အပြစ်သားတို့၏ ရိုးရာ
Vol. 4 Ch. 55
မှတ်တမ်းများ၌ ဖော်ပြထားသည့် အတိုင်းဆိုလျှင်... ကောင်းကင်ပြာ တောင်တန်း ပတ်လည်ရှိ လျှို့ဝှက် အင်အားတစ်ခုသည် ချီပျစ်ခဲခြင်း အဆင့်အောက် နိမ့်ကျသော သားရဲများကို ဖြတ်ကျော်မှု မပြုနိုင်အောင် တားဆီးထားသည်ဟု သိရသည်။ ကံကောင်းထောက်မစွာပင် သူ့တွင် ကြိုးကြာဖြူ ရှိပေသည်။
ဝေ့ဝူယင်သည် ကောင်းကင်ပြာ တောင်တန်းနှင့် ဆက်နွယ်နေသည့် ဒဏ္ဍာရီပေါင်း မြောက်များစွာကို ကြားဖူးခဲ့၏။ အချို့က တောင်တန်းမှာ ဆန်းကြယ် သားရဲကြီး တစ်ကောင်၏ မေးရိုးဟု ယူဆကာ အချို့မှာမူ ကြယ်များ အကြား ခရီးသွားလာနိုင်သည့် တန်ခိုးရှင်ကြီး တစ်ပါးက ဖွဲ့စည်းထားသည်ဟု ယုံကြည်ကြသည်။
အခြား သီအိုရီများစွာ ရှိသေးသော်လည်း ထိုနှစ်ခုမှာ လူပြောအများဆုံး ဖြစ်သည်။ ထိုဒဏ္ဍာရီများမှာ တောင်တန်းကြီး၏ အဖြစ်မှန် ဟုတ်ချင်မှ ဟုတ်နိုင်သည့်တိုင် ဝေ့ဝူယင် ထိုကဲ့သို့ ဇာတ်လမ်းများကို နှစ်ခြိုက်ပေသည်။
ကြိုးကြာဖြူ၏ လည်ဆံမွေးများကို ညင်သာစွာ ပတ်သပ်ပေးလိုက်ရင်း ပို၍ မြန်မြန် ပျံသန်းရန် ဝေ့ဝူယင် ညွှန်ကြားလိုက်သည်။ သူကား တောင်တန်း၏ ပတ်လည်ရှိ လျှို့ဝှက်သော အင်အား ဆိုသည့် အရာကို မြင်ချင်လှပြီ ဖြစ်သည်။ အသစ်အဆန်းတစ်ခုအား မြင်တွေ့ရတော့မည် ဟူသော အတွေးက သူ၏ ရင်ကို အနည်းငယ် ခုန်စေသည်။
ဘုန်း...
ဝေ့ဝူယင် လှမ်းမျှော်ကြည့်နေချိန်မှာပင် ပေါက်ကွဲသံတစ်ခုမှာ အနီးအနားမှ ထွက်ပေါ်လာ၏။ သူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအသံက တောင်စဥ်တန်း တစ်လျှောက် ပဲ့တင်ထပ်ကာ ပျံ့နှံ့လာခြင်း ဖြစ်သည့်တိုင် တည်နေရာ အတိအကျကို သူသိပေသည်။ သူ မြောက်အရပ်သို့ လှမ်းကာ ကြည့်လိုက်၏။
ဂီး...
ရုတ်တရက်... ကြိုးကြာဖြူမှာ သွေးလန့်ခြောက်ခြားစွာ အော်ဟစ်လိုက်၏။ ၎င်းသည် တောင်ပံကို အားကုန်ခတ်ရင်း တောင်အရပ်သို့ ပျံသန်းလေတော့သည်။ ၎င်း၏ အမြန်နှုန်းကား မူလကနှင့် စာလျှင် နှစ်ဆ အထိပင် တိုးလာခဲ့သည်။
ဝေ့ဝူယင် လက်ကို ကြားကြာဖြူ၏ ကျောထက်သို့ တင်ရင်း ချီစွမ်းအား တစ်ခုဖြင့် အားဖြည့်ပေးလိုက်၏။ ထို့နောက် သူက ဝိညာဥ်အာရုံဖြင့် ၎င်းကို ဆက်သွယ်လိုက်သည်။
ကြောက်ရွံ့ခြင်း...
