← Chapters

အနန္တစစ်တာအို နန်းတော်

Vol. 4 Ch. 48

အနန္တစစ်တာအို နန်းတော်

Vol. 4 Ch. 48

၎င်းအဘိုးအိုမှာ ယန္တရား အရုပ်တစ်ခု ဖြစ်ကာ သူ၏ လှုပ်ရှားမှုနှင့် ပြုံးသောပုံစံတို့က သိသိသာသာပင် ကွဲထွက်နေပေသည်။

“အနန္တ စစ်ပွဲတာအို နန်းတော်...”

“နောက်ပြီး ငါ့ရဲ့ တာအို...”

ဝေ့ဝူယင်သည် ကောင်းကင်တာအို ဆိုသည်ကို ကြားဖူးသလို သွေးတာအို ဘုရားကျောင်း ကဲ့သို့သော နေရာမျိုးတွင်လည်း နေခဲ့ဖူးသည်။

ကောင်းကင် တာအိုသည် ဘဝ၏ စာရိတ္တများကို ချမှတ်ထားကာ ထိုအတိုင်း နေထိုင်သည် ဟု ယူဆရသူများအား ကံကောင်းမှုများ မျှဝေသည်။ သွေးတာအို ဘုရားကျောင်းတွင်မူ ချီကျင့်စဥ်များ၊ ဝိညာဥ် အစီအရင်များ၊ ကျင့်ကြံခြင်း နည်းလမ်းများ၊ ဝင်္ကပါများ စသည်ဖြင့် အမျိုးမျိုးကို သိုလှောင်ထားသည်။

သိသလောက် ထပ်မံပြောရလျှင် တာအိုဆိုသည်မှာ ဘဝနေနည်း၊ လိုက်နာရန် လမ်းကြောင်းကို ခေါ်ဆိုသည်။ ၎င်းသည် ကျယ်ပြန့်ကာ အကန့်အသတ် မဲ့လှသည်။

အပြာရောင် အဘိုးအိုက ပြောလိုက်၏။

“‌သင့်မှာ လက်နက်တာအို၊ မနောတာအိုနဲ့ ရုပ်ဝတ္ထုတာအို ဆိုပြီး ရွေးချယ်စရာ တာအို သုံးခုရှိပါတယ်...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ ယခု၌ အဘိုးအို ဆိုလိုသည့် အဓိပ္ပာယ်ကို ချီနှင့် ဆက်စပ်ကြည့်လိုက်ကာ သူနားလည်သွားပြီ ဖြစ်သည်။

လက်နက်ချီဆိုသည်မှာ မိမိကိုယ်တိုင်ထံမှ မွေးဖွားလာသည့် အလွန် နူးညံ့သော ချီတစ်မျိုး ဖြစ်သည်။ မနောချီအကြောင်းကို သူ သိပ်မသိသော်လည်း လူတစ်ယောက်၏ မနောစိတ်ကို ကျင့်ကြံနိုင်သည့် နည်းလမ်းပေါင်းများစွာကို မြင်တွေ့ဖူးပေသည်။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းတွင်ပင် ထိုကဲ့သို့ နည်းစနစ်မျိုး ပါဝင်နေသည်။

တစ်ချိန်တည်း၌ နေသွေးချီမှာမူ ရုပ်ဝတ္ထုချီ အမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် ကိုယ်တိုင်ထံမှ မဟုတ်ပဲ အပြင်လောက (ရုပ်ဝတ္ထုများ)၏ အကူအညီဖြင့် မွေးဖွားလာခြင်းမျိုး ဖြစ်သည်။

အပြာရောင် အဘိုးအို ပြောသည့် တာအိုမှာ “လက်နက်၊ မနောနှင့် လောက” တို့ကို ကျင့်ကြံခြင်း ဖြစ်ရမည်။

“တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးလို့ ရမလား...”

