← Chapters

အပြစ်သားတို့၏ ရိုးရာ (၂)

Vol. 4 Ch. 56

အပြစ်သားတို့၏ ရိုးရာ (၂)

Vol. 4 Ch. 56

“ဝှစ်...”

တံတိုင်းကား သူနှင့် တစ်မိုင်ခန့်သာ ကွာဝေးပေတော့သည်။ လတ်တလောတွင် လောက၌ တံတိုင်းတစ်ခုနှင့် အလင်တန်း တစ်ခုသာလျှင် ကျန်ရှိပေသည်။ ယင်းတို့သည် လိုက်သူနှင့် ပြေးသူ သဘောကို‌ဆောင်၏။

ပြေးရင်း ပြေးရင်း... ဖိအားကြောင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာ၏။ သူ၏ သွေးကြောများနှင့် အသွေးအသားများမှာ ဒြပ်စင်၊ ဆေဘာချီတို့နှင့်  ပေါင်းစပ် လောင်ကြွမ်းသွားသည်။ ၎င်းမှာ ပြင်းထန်စွာ နာကျင်ရသည့်တိုင် ဝေ့ဝူယင်မှာမူ အရှိန်ကို အနည်းငယ်ပင် မလျှော့ချရဲခဲ့ချေ။

လေးဆယ့်ကိုး စက္ကန့်...

ကျင့်စဥ်အား စတင်သည့် အချိန်မှ စ၍ ရေတွက်လျှင် လေးဆယ့်ကိုး စက္ကန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် လေးဆယ့်ကိုး စက္ကန့်တိုင်တိုင် ပြေးခဲ့ပြီးချေပြီ။

ဘုန်း...

ရုတ်ချည်းပင် တံတိုင်းကြီးသည် လဲပြိုကျသွား၏။ သန့်ရှင်းသော မြေကွက်လပ် တစ်ခုနှင့် အလောင်းများ၊ ကျောက်တုံးများ၊ သစ်ပင်များသာ စုပုံ ကျန်ရစ်ခဲ့ပေသည်။

“အ...”

တံတိုင်းကြီး ရပ်တန့်သွားသည်နှင့် ချက်ချင်းပင် ဝေ့ဝူယင် ကျင့်စဥ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အဟုန်ကြောင့် မြေပြင်ပေါ် ပတ်ချာလည် လွင့်စဥ်သွား၏။ သူသည် သစ်ပင်များ ကျောက်တုံးများနှင့် ပွတ်တိုက်ကာ မြေကြီးထဲပင် နစ်ဝင်သွားသည်။ နောက်ဆုံး မီတာသုံးရာခန့် နက်သော ချောက်တစ်ခု ဖြစ်ပေါ်လာသော အခါတွင်မှ သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွား၏။

ကံကောင်းထောက်မစွာပင်... သူ၏ ခန္ဓာကိုယ်မှာ ဒြပ်စင်စွမ်းအင်များဖြင့် ဝန်းရံနေလေရာ သူ အသက်ရှင် နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ အရိုးများမှာ ကျိုးကြေကာ သူ၏ အရေပြားနှင့် ကြွက်သားများမှာ ဆိုးဆိုးရွားရွား စုတ်ပြဲသွားခဲ့ပြီ ဖြစ်။ သူ၏ သွားအချို့မှာ ကျွတ်ထွက်ကုန်ကာ ဆံပင်နှင့် အဝတ်အစားများ ဆိုလျှင် တစ်စပင် မကျန်ရှိတော့ချေ။

ဝေ့ဝူယင်သည် ချောက်ထဲမှ တွားသွားကာ အပေါ်သို့ တက်လာခဲ့၏။ မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် သူ ခန္ဓာကိုယ်ကို ပစ်ချ၍ အသက်အား အလုအယက် ရှူလိုက်သည်။

ထိုအချိန်တွင်ပင် ငှက်အော်သံကို သူ ကြားလိုက်ရလေသည်။

ဂီး...

ကြိုးကြာဖြူသည် သူ၏ နံဘေးသို့ ပျံသန်းလာကာ နှုတ်သီးဖြင့် ထိုးပင့်လျှက် ဝေ့ဝူယင်အား စစ်ဆေးနေခဲ့၏။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်ကာ ဆံပင်နှင့် အဝတ်အစားများ တစ်ခုမှ မရှိတော့သည့် သခင်၏ ရုပ်သွင်ကို သူ တစ်ခါမှ မမြင်ဖူးချေ။

“ငါပါကွ...”

