← Chapters

မင်းက သန့်စင်တဲ့ ယန်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံထားတယ်လို့ ကျုပ်သိရတယ်

Vol. 4 Ch. 308

မင်းက သန့်စင်တဲ့ ယန်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံထားတယ်လို့ ကျုပ်သိရတယ်

Vol. 4 Ch. 308

နောက်တစ်ရက်တွင်တော့…

"ဟွမ်ကျီကိုယ်တော် သေဆုံးသွားပြီ" ဆိုသည့် သတင်းသည် နေရာအနှံ့တွင် ပျံ့နှံ့ သွားလေတော့သည်။

ဟွမ်ကျီ ကိုယ်တော် ဆိုသည်မှာ နှစ်ပေါင်းရာနှင့်ချီပြီး ကျင့်ကြံသူ လောကတွင် နာမည် တစ်လုံးဖြင့် ကျော်ကြားခဲ့သည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူသေဆုံးရခြင်းမှာ သူ၏ မဟာရန်သူဖြစ်သည့် ဟုန်ယန်ကျီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း မဟုတ်ပေ။

သူက ဆယ်ကျော်သက် အရွယ် တာအိုဆရာလေး တစ်ယောက်၏ လက်ချက်ဖြင့် ဝိညာဉ်ပါမကျန် သုတ်သင် ခံလိုက်ရခြင်း ဖြစ်လေသည်။ သူ့အတွက် လူပြန်ဝင်စားရန် အခွင့်အရေးပင် မရတော့ပေ။

ဆယ်ကျော်သက် အရွယ် တာအိုဆရာလေး ဆိုသည်မှာ ချင်းရွှမ်နတ်တံခါးမှ ဆန်းတန်ခိုးရှင် ဆိုသည်ကို အချို့သော ကျင့်ကြံသူများက ရိပ်မိစ ပြုလာလေသည်။

ဆန်းတန်ခိုးရှင်၏ အသက်မှာ ငါးဆယ်ပင် မပြည့်တတ်သေးပေ။ လူ့လောကတွင်တော့ အသက် ငါးဆယ်ဆိုသည်မှာ အသက်အရွယ် ကြီးရင့်ပြီဟု ဆိုနိုင်သော်လည်း ကျင့်ကြံသူ လောကတွင်တော့ အသက်ငါးဆယ် ဆိုသည်မှာ ကလေးသာသာ အဆင့်သာ ရှိသေးသည်။

သို့သော် ဆယ်ကျော်သက် အရွယ် တာအိုဆရာလေးဟု လူသိများသည့် ဆန်းတန်ခိုးရှင်၏ ကျင့်စဉ်လမ်း တက်လှမ်းနိုင်မှု မြန်ဆန် လွန်းခြင်းကတော့ မယုံကြည် နိုင်လောက်အောင်ပင် ဖြစ်လေသည်။ နတ်ဘုရား တစ်ပါး လူပြန်ဝင်စား သည်ဟုပင် ပြောဆိုကြလေသည်။

ထိုလူငယ်လေးသည် အသက်ငယ်ငယ်နှင့် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်နေရာကိုလည်း ရယူ ထားသေးသည်။ ထိုနေရာကို ရယူထားခြင်းမှာလည်း ကံကောင်း၍ မဟုတ်ပေ။ သူ၏ ပင်ကို စွမ်းရည်က ထက်မြက် လွန်းသောကြောင့် ဖြစ်လေသည်။

ကျင့်ကြံသူ လောကတွင် နတ်ဘုရား တစ်ပါး မဟုတ်သေးသည့် ဖော့ဝမ့်အဆင့်နှင့် အောက်ကျင့်ကြံ သူများထဲတွင် ဆန်းတန်ခိုးရှင် "ဆန်းကျန်းရန်" ကို ယှဉ်နိုင်မည့်သူ မရှိဟု အားလုံးက တညီတညွတ်တည်း လက်ခံ လိုက်ကြလေသည်။

ဆန်းတန်ခိုးရှင်က ငယ်ရွယ်လွန်းသည့် အတွက် အခြားသော ကျင့်ကြံသူများက သူ့အကြောင်းကို အမျိုးမျိုး ပြောဆို နေကြလေသည်။

