ပထမ ကပ်ဘေး
Vol. 5 Ch. 58
ရက်အနည်းငယ် အကြာ၌...
အလွန်တရာ ကြီးမားလှသည့် အဖြူရောင် ကြိုးကြာငှက်ကြီး တစ်ကောင်သည် ရွာငယ်လေးထဲသို့ ဆင်းသက်လာ၏။ ၎င်းသည် ရှည်လျားသော လည်ပင်းကြီးကို လှုပ်လီလှုပ်လဲ့ ဘယ်ညာယမ်းရင်း ဝေ့ဝူယင် ထိုင်ခဲ့သော နေရာတစ်ဝိုက်ကို စူးစမ်းနေခဲ့၏။
“အေရီယာ... သူ ဒီမှာ ရှိလား... မရှိဘူးလား... ငါတို့ သူ့ကို ရှာနေတာ တစ်လလောက်တောင် ရှိနေပြီနော်...”
အမျိုးသမီး တစ်ယောက်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ သူမသည် အစိမ်းရောင်နှင့် ရွှေရောင် ရောထားသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ ကျောထက်တွင်မူ အစိမ်းရောင် အပင်ငယ် တစ်ပင်နှင့် ခရမ်းရောင် မီးပြင်းဖိုအိုးတို့ကို လွယ်ထားခဲ့သည်။
သူမသည် အရပ်အနည်းငယ် ရှည်ကာ ပိန်ပါးသည်။ သို့သော်လည်း သူမ၏ ရင်သားနှင့် တင်ပါးတို့မှာမူ အကွေ့အကောက်များနှင့် နှစ်ခြိုက်ဖွယ် ကောင်းလွန်းလှ၏။
ဂီး...
ကြိုးကြာဖြူက တွန်သံပေးကာ သူ၏ သခင် ဤနေရာတွင် တကယ် ရှိခဲ့ကြောင်း၊ သိပ်မကြာခင်လေးကမှသာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြရန် ကြိုးစားလိုက်သည်။
“အေရီယာ... နင် ကိုယ့်ကတိ ကိုယ်တည်နော်... နင့် သခင်ကို ရှာပြီး ဂိုဏ်းထဲ ထည့်ပေးရုံနဲ့ ငါ့ရဲ့ သားရဲ အဖြစ် ထာဝရ နေပေးရမယ်”
အမျိုးသမီးက သတိပေးလိုက်၏။ သူမ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားသလိုလို၊ ပျော်ရွှင် သလိုလို ခံစားနေရသည်။ ဤကြိုးကြာဖြူသည် အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်တစ်၏ ခွန်အားများကို ပိုင်ဆိုင်ထားသည်။ ထိုသို့သော သားရဲကိုပါ စီးတော်ယာဥ် အဖြစ် ပိုင်ဆိုင်နိုင်ပါက ဂိုဏ်းအတွင်း သူမ၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားသွားမည်နည်း။
“ဂီး...”
ကြိုးကြာဖြူက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ကဲ... မြန်မြန်လေး ရှာလိုက်ရအောင်...”
အမျိုးသမီးက ဆိုလိုက်၏။ ကြိုးကြာဖြူသည် တောင်ပံကို ခတ်ကာ ကောင်းကင်ကို ပျံတက်လိုက်သည်။ ထို့နောက် ၎င်းမှာ လေဟုန်စီးရင်း သခင်ဖြစ်သူကို ဆက်လက် ရှာဖွေနေလေတော့သည်။
...
ထိုအချိန်၌...
