← Chapters

တာအို ဖွဲ့စည်းပုံကို လက်တွင် ကိုင်ဆောင်ကာ

Vol. 4 Ch. 307

တာအို ဖွဲ့စည်းပုံကို လက်တွင် ကိုင်ဆောင်ကာ

Vol. 4 Ch. 307

အစိမ်းရောင်ဝတ် လူငယ်နှင့် သီလရှင်လေးမှာ ထိုလူငယ်လေး၏ နောက်တွင် ရပ်နေ ကြလေသည်။

အစိမ်းနုရောင် ဝတ်ဆင်ထားသည့် သူတော်စင် မိန်းမပျိုသည် ရှေ့သို့မတိုးရဲ ဖြစ်နေလေသည်။ သူမအနားသို့ ဟွမ်ကျီကိုယ်တော် ရောက်လာသည့်တိုင် သူမက ဆယ်ကျော်သက်လေး အလား ငယ်ရွယ်သည့် တာအို ဆရာလေးကို ကြောက်ရွံ့နေဆဲ ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော်သည် တိုက်ပွဲ အတွေ့အကြုံများ သူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူ့ရှေ့မှ လူငယ်လေးကဲ့သို့ အကြောက်တရား ကင်းမဲ့သူကိုတော့ ဘဝတွင် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ဟွမ်ကျီ ကိုယ်တော်က သူ၏ သူတော်စင် မိန်းမပျိုထံမှ စိတ်စွမ်းအားဖြင့် သတင်းပေးပို့မည့် စကားသံကို နားစွင့်လိုက်သည်။

လူငယ် တာအိုဆရာလေးမှာ စောစောက မိန်းမပျိုလေးနှင့် စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့သည့် လူငယ်လေး ဖြစ်ကြောင်း ဟွမ်ကျီကိုယ်တော် သိရှိသွားသည်။

နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရမှ ထိုလူငယ်မှာ ကြောက်စရာ ကောင်းသည် ထက်ပင် ကျော်လွန်သူ တစ်ယောက် ဖြစ်ကြောင်း သတိထား လိုက်မိလေသည်။ သို့သော် သူ၏ စိတ်ထားကတော့ ပြောင်းလဲ သွားခြင်း မရှိပါ။ သူက သူဖမ်းဆီးထားသည့် သီလရှင်လေးကို မရရအောင် ပြန်ခေါ်မည် ဖြစ်လေသည်။ မည်သည့် အရာကမှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

“တာအိုဝါဒဆိုတာ ထိတွေ့လို့လည်း မရသလို အဆုံးလည်း မရှိပါဘူး၊ လွတ်လပ်ပြီး အချုပ်အနှောင် ကင်းမဲ့တယ်၊ ဒီလောကီက အရာတွေကတော့ ပုံသဏ္ဌာန်ရှိပြီး ထိတွေ့ ကိုင်တွယ်လို့လည်း ရတယ်၊ ဒါပေမဲ့ ကိုယ့်ရှေ့မှာ ရှိတဲ့အရာ အားလုံးက အစစ်အမှန်လို့ ဘယ်သူက ပြောနိုင်မှာလဲ၊ တာအို ဆရာလေး၊ မင်းရဲ့ စကားတွေက ပညာရှိလွန်းတယ်၊ ကျုပ်ပြောနိုင်တာထက် သာလွန်နေပါတယ်၊ ကျုပ်နားလည်တာ မှန်လား မမှန်ဘူးလားဆိုတာ မသိနိုင်ပါဘူး”

ဟွမ်ကျီကိုယ်တော်က ဆန်းလျန် ပြောသည့် စကားများကို သုံးသပ်ရင်း ပြန်ပြော လိုက်လေသည်။

ထိုစကားများက ဟွမ်ကျီ ကိုယ်တော်၏ အရည်အချင်းကို ပြသနေခြင်း ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူငယ်ပင်လျှင် ဟွမ်ကျီ ကိုယ်တော်ကို လေးစား သွားမိလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ ပုံစံက ပုံမှန်အတိုင်း သင်သောင့် သက်သာပင် ဖြစ်လေသည်။ သို့သော် သူက ဆန်းလျန်ကို စူးစိုက် ကြည့်နေလေ၏။ ဆန်းလျန်ပြောသည့် စကားများသည် ဆန်းလျန်၏ အယူအဆ များသာ အမှန်တကယ် ဖြစ်နေပါက ဆန်းလျန်သည် အမှန်တကယ် ထူးခြားသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။

ထိုလူငယ်၏ အဆင့်သည် မိုးနှင့်မြေတွင် ယုံမှား သံသယ အဆင့်ကို ကျော်လွန်နေပြီဟု ဆိုနိုင် လေသည်။ ထိုလူငယ်လေးသည် နတ်ဘုရားတစ်ပါး မဖြစ်သေးလျှင်တောင်မှ သိပ်မကြာမီတွင် နတ်ဘုရား တစ်ပါး ဖြစ်လာတော့မည် ဖြစ်လေသည်။