တာအိုကျင့်စဉ် လမ်းလျှောက်လှမ်းသည် ဆိုသည်မှာ ပြိုင်ပွဲ တစ်ခုတော့ မဟုတ်ပါ။ သို့သော် ဆန်းလျန်ကဲ့သို့ အလွန် လျင်မြန် လွန်းသည့် အရှိန်ဖြင့် ကျင့်စဉ်လမ်းကို တက်ရောက် သွားနိုင်ခြင်းက ကြောက်မက် ဖွယ်ရာပင် ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ငါးထောင်ခန့်က ဆန်းလျန်ကဲ့သို့ပင် ကျင့်စဉ် လမ်းကို ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် အဆင့်တက်ရောက် သွားနိုင်သူ တစ်ယောက် ရှိလေသည်။ ထိုသူမှာ "လုကျိုးယွမ်" ပင် ဖြစ်လေသည်။

သို့သော် လုကျိုးယွမ် နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် သွားစဉ်က သူ့အသက်က ငါးဆယ်ကျော်ပြီ ဖြစ်လေသည်။ သို့သော် ဆန်းတန်ခိုးရှင်ကတော့ အသက်ငါးဆယ် မတိုင်မီပင် မူလ ဝိညာဉ် ခန္ဓာရရှိအောင် ကျင့်ကြံနိုင်ပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်တော့မည် ဖြစ်လေသည်။

ကျင့်ကြံသူ လောက၏ သမိုင်းကြောင်း တစ်လျှောက်တွင် အရည်အချင်း ရှိသည့် ပါရမီရှင် လူငယ်များ များစွာ ရှိသည့်တိုင် ဆန်းလျန်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသူ ပေါ်ထွက်လာဖူးခြင်း မရှိသေးပေ။

ဆန်းလျန်က ဟွမ်ကျီ ကိုယ်တော်ကို နတ်သက်ခြွေ ဓားသိုင်း အသုံးပြုကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်ကိုပါ သတ်ဖြတ် ပစ်မည်ဆိုလျှင် နတ်သက်ခြွေ ဓားသိုင်းကသာ အကောင်းဆုံး ဓားသိုင်း တစ်ခု ဖြစ်လေသည်။

ဟိုင်သန်း အဆင့် အောင်မြင်ပြီးသည်နှင့် ကျင့်ကြံသူများသည် အခြားသော တန်ခိုးစွမ်းအား ကျင့်စဉ်များနှင့် ဂမ္ဘီရ ကျင့်စဉ် များကိုပါ တွဲဖက် ကျင့်ကြံ တတ်ကြလေသည်။ ထို့ကြောင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို လုပ်ကြံ သတ်ဖြတ်မည် ဆိုလျှင်လည်း အနှေးနှင့်အမြန် သေရာက ပြန်လာကြသည် ချည်းပင် ဖြစ်လေသည်။

ယခုနောက်ပိုင်း ကျင့်ကြံသူ လောကတွင် ထိုသို့သော အဖြစ်အပျက်များ ပိုမို များပြား လာလေသည်။

ရှေးယခင် အချိန်က ကျင့်ကြံသူ လောကနှင့် ယခုခေတ် ကျင့်ကြံသူလောကမှ သိပ်ပြီး တူညီခြင်း မရှိတော့ပေ။ ရှေးယခင် ကျင့်ကြံသူများက သူတို့ ကျင့်စဉ်လမ်းနှင့် သူတို့ အေးဆေးစွာ သွားကြသော်လည်း ယခုနောက်ပိုင်းတွင်တော့ ယှဉ်ပြိုင်မှုများက များပြား လာလေသည်။ ထို့ကြောင့် ထူးဆန်းသည့် ဂမ္ဘီရ ကျင့်စဉ်များစွာလည်း ပေါ်ထွက်လာရလေသည်။

ထို့ကြောင့် ဆန်းလျန်က သုတ်သင် ရှင်းလင်းပြီ ဆိုလျှင် အမြစ်ပြတ်သည် အထိ ဝိညာဉ်ကိုပါ ရှင်းပစ်သည့် နည်းလမ်းကို အသုံးပြုလေသည်။

