ရွှေရောင်နို့နှစ်မြို့တော်
Vol. 4 Ch. 46
သူ မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာက မည်သို့နည်း။ အဘယ်ကြောင့် စာလုံးများကို မတွေ့ရသနည်း။ သို့မဟုတ် အထူးနည်းလမ်း တစ်ခုဖြင့် ရေသားထားခြင်းလော...။ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူက လက်စွပ်ကို ငုံ့ကြည့်ကာ တပ်မှူး အသုံးပြုခဲ့သည့် ထူးခြားသော ဝိညာဥ် အစီအရင်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... နီးနီးစပ်စပ် ဟူ၍ ဘာတစ်ခုမျှ မတွေ့ရချေ။
“သူက အဲဒါကို မိသားစု အတွက် ဝှက်ထားတာ ဖြစ်နိုင်လောက်လား... ဒါမှမဟုတ် အခြား ဟင်းလင်းပြင် လက်စွပ် တစ်ခုထဲမှာ ထည့်ထားတာလား... အဲဒီလိုမှ မဟုတ်ရင်လည်း မှတ်မိအောင် အလွတ်ကျက်ပြီး မီးရှို့ ပစ်လိုက်တာလား...”
ကံဆိုးစွာပင် ထိုဝိညာဥ် အစီအရင် မည်သည့် နေရာ၌ ရှိသည်ကို သူ မသိနိုင်တော့ချေ။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူက သုံးလွှာလက်စွပ်ကို အိတ်ထဲ ပြန်ထည့်လိုက်၏။ ထို့နောက်တွင် အမတေ ကျောက်တုံးတစ်ခုကို ထုတ်ယူကာ လက်ဖြင့် ကိုင်လိုက်တော့သည်။
သူသည် အကာအကွယ်မဲ့ ကျင့်ကြံခြင်းမှာ မည်မျှ အန္တရာယ်များကြောင်း နဂါးအရိုးပြာမြို့တော်အရှင်ထံမှ သင်ခန်းယူ ယူခဲ့ပြီး ဖြစ်သည်။ သို့သော်... မကျင့်ကြံပဲလည်း သူ မနေချင်ပြန်ချေ။
ဟူး...
ဝေ့ဝူယင် စိတ်ကို နှစ်ခြမ်း ခွဲလိုက်၏။ တစ်ခုကို အမတေချီကို စုပ်ယူရာ၌ အသုံးပြုကာ အခြားတစ်ခုကိုမူ ပတ်ဝန်းကျင် အပေါ်တွင်သာ အာရုံစိုက်ထား၏။ ချီနှလုံးများမှာမူ... စီးဝင်လာသမျှ အမတေများကို ထက်ပိုင်းခွဲကာ ကျင့်ကြံနေလေတော့သည်။
ကျိုးနင်တို့ သုံးယောက်မှာ ဝေ့ဝူယင် ကျင့်ကြံနေသည်ကို ကြည့်ကာ အမူအရာများ ပြောင်းလဲ သွားကြ၏။ သို့သော်လည်း... အဆုံး၌ သူတို့မှာ ဆိတ်ဆိတ်သာ နေလိုက်ကြတော့သည်။
...
ဂါယာပြည်နယ်နှင့် ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်စပ် အနီးနေရာ၌...
ဝေ့ဝူယင်သည် ကျိုးနင်တို့ကို ချထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဤခရီးလမ်း၌ သူတို့ကို မလိုအပ်ချေ။ ထို့အပြင်... သူတို့ သုံးယောက်၏ အလေးချိန်က ကြိုးကြာဖြူ၏ ပျံသန်းနှုန်းကိုပါ နှေးကွေးစေသည်။
ကျိုးနင်တို့မှာ ဝေ့ဝူယင် ကျောက်စိမ်းကြာပန်းဂိုဏ်း၏ နယ်စပ်သို့ ဦးတည်နေသည်ကို သိသောအခါ အံ့သြသွားကြလေသည်။ ပထမ၌... သူတို့သည် ရွှေရောင်နို့နှစ်မြို့သို့ အရင်သွားပြီးမှသာ သူတို့ကို လိုက်ပို့လိမ့်မည် ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။
“သူငါ့ကို ငြီးငွေ့သွားပြီလား...”
