ဧဒင်ကမ္ဘာဂိုဏ်း
Vol. 5 Ch. 59
“ဝှစ်...”
အလင်းတန်းတစ်ခုသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားကာ မြေပြင်ပေါ်သို့ ညင်သာစွာ ချလိုက်၏။ သဘာဝ၏ အသံများက တွန်ကြူးကာ သူ့အား ကြိုဆိုနေကြပေသည်။ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ်တွင် ရေတစ်စက်မှ စိုမနေကြောင်းနှင့် အဝတ်ဗလာ ဖြစ်နေကြောင်း သတိထားလိုက်မိ၏။
“ငါ့ အဝတ်တွေရော... နေဦး ချီးပဲ... ငါမေ့သွားပြီ”
အဝတ်အစားများကို ရေမချိုးခင် ချွတ်ခဲ့ကြောင်း ပြန်လည်တွေးရင်း ဝေ့ဝူယင် ကျိန်ဆဲလိုက်မိ၏။ သူ့အား ဤနေရာသို့ ပို့လွှတ်သူမှာ ကျိန်းသေခွာသေ သူ့အဝတ်များကို ခိုးသွားခြင်း ဖြစ်ပေလိမ့်မည်။ ဝအောင် ဆဲရေး တိုင်းထွာပြီးမှ သူ ထရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“အိုး... ကြွက်ကြွက်လေး... မင်း ဒီမှာ ရှိနေတုန်းလား...”
ဝေ့ဝူယင်က သူ့အား စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်နေသည့် ကြွက်ဖြုူ ပုံစံ တိရစ္ဆာန်ကို ကြည့်ရင်း မေးလိုက်သည်။ ထိုတိရစ္ဆာန်မှာ အမှန်တကယ် ကြွက်တစ်ကောင် ဖြစ်နိုင်သော်လည်း အရွယ်အစားမှာ အလွန် ကြီးထွားသည်။ အကယ်၍ ခြေထောက်အား ထောက်ကာ အနည်းငယ် ထိန်းပေးပါက ၎င်းအား သူ စီးနင်း၍ပင် ရလောက်သည်။
အဆိုပါ ကြွက်ဖြူသည် ဝေ့ဝူယင် ရေကန်အတွင်း မဆင်းခင် ကတည်းက ဤနေရာ၌ ရှိနေခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် ပုံရိပ်များစွာကို ကြည့်နေခဲ့သည့် အတောအတွင်း များစွာသော အချိန်ကာလများအား ဖြတ်ကျော်ခဲ့သယောင် ခံစားခဲ့ရသည်။
သူသည် ထောင်ချီသော လူများကို မွေးချိန်မှ အစ၊ သေချိန် အဆုံး ထပ်ဖန် တလဲလဲ ပျင်းရိသည် အထိ မြင်ခဲ့ရသည်။ ထို့ကြောင့်ပင် ထိုကြွက်ဖြူကလေးမှာ သူ ရေကန်အတွင်း ရောက်နေချိန်၌ သေဆုံးသွားလောက်ပြီ၊ သို့မဟုတ် အသက်ကြီးသွားလောက်ပြီ ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း... ထူးဆန်းစွာပင် ကြွက်ဖြူမှာ မူလ ပုံစံအတိုင်း မူလ နေရာ၌ ရှိနေဆဲ ဖြစ်လေသည်။
ဝေ့ဝူယင် မသိသည့် အချက်ကား သူရေကန်အတွင်း ဝင်ရောက်နေသည့် အချိန်က ခုနစ်စက္ကန့်သာ ကြာမြင့်ခဲ့သည် ဆိုခြင်းပင်..။
အေးအေးဆေးဆေးပင် ပခုံးအား တွန့်ရင်း ဝေ့ဝူယင် ခြေဦးတည့်ရာကို ဦးတည်လိုက်၏။ သူကား အတိတ်မေ့နေသော အခြေအနေတွင်ပင် ငရဲ၏ ကပ်ဘေး တစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ကြောင်း လုံးလုံး သတိမထားမိခဲ့ပါချေ။
သူ၏ ညာဘက်လက်တွင်မူ အမျိုးမျိုးသော စာလုံးများသည် လျှင်မြန်စွာ ရွေ့လျားနေကာ အဆုံး၌ ရပ်တန့် သွား၏။
ကမ္မတန်ဖိုး - ၆၅၂.၅
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း - ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း - ၄၉ နှစ်
...
ဂီး... ဂီး...
