← Chapters

ပါရမီ

Vol. 5 Ch. 62

ပါရမီ

Vol. 5 Ch. 62

ထို့နောက် အကြီးအကဲကျိုးက ဝေ့ဝူယင်အား သူ့နောက် လိုက်ရန် အချက်ပြလိုက်သည်။ သူက အေးဆေးစွာပင် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်ရင်း  ဝေ့ဝူယင်အား ရန်လင်း နန်းတော်ထဲမှ အကြောင်းအရာများကို ပြောပြသည်။

ဆေးလုလင်များမှာ အမျိုးမျိုးသော ချီကျင့်စဥ်များကို အသုံးပြု၍ သူတို့၏ မူလယန်စွမ်းအင်များကို ထုတ်ယူကာ ဆေးပင်များ ကြီးထွားစေရန်  ပြုစုပျိုးထောင် ပေးရသူများ ဖြစ်သည်။ ထိုသို့ ယန်စွမ်းအင် လိုအပ်ချက် မြင့်မားမှုကြောင့် ယောက်ျားလေများသာလျှင် ဆေးလုလင်များ ဖြစ်လာနိုင်ကြသည်။

သူတို့အားလုံးသည် အလုပ်မဝင်ခင် ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်း အဆင့်ထိရောက်အောင် ဖြတ်လမ်း နည်းလမ်းများဖြင့် ကျင့်ကြံကြရသည်။ ထို့နောက်တွင် သူတို့၏ အချိန်များ၊ နာရီများ၊ နေ့ရက်များကို အပင်များအား အစာကျွေးခြင်းဖြင့် ကျော်ဖြတ် ကုန်ဆုံး ကြရသည်။ အချို့ဆေးပင်များကိုဆိုလျှင် ဆယ်စုနှစ် တစ်ခုအထိ ကြာအောင်ပင် ပြုစု ပျိုးထောင် ကြရသည်။

မိန်းမများ၏ မူလယင်နှင့် မတူညီစွာပင် ယောက်ျားများ၏ မူလယန်စွမ်းအင်သည် အချိန်တစ်ခု ယူပြီးနောက် အလိုအလျောက် ပြန်လည် ပြည့်နိုင်စွမ်း ရှိသည်။ ထို့အပြင် လင်းရန် နန်းတော်၏ အထူးကျင့်စဥ် တစ်ခုကလည်း ယန်စွမ်းအင်ကို အလျှင်အမြန် ပြန်လည် ပြည့်ဖြိုးလာအောင် ကူညီပေးနိုင်စွမ်း ရှိသည်။

ပြောရလျှင်... ဆေးလုလင် တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ အသက်မှာ လုံခြုံနေလိမ့်မည် ဖြစ်သည်။ အကြီးအကဲကျိုး၏ အဆိုအရဆိုလျှင် သူ့အနေဖြင့် အသက်ခြောက်ဆယ် အရွယ်အထိ ဆေးလုလင် တစ်ယောက် အဖြစ် လုပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ယန်ဖွံ့ဖြိုးခြင်း အဆင့်သို့သာ မတက်လှမ်းနိုင်ပါက ယောကျာ်း တစ်ယောက်၏ ယန်စွမ်းအင်မှာ အသက် ခြောက်ဆယ် အရွယ်မှ စ၍ တဖြည်းဖြည်းချင်း ကျဆင်း သွားလိမ့်မည် ဖြစ်သည်။

ထိုအသက်အရွယ်သို့ ရောက်ပါက ဆေးလုလင်များမှာ နောက်အလုပ် တစ်ခုကို ရှာဖွေကြရသည်။ အကြီးအကဲကျိုးသည်လည်း တစ်ခါက ဆေးလုလင် တစ်ယောက် ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။ ထိုအကြောင်း ပြန်လည် ပြောပြသော အခိုက်၌ သူ၏ မျက်လုံးများက လွမ်းဆွတ်ရီဝေခြင်းများနှင့် ပြည့်နှက်သွား၏။

