လေလွင့်ခြင်း
Vol. 5 Ch. 57
ရိုးရှင်းကာ ကြမ်းတမ်းသည့် ရွာငယ်လေး၌...
ကလေးမလေး တစ်ဦးသည် သူမ၏ ခြေထောက် သေးသေးလေးများဖြင့် ခုံတန်းရှည် တစ်ခုအား ကန်ကျောက်နေခဲ့သည်။ မြစ်၏ နံဘေးတစ်လျှောက် ဝန်းရံတည်ဆောက်ထားသော ထိုရွာငယ်လေးတွင် လူဦးရေ ရာဂဏန်းခန့် မှီတင်း နေထိုင်ကြလေသည်။
မြေကြီးမှာ သိပ်အဖိုးမတန်သလို လူများမှာလည်း ဆင်းရဲကြလေရာ ဤနေရာလေးအား မည်သူမျှ သတိမထားမိကြချေ။ ထို့အတူ ခက်ခဲကာ အလှမ်းဝေးကွာလှသော လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ရွာငယ်လေးတွင် အဖြစ်အပျက်ဆန်းများမှာ ဖြစ်ခဲလှသည်။
“ဒီမယ် ဦးလေးကြီး...”
ကလေးမလေးက လက်လုပ်သကြားလုံး အပျော့လေးကို ဝါးရင်း ခေါ်လိုက်၏။
“ဦးလေးကြီးက ဒီရွာက မဟုတ်ဘူး မလား...”
စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် အပြာရောင် မျက်လုံးရွဲကြီးများနှင့် မြင်းမြီးပုံစံ ဆံပင်တို့က သူမအား ထူးထူးခြားခြား ချစ်ဖို့ကောင်းစေ၏။
မိန်းကလေး၏ ဘေးနားရှိ ခုံတန်းပေါ်ရှည်တွင်မူ... အိပ်ပျော်နေ သကဲ့သို့ လဲလျောင်းနေသည့် လူတစ်ယောက် ရှိသည်။ သူ၏ အနက်ရောင် ဆံပင်များမှာ ရှုပ်ပွေနေကာ သူ ဝတ်ဆင်ထားသည့် အနက်ရောင် ဝတ်စုံမှာလည်း အပြဲ၊ အစုတ်ရာများနှင့်သာ ပြည့်နှက်နေ၏။ သို့တိုင်အောင်... ထိုဝတ်စုံပင်လျှင် သူနှင့် အံဝင်ခွင်ကျ မရှိပဲ အတော်လေးကြီးနေပါသည်။ သူ့ခြေထောက်တွင် ဖိနပ်မပါသလို သူ့ မျက်နှာတစ်ခုလုံးမှာလည်း ဖုန်မှုန့်၊ ရွှံ့များဖြင့် ညစ်ပတ်ပေရေနေသည်။
လူညစ်ပတ်က နှာခေါင်းအား တစ်ချက် ပွတ်ကာ တစ်ဖက်သို့ လှည့်ကွေး၍ အိပ်ပျော်ချင်ယောင် ဟန်ဆောင်နေ၏။
“ဦးလေးကြီး အိပ်မပျော်ဘူး ဆိုတာ သမီး သိတယ်နော်...”
မိန်းကလေးက နှုတ်ခမ်းစူရင်း ခြေထောက်ဖြင့် ထပ်မံ ကန်လိုက်သည်။
“ငါ အိပ်ပျော်နေတာပါ...”
လူညစ်ပတ်က ခပ်တိုးတိုး ပြော၏။ ထို့နောက်... သူက ခြေဖဝါးအား လေးငါးချက် ကုပ်လိုက်ရင်း လက်ကို နှာခေါင်းနားကပ် အနံ့ရှူလိုက်သည်။ အနံ့အသက်ဆိုးကြောင့် သူ၏ နှာခေါင်းမှာ နောက်သို့ အနည်းငယ် တွန့်သွားကာ ချောင်းတစ်ချက် ဆိုးလိုက်၏။ သို့သော်လည်း... သူကား တစ်ချိန်လုံး မျက်လုံးများကို မှိတ်ကာ အိပ်ပျော်ချင်ယောင် ဆက်လက် ဟန်ဆောင်နေဆဲ ဖြစ်သည်။
“မဟုတ်တာ... အိပ်မပျော်ပါဘူး”
ကလေးမလေး၏ မျက်နှာက မခံချင်စိတ်ဖြင့် နီရဲလာသည်။
“ပျော်ပါတယ်...”
