← Chapters

အရောင်အဆင်းမဲ့ သင်ခန်းစာ

Vol. 4 Ch. 54

အရောင်အဆင်းမဲ့ သင်ခန်းစာ

Vol. 4 Ch. 54

ဒြပ်စင် စွမ်းအားများသည် ဆေဘာချီ ဆန်းကြယ် နှလုံးသား အတွင်း၌ တည်ရှိနေဆဲ ဖြစ်သော်လည်း ဆေဘာ စွမ်းအင်၏ အတင်းအကြပ် ထိန်းချုပ်မှုအောက်၌ ရှိနေခြင်းမျိုး ဖြစ်သည်။ ၎င်းတို့သည် တိုက်ပွဲဝင်ချိန်တိုင်း၌ ဆေဘာ စွမ်းအင်ကို နောက်မှ ပံ့ပိုးကာ တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။

ထို့အပြင်... ဝေ့ဝူယင် ဆေဘာချီ နှလုံး၏ မွေးရာပါ လက္ခာဏာ တစ်ခုကိုလည်း နားလည် လာခဲ့သည်။ ဆေဘာချီ နှလုံးသားဖြင့် ဆိုပါက သူ့အနေဖြင့် မည်သည့ ဒြပ်စင်ချီကျင့်စဥ်ကိုမှ ဖော်ထုတ်နိုင်တော့မည် မဟုတ်ချေ။ ရှင်းရှင်းဆိုရလျှင် ဆေဘာ ချီနှလုံးသားမှာ ဆေဘာလမ်းစဥ် တစ်ခုတည်း အတွက် ဖြစ်သည်။ ၎င်း၏ အမြုတေ အတွင်းရှိ ဆေဘာ စွမ်းအင်သည် အခြား ဒြပ်စင်အားလုံးကို အတင်းအကြပ် စိုးမိုးကာ သတ်ဖြတ်ခြင်း တည်းဟူသော ရည်ရွယ်ချက် အတွက်  ပေါင်းထည့်ပစ်၏။

သူ့တွင် ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား တစ်ခု ရှိနေသေးသည်မှာ ကံကောင်းလှသည်။ သူ၏ ဒြပ်စင်ချီသည် မည်သည့် ဒြပ်စင်ကျင့်စဥ်ကို မဆို ကိုးဆ အထိ တိုးမြှင့်ပေးနိုင်စွမ်း ရှိသည်။ ၎င်းမှာ သာမန် ချီနှလုံးသားများနှင့် နှိုင်းယှဥ်ပါက အတော်လေး ကွာခြားသော ပမာဏ ဖြစ်သည်။ ဥပမာအားဖြင့်... လေချီနှလုံးသားကို ပိုင်ဆိုင်ထားသည့် ကျိုးနင်ဆိုလျှင် သူမ အကျွမ်းကျင်ဆုံး လေချီကျင့်စဥ်များကိုပင် သုံးဆ အထိသာ တိုးမြှင့်နိုင်စွမ်း ရှိသည်။

“ကံကြမ္မာ အလိုအရပဲလေ...”

ဝေ့ဝူယင် သက်ပြင်းချလိုက်သည်။

“ချီနှလုံးသား နှစ်ခုကို အသွင်ပြောင်းဖို့ အတွက် အမတေ ကျောက်တုံး ခြောက်ရာ သုံးဆယ့် နှစ်တုံးတောင် ငါ သုံးခဲ့ရတယ်”

မည်သို့ပင် ဆိုစေ... သူ ကျေနပ်ပေသည်။ လဝက်ကျော်မျှအတွင်းမှာပင် သူ အကြွင်းမဲ့ သုညရေခဲ အမတေကို သန့်စင်နိုင်ခဲ့သလို၊ ချီနှလုံးသား နှစ်ခုကိုလည်း အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်ခဲ့သည်။ ထိုသို့သော အောင်မြင်မှုက သာမန်လူများ စိတ်ကူး မယဥ်နိုင်သည့် အရာ ဖြစ်၏။