ဝေ့ဝူယင် အာရုံစူးစိုက်မှု အပြည့်ဖြင့် နားထောင်နေသည်။ သူသည် ထိုအကြောင်းများကို အတော်လေး စိတ်ဝင်စား နေမိသည်။ ပထမ သူ၏ အတွေးမှာ ထိုလူအိုကြီးမှာ လူငယ်များကို ကြိုက်သည်။ ထို့ကြောင့် ဥယျာဥ်ထဲတွင် ခေါ်ထားခြင်း ဖြစ်မည်။ သို့သော်လည်း... လက်တွေ့တွင်မူ ပိုမို လေးနက်သော အဓိပ္ပာယ်များ ရှိနေကြောင်း သူသတိထားလာမိသည်။

ဤနန်းတော်၏ ပိုင်ရှင်မှာ ရန်လင်းဟု ခေါ်သော မိန်းကလေး တစ်‌ဦး ဖြစ်သည်။ သူမသည် အစိမ်းရောင်နည်းလမ်း ခန်းမ၏ အဓိက တပည့် တစ်ဦး ဖြစ်ကာ လက်ထောက် ခန်းမသခင် ရန်ယုဝေ့၏ သမီး ဖြစ်သည်။ သူမသည် ပုံမှန်ဆိုလျှင် ဤနေရာသို့ သိပ်မလာလေ့ မရှိပဲ ရှောင်ရှား လေ့ရှိသည်။

သူမသည် ငယ်ရွယ်စဥ် အခါက ဤဥယျာဥ်ထဲတွင် ချောမော ငယ်ရွယ်သည့် ယောကျ်ားသား တစ်‌ယောက်၏ အခွင့်အရေး ယူခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ကံမကောင်းစွာပင် သူမ၏ ကျင့်ကြံခြင်း အကျိုးအမြတ်များ အတွက် ဤဥယျာဥ်ကို လိုအပ်နေဆဲ ဖြစ်သည်။ ဤနေရာမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ဆက်စပ်နေသည့်တိုင် သူမ မစွန့်လွှတ်နိုင်သေးချေ။

အကြီးအကဲကျိုးမှာ တိတ်တဆိတ်ပင် ရယ်လိုက်မိ၏။ သူသည် ငယ်ရွယ်နုပျိုစဥ်က လက်ထောက်ခန်းမ သခင် ရန်ယုဝေ့၏ ဥယျာဥ်တွင် ဆေးလုလင် တစ်ယောက် အဖြစ် လုပ်ကိုင်ခဲ့သည်။ ယခုတွင်မူ သူသည် သူမ၏ သမီးအတွက် အလုပ်လုပ်ပေးနေခဲ့ရသည်။ ကံကြမ္မာမှာ ဆန်းပြားလွန်းလှသည်။

သူတို့နှစ်ယောက်သည် အချိန်အတန်ကြာ စကားများ ပြောနေခဲ့ကြ၏။ ဝေ့ဝူယင်သည် အမျိုးမျိုးသော အကြောင်းအရာများကို  သိရှိလာခဲ့သည်။ မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် နန်းတော်ထဲရှိ နေရာ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ပျင်းရိသော မျက်လုံးများနှင့် အဘွားအိုကြီး တစ်ယောက်သည် ဂိတ်တံခါး တစ်ခုတွင် ထိုင်နေခဲ့သည်။ သူမသည် ထိုတံခါး၏ အစောင့်ဖြစ်ဟန် ရ၏။

အကြီးအကဲကျိုးက ပြုံးလိုက်၏။

“အကြီးအကဲမင်... ဒီရတနာလေးကို ဘယ်လိုသဘောရလဲ”

သို့သော်လည်း အဘွားအိုက အေးစက်စက်သာ နှာခေါင်းရှုံ့၏။ သူမက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဒါက ကျင့်ကြံမှု မြှင့်တင်ရေး ခြံဝန်းပဲ... ဒီနေရာမှာ နေရင် နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်က ချီပျစ်ခဲခြင်း အဆင့်နှစ်ထိ ရောက်သွားလိမ့်မယ်”

ဝေ့ဝူယင်က တံခါးအတွင်းပိုင်းကို မျှော်ကြည့်ကာ မျက်တောင် တဖျပ်ဖျပ် ခပ်လိုက်၏။ ဤခြံဝန်းက ပျော်စရာ ကောင်းလောက်မည်လား...။

မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ကျင့်ကြံမှု မြှင့်တင်ရေး ခြံဝန်းများမှာ မူလယင်ကို သန့်စင်သော စွမ်းအင် အဖြစ်  ပြောင်းလဲကာ ကျင့်ကြံခြင်း အဆင့်ကို အတင်းအကြပ် မြှင့်တင်သည့် နေရာများ ဖြစ်သည်။ ထိုနည်းဖြင့် ချီပျစ်ခဲခြင်း အဆင့်နှစ်သို့ တက်လှမ်းခဲ့သူများမှာ ဘယ်သောအခါမျှ ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်းကို တက်လှမ်းနိုင်တော့မည် မဟုတ်ချေ။ ထိုအဆင့်သို့ ရောက်ရှိပြီးသူများပင် ကျင့်ကြံခြင်း အဆင့် ချက်ချင်း ပြန်လည် ပြုတ်ကျသွားလိမ့်မည် ဖြစ်သည်။

ပေးဆပ်ရသည့် တန်ဖိုးနှင့် ရရှိလာမည့် ဆုလာဒ်တို့မှာ မထိုက်တန်လှချေ။

အဘွားအိုကြီးက ဝေ့ဝူယင်ကို အကဲခတ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများကို ကြည့်ရင်း သူမ၏ အမူအရာက တုန်လှုပ်သွားသည်။ သူမက အကြီးအကဲကျိုးဘက်သို့ လှည့်ကာ မေးလိုက်၏။

“ရှင် ကောင်လေးရဲ့ အဂ္ဂိရတ် ပါရမီကို စစ်ဆေးပြီးပြီလား...”

“တကယ်ပဲ...”

အကြီးအကဲကျိုးက ရေရွတ်ရင်း ကိုယ့်နဖူးကို ပြန်ရိုက်လိုက်သည်။ အမှန်ပင် ထိုအရာကို သူမေ့သွားသည်။

“အဂ္ဂိရတ် ပါရမီ စစ်ဆေးခြင်း” ဆိုသည်မှာ အဂ္ဂိရတ် ချီနှလုံးသား ဖွဲ့စည်းနိုင်ရန် သင့်တော်၊ မတော်ကို တိုင်းတာခြင်း တစ်မျိုး ဖြစ်သည်။ အဂ္ဂိရတ် စွမ်းအားမှာ အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲသော်လည်း ၎င်းတွင် ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနှင့် ပေါင်းစပ်မှု စွမ်းအားများ ပါဝင်နေပေသည်။ ၎င်းမှာ အဂ္ဂိရတ် ပညာရှင်များနှင့် ဆေးလုလင်များ အတွက် အလွန် သင့်တော်သည်။

ပြောရလျှင်... အဂ္ဂိရတ် နှလုံးသားသည် ဆန်းကြယ် နှလုံးသားနှင့် တူညီမှု ရှိသည်။ တစ်ခုတည်းသော ကွာခြားချက်က မွေးရာပါ အရည်အသွေးများ ဖြစ်သည်။ အဂ္ဂိရတ် နှလုံးသားသည် မည်သည့် တိုက်ခိုက်ရေး ချီစွမ်းအားကိုမျှ ထုတ်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သင် ချီလုံးတစ်ခုကို ဖန်တီး၍ ကလေးငယ် တစ်ယောက်ထံ ပစ်ပေါက်လိုက်လျှင်ပင် မည်သည့် အန္တရာယ်မျှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ကလေးငယ် အနေဖြင့် ထိုချီကို ချွေးပေါက်များမှ တစ်ဆင့် စုပ်ယူကာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ဖြစ်စဥ်အတွက်ပင် အသုံးပြုနိုင်ပေသေးသည်။

အဂ္ဂိရတ် နှလုံးသား၏ အဓိက အားသာချက်မှာ...

