← Chapters

ငရဲမင်းထံမှစိန်ခေါ်စာ

Vol. 4 Ch. 309

ငရဲမင်းထံမှစိန်ခေါ်စာ

Vol. 4 Ch. 309

စာကို ပေးပို့သူက စာအောက်တွင် သူ၏ အမည်ကို လက်မှတ် ရေးထိုးထားခြင်း မရှိပေ။ သို့သော် ထိုစာကို ပေးပို့သည့် သူကို ဟုန်ယန်ကျီ သိရှိပြီးသား ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် ထိုလက်ရေးမှာ ချင်းရွှမ်နတ်တံခါးမှ ဆန်းတန်ခိုးရှင်၏ လက်ရေးမူ ဖြစ်သောကြောင့်ပင်။ ဆန်းတန်ခိုးရှင်၏ လက်ရေးသည် သဘာဝဆန်ဆန် လှပလေသည်။ စာရေးသူ၏ စိတ်ထား လွတ်လပ်ခြင်း ကိုလည်း စာလုံးများမှ တစ်ဆင့် သိမြင်ရလေသည်။

ထို့ပြင် စာပေါ်တွင် ရေးသားထားသည့် စာလုံးတိုင်း၏ စုတ်ချက်တိုင်းသည် တာအို အနှစ်သာရ၏ သင်္ကေတများပင် ဖြစ်လေသည်။

သို့သော် ဆန်းတန်ခိုးရှင်က စာကို အလေးအနက် ထားပြီး ရေးခဲ့ခြင်း မဟုတ်ပေ။ ပေါ့ပေါ့ပါးပါးဖြင့်ပင် စိန်ခေါ်စာ တစ်စောင်ကို ပေးပို့ခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် စာရေးသူသည် ဆန်းတန်ခိုးရှင် မဟုတ်ဘဲ အခြား တစ်ယောက်သာဆိုလျှင် ဟုန်ယန်ကျီသည် အလေးအနက် ထားမိမည် မဟုတ်ပေ။ သို့သော် ဆန်းလျန်ဆိုသည်က အလွန် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် ဖြစ်ပြီး မည်သူ့ကိုမှ အထင်ကြီးတတ် သူလည်း မဟုတ်ပေ။

သူ့အနေဖြင့် ဆန်းလျန်၏ စိန်ခေါ်မှုကို လျစ်လျူမရှုရဲပါချေ။

သို့သော် ဟုန်ယန်ကျီ အနေဖြင့် ဆန်းလျန်ကို မည်သည့် နည်းနှင့်မျှ အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဟုန်ယန်ကျီနှင့် ဟွမ်ကျီ ကိုယ်တော်မှာ မဟာရန်သူများ ဖြစ်ကြပြီး ဘဝ၏ သက်တမ်း တစ်ဝက်ခန့်က သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ရင်း အချိန်ကုန်ဆုံး ခဲ့ကြသူများ ဖြစ်လေသည်။ ယခုတော့ ဟွမ်ကျီ ကိုယ်တော်သည် ဆန်းလျန်၏ လက်ချက်ဖြင့် သုတ်သင် ခံလိုက်ရပြီ ဖြစ်လေသည်။

သို့သော် သူ့ဘက်က အလျှော့ ပေးလိုက်မည် ဆိုလျှင် ဆန်းတန်ခိုးရှင်က သူ့ကို လွှတ်ပေးနိုင်ဖွယ်ရာ ရှိလေသည်။ ထိုသို့ စဉ်းစား လိုက်မိသည့် အခါတွင်တော့ ဟုန်ယန်ကျီသည် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

"ကောင်လေး၊ ဒီစာကို သေသေချာချာ သိမ်းထားလိုက်၊ ဒီစာက နောက်ဆိုရင် ငါတို့ဂိုဏ်းရဲ့ အခြေခံကျင့်စဉ် ထက်တောင် တန်ဖိုး ရှိလာနိုင်တယ်"