ဆန်းလျန်က အကြင်နာ တရား မရှိသောကြောင့် ထိုသို့ ပြုလုပ်ရခြင်း မဟုတ်ပါ။

အမှန်တော့ ဟွမ်ကျီ ကိုယ်တော်ဆိုသည်မှာ အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ပေ။ ထို့ပြင် ဟွမ်ကျီ ကိုယ်တော်သည် တန်ခိုးစွမ်းအား အလွန်မြင့်မားသူ ဖြစ်သည့်အတွက် သေရွာမှ တစ်နည်းနည်းဖြင့် ပြန်လာမည်သာ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က နောင်ကာလ များတွင် ချီးရှိုးအတွက် အန္တရာယ်ကင်းစေရန် ထိုသို့ အမြစ်ပြတ် သုတ်သင် ပစ်လိုက်ခြင်း ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော်သည် သူ၏ ကျင့်စဉ်လမ်းတွင် အသုံးချရန် အတွက် ချီးရှိုးကို ဖမ်းဆီး ထားခဲ့ခြင်း ဖြစ်လေသည်။ ဟွမ်ကျီကိုယ်တော် ကျင့်ကြံနေသည့် ကျင့်စဉ်သည် သန့်စင်ခြင်း မရှိသည့် မိစ္ဆာလမ်းစဉ် တစ်ခု ဖြစ်လေသည်။ သူက မှားယွင်းသည့် နည်းလမ်းဖြင့် နဂါးရှစ်ကောင် ကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီးသည့် နောက်ပိုင်းတွင် အခြားသော နတ်စိမ်းများကိုလည်း သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပူးဝင်စေရန် ပင့်ဖိတ် ခဲ့လေသည်။ ထို့ကြောင့် ဟွမ်ကျီ ကိုယ်တော်၏ တန်ခိုးစွမ်းအားက မြင့်မားသည့်တိုင် ရှုပ်ထွေး လွန်းလေသည်။ မိစ္ဆာလမ်းစဉ်ကို လိုက်ခဲ့ပြီ ဖြစ်သည့်အတွက် မည်သည့် အခါမှ ရွှေခန္ဓာ ရရှိသည်အထိ ကျင့်ကြံ နိုင်တော့မည်လည်း မဟုတ်တော့ပေ။

ထို့ပြင် ကျိကျိုက်သီလရှင် ကျောင်းမှ ကျင့်စဉ်များမှာ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ နှစ်ခုလုံးကို အခြေခံထားသည့် ကျင့်စဉ်များ ဖြစ်လေသည်။ ထိုကြောင့် ကျင့်စဉ်များက အလွန်သန့်စင်ပြီး အခြေခံ တာအိုတရား ဓမ္မကို မီးမောင်းထိုးပြ နိုင်လေသည်။

ထို့ကြောင့် ဟွမ်ကျီ ကိုယ်တော်က ချီးရှိုးထံမှ အလွန်သန့်စင်သည့် အခြေခံ တာအို တရားဓမ္မများကို လိုချင်သည့် အတွက် သူမကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ကျင့်စဉ်လမ်း အဆင့်တက်ရေးမှာ ချီးရှိုးအပေါ်တွင် များစွာ မူတည်နေလေသည်။

သို့သော် ကံဆိုးသည်ကတော့ ဆန်းလျန်နှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်ပေါင်းရာနှင့် ချီပြီး ကျင့်ကြံခဲ့သမျှ အရာအားလုံး သဲထဲ ရေသွန်ဖြစ်သွားကာ အသက် ပျောက်သွားရခြင်းပင် ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော် မရှိတော့သည့် နောက်တွင်တော့ သူစီစဉ် ထားသမျှသော အစီအစဉ် အားလုံး ပျက်စီးသွားရပြီ ဖြစ်လေသည်။