ဝေ့ဝူယင် ရက်များကို သေချာပြန် တွက်ကြည့်လိုက်၏။ တစ်လပြည့်ရန်မှာ ရက်အနည်းငယ် လိုအပ်နေဆဲ ဖြစ်သည်။ ထိုအတွင်း၌ အချိန်မဖြုန်းပဲ သူ ဆက်လက် ကျင့်ကြံရမည်။ မကြာခင်မှာပင်... ဝေ့ဝူယင်သည် လက်ကျန် အမတေ ကျောက်တုံး လေးရာကို ထက်ဝက်ခွဲကာ ဆန်းကြယ် နှလုံးသား နှစ်ခုဖြင့် စုပ်ယူ သန့်စင်နေခဲ့လေပြီ ဖြစ်တော့သည်။

အကယ်၍ မှားသော အမှန်အဆင့်မှ မြင့်မြတ်သောချီ အဆင့်သို့ လျှောက်ရာလမ်းကို ရာနှုန်းဖြင့် တွက်ချက်ရပါက... သူ လေးဆယ်ရာနှုန်းခန့် အောင်မြင်ခဲ့ပြီး ဖြစ်သည်။ အပြည့်အဝ အောင်မြင်ရန် အတွက်ဆိုလျှင် ချီနှလုံးသား တစ်ခုစီ အတွက် ဝိညာဥ် ကျောက်တုံး ငါးရာစီ လိုအပ်ပေသည်။

သတ်မှတ်ထားသော အချိန်တစ်လကား ပြည့်သွားချေပြီ...။

ဝေ့ဝူယင်သည် တက်ကြွစွာပင် စူရဗီ ကုန်တိုက်ကြီးဆီ ချီတက်လာခဲ့၏။ တစ်လအတွင်း သူ အောင်မြင်ခဲ့သမျှက မည်သူမဆို ဂုဏ်ယူရန် ထိုက်တန်သည့် ‌အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ဝေ့ဝူယင် အပြုံး ဝေဝေဆာဆာဖြင့် ကို့ရှီ စွမ်းအားဆိုင်ဆီ လျှောက်လာခဲ့၏။

စျေးဝယ်သူမှာ လုံးဝ ကင်းရှင်းနေကာ အရောင်းစာရေး တစ်ယောက်သာ ကောင်တာတွင် ပျင်းရိစွာ ထိုင်နေသည်ကို သူ မြင်တွေ့ရ၏။ ကြည့်ရသည်က စျေးကြီးသော ဆိုင်များမှာ အမြဲတမ်းလိုလို စည်ကားနေပုံ မပေါ်ချေ။ မည်သို့ပင် ဆိုစေ... အဆင့်မြင့် အမတေများက လူတိုင်း ဝယ်ရန် မတတ်နိုင်သည့် အရာဖြစ်နေသည် မဟုတ်ပါလော။ နောက်ခံ မတောင့်သော လူများနှင့် ကျင့်ကြံခြင်း အဆင့် မမြင့်မားသော လူများမှာ ထိုကဲ့သို့ ရတနာများ ရရှိရန် ကံကြမ္မာ အခွင့်အရေးကိုသာ မှီခိုရလေ့ ရှိသည်။

ဝေ့ဝူယင် ရောက်လာသည်ကို မြင်သော အခါ အရောင်းစာရေးက လှောင်ပြောင်မှု အရိပ်အယောင်ပါသော အပြုံးဖြင့် လှမ်းကြည့်၏။ ဝေ့ဝူယင် သူနှင့် ဖက်၍ ရန်ဖြစ်ရန် စိတ်မဝင်စားချေ။ သူက ထောင့်တစ်နေရာကိုသာ သွားကာ တိတ်တဆိတ် ထိုင်ချလိုက်လေသည်။

သူ အချိန်ကို ကြည့်ကာ စိတ်ရှည်စွာပင် စောင့်ဆိုင်းနေခဲ့၏။ တစ်လ ဆိုသော အချိန် အတိအကျပြည့်ရန် တစ်နာရီမျှ လိုပေသေးသည်။

မိနစ်များသည် လျှင်မြန်စွာ ဖြတ်ကျော်သွား၏။ မကြာခင်မှာပင် တစ်နာရီပြည့်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်... အချိန်မှာ နှစ်နာရီ ပြည့်သွားခဲ့ပြန်၏။ တ‌ဖြည်းဖြည်း ရွေ့လျားနေသည့် စက္ကန့်များကို ရေတွက်ရင်း ဝေ့ဝူယင်၏ အမူအရာက ပျက်ရွင်းလာသည်။ ဤကမ္ဘာ၌ လတစ်လကို နေဝင်၊ လထွက် အကြိမ် သုံးဆယ်ဖြင့် ဆုံးဖြတ်၏။ ထို့ကြောင့်ပင် ယနေ့က တစ်လပြည့်နေ့ ဖြစ်ကြောင်း မှားယွင်းစရာ မရှိချေ။ သူမတို့အား တစ်နေ့လုံး သူစောင့်နေရမည်လော။