ဝေ့ဝူယင်က သွေးတိုးစမ်းသည့် အနေဖြင့် မေးလိုက်၏။ သူ ကံစမ်းလိုက်ခြင်းသာ ဖြစ်သော်လည်း အံ့အားသင့်ဖွယ်ပင် အဘိုးအိုက ရှင်းပြလာသည်။

“အင်း... လက်နက်တာအိုက စစ်ပွဲအားလုံးကို လွှမ်းခြုံနိုင်တယ်... မနောတာအိုက ဉာဏ်အလင်းမျိုးစုံကို ကိုယ်စားပြုတယ်... ရုပ်ဝတ္ထုတာအိုကတော့ ကောင်းကင်ခန္ဓာကနေ မွေးဖွားလာတဲ့ အရာအားလုံးကို ဆိုလိုတယ်”

အဘိုးအို၏ အဖြေက သူ မျှော်လင့်ထားသလောက် အသေးမစိတ်ချေ။ မည်သို့ပင် ဆိုစေ... ထိုအရာက သူ၏ အဖြေကို ဖြေသွားခဲ့ခြင်းသာလျှင် ဖြစ်သည်။

သွေးချီနှလုံးသား၊ ဒြပ်စင်ချီ နှလုံးသား၊ ရေချီ နှလုံးသားတို့မှာ သူနှင့် ရင်းနှီးမှုရှိသည့် ရုပ်ဝတ္ထုပုံစံများ ဖြစ်သည်။ ၎င်းတို့မှာ လောကကြီးမှ အနှစ်သာရ အဖြစ် မွေးဖွားလာသည့် ရုပ်ဝတ္ထုများ ဖြစ်သည်။

တိုက်ပွဲချီ နှလုံးသား၊ လှံချီနှလုံးသား၊ ဓားချီနှလုံးသားတို့မှာမူ ယုံကြည်မှု၊ အမှတ်တရနှင့် အတွေ့အကြုံများမှ တစ်ဆင့် မွေးဖွားလာကြသည်။ ၎င်းတို့သည် စိတ်နှင့် ဝိညာဥ်တို့မှ မြစ်ဖျားခံသည်။

မည်သည့် အရာကို ရွေးသင့်သနည်း...

ဝေ့ဝူယင် တွေးတောနေမိ၏။ သူသည် ဒြပ်စင်ချီ နှလုံးသား တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေရာ ရုပ်ဝတ္ထု တာအိုမှာ သူ၏ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ဟန်ရသည်။

သို့သော်လည်း...

“ကျွန်တော် လက်နက်တာအို ရွေးတယ်...”

အပြာရောင် အဘိုးအိုက တည်ငြိမ်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်၏။

“ကျေးဇူးပြုပြီး လက်နက်တာအို သုံးထောင်ထဲကနေ ထပ်ပြီး ရွေးချယ်ပါ”

ဝေ့ဝူယင်မှာ အံ့သြသွား၏။ ကောင်းကင်တာအိုတွင်လည်း ပညတ်တော် သုံးထောင်ရှိသည်။ အရေအတွက် သုံးထောင်မှာ တာအို၏ အကန့်အသတ်လော။

“ဆေဘာတာအို...”

သူ ခပ်မြန်မြန် ဖြေလိုက်၏။

အပြာရောင် အဘိုးအိုမှာ ခေါင်းညိတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။

ရုတ်တရက်... လှေကားတစ်ထစ်ချင်းစီ၌ ဆေဘာဓား သဏ္ဌာန် တစ္ဆေ အသင်္ချေ လွင့်ပျံလာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူက ဒုတိယမြောက် လှေကားထစ်သို့ ခြေလှမ်းတက်လိုက်ရာ ပုံရိပ်ယောင် ဆေဘာဓား တစ်လက်မှာ အလင်းတန်း အသွင် ပြောင်းလဲ၍ သူ့ မျက်ခုံးနှစ်ခုကြားကို တိုးဝင်သွားသည်။

ဝေ့ဝူယင် ခဏတာ တုန်ရီသွား၏။ စက္ကန့်အနည်းငယ် အကြာ၌ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်း၊ စိတ်လှုပ်ရှားခြင်းများနှင့် ပြန်လည် ပွင့်လာသည်။ ၎င်းသည် သူ၏ စိတ်နှင့် ဝိညာဥ် အတွင်း ဝင်ရောက်ကာ နှစ်ခုစလုံးကို ခုတ်ဖြတ်ပစ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း... သူ၏ စိတ်မှာ နှစ်ဆ ဖြစ်သလို ဝိညာဥ်မှာလည်း အတူတူပင် ဖြစ်သည်။

