← Chapters

ဆန္ဒ၊ အာကာသ၊ လက်နက်

Vol. 4 Ch. 45

ဆန္ဒ၊ အာကာသ၊ လက်နက်

Vol. 4 Ch. 45

“ ... “

တိတ်ဆိတ်ခြင်းသည် ကြောက်မက်ဖွယ် ကောင်းအောင် မင်းမူနေ၏။

“သွားကြစို့...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။ ကြိုးကြာဖြူက ဟစ်ကြွေးသံ တစ်ခုကို ပြုကာ အရှေ့စူးစူးသို့ ပျံသန်းသွား၏။ ယခုတစ်ကြိမ်တွင်မူ သူတို့အား မည်သူ တစ်ဦးတစ်ယောက်မျှပင် မတားဆီးရဲခဲ့ကြချေ။

ဝေ့ဝူယင်က အေးစက်စက် ပြုံးလိုက်၏။ ဂူဖုတုမှာ ကမ္ဘာတိုက်တန်ဂိုဏ်းမှ ဖြစ်သည်။ ကျောက်စိမ်းကြာပန်းဂိုဏ်း ကဲ့သို့ပင် နေသွေးနီနီဂိုဏ်းနှင့် ကမ္ဘာတိုက်တန်ဂိုဏ်းတို့မှာ မဟာမိတ်များ မဟုတ်ကြချေ။ အကယ်၍ သူသာ ထိုအကြောင်းအရာကို ဂိုဏ်းတွင် ပြန်လည် အစီရင်ခံပါက ဆုလာဒ်များပင် ရရှိနိုင်ပေသည်။

မကြာခင်မှာပင် မိုးကြိုးမုန်တိုင်းငယ်မှာ တဖြည်းဖြည်း ဝေးကွာသွားကာ အားလုံး၏ မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားတော့သည်။

ဟူး...

ဝေ့ဝူယင်တို့ ပျောက်ကွယ်သွားပြီး အတန်ကြာ၌ လင်းယုန်ငှက် အနည်းငယ်မှာ ထိုနေရာသို့ ပျံသန်း ရောက်ရှိလာ၏။ စီးနင်းလာသူများထဲမှ နှစ်ယောက်မှာ သန်မာသည့် ယင်ယန် စွမ်းအင်များကို ထုတ်လွှတ်နေကာ သာမန် ကျင့်ကြံသူများ မဟုတ်ကြောင်း ဖော်ပြနေသည်။ သူတို့၏ အမူအရာများသည် မှုန်ကုပ်ကုပ် ဖြစ်နေကြ၏။

“နတ်ဘုရားဂူ ဘယ်မှာလဲ...”

တစ်ယောက်က မေးလိုက်သည်။

“ ... “

“ ... “

“သူ အသတ်ခံလိုက်ရပါပြီ နတ်ဘုရားကျင်းနဲ့ နတ်ဘုရားနိုင်း... အရှင်တို့ နှစ်ယောက် ကျူးကျော်သူကို သတ်ဖြတ်ပြီး ဂိုဏ်းအတွက် ပြန်လက်စားချေပေးပါ”

အားလုံး ငြိမ်ကုပ်နေကြချိန်၌ တပည့်တစ်ယောက်က ရှေ့သို့ တက်လာကာ ဖြေလိုက်၏။ သူသည် ဂူတုဖု၏ နောက်လိုက်တစ်ယောက် ဖြစ်ပြီး သခင်ဖြစ်သူ သေဆုံးသွားခြင်း အတွက် အတော်လေး ခံပြင်းနေဟန်ရသည်။

သို့သော်လည်း... လူအချို့က သူ့အား အရူးတစ်ယောက်အလား ဝိုင်းကြည့်လိုက်ကြ၏။

“နတ်ဘုရားဂူတောင် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ မမြင်ဘူးလား... ဘယ်လိုလုပ်ပြီး လက်စားချေနိုင်မှာလဲ”

ခန္ဓာကိုယ် ပိန်ပါး၍ အသက်လတ် အရွယ်ရှိသည့် နတ်ဘုရားနိုင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဘာတွေဖြစ်သွားတာလဲ ဆိုတာ သေချာရှင်းပြကြစမ်း...”