ဆန်းလျန်က သူ၏ လှပလွန်းသည့် လက်လေးများဖြင့် လက်ခုပ်တစ်ချက် တီးလိုက်လေသည်။

သူ၏ လက်ချောင်းလေးများမှာ ရှည်ရှည် သွယ်သွယ်နှင့် နူးညံ့ လှပလွန်းလေသည်။ သူ၏ လက်လေးများကို တွေ့မြင်ရသည်နှင့်ပင် တာအိုတရား၏ အနှစ်သာရကို သိမြင်နိုင်လေသည်။ လက်ခုပ်သံ တစ်ချက်သည်ပင် အလွန်ပင် ကြည်လင် ပြတ်သားပြီး လှုပ်ရှားသည့် ဟန်ပန်ကလည်း မြင့်မြတ်သည့် ဆရာသခင် တစ်ပါးအလား ကျက်သရေ ရှိလွန်းလှလေသည်။

“စကားလုံးတွေနဲ့သာ လွယ်လွယ် ပြောလို့ ရကြေးဆိုရင် တာအိုဝါဒဟာ ဘယ်လိုလုပ် နက်နဲ ပါတော့မလဲ၊ မိတ်ဆွေက စကား ပြောချင်တယ် ဆိုရင်လည်း ကိုယ်နားမလည်တဲ့ အရာကိုလည်း သေချာ သိအောင် လုပ်ပြီးမှ ပြောဖို့ လိုအပ်တယ်၊ ပေါ့ပေါ့လေး ပြောလိုက်မယ်ဆိုရင် ပေါ့ပေါ့လေးပဲ ဖြစ်သွားမှာပေါ့၊ လေးလေးနက်နက် ပြောလိုက်ရင်လည်း အဓိပ္ပာယ်က လေးနက်သွားမှာပဲ”

ဆန်းလျန်က ပုံမှန်လေသံဖြင့်ပင် စကားပြောနေခြင်း ဖြစ်သော်လည်း သူ၏ စကားများက အဓိပ္ပာယ် ပြည့်ဝလေသည်။

ဆန်းလျန်၏ စကားများကို ကြားလိုက်ရသည်နှင့် ဆန်းလျန်၏ အသိဉာဏ်မှာ ကောင်းကင်ကဲ့သို့ ကျယ်ပြန့် လွန်းသည်ဟု ဟွမ်ကျီကိုယ်တော် ခံစား လိုက်ရလေသည်။

ကောင်းကင်ကို မြင်တွေ့ရသည့်တိုင် ထိတွေ့၍ မရနိုင်ပေ။ ဆန်းလျန်မှာလည်း ထိုသို့ပင် ဖြစ်လေသည်။ ဆန်းလျန်၏ အတွေးများက ခန့်မှန်းရခက်သလို ဆန်းလျန်၏ ကျင့်စဉ် လမ်းကလည်း နက်နဲ လွန်းလေသည်။

“ကျုပ်က ခုန စိတ်ရှုပ်သွားလို့ အလျင်စလို ပြောလိုက်မိတာပါ၊ မြင့်မြတ်တဲ့ တာအို ကျင့်စဉ်လမ်းကို စကားလုံးတွေနဲ့ ဘယ်လိုလုပ် ဖော်ပြနိုင်မှာလဲ၊ ဒါမေယ့် မိတ်ဆွေလေးက ဒီသီလရှင်လေးကို ခေါ်သွားမယ် ဆိုရင်တော့ မိတ်ဆွေလေး အတွက် အဆုံးသတ် လှမှာ မဟုတ်ဘူးနော်”

ဟွမ်ကျီ ကိုယ်တော်က ပြောလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ကျုပ်ကလည်း အနှေးနဲ့ အမြန်ပဲ ခင်ဗျားနဲ့တွေ့ဖို့ မျှော်လင့်ထားတာပါ၊ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ ကြွေးကြော်ထားတဲ့သူ မဟုတ်လား၊ ဒါပေမဲ့ လောကမှာ ဗုဒ္ဓကလွဲပြီး ဘယ်သူကမှ ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ ပြောလို့မရဘူး ဆိုတာ သိသွားအောင် ခင်ဗျားကို ပြောပြချင်လို့ပါ"

ဆန်းလျန်က ဟွမ်ကျီ ကိုယ်တော်ထံမှ တန်ခိုးစွမ်းအား ထုတ်လွှတ် မှုများကို ခံစား လိုက်ရလေသည်။

သို့သော် သူ၏ အမူအရာများက အေးအေးဆေးဆေးပင် ဖြစ်လေသည်။

ဟွမ်ကျီကိုယ်တော် ထုတ်လွှတ် လိုက်သည့် တန်ခိုးစွမ်းအား များသည် ဆန်းလျန် အပေါ်တွင် သက်ရောက်မှု မရှိပေ။ သူက ဟွမ်ကျီ ကိုယ်တော်၏ ပျော်ရွှင် ရယ်မောနေသည့် မျက်နှာကိုလည်း ဂရုမစိုက်ပါ။ အဝေးတစ်နေရာမှ မြက်ပင်လေးများကိုသာ ငေးမော ကြည့်နေလေသည်။