အဂ္ဂိရတ် ပညာရပ် လေ့ကျင့်ရာ၌ မိုးပျံ တိုးတက် စေရန် ကူညီပေးနိုင်ခြင်း ဖြစ်သည်။ သို့သော်... အပြန်အလှန်အားဖြင့် သင်၏ ဘဝ တစ်ခုလုံးကို အခြားလူများ၏ ကာကွယ်မှုအောက်တွင်သာ ကုန်ဆုံး ရပေလိမ့်မည်။ ကျင့်ကြံသူများမှာ တစ်ဘဝတွင် ချီနှလုံးသား တစ်ခုကိုသာ ဖန်တီးနိုင်ကြသည် မဟုတ်ပါလား...။

အကြီးအကဲကျိုးက မီးခိုးရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။ သူ ကိုင်လိုက်သော အခိုက်၌ ကျောက်တုံးတွင် အဖြူရောင် အလင်း တစ်ခု ခပ်မှိန်မှိန် ထွက်ပေါ်လာသည်။ ၎င်းအား အဂ္ဂိရတ် ကျောက်တုံးဟု ခေါ်ကာ လူတစ်ယောက်၏ အဂ္ဂိရတ် စွမ်းအင် အပေါ် အကဲဖြတ် ပေးနိုင်စွမ်း ရှိသည်။

အဂ္ဂိရတ် ပညာရှင်များသည် သူတို့၏ ကျွမ်းကျင်မှုဖြင့် ကောင်းကင်ဘုံကိုပင် လွယ်ကူစွာ အံတု နိုင်ကြသည်။ သူတို့ ဖန်တီးလိုက်သည့် ဆေးလုံးတစ်လုံးစီမှာ သာမန် ကျင့်ကြံသူများ အကြားတွင် တိုက်ပွဲများ ဖန်တီးနိုင်သည် အထိ အဖိုးတန်သည်။ ဆေးလုလင် တစ်ယောက်သည် အသက် ၆၀ ပြည့်၍ အနားယူပြီးနောက်၌ သူတို့၏ ချီပျစ်ခဲခြင်း အဆင့်နှစ် ကျင့်ကြံခြင်းဖြင့်ပင် သေးငယ်သော နယ်မြေတစ်နေရာကို အုပ်စိုးနိုင်ကြသည်။ သူတို့သည် ဂိုဏ်းတစ်ခု၊ မျိုးနွယ်တစ်ခု ထူထောင်ခြင်း၊ သို့တည်းမဟုတ် ထိုထက်ပင် ပို၍ လုပ်ဆောင်နိုင်ကြသည်။

အဂ္ဂိရတ် ပညာရပ်မှာ ထိုမျှ တန်ဖိုးရှိပေသည်။

ဝေ့ဝူယင်သည် နားမလည်သော်လည်း ကျောက်တုံးအား သူ့ထံ ကမ်းပေးသောအခါ တုန့်ဆိုင်းမနေပဲ ဆုပ်ကိုင်လိုက်၏။ ရုတ်တရက် ကျောက်တုံးမှ ထွက်ပေါ်လာသော အလင်းကြောင့် သူ၏ မျက်လုံးများမှာ အနည်းငယ် ကျိန်းစပ်သွားသည်။

အကြီးအကဲကျိုးနှင့် အကြီးအကဲမင်တို့၏ မျက်လုံးများမှာ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ ထိုအဖြူရောင် အလင်းမှာ အလွန် တောက်ပနေကာ နေသေးသေးလေး တစ်စင်း အလားပင် ထင်မှတ်မှားရသည်။ ယခုလို အဖြစ်အပျက်မျိုး သူတို့ တစ်ကြိမ်မျှ မကြုံဖူးချေ။

“သူက သင့်‌တော်တယ်...”

အကြီးအကဲကျိုးက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်၏။ သင့်တော်သည် ဆိုသော အဖြေကား သင်၏ ဘဝကို ကျွန်တစ်ယောက် အဖြစ် ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။ သင့်အနေဖြင့် တစ်ဘဝလုံး အခြားလူ၏ အမိန့်ဖြင့် အဂ္ဂိရတ်လမ်းစဥ်ကို လျှောက်လှမ်းရပေတော့မည်။

“အရမ်းကို သင့်တော်တယ်...”

