← Chapters

ပြင်ပနှလုံးသား

Vol. 4 Ch. 52

ပြင်ပနှလုံးသား

Vol. 4 Ch. 52

စူရဗီကုန်တိုက်မှ ထွက်ခွာလာခဲ့ပြီးနောက် ဝေ့ဝူယင်သည် လိမ္မော်ရောင် စက်ဝိုင်းဆီသို့ တန်းသွားကာ ကြိုးကြာဖြူ အတွက် တစ်လစာ ဝန်ဆောင်မှု ဝယ်ယူပေးလိုက်သည်။ ၎င်းမှာ အတော်လေး ကုန်ကျသည့်တိုင် ကြိုးကြာဖြူ သက်တောင့်သက်သာ ရှိနေသည် ဆိုသော အသိက သူ့အား ကျင့်ကြံခြင်းတွင် ပိုမို ဖြောင့်ဖြူးစေလိမ့်မည် ဖြစ်သည်။

တစ်လအတွင်း မြင့်မြတ်သောချီ အဆင့်ကို တက်လှမ်းနိုင်မည်လော မသေချာသော်လည်း အနည်းဆုံးတော့ သူ အကြွင်းမဲ့သုည ရေခဲအမတေကို သန့်စင်ရန် ကြိုးစားနိုင်ပေသည်။ အကယ်၍ မအောင်မြင်ခဲ့လျှင်ပင် အလောင်းအစား ရှုံးနိမ့်မှု ပမာဏက အနည်းငယ်သာ ဖြစ်သည်။ ထိုချော်ရည်ပူ အမတေသည် အနည်းဆုံး အမတေ ကျောက်တုံး ရာဂဏန်းခန့် တန်သေးသည့်တိုင် သူ့အတွက် အသုံးမဝင်တော့ချေ။

အကယ်၍ သူသည် ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားကို ဖွဲ့စည်းနိုင်ပါက ကျင့်ကြံခြင်း အခြေခံ အားလုံးကို စုစည်းကာ မည်သည့် ဒြပ်စင်ချီကိုမဆို မွေးဖွားရန် ပိုမို အခွင့်အရေးများ လာလိမ့်မည် ဖြစ်သည်။ ၎င်းမှာ ဒြပ်စင်ချီ နှလုံးသားကို ဖွဲ့စည်းနိုင်သူများ၏ ထူးခြားသော စွမ်းရည် တစ်မျိုး ဖြစ်သည်။

ဝေ့ဝူယင် မြေပုံကို ထုတ်ကာ တံခါးပိတ် ကျင့်ကြံရန် သင့်တော်သော နေရာများကို ရှာဖွေလိုက်သည်။ ကျင့်ကြံသူများ၏ ပျော်စံရာမြို့တွင် ထိုကဲ့သို့ နေရာများမှာ ပေါများလွန်းလှ၏။

၎င်းအတွက် အတော်အတန် ငွေကြေးပေးရသည့်တိုင် အကာအကွယ်များ ဝင်္ကပါများ၊ တားဆီးခြင်း ဝင်္ကပါများ၊ အလုံးပိတ် အခန်းများ အပြင် ကောင်းကင်နှင့် မြေကြီး အမတေကိုပါ ထောက်ပံ့ထား‌ပေးရာ တန်သည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် ကျင့်ကြံခြင်း အဆင့်နှင့် လိုက်လျောညီထွေဖြစ်မည့် ဝန်ဆောင်မှုများကိုလည်း သူတို့က ထောက်ပံ့ပေးထားကြသေးသည်။

ဝေ့ဝူယင်သည် မြေပုံပေါ်ရှိ အမှတ်တစ်ခုကို ရွေးချယ်လိုက်ပြီးနောက် ချက်ချင်းပင် ထိုနေရာဆီ ဦးတည်လိုက်သည်။

“နတ်ဘုရားတို့ လျှောက်သောလမ်း”

ကျင့်ကြံသူ အများစုမှာ နာမည်ဖြင့်ပင် ထိုနေရာကို ရွေးချယ်ကြလိမ့်မည် ဖြစ်သည်။ လူအများ ကျင့်ကြံနေကြသည့် အကြောင်းရင်းမှာ မသေမျိုး တန်ခိုးရှင် တစ်ပါး ဖြစ်လာလိုသော ရည်ရွယ်ချက်ကြောင့်ပင် မဟုတ်ပါလော။

