အလောင်းအစား
Vol. 4 Ch. 51
“ကျွန်တော်တို့ဆိုင်မှာ ကျောက်တုံးတစ်တုံးပဲ ရှိပါတယ်... ဒါပေမဲ့ အဲဒီတစ်တုံးတည်းနဲ့တင် အမတေ ကျောက်တုံး တစ်ရာ့ငါးဆယ် ကျပါတယ်”
အစောင်းစာရေးမှာ အနည်းငယ် တုန်ရီနေသည့် အသံကို ထိန်းကြောင်းရင်း ဆက်ပြောလိုက်သည်။
“အကို နောက်ဆုံးအနေနဲ့ သတိပေးမယ်နော်... ညီလေး အနေနဲ့ အခြား နှစ်ခုကိုပဲ ရွေးချယ်လိုက်တာ ပိုကောင်းလိမ့်မယ်”
ဝေ့ဝူယင်မှာ အနည်းငယ် ထပ်မံ စဥ်းစားလိုက်၏။
အောင်မြင်နိုင်ချေနှင့် ကျဆုံးရန် အခွင့်အရေး...
ဆန်းစစ်ကြည့်ရပါက အားသာချက် အနေဖြင့် သူ့တွင် ချီနှလုံးသား နှစ်ခုရှိသည်။ စွမ်းအင် ဆယ့်သုံးမျိုးကို ပိုင်ဆိုင်ထားသည်။ မည်သို့ပင် အန္တရာယ်များသည် ဖြစ်စေ အနည်းဆုံး သူ ကြိုးစားကြည့်သင့်သည်။ အကယ်၍ မအောင်မြင်ပါကလည်း ဤနေရာသို့ ပြန်လာကာ အခြား နှစ်ခုကို ဝယ်ယူလိုက်ရုံသာ ရှိသည်။
သူ ဆုံးဖြတ်ချက် ချလိုက်၏။
“ကျုပ် ယူမယ်...”
အရောင်းစာရေး၏ မျက်လုံးများမှာ တောက်ပသွားကာ နောက်ခန်းထဲသို့ အပြေးတစ်ပိုင်း ဝင်ရောက်သွားသည်။ ပြန်လည်ထွက်လာချိန်၌ သူသည် ကလေး လက်သီးဆုပ် အရွယ် အပြာရောင် သေတ္တာတစ်ခုကို ယူဆောင်လာ၏။ ထိုအတွင်းမှ အေးစိမ့်သော အငွေ့အသက်များမှာ ထွက်ပေါ်နေကာ အခန်း၏ အပူချိန်မှာ ရုတ်ချည်းပင် ခြောက်ဆယ် ဒီဂရီလောက်ထိ ကျဆင်းသွားသည်။
အခန်း၏ အပူချိန်ကို လေးဆယ် ဒီဂရီ အထိ မြင့်တက်စေနိုင်သည့် အင်ဖာနို နှလုံးသားကျောက်တုံးနှင့် နှိုင်းယှဥ်ရပါက... ၎င်းမှာ ရှင်းလင်းစွာပင် ဆန့်ကျင်ဘက် ဖြစ်ပေသည်။ သတိထားစရာ တစ်ခုမှာ... အင်ဖာနို နှလုံးသားကျောက်တုံးမှာ ပကတိ အတိုင်း ဖြစ်သည်။ သို့သော်လည်း အကြွင်းမဲ့သုည ရေခဲ အမတေမှာမူ သေတ္တာထဲ၌ ထည့်ကာ ချိတ်ပိတ်ထားသည့် အခြေအနေတွင်ပင် ထိုမျှလောက် အေးနေခဲ့ပြီ ဖြစ်သည်။
ပစ္စည်းမှာ အစစ်အမှန်ဖြစ်ကြောင်း သေချာအောင် စစ်ဆေးပြီးနောက် ဝေ့ဝူယင်က ငွေထုတ်ရှင်းလိုက်၏။ အရောင်းစာရေးမှာ ပျော်ရွှင်နေပေသည်။ မည်သူမျှ မလိုချင်သည့် ရောင်းကုန် တစ်ခုကို သူ ရောင်းချနိုင်ခဲ့ချေပြီ။
ဝှစ်...