ဝေ့ဝူယင် ပင်ပန်းနွမ်းနယ်ကာ နာကျင်နေသော အသံဖြင့် ဆိုလိုက်၏။

လွန်ခဲ့သော မိနစ်ပိုင်းသို့ ပြန်သွားရလျှင်... သူတို့ ပြေးလာသော အရှိန်ကား ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်လွန်းသည်။ သူ့အနေဖြင့် တစ်ကိုယ်စာ အရှိန်ထိန်းနိုင်သော်လည်း ကြိုးကြာဖြူမှာမူ လက်မှ လွတ်သည်နှင့် ကျိန်းသေ သေဆုံးရလိမ့်မည်။

ထို့ကြောင့်ပင် သူသည် လက်ကျန်ခွန်အားဖြင့် ကြိုးကြာဖြူကို ရပ်တန့်ပစ်ကာ မိမိကိုယ်ကို မြေပြင်ပေါ် ပစ်ကျစေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူကား သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်ရာ ထိုမျှလောက်ဖြင့် သေဆုံးလိမ့်မည် မဟုတ်ချေ။ တွက်ချက်ထားသည့် အတိုင်းပင် အဆုံး၌ သူ အသက်ရှင်ခဲ့ပေသည်။

“ဟားဟား...”

ပက်လက်လှန်လျှက် အနေအထားကပင် အန္တရာယ် အလုံးစုံ ရှင်းလင်း၍ ကြည်လင်နေသော ကောင်းကင်ကြီးကို သူ ကြည့်ကာ ရယ်မောလိုက်၏။ ထိုအခိုက်၌ လောကကြီးကား သူ့အတွက် လှပလွန်းလှသည်။

“အ...”

ရုတ်တရက် လောင်မြိုက်သော ခံစားချက် တစ်ခုက သူ၏ အရည်ပြားတွင် ဖြစ်ပေါ်လာ၏။ သူက အားနည်းစွာဖြင့် ခေါင်းအား မော့ကာ ညာဘက်လက်ကို ကြည့်လိုက်သည်။ ထိုအခါ သွေးရောင်အလင်း အချို့ သူ၏ အရေပြားတွင် ထွက်ပေါ်လာနေသည်ကို သူ မြင်လိုက်ရသည်။

မူလက ဗလာဖြစ်နေသည့် နေရာတွင် တက်တူးအသစ်များသည် ဆက်တက် ဖွဲ့စည်းလာ၏။ ဝေ့ဝူယင်သည် ထိုအရာကို မဖတ်တတ်သော်လည်း အလိုလို နားလည်နေခဲ့သည်။

“အပြစ်သားတို့၏ ရိုးရာ...

ပထမ ကပ်ဘေး နိုးထလာခြင်း...”

ဝေ့ဝူယင် ခန္ဓာကိုယ်ထက်ရှိ နာကျင်မှုများကိုပင် မေ့လျော့သွား၏။

“ဘာလဲ... ခုနကဟာက ပထမ ကပ်ဘေး မဟုတ်ဘူးလား...”

အပြစ်ကျမ်းစာများ၏ အဆိုအရဆိုလျှင် သွေးမျိုးဆက် ပိုင်ရှင်များသည် ကောင်းကင်၏ အငြိုးထားမှုကို ကျော်ဖြတ်ရသည်။ ထိုအရာက ရိုးရိုး ကောင်းကင်ကပ်ဘေးမျိုး မဟုတ်ချေ။ သင်နှင့် သင်၏ အနီးတစ်ဝိုက်ရှိ အရာအားလုံးကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ချေမှုန်းမည့် ကပ်ဘေးမျိုး ဖြစ်သည်။ ၎င်းနောက်တွင် အပြစ်သားတို့သည် ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုကို ထပ်မံ ကျော်ဖြတ်ရသည်။ ထိုအရာက ယနေ့၌ ကျရောက်လာမည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

မြေပြင်ကို ကျောခင်းရင်း ကောင်းကင်ကို မော့ကြည့်နေသည့် ဝေ့ဝူယင်၏ မျက်လုံးများ ဝေဝါးလာ၏။ ပင်ပန်း နွမ်းနယ်မှု လှိုင်းများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်၍ ပြင်းထန်စွာ စီးဆင်းလာရာ သူ အိပ်ပျော်သွားတော့မလို ခံစားလိုက်ရသည်။

သူ လက်ခလည်ကို ကောင်းကင်သို့ ပင်ပန်းတကြီး ထောင်လိုက်၏။

“ကောင်းကင်လည်း ချီးပဲ... ပထမ အပြစ်သား ဆိုတဲ့ ကောင်လည်း ချီးပဲ... မင်းတို့ အားလုံး ချီးပဲကွာ...”