နတ်ဘုရားတို့ လျှောက်သောလမ်းမှာ စူရဗီ ကုန်တိုက်ကြီးလောက် မကျယ်ဝန်းသည့်တိုင် များစွာသော အထပ်များ ရှိပေသည်။ ဝေ့ဝူယင်သည် မဝင်ခင်တည်းက ၎င်းအား ရေတွက်ခဲ့ကာ စုစုပေါင်း ကိုးထပ် ရှိပေသည်။

အဆောက်အဦအတွင်း ဝင်ရောက်ပြီးနောက် သူ ပထမဆုံး မြင်ရသည်က မြူများပင် ဖြစ်၏။ တစ်နည်းဆိုရသော် ၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီး အမတေများပင် ဖြစ်သည်။ အောက်ဆုံး အထပ်တွင်ပင် ဤမျှလောက် ထူထပ်နေပါက အပေါ်ထပ်များတွင် မည်မျှ အထိ ထူပြောနေမည်ကို သူ သိလိုလာခဲ့သည်။ ထိုကဲ့သို့သော နေရာများမှာ ကျင့်ကြံသူများ အတွက် တုနှိုင်းမမှီအောင် ဆွဲဆောင်မှု ရှိလွန်းသည်။

ဝေ့ဝူယင်အား ဖော်ရွေသော အပြုံး၊ တောက်ပသော မျက်လုံးများ ပိုင်ရှင် လူဝကြီး တစ်ယောက်က လာရောက် ကြိုဆို၏။ သူသည် မိမိကိုယ်ကို နှိမ့်ချကာ အခြားလူများ အ‌ပေါ် ကြင်နာတတ်သည့် အရှိန်အဝါ တစ်ခုအား အလိုအလျောက်ပင် ပိုင်ဆိုင်ထားသည်။

“နှုတ်ဆက်ပါတယ်ဗျာ...”

လူဝကြီးက နှုတ်ဆက်ကာ မေးလိုက်၏။

“ဒီက ညီမောင်ကို ဘာများ ကူညီပေးရမလဲ”

ဝေ့ဝူယင်က အရင်ဆုံး အခန်းများနှင့် ပတ်သက်သည့် အချက်အလက် မျိုးစုံကို မေးမြန်းလိုက်သည်။ သူ၏ အဆိုအရဆိုလျှင် ကျင့်ကြံရန် အသုံးပြုနိုင်သည့် အထပ် ရှစ်ထပ်ရှိကာ တစ်ထပ်စီတွင် ရှစ်ခန်း ပါဝင်သည်။ ထို့ကြောင့်ပင် နေရာမှာ အကန့်အသတ် ရှိ၏။ ယေဘုယျအားဖြင့် ဆိုလျှင် အဆင့်ချိုးဖျက်ခါနီး အခြေအနေသို့ ရောက်ရှိနေသူများသာ ဤနေရာကို လာရောက် ကျင့်ကြံကြသည်။ ထို့ကြောင့်ပင် သူတို့၏ ကျင့်ကြံမှုမှာ မကြာရှည်လှချေ။

အခန်းများ၏ ဖွဲ့စည်းပုံမှာ သပ်ရပ်ပြီး နံရံများကို အမှောင်မြူ သံမဏိဟု ခေါ်သော သတ္တုများဖြင့် ကာရံထားသည်။ ထိုသတ္တုများသည် ဝိညာဥ်အာရုံကို ကန့်သတ်နိုင်သည့် မူလ စွမ်းရည်တစ်ခု ပါရှိသည့် အပြင် စွမ်းအင်ရောင်ဝါများကိုလည်း ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ ထို့အပြင် ခံနိုင်စွမ်းရည်မှာလည်း မြင့်မားကာ ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူများပင်လျှင် အချိန်တို အတွင်း ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဒုတိယ အထပ်ရှိ အခန်းတစ်ခန်း အတွက် တစ်လစာ ကုန်ကျမှုမှာ ဝိညာဥ် ကျောက်တုံး သုံးတုံး ဖြစ်၏။ အထပ် ပိုမို မြင့်မားသည်နှင့် အမျှ စျေးနှုန်းမှာလည်း ပိုမို မြင့်မားလာမည် ဖြစ်သည်။ ရှစ်ထပ်မြောက် အတွက်မူ ဝိညာဥ် ကျောက်တုံး သုံးဆယ်အထိပင် ကုန်ကျ၏။