တပည့်အချို့မှာ သတ္တိမွေးကာ ဖြစ်စဥ်ကို အစအဆုံး ရှင်းပြလိုက်ကြသည်။ သို့သော်လည်း ထိုအရာက သူတို့ မြင်ရသည့် ရှုဒေါင့် အတိုင်းသာ ဖြစ်ပြီး တရားခံ မည်သူ ဖြစ်ကြောင်းကိုမူ တပ်အပ် မပြောနိုင်ကြချေ။ နတ်ဘုရားဂူ၏ ဆက်သွယ်ရေး သလင်းကျောက်ထဲ၌ တွေ့ရသလောက်ဆိုလျှင် တရားခံက သူလျှို့ဝှက်တာဝန်ဖြင့် ခရီးထွက်လာကြောင်းနှင့် ဖြတ်သန်းသွားလာလိုကြောင်း နတ်ဘုရားဂူထံ ခွင့်ပန်ခဲ့သည်။ သို့သော်လည်း ဂူဖုတုက ထိုအရာကို ငြင်းဆန်ခဲ့သည်။ ထို့နောက် ရလဒ်တစ်ခု အနေဖြင့် တရားခံက ဂူဖုတုကို တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။

နတ်ဘုရားနိုင်း၏ အမူအရာက အနည်းငယ် အကျည်းတန်သွား၏။ ဂူဖုတုသည် သူတို့ သေမျိုး နတ်ဘုရား သုံးယောက်တွင် အသန်မာဆုံး ဖြစ်သည်။ သူ့အား တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သူဟူ၍ ဤလောကတွင် နတ်ဘုရားအရှင် အဆင့်များသာ ရှိသည်။

သို့သော်လည်း... နတ်ဘုရားအရှင်များမှာ မဟာဂိုဏ်းကြီး ငါးဂိုဏ်းတွင်ပင် ထိပ်ဆုံးအဆင့်များ၌ ရပ်တည်နေကြသူများ ဖြစ်ပေသည်။ ကမ္ဘာတိုက်တန်ဂိုဏ်းတွင်ပင် တစ်ယောက်သာလျှင် ရှိသည်။

နတ်ဘုရားကျင်းမှာလည်း စိတ်ရှုပ်ထွေးအမူအရာဖြင့် တိတ်ဆိတ်နေ၏။ သူက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ သူ၏ အထက် မြင့်မြတ်သောချီ အဆင့် ကျင့်ကြံသူ တစ်ယောက်ထံ စာတစ်စောင် ပို့လိုက်သည်။

“ဂူဖုတု သေပြီ... သိုလှောင်ခန်းကို သိမ်းထားပါ”

ထို့နောက် သူက ဝိညာဥ်အာရုံကို သုံးကာ ဝိညာဥ်အစီအရင် တစ်ခု ဖန်တီးလိုက်၏။ ဝိညာဥ် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်မှ စီးဆင်းထွက်ပေါ်လာကာ အကာအရံတစ်ခု သဖွယ်ဖြင့် ထိုနေရာရှိ လူတိုင်းကို လွှမ်းခြုံသွားသည်။ ထိုအကာအရံသည် ဆက်သွယ်ရေး သလင်းကျောက်များ အလုပ်မလုပ်နိုင်အောင် တားဆီးထားသည်။

နတ်ဘုရားဂူက သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

“ဒါဘာသဘောလဲ... နတ်ဘုရားကျင်း...”

နတ်ဘုရားကျင်းက အလေးအနက် အမူအရာကို ဖမ်းလိုက်၏။

“တရားခံက ဘယ်သူဆိုတာ သေချာမသိရသေးဘူး... သူက ဒီနေရာက လူတွေနဲ့ ဆက်စပ်ကောင်း ဆက်စပ်နေနိုင်တယ်... ငါ့အထင် ပြောရရင် နတ်ဘုရားဂူက အဆိပ်မိထားတာတောင် ဖြစ်နိုင်တယ်... ဒါကြောင့်ပဲ သူက လွယ်လွယ်အသတ်ခံလိုက်ရတာ”

နတ်ဘုရားကျင်း၏ စကားများက လုံးဝ ကျိုးကြောင်း ဆီလျော်မှု မရှိချေ။ သူကား ဤအဖြစ်အပျက်မှ အမြတ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်ကြောင်း သာမန် တွေးခေါ်နိုင်လျှင် သိနိုင်သည်။

“မင်းတို့တွေ...”

