← Chapters

ရန်လင်း နန်းတော်

Vol. 5 Ch. 61

ရန်လင်း နန်းတော်

Vol. 5 Ch. 61

“ကဲ... သွားကြမယ်”

ချူးလမ့်ရှီးက ဝေ့ဝူယင်၏ လက်ကို ဆွဲကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ထိုနေရာမှာ သူမ၏ ကိုယ်ပိုင် အခန်း ဖြစ်ပြီး အတွင်းစည်း တပည့် ဖြစ်လာပြီးနောက် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ အခန်းထဲမှ ထွက်လာပြီးနောက် ဝေ့ဝူယင်သည် ခမ်းနားသည့် မြင်ကွင်းကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။

သူတို့သည် သစ်ပင်ကြီး၏ အတွင်းတစ်နေရာ၌ ရှိနေဆဲ ဖြစ်၏။ ထိုနေရာ တစ်လျှောက်၌ ထူးဆန်းကာ လှပသည့် ကျောက်တုံးများကို အစီအရီ မြှုပ်ထားသည်။ ထိုကျောက်တုံးများသည် နေ့အချိန်၌ နေထံမှ စွမ်းအားကို စုပ်ယူကာ ညအချိန်တွင် အလင်း ပြန်လည် ထုတ်လွှတ်ပေးသည်။

ကောင်းကင်ကို မြင်မနေရသည့်တိုင် ကျောက်တုံးများ၏ တောက်ပမှုကို အခြေခံ၍ ယခုက နေ့ခင်းအချိန် ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်သည်။ ထိုကဲ့သို့ ခန့်မှန်းရသည့် ခံစားချက်က ကောင်းမွန်လှ၏။

ချူးလမ့်ရှီးသည် ဂိုဏ်း၏ အခြေအနေကို ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

“ဧဒင်ကမ္ဘာဂိုဏ်းကို ခန်းမ ဆယ့်ခြောက်ခုနဲ့ ဖွဲ့စည်းထားတယ်... ခန်းမ တစ်ခုချင်းစီမှာ ကိုယ်ပိုင် အထူးပြုတဲ့ ပညာရပ်နဲ့ နာမည်ခံ တပည့်၊ အပြင်စည်း တပည့်၊ အတွင်းစည်း တပည့်၊ အဓိက တပည့်တွေ ရှိတယ်... အဲဒီ အထက်မှာ အကြီးအကဲတွေ၊ လက်ထောက် ခန်းမသခင်တွေနဲ့ ခန်းမ သခင်တွေ ရှိတယ်... ခန်းမ ဆယ့်ခြောက်ခုကို ကိုက်ကုန်းနဲ့ ကျွမ်းကုန်း ဆိုပြီး လမ်းစဥ် နှစ်ခု ခွဲထားတယ်”

“အခု မင်းက ကိုက်ကုန်းလမ်းစဥ် ခန်းမ ရှစ်ခုအနက် တစ်ခု ဖြစ်တဲ့ အစိမ်းရောင်နည်းလမ်း ခန်းမရဲ့ တပည့် တစ်ယောက် ဖြစ်သွားပြီ... သူတို့က အဂ္ဂိရတ်၊ တိုက်ခိုက်ရေးနဲ့ မှော်ဆေးပင် ပျိုးထောင်တာတွေကို လေ့ကျင့်ကြတယ်... ဒါပေမဲ့ အဲဒီ သုံးခုအနက် မှော်ဆေးပင် ပျိုးထောင်တဲ့ အပေါ်မှာ နည်းနည်းပိုပြီး အာရုံစိုက်ကြတယ်... အဲဒီ မှော်ဆေးပင်တွေကို ဂိုဏ်းတစ်ခုလုံးက အသုံးပြုတဲ့ အပြင် ရောင်းတောင် ရောင်းနိုင်ကြတယ်... ဆိုလိုတာက ကိုယ့်အတွက် အကျိုးအမြတ် အချို့ ရှိတယ်ပေါ့”