ဝေ့ဝူယင်သည် ငါးလွှာမြောက်ကို ရွေးချယ်ကာ ဝိညာဥ်ကျောက်တုံး ဆယ်တုံး ပေးချေလိုက်၏။ လူဝကြီးမှာ ပါးစပ် တဖြဲဖြဲနှင့် ရယ်မောရင်း သူ့အား အခန်းသော့၊ အခန်း ဝင်္ကပါအလံ အပါအဝင် လိုအပ်သော ပစ္စည်းမျိုးစုံကို ပေးလိုက်သည်။

ဝေ့ဝူယင်သည် ထိုပစ္စည်းများကို ယူကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ အထပ်ပိုမို မြင့်မားလာသည်နှင့် အမျှ မြူများမှာလည်း ပိုမို သိပ်သည်းလာ၏။ အခန်းအတွင်းသို့ ဝင်ရောက်ပြီးပြီးချင်းပင် သူ၏ ချီနှလုံးသားများမှာ ဆာလောင်နေသော သားရဲကြီးများ ကဲ့သို့ နိုးထလာကာ ပတ်ဝန်းကျင်ရှိ ချီများကို စတင် စုပ်လေယူတော့သည်။ ၎င်းတို့ကား ဝေ့ဝူယင် မပါလျှင်ပင် ကျင့်ကြံနိုင်ကြပုံ ပေါ်သည်။

တစ်နေရာတွင် ထိုင်ချလိုက်ပြီးနောက် အကြွင်းမဲ့သုည ရေခဲအမတေကို သိုလှောင်ထားသည့် သေတ္တာငယ်အား ဝေ့ဝူယင် ထုတ်ယူလိုက်သည်။ အခန်း၏ အပူချိန်မှာ ချက်ချင်းပင် ဒီဂရီပေါင်းများစွာ ကျဆင်းသွားကာ အေးခဲနေသည့် လှိုင်းတစ်ခုမှ သေတ္တာထဲမှ စိမ့်ထွက်လာ၏။

“မှတ်တမ်းတွေ အရဆို အကြွင်းမဲ့ သုည ရေခဲအမတေရဲ့ အထင်ရှားဆုံး လက္ခဏာက အေးခဲနိုင်စွမ်းပဲ... အဲဒါကို တစ်ချက်ထိတွေ့ရုံနဲ့တင် လူတစ်ယောက်ရဲ့ သွေးတွေ အကုန်လုံး‌ အေးခဲပြီး သေသွားစေနိုင်တယ် တဲ့... ဒါတင်မကသေးဘူး... ရုပ်ပိုင်းဆိုင်ရာ အရဆိုရင်လည်း  အဲဒါက လူတွေရဲ့ အသွေးအသားကိုပါ ကွဲအက်လွယ်တဲ့ ရေခဲအဖြစ် ပြောင်းလဲအောင် လုပ်ပစ်နိုင်စွမ်း ရှိတယ်”

ဝေ့ဝူယင်မှာ ထိုအမတေ အကြောင်း သူဖတ်ဖူးသည့် အချက်အလက်များကို ပြန်စဥ်းစားရင်း စိုးရိမ်မှု အချို့ကို ခံစားလိုက်ရသည်။ သူ့အတွင် ထိုအရာအား သန့်စင်နိုင်ရန် အတွက် အကြံအစည် အချို့ ရှိသော်လည်း ထိုနည်းလမ်းများက အလုပ်ဖြစ်မည်လား... သူ မသေချာချေ။