“မပျော်ဘူး...”
"ပျော်တယ်ဟာ...”
"မပျော်ဘူးဆို...”
“ဂါး...”
လူညစ်ပတ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအား ကုတ်ကာ အော်ဟစ်လိုက်၏။
“နင် ပျင်းနေရင် ရည်းစားသွားရှာပါလား... မဟုတ်ရင်လည်း တစ်နေရာသွားပြီး သကြားလုံး စုပ်နေဟာ”
ကလေးမလေးမှာ လူညစ်ပတ်၏ အော်ဟစ်သံကြောင့် လန့်ဖျန့်သွားသော်လည်း နောက်ဆက်တွဲ စကားလုံးများကို ကြားရသည့်အခါ ရှက်ရွံ့ကာ ဒေါသထွက်လာသည်။
“သမီးက ငယ်သေးတာ ဦးလေးကြီး မသိရအောင် ရူးနေတာလား”
သူမက အသံတစာစာနှင့် အော်လိုက်သည်။ သူမကား ယခုမှ ဆယ်နှစ်သာ ရှိသေးသည်။ ယောက်ျားနှင့် မိန်းမ ဆက်ဆံမှုများမှာ သူမ အရွယ်နှင့် မအပ်စပ်ကြောင်း လူကြီးများက သူမကို သွန်သင်ထားပေသည်။
“ဟီးဟီး... နင်က သကြားလုံး စုပ်ဖို့ ငယ်သေးတယ်ပေါ့ ဟုတ်လား... ဒါဆို သွားမပေါက်သေးတဲ့ ကလေးလေး ဖြစ်ရမယ်”
လူညစ်ပတ်က လှောင်ပြောင်ရယ်မောလိုက်၏။
“မဟုတ်ဘူး... အဲဒါကို ပြောတာ မဟုတ်ဘူးလေ”
ကလေးမလေးက နောက်တစ်ကြိမ် ငြင်ခုန်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူမကား စကားလုံး ကြွယ်ဝခြင်း မရှိသလို အတွေ့အကြုံမှာလည်း နည်းလွန်းလှသည်။
“ဟုတ်လား... ဒါဆို နင်က ဘာအတွက် ငယ်သေးတာလဲဟင်”
စိတ်ဝင်စားမှု မြင့်တက်လာသည်နှင့် အမျှ လူညစ်ပတ်၏ မျက်လုံးများမှာ တလက်လက် တောက်ပလာ၏။
“ရှင်... ရှင် သိတယ်...”
ကလေးမလေးက ရှက်ရှက်နှင့် ပြောသည်။ သူမသည် လူညစ်ပတ်ပြောသည့် စကားလုံးများကို လိုက်၍ မပြောဝံ့ချေ။
"ငါသိတယ် ဟုတ်လား... ငါ ဘာမှမသိဘူးလေ... နင် ရှက်လို့ မပြောရဲဘူး ဆိုရင်တော့ အဲဒါက တကယ်ပဲ ဖြစ်ရမယ်... ဟီးဟီး...”
ကလေးမလေးကို လှောင်ပြောင် ရယ်မောပြီးနောက် လူညစ်ပတ်မှာ မျက်လုံးများကို ပြန်လည် မှိတ်ကာ အိပ်ချင်ယောင် ဆောင်လိုက်၏။ သူသည် ခပ်ကျယ်ကျယ်ပင် လုပ်သံကြီးနှင့် ဟောက်ပြလိုက်သေး၏။
“ရှင်...”
မိန်းကလေးမှာ ခြေဆောင့်ကန်ရုံဖြင့် အားမရတော့ပဲ ခုံတန်းရှည်ကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော်လည်း... သူမ၏ လက်သီးသာ နာကျင်သွားရာ မျက်ရည်ဝဲတက်လာ၏။
“ဟွန့်... အဲဒါကြောင့် ရှင်က အိမ်ခြေရာမဲ့ ဖြစ်နေတာ... အရူးကြီး... စောင့်နေ တွေ့မယ်”
ခြေတစ်ချက် ထပ်မံ ဆောင့်ပြီးနောက် သူမလေးမှာ ထွက်ခွာသွားတော့သည်။
“အိမ်ခြေရာမဲ့...”