ဝေ့ဝူယင်ကား လေတချွန်ချွန်ဖြင့် ရေကန်တစ်ခု၏ နံဘေးတွင် ရပ်နေခဲ့သည်။ သူကား မည်သည့်အရာကိုမှ ဂရုမစိုက်ပဲ ကော့ကာ သေးပန်းနေခြင်း ဖြစ်လေသည်။
လက်ရှိ ဝေ့ဝူယင်တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မည်သည့် မှတ်ဉာဏ်မျှ ရှိမနေချေ။ သို့သော်လည်း... ထိုအခိုက်၌ ထူးခြားစွာပင် လွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ကို သူ ခံစားနေရ၏။ သူ၏ ခြေထောက်များက လေနှင်ရာသို့ လွင့်ပါကာ သူ၏ ပါးစပ်မှာလည်း တွေ့ကရာကို စားသောက်သည်။
မြေကြီးမှာ သူ၏ အိပ်ရာဖြစ်လာကာ ကောင်းကင်မှာ သူ့အတွက် အမိုး ဖြစ်လာခဲ့သည်။
သူက အောက်သို့ ငုံ့ကြည့်ကာ ငယ်ပါကို လက်ဖြင့် ကိုင်လျှက် အနည်းငယ် ယမ်းလိုက်၏။
“ဟီဟီ... မိန်းမတွေ ဘယ်ရောက်နေလဲကွ... မင်းလေးရဲ့ အရွယ်အစားနဲ့ဆိုလေ သိလား... ငါ အများကြီး အများကြီး လက်ထပ်နိုင်မှာ... နည်းနည်းလောက် ရှာလိုက်ရရင် ကောင်းမလား”
သူက အချိန် အနည်းငယ် အလေးအနက် စဥ်းစားလိုက်သည်။ သိပ်မကြာခင်တွင်ပင်... သူ ခါးအား ဝိုက်ကာ ငယ်ပါကို ခွေးအမြီး ယမ်းသလို ယမ်းလေတော့သည်။
“ဟီး ဟီး ဟီး...”
သူ၏ ရယ်မောသံက ကလေးဆန်ခြင်း၊ ပျော်ရွှင်များနှင့် ပြည့်နှက်နေ၏။ ထိုသို့ ပြုလုပ်၍ အတန်ကြာပြီးနောက် အခြား အကြံ တစ်ခုက သူ၏ စိတ်ထဲတွင် ထပ်မံပေါ်လာပြန်သည်။
“ဟွန့်...”
သူက လက်နှစ်ဖက်ကို နောက်သို့ ပို့ရင်း ခါးကိုကော့လိုက်၏။ ထို့နောက်တွင်ကား သူ၏ ငယ်ပါအား စက်ဝန်းပုံစံ ချာချာလည်အောင် ဝှေ့ယမ်းပြန်လေတော့သည်။
“ကြည့်ကြပါဗျာ... ကြည့်ကြပါ... ဟဲဟဲ... လက်နဲ့ ကိုင်လို့တော့ မရပါဘူးနော်...”
ဇာတ်သမား တစ်ယောက်၏ လေသံမျိုးဖြင့် လုပ်ပြောပြောရင်း သူ ပတ်ချာလည်ကို ရှိုးပွဲ ပြသလို လိုက်လံ ပြသနေလေတော့သည်။
သို့သော်လည်း...
သူ၏ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိချေ။ အရာအားလုံးမှာ တိတ်ဆိတ် ခြောက်ကပ်နေကာ သားရိုင်းဟောက်သံ၊ လေတိုးသံများကိုပင် မကြားရချေ။
ဝေ့ဝူယင်မှာမူ ထိုအရာကို သတိထားမိဟန် မရပဲ သူ့နည်းသူ့ဟန်ဖြင့် ဆက်လက် ပျော်ရွှင်နေလေ၏။ ဤသို့ဖြင့် တဖြည်းဖြည်း မောပန်းလာသော အခါသို့ ရောက်မှ သူက ရေကန်ထဲသို့ ဒိုင်ပင် ထိုးချကာ ရေကူးရန် ဆုံးဖြတ်လိုက်သည်။
ရေပန်ပတ်လည်တွင် သွေးရောင် သစ်ရွက်နှင့် သွေးနံ့များ ဖြာထွက်နေသည့် အနက်ရောင် သစ်ပင်များ အစီအရီ ပေါက်ရောက်နေ၏။ ကောင်းကင်သည် မီးခိုးရောင် သမ်းကာ မှိုင်းညို့အုံ့မှိုင်းနေသည်။ လေထု၏ အခြေအနေကား ကမ္ဘာကြီးမှာ ကမ္ဘာကြီး မဟုတ်တော့ သလိုပင်။
