← Chapters

သွေးနံ့နှင့် လူငယ်လေး

Vol. 4 Ch. 47

သွေးနံ့နှင့် လူငယ်လေး

Vol. 4 Ch. 47

သူမက လျှင်မြန်စွာပင် သားရဲများ အတွက် စျေးနှုန်းများ၊ အထူး လျှော့စျေးများနှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများ အကြောင်း ရှင်းပြနေသည်။ ထိုအမျိုးသမီးကား ထိုအလုပ်၌ အတော်လေး ကျွမ်းကျင်နေဟန် ရသည်။

ဝေ့ဝူယင်က ခေါင်းညိတ်ကာ ပြီးဆုံးသည် အထိ နားထောင်လိုက်၏။ ထို့နောက် သူက ပြုံးလျှက် အရည်အသွေးမြင့် အစားအစာနှင့် အနားယူရန် နေရာ စသည်တို့ ပါဝင်သည့် သုံးရက်စာ ဝန်ဆောင်မှုကို ယူလိုက်သည်။  ကြိုးကြာဖြူက ဝမ်းသာအားရ အော်ဟစ်ကာ ဝေ့ဝူယင်၏ ရင်ဘတ်ကို ခေါင်းဖြင့် တိုးဝှေ့လိုက်၏။

အသက်လတ် အမျိုးသမီး၏ မျက်လုံးများမှာ ပိုမို တောက်ပကာ ဖော်ရွေလာသည်။

“အမတေ ကျောက်တုံး နှစ်တုံး ဒါမှမဟုတ် နို့ဒင်္ဂါးနှစ်ထောင် ကျပါတယ်ရှင်...”

ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မရှိပဲ ထုတ်ပေးလိုက်သည်။ ကြိုးကြာဖြူ အတွက် ထိုမျှမကပင် သုံးရန် သူ ဆန္ဒရှိသည်။

ရွှေရောင်နို့နှစ်မြို့ထဲ၌ အမတေ ကျောက်တုံးများမှာ အဓိက ငွေကြေးများ မဟုတ်ပါချေ။ နို့ဒင်္ဂါးဟု ခေါ်သည့် အခြား ငွေကြေးစနစ် တစ်ခု ရှိသေးသော်လည်း ဝေ့ဝူယင် ထိုအရာကို နှစ်သက် သဘောကျခြင်း မရှိချေ။ ရွှေရောင် နို့နှစ်မြို့တော် အပြင်ဘက်၌ ၎င်းမှာ အသုံးမဝင်သလောက် ဖြစ်သည်။

ထို့အပြင်... အမတေ ကျောက်တုံးများကို နို့ဒင်္ဂါး အဖြစ် ပြောင်းလဲ၍ ရသော်လည်း နို့ဒင်္ဂါးများကိုမူ အမတေ ကျောက်တုံးများ အဖြစ် ပြန်လည် ပြောင်းလဲမပေးချေ။ သင့်အနေဖြင့် အစားအသောက်များနှင့် အခြား ဝန်ဆောင်မှုများကိုသာ လဲလှယ် ဝယ်ယူ၍ ရသည်။ သို့သော်... အရာအားလုံးကို အမတေ ကျောက်တုံးများဖြင့်သာ ပေးချေပြန်လျှင်လည်း ဝူတိုင်းပြည်၏ လက်ရှိ ပေါက်စျေးထက် ပို၍ စျေးကြီးနေပြန်သည်။

အရာအားလုံး ဖြေရှင်းပေးပြီးနောက် ဝေ့ဝူယင်သည် မြို့တော်မြေပုံ တစ်ခုကို ဝယ်ယူခဲ့သည်။ ထိုအထဲ၌ စျေးများ၊ စားသောက်ဆိုင်များနှင့် အခြား နေရာ အချို့ကို ထင်ထင်ရှားရှား မှတ်သားထား၏။ ကြည့်ရသည်က ထိုဆိုင်များမှာ ထိုမြေပုံအတွက် အခွန်ပေးထားဟန် ရသည်။ ထိုနည်းဖြင့် သူတို့၏ ဆိုင်များမှာ ဧည့်သည်များ၏ စိတ်ဝင်စားမှုကို ပိုမို ရရှိလိမ့်မည် ဖြစ်သည်။