လူညစ်ပတ်က ညင်သာစွာ ရေရွတ်လိုက်သည်။ ထိုစကားလုံးကို ကြားရသည့်အခါ သူ၏ နှလုံးသားက နာကျင်သလိုလိုပင်။
သူက ခေါင်းအား ပွတ်သပ်လိုက်ရာ အနည်းငယ် ကိုက်သလို ခံစားလိုက်ရ၏။ မျက်လုံးများကို ဖွင့်လိုက်သည့် အခိုက်၌ ငွေရောင်အလင်း တစ်ခုက ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုနေရာတွင် ရှုပ်ထွေးမှုတို့က နက်ရှိုင်းစွာ နေရာယူနေ၏။
"ငါ ဘယ်မှာလဲ…"
ရုတ်တရက် ထိုမျက်လုံးတို့တွင် အသိဉာဏ်များက ပြည့်နှက်သွားသည်။ လူညစ်ပတ်က မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
"မင်း နာမည်က ဝေ့ဝူယင်… မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ… မင်းရဲ့ မှတ်ဉာဏ်…မင်းရဲ့ ဦးနှောက်…"
ဝေ့ဝူယင် ခေါင်းအား ထိလိုက်ရာ သူ၏ ဦးခေါင်းခွံမှာ ပြန်လည် ကောင်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အချိုင့်မှာ မကျန်ရှိတော့ချေ။ သို့သော်လည်း…
"ငါ့ရဲ့ ချီနှလုံးသားတွေ… သူတို့ သေသွားတာလား…"
သူ၏ ချီနှလုံးသားများမှာ ထျန်းတျန် အတွင်း တည်ရှိနေသေးကြောင်း သူ အာရုံခံနိုင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့မှာ ချီကို ထုတ်လွှတ်ခြင်း မရှိတော့ရာ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်၌ မည်သည့် စွမ်းအင်မျှ လှည့်ပတ်ခြင်း မရှိတော့ချေ။ အကယ်၍ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ဘေးဖယ်ထားပါက သူ့အား သေမျိုးတစ်ယောက် အဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
"ငါ့ရဲ့ မှတ်ဉာဏ်တွေကလည်း ယိုယွင်းနေပြီ… ငါ့ကိုယ်ငါတောင် မမှတ်မိတော့ဘူး… ငါ ဒီလို ဖြစ်နေဝာာ ဘယ်လောက်တောင် ကြာနေပြီလဲ…"
သူ၏မှတ်ဉာဏ်သည် လွတ်နေသည့် မီးခလုတ်တစ်ခု သို့မဟုတ် တစ်ပိုင်းတစ်စ ပျက်စီးနေသည့် မှတ်တမ်းတစ်ခုလို ဖြစ်နေခဲ့သည်။ ယနေ့ကဲ့သို့ ထူးထူးခြားခြား ကြည်လင်သည့် နေ့ရက်များတွင်သာ သူ အမှတ်တရများအားလုံးကို တစ်ပြိုင်နက် ပြန်လည် အမှတ်ရလာခဲ့သည်။
"ငါ့ရဲ့ ဦးနှောက်နဲ့ စိတ်မျက်လုံးမှာ တစ်ခုခု မှားနေတယ်… ချီနှလုံးသားတွေကလည်း မလှုပ်ရှားတော့ ငါ ပြန်ပြီး မကုသနိုင်ဘူး… ငါ အဲဒါကို ပြောင်းလဲဖို့ အစီအစဉ်တွေ ချထားခဲ့တယ်… ဟုတ်တယ် အခုက ငါ စောင့်နေတာ… ကြိုးကြာဖြူ ပြန်အလာကို စောင့်နေတာ"
ယခုကဲ့သို့ စိတ်ကြည်လင်သည့် နေ့ပေါင်း ခုနစ်ဆယ့် သုံးရက်နှင့် သူ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ တစ်ကြိမ်လျှင် တစ်နာရီမှ မိနစ် အနည်းငယ်လောက်ထိ ကြာမြင့်တတ်သည်။ စိတ်ကြည်လင်သည့် အချိန်မှာ တဖြည်းဖြည်းနှင့် လျော့နည်း လာသော်လည်း သူ သတိလွတ်နေသည့် ကြားကာလမှာမူ ပို၍ တိုးလာနေခဲ့သည်။