ပထမဆုံး တစ်ခု... မီးစွမ်းအင် သို့မဟုတ် ချော်ရည်ပူ စွမ်းအင်ကို သုံးကာ အကြွင်းမဲ့ သုည ရေခဲအမတေ၏ အေးခဲမှုကို လျော့ချပစ်ရန် ဖြစ်သည်။ သို့သော်လည်း သူ ထိုကဲ့သို့ ပြုလုပ်လိုက်လျှင် အမတေမှာ ညစ်ညမ်း သွားနိုင်သည်။ သူ့အနေဖြင့် သန့်စင်နိုင်လျှင်ပင် အစစ်အမှန် အကြွင်းမဲ့ သုညရေခဲချီကို ရရှိရန် အခွင့်အလမ်း နည်းသွားပေလိမ့်မည် ဖြစ်သည်။

ဒုတိယ နည်းလမ်း... ချီနှလုံးသားများကို လွှတ်ပေးကာ ၎င်းအာ ဝါးမျိုခိုင်းရန် ဖြစ်၏။ သေမျိုး နတ်ဘုရား အဖြစ် တက်လှမ်းခဲ့စဥ်က ထိုနည်းလမ်းဖြင့် သူ ယင်ယန် စက်ဝန်းကို ဝါးမျိုကာ ကံကောင်း ထောက်မစွာ အောင်မြင်ခဲ့လေသည်။ သို့သော်လည်း ဆိုရလျှင် ထိုနည်းလမ်းက အထာမကျလှချေ။ မျက်စိစုံမှိတ်ကာ ကောင်းကင်၏ စောင့်ရှောက်မှုကို ဆုတောင်းနေခြင်းလောက် မိုက်မဲသော လုပ်ရပ် မရှိတော့ချေ။

ရုတ်ချည်းပင် ရူးလောက်သော အတွေးတစ်ခုက သူ၏ အာရုံ၌ ပေါ်လာခဲ့၏။ သူ၏ မျက်လုံးများက တဝင်းဝင်း တောက်ပသွားသည်။ လုံးဝ ကောင်းလွန်းသည့် အကြံပင်...

အကြွင်းမဲ့သုည ရေခဲအမတေထဲမှ အေးခဲခြင်း စွမ်းအားသည် သူ၏ အသွေးအသား၊ သို့မဟုတ် ခန္ဓာကိုယ်ထဲမှ အစိုဓာတ်ပါရှိသည့် အရာများနှင့် ထိတွေ့ပါက ချက်ချင်းဆိုသလိုပင် အေးခဲသွားခြင်း၊ သေဆုံးခြင်းများကို ဖြစ်ပေါ် စေနိုင်စွမ်း ရှိသည်။ သို့သော်... ထိုအရာကို သူ၏ ခန္ဓာကိုယ်နှင့် မထိတွေ့လျှင်ကော။ ချီနှလုံးသားများကို အပြင်သို့ ထုတ်ဖော်ပြီး တိုက်ရိုက် စုပ်ယူစေလျှင်ကော..

ပုံမှန်အားဖြင့်ဆိုလျှင် အပြင်ဘက်ရှိ အမတေ စွမ်းအားများသည် အလျင်ဆုံး သွေးကြောများမှ တစ်ဆင့် ထျန်းတျန်ဆီသို့ သွားရသည်။ ထိုမှတစ်ဆင့် ချီနှလုံးသား၏ စုပ်ယူမှုကို ခံကြရသည်။ သို့သော်လည်း အကြွင်းမဲ့ သုည ရေခဲအမတေကို ထိုကဲ့သို့ စုပ်ယူခြင်းမှာ မိမိ၏ သွေးကြောများကို အေးခဲကာ ဖျက်ဆီးပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သန့်စင်သော ယင်နှင့် ယန်စွမ်းအင်များကို စုပ်ယူခြင်းမှာလည်း အလားတူ အန္တရာယ်များသည်။ ၎င်းတို့သည် သွေးကြောများ အတွင်း စီးဆင်းနေစဥ် အတွင်း ဇီဝကမ္မ ပြောင်းလဲမှုများကို လှုံ့ဆော်ပေးကာ အန္တရာယ်များသည့် အခြေအနေများဆီသို့ ဦးတည် သွားစေနိုင်သည်။ ဥပမာအားဖြင့် ဆိုလျှင် ယန်စွမ်းအင်သည် မိန်းမများ၏  ပင်ကိုယ် စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ကာ ယင်စွမ်းအင်များမှာလည်း အခပ်မသင့်ပါက အမျိုးသားများကို လူညွန့်တုန်းစေနိုင်သည်။