ထိုအရာကား ကြိုးကြာဖြူထံမှ သူခံစားမိသမျှ အကုန်အစင်ပင် ဖြစ်သည်။ သူ ကြိုးကြာဖြူနှင့် တိုက်ရိုက် စကားမပြောနိုင်သည့်တိုင် ဝိညာဥ်အာရုံမှ တစ်ဆင့် ၎င်း၏ စိတ်အတွေးနှင့် ခံစားချက်တို့ကို သိရှိနိုင်သည်။ ကြိုးကြာဖြူ ထိုမျှထိတ်လန့်နေသည်ကို တွက်ချင့်ပါက မြောက်အရပ် မိုးကုပ်စက်ဝိုင်းရှိ အန္တရာယ်မှာ အလွန် ပြင်းထန်ရပေမည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ မြောက်အရပ်ကို လှမ်းကြည့်လိုက်၏။ ထိုအရပ်တွင် မည်သည်ကိုမျှ သူ မတွေ့ရချေ။ အဘယ်ကြောင့် ကြိုးကြာဖြူ...
“နေဦး... ဘာကြီးလဲ...”
ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိစပ်လု မတတ် ကျဥ်းမြောင်းသွား၏။ မြောက်အရပ် မိုးကုပ်စက်ဝိုင်း၌ သေးငယ်သော တံလျှက်တို့မှာ တဖြည်းဖြည်း ပေါင်းစပ်နေသယောင် သူ တွေ့မြင် နေရသည်။ သူကြည့်နေစဥ်မှာပင် ၎င်းမှာ ပိုမို ကျယ်ပြန့်လာကာ အရပ်မျက်နှာ အနှံ့ကို ဖြန့်ကျက် ဝါးမျိုလာ၏။
“အပူလှိုင်းလား...”
ထိုကဲ့သို့ ပုံပန်းပျက်နေသည့် ဝေဝေဝါးဝါး မြင်ကွင်းမျိုးကို အလွန် ပူပြင်းသည့် ကန္တာရများတွင် မကြာခဏဆိုသလို မြင်တွေ့ရလေ့ ရှိသည်။ ၎င်းသည် လူတို့၏ အမြင်အာရုံကို မှုန်ဝါးစေကာ မိမိ မြင်နေရသည့် အရာက အစစ်အမှန် ဟုတ်၊ မဟုတ်ပင် သံသယ ဖြစ်စေသည်။
ဂီး... ဂီး...
ကြိုးကြာဖြူ၏ အမြန်နှုန်းက ပိုမို တိုးလာ၏။ ၎င်းကား ဘဝ တစ်လျှောက်လုံး တစ်ခါမှ မကြိုးစားဖူးသည့် အရှိန်နှုန်းကို ထုတ်ဖော်နေခဲ့ပြီ ဖြစ်သည်။ နက်နဲပြီး ကြောက်မက်ဖွယ် ကောင်းလှသည့် ခံစားချက် တစ်ခုမှာ ၎င်း၏ နှလုံးသား တစ်ခုလုံးကို ဝါးမျိုထား၏။ လေထုအား ထိုးခွဲမှုတွင် သူ၏ အမွေးအတောင် အချို့မှာ ကျွတ်ထွက်ကုန်ကာ အရေပြား အချို့ပင်လျှင် ကွဲအက်လာခဲ့သည်။
“မင်း ဘာလုပ်နေတာလဲ...”