သူက မျက်မှောင်ကြုတ်ကာ တပည့်များကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်ကြောင့် အားလုံးမှာ တုန်ရီသွားကြလေသည်။

တစ်ချိန်တည်း၌ နတ်ဘုရားနိုင်းမှာမူ သူ ခဏတာ ကြောင်နေမိခြင်း အတွက် နောင်တရနေမိသည်။ ယခုတွင်မူ လူယုတ်မာကျင်းမှာ ထိုအခွင့်အရေးကို အပိုင်စီးသွားခဲ့ချေပြီ။ သို့သော် သူသည်လည်း လွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ပါချေ။ သူက ဆက်သွယ်ရေး သလင်းကျောက်ဖြင့် နတ်ဘုရားကျင်းအား ဆက်သွယ်လိုက်၏။

“ငါးရာခိုင်နှုန်း... ငါ မင်းရဲ့ အစီအစဥ်ကို ဝင်မစွက်ဖက်တော့ဘူး”

နတ်ဘုရားကျင်းက တဒင်္ဂမျှ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တပည့်များကို ကြည့်ကာ အေးစက်စက် ဆိုလိုက်လေ၏။

“မင်းတို့ထဲမှာ သူလျှို ရှိ၊ မရှိ ခုချက်ချင်း စုံစမ်းမယ်... ငြင်းဆန်တဲ့လူ အရေးယူ ခံရမယ်”

တပည့်များ အားလုံး၏ မျက်နှာများမှာ ညှိုးနွမ်းသွား၏။ ထိုကဲ့သို့သော နည်းလမ်းဖြင့် ငွေညှစ်ခံရမှုမျိုးမှာ သူတို့ အတွက် သိမ်းမစိမ်းကြချေ။ သို့သော်လည်း အားနည်းသူများ အဖို့ မည်ကဲ့သို့ တတ်နိုင်ပါမည်နည်း။

ရုတ်တရက် နတ်ဘုရားနိုင်းက နတ်ဘုရားကျင်းထံ ထပ်မံ ဆက်သွယ်လိုက်သည်။

“ဂူဖုတုရဲ့ တတိယ ဇနီးကိုလည်း ငါယူမယ်”

နတ်ဘုရားကျင်းမှာ ဂရုမစိုက်ပါချေ။

“အဲ့ကောင်မကို မင်းကြိုက်တာလုပ်နိုင်တယ်”

“ဟဟ...”

နတ်ဘုရားနိုင်းက လူအုပ်ကြားရှိ လှပ ချောမောသော အမျိုးသမီးလေးကို ကြည့်ကာ အေးစက်စက် ရယ်မောလိုက်လေတော့၏။

...

ထိုအချိန်၌... ဝေ့ဝူယင်နှင့် ကျိုးနင်တို့ သုံးယောက်မှာ အင်ဖာနိုတောင်နှင့် မိုင်ပေါင်း ရာချီ အကွာအဝေးကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အန္တရာယ်များမှာ ရှင်းလင်းသွားပြီဟု ဆိုနိုင်၏။ အကယ်၍ ကမ္ဘာတိုက်တန်ဂိုဏ်းသားများ လိုက်လာလျှင်ပင် ဤနေရာ၌ ပျံသန်းနေသည်က သူတို့ချည်း မဟုတ်‌တော့ချေ။ အခြားခရီးသည်များလည်း ရှိပေသေးသည်။

“နတ်ဘုရားဝေ့... ခု ဘယ်ကိုသွားနေတာလဲ မသိဘူး”

တိုင်ချူးရွှယ်က ရိုသေစွာ မေးလိုက်၏။ သူမ၏ အသံတွင် လေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က ရောယှဥ်နေသည်။ ဝေ့ဝူယင် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း သိသွားခြင်းနှင့် အတူ သူမ၏ အသုံးအနှုန်းမှာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ရွှေရောင်နို့နှစ်မြို့တော်ကို...”

ဝေ့ဝူယင်က နောက်သို့ ပြန်လှည့် မကြည့်ပဲ ဖြေလိုက်၏။

“ဪ...”