ဆက်လက် စောင့်ဆိုင်းရင်း သုံးနာရီ ကုန်လွန်သွားပြန်သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပိတ်ထားဆဲ ဖြစ်သည့်တိုင် သူ၏ နှလုံးသားမှာမူ ဒေါသမီးဖြင့် ကြွမ်းလောင် နေခဲ့ချေပြီ ဖြစ်သည်။ ထိုကဲ့သို့ စောင့်ဆိုင်းရခြင်းကို မည်သူက သဘောကျမည်နည်း။

ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာသည့် မွမ်းကြပ်ဖွယ် အရှိန်အဝါများကြောင့် အရောင်းစာရေးမှာ တဖြည်းဖြည်း နေရခက်လာ၏။ နောက်ဆုံး၌ သူကား မနေနိုင်တော့ပဲ ပါးစပ်ပွင့်ဟလာတော့သည်။

“ညီလေး... အဲဒီ နှစ်ယောက်က မြို့ကနေ ထွက်သွားပြီကွ... မင်းရဲ့ ချော်ရည်ပူ ကျောက်တုံးကို ပြန်တောင်းဖို့ တွေးနေတာ ဆိုရင် မင်း ကံမကောင်းတော့ဘူး”

ပထမ၌ အရောင်းစာရေးသည် ဝေ့ဝူယင်ကို ရယ်စရာ တစ်ခု အဖြစ် သဘောထားကာ အပျင်းပြေ ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်တွေ့၌ ထိုရယ်စရာက အန္တရာယ်များလွန်းလှသည်။

“ဘာဖြစ်တယ်...”

ဝေ့ဝူယင်က အရောင်းစာရေးကို မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်၏။

“သူတို့ ထွက်သွားပြီ ဟုတ်လား...”

အရောင်းစာရေးက မွမ်းကြပ်နေသော စိတ်နှင့် တင်းမာနေသော အခြေအနေတို့ကို ပြေလျော့စေလိုသော ရည်ရွယ်ချက်ဖြင့် အနည်းငယ် ရယ်မောလိုက်၏။

“ဟုတ်တယ်... သူတို့ မြို့ကနေ ထွက်သွားကြပြီ... နောက်တစ်ခါ ပြန်လာဖို့ ရည်ရွယ်ချက် ရှိမယ်လို့တော့ ကျွန်တော် မထင်ဘူး”

ဝေ့ဝူယင်၏ မျက်လုံးများမှာ အရှက်ရခြင်း၊ ‌ဒေါသတို့ဖြင့် ပြည့်နှက်သွား၏။

‌အလောင်းအစား လုပ်ပြီး ဒီလို ရှောင်ပြေးလို့ရလား... နင်တို့က အဲဒီလိုပဲ လူတွေကို လိုက်လိမ်နေကြတာလား... နောက်ပြီး လင်းမျိုးရိုးနဲ့ မိန်းမ... နင်ကရော အရှင်မ တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ဂရုမစိုက်တာလား...

ဝေ့ဝူယင် အရှင်မလင်းအပေါ် ထားရှိခဲ့ဖူးသည့် လေးစားမှုများမှာ အနိမ့်ဆုံးထိ ထိုးကျသွားခဲ့ပြီ ဖြစ်သည်။

“သူတို့ ဘယ်သွားတာလဲ...”

သူ အနိုင်ထားသည့် အရာကို ရအောင် ပြန်ယူရပေမည်။

“အမ်... အနောက်မြောက်လို့တော့ ထင်တာပဲ... သူတို့က ဝူအင်ယာရဲ့ မြို့တော် ဝူတောင်းကို ဦးတည်နေတာ ဖြစ်လောက်မယ်”

အရောင်းစာရေးက မသေမချာ ပြန်ဖြေလိုက်၏။

“အနောက်မြောက်...”