ထိုထက်ပို၍ မဆဲနိုင်ခင်မှာပင် သူ၏ လက်မှာ အသက်ကင်းမဲ့သလို ပြိုလဲ သွား၏။ သူ၏ မျက်လုံးများမှာလည်း ဖြည်းညင်းစွာပင် မှိတ်သွားခဲ့သည်။

ကြိုးကြာဖြူမှာ ထိတ်လန့်သွား၏။ သူမသည် သခင့်အနားသို့ ပို၍ တိုးကပ်ရင်း နှိုးရန် ကြိုးစားလိုက်သည်။ မျက်ရည်စ အချို့ပင်လျှင် သူမ၏ မျက်ဝန်း၍ ဝေ့သီလာ၏။ သခင်သည် သူမအား အသက်ပေးကာ ကယ်တင်သွားခဲ့ချေပြီ။

ထိုအချိန်တွင်ပင် ဝေ့ဝူယင်မှာ လက်နှစ်ဖက်ကို ပေါင်ကြား ညှပ်ကာ ပုစွန်ထုပ်ကွေး ကွေးလိုက်၏။ ထို့နောက်တွင် သူ့ထံမှ ဟောက်သံများ ဆူညံစွာ ထွက်ပေါ်လာ‌တော့သည်။

“ ... “

ကြိုးကြာဖြူမှာ ရုတ်တရက် လန့်ဖျန့်ကာ နောက်သို့ပင် ခုန်ဆုတ်လိုက်မိလေ၏။

…

ရေကန်တစ်ခု နံဘေး၌...

ကိုယ်တုံးလုံး လူတစ်ယောက်သည် သူ့ကိုယ်သူ ဆေးကြောနေခဲ့သည်။ ချေးညှော်များ၊ သွေးခြောက်များနှင့် စုတ်ပြဲနေသော အရေပြားများကို သူ လက်နှစ်ဖက်ဖြင့် တိုက်ချွတ်နေ၏။ လခြမ်းသဏ္ဌာန် လည်ဆွဲနှင့် လက်စွပ် တစ်ကွင်းတို့မှ လွဲ၍ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် အရာမှ ရှိမနေခဲ့ချေ။

“ငါဘယ်မှာလဲ...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပြန်မေးခွန်း ထုတ်မိသည်။ အနီးအနားတွင် ကြိုးကြာသည် နှုတ်သီးကို ရေကန်အတွင်း နှစ်ရင်း ကျေနပ်သော အမူအရာနှင့် ရေသောက်သုံးနေခဲ့သည်။ ဝေ့ဝူယင်၏ အမွေးအမျှင် မရှိတော့သော မျက်ခုံး နှစ်ခုမှာ ကျုံ့သွား၏။

သူ လမ်းပျောက်နေလေပြီ။

သူ၏ လက်ရှိ တည်နေရာမှာ မူလ လမ်းကြောင်းနှင့် တော်တော်လေး အလှမ်းကွာသွားခဲ့ချေပြီ ဖြစ်သည်။ ခန့်မှန်းကြည့်ရလျှင် သူ ကောင်းကင်ပြာ တောင်တန်းနှင့် မိုင်ပေါင်း တစ်ရာမှ သုံးရာခန့် ကွာဝေးသော အရပ်သို့ ရောက်နေလောက်သည်။

သူ တွေးကြည့်လိုက်၏။ ကောင်းကင်ပြာတောင်တန်းမှ တောင်အရပ်တည့်တည့်သို့ သွားပါက ကျောက်စိမ်းကြာပန်းဂိုဏ်း၏ ပိုင်နက်၊ သို့မဟုတ် အခြားတိုင်းပြည် တစ်ခုသို့ ရောက်ပေလိမ့်မည်။ အနောက်ဖက်သို့ သွားလျှင်မူ ကမ္ဘာတိုက်တန်ဂိုဏ်းနှင့် နေသွေးနီနီဂိုဏ်းတို့၏ ပိုင်နက်များ ရှိသည်။ နေသွေးနီနီဂိုဏ်းမှ အနောက်မြောက်ဖက်သို့ သွားလျှင် ကောင်းကင်ဓားဂိုဏ်းကို ရောက်ပြီး မြောက်ဘက်သို့ သွားလျှင်မူ ရေပဲ့တင်သံဂိုဏ်းကို ရောက်သည်။ ‌ရေပဲ့တင်သံဂိုဏ်း၏ အရှေ့ဘက်တွင် ဝူတိုင်းပြည် ဗဟိုနယ်မြေနှင့် မြို့တော်တို့ တည်ရှိသည်။