ခြစ်ရာတစ်ခုမျှသာလျှင် ကျန်ရစ်ခဲ့၏။

သူ၏ စိတ်ကို သန့်စင်၊ ထူထဲသော ယင်စွမ်းအင်က အားဖြည့်ထားကာ သူ၏ ဝိညာဥ်မှာလည်း မူလ စိတ်ဝိညာဥ်၏ လွှမ်းမိုးမှု၊ ယင်ယန် စွမ်းအင်၏ အကျိုးသက်ရောက်မှုတို့ အောက်၌ တည်ရှိနေသည်။ ထို့ကြောင့်ပင် ထိုသို့ တိုက်ခိုက်မှုမျိုးကို သူမကြောက်ချေ။  ဓားပုံရိပ်ယောင်၏ ကျဆုံးသွားသော တိုက်ခိုက်မှုကို ကြည့်၍ အရိပ်အမြွက် အချို့ကို သူ ခြေရာခံလာမိ၏။

အကယ်၍ မနောတာအိုကို ရွေးချယ်ပါက သူ့အနေဖြင့် စိတ်တိုက်ခိုက်မှုများ ခံရနိုင်သည်။ အကယ်၍ ရုပ်ဝတ္ထု တာအိုကို ရွေးချယ်လျှင်မူ ချီနှင့် ခန္ဓာကို သုံး၍ ခုခံရန် လိုအပ်ပေလိမ့်မည်။

ဝေ့ဝူယင် ပင့်သက်ရှိုက်ကာ တတိယ လှေကားထစ်ကို တက်လှမ်းလိုက်၏။ ဆေဘာဓား ပုံရိပ်နှစ်ခု ပေါ်လာကာ သူ၏ နဖူးအတွင်း တိုးဝင်သွားပြန်သည်။ သူတုန်ရီသွားပြန်၏။ သို့သော်လည်း ထိုအတွင်း ပါဝင်နေသည့် ဆေဘာဓား ရည်ရွယ်ချက်ကို စုပ်ယူပြီးနောက် သူ၏ မျက်လုံးများက ပိုမို တောက်ပလာကာ နောက်တစ်လှမ်း လှမ်းလိုက်ပြန်သည်။

လှေကားတစ်ထစ် တက်လိုက်တိုင်း၌ ဆေဘာဓားများမှာ နှစ်ဆ ဖြစ်လာခဲ့သည်။ ဆယ်ထစ်မြောက်ကို ရောက်သော အချိန်တွင် သူသည် ဆေဘာပုံရိပ် ၅၁၂ ခုနှင့် ရင်ဆိုင်ခဲ့ပြီး ဖြစ်သည်။

ကိုးဆယ့်ကိုးထစ်မြောက်ကို မျှော်ကြည့်ရင်း... ထိုအရာမှာ မယုံကြည်နိုင်လောက်အောင် ခက်ခဲကြောင်း သူ သဘောပေါက် လာခဲ့သည်။ သို့သော်လည်း ရှေ့ဆက်သွားရန် သူ မ‌ကြောက်ရွံ့ချေ။ ထိုအရာက အခွင့်အရေး တစ်ခု ဖြစ်သည်။ ၎င်းက သူ့အား ရုပ်လွန်ချီကို မွေးဖွားနိုင်ရန် လမ်းစတစ်ခု ပေးထားသည်။ အကယ်၍ သူ၏စ စိတ်နှင့် ဝိညာဥ်တို့သာ ဆေဘာမျိုးစေ့ကို မွေးဖွားနိုင်ပါက သူ သွေးကြောများကို အသုံးပြုကာ ဆေဘာ အမတေ မွေးဖွားလာနိုင်ပေလိမ့်မည်။

အကယ်၍ ဆေဘာဓား ချီနှလုံးသားကို မွေးဖွားခြင်း မပြုခဲ့လျှင်ပင် ထိုအရာကို ဝိညာဥ်၊ စိတ်တို့အား မွမ်းမံရန်နှင့် တိုက်ခိုက်ရာတို့၌ အသုံးပြုနေနိုင်ဆဲ ဖြစ်သည်။

ဝေ့ဝူယင်သည် အပေါ်သို့ ဆက်လက်တက်နေခဲ့၏။

ခုနစ်ဆယ့် ခုနစ်ထစ်မြောက် အရောက်၌ သူ၏ ဝိညာဥ်နှင့် စိတ်တို့မှာ တုန်လှုပ်လာသည်။ ဉာဏ်အလင်းဝင်သည့် အဆင့် တစ်ခုသို့ ရောက်သည့်နှယ် သူ၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်သွား၏။ မဟာ ဆေဘာသည် သူ၏ စိတ်မျက်လုံး အတွင်း ဖွဲ့စည်းလာကာ သူ၏ ဝိညာဥ်များ ပင်လျှင် ဆေဘာဓားများ အသွင် ပြောင်းလဲ သွားသည်။ ၎င်းတို့သည် ကိုယ်ပိုင် သတ်ဖြတ်နိုင်စွမ်း၌ ပြိုင်ဘက်ကင်းကြ၏။

မောက်မာခြင်း၊ ရက်စက်ခြင်း၊ အကန့်အသတ်မဲ့ခြင်း၊ အင်အားကြီးခြင်း...