သူ၏ ဒေါသနှင့် အတူ လေထု၏ အခြေအနေမှာ ပြောင်းလဲသွား၏။ လေစီးကြောင်းများသည် ဖရိုဖရဲ စီးဆင်းလာကာ ရေခဲစများ၊ ပူပြင်းသော ရေငွေ့များဖြင့် ပြည့်နှက်သွားသည်။ အလွန်တရာ မာကျောလှသည့် ကြမ်းပြင်တွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။ ထိုပတ်ဝန်းကျင်ကား ချက်ချင်းပင် ရက်စက် ကြမ်းကြုတ်မှု၊ သတ်ဖြတ်လိုမှုတို့နှင့် အတူ ပြည့်နှက်သွားလေတော့သည်။

စူရဗီ ကုန်တိုက်၏ အောက်ထပ်နှင့် အ‌ပေါ်ထပ်ရှိ လူများမှာ ငလျင်တစ်ခု လှုပ်ခပ်သွားသလို ခံစားလိုက်ရ၏။ ထိတ်လန့်တကြား အော်ဟစ်သံများ၊ တီးတိုး မေးမြန်းသံများမှာ လူအုပ်များ အကြား၌ ထွက်ပေါ်လာသည်။

ဝေ့ဝူယင် ပုံမှန်အားဖြင့်ဆိုလျှင် စိတ်လွတ်ခဲသည်။ သို့သော်လည်း... ယခုတစ်ကြိမ်ကမူ ခြားနားလှ၏။

မိန်းမနှစ်ယောက်၏ ပယ်ပယ်နယ်နယ် အရူးလုပ်သွားမှုကို ခံရခြင်း၊ သူကိုယ်တိုင်က ယုံယုံကြည်ကြည်ဖြင့် အင်ဖာနို နှလုံးသားကို ပေးအပ်ခဲ့မိခြင်း၊ သုံးနာရီတိုင်တိုင် အဓိပ္ပာယ်မဲ့ စောင့်ဆိုင်းရခြင်း...

ထိုခံစားချက်အား ခံစားဖူးသူသာ သိနိုင်ပေသည်။ သို့ဖြစ်ရာ ဝေ့ဝူယင် မည်ကဲ့သို့ ဒေါသမထွက်ပဲ နေနိုင်ပါမည်နည်း။

ဝှစ်...

ရုတ်တရက် ဝိညာဥ်အာရုံတစ်ခု သူ၏ ဧရိယာအတွင်း ဝင်ရောက်လာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်တန့်သွားသည်။ သတ္တုအရသာ တစ်ခုသည် သူ၏ ပါးစပ်အတွင်း ဝင်ရောက်လာရာ သူ၏ အရေပြားမှာ ထုံကျင်ယားယံလာသည်။

သူ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ အရှိန်အဝါများကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ရုတ်ချည်းပင် စူရဗီ ကုန်တိုက်မှာ ပြန်လည် အေးချမ်းသွားသည်။

“သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...”

ဝေ့ဝူယင်က စိတ်လျှော့ကာ ဆိုလိုက်သည်။ ထို့နောက် သူသည် သေမျိုး နတ်ဘုရားများ စုံစမ်း စစ်ဆေးမှု မလုပ်ခင် အလျင်ဦးအောင် ကုန်တိုက်ထဲမှ ထွက်ခွာလာခဲ့တော့သည်။ ဝိညာဥ်အာရုံသည် သူ့နောက်သို့ လိုက်လာသော်လည်း အပြင်သို့ အရောက်၌ အလိုလို နောက်ပြန်ဆုတ်သွား၏။

ထိုဝိညာဥ်အာရုံ၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း သူ မသိသော်လည်း နတ်ဘုရားအရှင် တစ်ပါး၏ ဝိညာဥ် အာရုံ ဖြစ်ကြောင်းကိုမူ ရိပ်မိပေသည်။ ကြည့်ရသည်က ထိုကျင့်ကြံသူမှာ ရွှေရောင်နို့နှစ်မြို့တော်ကို လည်ပတ်နေသည့် ဝူမျိုးနွယ် နတ်ဘုရား အရှင်ပင် ဖြစ်နိုင်သည်။ ထိုကဲ့သို့ လူမျိုးနှင့် ဖက်၍ ရန်ဖြစ်လိုသည့် ဆန္ဒ ဝေ့ဝူယင်တွင် မရှိပါချေ။

သူက လေးပင်စွာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ စိတ်ခံစားချက်များကား ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။ ယုံကြည်ချက် လွန်ကဲခြင်းမှာ အားနည်းချက် တစ်ခုဖြစ်ကြောင်း သိထားသည့်တိုင် သူ ယုံကြည်ချက် လွန်ကဲခဲ့သည်။ လူတိုင်းမှာ မယုံရမှန်း သိသော်လည်း ထိုမိန်းမ နှစ်ယောက်ကို သူ ယုံကြည်ခဲ့သည်။ အရှင်မ ဟူသော လေးစားဖွယ် ဂုဏ်ဒြပ်၏ အောက်၌ သူ မျက်လုံးကန်းခဲ့မိသည်။

“သင်ခန်းစာပဲ...”