ရေကန်ကား အလွန် ကြည်လင်ကာ အပြာရောင် သမ်းနေသည်။ အပေါ်မှ ကြည့်ပါက အောက်ခြေအထိပင် ထိုးဖောက် မြင်နေရပြီး တစ်ချိန်တည်း၌ ၎င်းမှာ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ကောင်းကင်တို့ကို ရောင်ပြန် ထင်ဟပ် ပေးနေ၏။
ဝေ့ဝူယင်သည် ရေကန်ထဲ၌ ပက်လက်လှန်ရင်း မျောပါနေ၏။ သူသည် မျက်လုံးများကို ပိတ်ရင်း ရေ၏ လန်းဆန်းမှုနှင့် အေးမြမှုတို့ကို ခံစားနေခဲ့သည်။ ရုတ်တရက် ခြေထောက် အကြောဆွဲသလို မခံစားရခင် အချိန်အထိ သူ ထိုအတိုင်း အတန်ကြာအောင် စိမ်ကာ ဇိမ်ခံနေခဲ့၏။
သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ ပုံရိပ်များကို မြင်တွေ့လိုက်ရ၏။ ထိုပုံရိပ်များမှာ သူ သို့မဟုတ် အခြားလူများ၏ ဖြစ်နိုင်ဖွယ် အတိတ်နှင့် ဖြစ်နိုင်ဖွယ် အနာဂတ်များပင် ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်သည် ပုံရိပ်များထဲ၌ နစ်မြုပ်သွားကာ ပြန်ဆွဲထုတ်၍ပင် မရတော့ချေ။ သူ၏ အတွေး၌ မြင်တွေ့နေရသမျှ အရာအားလုံးကား လောကကြီး၏ ငြင်းဆန်မရနိုင်သည့် အမှန်တရားများပင် ဖြစ်သည်ဟု ခံစားနေရ၏။
ပထမ သူမြင်ရသည့် ပုံရိပ်မှာ လူငယ်လေး တစ်ယောက် ဖြစ်သည်။ ထိုလူငယ်လေး၏ မျက်လုံးများမှာ တောက်ပနေကာ မြင့်မြတ်သော အရောင်အဝါမှာ သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ အကယ်၍ ဝေ့ဝူယင်သာ သတိဝင်နေပါက ထိုပုံရိပ်မှာ သူ၏ အကိုကြီး ဖြစ်ကြောင်း သိနိုင်လိမ့်မည် ဖြစ်သည်။
ပုံရိပ်ထဲတွင် လူငယ်လေးသည် တည်ကြည်ဖြောင့်မတ်ကာ များစွာသော အောင်မြင်မှုများကို ဆောင်ယူ ရရှိခဲ့သည်။ အသိဉာဏ် ပျောက်ဆုံးနေသည့် ဝေ့ဝူယင် ပင်လျှင် ပုံရိပ်များကို ကြည့်ရင်း သွေးများ ဆူလာခဲ့သည်။
သို့သော်လည်း...
သူ တိတ်တဆိတ် အားပေးနေစဥ်မှာပင် အဖြစ်အပျက်ဆိုးကြီး တစ်ခုမှာ စတင် လာခဲ့၏။ ထိုအဖြစ်အပျက်ဆိုးကြီးကြောင့်ပင် လူငယ်လေးမှာ သေဆုံးသွားခဲ့သည်။ ပုံရိပ်များတွင် သေခြင်းတရားကို အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် ခြယ်မှုန်းပြသထား၏။
သို့သော်လည်း ဝေ့ဝူယင်မှာ ကြောက်လန့်ရမည့် အစား ထိုလူငယ်လေးကိုပင် သနားနေခဲ့မိသည်။
“သူရဲကောင်း တစ်ယောက်တော့ သေသွားပြန်ပြီဟေ့... နောက်ထပ် ဇာတ်လမ်းက ဘယ်တော့ ပြမှာလဲ”
ဝေ့ဝူယင် စိတ်အား တက်ကြွစွာ မေးလိုက်၏။ သူသည် ထိုကဲ့သို့ ပုံရိပ်များကို ထောင်နှင့်ချီအောင် မြင်ခဲ့ပြီး ဖြစ်သည်။ တစ်ခါတစ်ရံ၌ အဖြစ်အပျက်များမှာ ပြောင်းလဲသွားကာ တစ်ခါတစ်ရံတွင်မူ လူများမှာ ပြောင်းလဲသည်။ တစ်ခါတစ်ရံ၌ ထိုလူတို့၏ အသက်များပါ ပြောင်းလဲ သွားသော်လည်း ဇာတ်လမ်းတိုင်း၏ အဆုံးသတ်မှာမူ ကြောက်မက်ဖွယ်ကောင်းဆဲ၊ မှောင်မိုက်နေဆဲပင်။
