အလောင်းအစား
Vol. 4 Ch. 50
မိန်းကလေးမှာ ပထမ၌ အံ့အားသင့် သွား သော်လည်း သူမက လျှင်မြန်စွာပင် ရှင်းပြလိုက်သည်။
"ဒီနေရာမှာ အလဲအလှယ်လုပ်လို့ ရတဲ့ ဆိုင်တွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ အထူး ကုန်သွယ်ရေးဆိုင်တွေကို ရှာဖွေတာကတော့ အကောင်းဆုံးပေါ့... အကိုလေး အနေနဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကို ဖလှယ်ချင်ရင် ဆယ့်သုံးလွှာကို သွားပါလို့ ကျွန်မ အကြံပြုချင်ပါတယ်... အဲဒီမှာ ရှိတဲ့ ဆိုင်တွေက ချီလက်နက်နဲ့ စွမ်းအင်ဆေးတွေလို အဆင့်မြင့် ကုန်ပစ္စည်းတွေကို အထူး ဖလှယ် ပေးပါတယ်... ချီသံချပ်ကာတွေ ရောင်းဖို့ဆိုရင်တော့ ကိုးလွှာကို သွားပါ... အဆင့်နိမ့် ပစ္စည်းတွေ သီးသန့် အတွက်ဆိုရင်တော့ ငါးလွှာမြောက်က အကိုလေးကို စိတ်ကျေနပ်စေပါလိမ့်မယ်"
ဝေ့ဝူယင်မှာ မှတ်သားရင်း ထိုအလွှာအားလုံးကို သွားရောက်ရန် လိုအပ်သည်ဟု တွေးလိုက်မိသည်။ သူ၏ ပစ္စည်းများမှာ စုံလင်လှသလို အရည်အသွေးပိုင်းတွင်လည်း အမျိုးမျိုး ဖြစ်သည်။ သူ ၎င်းတို့ အားလုံးကို ရောင်းထုတ်ရန် ဆုံးဖြတ်ထား၏။
"ဪ... ဒါနဲ့ ဒီနေရာမှာ အဆင့်မြင့် ရေခဲ အမတေကို ဝယ်လို့ရတဲ့ နေရာရော ရှိလား..."
ဝေ့ဝူယင်က တိုက်ရိုက်ပင် မေးလိုက်၏။
မိန်းကလေး၏ မျက်လုံးများက အနည်းငယ် ဝောာက်ပသွားကာ ခေါင်းညိတ်လိုက်သည်။
"အဲဒီလို ပစ္စည်းတွေကိုကျ ဆယ့်ငါးလွှာနဲ့ အထက် အလွှာတွေမှာ ရှာဖွေနိုင်ပါတယ်... အကိုလေး အနေနဲ့ ဧကရာဇ် အမြုတေ ဆိုတဲ့ ဆိုင်နဲ့ ကို့ရှာစွမ်းအား ဆိုတဲ့ ဆိုင်တွေကို အဓိကထားပြီး သွားကြည့်သင့်တယ်... အဲဒီဆိုင်တွေက ဆယ့်ငါးလွှာနဲ့ ဆယ့်ခြောက်လွှာတွေမှာ ရှိတယ်... လမ်းညွှန် ဆိုင်းဘုတ်တွေကို ကြည့်သွားလိုက်ရုံတင်ပဲ"
မိန်းကလေး၏ စကားအဆုံး၌ ဝေ့ဝူယင်သည် သူသွားရမည့် လမ်းကြောင်း အားလုံးကို ရှင်းလင်းစွာ သိသွားခဲ့ပြီ ဖြစ်သည်။ သူက မိန်းကလေးကို ကျေးဇူးတင်သည့် အနေဖြင့် အမတေ ကျောက်တုံးတစ်တုံး ထုတ်ကာ ပေးလိုက်၏။ ထိုကဲ့သို့ ဝန်ဆောင်မှု ပေးခြင်းမျိုးမှာ ဆုချရန် ထိုက်တန်ပေသည်။ သို့သော်လည်း အံ့အားသင့်ဖွယ်ပင် သူမ၏ ငြင်းဆိုခဲ့၏။
"လက်မခံပါရစေနဲ့ အကိုလေး... ဒါက ကျွန်မရဲ့ အလုပ်ပါ"
သူမက သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
"နောက်ထပ် လိုအပ်တာ ရှိသေးလား အကိုလေး..."