ကိုယ့်ကိုယ်ကို ထိခိုက် ဒဏ်ရာရစေသည် အထိ ပြုမူနေသော ကြိုးကြာဖြူကို ကြည့်ကာ ဝေ့ဝူယင် အော်ဟစ်လိုက်၏။ သူက မြောက်အရပ်သို့ ကြည့်နေသည့် မျက်လုံးများကို ပြန်လည် ရုတ်သိမ်းရင်း ကြိုးကြာဖြူ၏ ခန္ဓာကိုယ်ထဲကို ဒြပ်စင်ချီအချို့ ထည့်သွင်းပေးလိုက်သည်။ စက္ကန့်ပိုင်းမျှ အချိန်အတွင်းမှာပင် ကြိုးကြာဖြူ၏ ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ ပျောက်ကင်းသွားကာ ခွန်အားများဖြင့် ပြန်လည် ပြည့်ဝ သွားတော့သည်။
သို့သော်လည်း ကြိုးကြာဖြူမှာ ရပ်တန့်ရမည့်အစား ပို၍ပင် လျှင်မြန်စွာ ပျံသန်းလေ၏။ ပို၍ ပို၍ မြန်လာသည်နှင့် အမျှ ၎င်း၏ အသက်စွမ်းအား ပင်လျှင် စတင်ကာ လောင်ကြွမ်းလာလေတော့သည်။
ဝေ့ဝူယင်မှာ စကားမပြောနိုင်အောင် တုန်လှုပ်သွား၏။ ဤတိရစ္ဆာန်က အသက်စွမ်းအားကိုပင် လောင်ကြွမ်းပစ်နေသည်လား။ မသိစိတ်၏ စေ့ဆော်တိုက်တွန်းမှုနှင့် အတူ သူ မြောက်အရပ်သို့ လှည့်ကြည့်လိုက်လေ၏။
ထိုမြင်နိုင်သည့် ပုံပျက်ပန်းပျက် တံလျှက်၏ အောက်တွင် ဖုန်မှုန့်များ၊ ကျောက်တုံးများ၊ လေများနှင့် သစ်ပင်များမှာ လွင့်စဥ်နေခဲ့၏။ ၎င်းကား နတ်ဘုရားလက်တစ်ဆူ ကောင်းကင်နှင့် မြေကြီးကို သူ့ထံသို့ တွန်းပို့နေသည့် အလားပင်။ ထိုတံလျှက် တံတိုင်းကား မိုင်ပေါင်းများစွာ မြင့်မားကာ တောရိုင်း တိရစ္ဆာန်များ အပေါ် ခုန်အုပ်နေသည်ကိုပင် သူ မြင်တွေ့နိုင်ပေသည်။
“ဘယ်လိုလဲ...”
ဝေ့ဝူယင်မှာ မျက်စိမျက်မှာ ပျက်နေခဲ့ပြီ ဖြစ်သည်။ မည်သည့် ကြောက်မက်ဖွယ် အရာများ ဖြစ်ပျက်နေသနည်း။
သူ့တွင် စဥ်းစားရန် အချိန်မရှိပေ။ ကြိုးကြာငှက်၏ လုပ်ရပ်မှာ မှန်ကန်သော်လည်း အောင်မြင်လိမ့်မည် မဟုတ်ချေ။ ၎င်းကား လုံလောက်အောင် မမြန်ပေ။ ထိုပုံပျက်ပန်းပျက် တံလျှက်နံရံကြီးကား တစ်စက္ကန့်လျှင် အနည်းဆုံး ဆယ်မိုင်မျှ နှုန်းနှင့် ရွေ့လျားနေခြင်း ဖြစ်သည်။ ထိုအရာက ကြိုးကြာဖြူ၏ အမြန်နှုန်းနှင့် ယှဥ်လျှင် ကွာခြားလွန်းလှသည်။
“ရပ်လိုက်... ငါမင်းကို ကာကွယ်ပေးမယ်”
ဝေ့ဝူယင်က အော်ဟစ်ရင်း ချီစွမ်းအင်ကို ကြိုးကြာဖြူ၏ ခန္ဓာကိုယ် အတွင်း ပစ်ထည့်ကာ မလှုပ်ရှားနိုင်အောင် တားဆီးလိုက်သည်။ ထို့နောက် သူသည် ခုန်တက်ကာ လေကို ဆုပ်ကိုင်လိုက်၏။
ရုတ်တရက်... ကြိုးကြာဖြူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်နိုင်အောင် ကြီးမားသည် ဒြပ်စင်ချီ လက်ကြီး တစ်ခုသည် ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်သည် ထိုလက်ကြီးဖြင့် ကြိုးကြာဖြူကို ဆုပ်ကိုင်ရင်း မြေပြင်ထံ တိုက်ရိုက် ပျံသန်းလိုက်သည်။
သူ၏ လှုပ်ရှားမှုများမှာ ကြိုးကြာဖြူထက် ပိုမို မြန်ဆန်နေ၏။ ဝေ့ဝူယင်သည် ကြိုးကြာဖြူကို သယ်ဆောင်ရင်း မိုးကြိုးခြေလှမ်း ကျင့်စဥ်နှင့် အတူ မြေပြင်နှင့် ခြေထောက် ထိတွေ့သွားသည်။ ရုတ်တရက် ထိုဝန်းကျင်တွင် မိုးကြိုး ပေါက်ကွဲသံများမှာ ပြည့်နှက်သွား၏။
ဘုန်း...