မကြာခဏဆိုသလိုပင်... ငွေရောင် မျက်လုံး၊ အနက်ရောင် ဆံနွယ်တို့နှင့် ချောမောလှသည့် ကောင်တစ်ကောင်ကို ဝေ့ဝူယင် ပုံရိပ်များထဲတွင် တွေ့ရ၏။ ထိုကောင်တွင် အောင်မြင်မှုများ ရှိသလို မရေမတွက်နိုင်သည့် ကျဆုံးမှုများလည်း ရှိနေသည်။ တစ်ခါတစ်ရံ၌ သူ၏ အောင်မြင်မှုနှင့် ကျဆုံးမှုများမှာ ခေါင်းနှင့် ပန်း ကဲ့သို့ ဒွန်တွဲနေပြန်၏။
ဝေ့ဝူယင်သည် များစွာသော ဇာတ်ကောင်များ အနက် “ထိုကောင်လေး”ကို စိတ်ဝင်စရာ အကောင်းဆုံးဟု ယူဆနေမိသည်။
သူသည် ပုံရိပ်များထဲ၌ ကိုယ့်ကိုယ်ကို သတ်သေပြီး အခြားလူများ၏ အသက်များကို ကယ်တင်ရန် တောင်းဆိုသည့် လူများကိုလည်း တွေ့ရသည်။ လူအချို့က မိန်းမများကြောင့် ဘဝပျက်သွား၏။ အချို့လူများမှာမူ အလွန် ရယ်စရာကောင်းသော ပုံစံများနှင့် သေဆုံး သွားကြသည်။ ထိုကဲ့သို့ အခါမျိုး၌ ဝေ့ဝူယင်မှာ ဟက်ဟက်ပက်ပက် အတောမသတ်နိုင်အောင် ရယ်မောတော့၏။
ပုံရိပ်များက မည်မျှပင် သွေးပျက်စရာ ကောင်းအောင် ခြယ်မှုန်းထားစေကာမူ သူကား လုံးဝ ကြောက်လန့်ခြင်း မရှိချေ။ တစ်ခါတစ်ရံ ဇာတ်ကောင်များကို သူ သနားသည်။ တစ်ခါတစ်ရံ အူလှိုက်သည်းလှိုက် ထရယ်သည်။ ထိုမျှသာ...။
အုံ့မှိုင်းနေသော ကောင်းကင်ယံ၏ အထက်၌ အလွန် ကြီးမားသော အရိပ်မည်း တစ်ခုတို့ မတ်တပ်ရပ်နေခဲ့၏။ ထိုအရိပ်ကြီးသည် အဆုံးမဲ့သော မျက်လုံးနှင့် လက်များကို ပိုင်ဆိုင်ထားကာ အထက်လောကနှင့် အောက်ကမ္ဘာအား တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ထားဟန် ရသည်။
အရိပ်မည်းကြီး၏ အောက်၌ သေးငယ်သော ပုံရိပ်နှစ်ခုမှာ မတ်တပ်ရပ်နေ၏။ သူတို့သည် ကျောထက်၌ အတောင်ပံများကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ တစ်ယောက်၏ အတောင်ပံမှာ ငွေဘော်ရောင် တောက်ပကာ နူးညံ့ ပြည့်ဖြိုးလှသော အတောင်များနှင့် ပြည့်နှက်နေ၏။ အခြားတစ်ယောက်၏ အတောင်ပံမှာမူ နက်မှောင်မှောင်နှင့် ကြက်သွေးရောင် အဆင်း ရှိ၏။ သူ၏ အတောင်ပံက လင်းနို့တစ်ကောင်၏ အတောင်ပံနှင့်ပင် တူနေသေးသည်။
ထိုကဲ့သို့ အတောင်ပံများမှ လွဲ၍ သူတို့၏ မျက်နှာများ၊ ခန္ဓာကိုယ်များမှာ ထင်ရှားခြင်း မရှိပါချေ။
“သူက ပထမ ကပ်ဘေးတစ်ခုလုံးကို ရှု့ဒေါင့် တစ်ခုတောင် မကျရှုံးပဲ အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးသွားခဲ့ပြီ... ဖြစ်နိုင်တာက... သူ... သူက ပထမ အပြစ်သား ပြန်ပြီး ဝင်စားတာများလား”
ငွေရောင် အတောင်ပံ ပိုင်ရှင်က အနည်းငယ် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