ကြိုးကြာဖြူသည် လည်တံကို ဆန့်ကာ တွန်ကြူးရင်း အရပ်မျက်နှာ အနှံ့ လိုက်လံ ရှာဖွေနေခဲ့လေသည်။ သူမ၏ မျက်ဝန်းများတွင် စိတ်ပူခြင်း၊ အလျင်လိုခြင်း အရိပ်အယောင်များမှာ နေရာယူ စိုးမိုးထား၏။
ကြိုးကြာဖြူ၏ ကျောထက်တွင်မူ မိန်းကလေး တစ်ယောက်မှာ စိတ်မဝင်စားသော အမူအရာဖြင့် တိမ်ရှုခင်းများကို ငေးမောကြည့်နေခဲ့သည်။ သူမက ထိုကဲ့သို့ ရှာဖွေရခြင်း အပေါ် အတော်လေး ပျင်းရိ နေခဲ့ပြီ ဖြစ်သည်။
ဂီး...
ရုတ်တရက် ကြိုးကြာဖြူမှာ သခင်ဖြစ်သူ၏ အငွေ့အသက်ကို ရလိုက်သဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ ထို့နောက် သူမက အတောင်များကို ခပ်မြန်မြန်ခပ်ရင်း အရှိန်ကို မြှင့်တင်လိုက်သည်။
ဟူး...
မိနစ် အနည်းငယ် အတွင်းမှာပင် သူတို့၏ မြင်ကွင်းအတွင်း ညစ်ပတ်ပေရေနေသည့် ကိုယ်လုံးတီး ပုံရိပ်တစ်ခု တိုးဝင်လာခဲ့သည်။ ထိုပုံရိပ်သည် လွတ်လွတ်လပ်လပ် လေချွန်ကာ ငေးမောရင်း လမ်းလျှောက်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ပုံစံက ကမ္ဘာပေါ်တွင် တစ်ယောက်တည်း တည်ရှိနေသလို အထီးကျန် လွန်းလှ၏။
ကြိုးကြာဖြူသည် မြင်မြင်ချင်းပင် ထိုလူမှာ မည်သူ ဖြစ်ကြောင်း သိရှိလိုက်၏။ အထူးသဖြင့် လူငယ်၏ ခြေထောက် နှစ်ခုကြားတွင် တွဲလောင်းကျနေသည့် တတိယမြောက် ခြေထောက်က ထိုအရာကို ပိုသေချာစေသည်။
“အဲဒါက နင့်သခင်လား...”
မိန်းမငယ်က သံသယ ဖြစ်နေသော အသံဖြင့် မေးလိုက်၏။ သစ်တောအတွင်း ကိုယ်တုံးလုံးဖြင့် ညစ်ညစ်ပတ်ပတ် လျှောက်သွားနေသော အမျိုးသားမှာ လှပသော အေရီယာ၏ သခင် ဖြစ်လိမ့်မည် ဟု သူမ ထင်မှတ် မထားခဲ့ချေ။
ဂီး...
ကြိုးကြာဖြူက ညင်သာစွာ အော်ဟစ်လိုက်ရင်း ဝေ့ဝူယင်ရှိရာထံ ထိုးဆင်းလာခဲ့လေ၏။
...
ဝေ့ဝူယင်သည် အေးဆေးစွာပင် လမ်းလျှောက်နေခဲ့၏။ သူသည် သူ့ကိုယ်သူ မည်သူ ဖြစ်ကြောင်း၊ မည်သည့် နေရာသို့ သွားနေကြောင်း မသိချေ။ သို့သော်လည်း ဤကဲ့သို့ လမ်းလျှောက်ရသည်ကို သူ သဘောကျသည်။ ထိုအရာကပင် သူ ဆက်လက် အသက်ရှင်သန်ရန် လုံလောက်ပေသည်။
ဂီး...
ထွက်ပေါ်လာသော ကြိုးကြာတွန်သံကြောင့် သူက လှည့်ကြည့်လိုက်၏။ ထိုအခါ အလွန်တရာ ကြီးမားလှသော ငှက်ကြီးတစ်ကောင် သူ့ထံသို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ သူက ကြောက်လန့်ခြင်း မရှိပဲ ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
“မိဖြူ...”
သူက ကြိုးကြာဖြူအား သူ့ဘာသာသူ ပေးထားသည့် အမည်ဖြင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက တွန့်ဆိုင်းခြင်း မရှိပါပဲ ကြိုးကြာဖြူ အနားသို့ လျှောက်သွားကာ အမွေးအတောင်များကို လှမ်းဆွဲလိုက်၏။
ဂီး...