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။ အားလုံး ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ထဲတွင်မူ ကုန်တိုက်၏ အဆင့်အတန်းရှိမှုကို ကြိတ်ကာ ချီးကျူးနေမိ၏။ ဤနေရာအား မည်သည့် ပုဂ္ဂိုလ်က တည်ထောင် ထားသနည်း။ သူကား အမှန်ပင် ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်ရပေမည်။
မိန်းကလေးက ဝေ့ဝူယင်အား နှုတ်ဆက်ကာ နောက်ထပ် အကူအညီလိုပါက သူမနှင့် သူမ ကဲ့သို့ ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးများထံ လာရောက် အကူအညီ ဝောာင်းနိုင်ကြောင်း ပြောဆိုသည်။ ဝေ့ဝူယင်က ခေါင်းညိတ်ကာ ထိုနေရာမှ ထွက်ခွာ လာခဲ့ တော့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်၌...
ဝေ့ဝူယင်သည် သူ အလိုမရှိသည့် ပစ္စည်း အားလုံးကို ရှင်းထုတ်နိုင်ကာ အမတေ ကျောက်တုံး ရှစ်ရာသုံးဆယ့် ခုနစ်တုံးကို လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ထိုပမာဏမှာ သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို များပြားခဲ့သည်။ မူလ ရှိထားသည့် ပမာဏနှင့် ပေါင်းပါက သူ့တွင် အမတေ ကျောက်တုံး တစ်ထောင်ကျော်ခဲ့ချေပြီ ဖြစ်၏။
သူကား ဖြစ်နိုင်လျှင် ချက်ချင်းပင် ထကာ ကျင့်ကြံချင်နေခဲ့ပြီ ဖြစ်သည်။ ထိုပမာဏမှာ ချီပျစ်ခဲခြင်း အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်ကို ရောက်ရှိရန် လုံလောက်နိုင်သည်။ သို့သော်လည်း သူက လောလောဆယ်၌ အဆင့်မြင့် ရေခဲအမတေကို ရှာဖွေရန်သာ ဆုံးဖြတ်လိုက်သည်။
ပထမဆုံး သူ ဧကရာဇ်အမြုတေ ဆိုသည့် ဆိုင်ကို သွားခဲ့၏။ ထိုနေရာ၌ သူ့စိတ်ကြိုက်ကို မတွေ့ရသဖြင့် ကို့ရှီစွမ်းအားဆိုင်ကို ဆက်လက် ထွက်လာခဲ့သည်။ ထိုနေရာသို့ ရောက်ရှိချိန်၌ ရင်းနှီးသည့် ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။
အမျိုးသမီး တစ်ယောက်...
တိတိကျကျဆိုရလျှင် အပြာရောင် မျက်ဝန်းများနှင့် ရှည်လျား နက်မှောင်သည့် ဆံနွယ်ရှည်များ ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ယောက်...
သူမ၏ အရပ်မှာ ပျမ်းမျှခန့်သာ ရှိသည့်တိုင် သေးသွယ်သော ခန္ဓာ၊ အသက်ရှူမှားလောက်သည့် အရှိုက်အမို့များနှင့် ချောမွေ့ ကြည်လင်သော အသားအရေတို့က ပုရိဿတိုင်း၏ သွေးများကို တစ်နေရာတည်း၌ စုဝေးစေလောက်သည်။ ထို့အပြင်... သူမ၏ ရှည်လျားသော မျက်တောင်မွေးများနှင့် ဖီးနစ်မျက်လုံးမှာလည်း ထည်ဝါမြင့်မြတ်လှကာ လောက၏ လေးနက်သော အမှန်တရားများကို သယ်ဆောင်ထားဟန် ရ၏။ သူမကား မည်သူမျှ မနှိုင်းယှဥ်နိုင်သည့် အလှဧကရီ တစ်ပါးပင် ဖြစ်လေသည်။
အရှင်မလင်း...
