သေမျိုး နတ်ဘုရား ဂူဖုတု
Vol. 4 Ch. 44
ဝေ့ဝူယင်က ကမ္မတန်ဖိုး ပြောင်းလဲမှုကို ဆန်းစစ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
“အခြေအနေက နည်းနည်းလေးတော့ ခက်တယ်... ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ နည်းလမ်းတွေ ရှိပါသေးတယ်... ပထမ နည်းလမ်းက စုံစမ်း စစ်ဆေးမှုတွေ ရပ်တန့်သွားတဲ့ အချိန်အထိ စောင့်ဖို့ပဲ... ရက်သတ္တပတ် အနည်းငယ်လောက် ကြာရင် သူတို့ လက်လျှော့ချင် လက်လျှော့သွားမှာပါ... ဒုတိယ နည်းလမ်း... သူတို့ရဲ့ စစ်ဆေးမှုတွေကို ရှောင်လွှဲပြီး ထွက်ခွာဖို့... တတိယ နည်းလမ်း သူတို့ဆီ တိုက်ရိုက်သွားပြီး ငါတို့တွေ အပြစ် ကင်းစင်ကြောင်း သက်သေပြဖို့”
ဝေ့ဝူယင်က ဆိုလိုက်၏။
ကျိုးနင်က သဘောတူသည်။ သူတို့တွင် အခြား ရွေးချယ်စရာများ ရှိသေးသော်လည်း မည်သည့် နည်းလမ်းကမျှ လုံခြုံမှု မရှိပါချေ။ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည့် ထိုသုံးခုပင်လျှင် ခြောက်ပစ်ကင်း သဲလည်းစင် မဟုတ်သေးချေ။
“ကဲပါလေ... စိတ်ပူမနေနဲ့တော့...”
ဝေ့ဝူယင်က ပြုံးကာ ကြိုးကြာဖြူ၏ ကျောခုံးထက် တက်လိုက်၏။ ထို့နောက် သူက ကျိုးနင်တို့ သုံးယောက်ထံ လှမ်းကြည့်လိုက်သည်။
“မင်းတို့ လာမှာလား... မလာဘူးလား”
ကျိုးနင်တို့ သုံးယောက်သားမှာ ဆွံ့အသွားကြ၏။ သူက ရုတ်ချည်း ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်လား...။ ပိတ်ဆို့ စစ်ဆေးမှုများကို မည်ကဲ့သို့ ကျော်ဖြတ်မည်နည်း။
“မင်းတို့ မလိုက်ဘူး ဆိုရင်လည်း ငါးစက္ကန့်အတွင်း ငါသွားတော့မယ်”
ဝေ့ဝူယင်၏ စကားလုံးများက အချက်ပေးသံ တစ်ခုလိုပင်။
ဝှစ်...
ကျိုးနင်က တိုင်ချူးရွှယ်၏ ခါးကို တိုက်ရိုက် ဆုပ်ကိုင်ကာ ကြိုးကြာဖြူ၏ ကျောပေါ် ခုန်တက်လာ၏။ ကျန်းမူကလည်း အလျှင်အမြန်ပင် နောက်ကလိုက်လာသည်။ အကယ်၍ တစ်ယောက်တည်း ကျန်ခဲ့ပါလျှင် သူ မည်သည့်နေရာသို့ သွားရမည်နည်း။
“သွားကြစို့...”
ကြိုးကြာဖြူက ၎င်း၏ ကြီးမား ကျယ်ပြန့်လှသည့် အတောင်ပံများကို ကောင်းကင်ပေါ် ပျံတက်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းပင် မဆိုကြမိပဲ သူတို့မှာ အရှေ့စူးစူး အရပ်သို့ ခရီးနှင်ကြလေတော့၏။
...
ကောင်းကင်ယံ၌....