ဝေ့ဝူယင် ရေခဲအမတေ ထည့်ထားသည့် သေတ္တာငယ်ကို သုံးလွှာလက်စွပ်၏ ဒုတိယ အလွှာထဲတွင် ထည့်သိမ်းလိုက်၏။ ထိုနေရာ၌ အဓိပ္ပာယ် မရှိသော စာအုပ် တစ်အုပ်သာလျှင် ရှိသည်။ အပူချိန် ကျဆင်းမှုမှာ စက္ကူအပေါ် သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။
သူ ဆိုင်ထဲမှ ထွက်ခွာရန် ကျောခိုင်းလိုက်စဥ်မှာပင် ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးက လှမ်းပြောလိုက်၏။
“အဲဒီကျောက်တုံးက ကပ်ဘေး တစ်ခုပဲ... ကံကြမ္မာကောင်း မရှိဘူး”
လှပကာ ချိုမြိန်လွန်းလှသော အသံလေးက ဝေ့ဝူယင်၏ စိတ်များကို ကပြောင်းကပြန် ဖြစ်သွားစေ၏။ သူက နောက်သို့ လှည့်မကြည့်သေးပဲ မေးလိုက်သည်။
“ခင်ဗျား ဘယ်လိုသိလဲ...”
မိန်းကလေးမှာ တစ်မိနစ် နီးပါးခန့် အထိ ဘာမျှ ပြန်မဖြေချေ။ သို့သော်လည်း ဝေ့ဝူယင်မှာ မည်သည့် အဖြေမှ မရပဲ ထိုနေရာမှ မထွက်လိုချေ။
ကပ်ဘေး...
ထိုစကားလုံးက သူ၏ အာရုံကို ကြီးမားစွာ ဖမ်းစားထား၏။ ဒုတိယမြောက် အပြစ်ကျမ်း၏ အဆိုအရဆိုလျှင် အမွေခံ အပြစ်သားများသည် ကောင်းကင် တာအိုမှ ဖန်တီးသည့် ကပ်ဘေး များကို ရှောင်လွှဲနိုင်သော်လည်း ငရဲမှ ချမှတ်သည့် ကပ်ဘေး ဆယ့်ရှစ်မျိုးကို ရင်ဆိုင်ကြရသည်။ ထိုအကြောင်းအရာကား သူ၏ ခေါင်းထဲ၌ တစ်ချိန်လုံး သံမှိုရိုက်သကဲ့သို့ စွဲကပ်နေသော အရာဖြစ်၏။
အတန်ကြာငြိမ်သက်ပြီးနောက်မှ မိန်းကလေးက ဆိုလိုက်သည်။
“ကောင်းကင်က ပြောတယ်... ချီပျစ်ခဲခြင်း အဆင့်ငါးပဲ ရှိသေးတဲ့ နင်က အဲဒါကို မလွှမ်းမိုးနိုင်ဘူး တဲ့... တကယ်လို့ အတင်းအကြပ် ကြိုးစားမယ် ဆိုရင် ကျဆုံးဖို့ နောက်ပြီး သေဆုံးဖို့ သေချာသလောက် ရှိတယ်...”
ဝေ့ဝူယင်က နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ကောင်းကင် ကံကြမ္မာဖြင့် တဖျပ်ဖျပ် လက်နေသည်ကို တွေ့လိုက်ရသည်။
သူမက နိမိတ်ဖတ်သူ တစ်ယောက်လော။ သို့မဟုတ် ကံကြမ္မာဟောသူ တစ်ယောက်လော။ ဝေ့ဝူယင် သူတို့ အကြောင်းကို အပြစ်ကျမ်းထဲတွင် ဖတ်ခဲ့ဖူးသည်။ သူတို့သည် ကောင်းကင်တာအိုနှင့် ဆက်သွယ်နိုင်သည့် လူများ ဖြစ်၏။ မဟုတ်သေး... ပို၍ တိတိကျကျ ဆိုရလျှင် သူတို့သည် ကောင်းကင်တာအိုကို မေးခွန်းများ မေးနိုင်ကြကာ အဖြေကို စကားလုံးများ၊ တစ်ခါတစ်ရံ ပုံရိပ်များဖြင့် လက်ခံရရှိကြသည်။
သို့သော်လည်း ရွှေရောင်ဆံပင်နှင့် မိန်းကလေးသည် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်ကို မှားယွင်းစွာ ခန့်မှန်းခဲ့၏။ ဝေ့ဝူယင်သည် သူ၏ ယင်ယန် စွမ်းအင်ကို ချီနှလုံးသားများထဲတွင် ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ထိုယင်ယန်ချီကို ထုတ်မသုံးသေးသမျှ လူတိုင်းမှာ သူ အဆင့်ငါးတွင်သာ ရှိသေးသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ ထို့ကြောင်ပင်... နေသွေးနီနီဂိုဏ်း၏ ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်မှာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို အကြည့်ဖြင့် မခန့်မှန်း နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေဝါရောင် ဆံပင်ပိုင်ရှင် မိန်းကလေး၏ ဟောပြောချက်ကို ကြည့်ပါက ကောင်းကင်သည်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကို အပြစ်သွေးမျိုးဆက်၏ ဖုံးကွယ်မှုအောက်တွင် မှားယွင်းစွာ ခန့်မှန်းထားဟန် ရသည်။ ၎င်းမှာ သူ့ထံတွင် အခြေတည် ဆေဘာဝိညာဥ် ရှိသည်ကိုပင် မသိလောက်ချေ။
“လောင်းမလား...”