အကယ်၍ သူသာ အမတေ စွမ်းအင်များကို သွေးကြောများမှ မဟုတ်ပဲ ချီနှလုံးသားများဖြင့်သာ တိုက်ရိုက် စုပ်ယူနိုင်ပါက ထိုရှုပ်ထွေးမှု ဖြစ်စဥ်အားလုံးကို ရှောင်လွှဲနိုင်လိမ့်မည်လော။ တစ်ကြိမ် တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသည့် ချီနည်းလမ်းတစ်ခုသည်... စိတ်ကူးတစ်ခု တစ်ခုအဖြစ်၊ အယူအဆ အသစ် တစ်ခု အဖြစ် ဝေ့ဝူယင်၏ စိတ်အတွင်း တဖြည်းဖြည်း ပုံပေါ် လာခဲ့လေ၏။

“ဒါပေမဲ့... ချီနှလုံးသားတွေကို အပြင်ထုတ်လိုက်ရင်ရော ငါ ထိန်းချုပ်နိုင်ပါ့ဦးမလား... ငါ့ခန္ဓာကိုယ်ထဲ အဆက်မပြတ် လှည့်ပတ်နေတဲ့ ချီကရော အလုပ်လုပ်ပါဦးမလား...”

ဝေ့ဝူယင် ထိုအရာများကို တွေးတောနေမိ၏။ ဦးနှောက်နှင့် ကျောရိုးမရှိပါက လူ၏ ခန္ဓာကိုယ် လဲပြိုသွားနိုင်သလို ချီနှလုံးသား တစ်ခု မရှိပါကလည်း ချီစီးဆင်းမှုများ ကပြောင်းကပြန် ဖြစ်ကာ ချီသွေဖည်မှုကို ဦးတည် သွားစေနိုင်သည်။

“နေဦး... ငါ့မှာ ချီနှလုံးသား နှစ်ခု ရှိနေတာပဲ... တစ်ခုကိုပဲ အပြင်ထုတ်ပြီး အခြား တစ်ခုနဲ့ ခန္ဓာကိုယ်ထဲက ချီလှည့်ပတ်မှုကို ထိန်းချုပ်ခိုင်းထားမယ် ဆိုရင်ရော... ဟုတ်တယ်... အဲဒါဆိုရင် ဘာပေါက်ကွဲမှုမှ မရှိပဲ ငါ လုပ်နိုင်မှာ သေချာတယ်”

ဝေ့ဝူယင်၏ အတွေးများမှာ ပိုမို ရဲရင့်လာ၏။ အသက်ကို ခပ်ပြင်းပြင်းရှူရင်း... အချက်ပေါင်းများစွာကို သူ စဥ်းစားလိုက်သည်။ ထိုနည်းလမ်းသာလျှင် အသင့်တော်ဆုံးဟု သူ ပြင်းပြင်းပြပြ ခံစားနေရပေ၏။

“ငါ လုပ်နိုင်ပါတယ်...”

ဝေ့ဝူယင်မှာ ပိုမို၍ ယုံကြည်ချက် ရှိလာခဲ့၏။ သူ၏ ချီနှလုံးသားများတွင် ချီစွမ်းအင် ဆယ့်နှစ်မျိုးသာ ပါဝင်ရာ ၎င်းက အလွယ်တကူ အေးခဲလိမ့်မည် မဟုတ်ဟု သူယူပေသည်။

သူ စတင်ကာ တရားထိုင်လိုက်တော့၏။ ဖြည်းညင်းစွာပင် ချီနှလုံးသားအား အပြင်သို့ ထုတ်ရန် နည်းလမ်းကို သူ ယူဆနေခဲ့သည်။ ချီနှလုံးသား၏ အရွယ်အစားကို စံနည်းလမ်းများဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း ထိုအရာအား စက်ဝန်း အငယ်စားလေး အသွင် ရှိသည်ဟု ဆိုနိုင်ပေသည်။

“ပါးစပ်ကနေပဲ ထုတ်မယ်...”