ကမ္ဘာတိုက်တန်ဂိုဏ်း၏ တပည့်များမှာ ပျံသန်းကာ စုံစမ်း ရှာဖွေမှုများကို တင်းကြပ်စွာ ပြုလုပ်နေကြ၏။ သူတို့သည် နေသွေးနီနီဂိုဏ်း၏ အတွင်းစည်း တပည့်များ ပိုင်ဆိုင်သည့် လင်းယုန်ငှက်ကဲ့သို့ သားရဲများကို စီးနင်းထားကြသည်။ သို့သော်လည်း နှိုင်းယှဥ်ရပါက သူတို့၏ သားရဲများမှာ ပိုမို ကြီးမားသလို အရောင်အသွေးလည်း ပိုမို တောက်ပကြသည်။
အကြီးမားဆုံး လင်းယုန်ငှက်၏ ကျောထက်တွင်မူ... အရပ် သုံးမီတာခန့် အထိ ရှည်လျားသည့် လူကြီးတစ်ဦး ရပ်နေခဲ့သည်။ သူသည် ကြေးနီရောင် အသည်းအရေနှင့် တုတ်ခိုင်သော ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်နှာထက်၌ မည်သည့် အမွေးအမျှင်မျှ ရှိမနေသော်လည်း ဦးခေါင်းထက်ရှိ ဆံပင်များမှာမူ ရှည်လျားကာ ကြမ်းတမ်းနေ၏။ သူကား အရှက်လုံရုံ နံငယ်ပိုင်းမှ လွဲ၍ မည်သည့် အရာကိုမျှ ဝတ်ဆင်ထားခြင်း မရှိချေ။
သူ၏ အမည်မှာ ဂူဖူတု ဖြစ်ပြီး ကမ္ဘာတိုက်တန်ဂိုဏ်း၏ သေမျိုး နတ်ဘုရား တစ်ယောက်လည်း ဖြစ်သည်။ သူသည် ကမ္ဘာချီ နှလုံးသားကို ပိုင်ဆိုင်ထားပြီး သူ၏ ထူးခြားသော သွေးမျိုးဆက်က သာမန်ထက် ပိုကဲသည့် အာရုံခံနိုင်စွမ်းနှင့် သန်စွမ်းသော ရုပ်ပိုင်းဆိုင်ရာကို ချီးမြှင့်ထားသည်။ ကောလဟာလများ အရဆိုလျှင် သူသည် လူသားစား တောဝံပုလွေများ၏ ပြုစုပျိုးထောင်မှု အောက်တွင် ကြီးပြင်းလာသည်ဟုပင် ဆိုကြသည်။
ဆယ်ပေါင်းများစွာသော အကြီးအကဲများနှင့် တပည့်များသည် ပိတ်ဆို့ ဝင်္ကပါ ပုံစံဖြင့် ရပ်တန့်နေကြ၏။ သူတို့၏ ခွင့်ပြုချက် မရပဲ မည်သူမျှ အလွယ်တကူ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပါချေ။
ဂီး...
ရုတ်တရက်... ငှက်အော်သံ တစ်ခုက သူတို့၏ အာရုံများကို ဖမ်းစားသွား၏။ အဝေးတစ်နေရာဆီမှ ငှက်တစ်ကောင်မှာ သူတို့ထံ တန်းတန်းမတ်မတ် ပြန်လာနေခဲ့သည်။ ခရမ်းရောင် လျှပ်စီးနှင့် လေချီတို့သည် ငှက်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ကာ ၎င်း၏ ကျောထက်ရှိ ခရီးသည်များကို မမြင်ရလေအောင် ဖုံးကွယ်ထားသည်။ ၎င်းသည် မိုးကြိုးမုန်တိုင်းငယ် တစ်ခုအလား အရှိန်ပြင်းစွာ ရွေ့လျားနေ၏။
“ဘာကြီးလဲ...”