"အနည်းဆုံး နှစ်နှစ်လောက်တော့ ရှိလောက်ပြီ… ငါ့ရဲ့ ယူဆချက်သာ မှန်မယ်ဆိုရင် နောက်ဆုံး သတိရခဲ့တာက လွန်ခဲ့တဲ့ လေးလလောက်ကပဲ… ခုလောက်ဆို ကြိုးကြာဖြူ ပြန်ရောက်သင့်နေပြီ…မဖြစ်ဘူး… ဒီတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ငါ ခုလို သနားစရာကောင်းတဲ့ ဘဝနဲ့ အဆုံးသတ်ရလိမ့်မယ်"
ဝေ့ဝူယင်မှာ စိတ်ထဲတွင် မခံမရပ်နိုင်အောင် ခံပျင်းနေမိသည်။ သို့သော်လည်း သူ ဘာတတ်နိုင်မည်နည်း။
သူ့တွင် နေသွေးနီနီဂိုဏ်းကို ရောက်အောင် ပြန်ရန် မဆိုထားနှင့် လက်ရှိ တည်နေရာကို စုံစမ်းရန်ပင် အချိန် အလုံအလောက် မရှိချေ။ ကြိုးကြာဖြူမှာလည်း မည်သို့ ပြန်ရမည်ကို မသိချေ။ အကယ်၍ ဂိုဏ်းသို့ ပြန်ရောက်လျှင်ပင် သူ၏ လက်ရှိ အခြေအနေနှင့် အသက် အန္တရာယ်ကို အာမ မခံနိုင်ချေ။
အမှန်တကယ် မဟုတ်ပဲ နာမည်ကြီးနေသည့် "ကျင့်ကြံခြင်း ရတနာ" ဆိုသော အရာ အတွက် သူ့အား သတ်ချင်နေသူ မည်မျှ အထိ ရှိနေမည်နည်း။
သူ အစီအစဉ်သုံးခုကို ချမှတ်ခဲ့သည်။ ပထမ တစ်ခုက ကမ္မ ကံကောင်းမှုကို အားကိုးရန် ဖြစ်ပြီး ဒုတိယ တစ်ခုက ကြိုးကြာဖြူကို အားကိုးရန် ဖြစ်သည်။ နောက်ဆုံးတစ်ခုမှာမူ အဖြစ်အပျက်များ သူ့ဘာသူ အံဝင်ခွင်ကျ ဖြစ်ပြီး အဆင်ပြေသွားရန်ပင်…။
ကြိုးကြာဖြူသည် သူ အယုံကြည်ရဆုံး ဖြစ်သည်။ သူက ညာဘက်လက်ရှိ ကမ္မ တက်တူးကို စစ်ဆေး ကြည့်လိုက်ရာ ထိုအရာက မပြောင်းမလဲ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ ပထမ အစီအစဉ်မှာ မအောင်မြင်ကြောင်း သူ သိလိုက်သည်။ အကယ်၍ အစီအစဉ် တစ်ခုမှ မအောင်မြင်လျှင် တစ်စုံတစ်ယောက်က သူ့အား ကယ်တင်ကာ ကုသပေးဖို့ ဆုတောင်းရန်သာ ရှိတော့သည်။
ရုတ်တရက် ခေါင်းထဲမှ နာကျင်လာသလို သူခံစားလိုက်ရ၏။ ယင်းကား သူ၏ မှတ်ဉာဏ်များကို သိမ်းဆည်းရန် ကျဆင်းလာသည့် တံခါးတစ်ချက် အလားပင်။ သူ မည်မျှပင် ကြိုးစား ခုခံစေကာမူ နောက်ဆုံး၌ အရာအားလုံးမှာ ချိပ်ပိတ် ခံလိုက်ရလေ၏။
ဖြည်းညင်းစွာပင်… သူ၏ မျက်လုံးထဲမှ အလင်းမှာ မှေးမှိန်သွားလေသည်။ အိပ်ချင်မူးတူး အမူအရာက ထိုနေရာတွင် အစားထိုး နေရာယူလာ၏။ သူက ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ပတ်ချာလည်အောင် ကြည့်လိုက်သည်။
"ငါ ဘာလို့ ဒီရွာလေးကို ရောက်နေတာလဲ…"
ဝေ့ဝူယင် ထိုင်ရာမှ ထရပ်ကာ ဖုတ်ဖက်ခါ လိုက်၏။ ထို့နောက် တဝါးဝါးသမ်းရင်း အပျင်းတစ်ချက် ဆန့်လိုက်ကာ ခြေဦးတည့်ရာကို သူ ထွက်ခွာသွားလေတော့သည်။
ကလေးမလေးနှင့် သူမ၏ အကိုကြီးတို့ ပြန်ရောက်လာချိန်၌ ဝေ့ဝူယင်မှာ လေနှင်ရာ လွင့်စဉ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေတော့သည်။
***