ဤကဲ့သို့ စီးပွားရေး လုပ်ထုံးလုပ်နည်းမျိုးကို ဝေ့ဝူယင် ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ကမ္ဘာကြီးမှာ အမှန်တကယ် ကျယ်ဝန်းလှကာ အမျိုးမျိုးသော အရာများနှင့် ပြည့်နှက်နေပေသည်။

ဝေ့ဝူယင်သည် လမ်းမပေါ်သို့ တက်လိုက်ရင်း ဆိုင်ကြီးတစ်ခုဆီသို့ ဦးတည်လိုက်သည်။

“စူရဗီ ကုန်ပဒေသာတိုက်... နာမည်ကတော့ အဆန်းပဲ... တစ်ခါမှတောင် မကြားဖူးဘူး... မြေပုံထဲမှာ ဖော်ပြထားတဲ့ အတိုင်းဆို ဒီဆိုင်ကြီးက တစ်မြို့လုံးမှာ အကြီးဆုံးနဲ့ အချက်အချာ အကျဆုံးတဲ့... နောက်ပြီး သူတို့က ပစ္စည်းတွေကို သင့်တော်တဲ့ စျေးနှုန်းနဲ့ ဝယ်သေးတယ် ဆိုပဲ... သူတို့သာ ငါ့မှာ ရှိတဲ့ ပစ္စည်းတွေကို စျေးကောင်းပေးဝယ်ရင် မြေအောက်စျေးကို သွားစရာ မလိုတော့ဘူး”

စူရဗီ ကုန်ပဒေသာတိုက်သို့ လျှောက်လာရင်း လမ်းတစ်နေရာတွင် သူ၏ ညာလက်က ဆစ်ခနဲ နာကျင်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ လက်ရှိ တက်တူးကို ငုံ့ကြည့်လိုက်၏။ ထိုအခါ ကမ္မတန်ဖိုးမှာ ၁၆၂.၅ မှ ၁၆၂.၄ သို့ ပြောင်းလဲ သွားခဲ့ကြောင်း သူ တွေ့လိုက်ရသည်။

“၀.၁ နည်းသွားတယ်...”

ယင်ယန် နတ်ဘုရား စက်ဝန်း အကြောင်း ပြန်လည်‌ တွေးတောရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ ထိုရတနာ အတွက် ကမ္မတန်ဖိုး တန်ဖိုး ကုန်ဆုံးမှုမှာလည်း ၀.၁ သာလျှင် ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ကံကြမ္မာ‌ကောင်းနှင့် ကြုံဆုံရမည်လော။

ဝေ့ဝူယင် တွေးနေစဥ်မှာပင် တစ်စုံတစ်ယောက်မှာ သူ့ကို ဝင်တိုက်သွား၏။ ထိုအရာက စိုးရွံ့ သတိထားနေဟန် ရသည့် ဆယ်ကျော်သက် အရွယ် တစ်ယောက် ဖြစ်သည်။ ထိုလူငယ်လေးသည် မီးခိုးရောင် မျက်လုံးများနှင့် ဆံပင်နက်များကို ပိုင်ဆိုင်ထားသည်။ အထူးတလှယ် ချောမောသူ တစ်ယောက် မဟုတ်သည့်တိုင် ထိုလူငယ်လေးထံ၌ တိကျသေချာသည့် အရည်အသွေး တစ်ခု ရှိဟန်ရသည်။