ဝေ့ဝူယင်က သူမ၏ လှပသော အပြာရောင် မျက်ဝန်းများကို တိုက်ရိုက်ကြည့်ရင်း မေးလိုက်၏။
သူမက မျက်မှောင်ကြုတ်လိုက်သည်။
“ငါက နင့်ကို သတိပေးနေတာ... ယုံယုံ မယုံယုံ အဲဒါက နင့်ရဲ့ အနာဂတ်ပဲ”
ဤသည်မှာလည်း လမ်းကြုံ၍ သတိပေးခြင်းမျိုး သက်သက်သာ ဖြစ်သည်။ အကယ်၍ ထိုကောင်လေး အသက်စွန့်ချင်လျှင်လည်း သူမ ဂရုစိုက်မည် မဟုတ်ချေ။
သူမသည် လူများ၏ ကောင်းကင် ကံကြမ္မာ စီးဆင်းမှုနှင့် အဖြစ်အပျက်တို့ကို မြင်တွေ့နိုင်စွမ်း ရှိသည်။ ထိုကံကြမ္မာအရဆိုလျှင် ဝေ့ဝူယင်တွင် အကြွင်းမဲ့သုည ရေခဲအမတေကို အောင်မြင်ရန် အခွင့်အလမ်း မရှိချေ။ အကယ်၍ သူကြိုးစားလျှင် မုချ သေရပေမည်။ သူ့တွင် ထိုစွန့်စားခန်း အတွက် လုံလောက်သော စွမ်းအားနှင့် ကံကြမ္မာ မရှိချေ။
“ကြောက်နေတာလား...”
ဝေ့ဝူယင်က အေးစက်စက် ပြုံးရင်း လှောင်ပြောင်လိုက်၏။ ရွှေဝါရောင် ဆံပင်ပိုင်ရှင် မိန်းကလေးမှာ မျက်မှောင်ကြုတ်သွားသည်။
ကြောက်တယ်ဟုတ်လား... ငါက နင့်အသက်ကို ကယ်ဖို့ ကြိုးစားနေတာလေ... တကယ်လို့ နင်မထားထောင်ချင်ရင်လည်း အနားထောင်နဲ့ပေါ့... ငါက ဘာလို့ နင့်လို အရူးနဲ့ အလောင်းအစား လုပ်ရမှာလဲ...