ကျိုးနင်မှာ စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၏။ ထိုအရာက ဖြစ်နိုင်လောက်သည်။ နတ်ဘုရားဝေ့သာ သူမအပေါ် တပ်မက်မှု ရှိသေးပါက ရွှေရောင်နို့နှစ်မြို့တော် အထိ ခေါ်သွားကာ ဆက်ဆံပေလိမ့်မည်။
“မင်းတို့အားလုံး သွားလိုရာ သွားနိုင်ပြီ”
ဝေ့ဝူယင်က ကြိုးကြာဖြူကို မြေပြင်သို့ ဆင်းသက်စေကာ ဆိုလိုက်၏။ တိုင်ချူးရွှယ်မှာ ဝေ့ဝူယင်၏ ချောမောသော ရုပ်ရည်ကို ကြည့်ကာ အခွင့်အရေးကြီးတစ်ခု ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။ သူမက သက်ပြင်းတစ်ချက် ချကာ မေးလိုက်၏။
“ဒီတစ်ကြိမ်က ကျွန်မတို့ နောက်ဆုံးတွေ့တာလား... ပြန်ဆုံဖို့ ဖြစ်နိုင်သေးလား”
“ ... “
ကျန်းမူမှာ တိုင်ချူးရွယ် ဝေ့ဝူယင်အား ကြည့်နေသည့်ပုံကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်... သူမည်သည့် စကားမျှ မဆိုချေ။ အတွင်းစိတ်တွင်မူ တစ်နေ့၌ နတ်ဘုရားတစ်ပါး ဖြစ်အောင် ကြိုးစားမည်ဟု သူ ကြိတ်ကာ တိုင်တည်လိုက်သည်။
“ငါတို့ဂိုဏ်းတွေသာ နောက်တစ်ကြိမ် စစ်ဖြစ်ခဲ့ရင်တော့ ကျိန်းသေ တွေ့မှာပါ”
ဝေ့ဝူယင်က ဟာသဆန်ဆန် ရယ်မောရင်း ဆိုလိုက်၏။ သို့သော်လည်း... ထိုစကားလုံးများက တိုင်ချူးရွှယ်တို့၏ မျက်နှာများကို ကြောက်မက်ဖွယ်ကောင်းအောင် သွေးဆုတ် ဖြူရော်သွားစေသည်။
သူတို့ မေ့လုနီးပင်...
နတ်ဘုရားဝေ့ကား သူတို့၏ ရန်ဘက် နေသွေးနီနီဂိုဏ်း၏ သေမျိုးနတ်ဘုရား တစ်ပါးသာလျှင် ဖြစ်ပေသည်။ သူတို့ကို အကြိမ်ကြိမ် ကူညီခဲ့ခြင်းကြောင့်သာလျှင် သူ့အပေါ် သူရဲကောင်းတစ်ဦး သဖွယ် မြင်နေမိကြခြင်း ဖြစ်သည်။
ကျိုးနင်တို့၏ ဖြူရော်သော မျက်နှာများကို ကြည့်ကာ ဝေ့ဝူယင်က သက်ပြင်းချလိုက်၏။ သူ့အနေဖြင့် သူတို့အား ဆက်သွယ်ရေး သလင်းကျောက် ကဲ့သို့သော ချိတ်ဆက်နိုင်သည့် နည်းလမ်းတစ်ခုခု မပေးခဲ့နိုင်ချေ။ အကယ်၍ ဂိုဏ်းကသာ ထိုအရာကို ရှာဖွေတွေ့ရှိခဲ့ပါက သူ့အား သူလျှိုအဖြစ် သတ်မှတ်ကာ သတ်ဖြတ်ပေလိမ့်မည်။
သူ ကျိုးနင်ကို လှမ်းကြည့်လိုက်၏။ ထိုမိန်းကလေး၏ ခန္ဓာကိုယ်အပေါ် သူ အမှန်ပင် တပ်မက်မိသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ထဲ၌ မြင်ရသော ယန်စွမ်းအင် အချို့ကို ထောက်ရှုပါက သူမ၌ ချစ်သူ တစ်ယောက် ရှိပြီးသား ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ လက်ထပ်ထားသူ တစ်ယောက်ပင်လျှင် ဖြစ်နေနိုင်သည်။ ထို့ကြောင့် စောစောစီးစီး လမ်းခွဲထားသည်ကသာ အကောင်းဆုံး ဖြစ်သည်။
ဝေ့ဝူယင်က သူတို့ကို အောက်သို့ ချပြီးနောက် ဆေးနှင့် ငွေအချို့ကို လမ်းအသုံးစရိတ်အတွက် ပေးလိုက်သည်။ သူ့တွင် သူတို့အပေါ် ခံစားချက်များစွာ မရှိသော်လည်း အရမ်း ရက်ရက်စက်စက်ကြီး မလုပ်ချင်ပေ။
တဖြည်းဖြည်း ဝေးကွာသွားသည့် ဝေ့ဝူယင်ကို လှမ်းကြည့်ရင်း သူတို့ သုံးယောက်မှာ ခံစားချက် မျိုးစုံဖြင့် ရောပြွမ်းနေကြ၏။
“ဝေ့ဝူယင်... နတ်ဘုရားဝေ့...”