သူက လျှင်မြန်စွာပင် တောင်းပန်ကာ ထွက်ခွာသွား၏။ သူ၏ မျက်လုံးများကမူ အနောက်သို့ စိုးရိမ်တကြီးဖြင့် အဆက်မပြတ် လှည့်ကြည့်နေခဲ့သည်။

ပုံမှန်အားဖြင့် ဆိုလျှင် ဝေ့ဝူယင် ထိုကိစ္စကို လျစ်လျူ ထားလိုက်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... စည်ကားသော နေရာများ၌ လူများ ဝင်တိုက်မိသည်က မကြာခဏ ဖြစ်တတ်သော ကိစ္စ တစ်ခု ဖြစ်သည်။ သူ ပင်လျှင် ဤမတိုင်ခင် လူတစ်ယောက်ကို ဝင်တိုက်မိခဲ့သေးသည်။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ တစ်ခုခု ထူးခြားနေသည်ဟု သူ ခံစားနေရ၏။ ဝေ့ဝူယင် ချက်ချင်းပင် ဝိညာဥ် အာရုံကို လူငယ်ထံ ပို့လွှတ် စစ်ဆေးလိုက်သည်။

ဝှစ်...

မမျှော်လင့်ထားသော တုန့်ပြန်မှုက ဝေ့ဝူယင် ထိတ်လန့်သွားစေခဲ့၏။ သူ၏ ဝိညာဥ် ပင်လျှင် အနည်းငယ် တုန်ရီ သွားခဲ့သည်။

“ဝိညာဥ်အာရုံ အကာအကွယ် ဝင်္ကပါလား...”

သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုအရာက ချီပျစ်ခဲခြင်း အဆင့်ခြောက်၊ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် သူ၏ ဝိညာဥ် အာရုံ တားဆီးခံလိုက်ရခြင်း ဖြစ်သည်။ သူက မျက်မှောင်ကြုတ်ကာ လူငယ်လေး၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ ထိုကလေးက ကမ္မတန်ဖိုး ၀.၁ ဆုံးရှုံးသွားခြင်းနှင့် ဆက်စပ်နေမည်လော။

ဝေ့ဝူယင် ချက်ချင်းပင် လူငယ်လေး၏ နောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်၏။ သူက ဝိညာဥ်အာရုံကို ပြန်လည် ရုပ်သိမ်းကာ သာမန် အမြင်အာရုံကိုသာ သုံးလျှက် လူငယ်လေး၏ နောက်ကို မျက်ချေမပြတ်ရုံ လိုက်လာခဲ့သည်။ သူသည် အခြား ခြေလှမ်းသုံးစုံမှာလည်း တူညီသည့် လမ်းကြောင်းအတိုင်း လိုက်လာနေသည်ကို သတိထားမိသည်။ သူတို့သည်လည်း လူငယ်လေး၏ နောက်သို့ လိုက်နေခြင်း ဖြစ်ပေလိမ့်မည်။

အချိန်အတော်ကြာ စောင့်ကြည့်အပြီး၌... လူငယ်လေးမှာ ဒဏ်ရာရနေကြောင်း‌ ဝေ့ဝူယင် သတိထားလိုက်မိ၏။ သူ၏ ဝမ်းဗိုက်ဆီမှ သွေးနံ့သင်းသင်း ထွက်ပေါ်နေသည်။ နောက်မှ လိုက်နေသူ သုံးယောက်ထံမှလည်း သွေးနံ့ အချို့ ထွက်ပေါ်နေ၏။ သို့သော်လည်း သူတို့မှာ ဒဏ်ရာရနေပုံတော့ မပေါ်ချေ။

မြို့တော်၏ အာဏာပိုင်များမှာ ထိုအချင်းအရာကို စောင့်ကြည့်နေမည်လား ဝေ့ဝူယင် သိချင်နေမိ၏။ အကယ်၍ စောင့်ကြည့်နေသည်ဆိုလျှင် လူငယ်လေး ဒုက္ခရောက်နေသည်ကို မြင်သည့်တိုင် အဘယ်ကြောင့် သူတို့ ပေါ်မလာရသနည်း။