စိတ်ထဲမှ ဒေါသတကြီး အော်ဟစ်လိုက်မိသည့်တိုင် အပြင်ပန်းတွင်မူ မိန်းကလေးမှာ နှုတ်ခမ်းကိုသာ စူလိုက်၏။ သူမ၏ ဖူးယောင်နေသည့် နှုတ်ခမ်းလေးများမှာ ထူးထူးခြားခြား ချစ်စရာ ကောင်းလွန်းလှရာ ဝေ့ဝူယင်မှာ ရင်တဒိန်းဒိန်း ခုန်သွားမိ၏။
“ကျုပ် ခင်ဗျားကို အင်ဖာနို နှလုံးသား အမတေ အပိုင်းအစ တစ်ခု ပေးမယ်... ကျုပ် ကျရှုံးသွားရင် အဲဒါကို ခင်ဗျား အပိုင် ယူနိုင်တယ်”
ဝေ့ဝူယင်က ကျောက်တုံးကို ထုတ်ယူလိုက်ရာ အခန်း၏ အပူချိန်မှာ ရုတ်ချည်းပင် မြင့်မားလာ၏။ အရောင်းစာရေးနှင့် ရွှေဝါရောင် ဆံပင် မိန်းကလေးတို့မှာမူ မည်းနက်နေသည့် ကြက်သွေးရောင် ကျောက်တုံးကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ ထိုထက်ပိုသည်က ဝေ့ဝူယင်မှာ ထိုအရာကို လက်ဗလာဖြင့် ကိုင်ထားခြင်း ဖြစ်သည်။ ကျောက်တုံးသည် အနည်းဆုံး အပူချိန် ဒီဂရီရှိလိမ့်မည် ဖြစ်သည့်တိုင် သူ၏ အမူအရာက သက်တောင့်သက်သာ ရှိလွန်းနေသည်။
ဆန္ဒတစ်ခုက ရွှေဝါရောင် ဆံပင်ပိုင်ရှင် မိန်းကလေး၏ မျက်လုံးများ အတွင်း ဖြစ်ပေါ်လာ၏။ ထိုကျောက်တုံးကား လူပေါင်းများစွာ အတွက်ပင် ချော်ရည်ပူချီ မွေးဖွားရန် လုံလောက်ပေသည်။ သူမသာ ထိုရတနာကို ရရှိခဲ့ပါက၊ ထို့နောက်... အင်ဖာနိုချီကိုပါ ကံကောင်းထောက်မစွာ မွေးဖွားနိုင်ခဲ့ပါက ရေရှည် အကျိုးကျေးဇူးများ ရရှိလာမည်မှာ မလွဲပေ။
သူမက အောက်နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်လိုက်၏။ လှပသော မျက်ဝန်းများမှာမူ ဆွဲဆောင်မှု အပြည့်အဝပင်။
သူမအား ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားထဲရှိ မီးပွားမှာ နောက်တစ်ကြိမ် ပူလောင်လာခဲ့ပြန်သည်။ ထိုမိန်းကလေးမှာ မြင့်မြတ်ကာ သန့်စင်လှသော်လည်း တစ်ချိန်တည်း၌ ဆန့်ကျင်ဘက် လိင်များကို ပြင်းပြစွာ ညှိ့ငင်နိုင်သည့် အသွင်အပြင် တစ်ခုကို ပိုင်ဆိုင်ထားပေသည်။
ရုတ်တရက် မြင့်တက်လာသော အပူချိန်ကြောင့် အရှင်မလင်းမှာ သတိဝင်လာကာ ဝေ့ဝူယင်ကို တွေ့မြင်သွားသည်။ သူ၏ ငွေရောင် မျက်လုံးများ၊ ခန့်ညား ချောမောသော ရုပ်ရည်နှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိသည့် အပြုံးတို့ကို ကြည့်ကာ သူမ မျက်မှောင်ကြုတ်သွား၏။
“နင့်ကို ငါမြင်ဖူးတယ်...”
ခဏလောက် တွေးတောပြီးနောက်၌ သူမမှာ ဝေ့ဝူယင်ကို အပြည့်အဝ မှတ်မိသွားသည်။
“နင်က အသက် အစိတ်နဲ့ ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်နေတဲ့ နေသွေးနီနီဂိုဏ်းရဲ့ တပည့်ကောင်လေး ဟုတ်တယ်မလား...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ နောက်ဆုံး၌ သူကား အရှင်မလင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီ ဖြစ်သည်။ တည်ငြိမ်စွာပင် သူ လက်နှစ်ဖက်ကို ယှက်လိုက်၏။
“ပြန်တွေ့ရတာ ဝမ်းသာပါတယ် အရှင်မလင်း...”
တစ်ယောက်နှင့် တစ်ယောက် သိနေဟန်ရသော သူတို့ နှစ်ယောက်ကို ကြည့်ကာ ရွှေဝါရောင် ဆံနွယ် ပိုင်ရှင် မိန်းကလေးမှာ အံ့အားသင့်သွား၏။
“အလောင်းအစားကို သဘောတူတယ်....”