သူ၏ အမူအရာက ဟွမ်ကျီ ကိုယ်တော်ကို လုံး၀ အလေးမထားသည့် အမူအရာ ဖြစ်လေသည်။

သို့သော် ဟွမ်ကျီ ကိုယ်တော် ကျင့်ကြံခဲ့သည့် ကျင့်စဉ်မှာ ဒေါသကို ပယ်သက်သည့် ကျင့်စဉ် ဖြစ်လေသည်။ ထို့ကြောင့် သူကလည်း ဆန်းလျန်၏ အပြုအမူကြောင့် ဒေါသ တစ်ချက်ပင် ထွက်ခြင်း မရှိပါ။

ဟွမ်ကျီ ကိုယ်တော်သည် ရွှေခန္ဓာရသည် အထိ ကျင့်ကြံနိုင်ခြင်း မရှိသေးပါ။ သို့သော် ယခုတော့ မည်သည့် နေရာကမှန်း မသိသည့် ဆန်းလျန်ကဲ့သို့ တန်ခိုးရှင် တစ်ယောက်နှင့် ဆုံတွေ့ရပြီ ဖြစ်လေသည်။

ဆန်းလျန်သည့် ကျိကျိုက်သီလရှင် ကျောင်းမှ သီလရှင်လေးကို အရေးတကြီး ကာကွယ် ပေးနေသည်ကို သူလုံး၀ နားမလည်နိုင်ပေ။

ဗုဒ္ဓဘုရားကတော့ အရာရာကို သည်းခံ ခွင့်လွှတ်နိုင်မည် ဖြစ်လေသည်။ သို့သော် ကျောက်စိမ်းဘုရား အမည်ခံ ထားသည့် ဟွမ်ကျီ ကိုယ်တော်ကတော့ သည်းမခံနိုင်တော့ပါ။

သူက ကျယ်လောင်စွာ ရယ်မော လိုက်လေသည်။

သူ၏ ရယ်သံကြီးသည် ကောင်းကင် တစ်ခုလုံးတွင် ပဲ့တင် ထပ်သွားကာ တောင်အထပ်ထပ်ကို ရိုက်ခတ် သွားလေသည်။ ပဲ့တင်သံများသည် တော်တော်နှင့် ပျောက်ကွယ် မသွားပေ။

"တာအိုဆရာလေး၊ ကျုပ်ကတော့ မင်းကို မိုးနတ်မင်းနဲ့ တွေ့အောင် လုပ်ပေးရတော့မှာပဲ"

ဟွမ်ကျီ ကိုယ်တော်က ပြောလိုက်လေသည်။

ကျင့်ကြံသူများ သေလျှင် မိုးနတ်မင်းဆီသို့ ရောက်ရှိ သွားပြီး မိုးကောင်းကင်တွင် နေထိုင်ခွင့် ရသည်ဟု ဒဏ္ဍာရီလာ အဆိုတစ်ခု ရှိလေသည်။ ထို့ကြောင့် ဟွမ်ကျီကိုယ်တော်က ဆန်းလျန်ကို နောက်ဘဝ ပို့ပေးမည် ဟူသော သဘောဖြင့် ပြောလိုက်ခြင်း ဖြစ်လေသည်။

ပြောပြီးသည်နှင့် ဟွမ်ကျီ ကိုယ်တော်ထံမှ တန်ခိုးစွမ်းအားများ ဆန်းလျန်ထံသို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ဝင်ရောက် လာလေသည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း တောင်ကြီး တစ်လုံးအလား ကြီးထွား လာလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးနှင့် ဆန်းလျန်၏ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေး ယှဉ်လိုက်လျှင် မိုးနှင့် မြေလို ကွာခြား လွန်းလေသည်။

ဟွမ်ကျီ ကိုယ်တော်က လက်ဝါးနှစ်ဖက် ညှပ်ပြီး ရိုက်လိုက်ရုံမျှဖြင့် ဆန်းလျန်မှာ ပြားကပ် သွားလောက် ပေသည်။ ဆန်းလျန်၏ ပုံစံမှ ဟွမ်ကျီ ကိုယ်တော်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်သည့် ပုံမျိုး ပေါက်နေလေသည်။

ဆန်းလျန်က ဟွမ်ကျီ ကိုယ်တော်၏ ကြီးမားသည့် မျက်လုံးကြီးများကို မော့ကြည့် လိုက်သည်။

မျက်လုံးကြီးများမှာ မီးအိမ်ကြီးများနှင့်ပင် ဆင်တူလေသည်။ အကြည့်ချင်း ဆုံမိသည်နှင့် သူတို့၏ ဝိညာဉ် စွမ်းအားများ ရိုက်ခတ် မိသွားကြလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ မျက်ဝန်းထဲတွင် စေတီတော်နှင့် တောင်တန်းများ ပျောက်ကွယ် သွားလေသည်။