နှစ်နာရီခန့် လူအုပ်အတွင်း တိုးဝှေ့ပြီးနောက် နောက်မှ လိုက်နေသူ သုံးယောက်မှာ လူငယ်လေးကို စတင် မျက်ချေပြတ် လာကြ၏။ သူတို့သည် အမြန်နှုန်းကို နှစ်ဆခန့် မြှင့်ကာ အားသွန်ခွန်စိုက် ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အရိပ်အယောင်ပင် မတွေ့ရတော့သော လူတစ်ယောက်ကို ပျားပန်းခပ်  လူအုပ်အတွင်း ရှာဖွေရခြင်းမှာ အရာမထင်လှပဲ ဆင်ကန်း တောတိုးသလိုသာ ဖြစ်နေခဲ့သည်။

နောက်တစ်နာရီခန့် ထပ်မံကုန်ဆုံးပြီးနောက်... လူငယ်လေးမှာ နောက်ရောင်ခံ လိုက်နေသည့် လူသုံးယောက် ပါမလာတော့ကြောင်း သတိထားမိသွားသည်။ သူက ပိုမို သေချာစေရန် လူရှင်းသည့် လမ်းကြိုလမ်းကြားများကို ဝင်ကြည့်လိုက်၏။ မည်သူမျှ လိုက်မလာချေ။

လူငယ်သည် ကျေနပ်သွားဟန်ရကာ စွန့်ပစ် အဆောက်အဦ တစ်ခုထဲသို့ ဝင်ရောက်လိုက်လေ၏။ မကြာခင် မိုးချုပ်ပေတော့မည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ရွှေရောင်နို့နှစ်မြို့တော်သည် လူဦးရေ အလွန် ထူထပ်ကာ စည်ကား သိုက်မြိုက်လှသည်။ မြို့အတွင်းရှိ နေရာတိုင်းမှာ ရွှေကဲ့သို့ အဖိုးတန်လှသည်။ သို့တိုင်အောင် ဤနေရာ၌ စွန့်ပစ် အဆောက်အဦ တစ်ခု ရှိနေသည်လား... ထိုအရာက အဓိပ္ပာယ်တော့ သိပ်မရှိလှချေ။

တံခါးအတွင်းသို့ ဝင်ရောက်သည်နှင့် လူငယ်လေးမှာ လုံးဝ ပျောက်ကွယ်သွား၏။ ဝေ့ဝူယင် တစ်ချိန်လုံး ရနေသည့် သွေးနံ့မှာလည်း တိခနဲ ရပ်တန့်သွားသည်။ ထို့အပြင်... အဆောက်အဦအတွင်း မည်သည့် လမ်းလျှောက်သံ ဖွဖွမျှပ် ထွက်ပေါ် မလာခဲ့ချေ။

သူ အဆောက်အဦဆီသို့ ချည်းကပ်လာကာ တံခါးကို ဖြတ်၍ ဝင်လိုက်၏။ သို့သော်လည်း သာမန် တံခါးတစ်ချပ်ထဲ ဝင်လိုက်ရသလိုပင် မည်သို့မျှ မထူးဆန်းချေ။ အထဲ၌ ဖုန်များ၊ ပင့်ကူမျှင်များဖြင့် ညစ်ပတ် အိုဟောင်းနေသည့် အခန်းတစ်ခုသာ ရှိ၏။

“သံသယ ဖြစ်စရာပဲ...”