ဆုံးဖြတ်ပြီးသည်နှင့် ဝေ့ဝူယင် သူ၏ ဝိညာဥ်နှင့် အတူ ချီနှလုံးသားကို ဆက်သွယ် ထိန်းချုပ်နိုင်သည်။ အံ့အားသင့်စွာပင် ၎င်းမှ စိတ်လှုပ်ရှားမှုနှင့် အတူ တုန်ရီလာ၏။ သူ မညွှန်ကြားရသေးခင်မှာပင် ၎င်းမှာ ကိုယ်ပိုင်အတွေးနှင့် အတူ ထျန်းတျန်အတွင်း ထွက်ခွာလာသည်။ မကြုံစဖူး ရင်းနှီး ကျွမ်းဝင်မှုနှင့် အတူ ၎င်းသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ကျည်ဆန်တစ်ခုအလား ဖြတ်သန်းသွား၏။ ကြည့်ရသည်က သူ၏ ချီနှလုံးသားမှာ သူ့ထက်ပင် ခန္ဓာကိုယ်နှင့် ရင်းနှီးကျွမ်းဝင်ပုံ ပေါ်သည်။

လျှပ်တစ်ပြက် အတွင်း ပါးစပ်မှ အပြင်သို့ ရောက်ရှိလာသည့် ရောင်စုံ ဆိုင်ကလုန်း မုန်တိုင်းကို ကြည့်ကာ ဝေ့ဝူယင် ရယ်မောလိုက်မိသည်။ သူ၏ မျက်လုံးများက တဖျပ်ဖျပ် လက်နေ၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ချီနှလုံးသားကို အပြင်တွင် သူ မြင်ဖူးခြင်း ဖြစ်သည်။ ၎င်းမှာ အထုအထည် တစ်ခု အဖြစ် မြင်သာနေသော်လည်း တစ်ချိန်တည်း၌ လက်တွေ့ဆန်မှုနှင့် ကင်းကွာသည့် ခံစားချက် တစ်ခုကို ထုတ်လွှတ်နေသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ ဝန်းရံမှု အလယ်၌ တည်နေသည့် အမြုတေမှာ ထိတ်လန့်စရာ ကောင်းလောက်အောင် အချိုးကျနေသည့် ပုံဏ္ဌာန်၌ ရှိကာ အလွန်ပင် လှပလွန်းလှ၏။ ဝေ့ဝူယင်သည် ထိုနေရာ၌ ဒြပ်စင်များ၊ ဆေဘာများ၊ မှတ်ဉာဏ်များ၊ အတွေးများ ထင်ဟပ်နေသည့် ပုံရိပ်များ တဖျပ်ဖျပ် ပြေးနေသည်ကို တွေ့ရ၏။ ပို၍ နက်နက်ရှိုင်းရှိုင်း ကြည့်ပါက သူ၏ ပထမဆုံး လိင်ဆက်ဆံခြင်း အတွေ့အကြုံများနှင့် ဘဝ၏ အမှတ်ရစရာ အခိုက်အတန့်များကိုပါ တွေ့မြင်ရသည်။

ထိုအရာက တတိယလူ အမြင်ဖြင့် ပိတ်ကားတစ်ခုကို ကြည့်နေရသလိုပင်။ ဤပတ်ဝန်းကျင်က အစစ်အမှန်လော သို့မဟုတ် မှတ်ဉာဏ်နှင့် ယုံကြည်မှုများ အပေါ်တွင် အခြေခံထားခြင်းလော။ ဝေ့ဝူယင် သူ၏ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့ဖြင့် ဖွဲ့စည်းထားသည့် ချီနှလုံးသားကို ကြည့်ရင်း သူ၏ ကိုယ်ပွားတစ်ခုလိုပင် ခံစားလိုက်ရသည်။

တွေးတောနေစဥ်မှာပင် မူလ ဝိညာဥ်ထံမှ တွန်းအားတစ်ခုကို သူ ခံစားလိုက်ရ၏။

ချီနှလုံးသားအား အပြင်သို့ ထုတ်ဖော်နိုင်ခြင်းမှာ ယာယီ သဘောမျှသာ ဖြစ်သည်။ ယင်းသည် ကြာရှည်စွာ နေထိုင်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်ရာ... သူ အလျှင်အမြန် လုပ်ရန် လိုအပ်သည်။

***

All Chapters