သူက တောင်တစ်လုံးအလား ကြီးမားသည့် သူ၏ ခန္ဓာကိုယ်ကြီးဖြင့် ဆန်းလျန်ကို ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။

သို့သော် ဆန်းလျန်၏ မျက်ဝန်း ထဲတွင်တော့ ဟွမ်ကျီ ကိုယ်တော်ကို မြူမှုံလေး တစ်ခုဟုသာ မြင်လေသည်။

ထိုမြူမှုံလေးကို ယင်နှင့် ယန်၊ ဒြပ်စင် စွမ်းအား ငါးမျိုးအဖြစ်နှင့် သရုပ်ခွဲလိုက်သည်နှင့် တဖြည်းဖြည်း ကြယ်အစုအဝေးနှင့် ဗလာနယ်များ တည်ရှိရာ စကြဝဠာ တစ်ခုအဖြစ် အသွင် ပြောင်းသွားလေသည်။ ဟွမ်ကျီ ကိုယ်တော်၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် နောက်ဆုံးတော့ မည်သည့် အရာမှ မဟုတ်။ စကြဝဠာ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော်၏ မျက်စိရှေ့မှ ဆန်းလျန် ပျောက်ကွယ် သွားလေသည်။

သို့သော် ဆန်းလျန်သည် စကြဝဠာ တစ်ခုလုံး အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်လေသည်။ ဟွမ်ကျီ ကိုယ်တော်၏ ခန္ဓာကိုယ်ကြီးသည် တောင်တစ်လုံး အလား ကြီးမားပါစေ စကြဝဠာ တစ်ခုလုံးနှင့် ယှဉ်လျှင်တော့ အသေးအဖွဲမျှသာ ဖြစ်လေသည်။

ရုတ်တရက်…

စကြဝဠာ ဗဟိုချက်တွင် ဆန်းလျန်၏ ပုံရိပ်ပေါ်လာလေသည်။

သို့သော် ထိုပုံရိပ်သည် ဆန်းလျန် ဖြစ်သလို တစ်ချိန်တည်းမှာပင် ဆန်းလျန်လည်း မဟုတ်ပေ။

ဆန်းလျန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။ အလွန်ကြီးမားသည့် နတ်ဘုရား တောင်ကြီး တစ်ခု ချက်ချင်းပင် ပေါ်လာလေသည်။ ကြယ်စင်များသည် ထိုတောင်ကြီးကို လှည့်ပတ် နေကြလေသည်။ ထို့နောက် ဟွမ်ကျီကိုယ်တော်၏ တောင်တစ်တောင် အလား ကြီးမားသည့် ခန္ဓာကိုယ်ကြီးဆီသို့ ကြယ်စင် ဝန်းရံထားသည့် တောင်ကြီးက ပျံသန်းဝင်ရောက် သွားလေတော့သည်။

ဟွမ်ကျီ ကိုယ်တော်က ဂါထာ တစ်ပုဒ်ကို စည်းချက်ကျကျ ရွတ်ဖတ် လိုက်လေသည်။

ထိုအခါ နဂါးကြီး ရှစ်ကောင် ပေါ်ထွက်လာလေသည်။ နဂါးကြီးများမှာ အလွန်ကြီးမား ရှည်လျားပြီး ကောင်းကင်ကိုပင် ရစ်ပတ် ထားတော့မလို ထင်ရလေသည်။ ထိုနဂါးကြီးများက ဟွမ်ကျီ ကိုယ်တော်ထံသို့ ဝင်ရောက် လာသည့် ကြယ်စင်များ ဝန်းရံထားသည့် တောင်ကြီးကို ခုခံ တားဆီး လိုက်လေသည်။ နဂါးကြီး တစ်ကောင်က ကြယ်စင်တောင်ကြီးကို သူ၏ ခန္ဓာကိုယ်ဖြင့် တင်းကျပ်စွာ ရစ်ပတ် ထားလိုက်လေသည်။ နဂါးကြီးက ကြယ်စင်တောင်ကြီးကို အပိုင်းပိုင်း ချိုးဖျက် ပစ်လိုက် လေသည်။

ဟွမ်ကျီ ကိုယ်တော်၏ ရွှေရောင် အလင်းတန်းများနှင့် ဆန်းလျန်၏ နတ်ဘုရား အလင်းတန်းများ ရိုက်ခတ် မိသွားလေသည်။

စွမ်းအားများမှာ ပြင်းထန် လွန်းလှသည့် အတွက် စကားလုံးဖြင့်ပင် ဖော်ပြရန် မတတ်နိုင်ပေ။

ဆန်းလျန်ထံမှ ထူးဆန်းသည့် ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာပြီး ဟွမ်ကျီ ကိုယ်တော်၏ ဝိညာဉ်ကို တိုက်ခိုက် လိုက်လေသည်။