ကြိုးကြာဖြူက ပျော်ရွှင်စွာ အော်ဟစ်ရင်း သူမ၏ ခေါင်းဖြင့် ဝေ့ဝူယင်ကို ပွတ်သပ်လိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာမူ ထိုအရာကို စိတ်ဝင်စားဟန်ပဲ သူမ၏ အတောင်ပံရှိ အမွေးဖြူ တစ်ချောင်းကိုသာ ဆွဲနှုတ်လိုက်၏။
ဂီး...
ကြိုးကြာဖြူက နာကျင်စွာ အော်ဟစ်လိုက်၏။ အမွေးအတောင်များမှာ ကြိုးကြာငှက်များ၏ အသက် ဖြစ်သည်။ သူတို့သည် ထိုအရာကို အထူးဂရုစိုက်ကြကာ မပျက်မစီးအောင် ထိန်းသိမ်းလေ့ ရှိကြသည်။
ဝေ့ဝူယင်မှာမူ ထိုအရာကို သိရှိဟန် မရပဲ နမ်းလိုက်၊ အရေပြားပေါ် ပွတ်သပ်လိုက်နှင့် ဆော့ကစား နေတော့သည်။
မိန်းမငယ်မှာ တစ်ချိန်လုံး ငြိမ်သက်နေခဲ့၏။ သူမ၏ မျက်လုံးများက ဝေ့ဝူယင်၏ ခန္ဓာကိုယ်ပေါ် တဝဲဝဲလည် နေခဲ့သည်။ အထူးသဖြင့် အောက်ပိုင်းသို့ ရောက်သောအခါတိုင်း၌ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွား၏။ သို့သော်လည်း... သူမ အကြည့်မလွှဲခဲ့ချေ။
သူမ၏ ဝိညာဥ်အာရုံမှာ ဝေ့ဝူယင် အပေါ် လွှမ်းမိုးသွားပြီး မကြာခင်မှာပင် ထိုလူငယ်မှာ ကျင့်ကြံသူတစ်ယောက် မဟုတ်ကြောင်း သိရှိလာခဲ့သည်။ သူ့တွင် ချီစီးဆင်းမှု မရှိသလို ဝိညာဥ် အရောင်အဝါလည်း မရှိရာ ထိုအချက်များက ကျင့်ကြံမှု လုံးဝ မပြုထားကြောင်း ဖော်ပြနေသည်။သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်တောင့်တင်းကာ အရပ် ရှည်လျား လှသည်။ ထို့အပြင် ထွားကြိုင်းသင့်သည့် နေရာများတွင်လည်း ထွားကြိုင်းလှသည်။
အချိန်တစ်ခုကြာ အတွေးလွန်နေမှုများမှ နိုးထလာပြီးနောက် သူမက မေးလိုက်၏။
“အဲဒါ သူလား...”
သူမသည် အေရီယာ အဘယ်ကြောင့် ထိုလူငယ်ကို သခင်အဖြစ် တင်မြှောက်လိုက်ကြောင်း မသိပါချေ။ သို့သော်လည်း... ကျင့်ကြံခြင်း အခြေခံ မရှိသော လူတစ်ယောက်ကို သူမ လုံးဝ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။
သူမ ပိုင်ဆိုင်ထားသည့် သားရဲဆက်သွယ်ခြင်း အစီအရင်ကို ကျေးဇူးတင်ရပေမည်။ ထိုအစီအရင်ကြောင့်သာလျှင် သူမ အေရီယာနှင့် ဆက်သွယ်နိုင်ကာ အေရီယာ လိုချင်သည့် အချက်တို့ကို အကြမ်းဖျဥ်း ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည်လည်း ထိုအစီအရင်ကို မကြာခဏ အသုံးပြုတတ်ပြီး ၎င်းမှာ ကျင့်ကြံခြင်း လောကတွင် လူသုံးများသည့် အစီအရင် တစ်ခု ဖြစ်ပေသည်။
“အပေးအယူက အပေးအယူပဲနော်... ငါ နင့်သခင်ကို ရှာပြီး ဂိုဏ်းထဲမှာ လုံလုံခြုံခြုံ နေနိုင်မယ့် နေရာတစ်ခု ရှာပေးနိုင်ရင် နင်က ငါ့သားရဲ ဖြစ်လာမယ် ဟုတ်တယ်မလား...”