တိုင်ချူးရွှယ်က ရီဝေစွာ ရေရွတ်လိုက်၏။ ထိုပုဂ္ဂိုလ်နှင့် တွေ့ခဲ့ရသည်က သူမ အတွက် ဆုလာဒ် တစ်ခုလိုပင်။ နဂါးအရိုးပြာမြို့တော်ကို ဝင်ရောက် ဖောက်ထွင်းရန် အစီအစဥ်စွဲခဲ့သည်က သူမသာ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ မကူညီခဲ့ပါက တာဝန်အားလုံးမှာ သူမ၏ ပခုံးပေါ် ပုံကျလာပေလိမ့်မည်။
ကျန်းမူက လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူသည် သေမျိုး နတ်ဘုရားတစ်ပါးနှင့် ထိတွေ့ဆက်ဆံ ခဲ့ရကာ တစ်ယောက် သေဆုံးသွားသည်ကိုပင် မြင်ခဲ့ရသည်။ ထို့ကြောင့်ပင်... ကျင့်ကြံခြင်း အတွက် ပြင်းပြသော ဆန္ဒကား သူ၏ နှလုံးသား၌ ကိန်းဝပ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ တိုင်ချူးရွှယ်ထံ ရောက်ရှိသွား၏။ ၎င်းတို့၌ ပိုင်ဆိုင်လိုသည့် အတွေးများက ယှက်ဖြာနေခဲ့လေသည်။
“ပြန်ကြမယ်...”
ကျိုးနင်က နှုတ်ခမ်းကို ကိုက်ကာ ဆိုလိုက်၏။ သူမ၏ စိတ်ကူး ကမ္ဘာငယ်လေးမှာ ပျက်စီးသွားခဲ့ချေပြီ။ မည်သို့ပင် ဆိုစေ သူတို့မှာ ရန်သူများသာ စတင် ခဲ့ကြသည်။ တစ်ညတာ သာယာခဲ့မှုအတွက် သူမ အဘယ်ကြောင့် ကျဆုံးရမည်နည်း။
သူမသည် ဘဝကို ပုံမှန်ကဲ့သို့ပင် ဆက်လက် လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ ကလေးများမှာ တစ်နေ့တွင် သေမျိုး နတ်ဘုရား အဆင့်ကို ရောက်ရှိရပေမည်။
...