လှည့်ကွက်တစ်ခုခုဖြင့် သူ့အား လှည့်စားထားသည်လား။ သို့သော် သေချာကြည့်ပြန်လျှင်လည်း မည်သည့် ဖြစ်နိုင်ချေကိုမှ မတွေ့ရပြန်ချေ။

“ယုတ္တိရှိရှိ စဥ်းစားကြည့်ရအောင်... ဘယ်လိုအရာမျိုးက လူတစ်ယောက်ကို လုံးဝ ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်တာလဲ... ပုံရိပ်ယောင် ဝင်္ကပါလား... မဟုတ်သေးဘူး... အဲဒါက အမြင်အာရုံကို လှည့်စားနိုင်ပေမဲ့ ငါ့ရဲ့ အနံ့အာရုံကို‌တော့ မတားဆီးနိုင်ဘူး”

ဝေ့ဝူယင် အခန်းထဲရှိ ပစ္စည်းတစ်ခုကို ကောက်ယူကာ ချေမွှကြည့်လိုက်သည်။ ၎င်းတို့မှာ အစစ်အမှန်များသာ ဖြစ်သည်။ သူ၏ အာရုံကို လှည့်စားနိုင်ရန် အတွက်ဆိုလျှင် အနည်းဆုံး အရှင်အဆင့် တစ်‌ယောက် တည်ဆောက်ထားသည့် ဝင်္ကပါမှသာ ဖြစ်နိုင်လိမ့်မည်။

သူက ခေါင်းအား ခါယမ်းလိုက်၏။ သူ တံခါးအတွင်းသို့ ဝင်ရောက်ပုံ ဝင်ရောက်နည်း မှားနေသည်လော။ သို့မဟုတ် ဂါထာမန္တာန် တစ်မျိုးမျိုး လိုအပ်သည်လော။

“သူက ရုတ်တရက်ကြီး အမှုန်အမွှား အဖြစ် ပျက်စီးသွားတာများလား... မဖြစ်နိုင်ပြန်ဘူး အဲဒါဆိုလည်း ခံစားလို့ ရနိုင်တဲ့ အငွေ့အသက် အချို့ ကျန်ခဲ့မှာပေါ့”

သူက မျက်မှောင်ကြုတ်ကာ ညာဘက်လက်ရှိ တက်တူးကို ငုံ့ကြည့်လိုက်သည်။ ၁၆၂.၄ ...  ယခင်အတိုင်း မပြောင်းမလဲ။ ကြည့်ရသည်က ကမ္မတန်ဖိုး ၀.၁ မှာ လူငယ်နှင့် ဆက်စပ်ခြင်း မရှိသည်လော။ သူ၏ အကြည့်များက တက်တူးမှ အဆင့် လက်ခလည်၌ ဝတ်ဆင်ထားသည့် ဟင်းလင်းပြင် လက်စွပ်ထံ အမှတ်တမဲ့ ရောက်ရှိသွားသည်။

“နေဦး... ဟင်းလင်းပြင်...”

ဝေ့ဝူယင် တံခါးအပြင်သို့ ပြန်ထွက်ကာ လူငယ်လေး နောက်ဆုံး ရပ်ခဲ့သည့် နေရာ၌ ရပ်လိုက်သည်။ ထို့နောက် တံခါး လက်ကိုင်ဖုကို နောက်တစ်ကြိမ် ပြန်ကိုင်လိုက်ပြန်၏။ ယခင်တစ်ကြိမ်နှင့် ခြားနားစွာပင် ဝိညာဥ် စွမ်းအင်များမှာ လက်ချောင်းများမှ တစ်ဆင့် တံခါးဖုနှင့် ဆက်သွယ်သွားသည်။ ပုံမှန် ဟင်းလင်းပြင် လက်စွပ်အား ဖွင့်သလိုပင် သူက တံခါးကို ဆွဲဖွင့်လျှက် ဝင်လိုက်လေ၏။

ရုတ်တရက် လှိုင်းကြီးတစ်ခု စီးလိုက်ရသလို သိမ့်ခနဲ ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ညစ်ပေနေသည့် အခန်းမဟုတ်ပဲ အခြားနေရာ တစ်ခုအား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက အခြားကမ္ဘာတစ်ခုနှင့်ပင် ပမာတူ၏။ ကောင်းကင်ကို မော့ကြည့်လိုက်ချိန်၌ သူ၏ မျက်လုံးများ အကန့်အသတ်မဲ့စွာ တုန်လှုပ်သွားလေ၏။