အကြီးအကဲမင်က ထပ်မံ ဖြည့်စွက်လိုက်လေ၏။

...

ဝေ့ဝူယင် ခန်းမရှည်ကြီး တစ်ခု၏ ရှေ့ရှိ ကုလားထိုင် တစ်ခုပေါ်၌ ထိုင်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်း နေခဲ့သည်။ သူ၏ အရှေ့ရှိ အခန်ထဲတွင် အကြီးအကဲကျိုး ရှိပေသည်။ ဝေ့ဝူယင် တံခါးထိပ်၌ ရေးထိုးထားသော “ရန်ယုဝေ့” ဟု အဓိပ္ပာယ်ရသော စကားလုံးကို မော့ကာ ဖတ်လိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက်... အကြီးအကဲကျိုး အခန်းထဲမှ ထွက်လာကာ သူ့နောက်သို့ လိုက်ရန် အချက်ပြလိုက်သည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခုက ရွှင်မြူးစွာ နေရာယူနေလေရာ အကျိုးအမြတ် တစ်ခု ရရှိခဲ့ကြောင်း ပေါ်လွင်နေသည်။ ဝေ့ဝူယင်ကဲ့သို့ အဂ္ဂိရတ် ပါရမီရှင် တစ်ယောက်အား ရှာဖွေတွေ့ရှိခဲ့ခြင်းက မည်ကဲ့သို့ ဆုလာဒ် မရပဲ ရှိပါမည်နည်း။

“မင်း အစိမ်းရောင် မှော်ဆေးတာအိုခန်းမကို သွားရမယ်... ဒါပေမဲ့ မင်း ဆေးလုလင် တစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူးနော်... အဲဒီအစား အစစ်အမှန် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်”

အကြီးအကဲကျိုး၏ စိတ်ရှုပ်ရှားနေ‌သော ပုံစံကို ကြည့်ကာ ဝေ့ဝူယင်မှာလည်း စိတ်လှုပ်ရှား လာခဲ့၏။ သူသည် အဂ္ဂိရတ် ပညာရှင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများကို သိပ်မသိသော်လည်း အကြီးအကဲကျိုးက လေးလေးနက်နက် ချီးကျူးနေလေရာ ထိုအရာက ကောင်းလောက်သည်။

ဝေ့ဝူယင်၏ အဂ္ဂိရတ်စွမ်းအားကို မြင်တွေ့ရစဥ်၌ အကြီးအကဲမင်နှင့် အကြီးအကဲကျိုးတို့မှာ နှလုံးရပ်မတတ်ပင် ဖြစ်ခဲ့ရသည်။ ဂိုဏ်းတွင် ထိုကဲ့သို့သော ပါရမီမျိုးကို လူသုံးယောက်သာ ပိုင်ဆိုင်ထားသည်။ သူတို့ထဲမှ တစ်ယောက်မှာ ဧဒင်ကမ္ဘာဂိုဏ်း၏ သခင်လေး ဖြစ်သည်။ သို့သော်လည်း သူကား “သခင်လေး” ဖြစ်လေရာ မည်ကဲ့သို့ “အဂ္ဂိရတ် နှလုံးသား” ကို ဖွဲ့စည်းပါမည်နည်း။

ဒုတိယ တစ်ယောက်ကိုမူ ဝေ့ဝူယင် ကဲ့သို့ပင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း မကြာမီမှာပင် ပျောက်ဆုံး သွားခဲ့သည်။ ထိုတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ခြင်း ဖြစ်ကြောင်းကိုမူ အကြီးအကဲကျိုးမှာ ထိန်ချန် ထားခဲ့သည်။

အဂ္ဂိရတ် နှလုံးသားကို ပိုင်ဆိုင်ခြင်းကား မိမိ ဘဝကို အခြားလူ တစ်ဦး၏ လက်သို့ ထိုးအပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သင်၏ တည်ရှိမှု တစ်ခုလုံးမှာ အခြားလူ အတွက်သာ တစ်ချိန်လုံး အကျိုးရှိ နေလိမ့်ပေလိမ့်မည်။