ဟွမ်ကျီ ကိုယ်တော်ကို သုတ်သင်လိုက်ရသည့် အတွက် ဆန်းလျန်၏ စိတ်ထဲတွင် ပျော်ရွှင်ခြင်း မဖြစ်မိပါ။ ဆရာသခင်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ရလိုက်သည့် အတွက်လည်း ဆန်းလျန်က ဂုဏ်ယူနေမိခြင်း မရှိပါ။ သူက လောကဓမ္မ၏ ဖြစ်ခြင်း ပျက်ခြင်းများကို နားလည် သဘောပေါက်ထားသူ တစ်ယောက် ဖြစ်သည့်အတွက် သူ့စိတ်အစဉ်သည် တည်ငြိမ်လျက်ပင် ရှိလေသည်။

ဆန်းလျန်သည် တောင်ခါးပန်းရှိ ကျောက်တုံးကြီး တစ်ခုပေါ်တွင် ထိုင်နေလေသည်။ သူက မြူခိုးများ ဝေနေသည့် ကျီမော့တောင်ထိပ်ကို တိတ်ဆိတ် ငြိမ်သက်စွာ ငေးမောကြည့် နေလေသည်။

စုန့်ချင်းယီနှင့် ချီးရှိုးက သူ့ကို မနှောင့်ယှက်လိုကြပေ။ သို့သော်သူတို့က ဆန်းလျန်ကို ထားပြီးတော့လည်း ထွက်ခွာ မသွားလိုကြပေ။ ထိုကြောင့် သူတို့နှစ်ယောက်က ဆန်းလျန် အနားတွင် ငြိမ်ငြိမ်လေး ထိုင်ကာ စောင့်နေကြလေသည်။

ဆန်းလျန်တွင် သူမသိနိုင်သည့် ထူးခြားမှု တစ်ခု ရှိနေကြောင်း စုန့်ချင်းယီ သတိပြုလိုက် မိလေသည်။

ဆန်းလျန်သည် ဟွမ်ကျီ ကိုယ်တော်ကို သုတ်သင် ပစ်ခဲ့ပြီ။ ထို့ပြင် ဆန်းလျန်တွင် လောကကို လွှမ်းမိုးနိုင်သည့် တန်ခိုး စွမ်းအားများနှင့် ပြည့်ဝလျက် ရှိလေသည်။

သို့သော် ထိုအရာများထက် အရေးကြီးသည့် အချက်မှာ တာအိုကျင့်စဉ် လမ်း၏ အနှစ်သာရကို ဆန်းလျန်ထံတွင် တွေ့မြင်နေရခြင်း ဖြစ်လေသည်။

စုန့်ချင်းယီ၏ ဆရာဖြစ်သူ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်နှင့် ဆန်းလျန်တို့သည် လုံးဝ မတူညီကြသည့် လူနှစ်ယောက် ဖြစ်လေသည်။ သို့သော် သူတို့ နှစ်ယောက်၏ တူညီမှု တစ်ခုကို တွေ့ရှိ လိုက်ရသလို စုန့်ချင်းယီ ခံစားလိုက်ရသည်။ သို့သော် ထိုတူညီမှုကို သူရှင်းမပြတတ်ပေ။ လောကတွင် ထိပ်တန်းအဆင့် ရောက်ရှိ ခဲ့ကြသူ တိုင်းတွင် တွေ့ရသည့် တူညီမှု တစ်ခုဟု ဆိုနိုင်မည် ဖြစ်လေသည်။

အရှေ့ဆီမှ နေဝန်း ထွက်ပေါ်လာပြီ …..။

ဆန်းလျန်က ထိုင်နေရာမှ မတ်တတ် ရပ်လိုက်သည်။

သူက စုန့်ချင်းယီတို့ နှစ်ယောက်ကို ပြုံးပြလိုက်ရင်း…

"မင်းတို့ နှစ်ယောက်က ဒီမှာ ဘာလုပ်နေကြတာလဲ"

"ကျွန်မတို့ကို အစ်ကို့ကို စိတ်ပူနေကြတာ"