ဝေ့ဝူယင် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ် လိုက်မိ၏။ သူသည် ကောင်းကင်နှလုံးသား ကျောက်တိုင် ပိုင်ရှင်ကို ဤနေရာမျိုး၌ ပြန်လည် ဆုံတွေ့ရမည်ဟု ထင်မှတ်မထားခဲ့ချေ။
နေသွေးနီနီဂိုဏ်းတွင် ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့စဥ်က သူ ချီပျစ်ခဲခြင်း အဆင့်လေးတွင်သာ ရှိခဲ့သည်။ သူမ၏ အာရုံစိုက်မှုနှင့် လားလားမျှ မထိုက်တန်ခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ သူ သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင် နှလုံးသားချီနည်းလမ်းကို အဆင့်ငါးထိ ရောက်အောင် ကျင့်ကြံနိုင်ပါက သူမနှင့် လက်ထပ်နိုင်သည် ဆိုသော ကတိစကားကို သူ မကြာခဏ ကြားယောင်မိသည်။ သူသည် မူရေကန်သစ်တော အတွင်းတွင် ကိုယ်ပိုင် ဉာဏ်အလင်းပွင့်မှုဖြင့် အဆင့်ငါးကို တိုက်ရိုက် ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သူ အောင်မြင်စွာ ကျင့်ကြံခဲ့သည့် ပုံစံမှာ မူလ နည်းလမ်းနှင့် တမူ ကွဲပြားကာ ပိုမို ပြည့်စုံသည့် နည်းလမ်းဟုပင် ယူဆနိုင်သည်။
သူမက ထိုကတိစကားကို သစ္စာရှိရှိ စောင့်ထိန်းပါမည်လော။ ထိုအတွေးက ဝေ့ဝူယင်၏ စိတ်အတွင်းဝယ် လေမုန်တိုင်း တစ်ခုကဲ့သို့ ဝင်မွှေ့သွား၏။
သူသည် နတ်မိမယ်လင်း၏ နံဘေး၌ အခြား မိန်းကလေး တစ်ယောက်ကိုပါ တွေ့မြင်ရသည်။ ဝေ့ဝူယင်သည် ထိုမိန်းကလေးကို ကြည့်ကာ ပြည်တန်သည့် မိန်းမလှဟု ကောက်ချက်ချမိ၏။ သူမ၏ ရွှေရောင် ဆံနွယ်များ၊ အပြာရောင် မျက်လုံးများမှာ ပြည့်စုံလွန်းလှသည်။ သူမသည် အရှင်မလင်းထက် အရပ် ပိုမို ပုသော်လည်း ကိုယ်ခန္ဓာ အချိုးအစားမှာမူ ပိုမို ရင်သပ် ရှုမောဖွယ် ကောင်းလှသည်။
ရင်ထဲတွင် မီးဖွားတစ်ခု ဖြစ်ပေါ်လာသောကြောင့် ဝေ့ဝူယင် နှုတ်ခမ်းများကို သပ်လိုက်မိ၏။ သူသည် ပထမ၌ မိတ်ဆက်ကာ စကားစမြည် ပြောရန် တွေးတောမိသော်လည်း အရှင်မလင်းကို ကြည့်ကာ စိတ်ကူးများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူက ထိုရုတ်တရက် စိတ်ကူးအတွက် စိတ်ထဲမှ ကြိတ်ရယ်ကာ ခေါင်းခါလိုက်မိ၏။ တဏှာရူးထမှုကြောင့်တော့ သူ မသေချင်ပေ။
သူက အသက်ပြင်းပြင်း ရှူရင်း ကောင်တာဆီ လျှောက်သွားလိုက်သည်။ မိန်းကလေး နှစ်ယောက်မှာမူ သူ့အား သတိပင် ထားမိပုံ မရချေ။ အရှင်မလင်းမှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို စစ်ဆေးနေကာ ရွှေရောင် ဆံပင်ပိုင်ရှင် မိန်းကလေးမှာမူ တိတ်တဆိတ် စောင့်ဆိုင်းနေ၏။ မသိလိုက် မသိဘာသာပင် သူမ၏ မျက်လုံးများမှာ တောင့်တမှု တစ်ခုဖြင့် တောက်ပလောလေ၏။
ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း တံတွေး မျိုချလိုက်မိသည်။ သူ၏ နှလုံးသားကား သူမကြောင့် ပူလောင် နေခဲ့ပြီ ဖြစ်လေသည်။ သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီမှာ ယောက်ျားတိုင်းကို အနိုင်ယူရန် မွေးဖွားလာခဲ့ သလိုပင်။
ဆိုင်၏ အရောင်းစာရေးမှာ ပိန်ပိန်ပါးပါးနှင့် မုတ်ဆိတ်မွေးများရှိသည့် လူကြီး တစ်ဦး ဖြစ်၏။ သူသည် မိန်းကလေး နှစ်ယောက်ကို ထိုင်ကာ စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူက ဝေ့ဝူယင် ရောက်လာသည်ကို တွေ့သည့်အခါ မိန်းကလေး နှစ်ယောက်အား လှမ်းကြည့်လိုက်၏။ ထိုနှစ်ယောက်မှာ အကဲခတ် နေကြဆဲ ဖြစ်ကာ တော်တော်နှင့် ပြီးလိမ့်ဦးမည့်ပုံ မပေါ်ချေ။
“ခဏလောက် ခွင့်ပြုပါဦး..”