သူ ကောင်းကင်ပြာ တောင်တန်းမှ တောင်ဘက် အရပ်တည့်တည့်သို့သာ ပြေးခဲ့ခြင်း ဖြစ်ရာ ဖြစ်နိုင်ချေ တည်ရှိရာက နှစ်ခုသာ  ရှိသည်။ ကျောက်စိမ်းကြာပန်းဂိုဏ်းနှင့် ရှင်းတိုင်းပြည် တစ်ခုခုပင်..။

ဝေ့ဝူယင် ရေကန်ထဲ၌ ကြည်လင်စွာ ထင်ဟန်နေသည့် သူ့ရုပ်သွင်ကို ငုံ့ကြည့်လိုက်၏။ သူ၏ ချောမောမှုများကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့နေရာတွင် ကျိုးကြေနေသော သွားများ၊ ကတုံးဖြစ်နေသော ဆံပင်နှင့် ညစ်ပတ် ပေရေနေသည့် အသားအရည်တို့က အစားထိုး ဝင်ရောက်‌ နေရာယူ သွားခဲ့ချေပြီ။

ထို့အပြင် လခြမ်းသဏ္ဌာန် လည်ဆွဲနှင့် သုံးလွှာလက်စွပ်တို့မှ လွဲ၍ သူ့တွင် ဘာမျှ မကျန်ခဲ့ချေ။ နေသွေးနီနီဂိုဏ်းမှ ပေးအပ်ထားသော လက်စွပ်မှာလည်း ပျောက်ဆုံးနေသည်။ အကယ်၍ ထိုလက်စွပ်သာ ရှိပါက အထဲရှိ ဆေးများဖြင့် ဆံပင်၊ အရိုး၊ သွားတို့ကို ပြန်လည် ကုသနိုင်လိမ့်မည် ဖြစ်သည်။

သူက ပြောင်နေ‌သော ဦးခေါင်းကို ပွတ်သပ်လိုက်ရာ နာကျင်မှု တစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ နောက်စိ၌ ကလေး လက်သီးအရွယ်ခန့် အချိုင့် တစ်ခု သိသိသာသာ ဖြစ်ပေါ်နေသည်။ ချီစွမ်းအင်ဖြင့်သာ ထိုအရာကို သူ ပြန် ကုစားနိုင်လိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ချီနှလုံးသားများကို နှိုးရန် ကြိုးစားလိုက်၏။ အသုံးမဝင်ချေ။ ၎င်းတို့ကား ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။ ပြန်လည် သက်သာလာရန် အချိန် ယူရလိမ့်မည် ဖြစ်သည်.

ထို့အပြင်... ဝေ့ဝူယင်သည် ခန္ဓာကိုယ် လှုပ်ရှားရာ၌ အခက်အခဲ အချို့ ကြုံတွေ့နေရသည်ကို သတိထားလိုက်မိ၏။ ဦးနှောက်ကား ခန္ဓာကိုယ်ကို ထိန်းချုပ်ရာ၌ ဟန်ချက်ပျက်နေပုံ ရသည်။ လမ်းလျှောက်သည့် အချိန်၌ ခြေလှမ်းများ ယိမ်းယိုင်သွားသလို၊ တစ်ခါတစ်ရံ တုန်ရီနေသလိုမျိုး သူ ကြုံတွေ့နေရသည်။

သူ၏ အရိုးအားလုံး ကျိုးကြေမသွားသည်မှာ ကံကောင်းလှသည်။ သို့သော်လည်း ကျောရိုးတည့်တည့်၌ ထိခိုက်သွားသည်က ကျင့်ကြံသူတို့ အတွက် စိတ်ပူစရာ ကောင်းလှသည်။

ကြိုးကြာဖြူမှာ ရေသောက်ပြီးသည်နှင့် ဝေ့ဝူယင်ထံသို့ လျှောက်လာ၏။ ထို့နောက် ၎င်းက နှုတ်သီးဖြင့် ဝေ့ဝူယင်၏ ညာလက်ကို ဆိတ်လိုက်သည်။ ဝေ့ဝူယင်မှာ မတုန့်ပြန်ပေ၊ သူသည် မျက်လုံးများကို မှိတ်ရင်း ဘယ်ဘက်လက်ဖြင့် ခေါင်းရှိ အချိုင့်ကို စမ်းနေတုန်း ဖြစ်သည်။

ဂီး...