ရွှေရောင် နို့နှစ်မြို့တော်မှာ ကုန်သွယ်ရေး လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်သည့် အနီးဆုံးမြို့ တစ်ခု ဖြစ်သည်။ ထိုနေရာ၌ တရားမဝင် ပစ္စည်းများကို နာမည်မဖော်ပဲ ရောင်းဝယ်နိုင်သည့် မြေအောက်စျေး ရှိပေသည်။ ဝေ့ဝူယင်တွင် ဆေးဝါး၊ ချပ်ဝတ်၊ ချီလက်နက် စသည်ဖြင့် သူ့အတွက် အသုံးမလိုသည့် ပစ္စည်းများစွာ ရှိပေသည်။ သူသည် ထိုအရာများကို အမတေ ကျောက်တုံးများနှင့် လဲလှယ်လိုသည်။ အကယ်၍ အမတေ ကျောက်တုံး တစ်ထောင်ခန့် စုမိပါက တံခါးပိတ်ကာ မြင့်မြတ်သောချီ အဆင့်ကို ချိုးဖျက်ရန် သူမျှော်မှန်းထားသည်။

ထို့အပြင်... သူ့တွင် အဆင့်မြင့် ရေခဲအမတေကို ရှာဖွေရန်လည်း ရှိပေသေးသည်။ အကယ်၍ သူသာ မြင့်မြတ်သော ချီအဆင်ကို ရောက်ရှိပါက ဒြပ်စပ်ချီ နှလုံးသား တည်ဆောက်ခြင်း လမ်းကြောင်းပေါ်သို့လည်း ‌ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါကျလျှင် သူ နတ်ဘုရား အရှင်များကို ရင်ဘောင်တန်းလာနိုင်မည် ဖြစ်သည်။

ဝေ့ဝူယင်က နှုတ်ခမ်းများကို အနည်းငယ် သပ်လိုက်၏။ သူ၏ နှလုံးသားထဲ၌ ပူလောင်မှု တစ်ခု ဖြစ်ပေါ်နေပေသည်။ သူက ငွေရောင်မျက်လုံးများကို ဖွင့်လှစ်ကာ ကျိုးနင်ကို စောင်းကြည့်လိုက်၏။ နောက်ဆုံး၌ သူက ထိုဆန္ဒကို မြိုသိပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ စိတ်၏ အလိုဆန္ဒနောက်လိုက်ကာ ကျင့်ကြံခြင်း လမ်းကြောင်းမှ သွေဖည်သွားသည့် သာဓကမျိုးကို သူ မကြာခဏ ကြားဖူးသည်။

“နတ်ဘုရားဝေ့... ကျွန်မတို့ကို ကျောက်စိမ်းကြာပန်းဂိုဏ်းရဲ့ နယ်စပ်ဆီ ပို့ပေးလို့ ရမလား”

ကျိုးနင်က မေးလိုက်၏။

ဝေ့ဝူယင်က ခဏမျှ တွေးလိုက်သည်။ သူသည် သူသွားမည့် လမ်းကြောင်းနှင့် ကျောက်စိမ်းကြာပန်းဂိုဏ်း၏ နယ်မြေကို ဆက်စပ် စဥ်းစားကြည့်လိုက်၏။ လမ်းတည့်ကြောင်း သေချာသော အခါတွင်မှ သူက ခေါင်းညိတ်လိုက်သည်။

ကျိုးနင်တို့ သုံးယောက်သားမှာ ကြိတ်ကာ သက်ပြင်းချလိုက်မိကြ၏။ ပထမ၌... နတ်ဘုရားဝေ့က သူတို့အား ကျွန်အဖြစ် နေသွေးနီနီဂိုဏ်းသို့ ခေါ်ဆောင်သွားမည်လား တွေးကာ စိတ်ပူမိကြသေးသည်။ မည်သို့ပင်ဆိုစေ... ထိုကဲ့သို့သော ကိစ္စမျိုးကား ကျင့်ကြံခြင်းလောက၌ မကြာခဏ ဖြစ်ပျက်တတ်သည့် အရာဖြစ်ပေသည်။

ထိုသို့ဖြင့် ဆက်လက် ခရီးနှင်လာရင်း... ဝေ့ဝူယင် တစ်စုံတစ်ခုကို သတိရသွား၏။

“ဟုတ်သားပဲ... သုံးလွှာ လက်စွပ်ရဲ့ ဒုတိယမြောက် အလွှာမှာ ဘာတွေ ရှိနေမလဲ စစ်ဆေးကြည့်လိုက်ရအောင်”

သူက ချက်ချင်းပင် ဟင်းလင်းပြင် လက်စွပ်ကို ထုတ်ကူကာ ဝိညာဥ် အာရုံကို ဒုတိယမြောက် အလွှာသို့ ပို့လွှတ်လိုက်သည်။ သူသည် ထိုလက်စွပ်ကို ရစဥ်အခါက တစ်ခါ သာမန်ကာလျှံကာ စစ်ဆေးခဲ့ပြီးရာ အထဲတွင် ပစ္စည်းနှစ်ခု ရှိနေကြောင်း သိရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ထိုပစ္စည်းနှစ်ခုကို အသေးစိတ် မစစ်ဆေးရသေးချေ။ ၎င်းတို့က အမတေ ကျောက်တုံးများ မဟုတ်သည်တော့ သေချာပေသည်။