သူက တာအို ကျောင်းတော်ထဲတွင် ထိုင်နေသည့် တပည့်လေး တစ်ယောက်ကို ပြောလိုက် လေသည်။

ညက အေးစက် နေလေသည်။

အဝေး တစ်နေရာမှ ကန်ရေပြင်သည် မှန်သားကဲ့သို့ ကြည်လင်နေ၏။

လပြည့်ည ဖြစ်သည့် အတွက် ကောင်းကင်ထက်တွင် လပြည့်ဝန်းက ထိန်ထိန်သာ နေလေသည်။

လမင်းသည် တဖြည်းဖြည်း ကောင်းကင် ဗဟိုချက်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ တာအို တရားဓမ္မသည် သဘာဝကျစွာ ကာရံညီလျက် ရှိလေသည်။

ဟုန်ယန်ကျီသည် ဆန်းလျန်ဆီသို့ ရောက်ရှိလာခြင်း မရှိတော့ပေ။

ရေကန်ဘေးရှိ အဆောင်လေး တစ်ခုထဲတွင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ထိုင်နေ ကြလေသည်။ သူတို့နှစ်ယောက်က ရေကန် အလည်တည့်တည့်တွင် အရိပ်ထင်နေသည့် လမင်းကို ကြည့်ရှု ခံစားနေကြလေသည်။ သို့သော် ရေကန်ထဲတွင် လှိုင်းတစ်ချက် ခတ်သွားသည့် အတွက် လမင်း၏ အရိပ်သည် လှုပ်ခတ် သွားရလေသည်။ ရေထဲတွင် အလင်းမှုန်လေးများ အလား လမင်း၏ အရိပ်သည် လှုပ်ခတ် နေလေသည်။

ကျောက်ရှောင်ယွီက သူမ၏ လှပသည့် မျက်ဝန်းလေးဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရင်း…

"ဒီည ရှုခင်းက အရမ်းလှတာပဲ၊ ကျွန်မ တကယ် သဘောကျတယ်"

"လကလည်း ညတိုင်းသာနေတာပဲ၊ ရေကန်ကလည်း ဒီနေရာမှာ အမြဲရှိနေတာပဲ၊ အင်း… ဒီလိုလှပတဲ့ ရှုခင်းကို ကျုပ်တို့မှ မဟုတ်ပါဘူး၊ တွေ့မြင်ရတဲ့ ဘယ်သူမဆို သဘောကျကြမှာပဲလေ"

ကျောက်ရှောင်ယွီသည် ဆန်းလျန်၏ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးများကို ငေးကြည့် နေလေသည်။

ဆန်းလျန်၏ လက်ချောင်းလေးများသည် ဆင်စွယ်ဖြင့် ပြုလုပ်ထားသည့် လက်ကလေးများ အလားပင် ထက်မှတ် ရလေသည်။ လက်ချောင်းလေးများတွင် အပြစ်အနာအဆာ တစ်ချက် ကလေးမှ မရှိဘဲ နူးညံ့ နေလေသည်။ ထိုလက်အစုံသည် ထူးခြား ဆန်းကြယ်သည့် တာအို တန်ခိုးစွမ်းအား မျိုးစုံကို အသုံးပြုနိုင်စွမ်း ရှိသလို လောကတွင် အတု မရှိသည့် ဓားသိုင်းကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်လေသည်။

ထို့ပြင် ထိုလက်အစုံသည် လူကိုလည်း ကယ်တင် နိုင်သလို၊ လူကိုလည်း သတ်ဖြတ် သုတ်သင် ပစ်နိုင်လေသည်။

သူမဘဝတွင် ဆန်းလျန်ကို ချစ်ခင် မြတ်နိုး လေးစားသလိုမျိုး မည်သူ့ အပေါ်တွင်မှ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိပေ။ သူမဘဝတွင် ချစ်ခင်ခဲ့သည့် ပထမဆုံးနှင့် နောက်ဆုံးသော သူမှာ ဆန်းလျန် တစ်ယောက်တည်းသာလျှင် ရှိလေသည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"အမှန်ပဲ၊ ဒီလို ကြည်နူးစရာ အချိန်လေးက နတ်ဘုရားတစ်ပါး ဖြစ်ရတာထက်တောင် စိတ်ကျေနပ်စရာ ကောင်းသေးတယ်နော်"

ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…

"မဟုတ်သေးဘူး ရှောင်ယွီ၊ လူ့လောကမှာ နတ်ဘုရားတစ်ပါး ဖြစ်ရတာထက် ကြည်နူးစရာ ကောင်းတဲ့ အခိုက်အတန့် ဆိုတာ မရှိပါဘူး"