“နင်က အခုဆိုရင် အဓိက တပည့်ရဲ့ မှော်ဆေးလုလင်တွေထဲက တစ်ယောက် ဖြစ်သွားပြီ... မင်း အနေနဲ့ မှော်ဆေးပင် အမျိုးမျိုးကို ဂရုစိုက်ပြီး ပြုစု ပျိုးထောင် ပေးရလိမ့်မယ်... မင်းရဲ့ ဘဝက မှော်ဆေးပင်တွေ ဖြစ်သွားလိမ့်မယ်... မင်းရဲ့ အသက်ကလည်း မှော်ဆေးပင်တွေပဲ... မင်း မှော်ဆေးပင်တွေ အတွက် ကျင့်ကြံရမယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... မင်း ဘဝက ဘေးကင်းပြီး လုံခြုံပါလိမ့်မယ်”

ချူးလမ့်ရှီး ရှင်းပြနေသော်လည်း ဝေ့ဝူယင်မှာ အပြည့်အဝ နားမလည်ပါချေ။ သို့တိုင်အောင် သူ သိချင်စိတ်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

မှော်ဆေးပင်များမှာ ဆေးစွမ်းအင်ဖြင့် ပြည့်နှက်နေသည့် အပင်များ ဖြစ်ပြီး မှော်ဆေးလုံးများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ကြသည်။ “မှော်ဆေးပင်” ဟူသော ဝေါဟာရသည် အလွန် ကျယ်ပြန့်လှပြီး အဂ္ဂိရတ် လမ်းစဥ်တွင် အနည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြသည်။

ဆိုလိုသည်က သာမန် မြက်ပင်တစ်ပင် သို့မဟုတ် ရေညှိတစ်ပင်ကိုပင်လျှင် အဂ္ဂိရတ် ပညာရပ်တွင် အသုံးဝင်ပါက မှော်ဆေးပင် အဖြစ် သတ်မှတ်နိုင်သည်။ သို့သော်လည်း... ပန်းတစ်ပွင့် မည်မျှပင် လှပစေကာမူ အဂ္ဂိရတ် တန်ဖိုး မရှိလျှင် မှော်ဆေးပင် အဖြစ် သတ်မှတ်နိုင်လိမ့်မည် မဟုတ်ချေ။

အချိန်အတန်ကြာ ဟိုကွေ့သည်ကွေ့နှင့် လမ်းလျှောက်လာပြီးနောက် ဝေ့ဝူယင်တို့သည် အတော်အတန် ကြီးကျယ်သော နန်းတော် တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုနန်းတော်၏ အဝတွင် ကြီးမားသော စကားလုံးများဖြင့် “ရန်လင်းနန်းတော်” ဟု ရေးထိုးထားသည်။

ဝေ့ဝူယင်သည် အလွန် လှပသော လက်ရေးကို ကြည့်ကာ ငေးမော နေမိသည်။ ထိုကဲ့သို့သော ကျက်သရေ ရှိလှသော စာလုံးများမှာ ချီးကျူးရန် ထိုက်တန်သည်။ သူ မည်သူ ရေးသားထားသည်ကို သိချင်လာမိသည်။

ချူးလမ့်ရှီးမှာ ဝေ့ဝူယင်၏ တုန့်ပြန်မှုကို ကြည့်ရင်း အပြစ်ရှိသလို ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ခိုင်မာကာ ပြတ်သားနေ၏၊ သူမ အေရီယာကို ရရှိခဲ့သည်။ အေရီယာနှင့် ဆိုပါက ပိုမိုသော အကျိုးအမြတ်များကို သူမ ရရှိနိုင်သည်။

နန်းတော်၏ တံခါးများတွင်မူ ယောက်ျား နှစ်ယောက် ရပ်နေခဲ့၏။ သူတို့သည် ပိန်ပါး ငယ်ရွယ်ကာ ချောမောကြပေသည်။ သူတို့သည် အစောင့်များထက် လူပေါ်ကျော့လေးများနှင့် ပိုမို တူနေသေးသည်။ သူတို့၏ နုနုထွေးထွေး ပုံစံနှင့် ကိုင်ထားသော လက်နက်များမှာ တစ်စက်ပင် လိုက်ဖက်မှု မရှိလှချေ။