ဝေ့ဝူယင် ပစ္စည်းနှစ်ခုကို စစ်ဆေးကြည့်လိုက်၏။ ပထမ တစ်ခုမှာ ဆွဲပြားဖြစ်ပြီး ငွေရောင် လခြမ်းသဏ္ဌာန် ရှိသည်။ ၎င်း၏ အပေါ်၌ စကားလုံး အချို့ကို ရေးခြစ်ထား၏။ ဝေ့ဝူယင်က ထိုအရာကို ဖတ်ရန်ကြိုးစားလိုက်သော်လည်း ထိုအရာက အဓိပ္ပာယ် ရှိမနေခဲ့ချေ။ ထိုပစ္စည်းထက်၌ မည်သည့် အရောင်အဝါမှ ထွန်းလင်း မနေခဲ့သလို မှတ်တမ်းများတွင်လည်း ဝေ့ဝူယင် တစ်ခါမှ မတွေ့ဖူးချေ။

သူက ဆွဲပြားကို ဆွဲယူကာ မျက်မှောင်ကြုတ်လိုက်၏။ ၎င်း၏ အရောင်မှာ မျက်စိ ဖြစ်ပြီး ထိကိုင်လိုက်လိုက်တိုင်းလည်း အေးမြလှသည်။ ကြိုးကိုမူ သတ္တုဖြင့် မဟုတ်ပဲ ငွေရောင်ပိုးချည်မျှင်ဖြင့် ဖန်တီးထား၏။ ဝေ့ဝူယင် ထိုဆွဲပြားကို လည်ပင်း၌ ဆင်ယင်ကြည့်လိုက်သည်။

မည်သည့် အရာမျှ ဖြစ်မလာချေ။

စိတ်ရှုပ်ထွေးစွာပင်... သူက ဒုတိယမြောက် ပစ္စည်းကို စစ်ဆေးကြည့်လိုက်သည်။ ၎င်းက စာအုပ် တစ်အုပ် ဖြစ်၏။ ပစ်စလက်ခတ်ပင် ကောက်ယူလိုက်ရင်း ပထမ စာမျက်နှာရှိ ဖော်ပြချက်ကို သူ ဖတ်လိုက်သည်။

အကြောက်တရား ကင်းမဲ့သူတို့ အတွက်... ကြယ်တာရာ ကောင်းကင်ကနေ လွတ်မြောက်ဖို့ ဆန္ဒရှိသူတို့ အတွက်... လွတ်လပ်ခြင်း အတွက် သေရဲသူတို့ အတွက်...

ရဲစွမ်းသတ္တိ၊ ဝန်ခံရဲခြင်းနဲ့ စွန့်လွှတ်ရဲခြင်းတို့ မရှိဘူး ဆိုရင် မင်းက ရွေးချယ်ခံ မမည်ဘူး...

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ နောက်တစ်မျက်နှာကို လှန်လိုက်သည်။

“ဆန္ဒ...”

စကားလုံး တစ်လုံးတည်း...။ စာအုပ်သည် ပါးလွှာကာ စာရွက်ရေမှာလည်း သိပ်မများလှချေ။ သို့တိုင်အောင် ပထမ နှစ်မျက်နှာကို အချည်းနှီး ဖြုန်းတီးထားဟန် ရသည်။

ဝေ့ဝူယင် နောက်စာမျက်နှာများကို ထပ်မံ လှန်လိုက်ပြန်၏။ သို့သော်လည်း သူတွေ့ရသမျှက စာမျက်နှာ တစ်ခုချင်းစီ၌ ခေါင်းစဥ်ဟု ယူဆရသည့် စကားလုံး တစ်လုံးစီသာ...။ ၎င်း ခေါင်းစဥ်များ၏ အောက်တွင်မူ ကျယ်ပြန့်သော ဗလာသာလျှင် ရှိ၏။

စာမျက်နှာ သုံးခုရှိရာ ခေါင်းစဥ်မှာ သုံးခု ရှိပေသည်။

“ဆန္ဒ...”

“အာကာသ...”

“လက်နက်...”

***

All Chapters