ဝေ့ဝူယင်သည် အစစ်အမှန် ဆေဘာဓားသမား တစ်ယောက် ဖြစ်လာသလို ခံစားလိုက်ရသည်။ သူသည် ဆေဘာဖြစ်လာကာ ဆေဘာသည် သူဖြစ်လာသည်။

သူသည် မျိုးစေ့ကို မဖွဲ့စည်းနိုင်သေးသည့်တိုင် ဆေဘာဓား၏ ရည်ရွယ်ချက်ကို စုပ်ယူခြင်းက သူ့အား ကိုယ်ပိုင် လမ်းစဥ်တစ်ခု မွေးဖွားနိုင်ရန် ခွင့်ပြုထားသည်။ သူ လက်ဝါးကို ဖြောင့်တန်းကာ ရှေ့သို့ ခုတ်ဖြတ်လိုက်၏။ ဆေဘာဓား သဏ္ဌာန် ပုံရိပ်ယောင် တစ်ခုက ဖြတ်ခနဲ ပေါ်လာကာ သူ၏ လက်နေရာကို အခိုက်အတန့် တစ်ခုစာ အပြည့်အဝ အစားထိုးသွားသည်။

ထိုအခိုက်အတန့် ပျောက်ကွယ်သွားပြီးသည့်တိုင် သူ၏ မျက်လုံးများမှာ ဆေဘာဓား အလင်းဖြင့် ကြီးစိုး နေလေသည်။ ၎င်းသည် ရက်စက်ကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။ မည်သည့် သနားညှာတာမှုမှ ရှိမနေကာ စစ်ပွဲနှင့် သတ်ဖြတ်ခြင်းသာ တည်ရှိနေသည်။ နှိုင်းယှဥ်ရပါက ရိုးရိုးဓားများသည် ပုံသဏ္ဌာန် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ကွဲပြားနိုင်သော်လည်း ဆေဘာများမှာမူ များသောအားဖြင့် တစ်ပုံစံတည်းသာ ရှိသည်။ ၎င်းသည် တည့်တိုးဆန်ကာ အခြေခံ အကျဆုံးလည်း ဖြစ်၏။

“ဒါက... ဆေဘာ ရည်ရွယ်ချက်လား...”

ဝိညာဥ် မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်ကို ခံစားမိရာ ဝေ့ဝူယင်၏ မျက်လုံးများမှာ အရောင်ပြောင်း သွား၏။ သူ၏ လက်မှာလည်း မူလ ပုံသဏ္ဌာန် ပြန်ပြောင်းသွားသည်။ ၎င်းကား ဆေဘာဓား အသွင်ဖြင့် လုံးဝ ပြည့်စုံလွန်းသည်။ ထိုအခိုက်၌ သူ၏ စိတ်နှစ်ခုမှာ ဆေဘာ ရည်ရွယ်ချက်၏ အောက်၌ လုံးဝ ချိတ်ဆက် သွားသလိုပင်။

သူ ဆေဘာ ရည်ရွယ်ချက်ကို ထုတ်လွှတ်လိုက်ချိန်တိုင်း၌ ဆေဘာ ပုံရိပ်များမှာ ပြန့်ကျဲသွားကာ သူ၏ ရှေ့မှောက်၌ ဘုရင် တစ်ပါးအလား ဦးညွှတ်လာသည်။ ဝေ့ဝူယင်၏ စိတ်နှလုံးတွင် တုနှိုင်းမရသည့် ကြီးကျယ် ခမ်းနားခြင်း တစ်မျိုးကို ခံစားလိုက်ရသည်။ ဤအမှတ်တရကို သူ အသက်ရှင်နေသမျှ ကာလပတ်လုံး မေ့ဖျောက်နိုင်တော့မည် မဟုတ်ချေ။

အပြာရောင် အဘိုးအိုသည် သူ၏ နံဘေးတွင် ပြန်လည် ပေါ်လာခဲ့၏။

“သင်က ဆေဘာတာအိုကို ဖွဲ့စည်းပြီးပြီ.. ပြီးမြောက်ခြင်း - ခုနစ်ဆယ့် ခုနစ်ထစ်မြောက်၊ ကနဦး အခြေအနေ - မရှိဘူး၊ အဆင့်အတန်း - နက္ခတ်တာရာ ပါရမီ...”