ချီးရှိုးက ပြောလိုက်လေသည်။

ဆန်းလျန်က တည်ငြိမ်သည့် အကြည့်များဖြင့် ချီးရှိုးကို တစ်ချက် အကဲခတ် လိုက်သည်။ သူမ၏ တာအို တန်ခိုးစွမ်းအားများမှာ သန့်စင်လွန်းကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။

ဟွမ်ကျီ ကိုယ်တော်၏ တပည့်မလေးဖြစ်သူ သူတော်စင် မိန်းမပျိုသည် ဆန်းလျန်ကို ကြောက်ရွံ့ လွန်းသောကြောင့် ဝါးခြင်းတောင်းလေးကို လွှင့်ပစ်ကာ ထွက်ပြေး သွားပြီ ဖြစ်လေသည်။ ထို့ကြောင့် ချီးရှိုးသည် သူမ၏ ဝါးခြင်းတောင်းလေးကို ပြန်လည် ရရှိသွားပြီ ဖြစ်လေသည်။

ဝါးခြင်းတောင်းလေးကို ကိုင်ထားသည့် ချီးရှိုးသည် ကွမ်ယင် မယ်တော်နှင့်ပင် ဆင်တူ လွန်းလေသည်။ သူမထံတွင် ဂရုဏာ တရားနှင့် ဉာဏ်ပညာကြီးမားမှုများကို တွေ့မြင်ရလေသည်။

"ကျုပ် ဘာမှ မဖြစ်ပါဘူး၊ မင်းတို့ နှစ်ယောက်လုံး သွားကြတော့၊ နောက်လည်း ကျုပ်တို့တွေ ထပ်မဆုံတာ ကောင်းလိမ့်မယ်"

ဆန်းလျန်က ပြောလိုက်သည်။

"ဘာလဲ၊ မင်းအတွက် ကျုပ်တို့က ဝန်ထုပ်ဝန်ပိုး ဖြစ်စေလို့လား ဆန်းလျန်"

စုန့်ချင်းယီက မေးလိုက်သည်။

"အစ်ကိုချင်းယီ၊ အစ်ကို ဆန်းလျန် ပြောတာမှန်တယ်၊ ကျွန်မတို့ သွားကြပါစို့"

ချီးရှိုးက ဝမ်းနည်းသည့် လေသံလေးဖြင့် ပြောလိုက်လေသည်။

ထို့နောက် စုန့်ချင်းယီနှင့် ချီးရှိုးတို့ ထွက်ခွာ သွားကြလေသည်။

ဆန်းလျန် သက်ပြင်း တစ်ချက် ချလိုက်မိသည်။

တောင်ပင်လယ် ဖေးရှန်း နတ်ဘုရား ကျွန်းစွယ် ဘေးအန္တရာယ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းသည် ဆန်းလျန်နှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင် နေလေသည်။

ထို့ပြင် သူနှင့် ရှောင်းအိမ်တော်၏ မကောင်းသော ရေစက်သည် မည်သည့်အခါမှ ကောင်းမွန် လာနိုင်မည် မဟုတ်ပေ။ လက်ရှိအဆင့်ဖြင့် ဆန်းလျန်သည် အနာဂတ်ကို အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ သို့သော် အနှေးနှင့် အမြန် တစ်ခုခု ဖြစ်လာတော့ မည်ကိုတော့ ဆန်းလျန် သိနေလေသည်။

လူသားများ၏ ဆက်ဆံရေး ဆိုသည်မှာက ရှုပ်ထွေး လှလေသည်။ ဆန်းလျန်သည် လူ့လောကထဲရှိ သံယောဇဉ် အနှောင်အဖွဲ့များကြားမှ အပြည့်အ၀ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ သူလုပ်နိုင်သည်မှာက အရှုတ်ထဲတွင် ရှင်းအောင် နေရန်သာ ဖြစ်လေသည်။

ကျီမော့တောင် အနောက်ဘက်တွင် ကျန်းယန်ဝတ် ကျောင်းတော်ဟု ခေါ်သည့် တာအို ကျောင်းတော်ကြီး တစ်ခု ရှိလေသည်။ ထိုကျောင်းတော်ကြီးမှာ ဟုန်ယန်ဂိုဏ်း တည်ရှိရာ ဝတ်ကျောင်းတော်ကြီးပင် ဖြစ်လေသည်။