မိုးကုပ်စက်ဝိုင်းအောက်၌ မီးခိုးရောင် တံတိုင်းများ ကာရံထားသည့် မြို့တော် တစ်ခု ပေါ်လာခဲ့သည်။ နောက်ဆုံး၌ ဝေ့ဝူယင်မှာ သူ အလိုရှိသည့် နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူက ရွှေရောင်အလင်းမှုန်များ ပက်ဖြန်းထားသလို တောက်ပနေသည့် မြို့တော်ကို ကြည့်လိုက်သည်။ ထိုအလင်းများမှာ မည်သည့် နေရာမှ လာကြောင်း သူသိပေ၏။
ပေနှစ်ရာခန့် ရှည်လျားသည့် ရွှေရုပ်တု တစ်ခုဆီမှပင်...။
ထိုရုပ်တုမှာ နွားတစ်ကောင် ပုံသဏ္ဌာန် ထုလုပ်ထားကာ အစစ်နှင့် အတော်လေး တူပေသည်။ အနီးကပ်ကြည့်လျှင်... မွေးညှင်းပေါက်နှင့် အမွေးအမျှင်များကိုပင် အသေးစိတ် ဖန်တီးထားကြောင်း တွေ့မြင်နိုင်သည်။
“ရွှေရောင်နို့နှစ်မြို့တော်... အာဟာရ မြို့တော်... ဂါယာပြည်နယ်ရဲ့ အကျော်ကြားဆုံး ကုန်သွယ်ရေး မြို့တော်...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
ရွှေရောင်နို့နှစ်မြို့တော်သည် ဂါယာပြည်နယ် အတွင်း တည်ရှိသော်လည်း ကမ္ဘာတိုက်တန်ဂိုဏ်းနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိချေ။ ထို့အပြင် သူတို့သည် ရက်ရောစွာပင် ဂိုဏ်းမှ အလိုရှိသော ရာဇဝတ်သား ဝရမ်းပြေးများကိုပင် လက်ခံထားသေးသည်။
ကမ္ဘာတိုက်တန်ဂိုဏ်းမှာ ထိုအကြောင်းအရာကို မကျေနပ်သည့်တိုင် ဘာမျှ မလုပ်ရဲချေ။ အဘယ်ကြောင့်ဆိုသော်... ရွှေရောင်နို့နှစ်မြို့တော်မှာ နတ်ဘုရား အရှင် အဆင့် တစ်ပါးကို နောက်ခံအဖြစ် ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
မဟာ ဂိုဏ်းကြီးငါးဂိုဏ်းစလုံးတွင်ပင် အရှင် အရေအတွက်မှာ ခြောက်ယောက် ဖြစ်သည်။ ထိုအထဲမှ နှစ်ယောက်မှာ ကောင်းကင်ဓားဂိုဏ်းမှ ဖြစ်ကာကာ အခြားဂိုဏ်းများမှာမူ တစ်ယောက်စီကိုသာ ပိုင်ဆိုင်ထားသည်။
ဝူတိုင်းပြည် တစ်ခုလုံးတွင် သေမျိုးနတ်ဘုရား သုံးရာခန့် ရှိသည့်တိုင် အရှင်အဆင့်မှာမူ ဆယ့်ကိုးယောက် တိတိသာ ရှိသည်။ မှတ်တမ်းများ အရဆိုလျှင် နတ်မိမယ်လင်းမှာ ထိုအထဲတွင် ပါဝင်ခြင်း မရှိချေ။ သူမသည် ဝူတိုင်းပြည် ပြင်ပမှ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေနိုင်သည်။
အင်ပါယာ ဝူကလန်သည် ဝူတိုင်းပြည် တစ်ခုလုံးတွင် အင်အား အတောင့်တင်းဆုံး အဖွဲ့အစည်း ဖြစ်သည်။ သူတို့သည် သေမျိုးနတ်ဘုရား တစ်ရာကျော်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ နေသွေးနီနီဂိုဏ်း၏ ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်ကိုပါ ထည့်သွင်းပါက အင်ပါယာ ဝူကလန်တွင် စုစုပေါင်း အရှင်အဆင့် ကိုးယောက် အထိ ရှိပေသည်။
သို့တိုင်အောင် မရေတွက်ရသေးသည့် အရှင်အဆင့် ငါးယောက် ရှိပေသေးသည်။ ထိုအထဲမှ သုံးယောက်မှာ တစ်ကိုယ်တော် ကျင့်ကြံသူ အဖြစ် ခံယူကာ ကိုယ်ပိုင်မြို့များကို တည်ထောင် နေထိုင်ကြသည်။ ရွှေရောင်နို့နှစ်မြို့တော်မှာ ထိုအထဲမှ တစ်မြို့ဖြစ်သည်။ အခြားမြို့တော် နှစ်ခုမှာမူ ရေပဲ့တင်သံဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်း၏ ပိုင်နက်များ အတွင်တွင် တည်ရှိကြသည်။
အခြားနှစ်ယောက်မှာမူ ကိုယ်ပိုင် ကလန်များ အဖြစ် ကျိကလန်နှင့် ပေ့ကလန်ဟူ၍ တည်ထောင် ထားကြသည်။ သူတို့သည် ကိုယ်ပိုင်နယ်မြေများ၌ နေထိုင်ကြပြီး မူလ အင်ပါယာ ဝူကလန်နှင့် ဆက်စပ်မှု နည်းပါးကြသည်။ သို့သော်လည်း... မဟာ ဂိုဏ်းကြီး ငါးဂိုဏ်းနှင့် ယှဥ်လျှင်မူ သူတို့မှ အင်အား နည်းပါးလှသေးသည်။
ဟူး... ဟူး...