"ရှင်က ကျွန်မထက်အရင် နတ်ဘုရား တစ်ပါးအဖြစ် တက်လှမ်းနိုင်မယ့် သူပဲလေ၊ ကျွန်မက ရှင်နဲ့ပြိုင်ပြီး မငြင်းရဲပါဘူးနော်"

ကျောက်ရှောင်ယွီက ပြုံးရင်း ဆိုသည်။

"ရှောင်ယွီ၊ မင်းမှားပြန်ပြီ၊ နတ်ဘုရား တစ်ပါး ဖြစ်သွားပြီးရင်လည်း လူ့သဘော သဘာဝတွေ ကနေ လုံးလုံးလျားလျား ကင်းလွတ်နိုင်ခြင်း မရှိသေးဘူး၊ မြင့်မြတ်တဲ့ နတ်ဘုရားတွေဆိုတာလည်း လောကရဲ့ အစိတ်အပိုင်းတွေပဲ မဟုတ်ဘူးလား၊ သူတို့က မသေဆုံး နိုင်ကြပေမယ့်လည်း လူပြန် ဝင်စားခြင်းဆိုတဲ့ သံသရာထဲမှာ ပိတ်မိနေကြဆဲပဲ"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်လေသည်။ သို့သော် သူ၏ စကားက အခြေခံ အမှန်တရားပင် ဖြစ်လေသည်။

"ထားလိုက်ပါလေ၊ ခဏလေး နတ်ဘုရား ဖြစ်ရလည်း ဖြစ်ရတာ တန်ပါတယ်၊ ဒါပေမဲ့ တချို့လူတွေကတော့ နားလည်နိုင်ကြမယ် မထင်ဘူး"

ကျောက်ရှောင်ယွီက ဆန်းလျန်ပေါ် ထားသည့် သူမ၏ ခံစားချက်ကို စကားထဲတွင် အရိပ်အမြွက် ထည့်ပြီး ပြောလိုက်လေသည်။

"နားမလည်တဲ့ လူတွေက သေသွားကြတာပဲပေါ့"

ဆန်းလျန်က သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။

ရုတ်တရက်…

ဆန်းလျန်၏ ဆင်စွယ်ကဲ့သို့သော လက်ချောင်းလေးများသည် ဓားသွားကဲ့သို့ ထက်ရှ သွားလေသည်။ ထို့နောက် လက်ချောင်း ဆယ်ချောင်းသည် လေထဲတွင် လှုပ်ရှား သွားလေသည်။

ကန်ရေပြင်ဆီမှ လှိုင်းခတ်သံများ ထွက်ပေါ်လာလေသည်။ တည်ငြိမ်နေသည့် ရေကန်မှ ရေလှိုင်းလုံးကြီးများ မြင့်တက် လာလေတော့သည်။

လေများကလည်း ပြင်းထန်စွာ တိုက်ခတ် နေလေသည်။

ဆန်းလျန် ထုတ်လွှတ် လိုက်သည့် တန်ခိုး စွမ်းအားများသည် တစ်မိုင်ပတ်လည် အတွင်း ပျံ့နှံ့ သွားလေသည်။

ရေကန်အတွင်းမှ ရေလှိုင်းလုံးများသည် ဆန်းလျန်၏ အမြင်အာရုံများ ဖြစ်ပြီး သူ၏ တန်ခိုး စွမ်းအားများလည်း ပါဝင် နေလေသည်။

ရေကန် တစ်ခုလုံးတွင် လှိုင်းများ ပြင်းထန်နေပြီး ရေလှိုင်းများက သူတို့ ထိုင်နေသည့် အဆောင်လေးကိုပင် နှစ်မြှုပ် ပစ်တော့မည့်အလားပင်။

ထိုရေသံနှင့် လေသံများထဲတွင် တစ်စုံတစ်ယောက်၏ နှလုံးခုန်သံကလည်း ပေါင်းစပ် ပါဝင်နေလေသည်။ သို့သော် ထိုအသံကို မည်သူမျှ သတိမထားမိနိုင်ပေ။

အထက်မြက်ဆုံး ဝိညာဉ် စွမ်းအားသည်ပင်လျှင် ထိုအသံကို သတိထားမိနိုင်မည် မဟုတ်ပေ။

သို့သော် ဆန်းလျန်ကတော့ ထိုအသံကို သတိထားလိုက် မိလေသည်။

လေထုထဲတွင် ဓားသွား တစ်လက်ကို တွေ့မြင်နိုင်လေသည်။ ထိုဓားသွားက ရေလှိုင်းများ၏ အထက်နားမှ စီးမျော လာလေသည်။