“အဲဒါက တိုက်ခိုက်မှု တစ်ခုလား... သူတို့က ရူးနေတာလားဟ”
ကမ္ဘာတိုက်တန်ဂိုဏ်း၏ တပည့်များမှာ ကြောင်တောင်တောင် ဖြစ်နေကြ၏။
“သေချင်လို့ လာနေတာပဲ... ကြည့်ရတာ သူတို့က လူသတ် တရားခံတွေတောင် ဖြစ်ချင် ဖြစ်နေနိုင်တယ်”
အကြီးအကဲ တစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ဤနေရာ၌ ဂူဖူတု ရှိနေလေရာ မည်သည့် ရန်သူကို မဆို သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးနိုင်ရန် သူ ယုံကြည်ချက် ရှိပေသည်။
ဂူဖူတု၏ မျက်လုံးများမှ ထက်ရှစွာ ကျဥ်းမြောင်းသွား၏။ သူက ဝိညာဥ် အာရုံကို ဆန့်ထုတ်ကာ စစ်ဆေးလိုက်သည်။ မိုးကြိုမုန်တိုင်းနှင့် တူသည့် ချီအလွှာနှင့် ထိတွေ့ပြီးနောက် သူ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွား၏။
“နောက်ဆုတ်ကြစမ်း...”
သူက အေးစက်စက် အမိန့်ပေးလိုက်သည်။ သူ၏ အသံက လေးနက်နေရာ တပည့်များနှင့် အကြီးအကဲများမှာ တုန့်ဆိုင်းမနေရဲပဲ နောက်ဆုတ်လိုက်ကြ၏။
ဝှစ်...
ဂူတုဖုသည် မိုးကြိုးမုန်တိုင်းငယ်၏ လမ်းကြောင်း၌ ပိတ်ဆို့ကာ သူ၏ အရှိန်အဝါကို ဖော်ထုတ်လိုက်၏။ လေထုသည် တဝုန်းဝုန်း တိုက်ခတ်လာကာ အပူချိန်မှာ ထိုးကျသွား၏။ ကမ္ဘာမြေကြီးမှာ တုန်ရီလာသည်။ သူကား တည်ရှိမှုတစ်ခုဖြင့် လောက၏ သဘာဝ ဒြပ်စင်များကို လွှမ်းမိုးပစ်လိုက်ချေပြီ ဖြစ်သည်။
သေမျိုးနတ်ဘုရား အဆင့်...
သာမန် ရပ်နေရုံဖြင့်ပင် သူကား ဒဏ္ဍာရီထဲမှ နတ်ဘုရား တစ်ပါးသဖွယ် ခန့်ညားလွန်းလှသည်။
ကြိုးကြာဖြူ၏ ကျောထက်ရှိ ဝေ့ဝူယင်က ပြုံးလိုက်၏။ တစ်ချိန်တည်း၌ ကျိုးနင်တို့ သုံးယောက်မှာမူ မျက်စိ မျက်နှာ ပျက်နေကြပြီ ဖြစ်သည်။ သူတို့သည် ဂူတုဖု၏ အဆင့်အတန်းကို သိရှိထားပေသည်။ နေကျီးကန်း စုန်းမ ကဲ့သို့သော သေမျိုး နတ်ဘုရားတိုင်းသည် ဒဏ္ဍာရီသဖွယ် ကျော်ကြားကြ၏။
ဝေ့ဝူယင်က ကြိုးကြာငှက်ကို ဂူဖုတု၏ ရှေ့၌ ရပ်ရန် အမိန့်ပေးလိုက်သည်။ ခရမ်းရောင် လျှပ်စီးနှင့် လေချီများမှာမူ သူတို့အား ဖုံးကွယ်ထားဆဲ ဖြစ်သည်။
ဂူဖုတု၏ မျက်လုံးများက သားရိုင်းတစ်ကောင် အလား စူးရှနေကာ ဝိညာဥ် အာရုံမှာ ခရမ်းရောင်နှင့် လေချီကို ထိုးဖောက်ရန် ကြိုးစားလာ၏။ သို့သော်လည်း ကြောက်မက်ဖွယ် အဖျက်စွမ်းအား တစ်ခုက သူ၏ ဝိညာဥ်အာရုံကို ဟန့်တား ဖျက်ဆီးသွားသည်။ သူက မျက်မှောင်ကြုတ်သွား၏။
“သူရဲဘောကြောင်လိုက်တာ... သေမျိုး နတ်ဘုရား တစ်ယောက် အနေနဲ့ မင်းကိုယ်မင်း ဖုံးကွယ်ထားဖို့ လိုလို့လား”
ဂူတုဖုက အေးစက်စွာ မေးလိုက်၏။
“ဘာလဲ... အခြား သေမျိုး နတ်ဘုရား တစ်ဘောက် ရှိနေတာလား... ဘယ်သူလဲ”
ကမ္ဘာတိုက်တန်ဂိုဏ်းသားများသာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ဂူတုဖု သူတို့အား နောက်ပြန်ဆုတ်ခိုင်းသည်မှာ မထူးဆန်းတော့ချေ။
တစ်ချိန်တည်း၌ ကျိုးနင်တို့ သုံးယောက်မှာလည်း မျက်လုံးများ ပြူးကာ ဝေ့ဝူယင်ကို ကြည့်လိုက်မိကြလေသည်။
“သေမျိုး နတ်ဘုရား...”