သူက ယဥ်ယဥ်ကျေးကျေးပင် ပြောလိုက်သော်လည်း မိန်းကလေး နှစ်ယောက်မှာမူ သူ့အား လှည့်ပင် မကြည့်ကြချေ။ ဝေ့ဝူယင်မှာ ထိုအပြုအမူကြောင့် ကိုယ်စား ခံပြင်းသွားမိသော်လည်း အရောင်းစာရေးကမူ ပြုံးပြုံးရွှင်ရွှင်ပင် သူ့ထံ လျှောက်လာသည်။
“ကျုပ် အဆင့်မြင့် ရေခဲအမတေကို လာရှာတာပါ... ဒီဆိုင်မှာ ရှိရဲ့လား မသိဘူး”
ဝေ့ဝူယင်က မေးလိုက်၏။
“ရှိပါတယ်ဗျ...”
အရောင်းစာရေး၏ မျက်လုံးများမှာ တောက်ပသွားကာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်တို့ ဆိုင်မှာ အရည်အသွေး အမြင့်ဆုံးတွေ ရှိပါတယ်... ညီလေး ရေခဲချီကို မွေးဖွားနိုင်ရင် တစ်ချက် ခုန်ရုံနဲ့ ကောင်းကင်ကို ရောက်သွားမှာ သေချာတယ်”
ဝေ့ဝူယင် စိတ်လှုပ်ရှားသွား၏။ သူ အဆင့်မြင့် ရေခဲ အမတေကို လိုအပ်သည်။ ဤနေရာတွင်သာ ဝယ်ယူရရှိပါက ကောင်းကင်တာအိုမှ ချမှတ်ပေးမည့် ကံကောင်းခြင်း အခွင့်အရေးကို သူ စောင့်ဆိုင်းစရာ လိုတော့မည် မဟုတ်ချေ။
အရောင်းစာရေးက ပြုံးကာ ရေခဲအမတေ စာရင်းကို ထုတ်ပြလိုက်၏။
“ဒီမှာ ထာဝရနှင်း ရေခဲ အမတေ ရှိပါတယ်... ဒီရေခဲ အမတေက ချီကို မွေးဖွားပေးနိုင်ပြီးတော့ အရမ်းမြင့်မားတဲ့ အပူချိန်နဲ့ တွေ့ ရင်တောင် အရည်ပျော်ဖို့ ခက်ပါတယ်... တကယ်လို့ ညီလေးသာ ထာဝရနှင်း ရေခဲချီကို မွေးဖွားနိုင်ရင် မီးကျင့်စဥ်တွေ သမားတွေနဲ့ တိုက်ခိုက်တဲ့ အခါ အရေးသာလာမှာ သေချာတယ်... ကျွန်တော်တို့ ဆိုင်မှာ ထာဝရ နှင်း ရေခဲအမတေ ကျောက်တုံး နှစ်ခု ရှိပါတယ်”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ထာဝရ ရေခဲအမတေမှာ အဆင့်မြင့် အမတေ တစ်ခုဟု ယူဆနိုင်သော်လည်း အားနည်းနေပေသေးသည်။ သူထိုမျှလောက်ဖြင့် မကျေနပ်နိုင်ချေ။
အရောင်စာရေးက ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ အလိုက်တသိပင် ဆက်ပြောလိုက်၏။
“ထာဝရနှင်း ရေခဲအမတေက် ပိုပြီး ကောင်းတဲ့ ရေခဲ အမတေလည်း ရှိပါသေးတယ်... အဲဒါကို ခရိုင်ရိုအသက် ရေခဲအမတေ လို့ ခေါ်ပါတယ်... ခရိုင်ရို ရေခဲအမတေကို ချီအဖြစ် မွေးဖွားနိုင်ရင် အသက်စွမ်းအားတွေကို ချိပ်ပိတ် လာနိုင်ပါတယ်... နောက်ပြီး ခန္ဓာကိုယ် အတွက် သုံးရင်လည်း အသက်ကို ဆွဲဆန့်ထားနိုင်ပါတယ်... ကျွန်တော်တို့ဆိုင်မှာ ခရိုင်ရို အသက်ကျောက်တုံး သုံးတုံးရှိပါတယ်... တစ်ခုကို ခုနစ်ဆယ်ပါ”
ဝေ့ဝူယင်မှာ လောကတွင် ထိုကဲ့သို့ ရေခဲ အမတေလည်း ရှိသေးသည်ဟု တွေးမိကာ အံ့သြနေမိ၏။ သို့သော်လည်း... ထိုအရာက သူလိုချင်သည့် ပုံစံမျိုး အတိအကျ မဟုတ်သေးချေ။
အရောင်းစာရေးမှာ ဝေ့ဝူယင်၏ ကျေနပ်ပုံ မရသေးသည့် အမူအရာကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“အဲဒီ နှစ်ခုကမှ ရေခဲချီကို မွေးဖွားဖို့ အခွင့်အရေး ရှိသေးတယ်... နောက်ထပ် အမတေကတော့ ဘယ်လိုမှ ချီအဖြစ် မွေးဖွားဖို့ မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူး...”