ဝေ့ဝူယင် ခြေထောက်ချရာ နေရာတွင် ငါးမီတာမျှ နက်သော ကျင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် နောက်ထပ် မီတာ တစ်ရာခန့်ကို ရောက်ရှိသွား၏။ ကျင့်စဥ်ကို အဆက်မပြတ် ထုတ်ဖော်ရင်း အမြန်နှုန်းကို အကန့်အသတ်ထိ ရောက်အောင် သူ မြှင့်တင်လိုက်သည်။ သို့သော်လည်း တံလျှပ်တံတိုင်းကြီးနှင့် စာပါက သူကား အလွန်တရာ နှေးကွေးနေဆဲ ဖြစ်လေသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်ရာ တံလျှပ်တံတိုင်းကြီး၏ ခမ်းနားသော မြင်ကွင်းကို အနီးကပ် မြင်တွေ့လိုက်ရ၏။ ထိုအရာကြီးကား အဆုံးအစမဲ့ကာ ဖုန်မှုန့်များ၊ မြေစိုင်များ၊ မြစ်များ၊ တိရစ္ဆာန်များ၊ သစ်ပင်များ၊ တိမ်တောင်များ၊ နောက်ဆုံး လူများဖြင့်ပင် ပြုလုပ်ထားသည်။
ဝေ့ဝူယင်သည် ထိုတံတိုင်း၏ အလယ်နားလောက်၌ အသက်လတ် အမျိုးသမီး တစ်ယောက်၏ ခန္ဓာကိုပင် မြင်တွေ့ရ၏။ မည်သည့် အသက်စွမ်းအားမှ ထွက်ပေါ်နေခြင်း မရှိတော့ရာ သူမ သေဆုံးသွားပြီမှာ သိသာလှပေသည်။
သူ၏ နှလုံးသားကား ပြင်းထန်သော ကြောက်ရွံ့မှုတို့နှင့် အတူ တဆတ်ဆတ် တုန်ရီ နေခဲ့ပြီ ဖြစ်သည်။
“ဒါက ပထမ ကပ်ဘေးလား...”
ချောက်ချားဖွယ်ရာ အတွေးနှင့် အတူ မနာခံလိုသော ဆန္ဒတစ်ခုက သူ၏ စိတ်ကို လွှမ်းမိုးသွား၏။ သူကား ယခုမှ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာခြင်း ဖြစ်သည်။ သူ့ အသက်မှာ အလွန်ငယ်သေးသည်။
သူ့တွင် လုပ်စရာပေါင်း မြောက်များစွာ ရှိပေသေးသည်။ သူ မိန်းမ ဆယ်ယောက်ကို တစ်ပြိုင်နက်တည်း ယူချင်သည်။ ဂုဏ်ယူရသည့် ကလေးများကို ပြုစုပျိုးထောင် ပေးလိုသည်။ ထို့အပြင် သူ ရွှေရောင်နို့နှစ် ကဲ့သို့သော မြို့တစ်မြို့ကို တည်ထောင်ချင်သည်။ ချမ်းသာ ကြွယ်ဝမှုနှင့် တီထွင် ဆန်းသစ်မှုတို့ကို ထိုမြို့အတွင်း ပေါင်းထည့်ချင်သည်။ သူ ကိုယ်ပိုင်ဂိုဏ်း တစ်ခုလည်း တည်ထောင်ချင်သေးသည်။ ထိုဂိုဏ်းနှင့် တစ်ကမ္ဘာလုံးကို သူ သိမ်းပိုက် အုပ်ချုပ်မည်။
များစွာ... များစွာ...
သူ ထိုထက်ပို၍ များစွာ လိုချင်သေးသည်။
“အား...”
သူ တုန်ရီစွာ အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများက ပြင်းထန်သည့် ရက်စက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏ ချီနှလုံးသား နှစ်ခုမှာ တစ်ပြိုင်နက်ပင် နိုးထလာကာ အသန်မာဆုံးသော ချီရင်းမြစ်များကို ထုတ်လွှတ်လာသည်။
“ဒြပ်စင်...”