ကျီမော့တောင်ကြီးမှာ လော်ဝါဒ ဂိုဏ်းကြီး၏ အိမ်အလားပင် ဖြစ်လေသည်။ ကျီမော့ တောင်ပေါ်တွင် လော်ဝါဒ ဂိုဏ်းကွဲများ၏ ကျောင်းတော်များ များစွာ တည်ရှိလေသည်။

ဟုန်ယန်ကျီမှာ ကျန်းယန်ဝတ် ကျောင်းတော်ထဲတွင် ရှိနေလေသည်။

သူက ဟွမ်ကျီ ကိုယ်တော်နှင့် တိုက်ခိုက်ပြီးသည့် နောက်ပိုင်း သူ၏ အားနည်းချက်များကို သဘောပေါက် သွားကာ တံခါးပိတ် ကျင့်ကြံနေခြင်း ဖြစ်လေသည်။

သူကျင့်ကြံခြင်း ပြီးဆုံး၍ အပြင်သို့ ထွက်လာချိန်တွင် သူ၏ တပည့်ဖြစ်သူ ချန်းယင်းကျီကို ဟွမ်ကျီ ကိုယ်တော်က ဖမ်းဆီး သွားခဲ့ပြီဆိုသည့် သတင်းကို ကြားလိုက်ရလေသည်။

သို့သော် သူ့အနေဖြင့် သူ၏ရန်သူကို လက်စားချေရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့် ဆိုသော် ဟွမ်ကျီ ကိုယ်တော်သည် သေဆုံးသွားပြီ ဆိုသည့် သတင်းကို ထပ်မံ ကြားလိုက် ရသောကြောင့် ဖြစ်လေသည်။

ထိုသတင်းကို ကြားလိုက်ရသည်နှင့် ဟုန်ယန်ကျီမှာ အံ့သြထိတ်လန့်ကာ မယုံကြည်နိုင် ဖြစ်သွား ရလေသည်။ တံခါးပိတ် ကျင့်ကြံပြီး သူ၏ ကျင့်စဉ် အားနည်းချက်များကို ပြုပြင်နိုင်ခဲ့သည့် အတွက် ပျော်ရွှင်နေမှုများမှာ ချက်ချင်းပင် ပျောက်ကွယ် သွားရလေသည်။ သူက တပည့်ဖြစ်သူ ချန်းယင်းကျီ အတွက်လည်း စိတ်ပူပန်ခြင်း မရှိတော့ပေ။

ထို့နောက် သူ၏ အံ့သြထိတ်လန့်မှုများသည် စိုးရိမ်ပူပန်ခြင်းဆီသို့ ပြောင်းလဲ သွားလေတော့သည်။

အဘယ်ကြောင့် ဆိုသော်….

သူ့ထံသို့ စာတစ်စောင် ရောက်လာသောကြောင့် ဖြစ်လေသည်။

စာပေါ်တွင် ရေးသားထားသည့် စာလုံးတိုင်း၏ စုတ်ချက်များမှာ သံနှင် ငွေသားကဲ့သို့ ခိုင်မာ ပြတ်သားလွန်းပြီး ဓားဝိညာဉ် အငွေ့အသက်များလည်း ပြည့်နှက် နေလေသည်။

"မင်းက သန့်စင်တဲ့ ယန်စွမ်းအား ကျင့်စဉ်ကို ကျင့်ကြံထားတယ်လို့ ကျုပ်သိရတယ်၊ ဒီနေ့ ညသန်းကောင်းယံ၊ လက ကောင်းကင်ဗဟို တည့်တည့် ရောက်နေချိန်၊ ယင်နဲ့ ယန် အတူတကွ ပေါင်းစည်း သွားတဲ့အချိန်၊ မင်းနဲ့ ကျုပ်နဲ့ တိုက်ခိုက် ကြရအောင်"

စာကို ပေးပို့သူက စာအောက်တွင် သူ၏ အမည်ကို လက်မှတ် ရေးထိုးထားခြင်း မရှိပေ။

***

All Chapters