ဟွမ်ကျီ ကိုယ်တော်က ဆန်းလျန်၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း မရှိပါ။

"ဟွမ်ကျီ တန်ခိုးစွမ်းအား…"

ဟွမ်ကျီ ကိုယ်တော်က အော်ဟစ် လိုက်လေသည်။

တိုက်ပွဲကို ကြည့်နေကြသည့် အစိမ်းရောင်ဝတ် လူငယ်၊ သီလရှင်လေးနှင့် သူတော်စင် မိန်းမပျိုတို့သည် မမြင်ရသည့် တန်ခိုးစွမ်းအားများ တုန်ခါနေသည်ကိုသာ ခံစား လိုက်ကြရလေသည်။ တန်ခိုး စွမ်းအားများ၏ အရှိန်ဟုန်ကြောင့် စေတီတော်ပင် ပြိုကျ သွားရပြီး သစ်ပင်များလည်း အပိုင်းပိုင်း ပြတ်ကုန်ကြလေသည်။

အစိမ်းရောင်ဝတ် လူငယ်သည် တာအို သင်္ကေတကို အဆက်မပြတ် ရေးဆွဲ လိုက်လေသည်။ တာအို သင်္ကေတမှ ထွက်ပေါ်လာသည့် နတ်ဘုရား အလင်းတန်းများက အစိမ်းရောင်ဝတ် လူငယ်နှင့် သီလရှင်လေးကို ကာကွယ် ပေးထားပြီး သူတို့နှစ်ယောက်က တိုက်ပွဲနှင့် ဝေးရာနေရာ တစ်ခုသို့ တဖြည်းဖြည်း ဆုတ်ခွာ သွားကြလေသည်။

တစ်ချိန်တည်းမှာပင် သူတော်စင် မိန်းမပျိုကလည်း ပန်းခြင်းတောင်းလေးကို သူမ ဦးခေါင်းထက်သို့ လွှင့်တင် လိုက်လေသည်။ ပန်းခြင်းလေးဆီမှ အလင်းတန်းများ ဖြာဆင်းလာပြီး သူမကို ကာကွယ် ပေးထားလေသည်။ ထို့ကြောင့် တိုက်ပွဲမှ တန်ခိုးစွမ်းအား ရိုက်ခတ်မှုများကြောင့် သူမလည်း ဒဏ်ရာ ရရှိခြင်း မရှိတော့ပေ။

ထိုအချိန်မှာပင် ဆန်းလျန်နှင့် ဟွမ်ကျီ ကိုယ်တော်၏ တိုက်ပွဲကို ကျီမော့တောင်သို့ ရောက်ရှိ နေကြသည့် ကျင့်ကြံ သူများကလည်း စိတ်ဝင်တစားဖြင့် လာရောက် ကြည့်ရှု ကြလေလေသည်။

"ဟွမ်ကျီ တန်ခိုးစွမ်းအားလို့ ဟွမ်ကျီ ကိုယ်တော် အော်လိုက်တာ ကြားလိုက်တယ် မဟုတ်လား၊ ဟွမ်ကျီကိုယ်တော် ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ မသိဘူး"

"ဟုန်ယန်ကျီနဲ့ များလား"

"မဟုတ်ဘူးထင်တယ်၊ ဟုန်ယန်ကျီရဲ့ တန်ခိုးစွမ်းအားက ဒီလောက် မသန့်စင်ဘူး၊ အခု ဟွမ်ကျီ ကိုယ်တော်နဲ့ တိုက်ခိုက်နေတဲ့ သူ့ရဲ့ တန်ခိုး စွမ်းအားက မိုးမြေစွမ်းအားကို တာအို စွမ်းအားနဲ့ ပေါင်းစပ်ပြီး တိုက်ခိုက် နေတာ၊ တကယ့် ကြောက်စရာ ကောင်းတဲ့သူပဲ"

နောက်ဆုံးစကားကို ပြောလိုက်သည့် ကျင့်ကြံသူမှာ ဗဟုသုတ ကြွယ်ဝပုံ ရလေသည်။ သူက ဆန်းလျန် အသုံးပြုသည့် ကျင့်စဉ် ပညာကို မှန်ကန်အောင် မပြောနိုင်သည့်တိုင် အနီးစပ်ဆုံး ခန့်မှန်း နိုင်လေသည်။

ဆန်းလျန်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါ။ သူ၏ အမူအရာက တည်ငြိမ်ပြီး လွတ်လပ် နေလေသည်။

အမှန်တော့ ဆန်းလျန်က ဟွမ်ကျီ ကိုယ်တော်ကို အလျှော့ပေးကာ နောက်သို့ အသာဆုတ်နေခြင်း ဖြစ်လေသည်။