မိန်းကလေးက ကြိုးကြာဖြူကို သေချာအောင် ထပ်မံ ပြောလိုက်၏။
ကြိုးကြာဖြူက လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်မူ သူမ ထိုမိန်းကလေးကို ကြိတ်ကာ လှောင်ရယ်နေမိ၏။
ထိုမိန်းမက သခင်ဖြစ်သူကို မသိလေသလော။ အကယ်၍ သခင်သာ ပြန်လည် ကျန်းမာလာကာ အစွမ်းများ ပြန်လည် ရရှိသွားပါက ထိုမိန်းမ မည်သို့ ဖြစ်သွားမည်ကို သူမ သိလိုသေးသည်။ ဤအစီအစဥ်မှာ ဝေ့ဝူယင်၏ ညွှန်ကြားချက် တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့်ပင် သူမ အခြေအနေကို လက်ခံ ရပေမည်။
“ကဲ ကဲ... လာတက်တက်... သွားကြမယ်”
မိန်းမငယ်က ဝေ့ဝူယင်အား လှမ်းပြောရင်း ကြိုးကြာဖြူ၏ ကျောပေါ် တက်လာရန် လက်ဟန်ခြေဟန် ပြလိုက်၏။
ဝေ့ဝူယင်က သူမအား ကြည့်ကာ ပြုံးပြလိုက်သည်။ ကြိုးကြာဖြူကမူ ကျောကို မြေပြင်သို့ ဝပ်ကာ ဝေ့ဝူယင် တက်နိုင်အောင်နှင့် သက်တောင့်သက်သာ ထိုင်နိုင်အောင် ကူညီပေးသည်။
“ငါ့နာမည်က ချူးလမ့်ရှီးလို့ ခေါ်တယ်... နင် ငါ့ကို စီနီယာ အမ လမ့်ရှီးလို့ ခေါ်လို့ရတယ်”
သူမက ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်၏။ ဝေ့ဝူယင်က ထပ်မံ ပြုံးပြလိုက်ကာ လက်များဖြင့် ကြိုးကြာဖြူ၏ သားမွေးများ အပေါ် ပွတ်သပ်လိုက်သည်။ သူ၏ စိတ်ထဲ၌ ဆွဲနှုတ်လိုသည့် ယားယံမှု တစ်ခု ဖြစ်ပေါ်နေသော်လည်း သူ မလုပ်ခဲ့ချေ။
“ဪ... အ,အလား... ဘာမဖြစ်ပါဘူး... ငါတို့ ဂိုဏ်းကို ပြန်ရောက်ရင် နင့်အတွက် အဝတ်အစား ရှာပေးမယ်နော်”
သူမက ချိုသာစွာ ပြုံးပြရင်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် ထပ်မံ ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက ရမ္မက်မီးဖြင့် တဝင်းဝင်း တောက်ပလာသည်။
သူမက အဓိပ္ပာယ်ရှိစွာ တစ်ချက် ပြုံးရင်း နှုတ်ခမ်းကို ကိုက်လိုက်၏။
“အေရီယာ... ဂိုဏ်းကို သွားကြမယ်...”
ကြိုးကြာဖြူမှာမူ တောင်ပံခတ်သံကို တဖျပ်ဖျပ်ပေးရင်း ကောင်းကင်သို့ ပျံတက် သယ်ဆောင်သွားလေတော့သည်။
...
ဝူတိုင်းပြည်၏ တောင်ပိုင်းတွင် ရှင်းတိုင်းပြည် တည်ရှိ၏။ ရှင်းတိုင်းပြည်၏ အင်အားနှင့် အရွယ်အစားမှာ ဝူတိုင်းပြည်ထက် ပိုမို သေးငယ်သော်လည်း ထိုနေရာ၌ မည်သည့် စစ်ပွဲမျှ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ရှင်း အင်ပါယာမိသားစုနှင့် ၎င်း၏ ဂိုဏ်းများစွာမှာ ခွန်အားဖြင့် မဟုတ်ပဲ အခြား ကျွမ်းကျင်မှုများဖြင့်သာ ပြိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။