“အတွင်းသည်း တပည့် ချူးလမ့်ရှီးက မင်းသမီး ရန်လင်းအတွက် လက်ဆောင်တစ်ခု လာပို့တာပါ”

ချူးလမ့်ရှီးက လက်သီး နှစ်ဖက်ကို ဆုပ်ရင်း ပြောလိုက်သည်။ အစောင့်နှစ်ယောက်၏ အမူအရာများက ပြောင်းလဲသွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်ကြသည်။ သနားမှုနှင့် ဝမ်းနည်းထွေပြားမှု အရိပ်အငွေ့ အချို့မှာ သူတို့၏ မျက်လုံးများတွင် ပေါ်လာခဲ့လေသည်။

သို့သော်လည်း... သူတို့သည် လျှင်မြန်စွာပင် စိတ်ခံစားချက်များကို ပြန်လည် ရုတ်သိမ်းကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က တံခါးကို ဖွင့်ကာ ဝေ့ဝူယင်တို့ကို အထဲသို့ ဝင်ရန် ခွင့်ပြု လိုက်ကြလေ၏။

ချူးလမ့်ရှီးက ဝေ့ဝူယင်၏ လက်ကို ဆွဲကာ နန်း‌တော် အတွင်း ခေါ်ဆောင် လာခဲ့သည်။ နန်းတော်အတွင်းပိုင်းကို မြင်တွေ့ရသည့် အခါ ဝေ့ဝူယင်မှာ ကူရာမဲ့စွာ အံ့သြမှင်တက်သွားလေ၏။ အခန်း တစ်ခုလုံးကား ကျယ်ဝန်းကာ ခမ်းနားထည်ဝါခြင်းတို့နှင့် ပြည့်နှက်နေသည်။

ကျောက်တိုင်ကြီးများ၊ ပန်းချီကားများနှင့် ပန်းပုလက်ရာများမှာ လက်ရာမြောက်ကာ လှပလွန်းလှသည်။ ၎င်းတို့မှာ ရှားပါး လှပလွန်းကာ အမျိုးမျိုးသော အဓိပ္ပာယ်များ၊ ဇာတ်လမ်းများနှင့် ပြည့်နှက်နေဟန် ရသည်။

ဝေ့ဝူယင်မှာ ပြေးလွှားကာ အရာရာကို ထိကြည့်ချင် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ချူးလမ့်ရှီးက သူ၏ လက်ကို မလွှတ်ပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ ဝေ့ဝူယင် ခြေကန်၏ ဆွဲသည့်တိုင် ချူးလမ့်ရှီး၏ လက်မှ မလွတ်ခဲ့ချေ။ နောက်ဆုံး၌ သူ နှုတ်ခမ်းကိုသာ ကိုက်ကာ သူမ၏ နောက်မှ လိုက်လာခဲ့ရလေ၏။

ချူးလမ့်ရှီးတို့သည် နန်းတော်အတွင်း လမ်းလျှောက်လာသည့် တစ်လျှောက် အစောင့်များစွာကို တွေ့ခဲ့ရသည်။ ထိုအစောင့် အားလုံးမှာ ချောမော ငယ်ရွယ်သည့် ယောက်ျားလေးများသာ ဖြစ်ကြသည်။

နောက်ဆုံး၌... ခန်းမ အဆုံးရှိ တံခါးရွက် နှစ်ခုပါ တံခါးကြီး တစ်ခုအနားသို့ သူတို့ ရောက်လာခဲ့သည်။ ချူးလမ့်ရှီးက ရှေ့သို့ အနည်းငယ်တိုးကာ နှုတ်ဆက်ရန် ပြင်လိုက်၏။ သို့သော်လည်း... သူမ ဘာမျှ မပြောရသေးခင်မှာပင် တံခါးများမှာ ပွင့်ဟသွားကာ အတွင်းပိုင်း ဧရိယာမှာ ပေါ်လွင် လာခဲ့သည်။

ဥယျာဥ်တစ်ခု...