ကောင်းကင်သည် ကောင်းကင်နှင့် တူပါသည်။ သို့သော်လည်း ကောင်းကင် တစ်ပြင်လုံးမှာ အစစ်အမှန် ကောင်းကင်ထက် ရောင်ပြန်ဟင်နေသည့် အရာတစ်ခုလို ဆဋ္ဌဂံ အကွက်များဖြင့် ပြည့်နှက်နေသည်။ ရှင်းရှင်းပြောရလျှင် ထိုကောင်းကင်က အမိုးခုံးကြီး တစ်ခုလိုပင်။

ဝေ့ဝူယင် စိတ်နှစ်ခုကို တစ်ပြိုင်နက်တည်း သုံးထားလေရာ လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ်လာ၏။

“ဟင်းလင်းပြင် ဂိတ်တံခါး... ဟင်းလင်းပြင် လက်စွပ်နဲ့ လုပ်ဆောင်ချက်တူပြီး သက်ရှိတွေကို ပို့ဆောင်ပေးနိုင်တယ်... ဒီလို တံခါးမျိုးကို ဘယ်သူက တည်ဆောက်ထားတာပါလိမ့်”

သူက နောက်သို့ ပြန်လည် ကြည့်လိုက်ရာ ငွေရောင် တိုင်ကြီးတစ်တိုင်ကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ ဟင်းလင်းပြင် ဂိတ်တံခါး၏ ကြားခံ ဖြစ်ရပေမည်။ ထိုအထဲကို ဝိညာဥ် အာရုံ ထည့်သွင်းလိုက်လျှင် အပြင်သို့ ပြန်လည် ရောက်ရှိသွားပါမည်လော။ တွေးလိုက်မိသော်လည်း စမ်းမကြည့်သေးရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။

သူက ဝိညာဥ် အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်လိုက်၏။ ချက်ချင်းဆိုသလိုပင်... ဤနေရာ တစ်ခုလုံး၌ နန်းတော် တစ်ခုသာ ရှိနေကြောင်း သူ သဘောပေါက်လာသည်။ အရာအားလုံးသည် မြက်ခင်းပြင်များ ဖြစ်ကာ ကောင်းကင်မှာလည်း ရှင်းလင်းစွာပင် အတုအယောင် ဖြစ်ပေသည်။

ဝေ့ဝူယင် နန်းတော်ကို အာရုံစိုက် ကြည့်လိုက်၏။ ၎င်းမှာ ပျက်စီးယိုယွင်းကာ အတော်လေး ဟောင်းနွမ်းနေ၏။

“ငါက အခွင့်အရေးများလား... တကယ်လို့ ကမ္မတန်ဖိုး လျော့ကျသွားတာကိုသာ မသိထားဘူး ဆိုရင် ငါလုံးဝ သံသယ ဖြစ်မိမှာတောင် မဟုတ်ဘူး...”

ထိုအရာက စိတ်‌ကောင်းရှိသူများ အပေါ် ကောင်းကင်တာအို၏ ချီးမြှင့်ခြင်း တစ်မျိုးလော။ ဝေ့ဝူယင် တွေးလိုက်မိ၏။