ကြိုးကြာဖြူက အသံအနည်းငယ် ပြုလိုက်၏။ ဝေ့ဝူယင်က မျက်လုံးဖွင့်လိုက်ရာ ထိုသားရဲမှာ သူ၏ ညာဘက်လက်အား ဆိတ်နေသည်ကို မြင်ရသည်။ သူ၏ မျက်လုံးများက ပြူးကျယ်သွား၏။

သူ မခံစားရချေ။ သူ ဘာကိုမျှ မခံစားရချေ။

ဝေ့ဝူယင် ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို ဆုပ်ကိုင်လိုက်၏။ သူ အရိုးများ ကျိုးကြေနိုင်သည့် အင်အား တစ်ခုကိုပင် ထည့်သွင်းထားပေသည်။ ထိုအခါမှသာလျှင် သူ၏ ညာလက်က အနည်းငယ် နာကျင် လာခဲ့သည်။ သူ လက်ကို လွှတ်လိုက်၏။

အသက်ကို ပြင်းပြင်းရှူရင်း စိတ်ထဲ၌ တွင်းနက်တစ်ခု ဖွဲ့စည်းလာသလို သူ ခံစားလိုက်ရသည်။ ဝေ့ဝူယင် အတိတ်ရှိ အဖြစ်အပျက်များကို ပြန်လည် စဥ်းစားလိုက်၏။

သူ အမတေ ကျောက်တုံး တစ်ခုကို ရှာတွေ့ကာ နေသွေးနီနီဂိုဏ်း၏ အတွင်းစည်း တပည့် ဖြစ်လာခဲ့သည်။ မေ့မေ့၏ အဖွဲ့ကို ဝင်သည်။ ကျန်းညီနောင်နှင့် လက်တွဲခဲ့သည်။ ချီပျစ်ခဲခြင်း အဆင့်နှစ်ရောက်အောင် ကြိုးစားကာ ကျင့်ကြံခဲ့သည်။

သူ ဆက်လက် စဥ်းစား၏။ သို့သော်လည်း အတွင်းစည်း တပည့် ဘဝ အလယ်လောက်မှ စ၍ သူ ဘာကိုမှ မမှတ်မိတော့ချေ။

“ငါနောက်ဆုံး မှတ်မိတာက တံတိုင်းကြီးကနေ ပြေးရင်း လွတ်လာတယ်... နေဦး နောက်ထပ် မှတ်ဉာဏ်တစ်ခု... ငါသေမျိုး နတ်ဘုရား ဖြစ်လာတယ်... စဥ်းစားစမ်း... နဂါးအရိုးပြာမြို့တော်... မဟုတ်ဘူး ကျောက်စိမ်း... ကျောက်စိမ်း... အား...”

သူ၏ ခေါင်းမှာ နာကျင်စွာ ကိုက်ခဲလာ၏။ ဝေ့ဝူယင် ခေါင်းအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ကိုင်ရင်း မြေပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားသည်။

“ဖူး...”

ရဲရဲနီနေသည့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသော အခါတွင်မှ သူ အနည်းငယ် သက်သာ သလို ရှိလာခဲ့သည်။  ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူ့ တစ်ကိုယ်လုံးရှိ ဒဏ်ရာများမှာ သွေးများပြန်ထွက်နေခဲ့ပြီ ဖြစ်သည်။

ကြည့်ရသည်က သူ၏ မှတ်ဉာဏ်များမှာ တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားခဲ့ပုံ ပေါ်သည်။ ကျင့်ကြံသူ တစ်ဦး အနေဖြင့် ထိုအရာက ယာယီ သဘောသာ ဖြစ်ကြောင်း သူသိသည်။ ဦးနှောက် ထိခိုက်မှုကို သင့်တော်သော ကုထုံးများဖြင့် ပြန်လည် ကုသနိုင်သည်။ နောက်ပြီး... သူ အသက်မြက် သစ်သားချီကို ပိုင်ဆိုင်ထားသည်။ သူ စောင့်ဆိုင်းရပေမည်။ သူ စောင့်ဆိုင်းရန်သာ လိုအပ်ပေသည်။

ထိုသို့ တွေးတောရင်း သူ အိပ်လေပျော်သွားတော့၏။

ရုတ်တရက် နိုးလာချိန်၌ သူ၏ ခန္ဓာကိုယ်မှာ သွေးများ၊ ဖုန်များဖြင့် မည်မျှ ညစ်ပတ်နေကြောင်းကို သူ ပထမဆုံး သတိထားမိလိုက်သည်။ ထိုအရာက သူ့အား စိတ်မသက်မသာ ဖြစ်စေသည်။

“ရေကန်တစ်ခုပါလား...”