တံခါး၏ တစ်ဖက်၌ သစ်သား စွမ်းအင်၊ ဆေးစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ဥယျာဥ်တစ်ခု ရှိနေပေသည်။  တဟုန်းဟုန်း မွှေးကြိုင်သည့် ရနံ့လှိုင်းများသည် သူတို့ထံ ရိုက်ခတ်လာ၏။ ချူးလမ့်ရှီး၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားကာ ဝေ့ဝူယင်မှာမူ အံ့အားသင့် နေခဲ့သည်။ သူက ဗိုက်ကို ထိလိုက်၏။ ယခုလေးပင် သူ၏ ဗိုက်ထဲ၌ တစ်ခုခု ခုန်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုအရာက လွတ်လပ်ကာ ပေါ့ပါးလွန်းလှသည်။

စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ၏ ဝေ့ဝူယင်၏ မျက်လုံးထဲတွင် ပေါ်လာခဲ့၏။ သူ ထပ်မံ မတွေးတောနိုင်ခင်မှာပင် ညင်သာသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ဝင်လာခဲ့...”

ချူးလမ့်ရှီးက ဝေ့ဝူယင်အား ဆွဲခေါ်ကာ အထဲသို့ ဝင်လာခဲ့၏။

ဥယျာဥ်ထဲတွင်လည်း ငယ်ရွယ် ချောမောလှသည့် လူငယ်များစွာနှင့် ပြည့်နှက်နေသည်။ သူတို့သည် ဥယျာဥ်ကို ပြုစုပျိုးထောင် နေကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ သူတို့မှာ လက်များကို သုံးကာ အခြားအချိန်များတွင်မူ ချီစွမ်းအင်ကို အသုံးပြုနေသည်။

သူတို့ အသုံးပြုနေသည့် ချီများမှာ ထူးခြားဟန် ရကာ ပန်းပွင့်များမှာ ၎င်းတို့ကို တိရစ္ဆာန် အစာကောက်သည့် အလား ဆွဲယူ နေကြသည်။ ပန်းပွင့်များမှာ ထိုကဲ့သို့ စားသုံးရသည်ကိုပင် ပျော်ရွှင်နေကြဟန် ရလေသည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက် သွား၏။

ထိုဥယျာဥ်ထဲ၌ မှော်ဆေးပင် မျိုးစုံ တည်ရှိနေပေသည်။ ဝေ့ဝူယင်သည် စွမ်းအားများဖြင့် ပြည့်နှက်နေသည့် မှောဆေးပက် တစ်မျိုးကို မြင်တွေ့ရသလို အချို့မှာ လေမတိုက်ပဲ ယိမ်းနေကြသည်။ ထိုဥယျာဥ်ထဲ၌ သိပ်သည့် ကမ္ဘာ ရောင်ဝါကို ထုတ်လွှတ်နေသည့် ဧရာမ ပန်းပွင့်ကြီး တစ်ခုပင် တည်ရှိနေ၏။

အရွယ်အစား တူညီသော ကျောက်တုံးများကို ဥယျာဥ်တစ်လျှောက် လမ်းသဖွယ် ခင်းကျင်းထားသည်။ ယင်း၏ အလယ်ဗဟိုတွင်မူ လှေကားထစ်များစွာ ပါဝင်သည့် ပလ္လင်ကြီး တစ်ခု တည်ရှိနေသည်။ ပလ္လင်ထက်တွင်မူ.. လူအိုကြီး တစ်ယောက် ထိုင်နေခဲ့၏။ သူ၏ မီးခိုးရောင် ဆံပင်များနှင့် မျက်လုံးများမှာ နက်နဲသော ဉာဏ်ပညာများနှင့် ပြည့်နှက်နေကြောင်း သိသာစေ၏။ သို့သော်လည်း ဆန့်ကျင်ဘက်ပင် သူ့တွင် မည်သည့် အရေးအကြောင်းမှ ရှိမနေခဲ့ချေ။ ထိုအရာက ကြည့်ရှုသူတိုင်းကို သဘာဝ မကျသလို ခံစားချက် တစ်မျိုး ဖြစ်‌ပေါ်စေ၏။

ချူးလမ့်ရှီးက လက်နှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။

“အတွင်းစည်း တပည့် ချူးလမ့်ရှီးက အကြီးအကဲကျိုးကို နှုတ်ဆက်ပါတယ်”