ကျန်းမူမှာ သတိလက်လွတ် ထအော်လိုက်မိ၏။ တိုင်ချူးရွှယ်၏ မျက်လုံးများမှာမူ ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပသွားသည်။ သူမသည် ချောမောခန့်ညားသည့် သေမျိုး နတ်ဘုရား တစ်ဦးနှင့် အချိန် တဒင်္ဂ သိကျွမ်းရခြင်း အပေါ် ပျော်ရွှင်နေမိ၏။
ကျိုးနင်မှာ တိတ်ဆိတ်နေသည်။ သူမသည် ဝေ့ဝူယင်၏ ကျယ်ပြန့်သော နောက်ကျောပြင်ကို ကြည့်ကာ သူမနှင့် ဆက်ဆံခဲ့ပုံများကို ပြန်လည် မြင်ယောင်လာမိ၏။ သူမ၏ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာသော်လည်း ခင်ပွန်း ဆိုသော အတွေးက အရာအားလုံးကို ပြန်လည် အမှောင်ကျသွားစေခဲ့သည်။
ဝူတိုင်းပြည်တွင် ကျင့်ကြံသူ သန်းဆယ်ပေါင်းများစွာ ရှိပေသည်။ ထိုအထဲမှ အများစုမှာ အခြေခံ တည်ဆောက်ခြင်း အဆင့်များ ဖြစ်ကာ သိန်းချီသာလျှင် ချီပျစ်ခဲခြင်း အဆင့်ကို တက်လှမ်းနိုင်ကြသည်။ သို့သော်လည်း ထိုချီပစ်ခဲခြင်း အဆင့် အများစုမှာ အဆင့်တစ်နှင့် အဆင့်နှစ်တွင်သာ သောင်တင် နေကြပေသည်။
သေမျိုးနတ်ဘုရား အဆင့်ဆိုလျှင် ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် တစ်ရာခန့်သာ ရှိပေလိမ့်မည်။
ဝေ့ဝူယင်က ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ ဂူဖုတုထံ စာပို့လိုက်၏။ ဂူဖုတုက မျက်မှောင်ကြုတ်ကာ သလင်းကျောက်ကို ကိုင်လိုက်သည်။ စာကို ဖတ်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။
“မင်းက လျှို့ဝှက်တာဝန်တစ်ခုနဲ့ ခရီးထွက်လာပြီး မင်းရဲ့ အဆင့်အတန်းကို မဖော်ထုတ်ချင်ဘူးပေါ့ ဟုတ်လား... ကမ္ဘာတိုက်တန်ဂိုဏ်းရဲ့ ပိုင်နက် ဂါယာပြည်နယ်မှာတောင် မင်းက မောက်မာရဲတယ်ပေါ့... ဟမ့်... မင်း ဘယ်သူလဲ ဆိုတာ ကိုယ့်ဘာသာ ထုတ်ပြောစမ်း... မဟုတ်လို့ကတော့ မင်းရဲ့ အကာရံကိုတင်း မကဘူး... မင်းရဲ့ အရေပြားကိုပါ တစ်ပိုင်းတစ်စီ ဖြစ်အောင် ဆွဲဖြဲပစ်မယ်”
ဂူဖုတုက တင်းမာစွာ အော်ဟစ်လိုက်၏။ ဝေ့ဝူယင် ကူရာမဲ့စွာ ပြုံးလိုက်မိသည်။ ဖြစ်နိုင်လျှင် သူ တိုက်ပွဲကို ရှောင်လွှဲလိုသည်။ ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သော်လည်း ကံဆိုးစွာပင် ဂူတုဖုကဲ့သို့ ရန်လိုသည့် သားရိုင်းကြီးနှင့် လာတိုးနေသည်။
သူက သက်ပြင်းချလိုက်၏။ ထို့နောက် သူက အခြား စာတစ်စောင်ကို ထပ်ပို့လိုက်သည်။
“တစ်ချက်တည်းပဲ...”