ဝေ့ဝူယင် လိုက်လံ ရေရွတ်၏။
“ဟုတ်တယ်... မဖြစ်နိုင်ဘူး”
အရောင်းစာရေးက ခေါင်းညိတ်လိုက်သည်။
“ဒါဆို စိတ်ဝင်စားသွားပြီ”
ဝေ့ဝူယင်က ပြောလိုက်သည်။
အရောင်းစာရေးက သူ့အား ကြည့်ကာ ဖြုရော်စွာ ပြုံးလိုက်၏။
“အဲဒါက စျေးကြီးသလို အရမ်း အရမ်းလည်း အန္တရာယ်များတယ်... အခြား နှစ်ခုထဲကနေပဲ ရွေးချယ်ဖို့ ကျွန်တော် အကြံပြုချင်တယ်... အဲဒါက စမ်းသပ်လို့ ရတဲ့ဟာမျိုး မဟုတ်ဘူး”
“ကျုပ် ဆုံးဖြတ်ပြီးပြီ”
ထိုအရာက ပို၍ စိတ်ဝင်စားလာအောင် ဆွဲဆောင်သည့် လှည့်ကွက်တစ်ခု ဖြစ်ကြောင်း သိသော်လည်း ဝေ့ဝူယင် ဂရုမစိုက်ပါချေ။ ထိုနောက်ဆုံး ရေခဲအမတေကို သူ အတော်လေး စိတ်ဝင်စားနေမိသည်။ ထိုအရာက သူ၏ လိုအပ်ချက်နှင့် ကိုက်ညီလိမ့်မည်ဟု ခံစားနေခဲ့ရ၏။
“ကောင်းပြီလေ... အဲဒါကို အကြွင်းမဲ့သုည ရေခဲအမတေလို့ ခေါ်တယ်... ကောလဟာလတွေ အရဆို အဲဒီ ရေခဲ အမတေက အသန့်စင်ဆုံး၊ အအေးဆုံး ရေခဲအမတေ တဲ့... ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲ ဆိုရင် ထိလိုက်ရုံနဲ့တင် သွေးတွေ အကုန်လုံး အေးခဲသွားနိုင်တယ်... အဲဒါကို သန့်စင်ဖို့ ကြိုးစားခဲ့တဲ့ လူတွေ ရှိခဲ့ပေမဲ့ အဲဒီလူတိုင်း သေဆုံးခြင်းနဲ့ပဲ အဆုံးသတ် ခဲ့ရတယ်”
အရောင်းစာရေးက ကြက်သီးထဟန်ဖြင့် ရှင်းပြလိုက်၏။
“ကောင်းလိုက်တာ...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားသည်။ အကြွင်းမဲ့ သုည ရေခဲအမတေ... သူ ထိုအမတေ အကြောင်း ကြားဖူးနားဝ ရှိပေသည်။ အရောင်းစာရေးပြောသည့် စကားများမှာ ချဲ့ကား ပြောဆိုထားခြင်း မဟုတ်ပါချေ။
အကြွေင်းမဲ့ သုည အမတေအား မည်သူမျှ မသန့်စင်နိုင်ခဲ့ချေ။ ထိုအရာက ပါရမီ မလုံလောက်၍ မဟုတ်ပဲ အန္တရာယ်များလွန်းသောကြောင့်သာ ဖြစ်သည်။ အလွန် သန့်စင်သည့် ရေခဲ အမတေများကို စုပ်ယူရခြင်းမှာ သန့်စင်သော ယင်နှင့် ယန်စွမ်းအင်ကို သန့်စင်ရခြင်း ကဲ့သို့ အန္တရာယ်များလွန်းသည်။
ဝေ့ဝူယင် မျက်လုံး မှိတ်ကာ အနည်းငယ် စဥ်းစားလိုက်၏။
“ဘယ်လောက်လဲ...”
သူက မေးလိုက်သည်။
***