သူမ၏ စကားလုံးများက ညင်သာကာ လေးစားခြင်းများနှင့် ပြည့်နှက်နေသည်။

လူအိုကြီးက ချူးလမ့်ရှီးကို တစ်ချက်မျှသာ လှမ်းကြည့်သည်။ သို့သော်လည်း... ဝေ့ဝူယင်ထံသို့ ရောက်ရှိသွားသော အခိုက်၌ သူ၏ မီးခိုးရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားလေ၏။ ချောမောသော ရုပ်ရည်၊ ငယ်ရွယ်မှုတို့ ပြည့်ဖြိုးနေသည့် အရောင်အဝါနှင့် အချိုးအဆစ် ကျနလှသော ခန္ဓာတို့က လွယ်ကူစွာပင် လူအိုကြီးထံမှ ခေါင်းညိတ်မှုကို ရရှိသွားလေ၏။

ချူးလမ့်ရှီးက စိတ်သက်သာရာ ရသွားကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူမသည် ဝေ့ဝူယင်ကို လက်ခံမှ ခံပါ့မလား စိတ်ပူနေခဲ့မိသည်။ သူ့တွင် ကျင့်ကြံခြင်း အခြေခံ မရှိသလို အသက်မှာလည်း သုံးဆယ်နား နီးနေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူမတွင် စိုးရိမ်မှုများ ရှိခဲ့သည်။ ကံ‌ကောင်းစွာပင်... ဝေ့ဝူယင်မှာ နုပျို အရွယ်တင်လှသည်။ ထိုအရာက မျိုးရိုးဗီဇကောင်းကြောင့် ဖြစ်မည်ဟု ချူးလမ့်ရှီး ကြိတ်ကာ မှတ်ချက်ချ လိုက်မိ၏။

လူအိုကြီးမှာ ပလ္လင်မှ ထလာကာ သူ၏ ဘေးမှ သိုလှောင် လက်စွပ်အား ချူးလမ့်ရှီးထံ ပစ်မေးလိုက်၏။ ချူးလမ့်ရှီးက အင်္ကျီလက်အား ဝှေ့ယမ်းကာ ၎င်းကို ဖမ်းယူလိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ခြင်းများနှင့် တဝင်းဝင်း တောက်ပသွား၏။ ဝိညာဥ်စွမ်းအင်ကို သိုလှောင် လက်စွပ်အတွင်း ထည့်သွင်းလိုက်သော အခါ၌ သူမ၏ အသက်ရှူသံများက ပို၍ပင် လေးလံလာသည်။

ထိုလက်စွပ်ဖြင့်ဆိုပါက ချီပျစ်ခဲခြင်း အဆင့်နှစ်သို့ ရောက်ရန် ကျိန်းသေသွားပြီ ဖြစ်သည်။ ဤရန်လင်း နန်းတော်သို့ ယောက်ျားလေးများ လာရောက်ဆက်သခြင်းကား မထူးဆန်းတော့ချေ။ သူမက ကျေးဇူးတင်စွာ ဦးညွှတ်လိုက်၏။

“နင်သွားလို့ ရပြီ...”

အကြီးအကဲကျိုးက သူမအား ထူးမခြားနား အမူအရာဖြင့် နှင်လွှတ်လိုက်သည်။ ချူးလမ့်ရှီးမှာ ပြုံးကာ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်မှာ သူမ၏ နောက်သို့ ပြန်၍ လိုက်လာရာ သူမမှာ ရပ်တန့် လိုက်ရသည်။

ခံစားချက်မျိုးစုံ ရောပြွမ်းသော အကြည့်ဖြင့် သူမက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။

“မင်း ဒီမှာနေခဲ့တော့နော်... ဒါက မင်းရဲ့ အိမ်အသစ်ပဲ မှတ်ထား... ဒီနေရမှာ နေရင် မင်း လုံခြုံလိမ့်မယ်”