ယန္တရား အသံက ပဲ့တင်ထပ်ကာ ပေါ်ထွက်လာသည်။ ဝေ့ဝူယင် ပြုံးလိုက်၏။ နက္ခတ်တာရာ ပါရမီ ဆိုသည့် အဓိပ္ပာယ်ကို မသိသော်လည်း သူ ဂုဏ်ယူမိပေသည်။

“သင် ပန်းပဲဖိုထဲကို ဝင်ဖို့ မလိုတော့ဘူး... ဆုလာဒ်အနေနဲ့ အခြေတည် ဆေဘာ ဝိညာဥ် ရရှိတယ်”

“ဘာလဲ...”

ရုတ်တရက် ခန္ဓာကိုယ်ကို အာကာသ စွမ်းအင်များဖြင့် ရစ်သိုင်းသွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။

“ငါ့ကို အပြင်ပြန်ပို့ နေပြီလား... နောက်ပြီး ပန်းပဲဖိုဆိုတာကရော ဘာလဲ... နန်းတော်ကို ပြောတာလား... ငါ့ကို ဘာလို့ ဝင်ခွင့် မပေးတာလဲ... နောက်ပြီး အခြေတည် ဆေဘာဝိညာဥ် ဆိုတာကရော ဘာလဲ...”

သူ့တွင် မေးရန် မေးခွန်းများစွာ ရှိပေသည်။ သို့သော်လည်း မည်သည့် စကားလုံးမှ မထွက်လာသေးခင် သစ်ကြားသီး အရွယ်အစားရှိ ဥတစ်လုံးမှာ သူ၏ မျက်ခုံးနှစ်ခုကြား နေရာကို တိုးဝင်သွား၏။

ထို့နောက်တွင်... ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားသလို သူ ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စွန့်ပစ်ခံ အဆောက်အဦ၏ အပြင်ဘက်သို့ သူ ပြန်လည် ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ အလျင်စလိုပင် ပြန်လည် ရောက်ရောက်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်တော့ချေ။

ဝေ့ဝူယင် ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေလိုက်မိ၏။

“ဘာလဲ...”

ထိုကဲ့သို့ ရုတ်ချည်းဆန်သည့် အဆုံးသတ်မျိုးကို သူမုန်းတီးသည်။ အနည်းငယ် ဒေါသထွက်ပြီးနောက် သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ ပခုံးတွန့်လိုက်၏။ ဖြစ်ပျက်သည်က ဖြစ်ပျက် ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူ ဆေဘာဓား ရည်ရွယ်ချက်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ချီနှလုံးသားနှင့် အတူ သူ အမတေများကို ဆေဘာ အမတေ အဖြစ်၊ ဆေဘာ အမေတေကို ဆေဘာစွမ်းအင် အဖြစ်၊ ဆေဘာစွမ်းအင်ကို ဆေဘာချီ အဖြစ် ပြောင်းလဲနိုင်တော့မည် ဖြစ်သည်။

သူသာ ဆန္ဒရှိပါက ဆေဘာချီကို အသုံးပြု၍ ဆေဘာချီနှလုံးသားကိုပင် ဖွဲ့စည်းနိုင်ပေလိမ့်မည်။ သို့သော်လည်း သူ့တွင် ထိုကဲ့သို့ ပြုလုပ်ရန် အစီအစဥ် မရှိချေ။ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား နှစ်ခု ရှိခြင်းမှာ ဆေဘာချီ နှလုံးသား တစ်ခု၊ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား တစ်ခု ရှိခြင်းထက် ပိုမို ကောင်းမွန်ပေသည်။

ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက် ဝေ့ဝူယင်မှာ အနီးအနားရှိ တည်းခိုခန်း တစ်ခုကို ရှာဖွေကာ အနားယူလိုက်တော့သည်။

“အခြေတည် ဆေဘာဝိညာဥ်...”

ကျင့်ကြံခြင်း အနေအထား တစ်ခုဖြင့် ထိုင်ရင်း ပြီးခဲ့သည့် အဖြစ်အပျက်များကို ဝေ့ဝူယင် ပြန်လည် တွေးတော နေခဲ့တော့၏။

***

All Chapters