ရွေးချယ်စရာ မရှိသည့် အဆုံး၌ သူသည် ဘဝကို အဆုံးသတ်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရဲသည့် သတ္တိမျိုးကား အတော် လေးစာစရာ ကောင်းလှသည်။ ဝေ့ဝူယင်မှာမူ ရက်စက်သော လောကကြီးနှင့် ကျင့်ကြံခြင်း ကမ္ဘာအကြောင်း သိပ်မသိလှသေးရာ အဂ္ဂိရတ် နှလုံး ဖွဲ့စည်းပါ ဆိုလျှင်ပင် ဂရုမစိုက်ပါချေ။

လိုရင်းသို့ သွားရလျှင်... ဝေ့ဝူယင်ကို ရှာဖွေ တွေ့ရှိခြင်းကား ဧဒင်ကမ္ဘာဂိုဏ်းအတွက် အဂ္ဂိရတ် ပါရမီရှင် တစ်ယောက်‌ မွေးထုတ်ပေးနိုင်မည့် ရှားရှားပါးပါး အခွင့်အရေး ဖြစ်သည်။ သူတို့ အနေဖြင့် နည်းလမ်းအမျိုးမျိုးကို သုံးကာ ဝေ့ဝူယင် ဧဒင်ကမ္ဘာဂိုဏ်း အပေါ် သစ္စာရှိလာအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

ထို့ကြောင့်ပင်... သူတို့သည် ဝေ့ဝူယင်ကို အဂ္ဂိရတ် ပညာရပ်၏ နံပါတ်တစ် ခန်းမဖြစ်သော “အစိမ်းရောင်မှော်ဆေး တာအိုခန်းမ” သို့ တိုက်ရိုက် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

...

ရက်အနည်းငယ် ကြာပြီးနောက်...

ဝေ့ဝူယင်သည် ဝတ်ပြုဖျာပေါ်တွင် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့၏။ သူ၏ အရှေ့တွက်မူ... အစိမ်းနှင့် သက်တံ့ ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်လတ် လူကြီး တစ်ယောက် ရှိသည်။ ထိုလူကြီးမှာ သူ့ကိုယ်သူ အစိမ်းရောင် မှော်ဆေးတာအို ခန်းမ၏ လက်ထောက် ခန်းမသခင် ကျူးယင်ဟု ဝေ့ဝူယင်ထံ မိတ်ဆက်ထားသည်။

အမှန်တကယ်တွင်.... ဝေ့ဝူယင်သည် လွန်ခဲ့သော ရက်များကို အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သူသည် မှတ်ဉာဏ် ပျောက်ဆုံးမှုဖြစ်စဥ်များကို အဆက်မပြတ် ခံစားနေရ၏။ ဤအခိုက်အတန့်တွင် သူ၏ စိတ်မှာ အညစ်အကြေး ကင်းစင်ကာ လုံးဝ အသစ်ဖြစ်နေခဲ့၏။

“... ဆိုတော့ကာ အဲဒါက မင်းရဲ့ အလားအလာက လုံးဝ ထိခိုက်မှာ မဟုတ်ဘူး... အာရုံစိုက်ပြီး အဂ္ဂိရတ်ဖျာကိုပဲ အာရုံစိုက်ထားလိုက် နားလည်လား...”

ကျူးယင်က နွေးထွေးသော အပြုံးတစ်ခုဖြင့် ကြင်နာတတ်သည့် လူတစ်ယောက် ပုံစံမျိုး ဖမ်းထားသည်။ မည်သို့ပင် ဆိုစေ... သူတို့သည် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သတ်သေသွားသည်ကို မမြင်လိုချေ။

ဝေ့ဝူယင်သည် ကျူးယင်၏ နွေးထွေးသော အပြုံးကို ကြည့်ကာ မွေးကင်းစ ကလေးငယ်ကဲ့သို့ ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်...”

ကျူးယင်က ပြုံးရင်း ဝေ့ဝူယင်အား မှုန်ရီဝေဝါး အခန်းထဲတွင် ‌ရောင်စုံ ဝတ်ပြုဖျာတစ်ချပ်နှင့် အတူ ချန်ထားကာ  ထွက်ခွာသွားတော့သည်။

***

All Chapters