သူက ဟွမ်ကျီ ကိုယ်တော်၏ ဟွမ်ကျီ တန်ခိုးစွမ်းအား အမြင့်ဆုံး အဆင့်ထိ ထွက်ပေါ်လာသည့် အချိန်ထိ စောင့်ဆိုင်း နေခြင်း ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော်၏ ဦးခေါင်းထက်တွင် ရောင်ခြည် စက်ဝန်းတစ်ခု ပေါ်လာလေသည်။ ထိုရောင်ခြည် စက်ဝန်းမှ ရွှေရောင် နဂါးရှစ်ကောင် ထွက်ပေါ် လာလေသည်။

နဂါးရှစ်ကောင်မှာ တကယ့် နဂါး အစစ်များအလား အသက်ဝင် လှလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး သူ၏ အသားအရောင် မှာလည်း ရွှေစင်ကဲ့သို့ ဝင်းဝါ နေလေသည်။ မျက်လုံးများတွင် ကြင်နာခြင်း တရားကို မြင်တွေ့ရပြီး အမူအရာက တည်ငြိမ် နေလေသည်။

သူ၏ပုံစံမှာ ဗောဓိ သကျကိုယ်တိုင် လောကသို့ ဆင်းသက်လာပြီး မကောင်းမှု အားလုံးကို နှိမ်နင်းတော့မည့် အလား ထင်မှတ် ရလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ တန်ခိုးစွမ်းအားများ မြင့်မားလာလေ အစိမ်းရောင်ဝတ် လူနှင့် သီလရှင်လေးမှာ ဆန်းလျန်အတွက် စိတ်ပူလာလေပင်။ ဟွမ်ကျီကိုယ်တော်၏ ပြင်းထန်လှသည့် တန်ခိုး စွမ်းအားများကို ဆန်းလျန်က မယှဉ်နိုင် ဖြစ်မည်ကို သူတို့က စိုးရိမ်နေကြခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် အဘယ့်ကြောင့် စောစောစီးစီး တိုက်ခိုက်ခြင်း မပြုဘဲ ဟွမ်ကျီ ကိုယ်တော်၏ တန်ခိုးစွမ်းအားများ အမြင့်ဆုံး အဆင့် ရောက်သည် အထိ စောင့်နေရပါသနည်း။

အစိမ်းရောင်ဝတ် လူငယ်သည် တာအို သင်္ကေတကို အဆက်မပြတ် ရေးဆွဲနေဆဲ ဖြစ်လေသည်။ ထိုပညာမှာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ပညာ ကိုးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်လေသည်။ သူက ထိုပညာကို ဆရာဖြစ်သူ ရှန်ဆန်းကျန်းရန်လု ကျိုးယွမ်ဆီမှ သင်ယူထားခဲ့ခြင်း ဖြစ်လေသည်။ ထိုပညာသည် မိုးကောင်းကင်မှ ပေးအပ်သည့် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။

"အစ်ကိုချင်းယီ၊ အားတင်းထား၊ အစ်ကိုဆန်းလျန် ဒီတိုက်ပွဲကို အနိုင်ရတော့မှာပါ"

သီလရှင်လေးက ပြောလိုက်လေသည်။

အစိမ်းရောင်ဝတ် လူငယ်မှာ စုန့်ချင်းယီ ဖြစ်ပြီး သီလရှင်လေးမှာ တောင်ပင်လယ် ဖေးရှန်း နတ်ဘုရား ကျွန်းစွယ်၊ ရှောင်းအိမ်တော်မှ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်ခဲ့သူ ချီးရှိုးပင် ဖြစ်လေသည်။

ဆန်းလျန်က စုန့်ချင်းယီနှင့် ချီးရှိုး၏ အခြေအနေကို ရိပ်မိသည့် အတွက် သူတို့ နှစ်ယောက်ကို ကူညီရန် စေတီတော်နားရှိ လမ်းခုလတ်တွင် လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။

ထို့ပြင် ဟွမ်ကျီ ကိုယ်တော်မှာ ကျောက်ရှောင်ယွီ၏ ပြိုင်ဘက် တစ်ဦး ဖြစ်သည့်အတွက် ဟွမ်ကျီ ကိုယ်တော်ကို နှိမ်နင်း လိုက်နိုင်လျှင် ကျောက်ရှောင်ယွီလည်း တစ်ရန် အေးသွားမည် ဖြစ်လေသည်။

သူက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် တစ်ခါတည်း ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။

"ညီမလေး၊ ဆန်းလျန် အနိုင်ရမယ်ဆိုတာ မင်းက ဘယ်လိုလုပ် သိတာလဲ"