သူ ခေါင်းအား ခါယမ်းလိုက်၏။ မည်သို့ပင် ဆိုစေ... ထိုအနိုင်ကြွေးကို သူတစ်နေ့၌ ပြန်ယူရပေမည်။

...

ကြိုးကြာဖြူသည် ကျောထက်၌ ဝေ့ဝူယင်ကို တင်ရင်း တောင်ပံဖြန့်ကာ ပျံသန်းနေခဲ့လေ၏။ ရွှေရောင်နို့နှစ်မြို့ကား အစက်အပျောက် တစ်ခုသဖွယ် နောက်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် အနောက်မြောက် အရပ်အစား... အရှေ့ အရပ်တည့်တည့်ကိုသာ ဦးတည် ပျံသန်းနေခဲ့လေ၏။

ဝေ့ဝူယင်သည် မိမိ ဦးတည်ချက်ကို သိရှိထားဆဲ ဖြစ်သည်။ သူ ဤခရီးကို ထွက်လာခဲ့ခြင်းမှာ လျှို့ဝှက် အယ်ဗန်သစ်တောရှိ နေကျီးကန်းစုန်းမထံ သွားရန် ဖြစ်သည်။ ပထမဆုံး အနေဖြင့် သူ ဝူတိုင်းပြည်မှ ထွက်ခွာကာ “ကောင်းကင်ပြာတောင်တန်း”ကို ကျော်လွန်ရပေမည်။

မေ့မေ့ ပျောက်ကွယ်သွားသည့်နေ့မှ စ၍ ရေတွက်လျှင် အချိန် နှစ်လနီးပါး ကြာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်အတွင်း သူသည်လည်း ကျင့်ကြံခြင်း၌ များစွာ တိုးတက်မှုများ ရရှိခဲ့သည်။ သူ့အတွက် ကျန်တော့သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်လှမ်းရန်သာ ဖြစ်သည်။

နောက်ထပ် ခရီးလမ်းတွင် ကံကောင်းခြင်းများ၊ အခွင့်အလမ်း ကြုံတွေ့ရန် မဖြစ်နိုင်တော့ချေ။ သူ၏ ကမ္မတက်တူးမှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်၏။ ဝေ့ဝူယင်သည် လမ်း၌ ခရီးသွား ကျင့်ကြံသူ အချို့ကို မြင်တွေ့ရသော်လည်း သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် နှောင့်ယှက်ခြင်း မပြုကြချေ။

ဆယ်နာရီ၊ ဆယ့်နှစ်နာရီလောက် ပျံသန်းလိုက်၊ နားလိုက်၊ စားလိုက် သောက်လိုက်၊ ထို့နောက် ပြန်လည် ပျံသန်းလိုက်နှင့် အချိန်များက ပျင်းရိဖွယ် သံသရာ လည်နေခဲ့သည်။

ဝေ့ဝူယင်သည် မြို့များသို့ ရောက်တိုင်း ရပ်နားကာ ကောင်းကောင်း စားသောက် အပန်းဖြေ၏။ သူသည် ဒေသခံများနှင့် ရောယှက်ကာ ကူးလူး ဆက်ဆံခြင်းမျိုး မပြုချေ။ လမ်းတစ်လျှောက်၌ ပုန်းအောင်းကာ ခရီးသည်များကို လုယက်တတ်သည့် အဖွဲ့များနှင့် ကြုံတွေ့ရသော်လည်း ကြိုးကြာဖြူမှာ ချီပျစ်ခဲခြင်း အဆင့်တစ်နှင့် ညီမျှရာ ဝေ့ဝူယင် ဘာမှပင် လုပ်စရာ မလိုလိုက်ချေ။