စီးမျောလာသည့် ဓားသွား၏ စွမ်းအားက မြင့်မားလွန်း လှလေသည်။ သို့သော် တန်ခိုးစွမ်အားကတော့ နက်နဲခြင်း မရှိပေ။

ဓားသွားက လေထုကို ထိုးခွဲလိုက်ပြီး သဲလွန်စမကျန် ပျောက်ကွယ် သွားပြန်လေသည်။ ထို့နောက် လေထု တစ်နေရာတွင် ပြန်ပေါ် လာလေသည်။ ဓားသွားသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန် လွန်းလေသည်။

ဓားသွားသည် ကျောက်ရှောင်ယွီဆီသို့ အရှိန်အဟုန် ပြင်းစွာဖြင့် တန်းတန်းမတ်မတ် ဝင်ရောက် လာလေသည်။

ဓားသွားသည် လရောက်အောက်တွင် လက်ခနဲ ဖြစ်သွားလေသည်။ ဓားရောင်သည် ဆန်းလျန်၏ မျက်ဝန်းထဲတွင်လည်း ဖျတ်ခနဲ လင်းလက် သွားလေသည်။

ဆန်းလျန်၏ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့် အမျှ ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်သည် သူ၏ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီ ဖြစ်လေသည်။ ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဆက်ခံသူ တစ်ယောက် အနေဖြင့် ဓားဝိညာဉ်ကို အချိန်မရွေး ဖော်ထုတ် အသုံးပြုနိုင်နေပြီ ဖြစ်လေသည်။

လေထဲမှ ဓားသွားက ကျောက်ရှောင်ယွီထံသို့ အရှိန်ပြင်းစွာဖြင့် ဝင်ရောက် လာသည့်တိုင် ကျောက်ရှောင်ယွီကတော့ တည်ငြိမ် အေးဆေးနေဆဲ ဖြစ်လေသည်။ သူမက သူမ၏ နှလုံးသား တစ်ခုလုံးဖြင့် ဆန်းလျန်ကို အပြည့်အဝ ယုံကြည် ထားလေသည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တန်ခိုးစွမ်းအား တစ်စုံတစ်ရာကိုပင် ထုတ်ဖော် အသုံးပြုခြင်း မရှိပေ။ သူမ ဘဝ တစ်ခုလုံးကို ဆန်းလျန် ကာကွယ်ပေးမည်ဟု ယုံကြည် ထားလေသည်။

ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်သည် ဆန်းလျန် ဝိညာဉ်ထဲမှ ထွက်ခွာ သွားလေသည်။ ဓားဝိညာဉ်သည် ဆန်းလျန်၏ အတွေးထက်ပင် လျင်မြန် လွန်းနေလေသည်။ ဆန်းလျန်က လက်နှစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး သူ၏လက်များကို ရင်ပတ် နေရာဆီတွင် အတူတကွ ပြန်ယှက် ထားလိုက်လေသည်။

ကျောက်ရှောင်ယွီဆီသို့ ဝင်ရောက်လာသည့် ဓားသွားသည် ချက်ချင်းပင် ရပ်တန့် သွားလေသည်။

ဓားသွားထိပ်ဖျားမှာ တုန်ခါ နေလေသည်။ ဓားသွားမှ စွမ်းအားသည် ကြောက်မက်ဖွယ်ရာ ဖြစ်ပြီး ဓားသွားသည် ပေါက်ကွဲ ထွက်တော့မည့် အလား ထင်မှတ်ရလေသည်။

ဓားသွားမှ စွမ်းအားများသည် ပတ်ဝန်းကျင် တစ်ခုလုံးမှ အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိလေသည်။ ဓားသွားပိုင်ရှင်သည် ကိုယ့်အသက်ကိုယ် စတေးခံကာ ကျောက်ရှောင်ယွီကို လုပ်ကြံခြင်း ဖြစ်လေသည်။ လူသတ်သမားသည် အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလေစွ။