ထိုစာကို ဖတ်ပြီးနောက် ဂူဖုတု၏ မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်ဖြင့် တဝင်းဝင်း တောက်ပလာသည်။ သူက ရင်ဘတ်ကို တဘုန်းဘုန်း ထုကာ အော်ဟစ်လိုက်၏။ သူ၏ သွေးများမှာ ဆူပွက်လာဟန်ရကာ သူ၏ အရှိန်အဝါမှာ ပိုမို ကြမ်းတမ်းလာသည်။ သူက သုံးမီတာခန့် ရှည်လျားကာ ထုထည် ကြီးမားလှသည့် သွေးနီရောင် ဓားပြားကြီးကို ထုတ်ယူလိုက်သည်။ ထိုဓားကြီးကား ဧရာမ သားရဲကြီးတစ်ကောင်၏ သွားနှင့်တူကာ သွေးချီများဖြင့် လွှမ်းခြုံနေသည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်ကလည်း ညာဘက် လက်သီးကို ဆုပ်ကာ ချီများကို စုစည်းလိုက်၏။ မီး၊ ရေ၊ လေ၊ မြေကြီး၊ သတ္တု၊ သစ်သား၊ ချော်ရည်ပူနှင့် ယင်ယန်ချီသည့်သည် အတူတကွ စုစည်းလာကာ သိပ်သည်း ထူထပ်သော လက်သီးထုထသည် တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ထိုလက်သီးသည် ဆယ်မီတာခန့် အထိ ကြီးမားလေ၏။
တစ်စုံတစ်ခုကို ခံစားမိသည်နှင့် ဂူဖုတု၏ မျက်နှာက ပျက်ရွင်းသွား၏။ သူကား သေမျိုး နတ်ဘုရား အဆင့်သို့ မတက်လှမ်းမီ သေရေးရှင်ရေး တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ဖူးရာ ထိုခံစားချက်နှင့် ကောင်းကောင်း ရင်းနှီးပေသည်။
နောက်ဆုတ်...
ဦးနှောက်က အချက်ပေးသည်နှင့် သူလျှင်မြန်စွာပင် လှုပ်ရှားလိုက်၏။ သို့သော်လည်း သူ၏ အသိတရား ရရှိမှုမှာ နောက်ကျသွားခဲ့ချေပြီ ဖြစ်သည်။
ဘုန်း...
လက်သီးသည် အလွန် ပြင်းစွာသော အဟုန်ဖြင့် ဂူဖုတု၏ ခန္ဓာပေါ် ကျဆင်းသွား၏။ သူ၏ အရေပြား၊ ကြွက်သား၊ အရိုးများနှင့် အတွင်း ကလီစာများမှာ ကြောက်မက်ဖွယ် အဖျက်စွမ်းအား အောက်တွင် ပြိုကွလာသည်။ တစ်ခဏ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ချီစွမ်းအင်များ အကြားတွင် ပျောက်ကွယ်သွား၏။
အစမှ အဆုံးထိ အော်ငြီးသံ တစ်ချက်ပင်လျှင် မကြားလိုက်ရပဲ သေမျိုး နတ်ဘုရား ဂူဖုတုမှာ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
***