ဝူတိုင်းပြည်တွင် ကျင့်ကြံသူများမှာ ချီပျစ်ခဲခြင်း အဆင့်ကို ဝင်ရောက်ပြီးနောက် သူတို့၏ ဘဝများကို ပြောင်းလဲ ပစ်လေ့ရှိသည်. သူတို့အတွက် သေမျိုးတို့၏ ရွှေ၊ ငွေ စသော ချမ်းသာ ကြွယ်ဝမှုများမှာ မက်မောစရာ မဟုတ်တော့ချေ။ သူတို့သည် နဂါးအရိုးပြာ မြို့တော်နှင့် ရွှေရောင်နို့နှစ်မြို့တော် တို့ကဲ့သို့သော မြို့ကြီးများသို့ သွားရောက်ကာ အလုပ်ရှာဖွေလေ့ရှိသည်။ ထိုအလုပ်များမှ ရရှိသည့် တစ်နေ့ဝင်ငွေမှာ သာမန် သေမျိုးများ တစ်သက်လုံး ရှာဖွေနိုင်သည့် ပမာဏနှင့်ပင် ညီမျှသည်။

ထိုလုပ်ငန်းဖြင့်ပင် သူတို့သည် ကိုယ်ပိုင် ကလန်မျိုးနွယ်များ တည်ဆောက်နိုင်သည့် အပြင် မိန်းမ ဆယ်ယောက်နှင့် ကလေးရာချီကိုပင် ကျွေးမွေးလာနိုင်ကြသည်။

သို့ဖြစ်လေရာ ဓားပြတိုက် လုယက်သူ အများစုမှာ ချီပျစ်ခဲခြင်း အဆင့်သို့ မတက်လှမ်းနိုင်သေးသည့် ဂျလေဘီ ကျင့်ကြံသူလေးများသာ ဖြစ်သည်။ သူတို့အနေဖြင့် ဝေ့ဝူယင်ကို ဓားပြတိုက်ရန် ကြိုးစားခြင်းကား ပိုးဖလံမျိုး မီးပုံတိုး သလိုပင်။

ဤသို့ဖြင့် သုံးပတ် ထပ်မံ ကုန်လွန်သွားသည်။

ဝေ့ဝူယင်သည် ကြိုးကြာဖြူ၏ ကျောထက်တွင် စီးနင်း လိုက်ပါရင်း အဝေးဆီမှ တောင်တန်း ပြပြကို လှမ်းမျှော်ကြည့်နေခဲ့၏။  ၎င်းကား နှစ်ကီလိုမီတာကျော်မြင့်ကာ အဆုံးအစမဲ့စွာ ရှည်လျားလွန်းလှသည်။

လွှသွားကဲ့သို့ တောင်စွယ်များ၊ နိမ့်ချည်မြင့်ချည် တောင်ထွတ်များ၊ နက်ရှိုင်းလှသော တောင်ကြား ချိုင့်ဝှမ်းများ... အရာရာမှာ ခမ်းနားထည်ဝါကာ လှပလွန်းလှပေသည်။

အကယ်၍ ကောင်းကင်သို့ မျှော်ကြည့်လိုက်မည် ဆိုပါက တောင်တန်းများ၏ အထက်ကောင်းကင်တွင် တိမ်များ ကင်းစင်နေသည်ကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ တိမ်တောင်များသည် အနီးအနား ဧရိယာများ တစ်ဝိုက်၌ ရှိနေသော်လည်း ဆန်းကြယ်စွာပင် တောင်ထိတ်များ တစ်ဝိုက်တွင်မူ လုံးဝ ကင်းရှင်းကာ ကြည်လင်နေ၏။ တိမ်စိုင်တိမ်သား အချို့သည် လေ၏ ခေါ်ဆောင်မှုနှင့် အတူ ထိုနေရာများဆီသို့ လွင့်စဥ်သွားကြသော်လည်း မရောက်ခင်မှာပင် တစ်စတစ်စ လွင့်ပြယ်သွားကြသည်။

ဝေ့ဝူယင်သည် ကောင်းကင်ပြာ တောင်တန်းကြီးကို လှမ်းကြည့်ရင်း စိတ်ထဲတွင် ကြည်နူး လာမိ၏။ ခရီးရှည်ကြီး တစ်ခု နှင်လာပြီးနောက် သူကား ရည်ရွယ်ထားသည့် နေရာသို့ ရောက်ရှိပေတော့မည်။ တောင်စဥ်တန်းကြီး၏ တစ်ဖက်တွင် လျှို့ဝှက် အယ်ဗန်သစ်တော ရှိနေပေသည်။

***

All Chapters