားရလေသည်။
သူ၏ စိတ်အာရုံထဲတွင် တစ်စုံတစ်ခုကို အာရုံခံ လိုက်မိလေသည်။
“ခွေးသူခိုး၊ မင်းက ကျုပ်ဆီက လူကို ခေါ်သွားရဲသလား”
ဟွမ်ကျီ ကိုယ်တော်က အော်ဟစ်လိုက်သည်။
ဟွမ်ကျီ ခန်းမဆောင် အပြင်ဘက်တွင် ရပ်စောင့်နေသည့် အစိမ်းနုရောင် ဝတ်ဆင်ထားသည့် သူတော်စင် မိန်းမပျိုလေးသည် အစိမ်းရောင် ဝတ်ဆင်ထားသည့် လူနှစ်ယောက်ကို မြင်လိုက် ရလေသည်။
တစ်ယောက်မှာ အဖြူရောင် ဝတ်ဆင်ထားသည့် သီလရှင်လေး တစ်ပါးကို ခေါ်ဆောင် လာလေသည်။
နောက်တစ်ယောက်မှာ ဟွမ်ကျီ ခန်းမဆောင်ထဲမှ ပျံသန်း ထွက်ခွာ လာလေသည်။
ဟွမ်ကျီ ခန်းမဆောင်အတွင်းမှ ပျံသန်း ထွက်ခွာလာသည့် အစိမ်းရောင်ဝတ် လူငယ်သည် မီးခိုးငွေ့များ အဖြစ် ပြောင်းလဲသွားပြီး သီလရှင်လေးကို ခေါ်ဆောင်လာသည့် အစိမ်းရောင်ဝတ်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားကာ တစ်ယောက်တည်း ပြန်ဖြစ် သွားလေသည်။
ထို့နာက် ချက်ချင်းပင် အလင်းတန်း တစ်ခုအဖြစ် ဖန်ဆင်းကာ တိမ်ပေါ်သို့ ပျံသန်း ပျောက်ကွယ် သွားလေသည်။
တစ်ခုခု မှားယွင်းနေပြီ ဆိုသည်ကို သိသည့်အတွက် သူတော်စင်မလေးသည် ထိုအစိမ်းရောင်ဝတ် လူငယ်၏ နောက်သို့ လိုက်ပါ သွားလေသည်။
ခန်းမဆောင် အတွင်းမှ ဟွမ်ကျီကိုယ်တော် ထွက်လာလေသည်။
သူက အစိမ်းရောင်ဝတ် လူ၏နောက်သို့ သူတော်စင် မိန်းမပျိုလေး လိုက်ပါသွားသည်ကို မြင်တွေ့ လိုက်ရလေသည်။ သူက ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူတို့နောက်သို့ လိုက်ပါ သွားလေတော့သည်။ သူ၏ ခြေထောက်ဖြင့် နင်းခဲ့သည့် မြေပြင်သည် ကွဲအက်လျက် ကျန်ရစ် ခဲ့လေသည်။
ဟွမ်ကျီ ကိုယ်တော်သည် ကောင်းကင်ထက်တွင် မြားတစ်စင်း အလား လျင်မြန်စွာဖြင့် ပျံသန်း နေလေသည်။ သူက အလင်းတန်း အသွင်ပြောင်းကာ ထွက်ခွာသွားသည့် အစိမ်းရောင်ဝတ် လူနောက်သို့ လိုက်ပါ သွားခြင်း ဖြစ်လေသည်။
ကျီမော့တောင်ထိပ်မှ တောအုပ် အထပ်ထပ်ကို ဖြတ်သန်း လာပြီးသည့်နောက် တောင်ခါးပန်း တစ်ခုအနားတွင် စေတီတော် တစ်ဆူကို တွေ့မြင် လိုက်ရလေသည်။
သူတော်စင် မိန်းမပျိုလေးသည် စေတီတော် အပြင်ဘက်တွင် ရပ်နေလေသည်။
ဟွမ်ကျီ ကိုယ်တော်၏ အကြည့်များက အေးစက်သွားပြီး စေတီတော်ရှေ့သို့ ချက်ချင်းပင် ဆင်းသက် လိုက်သည်။
“ပညာရှိဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းက လောကဓမ္မကို နားလည် သဘောပေါက်ခြင်းပဲ၊ အဓိပ္ပာယ် မရှိတာတွေကို ဖယ်ရှားပြီး အယူအဆတွေ အပေါ်မှာမှ အစွဲအလန်း မထားဖို့လိုတယ်"
အသံတစ်သံ ထွက်ပေါ်လာလေသည်။
စေတီတော်ဘေးတွင် တာအို ဝတ်စုံ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် အရွယ် လူငယ်လေး တစ်ယောက် ထိုင်နေသည်ကို တွေ့မြင် လိုက်ရလေသည်။
***