သို့သော် ဆန်းလျန်၏ လက်ချောင်းများဆီမှ ထွက်ခွာသွားသည့် သွေးနီရောင် ဓားဝိညာဉ်သည် ပေါက်ကွဲ ထွက်သွားလေသည်။ ထိုဓားဝိညာဉ်မှ တာအို အနှစ်သာရ တရား ဓမ္မရောင်စဉ်များ ဖြာထွက်လာပြီး စိတ်နှလုံးကို အေးချမ်း သွားစေလေသည်။

ကျောက်ရှောင်ယွီထံ ဝင်ရောက်လာသည့် ကြောက်မက်ဖွယ်ရာ ဓားသွားသည် ငြိမ်သက် သွားလေသည်။ ကန်ရေပြင်သည် လှိုင်းအငယ်သာ ကျန်ရှိပြီး ယခင်ကအတိုင်း တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

ဆန်းလျန်၏ လက်ချောင်းထိပ်ဆီမှ သွေးစက်တစ်စက် စီးကျလာလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးရှိ လေထုမှာ တိတ်ဆိတ် ငြိမ်သက်နေလေ၏။

ဆန်းလျန်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သွေးစက်များသည် သွေးမှုံများ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ဆန်းလျန်၏ သွေးမှုံများသည် ပတ်ဝန်းကျင် တစ်ခုလုံး ဖုံးလွှမ်းသွားပြီး လူရိပ်တစ်ခု ပေါ်လာလေသည်။

သွေးမှုံများသည် ပိုက်ကွန် တစ်ခုအလား ထိုလူရိပ်ကို ထိန်းချုပ် ထားလိုက်လေသည်။ ထိုလူရိပ်၏ လက်ထဲတွင် ဓားတစ်လက် ကိုင်ထားလေသည်။ ထိုဓားကို သွေးနီရောင် ဓားဝိညာဉ်၏ အရိပ်များက ဝါးမျိုသွားပြီး ဓားသွားမှာ အရည်ပျော်ကျ သွားလေသည်။

ဓားကိုင်ထားသည့် လက်မှာ သွေးချင်းချင်း နီရဲသွားလေသည်။ လူသတ်သမား၏ လက်ပင် ဖြစ်လေသည်။

ထျန်းဝိုက်ထျန်း….

လူသတ်သမားသည် ထျန်းဝိုက်ထျန်းမှ လူသတ်သမား ဖြစ်လေသည်။

ဆန်းလျန်က လူသတ်သမားကို ထိန်းချုပ် ထားလေသည်။ သို့သော် လူသတ်သမားက အလျှော့ ပေးခြင်း မရှိပါ။ ထိုသူက ထူးဆန်းသည့် စွမ်းအားများကို ထုတ်လွှတ် လိုက်လေသည်။ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ထိုင်နေသည့် အဆောင်လေးသည် တစ်စစီ ပေါက်ကွဲ ပျက်စီး သွားလေသည်။

သို့သော် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ထိုအဆောင်လေးထဲတွင် ရှိမနေတော့ပါ။ သူတို့ နှစ်ယောက်သည် ကောင်းကင်ထက်တွင် ရပ်နေ ကြလေသည်။ လရောင်သည် သူတို့ နှစ်ယောက်ပေါ်သို့ ဖြာကျ နေလေသည်။ သူတို့၏ပုံစံမှာ အခြားကမ္ဘာမှ တန်ခိုးရှင်များ အလားပင် ဖြစ်လေသည်။

"ထျန်းဝိုက်ထျန်းက တော်တော် ကြောက်စရာ ကောင်းတာပဲ၊ ကျုပ် အခုမှပဲ သိရတော့တယ်"

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်သည် လူသတ်သမားကို အေးအေးဆေးဆေးပင် သုတ်သင် လိုက်နိုင်သော်လည်း ပျော်ရွှင်ခြင်း မဖြစ်မိပါ။

ဆန်းလျန်၏ ခံစားချက်ကို ကျောက်ရှောင်ယွီသာ နားလည် နိုင်လေသည်။ လူသတ်သမားသည် တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ သူ့ကိုယ်သူ စတေးခံကာ သူသတ်ရမည့် လူကို နောက်ဆုံး အချိန်ထိ သတ်ဖြတ်ရန် ကြိုးစားခဲ့လေသည်။ ဤသည်မှာ ထျန်းဝိုက်ထျန်း၏ ကြောက်စရာ ကောင်းသည့် အချက်ပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် ထျန်းဝိုက်ထျန်းသည် အောင်မြင်မှုများဖြင့် နှစ်ပေါင်း ကြာရှည်စွာ ရပ်တည်နေခြင်း ဖြစ်လေသည်။