ရှင်းတိုင်းပြည်သည် အဂ္ဂိရတ် တာအို ကျွမ်းကျင်မှုဖြင့် အထူးထင်ရှားသည်။ အဂ္ဂိရတ် ပညာရပ်သည် မှော်ဆေးလုံးများ ဖန်တီးခြင်း၊ အသွင်ပြောင်းခြင်း၊ ပေါင်းစပ်ခြင်းတို့၏ အမွေအနှစ်တစ်ခုပင် ဖြစ်သည်။ မှော်ဆေးလုံးများသည် ကျင့်ကြံခြင်း အခြေခံကို တိုးမြှင့်ပေးနိုင်သလို ချီကို ပြန်လည် ပြည့်ဖြိုးစေနိုင်စွမ်း ရှိသည်။ ထို့အတူ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို ကုသရာ၌လည်း အသုံးဝင်သည်။ ထိုမျှမကသေး... ၎င်းတို့ကို တိုက်ပွဲများ၌ အလွန် အသုံးဝင်သည့် နည်းလမ်း အမျိုးမျိုးဖြင့်လည်း အသုံးပြုနိုင်ပေသေးသည်။
ထိုအကြောင်းပြချက်များကြောင့်ပင် ရှင်းတိုင်းပြည်ကို ပတ်ဝန်းကျင်နိုင်ငံများက ကြည်ဖြူကာ ကြားနေနိုင်ငံ တစ်ခုအဖြစ် ယူဆထားကြသည်။ သူတို့အား မည်သူကမျှ စစ်ကြေညာခြင်းမျိုး မပြုကြချေ။ ရှင်းတိုင်းပြည်သည် နိုင်ငံ အသီးသီးသို့ အဂ္ဂိရတ် ထုတ်ကုန်များ ပေးပို့ကာ အရပ်ရပ်မှ အထက်တန်းလွှာများပင်လျှင် သူတို့၏ ပံပိုးမှုများကို လိုအပ်ကြပေသည်။
ရှင်းတိုင်းပြည်အတွင်း၌ များစွာသော ဂိုဏ်းများ၊ နန်းတော်များ၊ မျှော်စင်များ၊ ကလန်များ၊ အကယ်ဒမီများ ရှိပေသည်။ ထိုအထဲမှ ဂိုဏ်းတစ်ခုမှာ ရှင်းတိုင်းပြည်အတွင်း ဝူတိုင်းပြည်ရှိ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် တူညီသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။
၎င်းအား ဧဒင်ကမ္ဘာဂိုဏ်းအား ခေါ်ပေသည်။ ဧဒင်ကမ္ဘာဂိုဏ်းသည် ဧဒင်ဖန်တီးခြင်း နည်းလမ်းဟု ခေါ်သော ကိုယ်ပိုင် အဂ္ဂိရတ်ကျင့်စဥ်တစ်ခုကို ပိုင်ဆိုင်ထားကာ အထူး လေ့ကျင့်ကြပေသည်။ ရှင်းတိုင်းပြည်အတွင်း ထိုကဲ့သို့ ကိုယ်ပိုင်နည်းလမ်း ကျင့်စဥ်ကို ပိုင်ဆိုင်ထားသည့် အင်အားစုပေါင်း မြောက်များစွာ ရှိသော်လည်း ဧဒင်ကမ္ဘာဂိုဏ်းမှာ ထိပ်ဆုံး၌ ရှိနေပေသည်။
ကြိုးကြာဖြူ တစ်ကောင်သည် လူနှစ်ယောက်ကို ကျောထက်၌ ပိုးရင်း ဧဒင်ကမ္ဘာဂိုဏ်းထံ ပျံဝဲလာလေ၏။ သူမမှာ အရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ ပင့်သက် ရှိုက်လိုက်မိသည်။
ဟူး... ဟူး...
ကီလိုမီတာ နှစ်ဆယ်ခန့် မြင့်မားမည့် မဟာ သစ်ပင်ကြီး တစ်ခုသည် တိမ်တောင်များကို ဖောက်ထွင်းကာ တောင်တန်းကြီး တစ်ခုအလား တည်ရှိနေ၏။ ၎င်းသည် မြို့တော်ကြီးတစ်ခုကိုပင် အုပ်မိုးနိုင်စွမ်း ရှိသည့် အကိုင်းအခက်၊ အရွက်အလက်များကို ဖြန့်ကျက်ထားသည်။
သစ်ပင်၏ အကိုင်းအခက်များမှာ မြေအောက် ဥမင်များ ကဲ့သို့ မည်သည့် သစ်ပင်၏ မည်သည့် အစိတ်အပိုင်းနှင့် မဆို ဝင်္ကပါ တစ်ခုသဖွယ် ဆက်သွယ်ထားသည်။ အကယ်၍ အနီးကပ်ကြည့်ပါက သစ်ကိုင်းကြီးများထက်၌ တံခါးကဲ့သို့ အပေါက်များ တည်ရှိနေကြောင်း တွေ့မြင်ရပေလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် အစိမ်းရောင် သစ်ရွက် သင်္ဘောများမှာ အမျိုးမျိုးသော လူများ၊ ပစ္စည်းများကို သယ်ဆောင်ကာ သစ်ပင်ကြီး တစ်ဝိုက်၌ လူးလာတုံခေါက် ပျံသန်းနေကြလေသည်။
“ဧဒင်ကမ္ဘာဂိုဏ်းကနေ ကြိုဆိုပါတယ်...”
ချူလမ့်ရှီးက ပြုံးကာ ကြေညာလိုက်၏။
“ဒါက မင်းတို့ရဲ့ အိမ်အသစ်ပဲ”
***