" ... “
ကြက်သွေးရောင် တောင်ပံပိုင်ရှင်မှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း အနည်းငယ် တုန်ရီနေသော ခန္ဓာကိုယ်ကို ထောက်ချင့်ခြင်းအားဖြင့် သူသည်လည်း အောက်ရှိ မြင်ကွင်းအား ကြည့်ကာ ထိတ်လန့်နေဟန် ရသည်။
“ဒီကပ်ဘေးက ရွေးချယ်ခံ အပြစ်သားတွေရဲ့ ရွေးချယ်မှု ဆုံးရှုံးခြင်း၊ အတိတ် ဆုံးရှုံးခြင်း၊ အနာဂတ် ဆုံးရှုံးခြင်း၊ ဆန္ဒ ဆုံးရှုံးခြင်း၊ ဘဝ ဆုံးရှုံးခြင်း၊ စိတ်ဝိညာဥ် ဆုံးရှုံးခြင်းနှင့် အလုံးစုံ ဆုံးရှုံးခြင်း စတဲ့ အတွေ့အကြုံတွေကို စစ်ဆေးတာပဲ”
ငွေရောင် အတောင် ပိုင်ရှင်က ဆက်ပြောလိုက်၏။
“ကျဆုံးမှုတစ်ခု ကြုံတာနဲ့ သူတို့က တစ်စုံတစ်ရာကို ဆုံးရှုံးရတယ်... ဒါပေမဲ့ အောင်မြင်မှု တစ်ခု ကြုံရင် တစ်စုံတစ်ခရာကို ရရှိနိုင်တယ်... ကပ်ဘေးဟာ ကံကြမ္မာ ဖြစ်လာပြီးတော့ ငရဲရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့လူဟာ ကောင်းကင်ဘုံရဲ့ ချီးမြှင့်မှုကို ခံရတယ်... ဒါပေမဲ့ အဲဒီ ဆုံးရှုံးမှု ခုနစ်ခု စလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့သူ မရှိခဲ့ဖူးဘူး”
“ဒီနေ့ မတိုင်ခင် အထိပေါ့...”
ကြက်သွေးရောင် တောင်ပံပိုင်ရှင်က စကားကို ဝင်ရောက် အဆုံးသတ် ပေးလိုက်သည်။
“သူ ပြီးသွားပြီ...”
အဆုံးမဲ့ မျက်လုံးနှင့် လက်များကို ပိုင်ဆိုင်ထားသည့် အရိပ်မည်းကြီးက ကြေညာလိုက်သည်။ အတောင်ပံများနှင့် ပုံရိပ်နှစ်ခုမှာ အောက်သို့ ငုံ့ကာ “လောကီ ဥပဒ် အမှောင်ရေကန်” ထဲ၌ ပက်လက်လှန် ရေကူးနေသည့် ဝေ့ဝူယင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ပြိုင်တူပင် သက်ပြင်းချလိုက်မိကြ၏။ ထိုအရာက ခြောက်ခြားနေသည့် စိတ်ကို သက်သာလို သက်သာငြား စိတ်ဖြေလေသလား မည်သူမှ မပြောနိုင်ချေ။
“သူ့ကို ပြန်ပို့လိုက်...”
အရိပ်မဲကြီးက အမိန့်ပေးကာ ပြန်လည် တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွား၏။ ပုံရိပ်နှစ်ခုမှာ ခေါင်းညိတ် လိုက်ကြသည်။ ထို့နောက် သူတို့သည် လက်ညိုးများကို ညွှန်ရင်း အနက်ရောင်နှင့် ငွေရောင် အလင်းတို့ကို ပစ်လွှတ်လိုက်ကြ၏။ ထိုအခိုက်၌ လောကကြီးမှာ နေရောင်ဖြင့် ပြန်လည် အသက်ဝင်လာကာ ဝေ့ဝူယင်၏ မျက်လုံးများမှာလည်း တဖြည်းဖြည်း ပွင့်ဟလာ၏။
အလင်းရောင်မှာ နွေးထွေးကာ အေးချမ်းလှသည်။ ထိုထက်ပို၍ မခွဲခြမ်း မစိတ်ဖြာနိုင်ခင်မှာပင် ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲ တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။
***