သူမက တိတ်တဆိတ်ပင် ပြောလိုက်၏။

ဝေ့ဝူယင်က အနည်းငယ် စဥ်းစားပြီးနောက် ခေါင်းကို ညိတ်လိုက်သည်။ ထို့နောက် သူက ပလ္လင်ထက်ရှိ လူအိုကြီးကို လှည့်ကြည့်ကာ သွားမပေါ်အောင် ပြုံးပြလိုက်၏။ ၎င်းအား ကြည့်ရင်း ချူးလမ့်ရှီးမှာ နှလုံးသားထဲတွင် တစ်ခုခု လစ်ဟာသွားသလို ခံစားလိုက်ရသည်။ သူမကား သူ့အား ရောင်းချလိုက်ခြင်းသာ မကချေ။ သတိလက်လွတ်ဖြစ်နေသည့် သူ၏ ဘဝကိုပါ အသုံးချလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... လက်စွပ်ထဲရှိ အကျိုးအမြတ်များ အကြောင်း ပြန်လည် တွေးလိုက်မိသော အခိုက်၌ ထိုခံစားချက် အားလုံးမှာ လေနှင့် အတူ လွင့်စဥ်သွားလေတော့၏။

ထို့နောက်...

တစ်ချက်ပင် လှည့်မကြည့်တော့ပဲ သူမ ထွက်ခွာသွားလေတော့သည်။

…

အကြီးအကဲကျိုးက ပလ္လင်ထက်မှ ဆင်းကာ လျှောက်လာခဲ့၏။ ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိ လာပြီးနောက် သူက မျက်လုံးနှင့် ဝိညာဥ် အာရုံ နှစ်ခုစလုံးကို သုံးကာ စစ်ဆေးလိုက်သည်။ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ် အနှံ့ ပြေးလွှားနေသော ဝိညာဥ် အာရုံကို ခံစားသိရှိနေ၏။ အကယ်၍ သူသာ အသိရှိနေပါက အကြီးအကဲကျိုးမှာ ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်းတွင်သာ ရှိနေသေးကြောင်း သတိထားမိလိမ့်မည် ဖြစ်သည်။

“ခန္ဓာကိုယ်က အတော်လေး ကောင်းတယ်... ဒါပေမဲ့ ချီစွမ်းအင် တစ်စက်မှ ရှိမနေဘူး... ဒြပ်စင် ကျင့်ကြံသူ တစ်ယောက်ယောက်ကများ မင်းရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပေးထားတာလား”

အကြီးအကဲကျိုးမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို စစ်ဆေးရင်း အနည်းငယ် အံ့အားသင့် လာနေခဲ့၏။

“မင်းရဲ့ စွမ်းအင်ကြောတွေက ပိတ်နေတယ်... နောက် မင်းရဲ့ ထျန်းတျန်ကလည်း နိုးထမှု မရှိသေးဘူး... ဒါပေမဲ့ ခန္ဓာကိုယ်အရ မင်းက ကျင့်ကြံဖို့ သင့်တော်တယ်...”

သူက ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောလိုက်သည်။

“တစ်ခုရှိတာက မင်းရဲ့ အသက်ရောင်ဝါက သုံးဆယ်နား နီးနေပြီ... မင်း အနေနဲ့ ချီပျစ်ခဲခြင်း အဆင့်ကို ရောက်မယ် ဆိုရင်တောင် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ရလိမ့်မယ်... မင်းရဲ့ အသက်က အစောင့်လုပ်ဖို့လည်း ကြီးလွန်းနေပြီ... နောက်ပြီး မင်းမှာ ကျင့်ကြံခြင်း စွမ်းအားကလည်း မရှိတော့ ဆေးလုလင် လုပ်ဖို့လည်း မလုံလောက်ပြန်ဘူး... မင်းအနေနဲ့ အရင်ဆုံး အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားရမယ်... မဟုတ်ရင် ရန်လင်းက စိတ်ဆိုးလိမ့်မယ်”

ဝေ့ဝူယင်က လူအိုကြီး ပြောသမျှကို ငြိမ်သက်ကာ နားထောင်နေသော်လည်း ဘာကိုမျှ သူ နားမလည်ချေ။ သူကား ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များကို အာရုံစိုက်တတ်သည့် ကလေးငယ် တစ်ယောက်သာသာပင်။

***

All Chapters