စုန့်ချင်းယီက မေးလိုက်သည်။

"တာအိုဝါဒ ဆိုတာ အဆုံးမရှိဘူး၊ လူရဲ့ အစွမ်းဆိုတာလည်း အကန့်အသတ် မရှိဘူး၊ ဟို မိစ္ဆာကြီး ဟွမ်ကျီက ရွှေခန္ဓာရတဲ့ အထိ မကျင့်ကြံ နိုင်သေးဘူး၊ ဒါကြောင့် သူ့ရဲ့ တန်ခိုးစွမ်းအားက အကန့်အသတ် ရှိတယ်၊ အစ်ကို ဆန်းလျန်က သူ့ရဲ့ တန်ခိုးစွမ်းအား အမြင့်ဆုံး ရောက်တဲ့ အထိ တမင်သက်သက် စောင့်နေတာ၊ သူက တန်ခိုးစွမ်းအား အမြင့်ဆုံး ထုတ်ပြီး တိုက်ခိုက်လိုက်တဲ့ အချိန်မှာ အစ်ကို ဆန်းလျန်က သူ့ရဲ့ တန်ခိုးစွမ်းအားကို ထုတ်ပြီး အသာလေး ပြန်ပြီး တိုက်ခိုက် လိုက်ရုံပဲ၊ ဒါပေမဲ့ ဟိုမိစ္ဆာကြီးက တန်ခိုးစွမ်းအား အကုန်သုံးထားတော့ အစ်ကို ဆန်းလျန်ကို တိုက်ခိုက်ဖို့ ထပ်ထုတ်စရာ ဘာစွမ်းအားမှ မရှိတော့ဘဲ အစ်ကို ဆန်းလျန်ကို ကျိန်းသေ အရှုံးပေးလိုက်ရမှာပဲ"

ချီးရှိုးက ပြောလိုက်လေသည်။

"ဒီအဘိုးကြီး ဟွမ်ကျီကို တိုက်ခိုက်ဖို့ ဒီလောက် လွယ်မယ်ဆိုတာ ကျုပ်ဘာလို့ မသိခဲ့ပါလိမ့်၊ ဒါနဲ့ မင်းရဲ့ဆရာ လျို့ချင်းရှင်းထိုင် ပြောတဲ့ စကားအရဆိုရင် မင်းက ဘဝမှာ အန္တရာယ်တွေ အများကြီး ရင်ဆိုင်ရဖို့ ရှိတယ် မဟုတ်လား၊ မင်းဘဝရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးတဲ့ သူက မင်းနဲ့ မကောင်းတဲ့ ရေစက်ရှိတဲ့သူ ဖြစ်လာလိမ့်မယ်တဲ့၊ ဒီတစ်ခါ မင်းကို ကူညီတဲ့သူက ဆန်းလျန်ဆိုတော့ သူက မင်းနဲ့ မကောင်းတဲ့ ရေစက်ရှိတဲ့သူ ဖြစ်လာမှာ မဟုတ်ဘူးလား"

စုန့်ချင်းယီက သက်ပြင်းချရင်း ပြောလိုက်လေသည်။

"မကောင်းတဲ့ ရေစက်ဆိုရင်လည်း ရေစက်တော့ ရှိနေသေးတာပဲလေ"

ချီးရှိုးက တိုးတိတ်စွာ ရေရွတ်ရင်း ပြန်ပြောလိုက်လေသည်။

သူမ၏ မျက်နှာထက်တွင် အဓိပ္ပာယ် နားလည်ရန် ခက်ခဲသည့် အမူအရာတစ်ခု ဖြတ်ပြေး သွားလေသည်။ သူမမျက်နှာ အမူအရာမှာ ပျော်ရွှင်မှုလည်း မရှိသလို ဝမ်းနည်းမှုလည်း မရှိပေ။

စုန့်ချင်းယီ တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

ချီးရှိုးနှင့် ဆန်းလျန်သည် မကောင်းသည့် ရေစက် ရှိခဲ့ကြသည်ဆို လျှင်တောင်မှ ထိုရေစက်သည် အတိတ်ကံ အကျိုးပေး မကောင်းမှုကြောင့်သာ ဖြစ်ရသည် မဟုတ်ပါလား။

စုန့်ချင်းယီသည် ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။ သူ့ရင်ထဲတွင် မယုံကြည်နိုင်ခြင်း များစွာကို ခံစား နေရလေသည်။ ဆရာဖြစ်သူက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ပညာ ကိုးခုကို သူ့ကို လက်ဆင့်ကမ်း သင်ကြား ပေးခဲ့လေသည်။ သူက ကျင့်စဉ်များကို အစွမ်းကုန် ကျင့်ကြံခဲ့လေသည်။ သူသာ ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင် သွားလျှင် ဆန်းလျန်နှင့် အဆင့်အတူတူ ဖြစ်လာမည်ဟု မျှော်လင့်ကာ အစွမ်းကုန် ကျင့်ကြံခဲ့လေသည်။

သို့သော် ယခုတော့ သူ့အဆင့်နှင့် ဆန်းလျန်၏ အဆင့်မှာ မိုးနှင့်မြေကဲ့သို့ပင် ကွာခြားလျက် ရှိချေပြီ။

စုန့်ချင်းယီ ဟွမ်ကျီကိုယ်တော်နှင့် တိုက်ခိုက်စဉ်က ဟွမ်ကျီကိုယ်တော်၏ ကျိန်းသေ အနိုင်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် မရှိခဲ့ပေ။ သို့သော် ဆန်းလျန်ကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် အလွန်မှ လွတ်လပ်ပေါ့ပါးစွာ တိုက်ခိုက်နေလေသည်။