သူ ဆေဘာဝိညာဥ်ကို ဆင့်ခေါ်ကာ အသန်မာဆုံး ဒြပ်စင် စွမ်းအင်၊ ဆေဘာစွမ်းအင်များဖြင့် ကိုယ်ထည် တစ်ခု ဖွဲ့စည်းလိုက်၏။ ဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နောက်သို့ ပြန်လှည့်ကာ သူ တိုက်ခိုက်ခြင်း မပြုချေ။ ရှေ့ကိုသာ ဆက်ပြေး၏။
တံလျှပ်တံတိုင်းကြီးမှာ အရာရာကို ဖျက်ဆီး သယ်ဆောင်လာနိုင်သည် အထိ သန်စွမ်းလှရာ လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအားများ ပါဝင်နေမည်မှာ ကျိန်းသေသည်။ အသက်လတ် အမျိုးသမီးမှာ သူ မြင်တွေ့ရသည့် တစ်ခုတည်းသော အလောင်း မဟုတ်ချေ။ အခြားလူများစွာလည်း ရှိပေသေးသည်။ သူတို့ အားလုံးကား အသက်စွမ်းအား ကုန်ခမ်းကာ သေဆုံး နေကြပြီ ဖြစ်သည်။ သို့သော်လည်း ဆန်းကြယ်စွာပင် သူတို့၏ ခန္ဓာများမှာမူ အကောင်း ပကတိ မပျက်မစီး ရှိနေဆဲ ဖြစ်လေ၏။
ဤသည်ကို ထောက်ချင့်ပါက ထိုတံလျှပ် တံတိုင်းကြီးမှာ အသက် အားလုံးကို နှုတ်ယူနိုင်ပုံ ပေါ်သည်။ ထိုကဲ့သို့ နားလည်ရန် ခက်ခဲသည့် အရာတစ်ခုကို သူ မည်ကဲ့သို့ ခုခံတိုက်ခိုက်ဝံ့မည်နည်း။
သူက ဒြပ်စင်ကို ကိုင်ကာ အရှေ့ရှိ လေထုကို အားကုန် ခုတ်ထည့်လိုက်၏။ အထက်ရှဆုံး ချီလှိုင်းတစ်ခုသည် လေထုကို ပိုင်းဖြတ်သွားကာ တဒင်္ဂစာမျှ ဖယ်ရှားပစ်လိုက်၏။ အသန်မာဆုံးသော စွမ်းအင်များနှင့် ဒြပ်စင်စွမ်းအင် အကုန်လုံးသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားသည်။
ထိုအခိုက်၌ သူသည် မိုးကြိုးခြေလှမ်းကို မှီခိုခြင်း မပြုတော့ပဲ အခြား ရွေ့လျားမှု ကျင့်စဥ် တစ်ခုကိုသာ အသုံးပြုထား၏။ ထိုကျင့်စဥ်ကား လိုအပ်ချက် အရ သူ ယခုပင် တီထွင်လိုက်သည့် ကျင့်စဥ် အသစ်စက်စက်ပင် ဖြစ်လေသည်။
ဆေဘာဒြပ်စင် အသက်ကယ်ကျင့်စဥ်...
ထိုအရာက ကျင့်စဥ်ကို သူ ပေးထားသည့် နာမည်ဖြစ်သည်။ ထိုနာမည်နှင့်အတူ သူသည် ကမ္ဘာကြီးကို “ငါဆက်ရှင်သန်မယ်” ဟူသည့် သတင်းစကား တစ်ခု ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် ချီနှလုံးသား နှစ်ခုစလုံးမှ အမြင့်ဆုံးသော စွမ်းအင်များကို ဆွဲထုတ်ထားပြီး တစ်ဖက်ကလည်း ကြိုးကြာဖြူကို တင်းကြပ်စွာ ပွေ့ပိုက်ထားသည်။ ထိုအခိုက်၌ သူသည် ရွေ့လျားရန် အတွက် ခန္ဓာကိုယ်ကို မသုံးတော့ပဲ ဒြပ်စင်ကိုသာ လုပ်ခွင့် အလုံးစုံ ပြုထား၏။
“အား...”
သေခြင်းနှင့် ရှင်ခြင်းမျဥ်းပေါ်၌ သူ အော်ဟစ်ကာ ဒြပ်စင်ကို နောက်တစ်ကြိမ် ခုတ်ထစ်လိုက်ပြန်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ အမြန်နှုန်းမှာ မျက်စိဖြင့် မမြင်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွား၏။ ထိုအခိုက်၌ သူကား ခန္ဓာ၊ သို့မဟုတ် ထုထည်ဖြင့် မဟုတ်တော့ပဲ ဆေဘာ၊ လောက၊ ဒြပ်စင်တို့ဖြင့်သာ ရွေ့လျားနေခြင်း ဖြစ်လေတော့သည်။
***