"အကြောက်တရား မရှိသော သူများကို မည်သည့် အရာကမှ ခြိမ်းခြောက် နိုင်မည်မဟုတ်”

ဟု တာအို ကျမ်းစာ တစ်ခုတွင် ရေးသားထားလေသည်။

မိမိအသက်နှင့် ဘဝကို စွန့်လွှတ်ရန်ပင် အသင့် ဖြစ်နေသူသည် လောကတွင် ကြောက်စရာ အကောင်းဆုံး လူသား ဖြစ်လေသည်။

ထျန်းဝိုက်ထျန်းမှ လူသတ်သမားများမှာ ထိုသို့သော လူစားမျိုးတွေ ချည်းသာ ဖြစ်လေသည်။

ကျီမော့တောင်သို့ ရောက်ရှိနေကြသည့် ကျင့်ကြံသူများကြားတွင် နောက်ထပ် သတင်းနှစ်ခု ထွက်ပေါ် လာပြန်လေသည်။

ပထမသတင်းမှာ ဟုန်ယန်ကျီသည် ဆန်းတန်ခိုးရှင်ထံမှ စာတစ်စောင် ရရှိပြီး တောင်ပေါ်မှ ထွက်ခွာ သွားပြီဆိုသည့်သတင်း ဖြစ်လေသည်။

ဒုတိယသတင်းမှာ တစ်သက်မှ တစ်ခါပင် ကြားဖူးကြခြင်း မရှိသော သတင်း ဖြစ်လေသည်။

ထိုသတင်းမှာ ထျန်းဝိုက်ထျန်းသည် လူသတ်လုပ်ကြံရန် လက်ခံထားသည့် အလုပ်ကို ပြန်လည် ရုတ်သိမ်းကာ နောက်ဆုတ် သွားသည်ဆိုသည့် သတင်းပင် ဖြစ်လေသည်။

ထိုသတင်း နှစ်ခုလုံးမှာ အလျင်အမြန် ပျံ့နှံ့ သွားလေတော့သည်။

ထိုသတင်း နှစ်ခုထက် ပိုပြီး ကျင့်ကြံသူများကို အံ့သြ ထိတ်လန့် သွားစေသည့် သတင်းမှာ ထျန်းဝိုက်ထျန်းကို ပြန်လည် ဆုတ်ခွာသွားအောင် ပြုလုပ်လိုက်သူမှ ချင်းရွှမ်နတ်တံခါးမှ ဆန်းတန်ခိုးရှင်ပင် ဖြစ်သည်ဆိုသည့် သတင်းပင် ဖြစ်လေသည်။

ထို့နောက်တွင်တော့ လော်ဝါဒဂိုဏ်းကွဲများ တစ်ခုပြီးတစ်ခု စာတစ်စောင်စီ ရကြလေသည်။ ထိုစာများမှာ ဆန်းတန်ခိုးရှင်မှ ပေးပို့သည့် စာများ ဖြစ်လေသည်။ အချို့သူများက ထိုစာကို "ငရဲမင်းထံမှ စိန်ခေါ်စာ" ဟု ခေါ်ကြလေသည်။

နောက်ဆုံးတွင်တော့ ချင်းရွှမ်နတ်တံခါးမှ ဆန်းတန်ခိုးရှင်၏ သတင်းသည် သူ၏ အစ်ကိုဖြစ်သူ သေစေခြင်း ကျောင်းတော်၏ အရှင်သခင်၊ ဓားတန်ခိုးရှင် ချန်ကျန့်မေထက်ပင် ကျော်ကြား သွားလေတော့သည်။

တစ်ခုခုဆိုလျှင်….

"ချင်းရှရဲ့ ငရဲမင်းထံမှ စိန်ခေါ်စာ ရောက်လာတော့မှာပဲ"

ဟူသည့် ဆိုရိုးစကားပင် ကျင့်ကြံသူများ ကြားတွင် ပေါ်ပေါက် လာခဲ့ရလေသည်။

ချင်းရှဆိုသည်မှာ ဆန်းလျန်၏ အမည်ပင် မဟုတ်ပါလား။

***

All Chapters