စုန့်ချင်းယီနှင့် ချီးရှိုးစကား ပြောနေစဉ်မှာပင် ဟွမ်ကျီ ကိုယ်တော်က ဆန်းလျန်ကို လက်ဝါး ရိုက်ချက် နှစ်ချက်ဖြင့် ရိုက်ချ လိုက်လေသည်။ သူ၏ စွမ်းအားများကြောင့် မိုးပင် ပြိုတော့မည့် အလားပင်။ သို့သော် ဟွမ်ကျီ ကိုယ်တော်၏ လက်ဝါး ရိုက်ချက်များက ဆန်းလျန်၏ ဝတ်ရုံစကိုပင် ထိအောင် တိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဟွမ်ကျီ ကိုယ်တော်၏ စွမ်းအားများကို ဆန်းလျန်က ဒြပ်စင် စွမ်းအားငါးမျိုး ထုတ်လွှတ်ကာ ကာကွယ် ထားလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှ ရောင်စင် ငါးမျိုး ဖြာထွက်နေပြီး သူ၏ ပုံသဏ္ဌာန်မှာ ကျက်သရေ ရှိလွန်း လှလေသည်။

စုန့်ချင်းယီက ဆန်းလျန် အနိုင်ရမည့် အကြောင်းကို ချီးရှိုးက ခန့်မှန်းနိုင်သည့် အတွက် အံ့သြ နေမိလေသည်။ သူမက အချိန်တိုလေး အတွင်းမှာပင် တိုက်ပွဲ အခြေအနေကို မှန်ကန်အောင် သုံးသပ် နိုင်ခဲ့လေသည်။

ဟွမ်ကျီကိုယ်တော်၏ ရွှေရောင် လက်သီးချက်များက ဆန်းလျန်ဆီသို့ အဆက်မပြတ် ဝင်ရောက် လာလေသည်။ သူ၏ ဦးခေါင်းထက်မှ ရောင်ခြည် စက်ဝန်းမှ အလင်းတန်းများကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန် နေလေသည်။ နဂါးကြီး ရှစ်ကောင်မှာလည်း အဆုံးမရှိ ကြုံးဝါး အော်ဟစ်လျက် ရှိကြလေသည်။ နဂါးကြီးများက ရွှေရောင် လက်သီးချက်များနှင့် အတူ ဆန်းလျန်ဆီသို့ ဝင်ရောက် သွားလေသည်။

ဆန်းလျန်ကတော့ ဟွမ်ကျီ ကိုယ်တော်၏ တန်ခိုးစွမ်းအားများ အားလုံးကို အသာလေးပင် ခုခံ တိုက်ခိုက် နေလေသည်။

သူတို့နှစ်ယောက်၏ တိုက်ပွဲသည် ညနေစောင်း အချိန်ရောက်သည် အထိပင် အဆုံးမသတ် နိုင်ကြသေးပေ။

တိုက်ပွဲကို ကြည့်နေကြသည့် ကျင့်ကြံသူများသည် မြေကြီးများ ကွဲအက်သွားပြီး ပြန်လည် ကောင်းမွန်သွားသည်ကို မြင်တွေ့ လိုက်ရလေသည်။ သစ်ပင်များ အကုန်ပျက်စီး သွားပြီး ပြန်လည် ပေါက်ရောက် လာသည်ကို မြင်တွေ့ လိုက်ကြရလေသည်။

ဟွမ်ကျီ ကိုယ်တော်၏ တန်ခိုးစွမ်းအားများမှာ တဖြည်းဖြည်း ကျဆင်းလာပြီး အားနည်း လာလေသည်။

ထိုအခါမှ ဆန်းလျန်က တိုက်စစ် ဆင်လိုက်လေသည်။ သူက နတ်ဒေဝါ တစ်ပါးအလား တာအိုတန်ခိုးစွမ်းအား ဖွဲ့စည်းပုံကို လက်တွင် ကိုင်ဆောင်ကာ စကြဝဠာထဲမှ တစ်လှမ်းချင်း လှမ်းထွက် လာလေသည်။

သူ၏ မျက်ဝန်းများဆီမှ ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများသည် ဟွမ်ကျီ ကိုယ်တော်၏ နှလုံးသား နေရာကို တစ်စက္ကန့် အတွင်းမှာပင် ထိုးစိုက် ချလိုက်လေသည်။

ဆန်းလျန်၏ မျက်ဝန်းဆီမှ ငွေရောင် အလင်းတန်းများသည် ကြယ်ရောင်၊ လရောင်များထက်ပင် လင်းလက် တောက်ပ နေလေသည်။

တိုက်ပွဲကို ကြည့်နေသည့် ကျင့်ကြံသူများ၏ စိတ်ထဲတွင် တုန်လှုပ် သွားကြရလေသည်။

***

All Chapters