သူ အဆင်သင့်သလို ခံစားလိုက်ရ၏။ ရေကန်အတွင်း ဆင်းကာ သူ ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများနှင့် သွေးများကို ဆေးကြောလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို သူ ကြည့်လိုက်၏။ ဤနေရာက အစိမ်းသက်သက်... သူတစ်ခါမှ မမြင်ဖူးချေ။ သူ မည်မျှ ကြာကြာ ခရီးသွားပြီးပြီနည်း။ အနည်းဆုံး မိုင်ရာဂဏန်းခန့် ရှိလောက်သည်။

“ငါ ဘယ်မှာလဲ...”

ဝေ့ဝူယင်၏ ကြောင်တောင်တောင် ရေရွတ်သံကြောင့် ကြိုးကြာဖြူမှာ စိတ်မသက်မသာဖြင့် တွန်သံတစ်ခု ပေး၏။

ဝေ့ဝူယင် ထိုကဲ့သို့ ဖြစ်နေသည်မှာ လေးကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ရက်သတ္တပတ် အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည့်တိုင် သူ ဘာကိုမျှ မှတ်မိဟန် မရချေ။ ခရီးလမ်းတစ်လျှောက်၌ မကြာခဏဆိုသလို ဝေ့ဝူယင်မှာ သူ့ကိုယ်သူ သန့်ရှင်းရေး ပြုလုပ်ရန် ရေကန်များကို ရှာဖွေခိုင်းခဲ့သည်။ ဤ‌ရေကန်မှာ သူတို့ ရောက်ခဲ့သည့် တတိယမြောက် ရေကန်ဖြစ်သည်။ ထို့အပြင်... ‌ရေချိုးပြီးတိုင်းလည်း ဝေ့ဝူယင်မှာ မှတ်ဉာဏ် ချို့ယွင်းမှု ဖြစ်စဥ်ကို ခံစားနေရသည်။

ကြိုးကြာဖြူမှာ အပြစ်ရှိသလို ခံစားနေရ၏။ အကယ်၍ သခင်သာ သူမကို ကယ်တင်မည့် အစား ကိုယ့်ကိုယ်ကိုသာ ထိန်းကြောင်းခဲ့ပါက ယခုလို အဖြစ်မျိုး ကြုံဆုံရမည် မထင်ချေ။

ဝေ့ဝူယင်မှာ ရေချိုးပြီးနောက် ခါတိုင်းကဲ့သို့ပင် လက်နှစ်ဖက်ဖြင့် ခေါင်းကိုကိုင်ကာ သွေးအန်နေပြန်၏။ မြေပြင်ပေါ်တွင် လှိမ့်လူးကာ ကိုယ့်ကိုယ်ကို ညစ်ပတ်အောင် လုပ်ပြီးနောက် သူ ထရပ်ကာ ကြိုးကြာဖြူထံ လျှောက်လာခဲ့သည်။

“သွားကြစို့... ငါတို့ တောင်တန်းကို ပြန်ရှာရအောင်...”

သူက ကျောပေါ်သို့ တွယ်တက်ရင်း အမိန့်ပေးလိုက်သည်။

ဂီး...

ကြိုးကြာဖြူ ကောင်းကင်သို့ ပျံတက်လိုက်ရုံသာ ရှိသေးစဥ်မှာပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ရုတ်တရက် မှေးမှိန်သွားလေ၏။ သူက သူ့ကိုယ်သူ ငုံ့ကြည့်ကာ စိတ်ငြီငြူးဟန်ဖြင့် ခေါင်းခါလိုက်၏။

“ဟော... ကြည့်စမ်းပါဦး... ငါ အရမ်းညစ်ပတ်နေတာပဲ... လမ်းမှာ ရေကန်တစ်ခု အရင် ရှာလိုက်ရအောင်...”

ကြိုးကြာဖြူက စိတ်မကောင်းကြီးစွာဖြင့် တွန်သံတစ်ချက် ပြု၏။ သို့သော်လည်း ၎င်းကား သခင်၏ အမိန့်ကို တသွေမသိမ်း လိုက်နာနေဆဲ ဖြစ်လေတော့သည်။

***

All Chapters