သူ့နေရာတွင် ကမ္မတန်ဖိုး အပြောင်းအလဲကို မသိနိုင်သည့် သာမန်လူ တစ်ယောက်ဆိုပါစို့။ ထိုလူက လူငယ်‌လေးနှင့် ဝင်တိုက်ကာ သွေးနံ့ကို ရရှိမည်။ ထို့နောက် လူငယ်လေး၏ နောက်သို့ ရန်သူများ လိုက်နေသည်ကို သတိထားမိလာမည်။ ထိုအခါ သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိလာမည် ဖြစ်သည်။ ပထမ တစ်ခု... စိတ်ကောင်း ဆန္ဒ‌ကောင်းဖြင့် လူငယ်လေး၏ နောက်ကို လိုက်ကာ ကယ်ထင်မည်လော။ သို့မဟုတ် မဆိုင်သလို မေ့ဖျောက်ကာ လျစ်လျူမည်လော။

လျစ်လျူသူများ အနေဖြင့် မည်သို့မျှ ဖြစ်မည်မဟုတ်သော်လည်း... ကူညီရန် ဆုံးဖြတ်လိုက်သူများမှာမူ ဤနေရာအထိ ရောက်ရှိလာကာ အခွင့်အရေးကို ကြုံတွေ့ပေလိမ့်မည်။ ထိုအရာက နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေ တစ်ခုဟု ထင်ရသည့်တိုင် အပိုင်းအစ တစ်ခုမှာ ပျောက်ဆုံးနေသည်။

လျစ်လျူရေးသမား အဘယ်မျှမှာ အကျိုးအမြတ် တစ်ခုပင် မရရှိပဲ သူတို့၏ ကမ္မတန်ဖိုး များကို ကုန်ဆုံးခဲ့ပြီးပြီနည်း။ ထိုလူများသည် အခြားလူကို မကူညီခဲ့ခြင်းဖြင့် သွယ်ဝိုက်သော အပြစ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအရာက ရယ်စရာကောင်းလွန်း၏။

ဝေ့ဝူယင်မှာ ထိုအရာကို တွေးမိရာ ခေါင်းခါလိုက်မိ၏။ သူသည်လည်း လူကောင်းတစ်ယောက် မဟုတ်ရာ အခြားလူကို ကူညီရန် ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။ သူ ယခု လူငယ်လေးနောက်သို့ လိုက်လာခဲ့ခြင်းမှာလည်း ကမ္မ တန်ဖိုး လျော့ကျသွားမှုကို သတိထားမိခြင်းကြောင့်သာ ဖြစ်သည်။

ထိုနန်းတော်သည် သေချာစွာပင် ရှေးကျပြီး အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးမှ တည်ထောင်ထားခြင်း ဖြစ်ရမည်။ သို့ဖြစ်ရာ... ထိုအထဲ၌ အခွင့်အရေးကောင်း တစ်ခု ရှိနေနိုင်သည်။

ဝေ့ဝူယင် နန်းတော်အနားသို့ ရောက်သည့်တိုင်အောင် လမ်းလျှောက်လာခဲ့၏။ ၎င်းတွင် လှေကားထစ် ကိုးဆယ့် ကိုးထစ် ရှိပေသည်။ ဝေ့ဝူယင် ပထမ လှေကားထစ်ကို တက်လှမ်းလိုက်၏။ ရုတ်ချည်းပင် သူ၏ အမြင်အာရုံမှာ ဝေဝါးလာကာ ပုဂ္ဂိုလ် တစ်ဦးကို မြင်လိုက်ရသည်။

ထိုပုဂ္ဂိုလ်မှာ အပြာရောင် ခန္ဓာ၊ မျက်လုံးများနှင့် ဆံပင်တို့ကို ပိုင်ဆိုင်ထားသည့် လူပု အဘိုးအို တစ်ဦး ဖြစ်၏။ သူက တစ္ဆေတစ်ကောင် အလား တရွေ့ရွေ့ ရွေးလျားလာကာ ပြုံးပြသည်။ ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။

“အနန္တ စစ်ပွဲတာအို နန်းတော်ကို တက်လှမ်းဖို့ အတွက် သင် တာအိုကို ရွေးချယ်ရမယ်”

အပြာရောင် အဘိုးအိုက ပြုံးရင်း အသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။

***

All Chapters