အရှင်မလင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သူမသည် ဝေ့ဝူယင်၏ ကံကြမ္မာအပေါ် ဂရုမစိုက်သော်လည်း ရွှေဝါရောင် ဆံနွယ် မိန်းကလေး၏ နိမိတ်ဖတ်ခြင်း အတတ်ကိုမူ ကောင်းစွာ ယုံကြည်သည်။ လူမိုက်တစ်ယောက်၏ တလွဲမာနမှ ရရှိလာမည့် အကျိုးအမြတ်ကို သူမ အဘယ်ကြောင့် ငြင်းရမည်နည်း။ သူမသည် ရှုယန်တို့ သုံးယောက်၏ အဖြစ်ကိုပင် ပြန်လည် မြင်ယောင်မိ၏။ ထိုနေသွေးနီနီဂိုဏ်း၏ တပည့်အားလုံးမှာ မောက်မာ၊ အလျင်လိုကာ မိုက်မဲလွန်းကြသည်။
ထို့အပြင်... ယောက်ျားများသည် အပေါ်ခေါင်းနှင့် မဟုတ်ပဲ အောက်ခေါင်းများဖြင့်သာ တွေးတောကြပုံ ရသည်။ သူမသည် မျက်လုံးများမှ တစ်ဆင့် ဝေ့ဝူယင်၏ တပ်မက်မှုကို ကောင်းစွာ မြင်တွေ့နေရပေသည်။
“ပုံမှန်ဆိုရင် အလောင်းအစားတွေ လုပ်ရတာ ငါမကြိုက်ဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သဘောတူလိုက်မယ်”
ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးက ချီစီးကြောင်း တစ်ခုကို ထုတ်လွှတ်ကာ ဝေ့ဝူယင်၏ လက်ထဲမှ ကျောက်တုံးဆီ ပို့လွှတ်လိုက်သည်။
ဝေ့ဝူယင်က သူမကို အသာအယာ ယူခွင့်ပြုလိုက်ရင်း ပြုံးကာ ခေါင်းခါလိုက်သည်။
“ခင်ဗျားက အတော် ယုံကြည်ချက် ရှိနေတာပဲ... အလောင်းအစား နိုင်ရင် ကျုပ်ဘာလိုချင်တယ် ဆိုတာတောင် မပြောရသေးဘူး”
ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးက ပြုံးလိုက်၏။ သူမ နိုင်မည်မှာ သေချာပေသည်။ ဝေ့ဝူယင် သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ... အကြွင်းမဲ့သုည ရေခဲအမတေကို မသန့်စင်နိုင်မည်က ကံကြမ္မာသာ ဖြစ်သည်။
အရှင်မလင်းက ကြားဖြတ်ကာ ဆိုလိုက်၏။
“အချိန်ကန့်သတ်ချက် တစ်ခု ရှိသင့်တယ်... တစ်လဆို ဘယ်လိုလဲ”
သူမ အဘယ်ကြောင့် ထိုကဲ့သို့ ကန့်သတ်လိုက်သည်ကို ဝေ့ဝူယင် နားလည်ပေသည်။ အကယ်၍ သူသာ အရှင် တစ်ပါး ဖြစ်လာသည့် အချိန်အထိ စောင့်ကာ ကျောက်တုံးကို သန့်စင်ပါက ကံကြမ္မာမှာ ပြောင်းလဲကောင်း ပြောင်းလဲ သွားပေလိမ့်မည်။ ထိုအခါ သူမတို့ ရှုံးကောင်း ရှုံးသွားနိုင်သည်။
“သဘောတူတယ်... ဒါပေမဲ့... ကျုပ်နိုင်ရင် သူ့ကို...”
“မတောင်းဆိုသင့်တဲ့ အရာကို မတောင်းဆိုရဘူး...”
အရှင်မလင်းက ကြားဖြတ်ကာ ဆိုလိုက်ပြန်၏။ သူမ၏ မျက်လုံးများက အန္တရာယ် အငွေ့အသက်ဖြင့် တလက်လက် တောက်ပနေသည်။ ဝေ့ဝူယင်မှာ ထိုနေရာတွင်ပင် ရပ်ကာ ကြောင်သွားမိ၏။
ခင်ဗျားတို့ပဲ ကျုပ်ရှုံးမှာ သေချာနေတာ မဟုတ်ဘူးလား...။ ဘာလို့ ကျုပ်ပြောချင်တာ ပြောလို့ မရတာလဲ...
ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးက ခပ်တိုးတိုး ကြိတ်ကာ ရယ်လိုက်၏။ သူမမှာ အရှင်မလင်း၏ လုပ်ရပ်ကို စိတ်လှုပ်ရှား သဘောကျနေဟန် ရသည်။
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“ကောင်းပြီလေ ထားပါ...”
ထို့နောက် သူက ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်နိုင်ရင် ခင်ဗျား ကျုပ်ရဲ့ စကားကို တစ်နေ့စာ နားထောင်ရမယ်... ကျုပ် ခင်ဗျားကို တစ်သက်စာ အစေခံ ဖြစ်လာဖို့ တွန်းအားပေးမှာ မဟုတ်သလို ခင်ဗျားရဲ့ မူလယင်ကိုလည်း မတောင်းဆိုဘူး... နောက်ပြီး ကျုပ်နဲ့ လက်ထပ်ဖို့လည်း ဖိအား မပေးဘူး... နောက်ပြီး အခြားလူတွေကို ထိခိုက်နစ်နာအောင် လုပ်ဖို့လည်း အမိန့် မပေးဘူး... အဲဒါက လွဲလို့ ကျန်တာအားလုံး ကျုပ်ရဲ့ သဘောပဲ... ဘယ်လိုလဲ အဆင်ပြေလား”
အရှင်မလင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ရတယ်...”
ရွှေဝါရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေးက ဝမ်းသာအားရပင် လျှင်လျှင်မြန်မြန် သဘောတူလိုက်သည်။ ထို့နောက် သူမက ပြုံးကာ အင်ဖာနို နှလုံးသား အမတေကို ဟင်းလင်းပြင် လက်စွပ် အတွင်း ထည့်သွင်းလိုက်၏။
"စိတ်ဝိညာဥ်နဲ့ ကျိန်ဆိုပြီးပြော...”
ဝေ့ဝူယင်က ပြောလိုက်၏။ စိတ်ဝိညာဥ် ကျိန်ဆိုခြင်းမှာ လေးနက်သော ကတိပေးခြင်း တစ်မျိုး ဖြစ်သည်။ အကယ်၍ ချိုးဖောက်ပါက ဝိညာဥ် ပျက်စီးရ၏။
“ဟွန့်... ဒီလောင်းကြေးကို လက်ခံတယ်လို့ ငါ ဝိညာဥ်နဲ့ ကျိန်ဆိုတယ်...”
သူမက ကျိန်ဆိုလိုက်၏။
"ကောင်းပြီလေ... ငါလည်း ဝိညာဥ်နဲ့ ကျိန်ဆိုတယ်”
ဝေ့ဝူယင်ကလည်း လိုက်ပြောလိုက်သည်။ ပုံသဏ္ဌာန် ကင်းမဲ့သည့် ဖိအားတစ်ခုမှာ ဝိညာဥ်ကို ဖုံးလွှမ်းသွားသလို သူ ခံစားလိုက်ရ၏။
သို့သော်လည်း သူ စိတ်ထဲမှ ကြိတ်ကာ ပြုံးလိုက်သည်။ အကယ်၍ သူ့ဘက်မှ လောင်းကြေးကို ချိုးဖောက်ခဲ့လျှင်ပင် ချီနှလုံးသား နှစ်ခုထဲမှ တစ်ခုကို ရင်းနှီးကာ သူ ဆက်လက် ရှင်သန်နိုင်ပေလိမ့်မည်။
“တစ်လကြာရင်... ဒီနေရာမှာ ကျုပ် လာစောင့်နေမယ်”
ဝေ့ဝူယင်က ပြောကာ ထွက်ခွာသွား၏။ သို့သော်လည်း မိန်းကလေး နှစ်ယောက်မှာမူ ဂရုစိုက်ဟန် မရချေ။ သူမသည် စောစောက ပစ္စည်းကိုသာ ပြန်လည် သွားကာ ကြည့်နေခဲ့သည်။ ရွှေဝါရောင် ဆံနွယ် ပိုင်ရှင် မိန်းကလေးမှာမူ ပြုံးပျော်နေခဲ့၏။ သူ အလကားနေရင်း အမြတ်တစ်ခု ရရှိလိုက်သည် မဟုတ်ပါလော။
***