မြို့တော် ဂိတ်တံခါးရှိရာသို့ ဝေ့ဝူယင် ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ များပြားသော ကျင့်ကြံသူများမှာ သားရဲများကို စီးနင်းကာ ပျံသန်းနေကြလေရာ ဂိတ်တံခါးပေါက်မှာ ပိတ်လုမတတ် ဖြစ်နေခဲ့သည်။ ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ကာ သြချမိ၏။ ထိုကဲ့သို့ လူဦးရေ ထူထပ်မှုမျိုးကို သူတစ်ခါမှ မကြုံခဲ့ဖူးချေ။
ဘဝတစ်လျှောက်လုံးတွင် ဝေ့ဝူယင် တစ်ခါမှ နေသွေးနီနီဂိုဏ်း ပိုင်နက်၏ ပြင်ပသို့ မထွက်ခဲ့ဖူးချေ။ သူ၏ မျိုးနွယ်ဖြစ်သည့် ဝေ့မျိုးနွယ်ပင်လျှင် နေသွေးနီနီဂိုဏ်း၏ နယ်မြေ အတွင်းတွင် တည်ရှိပေသည်။ ထို့ကြောင့်ပင် သူ၏ မိုးကုပ်စက်ဝိုင်းမှာ ကျည်းမြောင်းလွန်းခဲ့သည်။
လွတ်လပ်ခြင်း ဟူသော ကျေနပ်ဖွယ် အာရုံတစ်ခုက သူ၏ နှလုံးသား အတွင်း စိတ်လှုပ်ရှားဖွယ်ရာ နိုးထနေ၏။ မေ့မေ့ကို ရှာဖွေရန်မှာ အရေးကြီးသည် ဆိုသော်လည်း သူ့ဘဝ၏ အရေး အကြီးဆုံး အရာတော့ မဟုတ်ပါချေ။ သူ ကျင့်ကြံချင်သည်။ ကမ္ဘာကြီးကို လှည့်ပတ် ကြည့်ရှုချင်သည်။
ဝေ့ဝူယင် ကြိုးကြာဖြူကို စီးနင်းရင်း တံခါးကို ဖြတ်ကာ ဝင်ရောက်လာခဲ့၏။ စစ်ဆေးရေးဂိတ်သို့ အရောက်၌ အစောင့်က လက်တစ်ချောင်း ထောင်ပြသည်။
“ချီပျစ်ခဲခြင်း အဆင့် တစ်ယောက်ကို အမတေ ကျောက်တုံးတစ်တုံး...”
ဝေ့ဝူယင် အံ့သြသွား၏။ အစောင့်မှာ သူ၏ နာမည်၊ အဆင့်အတန်း၊ နောက်ခံ မည်သည့် အရာကိုမှ ဂရုစိုက်ပုံ မရချေ။
သူက ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ အကဲခတ်လိုက်ရာ အခြားလူများမှာလည်း အမတေ ကျောက်တုံး တစ်တုံးစီ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် ဆိုလျှင် အမတေ ကျောက်တုံး တစ်တုံးစီတိုင်းမှာ အလွန် တန်ဖိုးရှိကာ ချီပျစ်ခဲခြင်း ပထမ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကြွယ်ဝမှုနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သာမန် ချီပျစ်ခဲခြင်း အဆင့်များမှာ မြို့တော်အတွင်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင် အမတေ ကျောက်တုံး တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ အစောင့်သည် အမတေ ကျောက်တုံးကို တစ်ချက် စစ်ဆေးကာ ဘေးနားရှိ ဝင်္ကပါထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူက ဝေ့ဝူယင်ကို သွားရန် လက်ယပ်ပြလိုက်သည်။
“သူက သေချာတောင် မစစ်ဘူးလား...”
ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြမိ၏။ အမတေ ကျောက်တုံးက အတုဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။ သူက ဝိညာဥ်အာရုံဖြင့် ဆန်းစစ်ကြည့်လိုက်၏။ သို့သော်လည်း... ဝင်္ကပါထဲရှိ အမတေ ကျောက်တုံးများထဲတွင် အတု တစ်ခုမှ ပါမနေခဲ့ချေ။
ရွှေရောင်နို့နှစ်မြို့၏ ကောင်းကင်တွင် ဖြောင့်တန်းသော လမ်းမများက ယှက်ဖြာ တည်ရှိနေသည်။ ဝေ့ဝူယင်သည် အလျှင်အမြန်ပင် ထို သွားလာရေး စနစ်ကို နားလည်သွား၏။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် ကောင်းကင်လမ်းများကို မြင်ဖူးခြင်း ဖြစ်သော်လည်း စာအုပ် မှတ်တမ်းများထဲတွင် သူ ဖတ်ရှု မှတ်သားဖူးပေသည်။
တစ်ချိန်တည်း၌... မြေပြင်လမ်းများမှာလည်း ကျယ်ပြန့်ကာ သပ်ရပ်လှသည်။ အဆောက်အဦများမှာ များသောအားဖြင့် လေးထောင့် သုံသဏ္ဌာန် ရှိကြပြီး တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆောက်လုပ်ထား၏။ ဤမြို့တော်၌ မြေစျေးမှာ အတော်လေး ကြီးပုံ ရသည်။
ဝေ့ဝူယင်သည် ကောင်းကင်လမ်းများထက်၌ ပုံရိပ်အချို့ကို တွေ့မြင်ရ၏။ သူတို့သည် ဟိုမှသည် လှည့်ပတ်ကာ အောက်သို့ ငုံ့ကြည့် စစ်ဆေးနေကြသည်။ သူတို့ကား ရွှေရောင်နို့နှစ်မြို့၏ အုပ်ချုပ်ရေး အဖွဲ့သားများပင် ဖြစ်ပြီး ဥပဒေ တည်မြဲရေးနှင့် ရာဇဝတ်မှု ကင်းရှင်းရေး တာဝန်ကို ယူထားကြရ၏။ မှုခင်းများမှာ အထူးသဖြင့် ရာဇဝတ်များ ခိုလှုံသည့် နေရာများတွင် ပိုမို ဖြစ်ပွားလေ့ ရှိလေရာ သူတို့မှာ သံမဏိ စည်းမျဥ်းများကို သုံး၍ အုပ်ချုပ်ရပေသည်။
ဝေ့ဝူယင် ကြိုးကြာဖြူကို မြေပြင်ပေါ် ဦးတည်စေကာ လိမ္မော်ရောင် တောက်တောက် စက်ဝိုင်းတစ်ခု၌ ရပ်နားစေလိုက်သည်။ ချက်ချင်းပင် အသက်လတ် အမျိုးသမီး တစ်ဦးမှာ သူ၏ နံဘေးသို့ ရောက်ရှိလာ၏။ သူမက ပြုံးပြရာ ဝေ့ဝူယင်မှာလည်း ပြန်လည် ပြုံးပြလိုက်သည်။ ထိုအမျိုးသမီးသည် ရုပ်ရည် ကြည့်ကောင်းကာ စွဲမက်ဖွယ် ထွားကြိုင်းသည့် ရင်သားများကို ပိုင်ဆိုင်ထားပေသည်။
“နှုတ်ဆက်ပါတယ်ရှင်... လိမ္မော်ရောင် စက်ဝိုင်း ဝန်ဆောင်မှုကို ရွေးချယ်လိုက်ခြင်း အတွက် ကျေးဇူးတင်ပါတယ်”
***